Chapter 7
Viewers 2k

🥘Chapter 7




ထို့နောက် ပိုင်ရှန်းကျစ်၏အနောက်မှ အသံတစ်သံထွက်ပေါ်လာခဲ့သည်


 “ မဟုတ်တာ ဝက်သားနှပ်က ကျွန်တော့ဟာပဲ…ရှန်းကျစ်က ကျွန်တော့်အတွက် အထူးတလည်ချက်ပေးထားတာ…”


ပိုင်ရှန်းကျစ်ချက်သည့် ဝက်သားနှပ်မှာ ဝူထုံလမ်း၏အဒေါ်ကြီးများအား ဆွဲဆောင်နိုင်လိမ့်မည်ကို သိနေခြင်းကြောင့် လျိုချင်းရှန် သူ၏အဖိုးတန်ဝက်သားနှပ်ကလေးကို ကာကွယ်ရန်အတွက် ဆိုင်တွင်ကျောက်ချထိုင်နေရခြင်းဖြစ်သည်။ ဝက်သားနှပ်မှာ ကျက်သွားပြီးနောက် ပန်းကန်လုံးထဲပြောင်းထည့်ပြီးချိန်မှသာ သူအဆုံး၌စိတ်အေးသွားပြီး ကိုယ်ရေးကိုယ်တာကိစ္စကို သွားဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း သူမထင်မိသောအချက်သည်ကား ထိုမိနစ်အနည်းငယ်အတွင်း အနှီပွက်လောရိုက်နေသည့်အဒေါ်ကြီးများမှာ ဆိုင်တံခါးကိုလာခေါက်ကြမည်ကိုပင်။


သက်လတ်ပိုင်းနှင့်သက်ကြီးပိုင်းအမျိုးသမီးတစ်အုပ်မှာ အကူအညီကင်းမဲ့နေသော အားနည်းသည့်သနားစဖွယ် ပိုင်ရှန်းကျစ်၏အနားတွင် ဝိုင်းပတ်နေကြပြီး ဆွဲဆောင်မှုအားကောင်းနေသည့် ဝက်သားနှပ်ပန်းကန်ထံ ဆုံးဖြတ်ချက်ထားပြီးပုံရသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။


ဝက်သားနှပ်ကိုကာကွယ်ရန်… မဟုတ်ချေ… ပိုင်ရှန်းကျစ်ကိုကာကွယ်ရန်အလို့ငှာ လျိုချင်းရှန် အရှေ့ထွက်လိုက်ပြီး အဒေါ်ကြီးများ၏အာရုံကို အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်လိုက်သည်။


အဒေါ်ဝမ်မှ သူ့ထံကြည့်လာသည် “ လျိုချင်းရှန်… မင်းလိုလူငယ်လေးက သည်မှာဘာလာလုပ်နေတာလဲ…ငါတို့အားလုံးက မင်းရဲ့အကြီးတွေမဟုတ်ကြလို့လား… ဘယ်လိုလုပ်ပြီးကောင်းတဲ့အရာရှိတာကို အကြီးတွေကိုအသိ‌မပေးပဲကြိတ်စားနေရတာလဲ… ငါတို့တတွေ မင်းကိုကျွေးလာတဲ့ဟင်းတွေက ထိုက်တန်ရဲ့လားလို့ ပြောနိုင်လား…သည်အရိုးအိုကြီး‌တွေဆီကလေ…”


ဝက်သားနှပ် သို့မဟုတ် ပိုင်ရှန်းကျစ်ကို ကာကွယ်ပေးနေသည့် လျိုချင်းရှန်တစ်ယောက် တိတ်ဆိတ်သွားရသည်။ အနှီ အသက်ဖြင့်ဖိနှိပ်သည့်နည်းစနစ်မှာ အလွန်အလုပ်ဖြစ်လှလေရာ မည်သူကများ ယှဉ်ပြိုင်နိုင်တော့မည်နည်း…


သူသည် ဝူထုံလမ်း၏လူငယ်တစ်ယောက်ဖြစ်ပြီး အလွန်အမင်းငယ်ရွယ်မနေသလို အိုမင်းလည်းမနေချေ။ သူ့အနေဖြင့် ကြီးသူကိုလေးစားပြီး ငယ်သူကိုကာကွယ်ရမည်ဖြစ်ရာ လျိုချင်းရှန် သူ၏ချစ်လှစွာသော ဝက်သားနှပ်အား လက်လျော့ရမည့်နာကျင်မှုကို သည်းခံနိုင်ပါမည်လော။


လျိုချင်းရှန် အပေးအယူမလုပ်ချင်ပေ။ သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် စကားပြောရန်ပြင်လိုက်သည်။


“ အာ…” အမျိုးသမီးကြီးလေးငါးဦးမှာ သူ့ထံတပြိုင်နက်တည်း ကြည့်လာကြသည်။


လျိုချင်းရှန် ချက်ချင်းဆိုသလို တပ်ပြန်ခေါက်လိုက်ရပြီး ကူကယ်ရာမဲ့နေသည့်အကြည့်ဖြင့် ပိုင်ရှန်းကျစ်၏အနောက်တွင် ပုန်းနေမိလိုက်သည်။


“ ဝမ်မိန်လီ နင်ငါ့သားကို အနိုင်ကျင့်နေတာလား…”


လျိုချင်းရှန် တံခါးအပြင်မှ လျှောက်လာသည့်လူကို ကြည့်လိုက်မိသည်။ သူ၏မျက်လုံးမှ မျက်ရည်များပင်ကျဆင်းလာရကာ အော်ပြောလိုက်သည် 


“ အမေ…”


လျိုမားမားမှ သူ့ထံအထင်သေးသည့်အကြည့်တစ်ချက်ပေးလာကာ အခြားသူများကိုဖြတ်ကျော်၍ လျိုချင်းရှန်အနားသို့ လျှောက်လာသည်။ သူမ တိုက်ရိုက်ပင် ဝက်သားနှပ်ပန်းကန်ကိုယူကာ ပိုင်ရှန်းကျစ်ကို မောင်ကျီသုန့်ငွေပေးလိုက်သည် 


“ ရှောင်ပိုင် မင်းကတကယ်ကိုဟင်းချက်ကောင်းတယ်… သည်ဟာအတွက် ကျေးဇူးပဲနော်… သည်မှာ ကျသင့်‌ငွေ…”


ပြောပြီးသည်နှင့် လျိုမားမားမှ လျိုချင်းရှန်ကိုဆွဲခေါ်ကာ ပြန်ထွက်သွားသောကြောင့် ပိုင်ရှန်းကျစ် အလျင်အမြန် ပြောလိုက်ရသည် 


“ အဒေါ် ပိုက်ဆံကများလွန်းတယ် ကျွန်တော့်ကိုပြန်အမ်းငွေ ပေးရှာပါဦး…”


လျိုမားမားတစ်ယောက် ခေါင်းမာမာနှင့်လက်ကိုယမ်းကာ ပြောလိုက်သည် “ ရှောင်ပိုင် မင်းရဲ့ဝက်သားနှပ်ကအရသာရှိလွန်းတယ်…ကြယ်အဆင့်စားသောက်ဆိုင်တွေထက်တောင် ပိုကောင်းတာကို ယွမ်တစ်ရာဆိုတာကတော့ နည်းလွန်းအားကြီးတယ်ကွယ်…”


လျိုမားမားထွက်သွားတော့မည့်အချိန်တွင် အမျိုးသမီးကြီးလေးငါးဦးမှ ပွစိပွစိပြောရင်းဖြင့် သူမကို တားဆီးလာကြသည် “ ကျန်းချွန်းဟွာ နင်ဒါဘာလုပ်တာလဲ… ဦးသူအရင်ယူစနစ်ပဲလေ…အရင်ရောက်လာတဲ့ငါတို့တွေတောင် အသားနှပ်ကိုမရသေးဘူး…”


လျိုမားမားမှ အနောက်ပြန်လှည့်ကာ ထိုသူများကိုစိုက်ကြည့်လိုက်သည် “ သည်လေးစားမှုမရှိတဲ့ဟာတွေ…ငါ့သားကလည်း လူပဲလေ…ငါတို့တွေက မနက်ဆယ်နာရီထဲက တောက်လျောက်စောင့်နေရတာ…နင်တို့အားလုံးထက်တောင် ပိုစောသေးတယ်…သေချာပေါက် အသားနှပ်က ငါတို့အတွက်ထားရမှာပေါ့…”


အမျိုးသမီးကြီးများမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ကျန်းချွန်းဟွာသည် သူတို့အကြားတွင် အကြမ်းဆုံးဖြစ်သည်ကို ပြန်လည်အမှန်ရသွားကြသည်။ သူမ တရားနည်းမကျလျှင်ပင် သူတို့အနေဖြင့် သူမကို အနိုင်မရကြချေ။ ယခုအချိန်တွင် သူမပြောသည်မှာ မှန်ကန်နေပေရာ အားလုံးလည်း ရွေးချယ်ရန်မကျန်ကြတော့ပေ။ ဤသို့ဖြင့် လျိုမားမားတစ်ယောက် ယုံကြည်ချက်အပြည့်နှင့် လျိုချင်းရှန်ကိုဆွဲခေါ်ကာ သုံးထောင်စားတော်ဆက်မှ ထွက်သွားခဲ့သည်။


ဝက်သားနှပ်မှာ နှစ်ပန်းကန်သာ ကျန်ရစ်နေခဲ့ရာ အမျိုးသမီးကြီးများမှာ ၎င်းအပေါ်ဆက်လက်တိုက်ခိုက်နေခြင်း မရှိကြတော့ချေ။ ရိုးရှင်းစွာဖြင့် ဝက်သားကို ညီညီမျှမျှခွဲဝေလိုက်ကြပြီး အကြီးဆုံးအပိုင်းကို ပိုင်ရှန်းကျစ်အတွက် ချန်ထားပေးကြသည်။ လူတိုင်းမှာ ဝက်သားလေးငါးတုံးခန့်ရလိုက်ကြပြီး အဆုံး၌ သူတို့အားလုံးစု၍ ပိုင်ရှန်းကျစ်ထံ ယွမ်နှစ်ရာပေးလိုက်ကြသည်။ 


ပိုင်ရှန်းကျစ် ငြင်းမည်ပြုလိုက်သော်လည်း အမျိုးသမီးကြီးများမှ သူ့ကိုကြည့်ကာ ပြောလာကြသည် “ ကျန်းချွန်းဟွာ ငွေပေးတာကိုလက်ခံပြီးတော့ ငါတို့မှလက်မခံဘူးလား… ဘာလဲ မင်းက ငါတို့တွေကိုအထင်သေးတာလားနော်…”


ကူကယ်ရာမဲ့စွာဖြင့် ပိုင်ရှန်းကျစ် ရွေးချယ်ရန်မရှိသောကြောင့် ငွေကိုလက်ခံလိုက်ရသည်။ အမျိုးသမီးကြီးများမှညမူ ပန်းကန်ကိုယ်စီကိုင်ကာ ကျေကျေနပ်နပ်ပြန်သွားခဲ့ကြသည်။


ဝမ်မိန်လီ အိမ်မှထွက်မလာခင် ဟင်းပြင်ထားခဲ့ပြီးပြီဖြစ်သောကြောင့် သူမအိမ်ပြန်ရောက်ချိန်တွင် အကြွေးရှင်နှစ်ဦးမှာ ထမင်းစားပွဲတွင် ထိုင်နေကြပြီးပြီဖြစ်သည်။


“ အမေ ဘယ်တွေသွားနေတာလဲ…သမီးတော့ဆာလို့သေတော့မှာပဲ…”


“ ဟုတ်တယ် ထမင်းစားချိန်တောင် ရောက်နေတဲ့ဟာကို သည်မိန်းမအိုကြီးက ကလေးကြနေတာပဲ…ဘယ်တွေလျှောက်လည်နေတာလဲ…”


အကြွေးရှင်နှစ်ဦးမှာ ပွစိပွစိရေရွတ်ရင်းဖြင့် သူတို့၏တူများကိုကောက်ယူကာ စတင်စားလိုက်ကြသည်။


ဝက်သားနှပ်ကိုကိုင်လာသည့် ဝမ်မိန်လီ : !!!!!


သည်အကြွေးရှင်နှစ်ယောက်ကတော့ ဘယ်လိုစားရမယ် စားရမယ်ဆိုတာပဲသိကြတယ်။


အေးစက်စက်နှာမှုတ်လိုက်ပြီး ဝမ်မိန်လီ ထိုင်ချကာ သူမကိုယ်တိုင်အတွက် ထမင်းတစ်ပန်းကန်ခူးလိုက်သည်။ ဝက်သားနှပ်ပန်းကန်ကိုမူ သူမအရှေ့တွင်ချလိုက်သည်။ ဤသည်မှာ သူမတိုက်ခိုက်ယူလာရသောဟင်းဖြစ်ပေရာ သူမတစ်ယောက်တည်း အရသာရှိရှိစားရပေမည်။


သူမ ဝက်သားနှပ်တစ်တုံးကိုကောက်ယူလိုက်ချိန်တွင် အသားမှာ နူးညံ့အရည်ရွှမ်းပြီး တူပေါ်တွင်တုန်နေခဲ့သည်။ ၎င်းမှာ လူများအား ပါဝင်ချင်လာသည်အထိ တုန်လှုပ်‌စေမည့် မြင်ကွင်းမျိုးပင်။ ဂရုတစိုက်ဖြင့် သူမ ဝက်သားတုံးကို ပါးစပ်ထဲသို့ထည့်လိုက်ချိန်တွင် ချက်ချင်းလိုပင် သူမ၏အရသာခံဖုပေါ်၌ ကြွယ်ဝသောအရသာများ ပေါက်ကွဲထွက်သွားခဲ့သည်။


ဤသည်မှာ သူမအဖို့ အသား၏အရသာအား ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းခဲ့ဖူးသည့်အချိန်သို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။ ဝက်သား၏အဆုံးစွန်သောမွှေးရနံ့၊ အဆီ၏ နူးအိမွှေးပျံ့ပြီး ပါးစပ်ထဲတွင်ပျော်ဝင်သွားသည့်နူးညံ့မှုနှင့် အိစက်နေသည့်အသားမှာ သူမပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူမ ဝက်သား၏ဆွဲဆောင်နိုင်မှုကို တစ်ဖန်ပြန်၍ ခံစားလိုက်ရသည်။


သည်ဝက်သားနှပ်က မယုံနိုင်စရာကောင်းလောက်အောင် အရသာရှိလှတယ်…


ဝမ်မိန်လီ၏ချဲ့ကားနေသောအမူအယာမှာ စားပွဲ‌တွင်ထိုင်နေသူနှစ်ဦး၏ အာရုံစိုက်မှုကို ဖမ်းစားသွားခဲ့သည်။ သူမ၏သမီးမှ မေးလာသည် “ အမေ ဘာတွေစားနေတာလဲ… အရမ်းအရသာရှိမဲ့ပုံပဲ…”


ဝမ်မိန်လီ လက်တွေ့ဘဝသို့ပြန်ရောက်လာကာ သူမ၏အမူအယာများကို ဖုံးဖိလိုက်သည် “ ဘာမှထွေထွေထူးထူးမဟုတ်ဘူး… သုံးထောင်စားတော်ဆက်က ဝက်သားနှပ်နည်းနည်းပါ… ငါအရသာမြည်းကြည့်ချင်လို့လေ…”


“ သုံးထောင်စားတော်ဆက်လား…” ဝမ်မိန်လီ၏သမီးမှ ရွံရှာနေသည့်အမူအယာပြကာ ပြောလာသည် “ သည်လိုဆိုလည်း အမေပဲစားလိုက်ပါ…”


ဝူထုံလမ်းမှလူတိုင်းလိုလို သုံးထောင်စားတော်ဆက်၏ဟင်းတိုင်းမှာ အနက်ရောင်ဟင်းလျာဖြစ်သည်ကို သိကြသည်။ သုံးထောင်စားတော်ဆက်မှ ဟင်းဖြစ်ကြောင်းသိသွားသည်နှင့် ဝမ်မိန်လီ၏သမီးမှာ ချက်ချင်းဆိုသလို စိတ်ဝင်စားမှုလျော့ကျသွားပြီး သူမ၏ခင်ပွန်းသည်ပင် ခေါင်းပြန်လှည့်သွားခဲ့သည်။


အနှီအကြွေးရှင်နှစ်ဦး စိတ်ဝင်စားမှုလျော့ကျသွားသည်ကို မြင်လိုက်ရမှသာ ဝမ်မိန်လီစိတ်အေးသွားရသည်။ ကံကောင်းစွာဖြင့် ဝက်သားနှပ်မှာအေးနေပြီဖြစ်သောကြောင့် မွှေးရနံ့သင်းပျံ့နေခြင်း မရှိတော့ချေ။ မဟုတ်ပါက ထိုသူနှစ်ဦးက သူမအားအေးအေးချမ်းချမ်း စားခွင့်ပေးကြမည်မဟုတ်ပေ။


ဤသို့ဖြင့် ဝမ်မိန်လီ ‌ဝက်သားနှစ်တုံးကို အောင်အောင်မြင်မြင်စားလိုက်နိုင်သည်။ ပန်းကန်ထဲတွင်ကျန်နေသော ဝက်သားနှစ်တုံးကိုကြည့်ကာ သူမ တုန့်ဆိုင်းနေခဲ့သော်လည်း အာလူးများကို စတင်စားလိုက်သည်။


သူမ အာလုံးတစ်လုံးကိုကောက်ယူလိုက်သည်နှင့် တူတစ်စုံထွက်ပေါ်လာကာ ဝက်သားတစ်တုံးကိုယူသွားပြီး ကျန်သည့်တူတစ်စုံမှလည်း နောက်ဆုံးကျန်သည့်ဝက်သားဖတ်ကို ကောက်ယူသွားခဲ့သည်။ ဝမ်မိန်လီ ဒေါသတကြီးဖြင့် မော့ကြည့်လိုက်ချိန်၌ လက်ကျန်ဝက်သားနှစ်တုံးမှာ သူမ၏သမီးနှင့်ခင်ပွန်းသည်တို့ပါးစပ်ထဲတွင် အဆုံးသတ်သွားသည်ကိုသာ တွေ့လိုက်ရသည်။


“ ဘယ်လိုတောင်လဲ… အရမ်းအရသာရှိတာပဲ .. အမေက တကယ်ကြီးသမီးကိုညာထားတယ်…”


“ အရမ်းမွှေးတာပဲ… မိန်းမအိုကြီး နည်းနည်းလောက် ထပ်သွားဝယ်လိုက်စမ်းပါ…”


ဝမ်မိန်လီ ဒေါသတကြီးအော်ပြောလိုက်သည် “ ငါ့ခြေထောက်ကြီးကိုပဲဝယ်…ရလာတာမှ ဝက်သားကနည်းနည်းလေး ရှင်တို့တွေအကုန်စားပစ်လိုက်ကြတာပဲ…”


ထို့နေ့ နေ့လယ်ခင်းတွင် သုံးထောင်စားတော်ဆက်၏ပိုင်ရှင်မှာပြောင်းလဲသွားကြောင်းနှင့် ဟင်းပွဲများမှာ အလွန်အရသာရှိကြောင်းစကားများသည် ဝူထုံလမ်းထဲတွင် ပျံ့နှံ့သွားခဲ့သည်။


ညနေခင်းအချိန် ဝူထုံလမ်းထဲရှိ လေးထောင့်အကအချိန်နှင့် သက်ကြီးပိုင်းအနုပညာအတန်းအချိန်အတွင်း သတင်းမှာ လူပေါင်းများစွာစီသို့ ပျံ့နှံ့သွားသည်။ သုံးထောင်စားတော်ဆက်၏ဝက်သားနှပ်မှာ မယုံနိုင်စရာကောင်းလောက်အောင် အရသာရှိသည်ဟုပင်။


ထို့အတွက်ကြောင့် နောက်တစ်နေ့မနက်ခင်း ပိုင်ရှန်းကျစ်ဆိုင်ဖွင့်ချိန်တွင် စားသုံးသူများရုတ်တရက်တိုးလာသည်ကို တွေ့လိုက်ရသည်။ သူတို့ထဲမှ အားလုံးလိုလိုမှာ ဝူထုံလမ်းရှိ ဦးလေးကြီးများ၊အဒေါ်များ၊ အဖိုးအဖွားများဖြစ်ကြပြီး လူတိုင်းအထူးတလည် ဝက်သားနှပ်ကိုမှာယူလာကြသည်။


သက်ကြီးပိုင်းစားသုံးသူများ၏ ‌မှာယူမှုအောက်တွင် ပိုင်ရှန်းကျစ် ဝက်ဗိုက်သားပိုင်းကြီးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ ယနေ့၏အဓိကဟင်းလျာမှာ ဝက်သားနှပ်ဖြစ်သည်။


ယမန်နေ့တွင် ပိုင်ရှန်းကျစ်၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ထားခဲ့သော မြို့တော်အက်စ်မှ လီချိုးချိုးမှာ နေ့လယ်ခင်းတွင် သုံးထောင်စားတော်ဆက်သို့ သွားရန်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း သူမ၏ သောက်ကျိုးနည်းသူဌေးမှ ရုတ်တရက်ကြီးအချိန်ပိုဆင်းရန် ဆုံးဖြတ်လိုက်မည်ဟု ထင်မိပါမည်နည်း။ သူမအလုပ်ဆင်းရချိန်တွင် အချိန်မှာဆယ်နာရီရှိပြီဖြစ်သောကြောင့် သိသိသာသာပင် သုံးထောင်စားတော်ဆက်သို့သွားရန် မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် နောက်တစ်နေ့မှာ စနေနေ့ဖြစ်လေရာ သူမ နောက်တစ်နေ့မှသာ သာ့ပိုင်ထံသွားရန် ဆုံးဖြတ်လိုက်ရသည်။


မနက်ဆယ်နာရီတွင် လီချိုးချိုးတစ်ယောက် သူမ၏အိမ်မှ ဝူထုံလမ်းစီသို့ မိနစ်လေးဆယ်ကြာ ကားမောင်းခဲ့ရသည်။ ကားပါကင်ထိုးရန် မိနစ်နှစ်ဆယ်ကြာ အချိန်ယူခဲ့ရပြီး အဆုံး၌ ကားပါကင်ထိုးပြီးနောက် ဖုန်းမှလမ်းညွှန်ကိုဖွင့်ကာ မိနစ်နှစ်ဆယ်တိတိ လမ်းကြားထဲတွင် လျှောက်သွားနေရသည်။


နေ့လယ် တစ်ဆယ့်တစ်နာရီခွဲပင်ကျော်လွန်နေသော်လည်း သာ့ပိုင်၏ဆိုင်ကိုမူ ရှာမတွေ့သေးချေ။ လီချိုးချိုး အနည်းငယ်ပူပန်လာရသည်။ ထိုအချိန်၌ ရုတ်တရက်ဆိုသလို အရသာရှိသောမွှေးရနံ့တစ်ခုမှာ သူမကိုဖမ်းစားသွားခဲ့သည်။


၎င်းမှာ ပန်းများ သို့မဟုတ် ရေ‌မွှေးကဲ့သို့ မွှေးရနံ့မျိုးမဟုတ်ဘဲ အစားအသောက်၏မွှေးရနံ့ပင်။


လီချိုးချိုး နှာခေါင်းတရှုံ့ရှုံ့လုပ်နေမိသည်။ အနံ့ခံကြည့်ရုံနှင့်ပင် ထိုဟင်းအတွက် ၎င်း၏ရနံ့အပေါ်အခြေခံ၍ မျှော်လင့်ချက်ကြီးကြီးထားနေမိပြီဖြစ်သည်။ အမျိုးသမီးတစ်ဦးကို သူမ၏မွှေးရနံ့ဖြင့် ခွဲခြားနိုင်သည်ဟု ပြောလေ့ရှိကြသော်လည်း ထိုစကားမှာမှားယွင်းနေသည်ဟု လီချိုးချိုးခံစားလိုက်ရသည်။ ထိုအစား “ ဟင်းလျာတစ်ခွက်ကို သူ၏မွှေးရနံ့ဖြင့် ခွဲခြားနိုင်သည်…” ဟူ၍သာဖြစ်သင့်သည်။


ကြွယ်ဝသော‌မွှေးရနံ့နှင့် ဟင်းခတ်အမွှေးအကြိုင်များ၏ ပေါင်းစပ်ထားမှုမှာ တိတ်ဆိတ်သော်လည်း သူမ၏နှာခေါင်းကို လွှမ်းမိုးနိုင်မှုအပြည့်နှင့် ဝင်ရောက်လာကာ ချက်ချင်းဆိုသလို သွားရည်ကျလာစေသည်။


အရမ်းမွှေးတာပဲ… မယုံနိုင်လောက်အောင် မွှေးလွန်းတာ…


တူညီတဲ့လမ်းကြားတစ်ခုတည်းမှာပဲ… သည်လို စိတ်လှုပ်ရှားစရာကောင်းတဲ့အနံ့ဆိုတော့ ဖြစ်နိုင်တာက…


လမ်းကြားထဲတွင် ဘယ်ဘက်ချိုးလိုက် ညာဘက်ချိုးလိုက်လုပ်နေခဲ့ပြီး လေထုအတွင်းရှိ မွှေးရနံ့အနောက်သို့လိုက်ရင်းဖြင့် လီချိုးချိုး၏မျှော်မှန်းချက်များမှာ ပို၍ကြီးထွားလာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် စားသောက်ဆိုင်တစ်ခု သူမ၏မျက်လုံးရှေ့တွင် ပေါ်လာခဲ့ပြီး ၎င်းမှာ သုံးထောင်စားတော်ဆက်ပင်ဖြစ်သည်။


ထို့အပြင် သူမလိုက်လာခဲ့သည့်မွှေးရနံ့မှ သုံးထောင်စားတော်ဆက်မှ ထွက်လာနေခဲ့သည်။


ခဏအကြာတွင် သူမ သာ့ပိုင်နှင့်တွေ့ရမည်ဖြစ်သော်လည်း လီချိုးချိုး အနည်းငယ်စိုးရိမ်လာသည်။


သာ့ပိုင်က သူမကိုရုပ်ဆိုးတယ်လို့များ တွေးနေမလား…


မနေ့ကလာခဲ့မယ်ပြောပြီး ဒီနေ့မှလာတာဆိုတော့ သာ့ပိုင်သူမကို စကားမတည်ဘူးလို့များ ထင်နေမလား…


သူမ ဝတ်ထားသည့် အဝတ်အစားကိုပါ လီချိုးချိုးသတိပြုမိခဲ့သည်။ ပန်းပွင့်ဂါဝန်မှာ လန်းဆန်းကာ ချစ်စဖွယ်ကောင်းသော်လည်း အတော်လေးသာမန်ဆန်နေလေမလား…


သံသယများအတွင်း နစ်မြုပ်နေရင်းဖြင့် လီချိုးချိုး အချက်တစ်ချက်ကို ပြန်လည်အမှတ်ရမိသွားသည်။ သူမ ဤနေရာသို့လာရခြင်းမှာ သာ့ပိုင်၏ဆိုင်တွင် အားပေးရန်ဖြစ်ပြီး ဘလိုင်းဒိတ်လာတွေ့ခြင်းမဟုတ်ပေ။


သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီးနောက် လီချိုးချိုး သုံးထောင်စားတော်ဆက်အတွင်းဝင်လိုက်သည်။တခဏအတွင်းမှာပင် ဆိုင်အတွင်းမှ ပွက်လောရိုက်နေသောလေထုကြောင့် သူမအံ့အားသင့်သွားရသည်။


ဘေးပတ်လည်တဝိုက်ကိုကြည့်လိုက်ရာ အဖိုးအဖွားများ၊ဦးလေးများနှင့် အဒေါ်ကြီးများ ခုနစ်ယောက် ရှစ်ယောက်ခန့်ပါသော လူအုပ်ကြီးမှာ မီးဖိုချောင်ရှေ့တွင် စုပြုံနေသည်ကို သူမမြင်လိုက်ရသည်။ တစ်ယောက်ချင်းစီမှာ မတူညီသော ပုံပန်းသဏ္ဍာန်၊ အရောင်နှင့် အရွယ်အစားရှိသည့် ပန်းကန်များကို ကိုင်ဆောင်ထားကြပြီး အဆုတ်ကွဲမတတ်ပင်အော်ဟစ်နေကြသည်။


“ သာ့ပိုင်ရေ ရပြီလားဟေ့… ဘယ်လောက်ကြာဦးမှာလဲ…’


“ သည်လူအိုကြီးကတော့ ဘာလို့အော်နေတာလဲ….”


“ ဟုတ်သားပဲ သာ့ပိုင်ကစားဖိုမှူးလား ရှင်ကစားဖိုမှူးလားနော်…ဝက်သားနှပ်ဆိုတာက တည်ထားဖို့လိုတယ်လေ…”


“ ဘာလို့လာလောနေတာလဲ… အဆင်သင့်ဖြစ်ရင် သာ့ပိုင် ငါတို့ကိုအသိပေးမှာပေါ့…သည်လိုလိုက်လောနေတာက ဖိအားပေးနေသလို ဖြစ်မနေဘူးလား….”


အဖွားအချို့၏ ဆူပူမှုအောက်တွင် ယခုလေးတင်မှ အလောကြီးနေသော အဖိုးအချို့မှာ ပါးစပ်ပိတ်သွားကြကာ လူတန်း၏အနောက်တွင် နာနာခံခံတန်းစီနေကြသည်။ ထိုအချိန်တွင် လေထုထဲမှမွှေးရနံ့မှာ ပို၍ပင်ပြင်းထန်လာပြီးနောက် မီးဖိုချောင်အတွင်းမှ ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာသည်


 “ လူတိုင်းပဲ ဝက်သားနှပ်က အဆင်သင့်ဖြစ်ပါပြီ…”


ဝူထုံလမ်း၏လူအိုကြီးများအားလုံးကို ပြန်လည်ပို့ဆောင်လိုက်ပြီးနောက် ပိုင်ရှန်းကျစ် အဆုံး၌ ဆိုင်ထဲတွင်မိန်းကလေးတစ်ဦးရှိနေသည်ကို သတိပြုမိသွားသည်။ သူ မီးဖိုချောင်တွင်းမှ အမြန်ပြေးထွက်လာရကာ တောင်းပန်လိုက်မိသည်


 “ အားနာလိုက်တာ… အစောပိုင်းတုန်းက ကျွန်တော်အလုပ်ရှုပ်နေရလို့လေ… အခုတော့ ဟင်းမှာလို့ရပါပြီ…သည်ဟာကတော့ ကျွန်တော်တို့ဆိုင်ရဲ့မီနူးပါ…မစ္စ ဘာစားချင်လဲဆိုတာ မေးလို့ရမလားဗျ…”


သူမ အကြိုက်ဆုံးတိုက်ရိုက်ထုတ်လွှင့်သူကို အနီးကပ်ကြည့်ရင်း၊ အထူးသဖြင့် ဗီဒီယိုထဲတွင်ပေါ်လာသည်နှင့် တစ်ထပ်တည်းတူညီသော ဖြူဝင်းသောအသားအရေ၊ ထင်ရှားသောနှာခေါင်း၊ ကြယ်ပွင့်ကဲ့သို့မျက်လုံးများနှင့် သူမထံနူးညံ့စွာကြည့်နေသောအကြည့်ကြောင့် လီချိုးချိုး နှလုံးတစ်ချက်ထခုန်သွားရသည်။ သူမဘာလုပ်သင့်လဲ… သည်တိုက်ရိုက်ထုတ်လွှင့်သူက သူ့ကိုအိမ်ပြန်ခေါ်သွားချင်လာအောင် လုပ်နေတယ်လေ…


မစ္စ….


လီချိုးချိုး လက်တွေ့ဆီသို့ပြန်ရောက်လာပြီး သူမ၏ပါးပြင်ပေါ်တွင် ဖျော့တော့သောအရောင်အချို့ ပေါ်လာကာ သူမပေါ့ပေါ့ပါးပါးပြောလိုက်မိသည်


 “ ဝက် ဝက်သားနှပ်ပဲပေးပါ… ကျေးဇူးပြုပြီး…” 


နတ်ဘုရားတစ်ပါးလို မျက်နှာမျိုးနှင့် ကြုံလိုက်ရချိန်၌ သူမ မည်သည့်အရာကိုစားစား အရေးကြီးပါတော့မည်လား… သာ့ပိုင်ကိုယ်တိုင်ချက်ထားသည့်အရာဖြစ်နေသရွေ့ အလုတ်တိုင်းမှာ ပျော်ရွှင်မှုအရသာဖြစ်နေပေလိမ့်မည်။




🥘