Chapter 11
Viewers 2k

🥘Chapter 11




“ ဘာနံ့လဲ…”


ဘေးတွင်ထိုင်နေသည့်ရှောင်ယွီမှ ရုတ်တရက်ထပြောလာသည်။ ရှောင်ယွီမှာ ရေသူတစ်ဦးဖြစ်သောကြောင့် သူ၏အနံ့ခံအာရုံထက်ရှမှုမှာ ချင်းရှုနှင့်လက်ထောက်တို့ထက် အဆပေါင်းများစွာသာလွန်သည်။


အမှန်တကယ်ကိုပင် ချင်းရှုနှင့်လက်ထောက်တို့မှာ ပဟေဠိဖြစ်နေဆဲပင် “ တစ်ခုခုအနံ့ခံမိလို့လား…ငါတို့တော့ ဘာနံ့မှမရပါဘူး…”


ရှောင်ယွီ သူတို့ကိုပြန်မဖြေခဲ့ချေ။ မျက်လုံးကိုသာ ပိတ်ချလိုက်ပြီး လေထုထဲရှိ အနံ့မော်လီကျူးများကို အာရုံခံနိုင်ရန်အတွက် သူ၏ဆဲလ်တိုင်းကိုအသုံးပြုလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှောင်ယွီမှပြောလာသည်


 “ ထူးဆန်းတဲ့အနံ့ပဲ… တစ်ခါမှတော့မရဖူးဘူး…ဒါပေမယ့် အတော်မွှေးတယ်… အနံ့ကအရမ်းကောင်းတာပဲ…”


ထိုစကားကိုကြားလိုက်ရချိန်တွင် ချင်းရှုနှင့်လက်ထောက်တို့မှာလည်း အလောတကြီးအနားပတ်လည်စီသို့ အနံ့ခံကြည့်လိုက်သည်။ ဤအချိန်တွင် မီးဖိုချောင်ထဲရှိ ပိုင်ရှန်းကျစ်မှာမူ အိုးအဖုံးကိုဖယ်လိုက်ပြီဖြစ်သောကြောင့် ဝက်သားဂေါ်ဖီအစာသွပ်လိပ်နှင့် ကြက်ဥပေါင်းတို့၏ မွှေးရနံ့များမှာ အပြင်သို့ထွက်လာကာ ချင်းရှုနှင့်လက်ထောက်တို့၏နှာခေါင်းစီသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။


“ ငါတို့လည်းအနံ့ရပြီ…နည်းနည်းတော့ အငန်လေးမဲ့ပုံ…ကြည့်ရတာ ဥရဲ့အနံ့လည်းပါပုံပဲ… အရမ်းတော့မများဘူး…အရမ်းထူးဆန်းတဲ့အမွှေးနံ့တစ်ခုလည်းရှိသေးတယ်…ဘယ်လိုပဲဖြစ်ဖြစ် အနံ့ကတကယ်ကောင်းတာ… အတော်လေးမွှေးတယ်…”


ချင်းရှုတံတွေးမြိုချလိုက်ရပြီး ဆက်လက်၍ကင်မရာဘက်သို့လှည့်ကာပြောလိုက်သည်။


 “ အနံ့ကကြည့်ရတာ မီးဖိုချောင်ကနေလာနေတဲ့ပုံပဲ… ဆိုင်ရှင်များ အရသာရှိတာတစ်ခုခုချက်နေလားမသိ…”


သူမ၏အကြည့်များမှာ ရှောင်ယွီနှင့်လက်ထောက်တို့၏အကြည့်များနှင့် ဆုံသွားခဲ့ပြီး လူတိုင်း၏မျက်လုံးထဲတွင် အံ့ဩရိပ်များရှိနေကြသည်။


ချင်းရှု : “ အနံ့ကတကယ်ပဲမီးဖိုချောင်ကနေ ထွက်လာနေတာလား…”


ရှောင်ယွီ : “ အသေအချာပဲ… ငါ့ရဲ့နှာခေါင်းက မလွဲနိုင်ဘူး..”


လက်ထောက် : “ ဒါပေမယ့် … သုံးထောင်စားတော်ဆက်ရဲ့ဆိုင်ရှင်က အရမ်းအရသာရှိတာကို ချက်နိုင်တာလား…ပုံရိပ်ယောင်များစလာတာ ဖြစ်နိုင်မလား…”


ချင်းရှု၏အမူအယာမှာ လေးနက်သွားပြီး သဘောပေါက်သွားသောကြောင့် အသံတိုးတိုးဖြင့်သီချင်းညည်းနေသည့် ရှောင်ယွီထံအချက်ပြလိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုစကားဝိုင်းထဲတွင် :


[ တကယ်ကိုထူးဆန်းတာပဲ…ဘယ်လိုအနံ့မျိုးက ရှောင်ရှုနဲ့ရှောင်ယွီကို မွှေးလိုက်တာဆိုပြီး ဖြစ်သွားစေတာလဲ… ငါတကယ်ပဲ သိချင်နေမိပြီ…]


[ ရှောင်ယွီတော့သီချင်းစဆိုနေပြီ… ပြီးတော့ ပြောင်းပြန်ဆိုနေတာ… ကြည့်ရတာ ဆိုင်ရှင်ကပုံရိပ်ယောင်သုံးနေတယ်လို့ ရှောင်ယွီသံသယဝင်နေတာပဲနေမယ်…]


[ သေချာပေါက်ပုံရိပ်ယောင်ပဲဖြစ်မှာ…ငါကရှောင်ရှုရဲ့ဖန်ဖြစ်တာ ကြာလှနေပြီ… မြောက်များစွာသော တိုက်ရိုက်ထုတ်လွှင့်မှုတွေထဲမှာ တစ်ခါမှသည်လောက်ပျော်မြူးနေတာမျိုး မမြင်ဖူးသေးဘူး… သူ့ရဲ့အချိန်လဟိုတယ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြတုန်းကတောင် မဖြစ်ခဲ့တာကို…သုံးထောင်စားတော်ဆက်ရဲ့ဟင်းပွဲတွေက အချိန်လဟိုတယ်ထက် ပိုကောင်းမယ်တဲ့လား…]


[ လက်မပေးလိုက်ပြီ…သည်ဟာက ကျိုးကြောင်းသင့်တော်တဲ့ဆွေးနွေးချက်ပဲ…ငါတော့ သုံးထောင်စားတော်ဆက်ရဲ့ဆိုင်ရှင်အသစ်က သည်လိုလူမျိုးဖြစ်နေမယ်ဆိုတာ လုံးဝကိုမျှော်လင့်မထားမိဘူး…ပုံရိပ်ယောင်တွေဆိုတာက အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုမှာ အထူးတလည်ကန့်သတ်ထားတဲ့အရာတွေပဲ…ငါတို့တွေဗျူရိုကိုအခုပဲခေါ်လိုက်သင့်တယ်…]


[ အသုံးမဝင်ဘူး…သုံးထောင်စားတော်ဆက်က အာကာသအက်ကွဲကြောင်းထဲမှာရှိနေတာ… အာကာသအက်ကွဲကြောင်းဆိုတာက ဥပဒေကင်းလွတ်တဲ့နေရာပဲ…အဲ့သည့်မှာ အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုအနေနဲ့ ဝင်ရောက်စွက်ဖက်လို့မရဘူး…]


[ သောက်ကျိုးနည်း နတ်ဘုရားမျိုးနွယ်စုက တကယ်ကို ကွဲပြားတာပဲ…ဘယ်သူမှထိန်းချုပ်လို့မရတဲ့ အက်ကွဲကြောင်းထဲမှာ စားသောက်ဆိုင်တစ်ဆိုင်တောင် ဖွင့်လိုက်သေးတယ်…ငါတော့ သုံးထောင်စားတော်ဆက်ကို တစ်ဘဝစာသပိတ်မှောက်လိုက်ပြီ…]


[ သေချာပေါက်ကို တစ်ဘဝစာ သပိတ်မှောက်ပြီဟေ့…]


[ တစ်ဘဝစာသပိတ်မှောက်မယ် +၁ ]


[ +၂ ]


ထိုအချိန်တွင် ချင်းရှုမှာမူ မန့်များအားအာရုံစိုက်နိုင်ခြင်း မရှိချေ။ သူမ၏စိတ်ထဲတွင် မဖြစ်နိုင်တာ သည်ဟာက ပုံရိပ်ယောင်မဟုတ်နိုင်ဘူး ဆိုသည့် အတွေးတစ်ခုသာ ရှိနေခဲ့သည်။ 


ရှောင်ယွီ၏သီချင်းမှ အလွန်ပေါ့ပါးသောအသံမှာ သူမ၏နားထဲတွင် ပဲ့တင်ထပ်ခဲ့သော်လည်း နှာခေါင်းဖျားမှ အနံ့မှာမူပျောက်ကွယ်သွားခြင်းမရှိပေ။ ထိုအစား ၎င်းမှာပို၍ပင် ပြင်းထန်သထက် ပြင်းထန်လာသည်။


သည်လိုဆိုရင် သုံးထောင်စားတော်ဆက်က ပုံရိပ်ယောင်မသုံးဘူးလား…ဆိုင်ရှင်ချက်တဲ့ဟင်းတွေက တကယ်ကြီးအရသာရှိတာ ဖြစ်နိုင်လေမလား…


ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…


ချင်းရှု ထိုအချက်ကို ဆိုင်ရှင်၏ပုံရိပ်ယောင်သုံးသည်ဟူသောအချက်ထက်ပင် ပို၍ယုံရခက်နေခဲ့သည်။ မည်သူကများ သုံးထောင်စားတော်ဆက်သည် အဆိုးဆုံးနေရာဖြစ်သည်ကို မသိနေပါမည်နည်း။ သို့သော်လည်း ယခုအချိန်တွင် သူမအား သုံးထောင်စားတော်ဆက်၏ဟင်းများမှာ ကောင်းကြောင်းပြောနေခြင်းကို ခံနေရသည်။ မည်သူကများ ထိုအရာကိုယုံကြည်နိုင်ပါမည်နည်း။


ရိုးရှင်းစွာပင် ၎င်းမှာ မခံရပ်နိုင်စရာကောင်းလှသည်။


သို့သော်လည်း မွှေးရနံ့မှာ သူမ၏နှာခေါင်းဝတွင်သာ ရှိနေခဲ့သည်။ လက်တွေ့နှင့် နားလည်နေမှုမှာ လုံးလုံးလျားလျားဆိုသလို ဆန့်ကျင်ဘက်အခြေအနေသို့ အပြင်းအထန်တွန်းပို့ခံလိုက်ရသည်။


မဟုတ်ပါ။ ၎င်းမှာ မမှန်သေးပါ။  ဟင်းပွဲတွေကို မချရသေးသည့်အပြင် သူမလည်း မြည်းစမ်းမကြည့်ရသေးခြင်းကြောင့် ဟင်းလျာများ၏အရသာမှာ မသေချာသေးပေ။


ထိုအချိန်မှာပင် ပိုင်ရှန်းကျစ်မှ လက်တွန်းလှည်းဖြင့် တွန်းကာထွက်လာခဲ့ပြီး ဝက်သားဂေါ်ဖီအစာသွပ်လိပ်နှင့် ကြက်ဥပေါင်းပန်းကန်ကို သူတို့သုံးဦး၏အရှေ့တွင် ချပေးလာသည်။ ပိုင်ရှန်းကျစ် နွေးထွေးစွာပြောလိုက်သည်


 “ ကျေးဇူးပြုပြီး သုံးဆောင်ပါ… ကျန်တဲ့ဟင်းနှစ်ပွဲကတော့ ခဏနေရင်ရပါလိမ့်မယ်…”


ပိုင်ရှန်းကျစ်၏ပုံရိပ် မီးဖိုချောင်တံခါးတွင်ပျောက်သွားသည်နှင့် အံ့ဩစရာကောင်းစွာ ချင်းရှု၊ ရှောင်ယွီနှင့်လက်ထောက်တို့ တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့၏တူများကို အမြန်ကောက်ယူလိုက်ကြပြီး ဂေါ်ဖီလိပ်ကို အလျင်စလိုယူကာ တစ်ချက်ကိုက်လိုက်သည်နှင့် ပူနွေးပြီးအရသာရှိသောအရည်များမှာ သူတို့၏ပါးစပ်ထဲတွင် ပေါက်ထွက်လာခဲ့သည်။


“ ဟူးဟူးဟူးဟူး…” သူတို့သုံးဦးသားမှာ ပါးစပ်ကိုဖွင့်၍ လက်ဖြင့်ပါးစပ်အနီးတွင် ယပ်ခပ်နေကြသည်။ တစ်စုံတစ်ယောက်၏လက်မှာ ကင်မရာကိုမတော်တဆတိုက်မိသွားခဲ့ပြီး စောင်းသွားစေကာ စားပွဲတစ်ခုလုံးနှင့် သူတို့သုံးဦးစလုံးကို ရိုက်ကူးမိသွားစေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူများမှာမူ သူတို့၏ ဟာသဆန်သော တပုံစံတည်းထပ်တူကျနေသည့် လှုပ်ရှားမှုများကို တွေ့ရှိသွားကြသည်။


[ ဟားဟားဟား အချိန်တွေသည်လောက်ကြာပြီး‌တဲ့နောက်မှ ပထမဆုံးအချိန်အဖြစ် ရှောင်ရှုသည်လိုမျိုး ရှုပ်ပွနေတာကိုမြင်ရတာပဲ…သူ့ရဲ့လောဘကြီးနေတဲ့အမူအယာကတော့… ရိုးရိုးရှင်းရှင်းကိုပဲ…ဟားဟားဟား…]


[ သည်သုံးယောက်က အရမ်းရယ်ရတာပဲ…သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း ထပ်တူကျနေသေးတယ်…ငါဟာသရှိုးကြည့်နေမိတယ်လို့တောင် ထင်သွားတာ…]


[ အပူလောင်နေတာတောင် သူတို့ပါးစပ်ထဲမှာရှိတဲ့အရာကို ထွေးမထုတ်ကြဘူးဆိုတဲ့အချက်ကို ငါတစ်ယောက်ပဲသတိထားမိတာလားဟေ…]


[ ငါလည်းသတိထားမိတယ်…ရှောင်ရှု အချိန်လဟိုတယ်ရဲ့ အသားကင်ကြောင့် အပူလောင်သွားတာကိုမှတ်မိနေသေးတယ်… သူချက်ချင်းထွေးထုတ်လိုက်တာလေ… ဟင်းလျာကအရသာရှိပေမယ့် သွားကျန်းမာရေးနဲ့လုံခြုံမှုက ပိုအရေးကြီးတယ်ဆိုပြီးတောင် ကြည့်ရှုသူတွေကိုပြော‌လိုက်သေးတာ….]


[ ……. ]


[ ……………. ]


[ သည်လိုသာဆိုရင်… သည်ဝက်သားဂေါ်ဖီအစာသွပ်လိပ်က အချိန်လဟိုတယ်ရဲ့ အသားကင်ထက်တောင် ပိုအရသာရှိနေတာပေါ့…]


[ !!!!! ]


[ !!!!!!!!!!!!! ]


[ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ… သည်ဟာက အချိန်လဟိုတယ် ဖြစ်ရမှာလေ…သည်ဟာက သုံးထောင်စားတော်ဆက်မှာ ဖြစ်ရမှာလား…]


[ မဖြစ်နိုင်ဘူးတကယ်… ဒါပေမယ့်လည်း ရှောင်ရှု ရှောင်ယွီနဲ့ လက်ထောက်တို့ရဲ့ အမူအယာကိုလည်း ကြည့်ကြပါဦး…]


ကင်မရာတွင်ပါနေသူသုံးဦးမှာ သက်သာသွားပုံပင်။ ပါးစပ်ထဲရှိအစားအစာကို လျင်မြန်စွာမြိုချလိုက်ပြီး ထပ်မံ၍တစ်လုတ်ထပ်ထည့်ရန် မစောင့်နိုင်တော့ပေ။ မြင်ကွင်းမှာ တစ်ဖန်ပြန်လည်ဖြစ်ပေါ်နေပြီး အလင်းအရှိန်နှင့် ထိုးသွပ်နေကြကာ ယခင်အတွေ့အကြုံကို သင်ခန်းစာမယူကြောင်း ပြသနေသည်။


အွန်လိုင်းပေါ်မှကြည့်ရှုနေသူများ : ……


[ သုံးထောင်စားတော်ဆက်ရဲ့ဟင်းပွဲက သည်လောက်တောင်အရသာရှိတာလား…]


[ ကောင်းတာမကောင်းတာတော့မသိဘူး… ငါသိတာတော့ ဗိုက်ဆာလာပြီဆိုတာပဲ…အခုပဲ ဥသွားချက်တော့မယ်ကွာ…]


[ ငါရောပဲဟယ်… သည်သုံးယောက်ကအဆိပ်ပြင်းလွန်းတယ်…ဟင်းပွဲကလည်း မယုံနိုင်လောက်အောင် မွှေးမဲ့ပုံ…]


[ အဲ့သည့်တော့ သည်ဟာက ဝက်သားဂေါ်ဖီအစာသွပ်လိပ်ပေါ့…ကြည့်ရတာ အရမ်းအရသာရှိပုံပဲ…ငါနေ့လည်ကျ သုံးထောင်စားတော်ဆက်ကိုသွားရင်ကောင်းမလားမသိ…]


[ ရှောင်ယွီသီချင်းဆိုနေတာကရပ်သွားပြီလေ… သည်ဟာကပုံရိပ်ယောင်ဆိုရင်ကော ဘယ်လိုလုပ်မလဲ…]


[ အရူး… ပုံရိပ်ယောင်တွေက ရေသူကိုဘယ်တော့မှ မလှည့်စားနိုင်ဘူး… ရှောင်ယွီရဲ့အမူအယာကိုပဲကြည့်စမ်းပါ…သေချာပေါက်ပုံရိပ်ယောင်မဟုတ်တာကို သိလိမ့်မယ်…]


ဝက်သားဂေါ်ဖီအစာသွပ်လိပ်ထဲတွင် နစ်မြုပ်နေရင်းမှ ချင်းရှုရုတ်တရက်ဆိုသလို အစာသွပ်လိပ်နှစ်လိပ်ကိုစားပြီးချိန်တွင် သတိရသွားခဲ့သည်။ သူမ ပန်းကန်ထဲမှ နောက်ဆုံးကျန်ရစ်သည့် ဂေါ်ဖီလိပ်တစ်လိပ်ကိုယူကာ ကင်မရာရှေ့တွင် ပြသလိုက်ပြီး စိတ်ကျေနပ်နေသည့်အပြုံးမှာ သူမ၏မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသည်


 “ အားလုံးပဲ မင်္ဂလာပါ… ဂေါ်ဖီအစာသွပ်နှစ်လိပ်ကိုစားခဲ့တဲ့ ရှောင်ရှုပါ…အခုတော့စားပြီးလို့ ပြန်ရောက်လာပါပြီ…ကဲ သည်ဝက်သားဂေါ်ဖီအစာသွပ်လိပ်ကို အနီးကပ်ကြည့်လိုက်ကြရအောင်…”


“ ဂေါ်ဖီကို နူးညံ့သွားတဲ့အထိ ချက်ပြုတ်ထားပေးပြီးတော့ အမည်မသိတဲ့ဆော့စ်ထဲမှာ စိမ်ထားခဲ့တာပါ…ပြီးတော့ သည်အနည်းငယ်လောက် နက်မှောင်နေတဲ့အရာက ထူးဆန်းနေပုံပေါ်ပေမယ့် နည်းနည်းငန်တဲ့အရသာနဲ့ အမည်မဖော်ပြနိုင်တဲ့မွှေးရနံ့ရှိနေပါတယ်…ကျွန်‌မတော့ သည်ဆော့စ်ကြီးပဲသောက်ရင်တောင် ရမယ်လို့ခံစားနေရတယ်ရယ်…”


“ နောက်ထပ်ပြီး အထဲမှာ ဘာတွေပါလဲဆိုတာ ကြည့်ကြရအောင်…” 


ရှောင်ရှု တက်တက်ကြွကြွဖြင့် အစာသွပ်လိပ်ကို တစ်ကိုက်ကိုက်ကာ ဝါးရင်းမြိုချရင်းဖြင့် ကြည်နူးနေခဲ့သည်


 “ လူတိုင်းပဲ တစ်ချက်လောက်ကြည့်ကြပါ…ဂေါ်ဖီအထဲမှာတော့ ဝက်သားနဲ့တခြားဟင်းသီးဟင်းရွက်တွေရှိနေပါတယ်…အရောင်တွေကြည့်ရုံနဲ့တင် သင်တို့ကိုဗိုက်ဆာအောင် လုပ်နိုင်နေပြီးတော့ စားလိုက်ရင်တော့ လုံးဝကိုအရမ်းကောင်းတဲ့အရသာရရှိသွားမှာပါ…”


“ ပထမဆုံးသတိပြုမိတဲ့အရာကတော့ ရှောင်ရှု တစ်ခါမှမရဖူးတဲ့ အမွှေးနံ့နဲ့အတူ ဝက်သားရဲ့အထိအတွေ့ပါပဲ…အဲ့သည့်ဟာက အနံ့ပြင်းပေမယ့် မသက်မသာဖြစ်စေတာတော့မဟုတ်ဘူး…ပြီးတော့ ဦးနှောက်ထိကိုပါ တိုက်ရိုက်ထိတွေ့သွားခဲ့တယ်…ပြီးတော့ ဆက်ဝါးလိုက်တာနဲ့ ဝက်သားကိုရစ်ပတ်ထားတဲ့ တခြားဟင်းသီးဟင်းရွက်တွေကလည်း ပေါက်ကွဲထွက်လာကော… ကြွပ်ဆတ်ဆတ်နဲ့ ကွဲပြားပေမယ့် ပြီးပြည့်စုံတဲ့ဝက်သားရဲ့အ‌ထိအတွေနဲ့ ကွက်တိသွားကျစေတယ်… ကျွန်မ ဂေါ်ဖီရဲ့မာတဲ့အပိုင်းကို ဝါးမိသွားတာတောင်မှ အဲ့သည့်သာက အရမ်းအရသာရှိနေတုန်းပဲ…”


သူမ၏တူပေါ်မှ အစာသွပ်လိပ်ကို အနည်းကိုက်ကာအပြီးသတ်ပေးလိုက်ပြီးနောက် ချင်းရှု ကင်မရာကိုကြည့်ကာ ပြောလိုက်သည်


 “ တစ်ခါမှ ဟင်းတစ်ပွဲထဲမှာ သည်လောက်များတဲ့အစာပလာတွေပါတာမျိုး မကြုံဖူးသေးဘူး…ပါဝင်ပစ္စည်းတိုင်းကလည်း ကိုယ်ပိုင်ပုံစံတွေရှိကြပြီး အပြည့်အဝကို လိုက်ဖက်ညီနေခဲ့တာ…ပါးစပ်ရောက်သွားတဲ့အခိုက်အတန့်လေးကတင် အရသာခံဖုတွေနဲ့ အာခံတွင်းအတွက် လှပတဲ့ခရီးတစ်ခုဖြစ်နေခဲ့ပြီးပြီ….”


တိုက်ရိုက်ထုတ်လွှင့်မှု ဆွေးနွေးခန်းအတွင်း :


[ ဝူးဝူးဝူးဝူး ကျေးဇူးပြုပြီးရပ်ပါတော့… နင်ကမကောင်းတဲ့သူပဲ…ငါအခုသွားရည်တွေနဲ့ တစ်နေရာလုံးရွှဲနေရပြီလို့…]


[ ဘာလို့မုန့်ဖိုးကုန်သွားတဲ့အခါကြမှ ငါသည်ဟာကိုတွေ့လိုက်ရတာလဲ…]


[ ချက်ချင်းး… အခုကိုပဲ ငါ သုံးထောင်စားတော်ဆက်ဆီအမြန်နှုန်းနဲ့သွားဖို့လိုတယ်…]


[ သည်ဟာက တကယ်ပဲ ဝက်သားဂေါ်ဖီအစာသွပ်လိပ်လား… သုံးထောင်စားတော်ဆက်ရဲ့ ဝက်သားနဲ့ဂေါ်ဖီကို ငါလက်လျော့လိုက်ပြီးနောက်မှာ သည်ဟာကိုတော့ ထပ်စားကြည့်နိုင်လောက်မယ်ထင်တယ်….]


[ သည်လောက်အရသာရှိတဲ့ဟင်းတွေချက်နိုင်တာ… သည်နတ်ဘုရားပိုင်ရှင်က ဘယ်သူလဲဟ… ]


[ တကယ်လို့သာ ဝက်သားနဲ့ဂေါ်ဖီက သည်လောက်အရသာရှိနေရင် ကျန်တဲ့ဟင်းတွေကကော ဘယ်လို‌အရသာနေမယ်မသိနော်…]


ချင်းရှု ကင်မရာကို နောက်ထပ်ဟင်းပွဲစီသို့ ရွှေ့ပေးလိုက်သည်။ အညိုရောင်စင်းကောထားသော အသားမှာ အမည်မဖော်နိုင်သည့် နူးညံ့ပြီးအဝါရောင်ရှိသောအရာတစ်ခုပေါ်တွင် ပြန့်ကျဲနေသည်။ အသားစင်းကောထံမှ အရည်များမှာ အဝါရောင်အရာဝတ္ထုပေါ်သို့ တောက်တောက်စီးကျနေပြီး အစာစားချင်စိတ်ကို နှိုးဆွပေးနေသောကြောင့် ရှောင်ရှု အနားသို့ကပ်ကာ အနံ့ခံကြည့်လိုက်သည်


 “ ငန်ပြီးတော့ ဥအနံ့ပါတဲ့ အနံ့မွှေးမွှေးတစ်ခုပဲရယ်…သည်ဟာက ဥထမင်းကြော်လား ကြက်ဥပေါင်းလား ဘာဖြစ်မလဲမသိရသေးဘူးဆိုတော့ အရင်ဆုံးမြည်းကြည့်လိုက်ရအောင်…”


ပြောပြီးသည်နှင့် ချင်းရှု အနီးနားရှိဇွန်းတစ်ချောင်းကိုကောက်ကာ အလယ်ခေါင်မှ အပိုင်းတစ်ပိုင်းကို သတိကြီးကြီးထား၍ ခပ်ယူလိုက်သည်။ ဥ၏‌မွှေးရနံ့ပါဝင်နေသော နူးညံ့ပြီးအဝါရောင်ရှိသည့်အရာမှာ ဇွန်းပေါ်တွင် တုန်နေခဲ့ကာ အညိုရောင်အသားစင်းကောမှာမူ ဇွန်း၏အခြားတစ်ဖက်အစွန်းတွင် ရှိနေခဲ့သည်။ မူလပုံပန်းသဏ္ဍာန်အရ ကွဲပြားနေသည့်အရာနှစ်ခုမှာ အနက်ရောင်ဆော့စ်အရ အတူလိုက်ဖက်ညီစွာ ပေါင်းစပ်နေသည်။


“ ကျွန်မ…” ချင်းရှု၏လည်ချောင်းမှာ နိမ့်ချီမြင့်ချီဖြစ်နေသည် “ မြည်းကြည့်လိုက်ပါဦးမယ်…”


မြည်းသည်ဟူသော စကားလုံးမပျောက်သွားခင်မှာပင် ဇွန်းမှာ သူမပါးစပ်ထဲသို့ရောက်သွားလေပြီ။ တခဏအတွင်း ချင်းရှု မျက်လုံးကိုမှိတ်ကာ ကင်မရာရှေ့၌ သက်ပြင်းချလိုက်မိသည်


 “ အရမ်းကိုအရသာရှိတာပဲ…ဥရဲ့အနံ့နဲ့အတူ နူးညံ့ချောမွေ့နေတာ…တစ်ကိုက်ကိုက်လိုက်ရုံနဲ့တင် ပါးစပ်ထဲမှာ အရသာတွေပေါက်ကွဲသွားပြီးတော့ လွယ်လွယ်ကူကူလည်း မြိုချလို့ရတယ်… အပေါ်မှာတင်ထားတဲ့ အသားစင်းကောကလည်း အရမ်းအရသာရှိတာပဲ…နူးညံ့‌ချောမွေ့နေတဲ့ဟင်းပွဲအတွက် ဝါးစရာလေးဖြစ်နေခဲ့တာ…နည်းနည်းလောက် အသာအယာဝါးလိုက်တာနဲ့ အသားကပျော်ဆင်းသွားကော… မြိုချပြီးတဲ့အခါကျရင် အသားနဲ့ဥရဲ့အရသာက ပါးစပ်ထဲမှာ လိုက်ဖက်ညီစွာ ပေါင်းစပ်သွားခဲ့တယ် … တကယ်ကိုအံ့ဩစရာပဲ…”


ချင်းရှု မျက်လုံးများကိုပြန်ဖွင့်လိုက်သည်နှင့် စောင့်ဆိုင်းနိုင်ခြင်းမရှိတော့ဘဲ ထပ်မံ၍ဇွန်းအပြည့်တစ်ဇွန်းကောက်ယူလိုက်သည်။ ချင်းရှု ဒုတိယတစ်လုတ်စားပြီးသည်နှင့် ရှောင်ယွီနှင့်လက်ထောက်တို့မှာလည်း တူညီစွာပင်။ ကိုယ်စီကိုယ်စီ ကြက်ဥပေါင်းကို ဇွန်းအပြည့်ခပ်ယူလိုက်ကြကာ ပါးစပ်ထဲထည့်လိုက်သည်။ ဤသို့ဖြင့် အနှီသူသုံးဦး၏ ဟင်းပွဲအပေါ် ပြိုင်ဆိုင်နေသည့်မြင်ကွင်းမှာ အွန်လိုင်းမှကြည့်ရှုသူများ၏ရှေ့တွင် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြန်သည်။


[ မနာလိုဘူး…ဘာလို့ငါအဲ့သည့်ကို လူကိုယ်တိုင်မရောက်နေရတာလဲ…]


[ တိတ်တိတ်လေးကြိတ်ငိုနေပါပြီ… ငါလည်းစားချင်တယ်လေ… ဘာလို့မုန့်ဖိုးကုန်သွားမှ မြင်လိုက်ရတာလဲလို့…]


[ ချက်ချင်းး… အခုကိုပဲ ငါ သုံးထောင်စားတော်ဆက်ဆီ အမြန်နှုန်းနဲ့သွားတော့မယ်…]


[ တကယ်ပဲအရမ်းအရသာရှိတာလား… သုံးထောင်စားတော်ဆက်က အစားအစာတွေကလေ…]


[ တကယ်ပဲ ဝက်သားဂေါ်ဖီက အရမ်းအရသာရှိတာလား… တခြားဟင်းပွဲကကော ဘယ်လိုနေမလဲမသိ…ငါလည်းစားချင်တယ်လို့…]


[ ငါတကယ်ပဲ ဘယ်လိုအရသာလဲဆိုတာ သိချင်လိုက်တာနော်…တစ်ခါမှ သည်လိုနူးညံ့ပျော့ပြောင်းနေတာမျိုးမမြင်ဖူးသေးဘူး…]


[ အော်ငိုနေရပြီ…ချက်ချင်းပဲ အာကာသအက်ကွဲကြောင်းဆှသွားဖို့ လက်မှတ်သွားဖြတ်တော့မယ်…သည်နေ့အတွင်း သုံးထောင်စားတော်ဆက်ကို သွားကိုသွားရမှဖြစ်မယ်…]


[ ရှောင်ရှုကို လက်ထောက်လိုဦးမလားလို့ပဲ မေးချင်ပါတယ်… လစာမယူဘဲလုပ်ပေးပါ့မယ်လို့…]


[ ငါကတော့မတူဘူး… ဆိုင်ရှင်က လူလိုဦးမလားလို့ပဲ ရှောင်ရှုကိုမေးခိုင်းချင်တာ… တစ်ပြားမှပေးဖို့မလိုပါဘူး တစ်နေ့ကိုသုံးနပ်စားရရင်ကိုရနေပါပြီ…]


[ ဝိုးး အပေါ်ထပ်ကလူက တကယ်အကြံကြီးတာပဲ… ရှောင်ရှုရေ ငါ့အတွက်လည်း ထည့်မေးပေးပါဦး…]


အစားအသောက်ပြိုင်ပွဲအကြားမှ ထိုမန့်များကိုမြင်လိုက်ရချိန်တွင် ချင်းရှု၏မျက်လုံးများ တောက်ပသွားခဲ့သည်။ 


တကယ်ကိုပဲ သူမသည်လည်း နည်း‌နည်းသွေးဆောင်ခံလိုက်ရသလို ခံစားနေရတာပါပဲ။



🥘