Chapter 5
Viewers 2k

🥘Chapter 5




ဟင်းရွက်ချဉ်များမှာ ယနေ့တွင် သူ ဈေး၌အဘွားအိုတစ်ဦးထံမှ ဝယ်ယူလာခြင်းဖြစ်ပြီး သူမကိုယ်တိုင် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များဖြစ်သည်။


 ပိုင်ရှန်းကျစ် စစ်ကြည့်လိုက်ချိန်တွင် ၎င်းတို့မှာ အချိန်ကြာကြာအချဉ်မတည်ရသေးကြောင်း သိသွားခဲ့ရပြီး အတော်အတန်ချဉ်နေပြီဖြစ်သော်လည်း သွားများထုံသွားရသည်အထိ မဟုတ်သေးပေ။ ထမင်းပေါ်တွင် တင်စားခြင်းမျိုးနှင့် ကိုက်ညီမည်ဟု သူထင်မိခဲ့သည်။


ပိုင်ရှန်းကျစ် ဟင်းရွက်ချဉ်များကို အတုံးသေးသေးလေးများဖြစ်သည်အထိ လှီးဖြတ်လိုက်ပြီး အချဉ်ရည်များကို ညှစ်ချကာ ရေအေးထဲတွင် ခဏမျှစိမ်ထားလိုက်သည်။ ဟင်းရွက်ချဉ်များမှာ အမှန်တကယ်ကို မွှေကြော်ကြော်ခြင်းနှင့် မသင့်တော်ဘဲ ဟင်းရည်ထဲထည့်ချက်ရာတွင် အကောင်းဆုံးဖြစ်ကာ ပြုတ်ရည်ထဲတွင် အချဉ်အရသာပေါင်းထည့်ပေးပြီး အခြားပါဝင်ပစ္စည်းများကိုလည်း ဆန်းပြားသော အငန်ဓာတ်နှင့် အချဉ်ဓာတ်ပိုကဲသွားစေသည်။


သို့သော်လည်း သူဝယ်လာသည့်ဟင်းရွက်ချဉ်များမှာ ဟင်းရည်ချက်ရလောက်သည်အထိ မချဉ်နေသောကြောင့် စွပ်ပြုတ်ပြုတ်ရန် မသင့်တော်ချေ။ မွေကြော်ကြော်မည်ဆိုပါကလည်း ၎င်း၏အချဉ်ဓာတ်မှာ ရှိနေသေးသည့်အတွက် ကြော်ရာတွင် အကောင်းဆုံးအရည်အသွေးရစေရန် ပိုင်ရှန်းကျစ် ရေအေးကိုသုံး၍ အချဉ်ဓာတ်ကို ဆေးကြောပစ်ရန် လိုအပ်သည်။


မိနစ်အနည်းငယ်ကြာပြီးနောက် အခြားသောပါဝင်ပစ္စည်းများမှာလည်း အဆင်သင့်ဖြစ်သွားလေပြီ။ ပိုင်ရှန်းကျစ် ဟင်းရွက်ချဉ်များကို ရေထဲမှထုတ်ကာ ခြောက်သည်အထိညှစ်ထားလိုက်ပြီး စမကြော်ခင် သန့်ရှင်းသောပန်းကန်လုံးအလွတ်တစ်ခုထဲတွင် ထည့်ထားလိုက်သည်။


အပြင်ဘက်အခန်းတွင် ကျန်းရှောင်လီမှာ တဖြည်းဖြည်းပို၍နောင်တရလာခဲ့သည်။ လွန်ခဲ့သောအချိန်ခဏအတွင်းက သူမ၏ငါးနှစ်ကြာတွဲခဲ့သော ချစ်သူဖောက်ပြန်နေသည်ကို အိပ်ရာထဲတွင် ဖမ်းမိခဲ့ပြီး အလွန်ဆိုးဆိုးရွားရွားခံစားခဲ့ရာ ယခုအချိန်တွင် စားသောက်ချင်စိတ်ပျောက်နေရပြီဖြစ်သည်။ သူမ အော်ဒါမှာယူခဲ့ခြင်းမှာလည်း စားသောက်ပိုင်ရှင်သည် ကြင်နာတတ်သည်ဟု ခံစားမိသွားခြင်းကြောင့် ထိုသူ၏စေတနာကိုပြန်ပေးဆပ်ရန်အတွက် ဖြစ်သည်။


သို့သော်လည်း မမျှော်လင့်စွာဖြင့် ဆိုင်ပိုင်ရှင်မှ ဝက်သားဟင်းရွက်ချဉ်ဟင်း ချက်ပေးမည်ကိုမူ သူမတကယ့်ကို မထင်ထားမိခဲ့ပေ။ 


ကျန်းရှောင်လီ ယခင်အချိန်များတွင် စားခဲ့ဖူးသော ဝက်သားဟင်းရွက်ချဉ်ဟင်းအကြောင်းကို ပြန်လည်တွေးတောနေမိသည်။ ဟင်းရွက်ချဉ်များမှာ အလွန်အချဉ်စူးရှပြီး ဝက်သားကို လွန်လွန်ကြူးကြူးငန်တူးသွားစေကာ ထမင်းနှင့်စားရလျှင်ပင် အဝင်ဆိုးသောအတွေ့အကြုံတစ်ခု ဖြစ်ခဲ့ရသည်။


ဤသို့သောအတွေးများဖြင့် ကျန်းရှောင်လီ၏ စားသောက်ချင်စိတ်မှာ ပို၍ပင်လျော့ကျလာရသည်။ နောက်ပိုင်းတွင် သူမအနေဖြင့် အကြောင်းပြချက်တစ်ခုရှာ၍ ပါဆယ်ယူသွားရန်သာ ပိုင်ရှင်ထံပြောရတော့မည်။ ဆိုင်ပိုင်ရှင်လေးမှာ လူကောင်းတစ်ယောက်ဖြစ်သောကြောင့် ကျန်းရှောင်လီ ထိုသူ၏ခံစားချက်များကို နာကျင်သွားရန် မလုပ်ချင်ခဲ့ပါ။


သူမ၏အစီအစဉ်များကြောင့် ကျန်းရှောင်လီ စိတ်ထဲတွင်ရှုပ်ထွေးနေခြင်းများ လျော့ပါးသွားပြီး ဆိုင်ထဲရှိ တစ်ဦးတည်းသောဝယ်သူဖြစ်နေခြင်းကြောင့် ထိုင်ခုံတွင်သာ တိတ်တဆိတ်ထိုင်နေမိသည်။ ပိုင်ရှင်လေးမှာ အတော်လေးကြည့်ကောင်းပြီး အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သူမအတွက် အထဲတွင်အထူးတလည်ချက်ပြုတ်ပေးနေသည်။


အံ့ဩစရာကောင်းစွာဖြင့် ယခုလေးတင်မှ လမ်းခွဲခဲ့သောကျန်းရှောင်လီ၏ခံစားချက်များမှာ အတော်အတန်ကောင်းမွန်လာခဲ့သည်။ အကယ်၍သာ ဝက်သားဟင်းရွက်ချဉ်ဟင်းမှာ အရသာရှိမနေလျှင်ပင် ဤဆိုင်ကလေးသို့ မကြာခဏလာစားမည်ဟု သူမတွေးမိခဲ့သည်။ အဆုံး၌ ဤစားသောက်ဆိုင်မှာ သူမဘဝ၏ရှက်စရာအကောင်းဆုံးသော အဖြစ်အပျက်ကို ကြုံခဲ့ရသောနေရာတစ်ခုဖြစ်လေသည်။


ထိုအချိန်၌ တရှဲရှဲမြည်သံများမှာ မီးဖိုချောင်အတွင်းမှ ထွက်ပေါ်လာသည်။ ခဏအကြာတွင် လေထုအတွင်း ဟင်းရွက်ချဉ်၏မွှေးရနံ့များ သင်းပျံ့လာကာ ကျန်းရှောင်လီ မသိပင်မသိလိုက်ဘာသာဖြင့် မီးဖိုချောင်ရှိရာသို့ မေးထောက်ကြည့်လိုက်မိသည်။


လေထုထဲတွင် ဟင်းရွက်ချဉ်၏ချဉ်သောရနံ့များ အမှန်တကယ်ရှိနေသော်လည်း ၎င်းတို့မှာ သူမရခဲ့ဖူးသော အနံ့နှင့်မတူနေခဲ့ပါ။ အလွန်အမင်းချဉ်တူးနေခြင်းမျိုးမဟုတ်ဘဲ အချဉ်အတော်ကြာ အချဉ်ဖောက်ထားသည့် ဟင်းရွက်ချဉ်နံ့မျိုးလည်း ဖြစ်မနေခဲ့ပေ။


ထိုအစား မယုံနိုင်စရာကောင်းလောက်အောင် ဆွဲဆောင်နေခြင်းမျိုးပင်။ ကျန်းရှောင်လီ ဗိုက်ဆာသည်ဟု အနည်းငယ်ခံစားလာရပြီး အချဉ်နံ့မှာ သူမ၏စားချင်စိတ်ကို လှုံ့ဆော်ပေးနေကာ ရုတ်တရက်ဆိုသလို ဟင်းရွက်ချဉ်များသည် အလွန်စားချင်စဖွယ်ကောင်းသော အစားအစာဖြစ်ကြောင်းကို သူမသတိရမိလိုက်သည်။


သူမဖုန်းကိုအောက်ချကာ မီး‌ဖိုချောင်စီသို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်ပြီး လေထုထဲတွင် ဝဲပျံနေသောမွှေးရနံ့ထဲတွင် နစ်မြုပ်နေမိသည်။ အနံ့ခံကြည့်ရုံနှင့် ကျန်းရှောင်လီ၏ ယခင်ပါဆယ်ယူသွားမည်ဟူသော အတွေးများကို မေ့လျော့သွားပေပြီ။


နောက်မနေဘူးနော် သည်ဟာက တကယ်ပဲအနံ့မွှေးလွန်းတယ်…ဘယ်လိုလုပ်ပြီး အရသာမရှိတာ ဖြစ်နိုင်မှာလဲ…


မိနစ်အနည်းငယ်ကြာပြီးနောက် ပိုင်ရှန်းကျစ် ဟင်းရွက်ချဉ်နှင့်ဝက်သားမွှကြော်ကို ဆူဖြိုးပြီး ဖောက်ထွင်းမြင်နိုင်သော အစေ့တစ်စေ့ခြင်းပင် ခွဲခြားနိုင်သည့် ထမင်းပေါ်သို့တင်ပေးလိုက်သည်။ ရွှေရောင်ဆီမှာ ချက်ချင်းလိုပင် ထမင်းအတွင်း နစ်ဝင်သွားကာ တောက်ပသောအရောင်ပေါ်လာသည်။ အရောင်ရင့်ရင့်ဟင်းရွက်ချဉ်များမှာမူ အဖြူရောင်ဝက်သားမွှကြော်နှင့် ရောနှောနေကာ အရောင်နှစ်မျိုးမှာ ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း လျို့ဝှက်ဆန်းကြယ်စွာဖြင့် တစ်ဖက်လူကို တံတွေးများစိုသွားစေသည်။


အပေါ်တွင်ဟင်းပုံထားသော ထမင်းပန်းကန် သူမ၏ရှေ့သို့ရောက်လာချိန်၌ ‌ကျန်းရှောင်လီ ဆိုင်ပိုင်ရှင်ထံ အကြည့်တစ်ချက်ပင် မပေးနိုင်တော့ပါ။ အလောတကြီး ဇွန်းကိုကောက်ယူလိုက်ပြီး ဇွန်းအပြည့်ထမင်းအလုတ်ကြီးကြီးကို အပေါ်တွင် ဟင်းရွက်ချဉ်အဖတ်များနှင့် ဝက်သားမျှင်တို့တင်ကာ ခပ်ယူလိုက်သည်။ သူမ တံတွေးတချက်မြိုချပြီးသည်နှင့် ချက်ချင်းဆိုသလို ထမင်းကိုပါးစပ်ထဲသို့ ထည့်လိုက်မိသည်။


“ သတိထားဦး ဟင်းကပူတယ်နော်…”


မိန်းကလေးမှ ဤမျှအထိ အလျင်အမြန်လှုပ်ရှားလာမည်ဟု ပိုင်ရှန်းကျစ် ထင်မထားမိခဲ့ပေ။ သူ သူမအားသတိမပေးနိုင်ခင်မှာပင် တစ်ဖက်လူမှာ ထမင်းကိုပါးစပ်ထဲထည့်ပြီးခဲ့လေပြီ။


“ အင်းးးး ပူတယ် ပူတယ်…”


ပိုင်ရှန်းကျစ် သူမအတွက် ရေအေးတစ်ခွက်လောင်းထည့်ပေးလိုက်ရသည်။ ကျန်းရှောင်လီ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ထမင်းကိုမြိုချလိုက်ရသော်လည်း အရသာကိုခံမိခဲ့ပြီးဖြစ်သည်။ ရေခွက်ကိုကောက်ယူကာ တစ်ကျိုက်တည်းမော့ချလိုက်ပြီးနောက် ပိုင်ရှန်းကျစ်ထံ လက်မထောင်ပြလိုက်သည်။


“ ဘုရားရေ သည်ဟာက ကျွန်မစားဖူးသမျှထဲမှာ အရသာအရှိဆုံးဝက်သားဟင်းရွက်ချဉ်ဟင်းပဲ…”


ပိုင်ရှန်းကျစ်၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြစ်တည်လာသည် “ ကျေးဇူးပါ… ဒါပေမယ့် အပူမလောင်သွားအောင်တော့ ဂရုစိုက်ဦးနော်…”


ကျန်းရှောင်လီ အားတုံ့အားနာဖြင့်သာ ပြုံးပြလိုက်ရသည် “ ရှင့်ရဲ့ဟင်းက အရမ်းအရသာရှိတော့ ကိုယ့်ဘာသာကိုယ်တောင် မထိန်းချုပ်နိုင်လိုက်ဘူး…”


ပြောပြီးသည်နှင့် ခေါင်းကိုငုံ့ကာ နောက်ထပ်ထမင်းအလုတ်ကြီးကြီးတစ်လုတ်ကို အလျင်အမြန် ခပ်ယူလိုက်သည်။ ဤတစ်ကြိမ်မှာတော့ ပါးစပ်ထဲသို့မထည့်ခင် လေမှုတ်လိုက်သည့်အတွက် ပိုင်ရှန်းကျစ်လည်း စိတ်ချသွားကာ မီးဖိုချောင်တွင်းသို့ ဝင်သွားလိုက်သည်။ မီးဖိုချောင်တွင်း မဝင်ခင် ပိုင်ရှန်းကျစ်အနောက်သို့ တစ်ချက်ပြန်လှည့်ကြည့်မိသည်။ ထမင်းစားခန်းအတွင်းရှိ မိန်းကလေးမှာ စားနေစဉ်အတွင်း မျက်လုံးများကော့တက်နေခဲ့ပြီး ဟင်းမှာအရသာရှိသည်ဟူသော ခံစားချက်ကို ဖော်ပြနေခြင်းအဖြစ် မှတ်ယူနိုင်သည်။


ဝက်သားဟင်းရွက်ချဉ်ထမင်းပန်းကန်အကြီးကြီးမှာ ငါးမိနစ်အတွင်း ပြောင်စင်သွားခဲ့သည်။ ကျန်းရှောင်လီ ‌ဗလာဖြစ်နေသည့်ပန်းကန်ကိုကြည့်ကာ အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။ သူမအနေဖြင့် အမြဲလို လှလှပပနတ်သမီးငယ်လေးတစ်ပါးကဲ့သို့ နေထိုင်ခဲ့မိပြီး အချိန်အတော်ကြာ အစာရှောင်နေစဉ်အတွင်းမှာပင် မည်သည့်အစားအစာမဆို အလုတ်သေးသေးလေးသာ ကိုက်စားခဲ့သူဖြစ်သည်။


သို့သော်လည်း မမျှော်လင့်စွာဖြင့် ယခုအချိန်မှာတော့ ဝက်သားဟင်းရွက်ချဉ်ထမင်းတစ်ပန်းကန်လုံးကို အပြောင်ရှင်းမိခဲ့လေပြီ။ ဤသည်မှာ အမှန်တကယ်ကို အပြစ်ရှိလှသည်။ 


အပြစ်ရှိစိတ်အပြင် ကျန်းရှောင်လီ ဤစားသောက်ဆိုင်သို့ နောက်တစ်ကြိမ်ထပ်လာရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည် “ ပိန်ပါးတဲ့ခန္ဓာကိုယ်ဆိုတာ တန်ဖိုးရှိပေမယ့် အစားအသောက်ကောင်းတွေကတော့ ပိုတောင်တန်ဖိုးရှိသေးတယ်…” 


သူမတွေးနေမိသည်။ သူမအနေဖြင့် ဤနေရာတွင် အကြိမ်အနည်းငယ်ထပ်စားပြီးသည့်နောက် ရိုးရှင်းစွာအားကစားရုံသို့ သွားလိုက်ရုံပင်။


ကျန်းရှောင်လီ စားသောက်ဆိုင်မှထွက်လာချိန်တွင် မိုးမှာတိတ်သွားခဲ့ပြီးဖြစ်သည်။ သူမလှည့်ကြည့်လိုက်ချိန်၌ အပေါ်တွင်ချိတ်ဆွဲထားသော သုံးထောင်စားတော်ဆက်ဟူသည့် ဆိုင်းဘုတ်ကိုမြင်လိုက်ရသည်။ ၎င်း၏အမည်မှာ အမှန်တကယ်ကိုပင် ကျက်သရေရှိလှပြီး ပိုင်ရှင်၏ဟင်းချက်စကေးနှင့် လိုက်ဖက်နေသည်။


# [ ဓာတ်ပုံ ] [ ဓာတ်ပုံ ]


ဆိုင်သေးသေးလေးတစ်ခုကနေ ပုန်းလျိုးနေတဲ့ရတနာကို တွေ့လိုက်ရတယ်…ပိုင်ရှင်က ရုပ်ရည်ချောမောပြီး အချက်အပြုတ်ကလည်း မယှဉ်နိုင်အောင်ပဲ… နောက်တစ်ခေါက်ကြရင်လည်း ငါသည်ကိုလာစားမိလောက်တယ် #


နာမည်ရှိကုမ္ပဏီတစ်ခု၏ HR မန်နေဂျာတစ်ဦးအနေဖြင့် ကျန်းရှောင်လီသည် လူအတော်များများနှင့်သိကျွမ်းနေသောကြောင့် ခဏအကြာမှာပင် သူမ၏ပို့စ်၌ ဆိုင်နေရာအကြောင်းမေးနေခြင်းများအပြင် လိုက်ခ်များစွာကို လက်ခံရလိုက်သည်။ သူမ ဆိုင်နေရာကို ဝေ့ပေါ်တွင် ဝေမျှပေးလိုက်ပြီးနောက် ပေ့ခ်ျကို Refresh ပြန်လုပ်ပြီး ခဏအကြာတွင် ချက်ချင်းဆိုသလို သူမ၏ရည်းစားဟောင်းထံမှ စာကိုမြင်လိုက်ရသည်။


[ အိုက်လီရဲ့ဘဝကြီး ] : လီလီ ကိုယ်တောင်းပန်ပါတယ်ကွာ… မင်းဘယ်မှာလဲဟင်… ကိုယ်မင်းကိုအခုချက်ချင်းလာရှာမယ်နော်… ကိုယ်ရှင်းပြတာလေး နားထောင်ပေးပါဦး…


ကျန်းရှောင်လီ နှာခေါင်းရှုံ့လိုက်မိသည်။ ယောင်္ကျားတွေဆိုတာ ငတုံးတွေပဲ…ဘယ်လိုလုပ်ပြီး အစားအသောက်ကောင်းတွေဆိုတာ တခြားဟာနဲ့ယှဉ်နိုင်မှာလဲနော်…တုန့်ဆိုင်းနေခြင်းပင်မရှိဘဲ ကျန်းရှောင်လီ ထိုသူ၏မန့်ကိုဖျက်ပစ်လိုက်သည့်အပြင် သူမကိုဆက်သွယ်နိုင်မည့်အချက်အလက်အားလုံးကိုပါဖျက်ကာ ဘလော့ပစ်လိုက်သည်။ ယခုအချိန်မှစ၍ သူမသည် ကျန်းရှောင်လီမဟုတ်တော့ချေ။ နျိုဟူလုကျန်းရှောင်လီသာ ဖြစ်သည်။


***


ဝူထုံလမ်းမှာ မနက်စောစောမှာပင် သက်ဝင်လှုပ်ရှားနေသည်။ နေထိုင်သူအများစုမှာ အငြိမ်းစားများဖြစ်ကြသောကြောင့် အပြင်ဘက်တွင် အလင်းရောင်ကောင်းစွာ မရှိသေးသည့်အချိန်မှာပင် နိုးထလာကြသည်။ အိမ်နီးချင်းများနှင့် စကားပြောဆိုရင်းဖြင့်  သူတို့၏အိုမင်းနေသော လက်မောင်းနှင့်ခြေထောက်များကိုမြှောက်ကာ လေ့ကျင့်ခန်းလုပ်နေကြပြီး ဝူထုံလမ်းအတွင်းဖြစ်ပျက်ခဲ့သော အတင်းအဖျင်းများကို မျှဝေနေကြသည်။


“ ငါကြားတာတော့ လမ်းထဲကစားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ကပြောင်းသွားပြီတဲ့…”


“ အာ ဟုတ်တယ်လေ… ဝက်သားရောင်းတဲ့လောင်ဝမ်က ဆိုင်ရှင်အသစ်နဲ့အဆက်အသွယ်လုပ်ခဲ့သေးတယ်…အရင်ဆိုင်ရှင် လောင်ပိုင်ကရုတ်တရက်ကြီး လေဖြတ်ပြီးဆေးရုံရောက်သွားတာတဲ့… ဒါပေမယ့် သူ့ကိုမကယ်နိုင်လိုက်ဘူး…အဲ့ဒါကြောင့် အခုဆိုင်ပိုင်ရှင်အသစ်က လောင်ပိုင်ရဲ့တူဖြစ်သွားတာ…”


တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလာသည် “ သည်ဟာက တကယ်ပဲ…”


“ ငါတို့လူအိုကြီးတွေအတွက်ကတော့ ဘယ်တော့ ကိုယ့်ရဲ့အချိန်ကျလာမယ်ဆိုတာ သိနိုင်မှာလဲနော်….”


လေထုမှာ အချိန်ခဏမျှလေးလံသွားသော်လည်း အဘွားအိုတစ်ဦးမှ တိတ်ဆိတ်မှုကို ဖြိုခွဲလာသည်


 “ ငါတို့သိလာတာပဲ နှစ်တွေသည်လောက်ကြာနေပြီ…လောင်ပိုင်ရဲ့တူလေးကို ဝိုင်းဝန်းပံ့ပိုးပေးကြရအောင်…လောင်ပိုင်ရဲ့စားသောက်ဆိုင်က ဘယ်တုန်းကမှ ဖောက်သည်များများစားစားရှိခဲ့တာမှမဟုတ်တာ…သည်အတိုင်းလူအိုကြီးတစ်ယောက် စီမံနေတုန်းက အဆင်ပြေ‌ခဲ့ပေမယ့် အခုလိုလူငယ်လူရွယ်လေးအတွက်တော့ ဘယ်ကောင်းပါ့မလဲ…ငါတို့ခဏခဏသွားပြီး ဖောက်သည်ပို‌ရအောင် ကူညီပေးသင့်တယ်…”


အခြားသူများသည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သို့သော် လမ်းခွဲသွားသည်နှင့် သူတို့ထံတွင် အမည်မဖော်နိုင်သည့် ဖြူလျော်လျော်အမူအယာမျိုး ရှိနေကြသည်။ လောင်ပိုင်မှာ လောင်ပိုင်ဖြစ်သော်လည်း သူ၏အချက်အပြုတ်မှာ အလွန်ဆိုးရွားလှပေရာ တူဖြစ်သူက သူ့ဦးလေး၏ခြေရာလိုက်မနင်းရန်ကိုသာ သူတို့မျှော်လင့်ထားရပေမည်။


****


မနက်ဆယ်နာရီအချိန်တွင် လျိုချင်းရှန်နိုးလာခဲ့သည်။ နှုတ်ခမ်းကိုသပ်လိုက်ပြီး ယမန်နေ့တွင်စားခဲ့သည့် ဝက်သားအစပ်ကြော်ခေါက်ဆွဲ၏အရသာကို သူမမေ့နိုင်သေးချေ။ သူ၏အစာအိမ်မှာ တဂွမ်ဂွမ်မြည်နေခဲ့သည်။ မနက်ခင်းနိုးထရန်ခက်ခဲနေခြင်းမှလွဲ၍ ချက်ချင်းဆိုသလို အိပ်ရာမှထပြီး ဆေးကြောလိုက်ပြီးနောက် မီးဖိုချောင်သို့သွားကာ ယမန်နေ့မှ ပန်းကန်လုံးနှစ်လုံးကို ယူလိုက်သည်။


“ ဘယ်သွားမလို့လဲ…” လသာဆောင်မှ လျှောက်လာသည့်လျိုမားမားမှာ လျိုချန်းရှန်အား ‌အံ့ဩတကြီးကြည့်နေမိသည်။ ဤကလေးမှာ ယနေ့တွင် စောစီးစွာနိုးထလာခဲ့သည်။


 လျိုချင်းရှန် ရယ်လျက် လက်ထဲမှပန်းကန်လုံးများကို မြောက်ပြလိုက်သည် “ ဟီးဟီးး အမေကလည်း သားကပန်းကန်တွေသွားပြန်ပေးမလို့ပါ…”


လျိုမားမားမှ သူ့ထံမျက်စောင်းနှစ်ချက်ပေးလာခဲ့သည် “ သုံးထောင်စားတော်ဆက်မှာ မနက်စာသွားစားချင်လို့ဆိုတာ ငါမသိဘူးများထင်လို့လားဟဲ့…”


လျိုချင်းရှန် ရယ်ပြလိုက်သည် “ ဟီးဟီး…”


လျိုမားမားမှ လည်ချောင်းတစ်ချက်ရှင်းကာ ပြောလာသည် “ အပြန်ကျရင် နှစ်ပွဲပြန်သယ်လာခဲ့ချည်…”


လျိုချင်းရှန် မိခင်ဖြစ်သူကိုကြည့်ကာ ကြောင်အမ်းအမ်းဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိပြီး သူမ၏စကားကို အပြည့်အဝနားမလည်နေခဲ့ချေ။


လျိုမားမားမှ သားဖြစ်သူကိုကြည့်ကာ ပြောလာသည်


 “ ငါ့အတွက်တစ်ပွဲနဲ့ နင့်အဖေအတွက်တစ်ပွဲဝယ်ခဲ့လို့ပြောတာဟေး…”


မနက်ဆယ်နာရီခွဲအချိန်တွင် ပိုင်ရှန်းကျစ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ယမန်နေ့တွင် စားသုံးသူနှစ်ဦးရှိခဲ့ကာ တစ်ဦးမှာသူ၏မြေပိုင်ရှင်ဖြစ်သည်။ ဤနေရာမှာ အကောင်းဆုံးဖြစ်မနေသလို ဝေးလံခေါင်သီလှကြောင်းကို သူသတိပြုမိခဲ့ပြီး ဆိုင်အရှေ့အပြင်အဆင်ကို ပြောင်းရုံလေးဖြင့်လည်း အဆင်မပြေနိုင်ပေ။ ဤအတွက်ကြောင့် စားသုံးသူများကို ပိုမိုဖိတ်ခေါ်နိုင်ရေးအတွက် ယနေ့ညတွင် တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။


ထိုအတွေးဖြင့် တံခါးကိုဖွင့်လိုက်ချိန်၌ ဆိုင်နံဘေးတွင် တစ်စုံတစ်ဦးမှာ ငုတ်တုတ်ထိုင်နေခဲ့သောကြောင့် ပိုင်ရှန်းကျစ် ထိတ်လန့်သွားရသည်။


“ ဟေးး သည်မှာဘာလုပ်နေတာလဲ…”


တံခါးအနီးရှိလူမှ ဝမ်းနည်းပက်လက်ဖြင့် မော့ကြည့်လာသည် “ ရှန်းကျစ် ငါမင်းကိုပန်းကန်ပြန်ပေးဖို့လာခဲ့တာ…”


လျိုချင်းရှန်အား ဆိုင်အတွင်းဖိတ်ခေါ်လိုက်ပြီးနောက် ပိုင်ရှန်းကျစ် နူးညံ့စွာပြောလိုက်မိသည် “ သည်ဟာက ပန်းကန်လေးနှစ်လုံးပါပဲကွာ…ချင်းရှန် မင်းသည်လောက်အလောတကြီးလုပ်နေဖို့ မလိုပါဘူး…”


လျိုချင်းရှန် စားပွဲစီသို့အလောတကြီးလျှောက်လာကာ ပန်းကန်လုံးများကို ချလိုက်ပြီးနောက် ပြန်လှည့်၍ ပိုင်ရှန်းကျစ်ထံ မျှော်လင့်နေဟန်ဖြင့် မေးလာခဲ့သည် “ ရှန်းကျစ် သည်နေ့ကော ဝက်သားအစပ်ကြော်ခေါက်ဆွဲလုပ်ဦးမှာလား…”


မီးဖိုချောင်ထဲတွင် ဝက်သားရှိသေးသော်လည်း ခေါက်ဆွဲနှစ်ထုံးမှာ ကုန်ခါနီးပြီဖြစ်သောကြောင့် ပိုင်ရှန်းကျစ် ခေါင်းကိုယမ်းကာ ပြောလိုက်မိသည် “ ဟင့်အင်း သည်နေ့တော့ ပါဝင်ပစ္စည်းတွေမလောက်တော့လို့ ခေါက်ဆွဲလုပ်လို့မရတော့ဘူး…”


“ အာ…” လျိုချင်းရှန်မှ စိတ်ပျက်လက်ပျက်ဖြင့် ထပ်မေးလာခဲ့သည် “ သည်လိုဆိုရင် သည်နေ့အတွက် ဘာစားဖို့ရှိလဲဟင်…”


ပိုင်ရှန်းကျစ် ခဏမျှတွေးလိုက်မိသည် “ ခဏလောက်စောင့်ပေးနိုင်မယ်ဆိုရင်တော့ ဆယ့်နှစ်နာရီမထိုးခင် ဝက်သားနှပ်လုပ်ပေးလို့ရတယ်…”


ဝက်သားနှပ်…


လျိုချင်းရှန်၏မျက်လုံးများ လင်းလက်လာပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လာသည် “ ရတာပေါ့ ရတယ် ရတယ် ငါစောင့်မယ်…”


ဝက်သားနှပ်မှာ ပုံမှန်အားဖြင့် ရှန်တုံးဟင်းလျာဖြစ်ပြီး ဝက်ဗိုက်သားကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးကာ အာလူးကဲ့သို့အရန်ဟင်းအမယ်မျိုးနှင့် ချက်ပြုတ်ရခြင်းမျိုးပင်။ ၎င်းကိုဆန်အနှစ်တွင်စိမ်ကာ ပြင်းသောအရသာရှိပြီး ထမင်းနှင့်တွဲစားရန် အလိုက်ဖက်ဆုံးဖြစ်သည်။ ထို့ထက်ပိုသည်မှာ ဝက်သားနှပ်တွင် စပ်သောအရသာမပါဝင်သည့်အတွက်ကြောင့် တစ်နိုင်ငံလုံးနှစ်ခြိုက်ကြသည့် ဟင်းလျာတစ်ခုဟု ဆိုနိုင်ပေမည်။


ပိုင်ရှန်းကျစ် သိုလှောင်ခန်းအတွင်းမှ ဝက်သားတစ်ပိုင်းကိုထုတ်ယူလိုက်သည်။ အာလူးအချို့ကိုလည်း ယူလိုက်ပြီး အခွံခွာကာ ရေမစိမ်ခင် အတုံးကြီးကြီးတုံးထားလိုက်သည်။


အဆီအသားမျှတစွာပါသည့် ဝက်ဗိုက်သားကို ဆေးကြောလိုက်ပြီးနောက် ၎င်းမှာဝက်သားနှပ်ချက်ရန်အတွက် အသင့်တော်ဆုံးဖြစ်နေပြီဖြစ်သည်။


ဝက်ဗိုက်သားကို သန့်စင်လိုက်ပြီး စဉ့်နှီတုံးပေါ်၌ တင်မလှီးခင် ပိုင်ရှန်းကျစ် ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထို့နောက် ထမင်းစားခန်းမှ လျိုချင်းရှန်ကို လှမ်းခေါ်ကာ ပြောလိုက်သည် “ ချင်းရှန် ကျွန်တော့်ကို တစ်ခုလောက်ကူညီပေးလို့ရလား…”


လျိုချင်းရှန် မီးဖိုချောင်အတွင်းသို့ လေကဲ့သို့အဟုန်ဖြင့် ဝင်လာခဲ့သည် “ ဘာကူပေးရမလဲ ပြော…”


ပိုင်ရှန်းကျစ် သူ၏ဖုန်းကို လျိုချင်းရှန်အား ညွှန်ပြကာ ပြောလိုက်သည် “ တိုက်ရိုက်ထုတ်လွှင့်တဲ့နေရာမှာ ကူညီပေးလို့ရမလား… ကျွန်တော့်အတွက် ဗီဒီယိုရိုက်ပေးပါ…”



🥘