Chapter 13
Viewers 2k

🥘Chapter 13




ပိန်းပိတ်မှောင်မိုက်နေသည့် အာကာသအက်ကွဲကြောင်းအတွင်း၌ မည်သည့်အရာမှ ရှိမနေချေ။ ၎င်းမှာ အဆုံးမရှိသော တိတ်ဆိတ်မှုနှင့် အမှောင်ထုတို့၏ နယ်မြေပင်ဖြစ်သည်။


အနည်းဆုံးအနေဖြင့် ၎င်းမှာ လွန်ခဲ့သောတစ်မိနစ်ကအထိဖြစ်သည်။


ထိုအချိန်တွင် လူငယ်လေးနှစ်ဦး သို့မဟုတ် လူငယ်လေးတစ်ဦးနှင့် ကလေးတစ်ယောက်ဆိုရမည့်သူနှစ်ဦးမှာ တိတ်ဆိတ်မှောင်မိုက်နေသော အာကာသအက်ကွဲကြောင်းထဲတွင် ပေါ်လာခဲ့သည်။


သူတို့နှစ်ဦးမှာ ရှုပ်ပွနေသောငွေ‌မှင်ရောင်ဆံပင်များရှိပြီး အာကာသအက်ကွဲကြောင်းအတွင်း အရှေ့သို့ဆက်သွားနေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသူတို့မှာ ပဠိပက္ခဖြစ်နေသည့်ပုံပင်။


ကလေးငယ်လေးမှ သနားသဖွယ်ပြောလာသည် ။


“ အစ်ကိုကြီး ကျွန်တော်ဗိုက်ဆာပြီ… ပြီးတော့အရမ်းပင်ပန်းတာပဲ…. နဂါးဘုံထိရောက်အောင် ဘယ်လောက်လိုဦးမှာလဲဟင်…”


လူငယ်လေးမှ ပြန်ဖြေခဲ့သည် “ ပေအာ နည်းနည်းလောက်ထပ်ပြီးတောင့်ခံထားပါဦး… ကိုကြီးတို့ ခရီးရဲ့သုံးပုံတစ်ပုံလောက်ရောက်နေပါပြီကွာ…နည်းနည်းလေးပဲ ဆက်ပြီးသည်းခံလိုက်ရင် ရောက်တော့မှာပါ…”


ခရီး၏သုံးပုံတစ်ပုံသာ ရောက်သေးသည်ဟု ကြားလိုက်ရချိန်တွင် ပေအာဟုအမည်ရသော ကလေးငယ်လေးမှ ချက်ချင်းရပ်တန့်လိုက်သည် “ အခုမှ သုံးပုံတစ်ပုံပဲလား…သည်လောက်အကြာကြီးလမ်းလျှောက်လာခဲ့ရတာတောင် ဘာလို့သုံးပုံတစ်ပုံပဲလဲ..”


ကလေးငယ်၏ခံစားချက်များ ပြိုကျသွားပြီး အပြင်းအထန်ငြင်းဆိုလာသည် “ မသွားတော့ဘူး… တော်ပြီ မသွားဘူး… ကျွန်တော်အိမ်ကိုပဲပြန်ချင်တယ်… မုန့်စားချင်တယ်…နားလည်းနားချင်နေပြီလို့…”


လူငယ်လေးမှ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည် “ မရဘူး သည်မှာပဲရပ်လိုက်လို့မရဘူးနော်… သည်ဟာက အာကာသအက်ကွဲကြောင်းပဲ… အန္တရာယ်များတယ်…ပြန်သွားလို့လည်း ရမှမရတာပဲဟာ အဖေငါတို့ကိုဘယ်လိုဆူခဲ့လဲဆိုတာ မေ့သွားပြီလား…”


ကလေးလေးမှ ခေါင်းမာမာနှင့် ထိုင်ချကာ ခြေထောက်များကို ကန်ကျောက်၍ ငိုကြွေးနေသည်။


 “ ဟင့်အင်း ဟင့်အင်း ဂရုမစိုက်ဘူး…ဗိုက်ဆာတယ်လို့..  စားကိုစားရမှရမယ်…”


လူငယ်လေးမှ အံကြိတ်ကာပြောလိုက်ရသည် “ သည်လိုဆိုလည်း သုံးထောင်စားတော်ဆက်ကို သွားရအောင်…”


ကလေးငယ်လေးမှာ ပို၍ပင်သည်းထန်စွာ ငိုကြွေးသွားသည် “ သုံးထောင်စားတော်ဆက်ကို မသွားချင်ဘူးလို့… အဲ့သည့်ကဟာတွေက ချီးထက်ပိုဆိုးတယ်ဆိုပြီး လူတိုင်းပြောနေကြတာကို…အချိန်လဟိုတယ်က အသားကင်ကိုပဲစားချင်တယ် ဝူးဝူးဝူး…”


လူငယ်လေး၏ သည်းခံစိတ်မှပျောက်ဆုံးသွားခဲ့သည်။


 “ သည်အက်ကွဲကြောင်းထဲမှာ သုံးထောင်စားတော်ဆက်တစ်ဆိုင်ပဲရှိတယ်…ငါတို့အဲ့မှာပဲစားမယ်…”


ည တစ်ဆယ့်တစ်နာရီအချိန်၌ ပိုင်ရှန်းကျစ် နောက်ဆုံးစားသုံးသူကို နှုတ်ဆက်လိုက်သည်။ နံရံပေါ်ရှိအလုပ်ခေါ်စာမှာမူ တစ်နေ့လုံးသတိပြုခံရပြီး လာ‌လျောက်သူအများအပြားရှိခဲ့သည်။ သို့သော်လည်း အနည်းငယ်မေးမြန်းပြီးသည်နှင့် ထိုသူအားလုံးမှာ ဆိုင်တွင်စားချင်ရုံမျှသာဖြစ်ကြောင်းကို ပိုင်ရှန်းကျစ်သိသွားခဲ့ရသည်။


အေးအေးချမ်းချမ်းလုပ်ကိုင်နိုင်ရန်အတွက် အားလုံးမှာ ပိုက်ဆံပေးရန်ဆန္ဒရှိကြောင်း ပြောလာကြသော်လည်း တစ်ခုတည်းသော အခြေအနေမှာ ဆိုင်တွင် သုံးနပ်စာအတွက် ‌ဗိုက်ပြည့်သည်အထိ စိတ်ကြိုက်စားချင်နေကြခြင်းပင်။


ပိုင်ရှန်းကျစ် ထိုသူများကို အမူအယာကင်းမဲ့စွာ ကန်သာထုတ်လိုက်သည်။ ဟမ့် အလုပ်ကြမလုပ်ချင်ဘူး စားပဲစားချင်တယ်လား…သည်လိုဆို ဘာလို့ငှားရမှာလဲ…အိပ်နေတုန်းအဖော်လုပ်ပေးဖို့လား…


တချို့သော အင်တာလာဗျူးခံသူများဆိုလျှင် ဤသို့ပင်ပြောကြသေးသည် “ သုံးထောင်စားတော်ဆက်က ဝေးဝေးလံလံမှာရှိတာဆိုတော့ အလုပ်သမားတစ်ယောက်တည်းဆိုရင် ဘယ်လောက်မလဲ…သေချာပေါက် ကြောက်သွားလိမ့်မယ်… နှစ်ယောက်လောက်မှ စိတ်ချရ…”


ပိုင်ရှန်းကျစ် ထိုအရူး၏ပါးစပ်ကို တိုက်ရိုက်ပင် ဥထမင်းကြော်နှင့်သွပ်ထည့်ပေးလိုက်ပြီး အမွှေးပွပွနားရွက်ကကိုင်၍ ကန်ထုတ်လိုက်ရသည်။ ဘယ်လိုတောင် ပေါက်ကရတွေအပြည့်လဲနော်…


တစ်နေသာကုန်သွားသော်လည်း အလုပ်ခေါ်စာအတွက် တိုးတက်မှုမရှိသေးချေ။ ပိုင်ရှန်းကျစ် မနက်ဖြန်ကြလျှင် အကန့်အသတ်ဖြင့် ရောင်းချရန်ပင် စဉ်းစားနေရလေပြီ။ အစောဆုံးလာသူ စောစောရမည်… ရောင်းကုန်သွားပါက ဆိုင်ပိတ်ပြီ ဟူ၍ပင်။


တွေးနေရင်းဖြင့် တံခါးပိတ်ရန်လာခဲ့သော်လည်း ရုတ်တရက်ဆိုသလို အပြင်ဘက်မှကလေးငိုသံကြားလိုက်ရသည်။


“ ဟင့်ဟင့် သုံးထောင်စားတော်ဆက်ကို မသွားချင်ဘူးလို့ အဟင့်အဟင့်…”


ပိုင်ရှန်းကျစ် : “....”


ငိုသံမှာ ကျယ်သည်ထက်ကျယ်လာသည်။ မည်သည့်မိသားစုမှ ကလေးမှာ ထိုမျှအထိမရပ်မနားငိုကြွေးနေပြီး တူညီသောစကားကိုသာ အထပ်ထပ်ပြောနေသည်လဲအား သူမသိတော့ပါ။ ပိုင်ရှန်းကျစ် နဖူးပေါ်မှအနက်ရောင်လိုင်းများဖြင့် ဆိုင်တံခါးအားပိတ်တော့မည်အချိန်တွင် အရပ်ရှည်သည့်ကလေးတစ်ယောက်နှင့်အတူ ငိုသံများဖြင့် အရပ်ပုသည့်ကလေးတစ်ယောက်မှ ဆိုင်ထဲသို့ဝင်လာခဲ့သည်။


“ ပေအာ ငါတို့သုံးထောင်စားတော်ဆက်ကိုရောက်ပြီ ငိုတာရပ်တော့…”


အသက်ပိုကြီးသည့်လူငယ်လေးမှ ငိုယိုနေသောကောင်စုတ်ကလေးကို ဆွဲခေါ်လာရန်ကြိုးစားနေခဲ့သော်လည်း သူ၏သေးကွေးအားနည်းမှုကြောင့် မအောင်မြင်နိုင်ရှိနေကာ မြေပြင်ပေါ်လဲကျမလိုပင်ဖြစ်နေရသည်။


ပိုင်ရှန်းကျစ် လက်ဆန့်ကာ ကလေးနှစ်ယောက်စလုံးကို ထိန်းကိုင်လိုက်ရပြီး တည်ငြိမ်စွာပြောလိုက်သည်။


 “ ကလေးတို့ ဆိုင်ကပိတ်နေပြီ… စားချင်တယ်ဆိုရင် မနက်ဖြန်မှပြန်လာခဲ့ကြနော်…”


ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာတို့ နှစ်ဦးစလုံးထိတ်လန့်သွားကြသည်။ ထိုအချိန်မှသာ တံခါးတွင်ရပ်နေသည့်လူတစ်ဦးကို သူတို့သတိပြုမိသွားကြသည်။ ဖုန့်ပေအာ ပါးစပ်ကိုတင်းတင်းပိတ်လိုက်မိပြီး ဖုန့်ပေါင်အာမှာမူ ညီငယ်ကိုအနောက်သို့‌ပို့၍ သတိတကြီးဖြင့်ကြည့်ကာ မေးလိုက်သည် 


“ ဘယ်သူပါလဲ…”


ပိုင်ရှန်းကျစ် : “.....”


သူ့ရဲ့ကိုယ်ပိုင်ဆိုင်ထဲမှာရှိနေတာကို ဘယ်သူလဲလာမေးနေတာလား…


ပိုင်ရှန်းကျစ် : “ ဘယ်သူလို့ထင်လဲ…”


ဖုန့်ပေါင်အာမှာမူ ပို၍ပင်သတိထားနေခဲ့သည် “ မကောင်းတဲ့လူလားဟင်…”


ပိုင်ရှန်းကျစ်၏နှုတ်ခမ်းများတွန့်ချိုးသွားပြီး လူငယ်လေး၏နဖူးကို လက်ဖြင့်တောက်ကာ ပြောလိုက်သည်။


 “ ကလေး သည်ဟာကငါ့ဆိုင်လေ ဘယ်သူဆိုတာ မင်းပဲပြောကြည့်…”


ဖုန့်ပေါင်အာ နဖူးကိုလက်ဖြင့်အုပ်ကိုက်ကာပြောလိုက်သည် “ ခင်ဗျားက သုံးထောင်စားတော်ဆက်ရဲ့ပိုင်ရှင်လား…”


ပိုင်ရှန်းကျစ် ပြန်မဖြေဘဲ ကြည့်နေခဲ့သည်။


ဖုန့်ပေါင်အာမှ ဖုန့်ပေအာ၏လက်ကိုကိုင်၍ အရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး အရွယ်ရောက်သူသဖွယ်ဟန်ဆောင်ကာ ပြောလိုက်သည် “ ကျွန်တော်တို့ စားချင်တယ်… သည်မှာဘာရလဲ…”


ပိုင်ရှန်းကျစ် အသံတိုးတိုးဖြင့် ရယ်လျက်ပြောလိုက်မိသည် “ ကလေးတွေ ပြောခဲ့တာကို မကြားကြဘူးလား… ဆိုင်ကသည်နေ့အတွက်ပိတ်ပြီလို့ စားချင်ရင်မနက်ဖြန်ကြမှ ပြန်လာကြချည်…”


ဖုန့်ပေါင်အာ၏မျက်နှာတွင် ထိတ်လန့်မှုတစ်ချက်ပေါ်လာသော်လည်း ချက်ချင်းဖိနှိပ်ထားလိုက်သည်။ သူ ပိုင်ရှန်းကျစ်ထံ သတိထားနေသည့်အကြည့်တစ်ချက်ပေးလိုက်ပြီးနောက် အနောက်သို့လှည့်ကာ ဖုန့်ပေအာထံ တီးတိုးပြောလိုက်သည်။


“ ပေအာ သုံးထောင်စားတော်ဆက်က ပိတ်ပြီတဲ့… သွားရအောင်…”


ဖုန့်ပေအာ နှာတရှုံ့ရှုံ့ဖြင့် နာခံမှုရှိစွာခေါင်းညိတ်ပြလိုက်သည်။ သူသည်နောက်လိုက်တစ်ယောက်သာဖြစ်သော်ကြောင့် အပြင်လူများ၏အရှေ့တွင် စကားတစ်လုံးပင်မထွက်ရဲပါချေ။ တတ်နိုင်သမျှသာ အမြန်ပြန်သွားချင်လှပြီဖြစ်သည်။


ဤသို့ဖြင့် ယခုပင်ဝင်လာသည့်ကလေးနှစ်ယောက်မှ တံခါးဆီသို့ ပြန်လျှောက်သွားကြသည်။


“ ဂွီ ဂွီ ဂွီ…”


“ ဂွီ ဂွီ ဂွီ…”


ပိုင်ရှန်းကျစ် သက်ပြင်းတစ်ချက်ချကာ ကလေးများကိုလှမ်းခေါ်လိုက်သည် “ ခဏလေး …”


“ စားကြချည်…” သူ ဥထမင်းကြော်နှစ်ပန်းကန်ကို ကလေးများရှေ့တွင် ချပေးလိုက်ပြီး သူတို့၏မျက်နှာချင်းဆိုင်တွင်ထိုင်ကာ သမ်းဝေနေခဲ့သည်။


ကလေးငယ်များအတွက် သူတို့၏အရှေ့မှဥထမင်းကြော်မှာ ပြန့်ကျဲနေသော ကြက်သွန်မြိတ်များနှင့်အတူ ရွှေရောင်သန်းနေခဲ့သည်။ ကြက်သွန်မြိတ်များ၊ ဥနှင့် ဝက်ဆီတို့၏မွှေးရနံ့မှာ အနံ့ခံလိုက်သည် မည်သူကိုမဆို သွားရည်ကျလာစေသည်။


သူတို့အရှေ့တွင်ရှိသည့်အရာမှာ မည်သည်ဖြစ်ကြောင်းကို ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့ မသိကြသော်လည်း ဥထမင်းကြော်အား ကြည့်မိရုံနှင့်တင် သွားရည်ယိုလာခြင်းမှာမူ တားဆီးမရနိုင်ခဲ့ပေ။ ဖုန့်ပေအာမှ တောင့်ခံမထားနိုင်တော့ဘဲ အသံတိုးတိုးဖြင့် မေးလိုက်မိသည် “ အစ်ကိုကြီး…”


ဖုန့်ပေါင်အာ မျက်လုံးများမှိတ်ထားသည့် ပိုင်ရှန်းကျစ်ကိုကြည့်လိုက်ပြီး အဆုံး၌ ဥထမင်းကြော်တစ်ဇွန်းခပ်၍ ပါးစပ်ထဲသို့ထည့်လိုက်သည်။ အစပိုင်းတွင် ၎င်းမှာစိတ်ချရမချရ မသိရသေးသည့်အတွက်ကြောင့် ညီငယ်အတွက် ဦးဆုံးမြည်းစမ်းပေးမည်ဟု ရည်ရွယ်ခဲ့သော်လည်း တစ်ဇွန်းအပြည့် ပါးစပ်ထဲရောက်သွားသည်နှင့် သူ၏စိတ်ထဲတွင် ချက်ချင်းဆိုသလို ဗလာကျင်းသွားရကာ သူတွေးနိုင်သည့်တစ်ခုထဲသောအရာမှာ မည်မျှအရသာရှိသည်ကိုပင်။ အရသာရှိသည် အရသာရှိသည်ဟူသော စကားလုံးများဖြင့်သာ သူ၏စိတ်ထဲတွင် ပြည့်နှက်နေခဲ့သည်။


သူ၏လှုပ်ရှားမှုများမှာ တဖြည်းဖြည်းမြန်ဆန်လာပြီး တစ်ဇွန်းပြီးတစ်ဇွန်း ပါးစပ်ထဲအမြန်ရောက်သွားခဲ့သည်။ သွားရည်ကျလုမတတ်ဖြင့် စောင့်ကြည့်နေသော ဖုန့်ပေါင်အာမှာ အစ်ကိုဖြစ်သူရပ်တန့်တော့မည်မဟုတ်ကြောင်း သဘောပေါက်သွားသည့်အတွက် သူသည်လည်း ဇွန်းကိုယူကာ အစ်ကိုကြီးကဲ့သို့ စတင်ထိုးသွပ်လိုက်သည်။


ပန်းကန်ထဲရှိအရာများ လျှင်မြန်စွာလျော့နည်းသွားပြီး ဖုန့်ပေါင်အာ အဆုံး၌ အရှိန်ကိုလျော့နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဥထမင်းကြော်ပန်းကန်မှာမူ အမြန်နှုန်းဖြင့် ပြောင်စင်သွားခဲ့လေသည်။ တုန့်ဆိုင်းဆိုင်းဖြင့် ဇွန်းကိုချလိုက်ချိန် ဖုန့်ပေအာမှာမူ အလောတကြီးစားနေပြီး ခေါင်းကိုပန်းကန်ထဲနစ်မြုပ်ထားဆဲဖြစ်ကာ ထမင်းစေ့များမှာ မျက်နှာတစ်ခုလုံးပြန့်ကြဲနေခဲ့သည်။ ဖုန့်ပေါင်အာ ညီငယ်ဖြစ်သူပန်းကန်ထဲမှ ကပျာကယာ ထမင်းတစ်ဇွန်းခပ်ကာ လေကဲ့သို့သောအရှိန်ဖြင့် ပါးစပ်ထဲပစ်ထည့်လိုက်မိသည်။


“ ကောကော…” ဖုန့်ပေအာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အစ်ကိုဖြစ်သူအားကြည့်နေစဉ်မှာပင် ထမင်းကိုဆက်လက်ထိုးသွပ်နေခဲ့သည်။


 “ ဘယ်လိုလုပ်ပြီး ကျွန်တော့်ဟာကိုပါ ယူစားပစ်ရတာလဲ…”


ဖုန့်ပေါင်အာ ပါးစပ်ထဲမှာ ထမင်းကိုမျိုချလိုက်ပြီးနောက် ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်သည် “ မင်းမကုန်နိုင်တာကို မြင်လိုက်လို့ ကူစားပေးတာလေ…”


ဖုန့်ပေအာ့ ဟမ့်ခနဲအသံတစ်ချက်ပေးလိုက်ပြီး ပလုတ်ပလောင်းဖြင့် ပြောလာသည် “ မကူစေချင်ပါဘူးနော်…”


ဖုန့်ပေါင်အာ နောင်တရစွာဖြင့် ဇွန်းကိုချထားလိုက်ရသည်။


ပိုင်ရှန်းကျစ် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီးနောက် ဖုန့်ပေါင်အာထံကြည့်ကာ မေးလိုက်သည် “ မင်းတို့ရဲ့မိဘတွေက ဘယ်မှာလဲ…”


ဖုန့်ပေါင်အာမှာမူ သတိကြီးကြီးထားနေဆဲဖြစ်ကာ ခပ်မာမာ ပြန်ဖြေလာသည် “ ခင်ဗျားကိစ္စမဟုတ်ပါဘူး…သည်ဟင်းကဘယ်လောက်ကျလဲပဲပြောပါ…”


ပိုင်ရှန်းကျစ် သုံးထောင်စားတော်ဆက်အတွင်းရှိ တစ်ခုတည်းသော ကျောမှီထိုင်ခုံတွင်မှီလျက် ခြေထောက်ကိုချိတ်ကာ ပြောလိုက်သည် “ အချိန်အာကာသဒင်္ဂါးနှစ်ရာ…မင်းမှာရှိလား…”


ဖုန့်ပေါင်အာ ခေါင်းကိုမော့လျက် ဟမ့်ခနဲအသံပေးလိုက်ပြီး အိတ်ကပ်ထဲသို့ ပိုက်ဆံနှိုက်ယူလိုက်သည်။ သို့သော်လည်း ခဏအကြာတွင် သူ၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားခဲ့သည်။ အိတ်ကပ်တွင်းရှိ ပိုက်ဆံမှာ မရှိတော့ချေ။


ပိုင်ရှန်းကျစ် အသံတိုးတိုးဖြင့် ရယ်လျက်မေးလိုက်သည် “ ဘာလဲ ပိုက်ဆံမရှိတော့ဘူးလား…”


ဖုန့်ပေါင်အာ အလျော့ပေးရန် ငြင်းဆိုနေခဲ့ပြီး သူ၏အိတ်ကပ်အား အတွင်းအပြင်အားလုံး လှန်လှောရှာဖွေလိုက်သည့်တိုင် အတူယူလာသော အချိန်အာကာသဒင်္ဂါးသုံးရာမှာ မရှိတော့ပေ။ သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်နေသောအမူအယာမှာ ပို၍ပင်ပြင်းထန်လာပြီး မျက်ရည်ဝဲလာခဲ့သည်။


အဆုံး၌ ဖုန့်ပေါင်အာသည်လည်း ဆယ်နှစ်ပင်ကျော်သေးပုံမရသော ကလေးတစ်ဦးသာဖြစ်လေသည်။


ပိုင်ရှန်းကျစ် သက်ပြင်းသာချလိုက်ရသည် “ ကောင်းပြီ ပိုက်ဆံအတွက်ထားလိုက်တော့… မနက်ဖြန်ကျမှပဲ စားထားတာအတွက် ဆိုင်မှာတစ်ရက်စာအလုပ်လာလုပ်ပေးလိုက်ချည်…”


ဖုန့်ပေါင်အာ၏မျက်လုံးထဲတွင် မျက်ရည်များပြည့်သွားပြီး စားပြီးသွားပြီဖြစ်သော ဖုန့်ပေအာသည်လည်း ဇွန်းကိုအသာအယာချကာ အစ်ကိုဖြစ်သူ၏အင်္ကျီလက်ကိုကိုင်၍ ပြောလာသည် 


“ အစ်ကိုကြီး မငိုပါနဲ့…ကျွန်တော်အလုပ်လုပ်ပြီး ပိုက်ဆံရှာပေးပါ့မယ်…”


ဖုန့်ပေါင်အာ နှာတရှုံ့ရှုံ့ဖြင့် ဖုန့်ပေအာ၏ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီး ပိုင်ရှန်းကျစ်ထံကြည့်ကာ ပြောလိုက်သည်


 “ ကောင်းပြီ ကျွန်တော် မနက်ဖြန်ကျရင် အလုပ်လုပ်ပေးမယ်…”


ဖုန့်ပေအာသည်လည်း အသံကျယ်ကျယ်ဖြင့် လိုက်ပြောလာသည် “ ကျွန်တော်ရောပဲ…”


နောက်တစ်နေ့မနက်တွင် သုံးထောင်စားတော်ဆက်၏ တံခါးများကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ပိုင်ရှန်းကျစ် ကလေးနှစ်‌ယောက်၏ မနက်စာအတွက် ကြက်ဥမွှေကြော်ခေါက်ဆွဲလုပ်ပေးလိုက်ရာ ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့မှာ အလောတကြီးစားနေကြပြီး ခေါက်ဆွဲနှင့်ဟင်းရည်တို့ကို တခဏအတွင်း အပြောင်ရှင်းပစ်ခဲ့သည်။


နေ့လယ်တစ်ဆယ့်တစ်နာခွဲကျော်၌ စားသုံးသူများ တဖြည်းဖြည်းရောက်ရှိလာခဲ့သည်။ ပိုင်ရှန်းကျစ် ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့ကို အော်ဒါမှာပေးရန် တာဝန်ပေးလိုက်သည်။ ဟင်းများအဆင့်သင်ဖြစ်သွားချိန်တွင်မူ သူတို့နှစ်ဦး ဟင်းပွဲများကို ကောင်တာမှ လာရောက်ယူဆောင်ပေးရမည်ဖြစ်သည်။ ကလေးနှစ်ဦးမှာ ကောင်တာတွင်ရပ်လျက် နေ့လည်တခင်းလုံး အော်ဟစ်နေရပြီး အဆုံး၌ ဖုန့်ပေါင်အာ၏အသံသည်ပင် အနည်းငယ်အက်ကွဲလာခဲ့သည်။


ညနေခင်းတွင် ပိုင်ရှန်းကျစ် ဝက်သားကြော်၊ ဂဏန်းသားကြက်ဥပေါင်းနှင့် မုန်လာဥချဉ်နှင့်ဝက်စွပ်ပြုတ် စသည်ဖြင့် ဟင်းနှစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်ချက်လိုက်သည်။ ထိုမျှသာမက ဥထမင်းကြော်ကိုပါ အိုးအကြီးတစ်အိုးစာ ကြော်ပေးလိုက်သည်။ တစ်နေ့တာလုံး ပင်ပန်းနေရပြီဖြစ်သည့် ကလေးနှစ်ဦးမှာ စားနေရင်း မျက်လုံးများဝင်းလက်သွားကြပြီး အစားအစာထဲတွင် အပြည့်အဝနစ်မြုပ်နေကြကာ ပိုင်ရှန်းကျစ် ထမင်းစားစားပွဲမှ ထသွားသည်ကိုပင် မသိလိုက်ကြတော့ပေ။


ပိုင်ရှန်းကျစ် စားသုံးသူအချို့ စားနေကြဆဲဖြစ်သည့် ဆိုင်အရှေ့ဘက်သို့ လျောက်သွားလိုက်သည်။ ထို့နောက် စားပွဲတစ်ခုတွင် ထိုင်ကာ စားနေသူကိုကြည့်၍ ပြောလိုက်သည်။


 “ တုလင်းလင်း မင်းတို့ရဲ့နေရာမှာ ကလေးပျောက်ရင် ဘယ်လိုလုပ်ရလဲ…”


တုလင်းလင်းသည် သုံးထောင်စားတော်ဆက်သို့ မကြာခဏလာရောက်တတ်ပြီး သူ၏လူကြောက်တတ်ခြင်းကြောင့် အမြဲတမ်းလိုပင် လူရှင်းသောစားပွဲနေရာကို ရွေးချယ်တတ်သည်။ ဤသည်မှာ သူ၏ပထမဆုံးအဖြစ် ဆိုင်ရှင်စကားလာပြောခြင်းနှင့် ကြုံရသည်ဖြစ်သောကြောင့် တူကိုအမြန်ချကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေမိလိုက်သည်။


 “ ကျွန်တော် ကျွန်တော်တို့ အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုကို ခေါ် ခေါ်ရပါတယ်…”


“ အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုလား…” ပိုင်ရှန်းကျစ် သူ့ကိုကြည့်ကာ မေးလိုက်သည် “ မင်းရဲ့ဆက်သွယ်ရေးစက်ကိုသုံးပြီး အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုကို ခေါ်လို့ရလား…”


တုလင်းလင်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ဆက်သွယ်ရေးစက်ကိုထုတ်ကာ အချိန်အာကာသစီမံခန့်ခွဲရေးဗျူရို၏နံပါတ်ကို နှိပ်လိုက်သည်။


လောကသုံးထောင်အတွင်း…


အပြင်လူမှ ဝင်ရောက်ခဲသည့် ကမ္ဘာတစ်ခုထဲတွင် ကောင်းကင်ပြာပြာ၊ ကျယ်ပြောသောပင်လယ်နှင့် အရိပ်ကောင်းစွာရသည့် သစ်ပင်ကြီးများဖြင့် စိမ်းလန်းစိုပြေနေပြီး ရှုမြင်ကွင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် လှပလွန်းလှသည်။ သားရဲကမ္ဘာထက်ပင် ပိုမိုလှပကာ လောကသုံးထောင်တွင် အလှပဆုံးကမ္ဘာဟုပင် ဆိုနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူအနည်းငယ်သည်သာ ဤနေရာသို့လာရောက်နိုင်ပြီး အခြားမျိုးနွယ်စုများ လာရောက်ခွင့်မရှိသော နတ်ဘုရားဘုံဖြစ်နေခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ရှာတွေ့ခဲ့ဖူးခြင်း မရှိသေးချေ။


နတ်ဘုရားဘုံ၏ စံအိမ်တော်ကြီးအတွင်း ငွေမှင်ရောင်ဆံနွယ်များနှင့်အမျိုးသားတစ်ဦးမှာ ပန်းပင်အကိုင်းအခက်များကို ဖြတ်တောက်နေသည်။ အပြာရောင်ပန်းပွင့်များမှာမူ အစုလိုက်အပြုံလိုက်ပေါက်ရောက်နေခဲ့ကာ နူးညံ့မှုနှင့်ချစ်ခြင်းတို့ကိုဖော်ဆောင်ပေးနေသော နှစ်လိုဖွယ်ရာ လှပသည်အော်ရာကို ဖော်ထုတ်နေသည်။ သို့သော်လည်း အနှီလူ၏ ညှပ်ထုတ်မှုအောက်တွင် ပန်းပွင့်များမှာ ရက်စက်စွာအညှပ်ခံလိုက်ရပြီး မြေကြီးပေါ်သို့ ကျဆင်းသွားရသည်။ တစတစနှင့် ပြီးပြည့်စုံသော ပန်းပွင့်မွေ့ရာတစ်ခုပုံပေါ်လာကာ အရွက်သို့မဟုတ် သစ်ကိုင်းတစ်ကိုင်းပင် မပါဝင်ခဲ့ပေ။


ထိုစဉ် အဝေးတစ်နေရာမှ ဆံပင်အပြာရောင်ရှိသည့် အမျိုးသားတစ်ဦး အပြေးလာရောက် ပြောလာသည်


 “ သခင်ကြီး အရှင်ဖုန့်ဆီက ဆက်သွယ်လာပါတယ်…”


ငွေမှင်ရောင်ဆံပင်ရှိသည့်အမျိုးသားမှ ထင်ရှားသောလက်ဆစ်များရှိသည့် သူ၏သွယ်လျသောလက်ချောင်းများကို ဆန့်ကာ  ဆက်သွယ်ရေးစက်ကိုယူ၍ ပေါ့ပေါ့ပါးပါးဖြေလိုက်သည် “ အစ်ကိုကြီး…”


ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်ဆီမှ အသံတစ်သံမှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာသည် “ ရှောင်ယဲ့ အချိန်အာကာသစီမံခန့်ခွဲရေးဗျူရိုက အခုပဲဖုန်းဆက်လာတယ်…ပေါင်အာနဲ့ပေအာတို့ အက်ကွဲကြောင်းထဲလျှောက်သွားနေပြီး လက်ရှိသုံးထောင်စားတော်ဆက်ကိုရောက်နေတယ်တဲ့…မင်း သူတို့ကိုသွားခေါ်ပေးလို့ရနိုင်မလားလို့လေ…”


ဖုန့်ယဲ့ တည်ငြိမ်စွာမေးလိုက်သည် “ အစ်ကိုကကော…”


ရှက်ရွံ့နေသော ဖုန့်ယန်၏အသံမှာ ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်မှထွက်လာသည် “ ငါက အခုပဲမင်းရဲ့မရီးနဲ့တွေ့လာတာကွာ… သူက ထပ်ပြီးတော့ အထိခိုက်ခံမခံတဲ့အချိန်ရောက်နေပြန်ပြီ…အဲ့သည့်တော့ကာ ငါသူ့အနားနေမှရမှာမလို့…”


ဖုန့်ယဲ့ : “ ကောင်းပါပြီ…”




🥘

(ကလေးတွေက လောင်ပေါလောက် အရေးမကြီးဘူး)