Chapter 6
Viewers 2k

🥘Chapter 6




လီချိုးချိုးသည် အစားအသောက်အား အလွန်ခုံမင်သူဖြစ်ပြီး သူမ၏အကြိုက်ဆုံးဝါသနာမှာ လိုင်းပေါ်ရှိ နာမည်ကြီး ဟင်းလျာချက်ပြုတ်ပြသူများ၏ ဗီဒီယိုများကိုလိုက်ကြည့်ရခြင်းပင်။ အထူးသဖြင့် မျက်နှာပါပြလေ့ရှိသော ကောင်ချောလေးများ၏ဗီဒီယိုများဖြစ်ပြီး ချောမောသောရုပ်ရည်နှင့် စားချင်စဖွယ်ဟင်းလျာများ၏ ပေါင်းစပ်မှုမှာ အလိုက်ဖက်ဆုံးဖြစ်သည်။


မှတ်ချက်… ဤနေရာရှိ ချောမောသောရုပ်ရည်ဟူသည့် စကားလုံးတွင် အဓိပ္ပါယ်နှစ်မျိုးရှိသည်။


ထို့အပြင် သူမ၏သဘောအကျဆုံး တိုက်ရိုက်ထုတ်လွှင့်သူမှာ သာ့ပိုင်ဟူအမည်ရသော လူငယ်လေးတစ်ဦးဖြစ်ပြီး ထိုသူမှာ စားချင်စဖွယ်ကောင်းသည့် ဟင်းလျာများကိုချက်ပြနိုင်ရုံသာမက သူ၏ဗီဒီယိုများကိုကြည့်တိုင်း သူမအားပါးစပ်ပင် ထိန်းမရနိုင်အောင် ဖြစ်စေသည်။ အရေးအကြီးဆုံးအချက်သည်ကား ထိုတိုက်ရိုက်ထုတ်လွှင့်သူမှာ မယုံနိုင်စရာကောင်းလောက်အောင် ချောမောနေခြင်းပင်။


ထိုသူမှာ အမှန်တကယ်ကို ချောမောပြီး သူ၏ဗီဒီယိုများကိုကြည့်တိုင်း သူမအတွက် အိုင်ဒေါအနောက်သို့လိုက်သည်ဟု ထင်ရလောက်သည်အထိကို ချောမောလွန်းလှသည်။ သို့သော်လည်း ဤသည်မှာ သူမ၏စိတ်ကူးယဉ်ဆန်မှုတစ်ခုတည်းသာ မဟုတ်ချေ။ ကွန်မန့်ထဲရှိ လူတိုင်း၏မြှောက်ပင့်မှုများနှင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပရောပရည်လုပ်နေကြသူများသည်လည်း သာ့ပိုင်အပေါ်ရူးသွပ်နေကြသည်။


မည်သို့ပင်ဆိုစေကာမူ သာ့ပိုင် တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်သည်မှာ လတစ်ဝက်ခန့်ပင် ရှိနေလေရာ လီချိုးချိုးအဖို့ မှာယူစားသောက်ထားသည့်ဟင်းများမှာ အရသာမရှိနေသလို သူမ၏ဖုန်းသည်ပင် စိတ်ဝင်စားဖွယ်ရာ မကောင်းသလို ခံစားနေရသည်။ သူမကိုယ်သူမ အချစ်နာကျနေသည့်ရောဂါ ရသည်ဟုပင် တွေးထင်နေမိပြီး နေ့တိုင်းလိုလို သာ့ပိုင်ထံမှ အသစ်အဆန်းများ တက်‌လာလေမလားဟူ၍ ဖုန်းအားအမြဲစစ်ဆေးနေမိသည်။


ယနေ့တွင်မူ လီချိုးချိုး မသိစိတ်မှဖုန်းကိုယူကာ အတိအကျပင် Appကိုဖွင့်ကြည့်လိုက်ချိန်၌ အသိပေးချက်ကို ရရှိလိုက်သည်။


သင် Followထားသည့် နာမည်ကျော် သာ့ပိုင်မှာ လက်ရှိတွင်တိုက်ရိုက်ထုတ်လွှင့်နေပါသည်…


လီချိုးချိုး မျက်လုံးများသည်ပင် ပြူးကျယ်လာရကာ Appထဲသို့ အလျင်အမြန်ဝင်လိုက်ရသည်။ သာ့ပိုင်၏ရင်းနှီးနေသော မျက်နှာကိုမြင်တွေ့လိုက်ရချိန်၌ လီချိုးချိုး ပျော်ရွှင်မှုမျက်ရည်များ ကျလုမတတ်ဖြစ်သွားခဲ့သည်။ ကောင်းကင်ဘုံမှ သူမရဲ့ဆုတောင်းသံကို ကြားသွားခဲ့သည်လော။ သူမ သာ့ပိုင်ကိုထပ်တွေ့နိုင်ခဲ့လေပြီ။


“ အားလုံးပဲ မင်္ဂလာပါ…သာ့ပိုင်ပါ.. သည်ရက်ပိုင်း မိသားစုထဲမှာ နာရေးရှိနေတာနဲ့ပဲ တိုက်ရိုက်ထုတ်လွှင့်မှုကို မလုပ်နိုင်ခဲ့တာပါ… ဒါပေမယ့် အခုတော့ ကျွန်တော်ပြန်ရောက်လာပါပြီ…”


“ ကောင်းပြီ ထွေထွေထူးထူးတော့မရှိပါဘူး… ကျွန်တော်က ဒီနေ့လူတိုင်းကြိုက်တဲ့ ဝက်ဗိုက်သားနှပ်ကို ချက်ပြသွားမှာပါ… ကဲ စလိုက်ကြရအောင်…”


ပိုင်ရှန်းကျစ် ဝက်ဗိုက်သားအချို့ကို ကောက်ယူကာ သူ၏ဖုန်းရှေ့တွင် ပြလိုက်သည် “ လူကြီးမင်းတို့တတွေ ဈေး ဒါမှမဟုတ် စူပါမားကတ်ကနေ ဝက်ဗိုက်သားဝယ်မယ်ဆိုရင် သည်လိုအဆီအသားမျှတဲ့ ဗိုက်သားကိုရွေးချယ်သင့်ပါတယ်…အသားနှပ်အတွက် ဝက်ဗိုက်သားဝယ်တဲ့အခါကြ အသားကပိုများနေမယ်ဆိုရင် ဟင်းက‌ခြောက်ကပ်ကပ်ကြီးဖြစ်နေမှာဖြစ်ပြီး အဆီပိုများမယ်ဆိုရင်တော့ အရမ်းအဆီများသွားမှာပါ…ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အဆင်မပြေတော့ဘူးပေါ့‌ဗျာ…”


ထိုအချိန်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာသူစာရင်းမှာ တဖြည်းဖြည်းမြင့်တက်လာပြီး ဖုန်းမျက်နှာပြင်ပေါ်၌ မန့်အချို့ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။


[ အားးးးးးးးးးး ]


[ သာ့ပိုင် မင်းနောက်ဆုံးတော့ပြန်ရောက်လာပြီပဲ ငါတော့ပျော်လွန်းလို့ငိုမိပြီ… ]


[ သာ့ပိုင်ပြောတာအမှန်ပဲ… ငါတို့တွေ သာ့ပိုင်အတွက် ထောက်ခံမှုကိုပြသကြစို့ … ]


[ သာ့ပိုင် ရှင်နောက်ဆုံးတော့ ပြန်လာပြီနော်… ပြန်သာမလာရင် ရှင့်ရဲ့ဇနီးကိုဆုံးရှုံးရတော့မှာ… ]


[ မယားကြီးက သည်မှာပါနော်… ငါ့ရဲ့‌ယောင်္ကျားကို ဘယ်သူတွေမြူဆွယ်နေလဲဆိုတာ ကြည့်ရအောင်…]


[ သာ့ပိုင် သာ့ပိုင် ငါနင့်ကို ကြွက်ကလေးက ဆန်ကိုချစ်သလိုချစ်‌တယ်နော်… ဘယ်တော့များမှ နင်ချက်ထားတဲ့ဟင်းတွေကို စားနိုင်မှာလဲဟင်…]


အသားကိုလှီးနေစဉ် ထိုမန့်ကိုမြင်လိုက်ရသောကြောင့် ပိုင်ရှန်းကျစ် မျက်နှာပြင်ကိုကြည့်ကာ ပြောလိုက်သည်


 â€œ လူတိုင်းနဲ့သတင်းကောင်းတစ်ခုမျှဝေစရာရှိပါတယ်…သာ့ပိုင်က စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လိုက်ပါပြီ…”


တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသူစာရင်းမှာ ဆက်လက်မြင့်တက်နေပြီး သူ၏စကားကိုကြားလိုက်ရချိန်၌ ကြည့်ရှူသူအချို့မှာ သူတို့၏အံ့အားသင့်နေမှုများကို ထုတ်ဖော်ပြသလာကြသည်။


[ ! ]


[ !! ]


[ !!! ]


[ !!!!!!! + ၁၀၀၈၆ ]


[ လိပ်စာနဲ့ဆိုင်နာမည်… ငါအချက်အလက်အားလုံးကို တစ်စက္ကန့်အတွင်းသိချင်တယ်နော်…]


ပိုင်ရှန်းကျစ် ပြုံးလျက် ပြန်ဖြေလိုက်သည် “ ကျွန်တော်ဖွင့်ထားတဲ့ဆိုင်လေးက ဦးလေးချန်ထားပေးခဲ့တာပါ…လိပ်စာကတော့ အမှတ် ၂၃၁ ဝူထုံလမ်းသွယ် ကျင်းရှန်လမ်း အက်စ်မြို့မှာပါ…နာမည်ကတော့ သုံးထောင်စားတော်ဆက်ပါ…သာ့ပိုင်ရဲ့ဟင်းလျာတွေကို မြည်းစမ်းကြည့်ချင်တဲ့သူများအတွက် အမြဲတမ်းကြိုဆိုနေပါတယ်နော်…”


[ အားးးးးးး ငါကအက်စ်မြို့မှာနေတာ… သာ့ပိုင် ဒီနေ့ နေ့လယ်ခင်း ဆိုင်ဖွင့်မှာလားဟင်… ]


[ ဝမ်းနည်းပက်လက်ကို ငိုနေရပါပြီ… ငါကတော့ အက်စ်မြို့နဲ့ တိုင်းပြည်တစ်ပိုင်းစာလောက်ခြားတဲ့ အေမြို့ကပါ… အဟင့် အဟင့်…]


[ ငါရောပဲ… အဟင့် အဟင့် အဟင့်…]


[ +၁ အဟင့် အဟင့် အဟင့်…]


[ +၂ အဟင့် အဟင့် အဟင့် အဟင့်…]


ပိုင်ရှန်းကျစ် ဒယ်အိုးကိုအပူပေးလိုက်ပြီးနောက် တုံးထားသည့်ဝက်ဗိုက်သားကိုထည့်ကာ ကြော်နေရင်းမှ လှမ်းပြောလိုက်သည် “ သုံးထောင်စားတော်ဆက်ကို မနက် ၁၁နာရီ ည၁၁နာရီအထိ ဖွင့်မှာပါ…သည့်အတွက်ကြောင့် အလုပ်ဆင်းနေရသူတွေအဖို့ စိတ်ပူနေဖို့မလိုပါဘူး…အက်စ်မြို့မှာမရှိတဲ့‌သူတွေကလည်း မစိုးရိမ်ကြပါနဲ့… သုံးထောင်စားတော်ဆက်က ဆက်ဖွင့်နေဦးမှာပါ…အက်စ်မြို့ကိုအလည်လာတဲ့အခါကြရင် ကျွန်တော်တို့ဆိုင်ကို လာရောက်မြည်းစမ်းကြည့်လို့ရပါတယ်…”


[ ကြင်နာတတ်တဲ့သာ့ပိုင်လေးး အရမ်းချစ်တယ်နော်…]


[ ငါတော့ဆုံးဖြတ်လိုက်ပြီ… မနက်ဖြန် အက်စ်မြို့ကိုသွားဖို့ လေယာဉ်လက်မှတ်ဖြတ်‌ပြီးတော့ကို သာ့ပိုင်ကိုသွားတွေ့မယ်…]


[ ငါရောပဲနော် ဘယ်လိုပဲဖြစ်ဖြစ် ငါကဘီမြို့မှာနေတာပဲဟာ…လေယာဉ်နဲ့ဆိုရင် အက်စ်မြို့ကနေ ဆယ်မိနစ်ကျော်ပဲဝေးတယ်…]


ပိုင်ရှန်းကျစ် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ လေးနက်စွာ ပြောလိုက်မိသည် “ လူတိုင်းပဲ သာ့ပိုင်ရဲ့ဟင်းတွေက သည်လောက်အထိ အရသာရှိတာမျိုးမဟုတ်ပါဘူးဗျာ…စားလိုက်ရုံလေးနဲ့ မင်းတို့ကို မသေမျိုးဖြစ်သွားအောင် မလုပ်ပေးနိုင်ပါဘူး…သာ့ပိုင်ရဲ့ဟင်းကိုစားဖို့အတွက်နဲ့တော့ လေယာဉ်လက်မှတ်ဖြတ်ပြီး မလာကြပါနဲ့…သည်အတိုင်း သဘာဝအတိုင်းဖြစ်သွားပါစေ…”


မည်သို့ပင်ဆိုစေကာမူ တိုက်ရိုက်ထုတ်လွှင့်မှုစကားဝိုင်းထဲမှ လူများမှာ သူ့အားပြန်ဖြေနေပုံမရချေ။ ထိုအစား အားလုံး၏တုန့်ပြန်ချက်များမှာ …


[ ဟားဟားဟားဟား…မသေမျိုးဖြစ်လာမယ်တဲ့လား… သာ့ပိုင်က အရမ်းရယ်ရတာပဲ…]


[ သာ့ပိုင်ရေ ပြောပါဦး ဘယ်ဟင်းကတို့ကို မသေမျိုးဖြစ်အောင်လုပ်ပေးမှာလဲဟင်…]


[ ဟားဟား သာ့ပိုင်ရဲ့ဟင်းက ငါတို့ကိုမသေမျိုးဖြစ်အောင် လုပ်ပေးမှာမဟုတ်ပါဘူး… ဒါပေမယ့်လည်း ဘယ်သူသိမလဲနော်…]


[ ကန်းနေတဲ့လူက အဓိကအချက်ကို ရှာတွေ့သွားတာပဲဟေ့…]


ထူးဆန်းသောဦးတည်ချက်သို့ ပြောင်းရွှေ့သွားသည့် မန့်များကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီးနောက် ပိုင်ရှန်းကျစ် အသံတိုးတိုးဖြင့်ရယ်ကာ စကားဆက်မပြောတော့ဘဲ ချက်ပြုတ်ရာတွင်သာ အာရုံစိုက်လိုက်ပါတော့သည်။


ပိုင်ရှန်းကျစ် အသားကြော်ခဲ့သည့်အိုးထဲသို့ ဝက်ဆီကိုထည့်ကာ အပူပေးလိုက်ပြီး သကြားဖြူအနည်းငယ်ဖြူးလိုက်သည်။ ထို့နောက် သကြားများပျော်ဝင်လာပြီး သကြားရည်အဖြစ်သို့ ပြောင်းသွားသည်အထိ တဖြည်းဖြည်းချင်း တည်ထားလိုက်ကာ အရောင်ဝင်သွားစေရန်အတွက် အသားကိုအိုးထဲပြန်ထည့်လိုက်သည်။ အရောင်ညီသွားသည်နှင့် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နှင့် သကြားခဲအချို့ကို ထပ်ထည့်လိုက်သည်။ ပြီးသည့်အချိန်၌ အာလူးများထည့်လိုက်ပြီး အဆုံးတွင် အသားနှင့်အာလူးများကို လုံလောက်စွာမြုပ်သွားသည်အထိ အဝါရောင်ဝိုင်ကိုထည့်လိုက်သည်။


သူ အပူရှိန်ကိုမြှင့်လိုက်ပြီး အဝါရောင်ဝိုင်အား ဆူသည်အထိ တည်နေခဲ့သည်။ အမြှုပ်များကို အမြန်ဖယ်ထုတ်လိုက်ကာ အပူရှိန်ကိုလျော့၍ အိုးကိုဖုံးထားလိုက်သည်။


နောက်လာမည့်အရာမှာ စောင့်ဆိုင်းရမည့်အချိန်ဖြစ်သည်။ ပိုင်ရှန်းကျစ် ဖုန်းကိုယူကာ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်သည်။ သူ့ထံ စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည့် လျိုချင်းရှန်မှ မေးလာသည်


 â€œ ရှန်းကျစ် ငါတို့ဘယ်တော့စားလို့ရမှာလဲ…”


ပိုင်ရှန်းကျစ် ပြုံးလျက် ပြန်ဖြေလိုက်သည် “ အနည်းဆုံးတော့ တစ်နာရီလောက်တည်ထားရဦးမှာ…တကယ်လို့ မင်းအလုပ်များနေရင် ပြန်ရင်ပြန်လေ…စားလို့ရတဲ့အခါကြ ကျွန်တော်ဖုန်းခေါ်လိုက်မယ်…”


အိမ်ငှားတစ်ဦးအနေဖြင့် ပိုင်ရှန်းကျစ် ယမန်နေ့တွင် အိမ်ပိုင်ရှင်ဖြစ်သော လျိုချင်းရှန်နှင့် ဖုန်းနံပါတ်ချင်း ဖလှယ်ထားခဲ့သည်။


လျိုချင်းရှန် အိုးဆီသို့ နီးကပ်စွာစိုက်ကြည့်နေခဲ့သည်။ သူမြင်ခဲ့သောအဆင့်များအရဆိုလျှင် ၎င်းမှာကျိန်းသေပေါက် အရသာရှိပေလိမ့်မည်။ သူအနေဖြင့် မနက်စာမစားလာခဲ့ရပေရာ တံတွေးပင်စိုနေခဲ့လေပြီ။ ယခုအချိန်တွင် မနက်စာသွားစားသင့်သည်ဖြစ်သော်လည်း သူမည်သို့များလုပ်နိုင်ပါမည်နည်း။ စားမကောင်းသည့်အရာများကို သူ့ဗိုက်ထဲဦးဆုံးထည့်ထားရမည်လော။ ပြီးနောက်တွင် သူမည်သို့များ အသားကိုပျော်ပျော်ရွှင်ရွှင်စားနိုင်ပါတော့မည်နည်း။


သည့်အတွက်ကြောင့် လျိုချင်းရှန် ခေါင်းကိုယမ်းကာ ဖြေလိုက်သည် “ ဟင့်အင်း ငါသည်မှာပဲစောင့်နေတော့မယ်…အဲ့သည့်အိုးထဲကအသားကို ပထမဆုံးစားချင်တာလေ…”


ပိုင်ရှန်းကျစ် အသံတိုးတိုးဖြင့် ရယ်နေခဲ့သည် “ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဆိုင်ကို လာစားတဲ့လူမှမရှိတာ…မင်းပြန်သွားရင်တောင်မှပဲ ဦးဆုံးမြည်းစမ်းကြည့်ရမဲ့သူဖြစ်မှာပါ…”


လျိုချင်းရှန် ပိုင်ရှန်းကျစ်ထံ အနည်းငယ်မရွှင်ပြဟန်ဖြင့် ကြည့်ကာပြောလိုက်သည် “ မင်းကသည်မှာလူသစ်ဆိုတော့ နားလည်ဦးမှာမဟုတ်ဘူး… ဝူထုံလမ်းထဲကလူစုက ထူးခြားတယ်လေ…”


နေ့လယ်တစ်ဆယ့်တစ်နာရီခွဲကျော်အချိန်တွင် ဝူထုံလမ်းသွယ်ထဲ၌ မွှေးရနံ့တခုမှာ တိတ်တခိုးသင်းပျံ့လာသည်။


ထိုအချိန်တွင် ဝူထုံလမ်းသွယ်ထဲရှိ အိမ်တိုင်းမှာ မီးဖိုချောင်တံခါးများကိုဖွင့်ကာ ချက်ပြုတ်ကြော်လှော်နေကြသည်။ ရုတ်တရက်ဆိုသလို မီးဖိုချောင်တံခါးများမှနေ၍ ကြည်နူးဖွယ်ကောင်းသည့်ရနံ့မှာ ပျံ့လွင့်လာကာ ချက်ချင်းဆိုသလို မိခင်များနှင့်အဖွားများ၏နှာခေါင်းများကို ဖမ်းစားသွားခဲ့သည်။ ချက်ပြုတ်နေကြသူများ၏လက်များ ရပ်တန့်သွားကြပြီး သူတို့၏နှာခေါင်းများမှာ အမွှေးနံ့‌အနောက်သို့လိုက်သွားမိကြသည်။


“ ဘာပါလိမ့် အရမ်းမွှေးတာပဲ…”


ဤသည်မှာ မိခင်များနှင့်အဖွားများ၏စိတ်ထဲတွင် ပေါ်လာသည့်ပထမဆုံးအရာဖြစ်ပြီး ဒုတိယမှာမူ…


“ ဘယ်သူ့အိမ်ကချက်နေတာလဲ… ငါသူတို့ကိုသိလား…တကယ်လို့သာ သိ‌မယ်ဆိုရင် ဟင်းတစ်ခွက်တော့သွားလဲလို့ရမှာ…”


ဤသို့ဖြင့် အိမ်ထောင်ရှင်မများမှာ သူတို့၏အရှိန်ကို မြှင့်တင်လိုက်ကြပြီး ယနေ့နေ့လည်စာအတွက် အသားဟင်းချက်ရန် မပြင်ထားသူများပင်လျှင် ရေခဲသေတ္တာထဲမှ အသားကိုထုတ်ယူလိုက်ကြသည်။


နာရီဝက်ခန့်ကြာပြီးနောက် သုံးထောင်စားတော်ဆက်တွင် လျိုချင်းရှန်တစ်ယောက် အငွေ့တထောင်းထောင်း‌ထနေသည့် မြေအိုးကို လောဘကြီးစွာစိုက်ကြည့်ရင်း ရပ်နေခဲ့သည်။ သူ၏နှုတ်ခမ်းများမှာမူ ပွင့်ဟနေပြီး နှုတ်ခမ်းထောင့်များတွင် တံတွေးအ‌နည်းငယ်ရှိနေသည်ကိုပင် တွေ့နေရသည်။


“ ဂလု ဂလု…”


တံတွေးမြိုချနေရင်းဖြင့် လျိုချင်းရှန် လက်တွေ့ဆီသို့ အသိစိတ်ပြန်ဝင်လာကာ အချိန်ကိုစစ်ကြည့်မိသည်။ နေ့လည်ခင်းမှာ ကုန်လွန်တော့မည်ဖြစ်သောကြောင့် သူ ဆိုင်အရှေ့တွင်ရှိသည့် ပိုင်ရှန်းကျစ်ကိုရှာတွေ့သွားချိန်၌ ဝမ်းမြောက်ဝမ်းသာဖြင့်မေးလိုက်သည် “ ရှန်းကျစ် ချက်နေတာ တစ်နာရီလောက်ရှိပြီမလား… ရတော့မှာ‌လားဟေ…”


ယခုလေးတင်မှ သူ့ကိုယ်သူအတွက် လက်ဖက်ရည်တစ်ခွက်ဖျော်ပြီးသော ပိုင်ရှန်းကျစ်မှာ လျိုချင်းရှန်၏အသံကို ကြားလိုက်ရချိန်တွင် လက်ဖက်ရည်ခွက်ကိုချ၍ အချိန်ကိုကြည့်လိုက်သည် 


“ အချိန်ကျပြီ… ကျွန်တော် ဟင်းရည်ကို ပျစ်အောင်တည်လိုက်ဦးမယ်…” ပိုင်ရှန်းကျစ် မီးဖိုချောင်တွင်း လျှောက်ဝင်လာပြီးနောက် အိုးအဖုံးကိုလှစ်လိုက်ချိန်တွင် အပူငွေ့နှင့်ရောနှောနေသည့် ဝက်သားနှပ်၏စိတ်လှုပ်ရှားဖွယ်ရာရနံ့မှာ သူ၏မျက်နှာစီသို့ ရိုက်ခတ်လာသည်။


ပိုင်ရှန်းကျစ် ပြုံးလျက်ပြောလိုက်မိသည် “ ကျွန်တော်လည်း ဗိုက်ဆာနေပြီ… ဒါပေမယ့် ခဏနေရင်တော့ ကျက်တော့မှာပါ… ဟင်းရည်ပျစ်ဖို့ မိနစ်နည်းနည်းလောက်ပဲ လိုတော့မယ်…”


လျိုချင်းရှန်မှ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလာသည် “ ငါစောင့်နေမှာပါ…”


ကြည့်လိုက်ရုံနှင့်တင် သူ၏လျှာပေါ်၌ အရည်ပျော်ကျသွားမည်ဟု စိတ်ကူးနိုင်ခဲ့သည်။


ကြွယ်ဝသောမွှေးရနံ့မှာ ‌မီးဖိုချောင်ထဲတွင် ပျံ့လွင့်နေသည်။ ထိုရနံ့အတွင်း၌ လျိုချင်းရှန် သွားရည်မကျဘဲမနေနိုင်တော့ပါ။ ပိုင်ရှန်းကျစ်၏လှုပ်ရှားမှုတိုင်းကိုသာ လိုက်ကြည့်နေမိသည်။ ပိုင်ရှန်းကျစ်မှ သူ့အတွက် တစ်ပန်းကန်ထည့်လာပေးသည်ကို မြင်လိုက်ရချိန်မှသာ စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက်ချလိုက်မိပြီး တုန့်တုန့်ဆိုင်းဆိုင်းဖြင့် မေးလိုက်ရသည်


 â€œ ရှန်းကျစ် ငါသန့်စင်ခန်းသုံးလို့ရမလား…”


ပိုင်ရှန်းကျစ်မှ အပေါ်ထပ်သို့ညွှန်ပြကာ ပြောလာသည် “ သန့်စင်ခန်းကအပေါ်ထပ်မှာလေ တက်သွားလိုက်ချည်…”


လျိူချင်းရှန် အပေါ်ထပ်သို့ကမန်းကတန်း ပြေးတက်သွားသည့်အချိန်အတွင်း ပိုင်ရှန်းကျစ် ဝက်သားနှပ်ကို သုံးပန်းကန်စာခွဲနေခဲ့သည်။ တစ်ပန်းကန်မှာ လျိုချင်းရှန်အတွက်ဖြစ်ပြီး တစ်ပန်းကန်မှာ သူ၏နေ့လယ်စာအတွက်ဖြစ်ကာ ကျန်တစ်ပန်းကန်မှာမူ အပိုဖယ်ထားခြင်းဖြစ်သည်။ သူ၎င်းကို ညစာအတွက် ချန်ထား၍ရနိုင်မည်လား….


“ အနံ့က လောင်ပိုင်ရဲ့ဆိုင်က လာနေတာဟ…”


“ လောင်ပိုင်ရဲ့ဆိုင်လား…”


“ အထဲဝင်ပြီး တစ်ချက်ကြည့်ရအောင်…”


အပြင်ဘက်မှ စကားသံများကြောင့် ပိုင်ရှန်းကျစ် မီးဖိုချောင်တွင်းမှ ကပျာကယာထွက်လိုက်ချိန်တွင် သက်လတ်ပိုင်းအမျိုးသမီး လေးဦး ငါးဦးနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးတို့ ဆိုင်ထဲဝင်လာသည်ကို မြင်လိုက်ရသည်။ ဦးဆောင်သူမှာ နှင်းဆီပွင့်ပုံအကြီးကြီးပါသော တီရှပ်ကိုဝတ်ဆင်ထားသည့် အဒေါ်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ကိုမြင်သည်နှင့် သူမ၏မျက်လုံးများလင်းလက်သွားခဲ့သည်။


“ အိုး လူငယ်လေး မင်းကလောင်ပိုင်ရဲ့တူဖြစ်ရမယ်…”


ပိုင်ရှန်းကျစ် ယဉ်ကျေးစွာခေါင်းညိတ်ပြလိုက်သည် “ ဟုတ်ကဲ့ ဘယ်သူလဲဆိုတာ မေးလို့ရမလားဗျ…”


အဒေါ်ကြီးမှ ဟက်ဟက်ပက်ပက်ရယ်လာခဲ့သည်


 â€œ ဟားဟားဟား အဒေါ့်ရဲ့မျိုးရိုးနာမည်က ဝမ်တဲ့…အဒေါ်တို့အားလုံးက သည်ဝူထုံလမ်းမှာပဲနေကြတာလေ မင်းဦးလေးရဲ့သူငယ်ချင်းတွေပေါ့…”


“ ရှောင်ပိုင် မင်းဘာတွေချက်နေတာလဲဟင်… အဒေါ်တို့ အဝေးကြီးကတောင် အနံ့ရနေတယ်…”


အဒေါ်ဝမ်မှ လည်ပင်းကိုဆန့်ကာ မီးဖိုချောင်သို့ကြည့်နေခဲ့သည်။ ပိုင်ရှန်းကျစ်လည်း ပြုံးလျက် ဖြေလိုက်ရသည် “ အဒေါ်ဝမ် ကျွန်တော်ကဝက်သားနှပ်နေတာပါ… ကျန်တဲ့အဒေါ်နဲ့အဖွားတွေလည်း တစ်ချက်လောက် ဝင်ကြည့်ပါဦးလား…”


ဤသို့ဖြင့် ပိုင်ရှန်းကျစ် မီးဖိုချောင်စီသို့ ပြန်လျှောက်လာချိန်တွင် သက်လတ်ပိုင်းအမျိုးသမီး လေးဦး ငါးဦးနှင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးမှာ မွှေးရနံ့‌အနောက်သို့ နီးကပ်စွာ လိုက်လာခဲ့ကြသည်။ မီးဖိုချောင်ထဲတွင်ရှိသည့် ဝက်သားနှပ်သုံးပန်းကန်ကို မြင်လိုက်ကြချိန်တွင် သူတို့အားလုံး ချက်ချင်းဆိုသလို တောင့်တင်းသွားကြသည်။


တခဏအတွင်း မီးဖိုချောင်ထဲတွင် တံတွေးမြိုချသံများ ပြည့်နှက်သွားခဲ့သည်။


“ ရှောင်ပိုင် မင်းဝက်သားနှပ်ချက်ထားတာလား…” အဒေါ်ဝမ်မှ မယုံနိုင်သည့်ဟန်ဖြင့် မေးလာသည်။


ပိုင်ရှန်းကျစ် ခေါင်းညိတ်ပြလိုက်သည် “ ဟုတ်ကဲ့ ကျွန်တော်ချက်ထားတာပါ…”


အားလုံးမှာ သူ့ထံကြည့်လာခဲ့ကြပြီး အဒေါ်ဝမ်မှ လူတိုင်းတွေးနေသည့်အရာကို ထုတ်ပြောလာသည် “ မင်းဦးလေးရဲ့ ဟင်းချက်ပုံမျိုးနဲ့ဆို ဘယ်လိုလုပ်ပြီး သည်လိုအရသာရှိတာကို လုပ်နိုင်တာလဲ…”


ပိုင်ရှန်းကျစ် အနည်းငယ်ရှက်သွားရသည် “ ကျွန်တော်က တခြားစားဖိုမှုးတွေက သင်ခဲ့လို့ပါ…”


အဓိပ္ပါယ်ရှိခြင်းကြောင့် ကျန်သည့်အဒေါ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လာကြသည်။


“ ဟိုလေ ရှောင်ပိုင်…” အဒေါ်ဝမ်မှ ဆက်ပြောလာသည် “ မင်းက သုံးပန်းကန်တောင်လုပ်ထားတာဆိုတော့ တစ်ယောက်တည်းမကုန်နိုင်ဘူးမလား…အဒေါ်ဝမ်ကို တစ်ပန်းကန်ရောင်းပေးရင်ကော ဘယ်လိုလဲ…”


“ ရှောင်ပိုင်ရေ အဒေါ်လည်း တစ်ပန်းကန်လိုချင်တယ်…”


“ အဒေါ်ရောပဲ…”


“ ဘာတွေဖြစ်နေတာလဲ ငါအရင်ပြောတာလေ မရဘူး သည်ဟာက ငါ့ဟာပဲ…”


“ ဘာကို နင်အရင်ပြောတာလဲ…ငါကနင့်ထက်အသက်ကြီးတယ်လေ…ကြီးသူကိုရိုသေပြီး ငယ်သူကိုလေးစားရမယ်ဆိုတာမသိဘူးလားဟဲ့…”


အဒေါ်ဝမ်မှ ရေကာတာကိုဖွင့်လိုက်သည်နှင့် ကျန်သည့်အဒေါ်များနှင့်အဖွားကလည်း အော်ဟစ်လာကြသည်။ ပိုင်ရှန်းကျစ်မှာမူ ခေါင်းစကိုက်လာလေပြီ။ သူ့၏ကိုယ်ပိုင်ပန်းကန်ကို ထည့်တွင်လျှင်ပင် နှစ်ယောက်စာသာရှိလေရာ သည်လေးငါးယောက်စာ အုပ်စုအတွက် သူမည်သည့်နည်းဖြင့် ခွဲပေးနိုင်ပါမည်နည်း။




🥘