Chapter 10
Viewers 2k

🥘Chapter 10




ထိုအချိန်၌ သားရဲကမ္ဘာ၏ အလယ်တည့်တည့်တွင်ရှိသော အချိန်လဟိုတယ်တွင် ချင်းရှုအမည်ရသည့် မြေခွေးမိန်းမပျိုလေးမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်ပြီးနောက် ဗိုက်ကိုပွတ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည် 


“ အရမ်းအရသာရှိတာပဲ… အချိန်လဟိုတယ်က တကယ်ကိုတန်တယ်…ငါလေးတော့ အရမ်းကိုဗိုက်ပြည့်သွားပြီ ..”


ဟိုတယ်မန်နေဂျာမှ ပြုံးကာပြောလာသည် “ လာရောက်သုံးဆောင်ပေးလို့ ကျေးဇူးတင်ပါတယ် မြေခွေးမမလေး… တကယ်လို့လိုအပ်တာများရှိရင်လည်း ကျေးဇူးပြုပြီးအသိပေးပါဦး… ကျွန်တော်တို့ အချိန်လဟိုတယ်က ချက်ချင်းပဲတိုးတက်အောင်လုပ်ဆောင်သွားမှာပါ…”


ချင်းရှုခေါင်းကိုယမ်းကာ ပြောလိုက်သည် “ ဘယ်လိုလုပ်ပြီး လိုတာရှိရမှာလဲ…အချိန်လဟိုတယ်ကဟင်းလျာတွေက ကျွန်မစားဖူးတဲ့အထဲမှာ အရသာအရှိဆုံးပါနော်…လုံးဝကိုသေချာတယ်…” သူမ လက်မထောင်ပြလိုက်သည်။


မန်နေဂျာ၏အပြုံးမှာ ပို၍ပင်နက်ရှိုင်းလာခဲ့သည် “ ချီးမွမ်းပေးလို့ကျေးဇူးအထူးတင်ရှိပါတယ် မြေခွေးမမလေး… နောက်လည်းလာရောက်အားပေးပါဦးနော်…”


ဗိုက်ကိုကိုင်ကာ ချင်းရှုဟိုတယ်ထဲမှ ထွက်လာခဲ့ပြီး သူမ၏လက်ထောက်မှာမူ ဘေးတွင်ထွန်ထွန်စက်(ဒါက ဖုန်း or ကင်မရာလို့ထင်တာပဲ)ကို ရွေ့လျား‌နေပြီး ရုတ်တရက်ဆိုသလို ပြောလာသည်


 “ ရှုကျဲ ကြည့်ရတာ မန့်တွေထဲမှာ တခြားတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အကြောင်း ဆွေးနွေးတာတွေပါ ပါနေသလိုပဲ…”


ချင်းရှု၏မျက်လုံးများပြူးကျယ်သွားကာ မေးလိုက်မိသည် “ ဘယ်သူတဲ့လဲ… ဘယ်လိုတောင် သူတို့ကငါ့ရဲ့ ကွန်မန့်တွေထဲမှာ သူတို့ကိုယ်သူတို့ ကြော်ငြာဝင်ရဲရတာလဲ…”


လက်ထောက်မှ တုန့်တုန့်ဆိုင်းဆိုင်းဖြင့် ပြန်ဖြေလာသည် “ ကြည့်ရတာ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန်ဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်သူအသစ်တစ်‌ယောက်ပဲ…သူတို့က သုံးထောင်စားတော်ဆက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြနေတာ…”


ချင်းရှု ဖုန်းကိုလှမ်းယူလိုက်သည်။


[ ရွှေသံချပ်ကာနဲ့ငွေရောင်နဂါး ] : အခုလေးတင်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ယုန်ရဲ့ သုံးထောင်စားတော်ဆက်မှာ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်လာတာ။ တကယ်ကြီးအရသာရှိမဲ့ပုံပဲဟ။


ချင်းရှုနှာခေါင်းရှုံ့လိုက်သည် “ သုံးထောင်စားတော်ဆက်လား .. တိုက်ရိုက်ထုတ်လွှင့်တာလား… သည်လူတွေက စိတ်လွတ်သွားလို့လား…”


လက်ထောက်လေးမှ ထစ်ငေါ့စွာပြောလာသည် “ ဒါပေမယ့် မန့်ထဲကတချို့လူတွေလည်း သူတို့နဲ့ သဘောတူနေတာကို တွေ့လိုက်တယ်…”


အောက်သို့ဆက်ဆင်းကြည့်လေလေ အမှန်တကယ်ပင် အောက်ခြေ၌စာပြန်ထားသူများရှိနေခဲ့သည်။


[ ငါလည်း အဲ့သည့်တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့သေးတယ်… ပြောနိုင်တာတစ်ခုကတော့ သုံးထောင်စားတော်ဆက်ကဟင်းတွေက တကယ်ကြီးအရသာရှိမဲ့ပုံ…]


ချင်းရှု စိတ်ခံစားချက်များကို ပြန်လည်စုစည်းလိုက်ပြီးနောက် ထွန်ထွန်စက်ကို အဝေးသို့ဖယ်လိုက်သည်


 “ ကြည့်ရတာ သည်ဟာက တိုက်ရိုက်ထုတ်လွှင့်သူအသစ်နဲ့ သုံးထောင်စားတော်ဆက်ပိုင်ရှင်တို့ရဲ့ ပူးပေါင်းလက်တွဲမှုတစ်ခု ဖြစ်မဲ့ပုံပဲ…”


လက်ထောက်လေးမှ ပြောလာသည် “ သည်လိုဆိုဘယ်လိုလုပ်ကြမလဲ…ဘယ်လိုပဲဖြစ်ဖြစ် သုံးထောင်စားတော်ဆက်ပိုင်ရှင်ကို စော်ကားမိဖို့ကတော့ မတတ်နိုင်ဘူးလေ…”


ချင်းရှုမဲ့ပြုံးပြုံးလိုက်သည်။


 “ နောက်ထပ်တိုက်ရိုက်ထုတ်လွင့်မှုလုပ်မဲ့နေရာကို ဆုံးဖြတ်လိုက်ပြီ…အဲ့သည့်ဟာ သုံးထောင်စားတော်ဆက်မှာပဲ…ပြီးတော့ ရှောင်ယွီကိုပါအတူခေါ်လာခဲ့… တိုက်ရိုက်ထုတ်လွှင့်သူအသစ်နဲ့ သုံးထောင်စားတော်ဆက်ပိုင်ရှင်ရဲ့ ပရိုမိုးရှင်းအတုတွေကို ဖော်ထုတ်ပစ်ချင်တယ်…”


#မြေခွေးလေးရဲ့တိုက်ရိုက်ထုတ်လွှင့်မှု : လတ်တလောမှာ သုံးထောင်စားတော်ဆက်က အတော်လေးစားကောင်းနေတယ်လို့ ကြားထားတဲ့အတွက် မြေခွေးလေးက စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်… သင်တို့ရော ဘယ်လိုထင်ပါသလဲ…


[ သုံးထောင်စား‌တော်ဆက်လား…ငါကြားလိုက်တာတော့ အမှန်ပဲမလားဟင်…မြေခွေးလေး မင်းကအစားအသောက်တိုက်ရိုက်ထုတ်လွှင့်တဲ့သူလေ… သုံးထောင်စားတော်ဆက်မှာ ဘာသွားလုပ်မလို့လဲ… ဆိုင်ရှင်ကိုဟင်းဘယ်လိုချက်ရမလဲဆိုတာ သွားသင်ပေးမလို့လား…]


[ ဆိုးတော့မဆိုးဘူးဟ… မြေခွေးလေး သွားလည်ပြီးတဲ့အချိန်ကျရင် သုံးထောင်စားတော်ဆက်ရဲ့ ဝက်သားဂေါ်ဖီက ပိုပြီးအရသာကောင်းလာလိမ့်မယ်…]


[ ဟားဟားဟား ကြည့်ရတာ မြေခွေးလေးက သနားစရာဆိုင်ရှင်ကို သွားရောက်ကူညီပေးတော့မဲ့ပုံပဲ…]


[ ငါကြားမိတာတော့ သုံးထောင်စားတော်ဆက်က ဆိုင်ရှင်ပြောင်းသွားပြီတဲ့… ဝက်သားဂေါ်ဖီကလည်း တကယ်ပဲအရသာရှိလာတယ်ပြောတယ်…]


[ ???? လူတိုင်းကလာနောက်နေတာလား… သုံးထောင်စားတော်ဆက်လား…ဝက်သားနဲ့ဂေါ်ဖီလား… အရသာရှိတာလား…]


[ သည်ကိစ္စက တစ်နှစ်တာအတွင်း ငါကြားဖူးတဲ့အရယ်ရဆုံးပြက်လုံးဖြစ်နိုင်တယ်…]


[ အမှန်ပဲဟ… တစ်စုံတစ်ယောက်က တကယ်ကြီးသွားပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ… ပြီးတော့ တကယ့်ကောင်းမဲ့ပုံနော်…]


[ ဟားဟားဟားဟား ပုံရိပ်ယောင်တွေကို ထပ်သုံးနေတာနေမှာပေါ့…သုံးထောင်စားတော်ဆက်က သည်လောက်တောင် အထင်ကြီးစရာမကောင်းတဲ့နည်းလမ်းတွေကို မှီခိုနေမယ်ဆိုတာ ထင်တောင်မထင်ထားဘူး…]


[ ငါတော့ မြေခွေးလေးကို ရှောင်ယွီကိုပါအတူခေါ်သွားဖို့ အပြင်းအထန်အကြံပေးချင်တယ်နော်… ဘယ်လိုပုံရိပ်ယောင်မှ ရှောင်ယွီရဲ့မျက်လုံးကနေ ပြေးမလွတ်နိုင်ဘူးလေ…]


ထိုမန့်များကိုကြည့်ပြီးနောက် ချင်းရှု ထွန်ထွန်စက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ဘေးတွင်ချထားလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုစတင်ရန် စောင့်ဆိုင်းနေလိုက်သည်။


ယုန်နားရွက်နှင့်လူငယ်လေး၏ တိုက်ရိုက်ထုတ်လွှင့်မှုအပြီးတွင် သုံးထောင်စားတော်ဆက်ထံလာရောက်သော ထူးဆန်းသောပုံပန်းသဏ္ဍာန်ရှိသည့် စားသုံးသူများမှာ ရက်အနည်းငယ်အတွင်း သတိပြုမိနိုင်သည်အထိ တိုးပွားလာသည်။ ဆိုင်အဝင်ရှိခေါင်းလောင်းမှာ ဆက်တိုက်ဆိုသလိုမြည်နေပြီး အမွှေးပွပွ နားရွက်နှင့်အမြီးမျိုးစုံပေါ်လာလေ့ရှိသောကြောင့် ပိုင်ရှန်းကျစ်တစ်ယောက် နေ့စဉ်နေ့တိုင်း သားရဲ‌ကမ္ဘာရောက်နေသည်ဟုပင် သူ့ကိုယ်သူခံစားနေရသည်။


သူ့မျက်လုံးများကို ကျေနပ်စေပြီးနောက် မျှော်မှန်းထားသည့်အတိုင်းပင် အချိန်ဒင်္ဂါးများလည်း ရခဲ့သည်။ အဝင်ဝရှိငွေလဲစက်တွင် မည်ကဲ့သို့ဒင်္ဂါးများအား လဲလှယ်ရသည်ကိုပင် သိရှိခဲ့လေသည်။ သို့သော်လည်း ဒင်္ဂါးတစ်ပြားကိုလဲလှယ်လိုက်ချိန်၌ မမျှော်ပါဘဲ လူအိုကြီးပုံပါသည့် အရွက်နှစ်ရွက်ပြန်ရလာသောကြောင့် ပိုင်ရှန်းကျစ် ကြောင်အသွားရကာ တစ်စုံတစ်ရာမှာ အလွန်အားကောင်းသည်ဟုပင် ခံစားလာရသည်။ ထူးဆန်းသောဖောက်သည်များများလာလေလေ သူ၏ချမ်းသာမည့်လမ်းကြောင်းမှာ ပို၍ကျယ်လာလေလေ ဖြစ်ပေလိမ့်မည်။


အချိန်ဒင်္ဂါးများ၏တည်ရှိမှုကြောင့် ပိုင်ရှန်းကျစ် ရက်အနည်းငယ်အတွင်း တစ်သောင်းကျော်ရှာနိုင်ခဲ့ကာ တစ်လစာငှားရမ်းခအတွက် လုံလောက်သွားလေပြီ။


ဤမှာ အလွန်အံ့ဩစရာကောင်းလှ၏။ သည့်အတွက်ကြောင့် ခေါင်းလောင်းသံမြည်လာချိန်တိုင်း ချမ်းသာခြင်းနတ်ဘုရားကြွချီလာသကဲ့သို့ပင် ပိုင်ရှန်းကျစ်စိတ်လှုပ်ရှားနေမိသည်။


“ တင်း တင်း တင်း…”


ပိုင်ရှန်းကျစ် ခေါင်းမော့ကြည့်လိုက်ချိန်၌ အဝင်ဝတွင် လူသုံးယောက်ဝင်လာသည်ကို တွေ့လိုက်ရပြီး လူတိုင်းမှာ ထူးခြားသောစက်ပစ္စည်းဖြစ်သည့် ထွန်ထွန်ကို ကိုင်ဆောင်ထားကြသည်။ ချက်ချင်းလိုပင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီးနောက် ပိုင်ရှန်းကျစ် လျှောက်သွားကာ နူးညံ့စွာနှုတ်ဆက်လိုက်သည် “ ကျေးဇူးပြုပြီး ဝင်လာလို့ရပါတယ်…”


“ ဘာသုံးဆောင်မလဲမသိဘူး..” ပိုင်ရှန်းကျစ် ထိုသူများထံ မီနူးကမ်းပေးလိုက်ပြီး ၎င်းကို ဦးလေးဖြစ်သူသင်ထားပေးသော လက်ရေးပညာအားသုံး၍ ဖုတ်ပူမီးတိုက်ဖန်တီးထားခြင်းဖြစ်သည်။


သုံးယောက်အစုထဲမှ အဖြူရောင်နားရွက်ထောင်များရှိသော မိန်းမပျိုလေးသည် မီနူးကိုလှမ်းယူလာပြီး စက္ကန့်အနည်းငယ်အကြာတွင် မီနူးပေါ်မှဟင်းနာမည်တစ်ခုကို ထောက်ပြကာ မေးလာသည်။


 “ ကြက်သားတုံးကြော်အစပ်… အဲ့သည့်ဟာက ဘာဟင်းလဲ…”


ပိုင်ရှန်းကျစ် အသာအသာပြုံးပြလိုက်သည် “ နာမည်အတိုင်းပါပဲ ကြက်သားတုံးကြော်အစပ်ဆိုတာက ကြက်သားကိုငရုတ်သီးနဲ့ရောကြောထားတာပါ…အစပ်ပါတဲ့ဟင်းလျာတစ်ခုဖြစ်ပြီးတော့ အစပ်အရသာနှစ်ခြိုက်သူတွေနဲ့ သင့်တော်ပါတယ်…”


အဖြူရောင်နားရွက်ထောင်များနှင့် မိန်းမပျိုလေးမှ မေးလာသည် “ ငရုတ်သီးလား… ငရုတ်သီးဆိုတာဘာလဲ…”


ပိုင်ရှန်းကျစ် ပြင်ဆင်လိုက်ပြီးနောက် ငရုတ်သီးခြောက်နှင့် စီချွမ်ငရုတ်ပွတို့ကို ထုတ်ယူပြသလိုက်သည် “ သည်ဟာက ငရုတ်သီးပါ…ကြက်သားတုံးကြော်အစပ်မှာသုံးပါတယ်…”


ချင်းရှုဟုအမည်ရသော အဖြူရောင်နား‌ရွက်ထောင်များနှင့်မိန်းမပျိုလေး၏ အမူအယာမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည် “ သည်ဟာက အဆိပ်သီးဆိုတာ အသိသာကြီးလေ… ဘယ်လိုလုပ်ပြီး ဟင်းထည့်ချက်ရတာလဲ…”


သူမ၏တုံ့ပြန်မှုမှာ အလွန်အမင်းဖြစ်နေပြီး ဘယ်ဘက်တွင်ရှိသော ထွန်ထွန်စက်ကို မတော်တဆထိမိသွားခဲ့သောကြောင့် ရုတ်တရက် မျက်နှာပြင်လင်းလာပြီး မျိုးနွယ်စုမျိုးစုံမှ အင်တာနက်အသုံးပြုသူများ၏ မန့်များဖြင့်ပြည့်သွားခဲ့သည်။


[ သူတို့ကတကယ်ကြီး အဆိပ်သီးကို ဟင်းချက်တဲ့နေရာမှာသုံးတာလား… အဲ့သည့်ဟာက မသေနိုင်ပေမယ့် တကယ်ကြီးမသက်မသာဖြစ်စေတာ မဟုတ်ဘူးလား ..]


[ အဆိပ်သီးတဲ့… ဘာလို့များ သုံးထောင်စားတော်ဆက်ရဲ့ နက်မှောင်မှုအဆင့်က နောက်ထပ်အဆင့်တစ်ခုပါ ရောက်သွားတယ်လို့ ငါခံစား‌နေရတာလဲဟင်…]


[ အဆိပ်သီးတွေသုံးပြီး စားသောက်ဆိုင်ဖွင့်နေသူတစ်ယောက်ကိုမြင်ရတာ တကယ်ရှားတာပဲ… သုံးထောင်စားတော်ဆက်သာ မဟုတ်ဘူးဆိုရင် အဲ့သည့်နေရာကို ငါသေချာပေါက်တိုင်ကြားမိမှာ…]


မျက်နှာပြင်မှာသေးငယ်သော်လည်း တစ်ချက်ကြည့်ရုံနှင့်ပင် မန့်များပြည့်နှက်နေခဲ့သည်။ ပိုင်ရှန်းကျစ် အကြည့်ကိုပြန်ရွှေ့လိုက်ပြီးနောက် အဖြူရောင်နားရွက်ထောင်များနှင့် မိန်းမပျိုလေးထံ အမူအယာကင်းမဲ့စွာကြည့်ကာ ပြောလိုက်သည်


 “ မင်းကတိုက်ရိုက်ထုတ်လွှင့်နေတာပဲ…”


ဆိုင်ရှင်၏အကြည့်အောက်တွင် ချင်းရှု ထူးဆန်းစွာပင် အပြစ်ရှိသကဲ့သို့ခံစားလိုက်ရသည်။ သူမ ခွင့်ပြုချက်မတောင်းဘဲ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အကြိမ်ရေ မည်မျှရှိပြီဆိုတာ မည်သူသိနိုင်မည်နည်း။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ခံစားရခြင်းဖြစ်သည်။


တကယ်ကိုမယုံနိုင်စရာကောင်းတယ်…


“ အာ အမ်းး ဟုတ်တယ်… သည်မှာက ခွင့်မပြုလို့လားဟင်…” ချင်းရှုတုန့်ဆိုင်းနေပြီး လေထုမှာစက္ကန့်အနည်းငယ်ကြာ အေးခဲနေခဲ့သည်။ ထို့နောက် ပိုင်ရှန်းကျစ် ရုတ်တရက်ဆိုသလို ပြုံးကာပြောလိုက်သည်။


 “ ဟင့်အင်း ခွင့်ပြုပါတယ်…သုံးထောင်စားတော်ဆက်မှာက လွတ်လွတ်လပ်လပ် တိုက်ရိုက်ထုတ်လွှင့်နိုင်ပါတယ်… ဒါပေမယ့် မီးဖိုချောင်အတွင်းဝင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ခွင့်ပြုချက်လိုလိမ့်မယ်ဗျ…”


ချင်းရှုတံ‌တွေးမြိုချကာ ခေါင်းညိတ်ပြလိုက်သည်

 “ ဟုတ်ကဲ့ နားလည်ပါပြီ…”


ပိုင်ရှန်းကျစ် ပြုံးပြလိုက်သည် “ အခုတော့ ဧည့်သည်သုံးယောက်က အမှာစာတင်တော့မယ်မလား…”


ချင်းရှု မီနူးကိုကပျာကယာကောက်ယူလိုက်ရသည်။


အဆုံး၌ သူတို့သုံးဦးမှာ ဟင်းလေးပွဲမှာယူခဲ့ပြီး ၎င်းတို့မှာ ဝက်သားဂေါ်ဖီအစာသွပ်လိပ်၊ ကြက်သားတုံးကြော်အစပ်၊ ကြက်ဥပေါင်းနှင့် ပိုင်ရှန်းကျစ်အကြံပေးသော အဓိကဟင်းပွဲအဖြစ် ချပေမည့် ဥထမင်းကြော်တို့ပင်ဖြစ်သည်။


မီနူးများပြန်ယူပြီးနောက် ပိုင်ရှန်းကျစ် စားသုံးသူသုံးဦးထံ အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်သည်


 “ ကျေးဇူးပြုပြီး ခဏတော့စောင့်ပေးပါ…”


ပိုင်ရှန်းကျစ် မီးဖိုချောင်တွင်းဝင်သွားသည်အချိန်မှသာ ချင်းရှုနှင့်ကျန်သူများမှာ စိတ်သက်ရာရစွာ လေမှုတ်ထုတ်နိုင်တော့သည်။ သိသာစေသောအရိပ်ယောင်များ မပြသဘဲ ချင်းရှုကင်မရာရှေ့တွင် ပြောလိုက်သည် 


“ ကျွန်မတို့ ဟင်းမှာပြီးပါပြီ…မင်းတို့တွေ အများဆုံးအကြံပေးတဲ့ ‌ဝက်သားဂေါ်ဖီအစာသွပ်လိပ်ရယ် ပြီးတော့ ကြက်သားတုံးကြော်အစပ်ရယ် ကြက်ဥပေါင်းရယ် နောက် ‌တစ်ခါမှမကြားဖူးသေးတဲ့ ဥထမင်းကြော်ရယ်ပါ…ဆိုင်ရှင်ချက်လို့ပြီးတာနဲ့ အရသာဘယ်လိုဆိုတာကို သိရပါလိမ့်မယ်…အခုတော့ ဆိုင်အတွင်းက အခြေအနေကိုပဲ တစ်ချက်လောက်ပတ်ကြည့်တာပေါ့…”


ပြောပြောဆိုဆိုနှင့်ပင် ချင်းရှု ကင်မရာကို ထမင်းစားခန်းတလျောက် ဖြည်းဖြည်းချင်းပတ်ပြလိုက်သည် 


“ အားလုံးသိကြတဲ့အတိုင်းပဲ အရင်ကသုံးထောင်စားတော်ဆက်ဆိုရင် တခါတလေ ထိုင်ခုံနဲ့စားပွဲတွေမှာတောင် ဟင်းအကျန်တွေတွေ့ရတတ်တယ်လေ…ဘယ်လိုပဲဖြစ်ဖြစ် အခုတစ်ခေါက်တော့ ဆိုင်ကသန့်ရှင်း‌သပ်ရပ်နေပုံပဲ…စားပွဲခြေထောက်တွေမှာ ဟင်းဖတ်တွေကပ်နေတာမျိုးမရှိသလို စားပွဲတွေကလည်း အရမ်းသန့်ရှင်းနေတာ… ဆိုင်ရှင်အသစ်ရဲ့အချက်အပြုတ်ဘယ်လိုဆိုတာ မသိရသေးပေမယ့် သန့်ရှင်းမှုကိုတော့ အရေးပေးထားပုံပဲ…သည်ဟာကတင် သုံးထောင်စားတော်ဆက်ရဲ့ တိုးတက်မှုလို့ဆိုနိုင်နေပါပြီလေ…”


သူမအမြင်ကိုပြောပြီးနောက် ချင်းရှု မျက်နှာပြင်ပေါ်သို့ကြည့်ကာ ကြည့်ရှုသူများထံမှ မန့်များကိုဂရုတစိုက်ဖတ်ရှုလိုက်သည်။


[ တကယ်ကို အခုတစ်ခေါက်မှာ အများကြီးသန့်လာတာပဲ…အရင်တစ်ခါက ငါမှတ်မိသေးတယ်…စားပွဲအောက်ခြေတိုင်းမှာ ဟင်းရွက်ဖတ်တွေကပ်နေခဲ့တာလေ…]


[ သန့်ရှင်းတာက ဘာအသုံးကျမှာမလို့လဲ… အရသာသာကောင်းလို့ကတော့ အမှိုက်ပုံဖြစ်နေရင်တောင် ငါသွားစားမှာပဲ… အေး အရသာမကောင်းလို့ကတော့လည်း အချိန်လဟိုတယ်လို ပြင်ဆင်ထားရင်တောင် ငါတော့အသိအမှတ်ပြုမှာမဟုတ်ဘူး…]


[ သည်ဟာက ခိုင်လုံတဲ့ထောက်ပြချက်ဆိုပေမယ့် အမှိုက်ပုံကတော့ နည်းနည်း…]


[ သန့်ရှင်းမှုက အဓိကမဟုတ်ဘူး…ငါမြေခွေးလေးကို မေးကြည့်ချင်တာက အဆိပ်သီးကိုစားဖို့ တကယ်ကြီးအဆင်ပြေရဲ့လားဆိုတာကိုပဲ…]


[ ဟုတ်တယ် အဲ့သည့်ဟာက အဆိပ်သီးတွေနော်…ငါကြားဖူးတာတော့ သူတို့ကိုစားပြီးရင် ပါးစပ်ထဲမှာ လောင်မြိုက်နေပြီးတော့ အချိန်ခဏလောက်ထိ မသက်မသာဖြစ်နေမှာတဲ့…]


[ ငါ့အဖွားပြောပြဖူးတယ် သူ့မှာဘာစားစရာမှမရှိတဲ့အချိန်တုန်းက အဆိပ်သီးတွေကိုစားခဲ့ဖူးတယ်တဲ့… အဲ့တုန်းကဆိုရင် သူ့ပါးစပ်ကယောင်ပြီးဖောင်းကားနေရောတဲ့…]


[ အချိန်နဲ့အာကာသ စိုက်ပျိုးရေးအဖွဲ့အစည်းက အဆိပ်သီးတွေမှာ တကယ်ကြီးအဆိပ်မပါဘူးလို့ ပြောထားပေမယ့်လည်း လူတွေကိုမသက်မသာဖြစ်စေတဲ့အရာမျိုးက သတိထားသင့်တယ်လို့ထင်တာပဲ…မြေခွေးလေး အဲ့သည့်ဟာတွေကို မစားတာက ပိုကောင်းလိမ့်မယ်နော်…]


မန့်များဖတ်ရင်းဖြင့် ချင်းရှု၏အမူအယာမှာ ပြောင်းလဲသွားခဲ့သည်။ အဆိပ်သီးများမှာ အလွန်အန္တရာယ်များပြီး နှုတ်ခမ်းများကို ယောင်ယမ်းနေစေလေရာ သူမသည် ကျွမ်းကျင်သူကျင့်ဝတ်ရှိသော ကျွမ်းကျင်အဆင့် အစားအသောက်တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးဖြစ်သည့်တိုင် သူမ၏ဘဝနှင့်ပုံပန်းသဏ္ဍာန်သည်သာ ပိုမိုအရေးပါနေဆဲပင်။


လက်ထောက်သည်လည်း ထိုမန့်များကိုမြင်သွားခဲ့ပြီး ချင်းရှု၏လုံခြုံရေးအပေါ် ထည့်စဉ်းစားကာ စာအမြန်ပို့၍မေးလိုက်မိသည် “ ရှုကျဲ ခဏနေကြရင် တကယ်ကြီး ကြက်သားတုံးအစပ်ကြော်ကို စားတော့မလို့လား…”


သူမ၏အိတ်ကပ်အတွင်းရှိ ထွန်ထွန်စက်(ဖုန်းဖြစ်မယ်ထင်တယ်)မှာ အနည်းငယ်တုန်ခါသွားခဲ့သည်။ ချင်းရှု အကြောင်းပြချက်တစ်ခုသုံး၍ ကင်မရာမြင်ကွင်းမှထွက်လာလိုက်ပြီး နောက်ထပ်ထွန်ထွန်စက်ကိုထုတ်ယူကာ စာပြန်လိုက်သည် “ စားရမှာလား… ငါဘယ်လိုလုပ်ပြီးစားရမှာလဲ…တကယ်လို့တစ်စုံတစ်ရာမှားယွင်းသွားရင်ကော…”


လက်ထောက်မှ စာပြန်လာသည် “ သည်လိုဆိုလည်း ရှုကျဲ ကျွန်တော်မီးဖိုချောင်ကိုသွားပြီး ဆိုင်ရှင်ကို ကြက်သားတုံးအစပ်ကြော် မချပေးဖို့ပြောလိုက်ရင်ကော…”


ချင်းရှု၏အကြည့်မှာ မရေရာစွာ လင်းလက်သွားခဲ့သည်။ သို့သော်လည်း ခဏအကြာတုန့်ဆိုင်းနေပြီးနောက်တွင် သူမ အံတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်


 “ မဟုတ်ဘူး… ကြက်သားတုံးအစပ်ကြော်ကိုချခိုင်းလိုက်…ငါသည်အတိုင်း နည်းနည်းပိုလျော့စားလိုက်မယ်…အဆိပ်သီးကိုသုံးပြီးချက်ထားတာနဲ့ဆိုရင် သည်တစ်ပိုင်းက ပလက်ဖောင်းမှာ ထိပ်တန်းဆယ်ခုစာရင်းဝင်သွားမယ်ဆိုတာ ငါယုံကြည်ချက်ရှိတယ်…”


လက်ထောက်မှ သက်ပြင်းချကာ ချင်းရှုထံလေးစားနေသည့်မျက်လုံးများဖြင့် ကြည့်လာသည်။ ကမ္ဘာပေါ်တွင် လှပသူများမှာ လစ်လပ်နေခြင်းမျိုးမရှိပေ။ စွန့်စားရဲသူများသည်သာ လစ်လပ်နေခြင်းဖြစ်သည်။


ပိုင်ရှန်းကျစ်မှာမူ ကြက်သားတုံးအစပ်ကြော်လေးအတွက် အပြင်ဘက်မှ စားသုံးသူသုံးဦး၏ အန္တရာယ်ထံ သိသိလျက်နှင့် ချဉ်းကပ်ခြင်းဟူသည့် သူရဲကောင်းပြဇာတ်‌အကြောင်း သိရှိနေခြင်းမရှိပေ။ ထိုအချိန်အတွင်း ပါဝင်ပစ္စည်းများကို ကမန်းကတန်းပြင်ဆင်လိုက်ကာ စတင်ချက်ပြုတ်ရန် အဆင်သင့်ပြင်လိုက်သည်။


ဦးဆုံးအနေဖြင့် ဝက်သားဂေါ်ဖီအစာသွပ်လိပ်နှင့် ကြက်ဥပေါင်း ဟင်းနှစ်ပွဲနှင့်စတင်လိုက်သည်။ ထိုဟင်းနှစ်ခုတွင် ဆင်တူသောအဆင့်များရှိခြင်းကြောင့် အတူတကွပြင်ဆင်ပါက အချိန်ကုန်သက်သာသွားမည်ဖြစ်သည်။


ဝက်သားကို အသားစင်းကောဖြစ်သွားသည်အထိ နုတ်နုတ်စင်းလိုက်ပြီး ဂေါ်ဖီ၊ကြွက်နားရွက်မှိုနှင့် ရှီတာကီမှိုအတုံးများဖြင့်ရောကာ ကန်စွန်းဥကော်မှု့န်ကိုပါ ပေါင်းထည့်လိုက်သည်။ အိုးထဲတွင်ရေတည်ထားပြီး ဂေါ်ဖီရွက်များကိုထည့်ကာ တစ်ချိန်တည်းမှာပင် ကြက်ဥများကိုခေါက်၍ ၃၀ မှ ၄၀ဒီဂရီဆဲလ်စီးယပ်ခန့်ရှိမည့် ရေနွေးကိုထည့်လိုက်သည်။ ဝက်ဆီနှင့်ဆားအနည်းငယ်တို့ကိုမူ ကြက်ဥအရောအနှောထဲသို့ထည့်ကာ တူညီသောလားရာအတိုင်း ဆက်လက်မွှေပေးလိုက်သည်။ အဆုံး၌ ကြက်ဥအရောအနှောမှ လေပူဖောင်းများကိုဖယ်ထုတ်ရန် ရေစစ်ကိုအသုံးပြုလိုက်ပြီးနောက်  ပလတ်စတစ်စဖြင့်အုပ်ကာ သွားကြားထိုးတံနှင့် အပေါက်အနည်းငယ်ဖောက်လိုက်သည်။


ဂေါ်ဖီရွက်များနူးညံ့သွားသည်နှင့် အိုးထဲမှဖယ်ကာ ရေစစ်လိုက်ပြီး အထဲတွင်အသားရောနှောထားသည့်အဆာပလာထည့်၍ ထုပ်လိုက်သည်။ ခပ်ဝိုင်းဝိုင်းဂေါ်ဖီအစာသွပ်လိပ်များမှာ အဖြူရောင်ပန်းကန်ပေါ်တွင်ရှိနေပြီး ၎င်း၏ဘေးတွင် ပလတ်စတစ်ဖြင့်ဖုံးထားသော ကြက်ဥပေါင်းပန်းကန်ရှိနေသည်။ ရေဆူပွက်လာချိန်မှာတော့ ပိုင်ရှန်းကျစ် ပေါင်းအိုးဖြင့် ဖုံးအုပ်လိုက်လေသည်။


အခြားအိုးတစ်အိုးတွင်မူ ဆီလောင်းထည့်ကာ ကြိတ်ထားသောအသားကို ကြော်လိုက်သည်။ ပဲငံပြာရည်နှင့်ခရုဆီတို့ကိုပါ လောင်းထည့်လိုက်ပြီး ပဲငံပြာရည်၏ပေါ့ပါးသောရနံ့မှာ တဖြည်းဖြည်းသင်းပျံ့လာသည်။ ထိုအချိန်၌‌ ပေါင်းအိုးတွင်းရှိ ဝက်သားဂေါ်ဖီအစာသွပ်လိပ်၏ရနံ့သည်လည်း ရေနွေးငွေ့နှင့်အတူ လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။


ပိုင်ရှန်းကျစ်တစ်ယောက် ပါဝင်ပစ္စည်း၏အရည်အသွေးကို မလျော့ကျစေဘဲ လျင်မြန်သွက်လက်စွာ လှုပ်ရှားနေခဲ့သလို စားသောက်ခန်းနေရာတွင်လည်း သိမ်မွေ့နူးညံ့သောရနံ့များ စိမ့်ဝင်လာခဲ့လေပြီ။



🥘