Chapter 8
Viewers 2k

🥘Chapter 8




 “ ဝက် ဝက်သားနှပ်ပဲပေးပါ… ကျေးဇူးပြုပြီး…” 


နတ်ဘုရားတစ်ပါးလို မျက်နှာမျိုးနှင့် ကြုံလိုက်ရချိန်၌ သူမ မည်သည့်အရာကိုစားစား အရေးကြီးနိုင်တော့ပေ… သာ့ပိုင်ကိုယ်တိုင်ချက်ထားသည့်အရာဖြစ်နေသရွေ့ အလုတ်တိုင်းမှာ ပျော်ရွှင်မှုအရသာဖြစ်နေပေလိမ့်မည်။


ထိုကဲ့သို့သောအတွေးများမှာ သူမ ဝက်သားနှပ်တစ်ဖတ်ကို ကိုက်လိုက်ချိန်တွင် ပြောင်းလဲသွားခဲ့သည်။


လီချိုးချိုး၏လက်များ အလျင်အမြန်လှုပ်ရှားသွားပြီး ဝက်သားနှပ်၏ကြွယ်ဝသောမွှေးရနံ့မှာ သူမပါးစပ်အတွင်း ပြည့်နှက်သွားခဲ့သည်။ မွှေးရနံ့မှာ သူမ၏ဦးနှောက်သို့ တိုက်ရိုက်တက်သွားပြီး သူစိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။


စား… စား .. စားး


ပိုင်ရှန်းကျစ်မှ သူမ၏ဘေးတွင် ရေတစ်ခွက်ချပေးလာသော်လည်း လီချိုးချိုး တုန့်ပြန်နိုင်ခြင်းမရှိချေ။ သူမ၏နှလုံးသား၊ မျက်လုံးနှင့်ပါးစပ်ထဲတွင် ဝက်သားနှပ်တစ်ခုတည်းဖြင့်သာ ပြည့်နှက်နေခဲ့သည်။ တစ်ခုတည်းသော ဝက်သားနှပ်ပင်။


သာ့ပိုင်အတွက်မူ မည်သူနည်း… ထိုသူမှာ သူမ၏ဝက်သားနှပ်နှင့်ယှဉ်လိုက်ပါက အရေးကြီးနိုင်မည်လော…


အိမ်ပြန်မရောက်ခင်အထိ ဝက်သားနှပ်၏အရသာမှာ သူမပါးစပ်ထဲတွင် ကျန်ရစ်နေသေးသည်။ တက်တက်ကြွကြွဖြင့် ဖုန်းကိုဖွင့်ကာ သာ့ပိုင်၏ဖန်များဆီသို့ အကြံပြုလိုက်ချင်သော်လည်း သာ့ပိုင်၏အဓိကစာမျက်နှာတွင် ဗီဒီယိုအနည်းငယ်သာရှိသည်ကို တွေ့ရှိသွားခဲ့သည်။ ထို့အတွက်ကြောင့် သူမ သာ့ပိုင်၏နောက်ဆုံးတင်ထားသော ဗီဒီယိုတွင်သာ ကပျာကယာကွန်မန့်ရေးလိုက်ရသည်။


[ ဆောင်းဦးချိုးချိုး ] : အားးးး ဒီနေ့ ငါသာ့ပိုင်ရဲ့ သုံးထောင်စားတော်ဆက်စီရောက်ခဲ့တယ်။ သာ့ပိုင်ကိုယ်တိုင်ချက်ထားတဲ့ ဝက်သားနှပ်ကအရမ်းအရသာရှိတာပဲ။ အခုထိတောင် ပါးစပ်ထဲမှာ အရသာစွဲကျန်ရစ်နေသေးတာ။ တကယ်ကိုမွှေးတာ။ ပြီးတော့ သာ့ပိုင်ကလည်း အရမ်းချောတာပဲ။ အရမ်းကိုချောတာ။ တိုက်ရိုက်ထုတ်လွှင့်မှုထဲကထက်ကို ပိုကြည့်ကောင်းသေးတယ်။ အားးးးး ငါကြိုက်တယ် ကြိုက်တယ်။


အားလပ်ချိန်အနည်းငယ်ရလာသော ပိုင်ရှန်းကျစ် ဖုန်းကိုဖွင့်လိုက်ချိန်တွင် ထိုမန့်ကိုမြင်လိုက်ရသည်။ အတွေးတစ်ခုနှင့်အတူ ယနေ့လာခဲ့သည့် ပန်းပွင့်ဂါဝန်နှင့်မိန်းကလေးမှာ ဆောင်းဦးချိုးချိုးဖြစ်သည်ကို သဘောပေါက်သွားသောကြောင့် စာပြန်လိုက်သည်


 “ လာအားပေးလို့ ကျေးဇူးပါနော်…နောက်လည်းထပ်လာခဲ့ပါဦး…”


ပြန်စာကိုကြည့်ကာ ဖုန်းကိုဖက်ထားလျက် လီချိုးချိုး အိပ်ရာပေါ်တွင်လဲနေရင်းမှ “ အားးး “ ဟုထအော်လိုက်မိသည်။ တံခါးအပြင်ဘက်မှ သူမ၏မိခင်သည်ပင် “ ချိုးချိုး ဘာဖြစ်တာလဲ…”ဟူ၍ လှမ်းမေးလာရသည်။


လီချိုးချိုး : “ ဘာမှမဖြစ်ပါဘူး…”


****


ယုန်သားရဲကလန်မှသူတစ်ဦးအနေဖြင့် တုလင်းလင်းထံတွင်လည်း အခြားသောယုန်သားရဲကလန်အဖွဲ့ဝင်များတွင် အများဆုံးရှိတတ်သော မဝံ့မရဲဖြစ်သည့် ပြဿနာရှိနေခဲ့သည်။ ထို့အပြင် သူ့ထံတွင်ရှိသည့်ပြဿနာမှာ အခြားသူထက်များပင် ပိုနေသေးသည်။ လူစိမ်းများနှင့် ဆက်ဆံရသည်ကို တုလင်းလင်း ကြောက်တတ်ပြီး လူအုပ်ကြီးကိုမြင်သည်နှင့် ထိတ်လန့်လာရသည်။ မသိသည့်လူများကို စကားပြောရာတွင် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတတ်ပြီး တစ်ခါထစ်သွားသည်နှင့် လူစိမ်းများရှေ့တွင် စကားပြောရခြင်းကို ပို၍‌တွန့်ဆုတ်သွားတတ်သည်။


ထို့အတွက်ကြောင့် သူ၏မိဘများချန်ရစ်ခဲ့သည့် ခြံဝင်းငယ်လေးထဲတွင်သာ မုန်လာဥနီများစိုက်ပျိုးခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ဖြင့် နေနေခဲ့သည်။


သို့သော်လည်း လွန်ခဲ့သောနှစ်ရက်အတွင်း တုလင်းလင်း အလွန်အမင်းစိတ်ပူပန်နေခဲ့ရသည်။ ရက်အနည်းအကြာက သူဒေါသအလျောက် အွန်လိုင်းပေါ်ရှိ ထုံထုံဝဘ်ဆိုဒ်မှလူတစ်‌ယောက်နှင့် သုံးထောင်စားတော်ဆက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြမည်ဟု ချိန်းဆိုမိခဲ့သည်။ အချိန်ကြာလာသည်နှင့် ပို၍များလာသောလူများမှာ သူ၏ပို့စ်ကို သတိပြုမိလာကြပြီး ၎င်းမှာ သူ၏တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုမည့်လူပိုများလာမည်ဟု ဆိုလိုနေကာ လူအများကြီးရှေ့တွင် ပေါ်လာရမည်ကို တွေးကြည့်မိရုံနှင့်ပင် တုလင်းလင်း၏ခြေထောက်မှာ ပျော့ခွေလာကာ လက်တွင်ချွေးရွှဲလာရသည်။


အင်တာနက်သူငယ်ချင်းများအားလုံး ထိုအရေးကို မေ့ပျောက်သွားကြစေဟု သူမျှော်လင့်မိပြီး တုလင်းလင်း ဤအကြောင်းကို နေ့တိုင်းတွေးနေမိခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ကိစ္စများမှာ သူမျှော်လင့်ထားသည်အတိုင်း ဖြစ်မလာခဲ့ချေ။ အချိန်ကျလာသည့်နေ့တွင် ပို့စ်ကိုဖွင့်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူများမှာ မန့်ပေါင်းမြောက်များစွာကို မြင်လိုက်ရသည်။


[ အလိမ်ဖော်မဲ့ကျားသစ်အစ်ကိုကြီး ] : ယုန်ကလေး ယုန်ကလေး တိုက်ရိုက်ထုတ်လွှင့်မှုက ဘယ်တော့စ‌မှာလဲ။ ဒါမှမဟုတ် လိမ်ပြေးသွားပြီလားနော်။


[ ဝက်ဝံကလန်ရဲ့ တရားမျှတမှုအလင်းရောင် ] : ငါတော့ဖြစ်နိုင်တယ်လို့ထင်တယ်။ ပြောစမ်းပါ ဘယ်သူကများ သုံးထောင်စားတော်ဆက်မှာ ပထမတစ်ကြိမ်စားပြီးတာနဲ့ နောက်တစ်ခေါက်ထပ်စားနိုင်မှာမလို့လဲ။ ယုန်ကလေးက သေချာပေါက်ထွက်ပြေးသွားတာနေမှာ။


[ ပင်လယ်ထဲကရေသူမ ] : ဟားဟား ပွဲကောင်းကောင်းကြည့်ရပြီလို့ ထင်ထားခဲ့ပေမယ့် ယုန်ကလေးက သည်လောက်သတ္တိကြောင်မယ်ဆိုတာကိုတော့ မျှော်လင့်မထားခဲ့ဘူး။ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။


[ အစွယ်ကလန်ရဲ့ဂုဏ်သိက္ခာကို ထောက်ခံအားပေးနေမယ် ] : လုံလောက်ပြီနော် အတည်ပြုပြီးပြီ။ လူတွေနဲ့အလောင်းအစားလုပ်တဲ့အချိန်မှာ အစွယ်ကလန်ကို ထပ်ပြီးပြောမနေနဲ့တော့။ အသိသာကြီးကို ယုန်ကလန်က ယုံလို့မရတာပဲ။


သူ၏စက်မှတဆင့် မန့်များမှာ သူ့မျက်နှာထံ အလင်းပြန်နေခဲ့သည်။ တုလင်းလင်း အံကိုသာကြိတ်ကာ ပြန်ရေးလိုက်ရသည်


 “ အခုသွားနေပါပြီနော်…သုံးထောင်စားတော်ဆက်ကိုရောက်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့လင့်ကို တင်ပေးမှာပါ…”


သူသည်ကြောက်တတ်ပြီး မဝံ့မရဲဖြစ်နေသော်ငြား သူ၏အပြုအမူကြောင့် ယုန်သားရဲကလန်၏နာမည်ကို အစွန်းအထင်းဖြစ်ခွင့်မပေးနိုင်ချေ။ တုလင်းလင်း စက်ကိုကောက်ကာ ပိုက်ဆံအချို့ယူ၍ သုံးထောင်စားတော်ဆက်စီသို့ တည့်တည့်ဦး‌တည်ထွက်လာခဲ့သည်။


“ ဆိုင် ဆိုင်ရှင် ကျွန် ကျွန်တော့်ကို ဝက်သားနဲ့ ဂေါ် ဂေါ်ဖီတစ်ပွဲလောက် ပေးလို့ ရ ရမလား…” တုလင်းလင်း အထစ်ထစ်အငေါ့အငေါ့ဖြစ်နေရသည်။


ရင်းနှီးနေသည့်အသံကြောင့် ပိုင်ရှန်းကျစ် လှမ်းကြည့်လိုက်ရာ ရင်းနှီးနေသည့်ယုန်နားရွက်ဖြူများကို မြင်လိုက်ရသောကြောင့် တောက်ပစွာပြုံးလျက် ပြောလိုက်သည်


 “ ဟုတ်ပြီ ဟုတ်ပြီ မင်းပြန်လာရဲသေးတယ်လား ဟမ်…”


အရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ပိုင်ရှန်းကျစ် ယုန်နားရွက်နှင့်လူငယ်လေး၏လက်ကိုဆွဲကာ တင်းမာစွာပြောလိုက်သည် “ ကောင်ငယ်လေး ဟင်းပွဲအတွက် မင်းအကြွေးတင်နေတဲ့ ယွမ်လေးဆယ်အရင်ပြန်ဆပ်ဦး…”


ယုန်နားရွက်နှင့်လူငယ်လေးမှာ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသည်။ သူ၏မျက်လုံးများချက်ချင်းဆိုသလို နီရဲလာပြီး မျက်ရည်များစီးကျလာကာ ပိုင်ရှန်းကျစ်ကိုကြည့်၍ ငိုသံပါပါနှင့်ပြောလာသည် 


“ ကျ ကျွန်တော် ပိုက်ဆံ ပေးပြီးပြီလေ…”


ဖောက်ထွင်းမြင်ရသည့် ဒင်္ဂါးလေးပြားမှာ စားပွဲပေါ်တွင် ဖတ်ခနဲအသံကျယ်ကြီးနှင့်အတူ ရိုက်ချခံလိုက်ရပြီး ပိုင်ရှန်းကျစ် ကျယ်လောင်စွာရယ်လျက် ပြောလိုက်သည်


 “ တရုတ်ယွမ်ငွေကိုပြောတာ…ဂိမ်းကဒင်္ဂါးတွေမဟုတ်ဘူး ..”


ယုန်နားရွက်နှင့်လူငယ်လေးမှာ နစ်နာမှုများအပြည့်နှင့် ငိုကြွေးလာသည်


 “ ဒါ ဒါပေမယ့် ကျွန်တော့်မှာ သားရဲဒင်္ဂါးတွေပဲ ရှိ ရှိတာလေ…တခြားငွေ မ မရှိတော့ဘူး… သုံးထောင်စားတော်ဆက်မှာက ငွေလဲတဲ့စက် စက် မ မရှိဘူးလား…ကျ ကျွန်တော်သွားပြီး လဲ လဲလိုက်မယ်…”


ပိုင်ရှန်းကျစ် အနည်းငယ်ကြောင်အသွားရသည်။ သူ ယုန်နားရွက်နှင့်လူငယ်လေးထံ ‌ကျသင့်ငွေသာ တောင်းခံ‌ခဲ့ပေမယ့် ငိုသွားစေခြင်းနှင့် အဆုံးသတ်သွားသည်လား။


ယုန်နားရွက်နှင့်လူငယ်လေးကို အမြန်ပြန်လွှတ်ပေးလိုက်ရင်း ပိုင်ရှန်းကျစ် အနည်းငယ်ရှက်ရွံ့သွားရပြီး တောင့်တင်းနေသည့်လူငယ်လေးမှ စားပွဲပေါ်ရှိ ဒင်္ဂါးလေးပြားကိုကောက်ယူလိုက်ကာ သုံးထောင်စားတော်ဆက်၏အဝင်ဝစီသို့ လျှောက်သွားသည်ကိုသာ ကြည့်နေမိသည်။ ထိုသူမှ လက်ကိုဆန့်ကာ လိပ်တံခါး၏ညာဘက်ရှိ အဖြူရောင်နံရံကိုထိလိုက်ချိန်၌ ချက်ချင်းဆိုသလို အပြာရောင်မျက်နှာပြင်တစ်ခု ပေါ်ထွက်လာပြီး ကောက်ကွေးနေသောစာလုံးအနည်းငယ်ဖြင့် ယာယီ‌ဘဏ်ငွေလဲလှယ်စက် - သုံးထောင်စားတော်ဆက်ဆိုင်ခွဲ ဟူသောစာတန်းပေါ်လာသည်။


ပိုင်ရှန်းကျစ် : ????


ဘာလို့သူ့ဆိုင်မှာ ရုတ်တရက်ကြီးပေါ်လာရတာလဲ…


ထို့ထက်ပိုသည်မှာ အဆိုပါကောက်ကွေးနေသည့်စာများသည် သူကလေးဘဝက သူနှင့်သူ့ဦးလေးအကြားရှိ ထူးခြားသောဆက်သွယ်ခြင်း မဟုတ်ပါ၏လော။ အဘယ့်ကြောင့် ဤနေရာတွင်ပေါ်လာခဲ့ပြီး အဘယ်ကြောင့် ထိုစာများ‌ကိုပြနေရသည်နည်း။


ထိုအချိန်အတွင်း ယုန်နားရွက်နှင့်လူငယ်လေးမှ ပြန်လှည့်လာကာ တုန်တုန်ယင်ယင်ဖြင့် မေးလာသည်


 “ ဘယ် ဘယ်နိုင်ငံငွေကြေးနဲ့ လို လိုချင်တာလဲ…”


အတွေးလွန်နေသေးသည့်ပိုင်ရှန်းကျစ်မှာ “ တရုတ်ငွေ…” ဟုသာ ပြန်ဖြေလိုက်ရသည်။


တစ်မိနစ်အကြာတွင် ယုန်နားရွက်နှင့်လူငယ်လေးမှ အမှန်တကယ်ပင် အနီရောင်တောက်တောက် မော်စီတုံးငွေလေးရွက်ကိုကိုင်ကာ ပြန်ရောက်လာသည်


 “ သည် သည်မှာ ဆိုင်ရှင်လိုချင်တဲ့ တ တရုတ်ယွမ်…”


ပိုက်ဆံကိုယူနေရင်းမှ ပိုင်ရှန်းကျစ် ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာသည်။ သူ ငွေသုံးရွက်ကိုထုတ်ကာ ယွမ် လူငယ်လေးထံပြန်ပေးလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ နောက်ထပ်ယွမ်ခြောက်ဆယ်ကို ထုတ်ယူပေးကာ ပြောလိုက်သည်


 “ သည်ဟာက ငွေအပိုပါ…ယွမ်လေးဆယ်ဆိုရင်ကို လုံလောက်နေပါပြီ…”


ယုန်နားရွက်နှင့်လူငယ်လေးမှာ သူ၏လက်ထဲမှ ငွေစာရွက်များအား လွှမ်းမိုးနိုင်စွမ်းရှိသော သို့မဟုတ် ရက်စက်သောသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြည့်နေခဲ့ပြီး သူ၏မျက်လုံးများနီရဲလာကာ အနောက်ကိုဆုတ်၍ ပြောလာသည်


 “ မ မဟုတ်တာ… မ မလိုပါဘူး… သည်ဟာက သားရဲဒင်္ဂါး လေး လေးဆယ်အတွက် လဲလှယ်ငွေပါ…”


သားရဲဒင်္ဂါးလား…


အဲ့သည့်ဖောက်ထွင်းမြင်ရတဲ့ဒင်္ဂါးတွေကလေ…


တရုတ်ယွမ်နဲ့လဲလှယ်နှုန်းက ၁:၁၀ တဲ့လား…


မရင်းနှီးသောအသုံးအနှုန်းနှင့်အတူ အစောပိုင်းတွင် ပေါ်လာခဲ့သောမျက်နှာပြင်တို့ကိုပါ ပေါင်းလိုက်သောအခါ ပိုင်ရှန်းကျစ် တစ်စုံတစ်ရာမှာလွဲချော်နေကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူပြောလိုက်မိသည်


 “ အားနာလိုက်တာ…. ကျွန်တော် အရင်တုန်းက သားရဲဒင်္ဂါးတွေကို မမြင်ဖူးလို့ပါ…သည်အတွက်ကြောင့် အထင်လွဲသွားရတယ်…တောင်းပန်ပါတယ်နော်…”


ယုန်နားရွက်နှင့်လူငယ်လေးမှ လက်ကိုအမြန်ယမ်းကာ ပြောလာသည် “ ရ ရပါတယ်… အခုခေတ်လူတွေက ငွေချေဖို့အတွက် အချိန်အာကာသဒင်္ဂါးတွေကို သုံး သုံးကြတာလေ…မမြင်ဖူးတာ မ မဆန်းပါဘူး ..”


ပိုင်ရှန်းကျစ် နူးညံ့စွာပြုံးပြလိုက်ပြီး ယခင်ရှိခဲ့သည့် ခြိမ်းခြောက်နေပုံရသည့်အရောင်အဝါကို ဖယ်ထုတ်ကာ မေးလိုက်သည် 


“ သားရဲဒင်္ဂါးတွေက အသုံးပြုခဲတယ်ဆိုတော့ မင်းကတော့ ဘာလို့သည်ဟာတွေကို ဆက်သုံးနေသေးတာလဲ…”


ပိုင်ရှန်းကျစ်မျက်နှာပေါ်မှ အပြုံးကြောင့် ယုန်နားရွက်နှင့်လူငယ်လေး၏ စိုးရိမ်မှုများကို လျော့ကျသွားစေပြီး ခေါင်းကိုငုံ့ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည် “ ကျ ကျွန်တော့်မှာ ငွေ ငွေမရှိလို့လေ…သားရဲဒင်္ဂါးတွေကို လဲ လဲခဲ့တာ…အချိန်အာကာသဒင်္ဂါးတွေရဲ့ လဲလှယ်ခက အရမ်း မြင့် မြင့်တာဆိုတော့..”


ပိုင်ရှန်းကျစ် သူ့အား ထိုမေးခွန်းမေးလာစဉ်က ဖုံးကွယ်ထားပုံရသည့် ရည်ရွယ်ချက်ရှိသော်လည်း တုလင်းလင်း က သံသယမဝင်ခဲ့ချေ။ သူ့ထံတွင် လူကြောက်တတ်သောပြဿနာရှိသော်လည်း သုံးထောင်စားတော်ဆက်၏ပိုင်ရှင်မှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်းကို သူသိနေခဲ့သည်။


အချိန်အာကာသအဖွဲ့နှင့် ရှေးခေတ်ဟောင်းသားရဲကြီးပင် မလုပ်နိုင်သော အာကာသအက်ကွဲကြောင်းအတွင်း စားသောက်ဆိုင်တစ်ဆိုင် မည်ကဲ့သို့ဖွင့်လှစ်ခဲ့ခြင်းအကြောင်းကို ထုံထုံဝဘ်ဆိုဒ်တွင် လူပေါင်းမရေတွက်နိုင်သည်အထိ ဆွေးနွေးခဲ့ဖူးသည်။ သုံးထောင်စားတော်ဆက်၏ပိုင်ရှင်မှာ နတ်ဘုရားကလန်အဖွဲ့သားတစ်ယောက် ဖြစ်ရပေမည်။ မဟုတ်ခဲ့လျှင်ပင် ထိုသူ၏နောက်ကွယ်တွင် နတ်ဘုရားကလန်တည်ရှိနေနိုင်သည်။


လောကသုံးထောင်၏ ထောင်ချီသောမျိုးနွယ်စုများအကြားတွင် နတ်ဘုရားကလန်မှာ သံသယဝင်စရာပင်မရှိအောင် အားအကောင်းဆုံးဖြစ်သည်။ ထိုသူများမှာ ကြီးမားသောခွန်အားဖြင့် မွေးဖွားလာကြပြီး အလွန်အမင်းရှည်လျားသောသက်တမ်းရှိသူများ ဖြစ်ကြသည်။ လောကသုံးထောင်အတွင်း နတ်ဘုရားကလန်သည်သာ အာကာသစွမ်းအင်ပြန်လည်ဖြည့်တင်းရန် မလိုအပ်ဘဲ ခရီးသွားလာနိုင်သည့် တစ်ခုတည်းသောမျိုးနွယ်စုဖြစ်လေသည်။


သို့သော်လည်း နတ်ဘုရားကလန်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ ထိုသူများအကြောင်း ထုံထုံဝဘ်ဆိုဒ်တွင် မည်သည့်အချက်မျှမရှိလုနီးပါးပင်။ နတ်ဘုရားဘုံသည် အာကာသအတွင်း တစ်ခုတည်းသော ခရီးမသွားလာနိုင်သည့်နေရာဖြစ်နေခြင်းကြောင့် နတ်ဘုရားကလန်အဖွဲ့ဝင်များကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံဖူးသူလည်းမရှိချေ။


ဤကဲ့သို့ဆန်းကြယ်မှုများကြောင့် နတ်ဘုရားကလန်၏တည်ရှိမှုအပေါ် သံသယဝင်သူများပင် ရှိကြသေးသည်။ နတ်ဘုရားကလန်နှင့် နဂါးကလန်တို့၏ မျိုးနွယ်မတူသော ထိမ်းမြားမှုအကြောင်း ပေါ်လာချိန်မှသာ ထုံထုံဝဘ်ဆိုဒ်ပေါ်တွင် ကြီးမားသောသတင်းပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားရပြီး အဆုံး၌ နတ်ဘုရားကလန်မှာ ထောင်ချီသောမျိုးနွယ်စုများ၏ မြင်ကွင်းရှေ့သို့ ရောက်လာခဲ့သည်။


နတ်ဘုရားကလန်သားတစ်ဦးကို ထုံထုံဝဘ်ဆိုဒ်ပေါ်၌ မြင်တွေ့ရချိန်တွင် သူ မည်မျှအထိ ရှော့ရခဲ့သည်ကို တုလင်းလင်း ဝိုးတဝါးမှတ်မိနေသေးသည်။ ထိုသူ၏ ကြယ်ရောင်ကဲ့သို့တောက်ပနေသော ငွေမှင်ရောင်ဆံနွယ်များ၊ လျစ်လျူရှုတတ်ပြီး အလှမ်းဝေးပုံရသောမျက်လုံးများနှင့် အခြားသောမျိုးနွယ်စုအားလုံးကို ဖိနှိပ်ထားနိုင်သော မျက်နှာပြင်ပေါ်ကပင် ခံစားနိုင်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကြီးသော ကိုယ်ရောင်ကိုယ်ဝါ….


တုလင်းလင်း သူ၏အရှေ့မှ ဆိုင်ရှင်ကိုတိတ်တခိုးကြည့်နေမိသည်။ ယခင်ဆိုင်ရှင်မှာ သူ၏မျက်နှာကို မည်သည့်အချိန်ကမှ ထုတ်ဖော်ပြသခြင်းမရှိခဲ့ချေ။ လက်ရှိဆိုင်ရှင်မှာ သူ၏မျက်နှာကို ထုတ်ဖော်ပြသထားခဲ့သော်လည်း နတ်ဘုရားကလန်၏ ဖိနှိပ်နိုင်စွမ်းရှိသော ကိုယ်ရောင်ကိုယ်ဝါမျိုး လုံးလုံးပင် ရှိမနေခဲ့ပေ။ သို့သော် ထိုသူမှာ နတ်ဘုရားကလန်မှ ပို့လွှတ်လိုက်သည့်လူတစ်ယောက် ဖြစ်နိုင်ပေသည်။


ပိုင်ရှန်းကျစ် တုလင်းလင်း‌တွေးနေသည့်အကြောင်းကို မသိနေခဲ့သော်လည်း မေးခွန်းမေးရင်းဖြင့် အချို့သောအချက်အလက်များကို စစ်ထုတ်နိုင်ခဲ့သည်။


ထိုအချိန်မှသာ ဦးလေးဖြစ်သူ၏စာထဲတွင် ပြောထားခဲ့သော ထူးဆန်းသည့်ဝယ်သူများမှာ သူ၏ရှေ့မှ ယုန်နားရွက်နှင့်လူငယ်လေးကဲ့သို့သော ဆင်တူသည့်တည်ရှိမှုမျိုး ဖြစ်နိုင်ကြောင်း သတိထားမိလိုက်သည်။ ဤအကြောင်း သူမသိနေခဲ့သည့်အချက်ကို ထုတ်ဖော်မိခြင်းအား ရှောင်ရှားရန်အတွက် ပိုင်ရှန်းကျစ် ဆက်မမေးတော့ချေ။ ယုန်နားရွက်နှင့်ကောင်လေးကိုသာကြည့်ကာ သွားပေါ်သည်အထိပြုံးပြလိုက်ပြီး ပြောလိုက်သည်


 “ အစောပိုင်းကတည်းက မမေးမိလို့တောင်းပန်ပါတယ်…ဒါပေမယ့် သည်တစ်ခေါက် သုံးထောင်စားတော်ဆက်မှာ အထူးတလည်လုပ်ချင်တဲ့အရာများ ရှိမလားမသိဘူး…”


တုလင်းလင်းမှ ရှက်ရွံ့နေသောအမူအယာဖြင့် ခေါင်းကိုငုံ့ကာ ပြောလာသည် “ ကျ ကျွန်တော် သည်မှာ တိုက်ရိုက်ထုတ်လွှင့်မှု လုပ် လုပ်ချင်လို့ပါ…”


“ တိုက်ရိုက်ထုတ်လွင့်မှုလား…” ရင်းနှီးလှသော အသုံးအနှုန်းကြောင့် ပိုင်ရှန်းကျစ် အနည်းငယ်အံ့အားသင့်သွားရသည်။


တုလင်းလင်းမှ နူးညံ့စွာဖြေလာသည် “ အရင် တစ် တစ်ခေါက် သည်မှာစား စားခဲ့တုန်းက အရသာရှိခဲ့တယ်လေ…ကျွန်တော် ထုံထုံဝဘ်ဆိုဒ်မှာ တင် တင်ခဲ့ပေမယ့် ဘယ်သူကမှ မယုံ ယုံကြဘူး…ယုံဖို့အတွက် တိုက် တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ ပြော ပြောခဲ့ကြတာ…”


“ ကျွန်တော်သိပြီ… အဆင်ပြေပါတယ်… အားမနာပဲနဲ့ လွတ်လွတ်လပ်လပ်လုပ်ပါ…” 


ပိုင်ရှန်းကျစ် အမှန်တကယ်ပင်စိတ်မရှိနေချေ။ သူ၏စားသုံးသူမှာ ထူးဆန်းနေသော်ငြားလည်း ကျသင့်ငွေပေးနေသရွေ့ များလေကောင်းလေသာဖြစ်သည်။ သားရဲဒင်္ဂါးနှင့် တရုတ်ယွမ်တို့၏ ငွေလဲလှယ်နှုန်းမှာ ၁:၁၀ ဖြစ်နေသည်ကိုမဆိုထားနှင့် ထိုသူပြောနေသည့် အချိန်အာကာသဒင်္ဂါးဆိုပါက မည်မျှပင်ဖြစ်နေပါမည်နည်း။


ဆိုင်ရှင်၏ခွင့်ပြုချက်ဖြင့် တုလင်းလင်း တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ သူ၏မျက်နှာကို မပြချင်သည့်အတွက်ကြောင့် ကင်မရာအား သုံးထောင်စားတော်ဆက်၏ ဆိုင်အတွင်းမြင်ကွင်းဘက်သို့လှည့်လိုက်ကာ နူးညံ့စွာနှုတ်ဆက်လိုက်သည် 


“ သည် သည်ဟာ သုံးထောင်စားတော်ဆက်ပါ…”


ကင်မရာမှ ပိုင်ရှန်းကျစ်ဘက်သို့ လှည့်လာသည်နှင့် သူချက်ချင်းဆိုသလိုပြုံးကာ ကင်မရာဘက်သို့ လက်ယမ်းနှုတ်ဆက်လိုက်သည် “ အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ သုံးထောင်စားတော်ဆက်ရဲ့ ဆိုင်ရှင်အသစ်ပါ … ဝက်သားနှပ်တို့ ဝက်သားဂေါ်ဖီအစာသွပ်လိပ်တို့ ဥထမင်းကြော်တို့လိုမျိုး ဟင်းလျာအသစ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်… မင်းတို့အားလုံး သုံးထောင်စားတော်ဆက်ဆီလာပြီး မြည်းစမ်းကြည့်ဖို့အတွက် ဖိတ်ခေါ်ပါတယ်နော်…”


ကင်မရာအရှေ့တွင် သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးနောက် ပိုင်ရှန်းကျစ် ယုန်နားရွက်နှင့်လူငယ်လေးဘက်သို့လှည့်ကာ မေးလိုက်သည် 


“ ဖောက်သည် သည်ကနေ့အတွက် ဘာသုံးဆောင်ချင်ပါသလဲ…”


ပိုင်ရှန်းကျစ်၏အစပျိုးမှုကြောင့် တုလင်းလင်း စိတ်သက်သာရာရသွားခဲ့ကာ ခပ်တိုးတိုးပြောလိုက်မိသည် “ ဝက်သားနဲ့ ဂေါ် ဂေါ်ဖီ…”


ပိုင်ရှန်းကျစ် ပြုံးလျက် ပြန်ဖြေလိုက်သည် “ ကောင်းပြီ ဝက်သားဂေါ်ဖီမွှေကြော်ကတော့ မီနူးထဲက ဖယ်ထားတယ်ရယ်…ဝက်သားဂေါ်ဖီအစာသွပ်လိပ်တော့ရှိတယ်… သည်လိုဆိုရင်ကော အဆင်ပြေမလားဗျ…”


ဝက်သားဂေါ်ဖီကြော်မရှိတော့ဘူးလား…ဒါပေမယ့် သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက ဝက်သားဂေါ်ဖီကြော်အတွက် အထူးတလည်စားပြဖို့လေ…


တုလင်းလင်း ခဏကြာသည်အထိ တုန့်ဆိုင်းနေခဲ့သည်။ ထို့နောက်တွင်မှ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မန့်များကိုသတိပြုမိသွားသည်။


[ ၆၆၆သိုး ] : သုံးထောင်စားတော်ဆက်က ပိုင်ရှင်ပြောင်းသွားပြီလား။ အရမ်းချောတာပဲနော်။


[ ပင်လယ်ထဲကရေသူမ ] : ဝက်သားနှပ်ကဘာလဲ။ ဥထမင်းကြော်ကကောဘာလဲ။ အားလုံးက ဝက်သားနဲ့ဂေါ်ဖီဟင်းတွေပဲလေ။ ဝက်သားဂေါ်ဖီကြော်ဖြစ်ဖြစ် ဝက်သားဂေါ်ဖီအစာသွပ်ဖြစ်ဖြစ် ဘာကွာမှာမလို့လဲ။


[ ဝက်ဝံကလန်ရဲ့ တရားမျှတမှုအလင်းရောင် ] : ကြည့်ရတာ ပိုပြီးအရည်အသွေးမြင့်မဲ့ပုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့လဲ အတူတူပါပဲလေ။ ယုန်ကလေး သည်အတိုင်းသာ သဘောတူလိုက်စမ်းပါ။


[ ပုရွက်ဆိတ်ကြိတ်သူ ] : ဟုတ်သားပဲ ယုန်ကလေး နှစ်ယောက်စာမှာဖို့သတိရဦးနော် ဟားဟားဟား။


[ တိတ်ဆိတ်တဲ့သစ်ပင်ငယ်လေး ] : ငါဘာတွေ့လာလဲဆိုတာ ကြည့်ကြပါဦး။ တစ်စုံတစ်ယောက်က သုံးထောင်စားတော်ဆက်မှာ ဝက်သားနဲ့ဂေါ်ဖီစားပြတာကို တိုက်ရိုက်ထုတ်လွှင့်နေတယ်တဲ့။ လူတွေက တကယ်ကြီးကို ရေပန်းစားတဲ့ခေါင်းစီးရဖို့ ကိုယ့်ကိုကိုယ်စွန့်လွှတ်နေကြတာလားဟေ့။


[ ကြမ်းတမ်းတဲ့ဆင်ကြီး ] : တက်ဆက်သူရေ မြန်မြန်လေးမှာလိုက်တော့နော်။ မင်း ဝက်သားဂေါ်ဖီစားပြတာကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး။ မြန်မြန် မြန်မြန်။ ဘာများကွာတာမလို့လဲ ဘယ်လိုနေနေ ဝက်သားနဲ့ဂေါ်ဖီပဲဟာ။


တုလင်းလင်း အကြည့်ကိုပြန်ခွာလိုက်ပြီး နူးညံ့စွာခေါင်းညိတ်ပြလိုက်သည် “ ဟုတ်ကဲ့ အဆင်ပြေပါတယ်…သည်လိုဆို ကျ ကျွန်တော့်ကို ကျေး ကျေးဇူးပြုပြီး ဝက်သားဂေါ်ဖီအစာသွပ်လိပ် နှစ်‌ နှစ်ယောက်စာ ပေးပါ…”


ပိုင်ရှန်းကျစ် ကျွမ်းကျင်စွာပြုံးပြလိုက်ပြီး “ ကောင်းပါပြီ… ခဏတော့စောင့်ပေးပါ…” ဟုပြောလိုက်သည်။


မီးဖိုချောင်တွင်းသို့ မဝင်မီ ပိုင်ရှန်းကျစ် ရုတ်တရက်ရပ်တန့်သွားပြီး ယုန်နားရွက်နှင့်လူငယ်လေးကိုကြည့်ကာ အကြံပြုလိုက်သည်


 “ ဖောက်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို မီးဖိုချောင်ထဲမှာလည်း လုပ်လို့ရတယ်နော်… လူတိုင်းလည်း သုံးထောင်စားတော်ဆက်ရဲ့ မီးဖိုချောင်က ဘယ်လိုဆိုတာမျိုးကို သိချင်နေကြမယ်ထင်တယ်…”


တုလင်းလင်း၏မျက်လုံးများတောက်ပသွားခဲ့သည်။ သူ စောင့်ဆိုင်းရမည့်အချိန်ကို မည်ကဲ့သိုဖြုန်းတီးရမည်ကို စဉ်းစားနေရင်းဖြင့် မေးလိုက်မိသည် 


“ တ တကယ်ပဲ လုပ် လုပ်လို့ရတယ်လား…”


ပိုင်ရှန်းကျစ် ပြုံးပြလိုက်သည် “ ရတာပေါ့..”


ထိုစကားကိုကြားလိုက်ရချိန်၌ တုလင်းလင်း၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများသည်လည်း ပေါက်ကွဲသွားကြသည်။


[ အားအားအားအား… ငါ့ရဲ့သွားတွေတောင် ကြိတ်ချေမိစေတဲ့ သုံးထောင်စားတော်ဆက်ရဲ့မီးဖိုချောင်လား…နောက်ဆုံးတော့ တွေ့ရတော့မှာပေါ့နော်…]


[ မီးဖိုချောင်…. မီးဖိုချောင်….]


[ ဝက်သားဂေါ်ဖီမွှေကြော်လုပ်တဲ့နေရာလား… ငါလာပြီဟေ့…]


[ သေချာပေါက်ကို မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ငါ့ကိုခုနစ်ရက်လောက် ဘာမှမစားနိုင်ဖြစ်သွားစေတဲ့ ဝက်သားဂေါ်ဖီမွှေကြော်ဘယ်လိုလုပ်လဲဆိုတာ ကြည့်ဦးမယ်….]


[ ပန်းလေးတစ်ပွင့်ပို့လိုက်ပါတယ်…တင်ဆက်သူရေ လမ်းတစ်ဝက်နဲ့နောက်မဆုတ်ရဘူးနော်…ဝက်သားဂေါ်ဖီမွှေကြော် ဘယ်လိုချက်ရလဲဆိုတဲ့ လုပ်ငန်းစဉ်အစအဆုံးကို ငါမြင်ချင်တယ်….]



🥘