Chapter 9
Viewers 2k

🥘Chapter 9




#တစ်စုံတစ်ယောက်က သုံးထောင်စားတော်ဆက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတယ်တဲ့


မတူညီသောမျိုးနွယ်စုများမှ လူတိုင်းမှာ အွန်လိုင်းပေါ်တွင် ထိုစာကိုမြင်လိုက်သည်နှင့် အော်ဟစ်လာကြသည်။


[ သုံးထောင်စားတော်ဆက်လား… အဲ့သည့်ဟာက ငါတွေးနေတဲ့သုံးထောင်စားတော်ဆက်လားဟေ…]


[ အစားအသောက်အကြောင်းတိုက်ရိုက်ထုတ်လွှင့်တာမဟုတ်ဘဲ အနက်ရောင်အချက်အပြုတ်အကြောင်းမဟုတ်ဘူးဆိုတာ သေချာလို့လား…]


[ ငါအခုလေးတင် တိုက်ရိုက်ထုတ်လွှင့်နေတဲ့အခန်းက ထွက်လာခဲ့တာ… တကယ့်ကိုသုံးထောင်စားတော်ဆက်ပဲ…တင်ဆက်သူက ဝက်သားဂေါ်ဖီကို နှစ်ယောက်စာတောင် မှာလိုက်သေးတယ်…. ပျော်ချင်တဲ့သူတွေ မြန်မြန်လာကြတော့…]


[ နှစ်ယောက်စာတောင်….ရပြီ ရပြီ ငါအခုပဲပြေးသွားတော့မယ်… ငါလေးတော့ တင်ဆက်သူကိုလေးစားနေပါပြီနော်…]


[ လေးစားတယ်… တင်ဆက်သူက သန်မာတဲ့တစ်ယောက်ပဲဟ…]


[ ဟားဟားဟား အတန်းရှင်းရှာနေတာပါကွာ… လူတိုင်းကမျက်လုံးတွေဖွင့်ပြီးကြည့်သင့်တယ်…ဘယ်သူကများ သုံးထောင်စားတော်ဆက်ရဲ့ ဝက်သားနဲ့ဂေါ်ဖီအရသာဘယ်လိုဆိုတာ မသိကြလို့လဲ…တကယ်ကြီးကို တိုက်ရိုက်ထုတ်လွှင့်ပြဖို့လိုသေးလို့လား… ရယ်ရတယ်…သည်လူက သုံးထောင်စားတော်ဆက်ကိုအသုံးချပြီး သူ့အတွက်ကြည့်ရှုသူတိုးလာဖို့ သုံးနေတာပဲ…လူတိုင်း အရူးလုပ်ခံမနေကြနဲ့တော့…]


[ အတိအကျပဲ… ဘယ်သူကများ သုံးထောင်စားတော်ဆက်ရဲ့ဟင်းအရသာ ဘယ်လိုနေတယ်ဆိုတာ မသိကြလို့လဲ…ငါတို့တွေအစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လိုအပ်နေတာလား…#မြေခွေးလေးရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်း : အချိန်လဟိုတယ်မှာ အဆင့်မြင့်မီနူးအစုံလိုက်ကို ထုတ်ဖော်ပြမယ်…. # တကယ့်အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုအစစ်နော်…စတောင်စနေပြီ မြန်မြန်သွားကြတော့…]


[ အချိန်လဟိုတယ်…အဲ့သည့်ဟာက နေ့တိုင်းလိုလို အဆင့်မြင့်မီနူးအစုံလိုက်ကို ခဏလေးနဲ့ရောင်းထွက်သွားတဲ့နေရာမဟုတ်ဘူးလား…ငါတော့လာနေပြီဟေ့…]


[ ဝူးဝူးဝူး အရသာမခံနိုင်ဘူးဆိုပေမယ့် ကြည့်တော့ကြည့်ရမယ်… အဆင့်မြင့်မီနူးအစုံလိုက်လေးရေ ငါလာနေပြီနော်…]


ထုံထုံကွန်ယက်ပေါ်တွင် အချိန်လဟိုတယ်၏ အဆင့်မြင့်မီနူးအစုံလိုက် တိုက်ရိုက်ထုတ်လွှင့်မှုသတင်းများမှာ ဆက်တိုက်ဆိုသလို ပြန့်ကြဲနေခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သုံးထောင်စားတော်ဆက်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖုံးအုပ်သွားခဲ့ပြီး သုံးထောင်စားတော်ဆက်၏တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကွန်ယက်ပေါ်မှပျောက်ကွယ်သွားရသည်။


မည်သို့ပင်ဆိုစေကာမူ ယုန်ကလေး၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်ဝင်ရောက်နေကြသူတစ်စုလည်း ရှိနေပါသေးသည်။ တရိပ်ရိပ်တိုးလာသည့် ကြည့်ရှုသူဦးရေကြောင့် တုလင်းလင်း၏လူကြောက်တတ်ခြင်းမှာ သူ့အားလွှမ်းမိုးနိုင်တော့မလိုဖြစ်နေသော်လည်း ကံကောင်းစွာဖြင့် ကင်မရာမှာ သူ့အပေါ်ကျရောက်နေခြင်းမဟုတ်ချေ။ မဟုတ်ပါက တုလင်းလင်း တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးအနေဖြင့် ပျောက်ဆုံးနေသူတစ်ဦးကဲ့သို့သာ တင်ဆက်ရပေလိမ့်မည်။


ထိုအချိန်တွင် ပိုင်ရှန်းကျစ်မှာမူ အသားလှီးရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ လှီးနေစဉ်မှာပင် ကင်မရာဆီသို့ ဆက်လက်မိတ်ဆက်ပေးနေသည် “ အသားကိုနုတ်နုတ်စင်းနေတုန်းမှာ မင်းတို့အနေနဲ့ သည်လိုအကြောမာမာတွေကို အကောင်းဆုံးအရည်အ‌သွေးကိုရဖို့အတွက် ဖယ်ထုတ်ပေးရလိမ့်မယ်….”


“ လူတိုင်းပဲ အိမ်မှာလိုက်လုပ်ကြည့်တဲ့အခါကြရင် ဂရုစိုက်ကြပါ… ဓားတွေကထက်တဲ့အတွက် မတော်တဆဆိုတာ ဖြစ်နိုင်တယ်လေ…”


လှီးနေခြင်းမှ ခဏအနားယူချိန်အတွင်း ပိုင်ရှန်းကျစ် မျက်နှာပြင်ပေါ်သို့ကြည့်လိုက်ရာ မန့်များကိုမြင်လိုက်ရသည်။


[ ဟားဟား ကိုယ်တိုင်စမ်းကြည့်တာလား….သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်အသစ်က အရမ်းတုံးအတာပဲ…]


[ နုတ်နုတ်စင်းဖို့လား… ဘာလို့ဝက်သားကိုနုတ်နုတ်စင်းရမှာလဲ…အဲ့သည့်ဟာက ဝက်သားကိုပိုပြီးနက်မှောင်အောင်လုပ်ပေးတာလား…]


[ ရပြီ ရပြီ အရင်အချိန်က သုံးထောင်စားတော်ဆက်ရဲ့ဝက်သားအတိုင်းဆိုရင် အလယ်ခေါင်ရောက်ရင် အသားကိုခံစားမိမှာပဲ…အခုတော့ နုတ်နုတ်စင်းလိုက်တယ်လား… အိုက်ယား…]


ဤထူးဆန်းသောစားသုံးသူများအကြားရှိ သုံးထောင်စားတော်ဆက်၏ရီဗျူးများမှာ ကောင်းပုံမရချေ။ ဦးလေးဖြစ်သူ၏ အချက်အပြုတ်ကို ပြန်လည်စဉ်းစားမိချိန်၌ ပိုင်ရှန်းကျစ် ၎င်းတို့ကိုနားလည်နိုင်ခဲ့သည်။


ပိုင်ရှန်းကျစ် အာရုံပြန်စိုက်လိုက်ပြီး ဟင်းချက်ရာတွင်သာ အပြည့်အဝစိတ်နှစ်ထားလိုက်သည်။


နုတ်နုတ်စင်းထားပြီးသောဝက်ဗိုက်သားကို သန့်ရှင်းသည့်ဇလုံတစ်ခုအတွင်း ထည့်ထားပြီး ဆေးထားသော ဂေါ်ဖီရိုးများကို အမျှင်များအဖြစ် အမြန်လှီးဖြတ်လိုက်ပြီး အတုံးလေးများတုံးထားလိုက်သည်။ ရေစိမ်ထားခဲ့သော ကြွက်နားရွက်မှိုများနှင့် မီးဖိုချောင်တွင်းစဝင်စဉ်ကတည်းက ရေနွေးဖျောခဲ့သည့် ရှီတာကီမှိုများကိုမူ သန့်စင်လိုက်ပြီး အတုံးလေးများအဖြစ် တုံးလိုက်သည်။


အစာအဖြစ်သုံးမည့် ဝက်သား၊ ဂေါ်ဖီအတုံးလေးများ၊ တုံးထားသည့် ကြွက်နားရွက်မှိုများနှင့် ရှီတာကဲမှိုများကို ဇလုံတစ်လုံးထဲတွင် စုထည့်ထားခဲ့သည်။ သင့်တော်သောပမာဏရှိသည့် ဆား၊ ခရုဆီနှင့် ပဲငံပြာရည်ကြည်တို့ကိုပါ ထပ်ပေါင်းထည့်ပြီး ရောမွှေလိုက်သည်။ ပိုင်ရှန်းကျစ် ကင်မရာရှေ့တွင် ပြသလိုက်သည် “ အစာသွပ်မဲ့အစာက အသင့်ဖြစ်သွားတာနဲ့ နာရီဝက်လောက်နှပ်ထားလိုက်ပါ…”


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ မှတ်ချက်ပေးလာကြသည်။


[ အရောင်က အတော်လေးလှတာပဲ…]


[ ဆိုင်ရှင်ရေ ပေါင်းထည့်လိုက်တဲ့ အနက်ရောင်အရာက ဘာလဲဟင်…]


[ အဲ့သည့်အနက်ရောင်ပုလင်းနှစ်ပုလင်းက သုံးထောင်စားတော်ဆက်က ထူးဆန်းတဲ့ဝက်သားဂေါ်ဖီချက်တဲ့ လျှို့ဝှက်ချက်များဖြစ်နေမလားနော်…]


ပိုင်ရှန်းကျစ် အိုးထဲသို့ရေထည့်တော့မည်အပြုတွင် ခလုတ်တိုက်သွားခဲ့သော်လည်း ရေသေချာလောင်းထည့်နိုင်လိုက်ပြီး မီးညှိလိုက်သည်။ ထို့နောက် ပဲငံပြာရည်အကြည်ပုလင်းနှင့် ခရုဆီပုလင်းတို့ကိုကိုင်ကာ ပြောလိုက်သည် “ သည်ဟာတွေက ပုံမှန်ဟင်းခတ်ပါပဲ…တစ်ခုက ပိုလေးတဲ့အရသာကိုမြင့်တင်ပြီးတော့ တစ်ခုကတော့ အူမာမီ(Umami)အရသာကို ပေါင်းထည့်ပေးတယ်…”


အင်တာနက်အသုံးပြုသူများမှ မှတ်ချက်ပေးလာကြသည်။


[ ပိုလေးတဲ့အရသာလား…အူမာမီလား…သူတို့ကဘယ်လိုအရသာရှိတာလဲ… ငန်တဲ့အရသာတစ်ခုကိုတော့ ငါသိတယ်…]


[ ငါ့ကိုမပြောနဲ့နော် သည်ဆိုင်ရှင်အသစ်က စကားပြောတဲ့အခါကြ စားဖိုမှူးတစ်ယောက်နဲ့ နည်းနည်းတူသလိုပဲ…သည်ဟာက လက်တွေ့ပဲဆိုပေမယ့် သူစကားပြောတဲ့ပုံစံက အတော်လေးအထင်ကြီးချင်စရာရယ်…]


[ ပုလင်းတွေမှာရေးထားတဲ့စာကို ငါမဖတ်တတ်ဘူး… ဆိုင်ရှင်အသစ်က သည်ဟာကို တချို့နယ်‌မြေငယ်လေးတွေကနေ ယူလာတာလား..]


နယ်မြေငယ်လေး…


ပိုင်ရှန်းကျစ် မရင်းနှီးသည့်အသုံးကို သတိပြုမိသော်လည်း ပြုံးလျက် တည်ငြိမ်သောအမူအယာကိုသာ ဆက်လက်ထိန်းထားခဲ့သည် “ ဟင်းရဲ့အရသာက သည်ဟင်းခတ်အမယ်နှစ်မျိုးနဲ့တင် ရနေပါပြီ… ကျွန်တော်တိတိကျကျတော့ မပြောတတ်ဘူးရယ်…တင်ဆက်သူက ခဏနေရင် မြည်းကြည့်မှာပဲဟာ အဲ့ကျမှ‌လူတိုင်းနားလည်သွားပါလိမ့်မယ်…”


တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာ တုံ့ပြန်လာကြသည်။


[ တင်ဆက်သူလား… မင်းကတင်ဆက်သူမဟုတ်ဘူးလား ..]


[ ဝင်လာကတည်းက ဆိုင်ရှင်ကိုပဲမြင်နေရတာ တင်ဆက်သူကကော ဘယ်ရောက်နေတာလဲဟေ့…]


[ ဆိုင်ရှင်ရေ မင်းကကိုယ်ချက်တာကိုယ် မြည်းမကြည့်ဘူးမလား…]


[ မဟုတ်ဘူး တင်ဆက်သူက တကယ်တော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန် နာမည်နဲ့အင်တာနက်အသုံးပြုသူတစ်ယောက်ပဲ…အခုက သည်အတိုင်းဆိုင်ရှင်ကိုရိုက်ပြထားတာလေ…]


[ အာ.. ငါက ဆိုင်ရှင်ကိုတင်ဆက်သူလို့ထင်သွားခဲ့တာ…]


အိုးထဲရှိရေစဆူလာပြီဖြစ်သောကြောင့် ပိုင်ရှန်းကျစ် မှတ်ချက်များကို ဆက်လက်အာရုံစိုက်နိုင်ခြင်း မရှိတော့ချေ။


 ဂေါ်ဖီ၏ကျန်သောအပိုင်းများကို အိုးထဲပစ်ထည့်လိုက်ပြီး ဆားနှင့်ဆီအနည်းငယ်ထည့်ကာ ဂေါ်ဖီနူးလာသည်အထိ တည်ထားလိုက်သည်။ ထို့နောက် အိုးထဲမှထုတ်ကာ ရေစစ်ထားလိုက်သည်။


ပြီးသည်နှင့် ပိုင်ရှန်းကျစ် ကြက်သွန်ဖြူတစ်ဥကိုနွှာကာ ကြိတ်လိုက်သည်။ ကြက်သွန်မြိတ်များကိုပါ ဆေးကြောလိုက်ပြီး ခပ်သေးသေးလှီးကာ ပန်းကန်များခွဲ၍ နောက်ပိုင်းတွင် အသုံးပြုရန်ထည့်ထားလိုက်သည်။


နာရီဝက်ကြာပြီးနောက် ပိုင်ရှန်းကျစ် ကင်မရာရှေ့သို့ပြန်ရောက်လာခဲ့သည်။ နှပ်ထားသောအသားများကို ပေါင်းထားသည့်ဂေါ်ဖီရွက်များအတွင်း အစာသွပ်လိုက်ပြီး နှစ်ဆယ့်လေးလိပ်အထိ ပြုလုပ်လိုက်သည်။ အလိပ်များကို ပေါင်းအိုးထဲသို့ထည့်ကာ အဖုံးဖုံးလိုက်ပြီး ပြောပြလိုက်သည် “ မိနစ်နှစ်ဆယ်လောက်တော့ ပေါင်းထားရမယ်…”


အင်တာနက်အသုံးပြုသူများမှ မှတ်ချက်ပေးလာကြသည်။


[ တကယ်တော့ ကြော်မဲ့အစား ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပဲဟ…သည်တစ်ကြိမ်တော့ ဝက်သားကအရမ်းမမဲလောက်တော့ပါဘူး .. အရသာလည်း ပိုကောင်းလိမ့်မယ်…]


[ ပိန်းချက်ပဲ… သုံးထောင်စားတော်ဆက်မှာ စားဖူးခဲ့ဝက်သားအကြောင်းပဲ ပြန်စဉ်းစားကြည့်လိုက်စမ်းပါ…အနက်ရောင်မပြောင်းနေရင်တောင် အရသာရှိမယ်ထင်နေတာလားဟင်…]


[ အာ…]


[ အာ….]


[ ကောင်းပြီလေ ငါသည်အတိုင်းတိတ်တိတ်ကလေးနေပြီး နောက်မှ တင်ဆက်သူစားပြတာကိုပဲ ကြည့်တော့မယ်…]


မိနစ်နှစ်ဆယ်ကုန်လွန်သွားပြီး အမည်မဖော်ဆောင်နိုင်သည့်အရသာနှင့်အတူ မွှေးရနံ့မှာ မီးဖိုချောင်အတွင်း သင်းပျံ့လာသည်။ တုလင်းလင်းမှာမူ သွားရည်ပင်ယိုနေလေပြီ။ သူအနားသို့သွား၍ အနံ့ခံကြည့်ချင်မိသော်လည်း ကင်မရာရှေ့သို့ရောက်နေရသည့်အတွက် မလုပ်နိုင်ခဲ့ချေ။ သို့ဖြစ်ရာ တံခါးဝတွင်သာရပ်လျက် မှန်းဆရင်း နှာခေါင်းတရှုံ့ရှူံ့လုပ်နေရသည်။


တစ်ဖက်တွင်မူ ပိုင်ရှန်းကျစ်က ဂေါ်ဖီလိပ်များကို ပန်းကန်သုံးပန်းကန်စာခွဲထည့်လိုက်သည်။ ဖျော့တော့သောအစိမ်းရောင်နှင့် အနည်းငယ်အဝါရောင်သန်းနေသည့် ဂေါ်ဖီလိပ်များမှာ နူးညံ့နေပြီး အရည်ကြည်ဆော့မှာ တတောက်တောက်ကျနေသည်။ မျက်နှာပြင်မှတဆင့် မွှေးရနံ့ကိုမခံနိုင်‌သည့်တိုင် ထူးဆန်းစွာပင် လူတိုင်း၏စားချင်စိတ်များကို မြင့်တင်လာစေသည်။


[ ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင် ဝက်သားဂေါ်ဖီလိပ်တွေက အတော်လေးအရသာရှိမဲ့ပုံ…]


[ ငါတစ်ယောက်တည်း သည်လိုတွေးနေတာမဟုတ်ဘူးပဲ…ပြီးတော့ အခင်းအကျင်းကလည်း တကယ်ကောင်းတယ်လေ…]


[ ငါတော့ ဂေါ်ဖီကတင် သူ့ဘာသာအရသာရှိနေတာကြောင့်လို့ ထင်တာပဲ…ဆီမပါပဲပေါင်းလိုက်တာကြောင့် ဂေါ်ဖီကိုပိုပြီးအရသာရှိသယောင်ဖြစ်သွားစေတာနေမှာ…]


‌[ အဓိပ္ပါယ်ရှိတယ်…]


[ ထောက်ခံပါတယ် +၁ ]


ပိုင်ရှန်းကျစ် မန့်များကို လျစ်လျူရှုလိုက်ပြီး ဒယ်ပြားကိုအပူပေးကာ ဆီထည့်ပြီးနောက် ကြိတ်ထားသည့်ကြက်သွန်ဖြူထည့်ကာ ဆီသတ်လိုက်သည်။ ပဲနှစ်အစပ် (doubanjiang) အနည်းငယ်လည်း ထည့်လိုက်သည်။ ဆူပွက်လာသောအသံနှင့်အတူ မွှေးပျံ့ပြီးစပ်ရှသောရနံ့မှာ လေထဲတွင် ပျံ့နှံ့လာပြီဖြစ်သည်။ ပိုင်ရှန်းကျစ်အတွက် အဆင်ပြေခဲ့သော်လည်း တုလင်းလင်းမှာမူ ထိုကဲ့သို့သောရနံမျိုးကို တစ်ခါမှမရခဲ့ဖူးလေရာ မနေနိုင်ဘဲ နှာချေမိသွားသည်။ ထို့နောက် ပိုင်ရှန်းကျစ်ထံ တစ်စုံတစ်ရာအမှားလုပ်မိသွားသကဲ့သို့ ထိတ်လန့်နေသည့်အမူအယာဖြင့် ကြည့်လာသည်။


ပိုင်ရှန်းကျစ် ခပ်တိုးတိုးရယ်မိသွားခဲ့သည် “ အနံ့ကပြင်းတယ်…အခုတော့ မင်းအပြင်ထွက်နေသင့်ပြီ…”


တုလင်းလင်းမှ ခေါင်းကိုအသာယမ်းကာ တိုးလျသောအသံဖြင့် ပြောလာသည် “ ဟင့်အင်း သည်မှာပဲနေပါ့မယ်… အနံ့ကကောင်းပါတယ်…”


ကောင်းပြီလေ နေချင်သပဆိုလည်းနေပေါ့… သူအနံ့ခံနေချင်တယ်ဆိုလည်း ပြဿနာတော့မဟုတ်ပါဘူး..


မွှေးရနံ့မှာ ပိုမိုပြင်းထန်လာပြီး ကြိတ်ထားသည့်ကြက်သွန်ဖြူများမှာ အရောင်ပြောင်းလဲလာခဲ့သည်။ ပိုင်ရှန်းကျစ် ဂေါ်ဖီပေါင်းခဲ့စဉ်က ရေများကိုအိုးထဲသို့ လောင်းထည့်လိုက်ပြီး ဆီပူပူနှင့်ရေတွေ့သွားသည်နှင့် ချက်ချင်းဆိုသလို ဆူပွက်လာသည်။ ပဲငံပြာရည်အကြည်၊ ခရုဆီနှင့် အဆုံး၌ ပြောင်းဖူးကော်မှုန့်တို့ကိုပါ ရောထည့်လိုက်ပြီး ဟင်းအနှစ်ရည်ပျစ်သွားချိန်၌ မီးကိုပိတ်ကာ ပန်းကန်သုံးပန်းကန်ပေါ်သို့ အညီအမျှဆမ်းလိုက်သည်။


ကင်မရာရှေ့တွင် ပန်းကန်များကို ပြသလိုက်ပြီးနောက် ပိုင်ရှန်းကျစ် ပြုံးလျက်ပြောလိုက်သည် “ ဝက်သားနဲ့ဂေါ်ဖီက အဆင်သင့်ဖြစ်ပါပြီ…”


အင်တာနက်အသုံးပြုသူများမှ မှတ်ချက်ပေးလာကြသည်။


[ ဘာလို့မှန်းမသိ ကင်မရာရှေ့မှာထိုင်နေရင်းနဲ့ သွားရည်ယိုလာသလိုပဲ…]


[ ငါ့ရဲ့မျက်ရည်တွေကတော့ ထူးဆန်းတဲ့နေရာတွေဆီကနေ စီးဆင်းလာပြီ…]


[ ဘာလို့သုံးထောင်စားတော်ဆက်ရဲ့ ဝက်သားဂေါ်ဖီက ငါ့ကိုစားချင်လာအောင် လုပ်နေရတာလဲ…]


[ တင်ဆက်သူဘယ်မှာလဲ… တင်ဆက်သူရေ မြန်မြန်လေးစားပြပါတော့… မကောင်းဘူးဆိုရင်လည်း အသိပေးဦးနော်…]


[ တင်ဆက်သူ မြန်မြန်ထွက်လာလိုက်တော့…]


မရေတွက်နိုင်သည့်ခေါ်ဆိုမှုများအကြားတွင် တုလင်းလင်း ဆက်သွယ်ရေးပစ္စည်းကို လက်တွင်ကိုင်လျက် မီးဖိုချောင်အပြင်ဘက်ရှိ စားပွဲတစ်ခုတွင် ထိုင်နေခဲ့သည်။ ဝက်သားဂေါ်ဖီလိပ်များပါသည့် ပန်းကန်နှစ်ချပ်မှာ သူ့ရှေ့တွင်ချထားခဲ့ပြီး ကင်မရာမှာ ၎င်းတို့ကိုသာ တိုက်ရိုက်ချိန်ထားသည်။ သူ့ရဲ့မျက်နှာကို မပြထားသောကြောင့် တုလင်းလင်း အနည်းငယ်စိတ်သက်သာရာရသွားပြီး ထစ်ငေါ့စွာ‌ပြောလိုက်မိသည် “ ကျ ကျွန်တော် စစားပါတော့မယ်…”


ပြောပြီးသည်နှင့် တုလင်းလင်း အလောတကြီးတူကိုယူကာ ဂေါ်ဖီလိပ်ကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ဂေါ်ဖီ‌ထဲတွင် အသားမှအချိုရည်များပျော်ဝင်နေပြီး ဂေါ်ဖီထုပ်နှင့်အခြားအစာသွပ်ထားသည့်မှိုများ၏ ရနံ့များဖြင့် သင်းပျံ့နေသည်။ အစာသွပ်လိပ်၏နူးညံ့သောအထိအတွေ့တွင် ဂေါ်ဖီရိုးနှင့်မှိုတို့မှ ကြွတ်ဆပ်ဆပ်နေမှုသည်လည်း ပါဝင်ပေါင်းစပ်နေခဲ့လေသည်။


ကြွယ်ဝသောဟင်းရည်မှာ သူ၏ပါးစပ်ထဲမှာပင် အရည်ပျော်သွားခဲ့ပြီး ဂေါ်ဖီ၊ဝက်သား၊ မှိုများနှင့် ကြွက်နားရွက်မှိုတို့မှာ အစာသွပ်လိပ်သေးသေးလေးထဲတွင် လိုက်ဖက်ညီစွာ ရောနှောနေသည်။


တုလင်းလင်းဝါးနေသည်ကို မရပ်နိုင်တော့ချေ။ တစ်လိပ်ကုန်သည်နှင့် တစ်လိပ်ကောက်ယူနေသည်။ ယခင်အချိန်တုန်းက ဝက်သားဂေါ်ဖီမွှေကြော်ကို ကမ္ဘာပေါ်၌အရသာအရှိဆုံးဟု သူထင်ထားမိခဲ့သော်လည်း လက်ရှိသူစားနေသည့် ဝက်သားဂေါ်ဖီအစာသွပ်လိပ်မှာ ပို၍ပင်အရသာရှိလှကာ အကြိမ်ပေါင်းမြောက်များစွာ သာလွန်လှသည်။


တုလင်းလင်း ဝက်သားနှင့်ဂေါ်ဖီလိပ်များ၏ ဆန်းကြယ်သောအရသာတွင် လုံးလုံးလျားလျားဖမ်းစားခံလိုက်ရကာ တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သည်ကိုပင် မေ့လျော့သွားခဲ့သည်။


သည့်အတွက်ကြောင့် တိုက်ရိုက်ထုတ်လွင့်မှုထဲတွင် ကြည့်ရှုသူများမှာ အမြန်ဝါးစားနေသည့်ပါးစပ်ကိုသာ မြင်နေရပြီး အစာသွပ်လိပ်များမှာ တစ်လိပ်ပြီးတစ်လိပ်ကုန်ဆုံးသွားခဲ့သည်။ ကြည့်ရှုသူများမှာ တင်ဆက်သူ၏မှတ်ချက်ပေးမှုကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသော်လည်း စောင့်နေရင်းဖြင့် ပန်းကန်တစ်ပန်းကန်မှာ ပြောင်စင်သွားခဲ့သည်။ အဆုံး၌ တင်ဆက်သူမှ မှတ်ချက်ပေးတော့မည်ဟု ထင်နေမိကြသော်လည်း စိတ်ပျက်စရာကောင်းစွာဖြင့် နောက်ထပ်ပန်းကန်စီသို့သာ ဆက်သွားနေသောကြောင့် ကြည့်ရှုသူများမှာ ပေါက်ကွဲလာကြသည်။


[ တင်ဆက်သူရေ တင်ဆက်‌သူရေလို့ အမြန်မှတ်ချက်ပေးတော့လေ…]


[ အသုံးမကျတဲ့တင်ဆက်သူ…ဘာမှတ်ချက်မှမပေးဘဲ စားနေတာနဲ့တင် အလုပ်ရှုပ်နေတာ… လုံးဝကိုပရော်ဖက်ရှင်နယ်မဆန်ဘူး…]


[ ဘယ်လိုတောင်ထူးဆန်းတဲ့တင်ဆက်သူလဲ… ပရော်ဖက်ရှင်နယ်ဆန်တာကို မရှိတာ…]


[ တိုးတိုးတိတ်တိတ်ပြောပြမယ်… တကယ်တော့ သူက ကျွမ်းကျင်တင်ဆက်သူမဟုတ်ဘူး…အင်တာနက်အသုံးပြုသူတွေစီကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ဖိအားပေးခံခဲ့ရတာလေ…#URL သည်ဟာက တင်ဆက်သူကို သုံးထောင်စားတော်ဆက်မှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ဖို့ ဖိအားပေးထားတဲ့ပိုစ့်…]


တင်ဆက်သူမှာ ကျွမ်းကျင်သူမဟုတ်ကြောင်း သိလိုက်ကြရသည့်အတွက် ကြည့်ရှုသူများ၏ဒေါသမှာ အနည်းငယ်လျော့ပါးသွားကြသည်။ ထို့နောက် တစ်စုံ‌တစ်ယောက်မှ မှတ်ချက်ပေးလာပြန်သည်။


[ ငါပဲစိတ်ထင်တာလား… ဘာလို့ တင်ဆက်သူပါးစပ်လှုပ်နေတာကိုပဲ ကြည့်နေရတာလဲ… အခုတော့ဗိုက်ပါဆာလာပြီ…]


[ စိတ်ထင်နေတာမဟုတ်ဘူးဟေ့…တင်ဆက်သူကိုကြည့်ရတာ ယုန်တစ်ကောင်ဖြစ်မဲ့ပုံပဲ…အဲ့သည့်ပါးစပ်က အမြန်လှုပ်ရှားနေတော့ ထူးထူးဆန်းဆန်းပဲ ငါတို့ရဲ့စားချင်စိတ်ကို မြင့်တက်လာစေတာ…]


[ ဝက်သားဂေါ်ဖီလိပ်က တကယ်ပဲအရသာရှိနေလို့ကော မဖြစ်နိုင်ဘူးလား…]


[ တကယ်အရသာရှိတာနေမယ်… မဟုတ်ရင် တင်ဆက်သူက တစ်ပန်းကန်ပြီးတစ်ပန်းကန် ဘာလို့အမြန်စားနေမှာလဲ…]


ဝက်သားဂေါ်ဖီလိပ်၏ ဒုတိယပန်းကန်ကုန်သွားချိန်မှသာ တုလင်းလင်းပြဿနာကို သတိပြုမိသွားသည်။ သူ ရေတစ်ခွက်သောက်က နှုတ်ခမ်းသပ်၍ ပြောလိုက်လေသည် “ ဝက်သားဂေါ်ဖီက အ အရသာရှိတယ်… တကယ်ကိုပဲ…”


တိုက်ရိုက်ထုတ်လွှင့်မှုတွင်းရှိ ကြည့်ရှုသူများမှာ မှတ်ချက်ပေးလာကြသည်။


[ သိပြီလို့… မြန်မြန်လေး ဟင်းကဘယ်လိုအရသာရှိလဲဆိုတာ အသေးစိတ်ပြောပြစမ်းပါကွာ…]


တုလင်းလင်း နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်မိသည် “ အရသာရှိတယ်… သည်ဟာက အရသာရှိတဲ့အရသာပဲ…မဟုတ်သေးဘူး… အရမ်းကိုအရသာရှိတဲ့အရသာ…”


ကြည့်ရှုသူများမှာ ဒေါသပေါက်ကွဲသွားကြသည် : သည်ဟာက ဘယ်လိုဖော်ပြချက်ကြီးလဲ…


သည်အတိုင်းဆက်ကြည့်မနေနိုင်တော့သဖြင့် ပိုင်ရှန်းကျစ် ဘောင်အတွင်းသို့ပြေးဝင်ကာ  ဂေါ်ဖီအသားလိပ်တစ်လိပ်ကို ထပ်မံကောက်ယူလိုက်ပြီး ကင်မရာရှေ့တွင်ပြလိုက်သည် “ ချိုမြတဲ့အရသာနဲ့ နူးညံ့တဲ့ဂေါ်ဖီကိုရစ်ပတ်ထားတာပါ…” ထို့နောက် တစ်ကိုက်ကိုက်ကာ အထဲရှိအစာသွပ်ထားသောအသားကို ကင်မရာရှေ့တွင်ပြပြီး ဆက်ပြောလိုက်သည် “ ဂေါ်ဖီက ချိုတယ် အရသာကလေးတယ် ပြီးတော့ မွှေးပျံ့တယ်… အသားကလည်း ဟင်းရည်ထဲမှာ နစ်မြုပ်နေတာဆိုတော့ ကိုက်လိုက်တိုင်းမှာ ဟင်းရဲ့အရသာက မင်းတို့ရဲ့နှုတ်ခမ်းနဲ့သွားတွေကြားမှာ ကြာကြာကျန်ရစ်နေလိမ့်မယ်…”


ကင်မရာရှေ့မှ ကြည့်ရှုသူများမှာ မနေနိုင်ဘဲ သွားရည်ကျလာကြသည်။


[ ဝူးဝူးဝူးဝူး သည်ဟာကအမှန်ပဲလား… ဘာလို့အရမ်းအရသာရှိပုံပေါက်နေရတာလဲ…]


[ ငါတော့ဆုံးဖြတ်လိုက်ပြီ… အခုချက်ချင်းပဲထထွက်လာတော့မယ်…အရသာကောင်းကောင်း မကောင်းကောင်း သုံးထောင်စားတော်ဆက်မှာ ကိုယ်တိုင်မြည်းကြည့်ချင်တယ်…]


[ ငါလည်းသွားချင်တယ်… ကောင်းတာ‌မကောင်းတာကတော့ မြည်းကြည့်လိုက်တာနဲ့ တစ်ခါတည်းသိရမှာပဲလေ…]


မရေတွက်နိုင်သောကြည့်ရှုသူများ၏ သုံးထောင်စားတော်ဆက်စီ လာရောက်မည့်ဟု ရည်ရွယ်ထားသောမန့်များကြောင့် ပိုင်ရှန်းကျစ် ထပ်မံ၍ ဂေါ်ဖီအသားလိပ်တစ်လိပ်ကို ပါးစပ်ထဲထည့်လိုက်ပြီး တဖြည်းဖြည်းချင်း ပြုံးနေမိသည်။



🥘