🥘Chapter 14
ဖုန့်ယဲ့ ထွန်ထွန်စက်ကို လင်း၏လက်ထဲထည့်ပေးလိုက်ပြီးနောက် ထွက်သွားရန်ပြန်လှည့်လိုက်သည်။
လင်းက လက်ကိုယမ်းပြလိုက်ရာ ဆံပင်အပြာရောင်ရှိသည့် အမျိုးသားတစ်ဦးက တစ်စုံတစ်ခုကိုကိုင်ကာ လျှောက်လာခဲ့သည်။ လင်းက ပစ္စည်းကို အမြန်လှမ်းယူကာ ပြောလိုက်သည်
“ သခင် မသွားခင် ကျေးဇူးပြုပြီး တစ်ခုခုတော့စားသွားပါဦး… သည်ဟာက ဒီနေ့ပဲ စားဖိုဆောင်ကနေ လတ်လတ်ဆတ်ဆတ်ချက်လာပေးတဲ့ ဟင်းသီးဟင်းရွက်စွပ်ပြုတ်ပါ… လတ်ဆတ်ပြီး အဆီလည်းမများပါဘူး…”
ဖုန့်ယဲ့ ငြင်းဆန်သည့်သဘောဖြင့် လက်ကိုယမ်းပြလိုက်သည် “ စားချင်စိတ်မရှိဘူး…”
လင်းမှာ ငိုတော့မလိုပင် “ ဒါပေမယ့် သခင် ဘာမှမစားတာ တစ်လနီးပါးဖြစ်နေပြီလေ… သခင့်ရဲ့ကျန်းမာရေးက…”
ဖုန့်ယဲ့၏အသံမှာ အဝေးတစ်နေရာမှ ထွက်ပေါ်လာသည် “ လင်း ငါ့ကျန်းမာရေးက လုံးဝအကောင်းကြီးပါ…”
*****
“ လူတိုင်းပဲ စားနေတာကို ရပ်လိုက်တော့… သုံးထောင်စားတော်ဆက်က ဟင်းတွေကပြဿနာရှိတာဖြစ်ရမယ်…စားလိုက်တာနဲ့ မင်းရဲ့ကျန်းမာရေးကို ဒုက္ခပေးတော့မှာ…”
ပိုင်ရှန်းကျစ် မီးဖိုချောင်ထဲတွင် ကြက်သားတုံးကြော်အစပ်ကို ကြော်နေစဉ် ရုတ်တရက်ဆိုသလို အပြင်ဘက်မှအော်ပြောလာသံကို ကြားလိုက်ရသည်။ ကြက်သားတုံးကြော်များကို ပန်းကန်ထဲသို့လောင်းထည့်လိုက်ပြီး အပြင်သို့ယူလာချိန်တွင် အညိုရောင်ဆံပင်နှင့် အမြီးရှည်ကြီးရှိသော လူငယ်တစ်ဦးမှာ လျှောက်လမ်းတွင်ရပ်လျက် ဖောက်သည်များထံ သုံးထောင်စားတော်ဆက်၏ပြဿနာများအကြောင်း ကွန်ပလိန်းတက်နေသည်ကို တွေ့လိုက်ရသည်။
“ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါ ထုံထုံကွန်ယက်မှာ သုံးထောင်စားတော်ဆက်ရဲ့ဟင်းတွေက အရမ်းအရသာရှိတယ်ဆိုတဲ့သတင်းတွေ့လိုက်လို့ မနေ့က ကြက်သားတုံးကြော်အစပ်တစ်ပွဲမှာစားခဲ့တာ… မစားခင်ကတည်းက အဆိပ်အတောက်ဖြစ်စေမယ့်ဟင်းမှန်းသိနေတာနဲ့ တုန့်ဆိုင်းနေမိသေးတယ်… တကယ်ပဲစားလို့ရမလားပေါ့ဆိုပြီး…”
“ ဒါပေမယ့် လူတွေအများကြီးက စားနေကြတော့ ငါလည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်မိတယ်…ကြက်သားတုံးကြော်အစပ်ရဲ့အရသာက တကယ်ပဲကောင်းပါတယ် ဒါပေမယ့် စားရတာတော့ အတော်လေးသက်တောင့်သက်သာမရှိဘူး…အစပ်လျော့သွားဖို့ နို့တစ်ဘူးလုံးသောက်ပြီးတာတောင်မှ အစပ်အရသာကကျန်နေသေးတာ…ကြက်သားတုံးကြော်အစပ်ဟင်းကိုစားပြီးတာနဲ့ ငါ့မှာတညနေလုံး ဘာမှကိုမစားနိုင်တော့ဘူး…ပြီးလဲပြီးရော သန့်စင်ခန်းသွားတော့ မျှော်လင့်မထားတာ တစ်ခုဖြစ်လာခဲ့တာပဲ…”
လူငယ်လေး၏အနောက်မှအမြီးမှာ ရှည်လျားကာ ကွေးလွယ်ဆန့်လွယ်ရှိပြီး ထိုကဲ့သို့သော အမျိုးအစားကို ပိုင်ရှန်းကျစ် မျောက်များတွင်သာ တွေ့ဖူးခဲ့သည်။ သူ ကြက်သားတုံးကြော်အစပ်ပန်းကန်ကို ဖောက်သည်များရှေ့တွင် ချပေးလိုက်ပြီး လူငယ်လေးအရှေ့သို့လျှောက်လာကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
“ ဝမ်းချုပ်ခဲ့တာလား ဒါမှမဟုတ် စအိုကွဲသွားတာလား..”
ဟိုစန်း၏အမူအယာမှာ တောင့်တင်းသွားခဲ့သည်။ သူပြန်လှည့်ကြည့်ချိန်၌ သုံးထောင်စားတော်ဆက်၏ပိုင်ရှင်မှာ သူ့အနောက်တွင်ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းဆိုသလို ဒေါသတကြီးအော်ပြောလိုက်မိသည်
“ မင်းသိတယ်ပေါ့…ကြက်သားတုံးကြော်အစပ်က သည်လိုဖြစ်မယ်မှန်း သိသိကြီးနဲ့တောင် ရောင်းနေသေးတာလား…”
သုံးထောင်စားတော်ဆက်အတွင်းရှိ စားသုံးသူများမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားကြပြီး သူတို့၏အရှေ့မှ ကြက်သားတုံးကြော်အစပ်ပန်းကန်ကို ကြောင်ကြည့်နေမိကြသည်။ သွားရည်ယိုစဖွယ် ဖြစ်နေသည့်တိုင် တူများကိုလှုပ်ရှားရန် သူတို့အားလုံး တုန့်ဆိုင်းနေမိကြသည်။
ပိုင်ရှန်းကျစ် မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်သည်
“ အိုးး ကြက်သားတုံးကြော်အစပ်စားတုန်းက မင်းဘာဖြစ်ခဲ့တာလဲ…”
ဟိုစန်းမှ အော်ပြောလာသည် “ မင်းပြောသလိုပဲ ဝမ်းချုပ်တာနဲ့ ဖင်ကွဲသွားတာလေ…”
ပိုင်ရှန်းကျစ် မျက်လုံးသာလှန်လိုက်မိသည် “ ကြက်သားတုံးကြော်အစပ်စားရင် သည်လိုတွေဖြစ်မယ်လို့ ငါမပြောခဲ့ပါဘူး…”
“ ငါမင်းကိုမေးချင်တာက မင်း အသီးအနှံလတ်လတ်ဆတ်ဆတ်ကို ဘယ်အချိန်က နောက်ဆုံးစားခဲ့လဲဆိုတာကိုပဲ…”
ဟိုစန်း၏မျက်နှာမှာ အေးခဲသွားရသည်။ မျောက်မျိုးနွယ်ဝင်တစ်ဦးဖြစ်နေသော်လည်း သူ့ထံတွင် ထူးထူးခြားခြား ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို မကြိုက်သော အကျင့်တစ်ခုရှိနေခဲ့သည်။ ငယ်ရွယ်စဉ်အခါက မိဘနှင့်ဘိုးဘွားများကြောင့်သာ သူ ၎င်းတို့ကိုနေ့စဉ်နေ့တိုင်း စားခဲ့ရခြင်းဖြစ်သည်။
မကြာသေးမီကပင် သူ အရွယ်ရောက်ပြီဖြစ်သောကြောင့် မိဘများဆီမှ ထွက်လာကာ တစ်ဦးတည်းရပ်တည်နေနိုင်ပြီဖြစ်သည်။ ဟိုစန်း သူ့အပိုင်ဖြစ်သော ဂူငယ်လေးထဲသို့ ပြောင်းရွှေ့ကာ နေ့တိုင်းအသားသာ စားနေခဲ့ကာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို ထိကြည့်ရန်ပင် ငြင်းဆန်ခဲ့သည်။ သူ၏ကလေးဘဝမှစ၍ နှစ်သုံးဆယ်စာအတွက် အသားကိုအစားပြန်စားမည်ဟုပင် ကျိန်ဆိုခဲ့သေးသည်။
သည့်အတွက်ကြောင့် အမှန်တကယ်ကိုပင် ဟိုစန်း မည်သည့်ဟင်းသီးဟင်းရွက်နှင့် အသီးအနှံကိုမျှ မစားမိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။
သို့သော်လည်း မျောက်မျိုးနွယ်ဝင်တစ်ဦးအနေနှင့် ထိုအကြောင်းကို အပြင်လူများအား မည်သို့အသိပေးနိုင်မည်နည်း။ သူ ခေါင်းမာမာနှင့်သာ ခွန်းတုံ့ပြန်ပြောလိုက်ရသည် “ မင်းနဲ့ဘာဆိုင်လို့လဲ… ဘာပဲဖြစ်ဖြစ် ငါကြက်သားတုံးကြော်အစပ်ကို စားပြီးတဲ့နောက်မှာမှ ဖင်ကွဲသွားရတာပဲ…”
ပိုင်ရှန်းကျစ်မှာမူ မတုန်မလှုပ်ရှိနေဆဲပင် “ သည်လိုလား… ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့နှစ်တွေအကြာကြီး ကြက်သားတုံးကြော်အစပ်ကို စားခဲ့ပုံအရတော့ တစ်ခါလေးတောင်မှ ဟင်းတစ်ပန်းကန်စာနဲ့ စအိုကွဲသွားရတဲ့သူမျိုး မကြားဖူးသေးပါဘူး…ဒါပေမယ့် အသီးအရွက်မစားတဲ့သူကတော့ ဝမ်းချုပ်ပြီး ကွဲသွားတတ်တယ်လို့ ကြားဖူးတယ်…”
ဟိုစန်း၏အသားအရောင်မှာ ပြောင်းလဲသွားခဲ့သည်။
ပိုင်ရှန်းကျစ် ဆက်ပြောလိုက်သည်
“ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေမှာပါတဲ့ ဖိုင်ဘာက အူကိုရှင်းလင်းပေးပြီး ဝမ်းပျော့စေတယ်…ဒါကြောင့် မင်းတို့တွေ အသီးအရွက်နည်းနည်းပဲစားတာဖြစ်ဖြစ် လုံးဝကိုမစားတာပဲဖြစ်ဖြစ် နောက်ဆုံးကျ ဝမ်းချုပ်စေပြီး စအိုကွဲသွားမှာပဲ…”
ဟိုစန်း အပြစ်ရှိသလို ခံစားသွားရသည်။ ဂရုတစိုက်တွေးကြည့်မည်ဆိုလျှင် သူ သုံးထောင်စားတော်ဆက်တွင် ကြက်သားတုံးကြော်အစပ်ဟင်း မစားခင်အခါက ရက်အတော်ကြာ ဝမ်းမသွားခဲ့သည့်ပုံပင်။ ဤသည်မှာ ကြက်သားတုံးကြော်အစပ်ကြောင့်မဟုတ်ဘဲ အသီးအရွက်မစားခြင်းကြောင့် ဖြစ်နေနိုင်မည်လော။
ပိုင်ရှန်းကျစ် ဟိုစန်း၏အမူအယာပြောင်းလဲသွားသည်ကို မြင်နေရသောကြောင့် သံကိုပူနေတုန်း ရိုက်လိုက်သည်
“ တကယ်လို့သာ ဝမ်းချုပ်ပြီး စအိုကွဲတာလောက်ပဲဆိုရင် ဖြေရှင်းလို့ရသေးတယ်…ဒါပေမယ့် ပြဿနာက သည်ဟာသာ အချိန်တွေကြာတဲ့အထိ ဆက်ဖြစ်နေမယ်ဆိုရင် အူထဲမှာအပြောင်းအလဲတွေဖြစ်ပြီးတော့ အညစ်အကြေးတွေကို စွန့်ထုတ်မပစ်နိုင်တော့တဲ့အတွက် ဒဏ်ရာတွေပိုတိုးလာပြီး ပျောက်တော့မှာမဟုတ်ဘူး…အကျိုးဆက်ကတော့ စဉ်းစားကြည့်လို့တောင်မရဘူးပေါ့လေ…”
ဟိုစန်းသည် ပူပူနွေးနွေးအသက်ပြည့်ထားသော မျောက်လူငယ်တစ်ဦးဖြစ်ပြီး သူ၏အရှေ့တွင် တစ်ဘဝစာအချိန်များစွာ ကျန်နေသေးသည်။ ယမန်နေ့ညမှ သူ၏စအိုစုတ်ဖြဲခံရသည့်နာကျင်မှုမှာ ဟိုစန်းကို အလွန်အမင်းကြောက်လန့်သွားစေပြီး သုံးထောင်စားတော်ဆက်ရှိ စားသုံးသူများကို သတိလာပေးမိခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ကျန်းမာရေးအပေါ် ဂရုစိုက်သည်ဟူသော သက်သေပင်။
ဟိုစန်း ပိုင်ရှန်းကျစ်၏ “ စဉ်းစားကြည့်နိုင်မည်မဟုတ်သော နောက်ဆက်တွဲ “ ဟူသည့် စကားကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာမှာ ဖြူဖျော့သွားပြီး တီးတိုးရေရွတ်လိုက်မိသည်။
“ ဘယ် ဘယ်လိုလုပ်ရမလဲ ကူညီပါဦးး…”
ပိုင်ရှန်းကျစ် အခြေအနေမှာ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ဆိုင်စဖွင့်ချိန်မှစ၍ ယနေ့အထိ သားရဲကမ္ဘာမှလူများမှာ အလွန်တုံးအကြပြီး ချစ်ဖို့ကောင်းကြသည်ကိုပါ သူရှာတွေ့သွားခဲ့သည်။ သူတို့၏အစီအစဉ်များမှာ မူလတန်းကလေးငယ်များကဲ့သိုပင် တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်သည်။
ထို့ထက်ပိုသည်မှာ ၎င်းတို့ကို အလွယ်တကူအရူးလုပ်နိုင်ခြင်းပင်။ လက်ရှိအချိန်တွင် မျောက်မြီးရှိသည့်လူငယ်လေးမှာ သူ၏စကားများအပေါ် အပြည့်အဝကျဆုံးနေပြီဖြစ်သည်။
ပိုင်ရှန်းကျစ်သည်လည်း ချုံပုတ်ကိုပတ်မရိုက်နေတော့ပေ။ အပေါ်ထပ်သို့တက်ကာ ဝမ်းပျော့ဆေးဘူးလေးကိုယူပြီး လူငယ်လေး၏လက်ထဲထည့်ပေးလိုက်သည်
“ သည်ဟာကိုညှစ်ပြီး အဲ့နေရာကိုလိမ်းပေးလိုက်ချည်… အများကြီးတော့မဟုတ်ဘူးနော်…လိမ်းပြီးရင် မင်းကိုယ်မင်းပြေလျော့သွားတာကို ခံစားရလိမ့်မယ်… နင်းကန်လည်းသုံးမနေနဲ့ဦး…အရေးအကြီးဆုံးအချက်က ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို နေ့တိုင်းစားပေးဖို့ပဲ…”
ဟိုစန်း ဝမ်းပျော့ဆေးဘူးကို အသက်ကယ်ကောက်ရိုးမျှင်ကဲ့သို့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ခေါင်းတဆတ်ဆတ်ငြိမ့်နေခဲ့သည်
“ ကောင်းပြီ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်… ကျွန်တော် မင်းကိုအထင်လွဲမိသွားတယ်… ကြည့်ရတာ ပြဿနာက မင်းရဲ့ကြက်သားတုံးကြော်အစပ်နဲ့ ဘာမှမဆိုင်တဲ့ပုံပဲ…”
ပြောပြီးသည်နှင့် ဟိုစန်း အခြားစားပွဲများထံ လှည့်ကာပြောလိုက်သည်။
“ လူတိုင်းကိုလည်းတောင်းပန်ပါတယ်… ဒါက ကျွန်တော့်ရဲ့အမှားပါ…ဆိုင်ရှင်ရဲ့ကြက်သားတုံးကြော်အစပ်နဲ့ ဘာမှမဆိုင်ပါဘူး… ကျွန်တော့်ဘာသာ အသီးအနှံမစားတာကြာလို့ ဖြစ်ရတာပါ အထင်လွဲမိသွားပါတယ်…”
အခြားစားပွဲမှ ဖောက်သည်များသည်လည်း နားလည်သွားကြကာ ပြဿနာမရှိကြောင်း ပြောလာကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဖင်နာရတာပဲလေ လူတိုင်းကနားလည်ပေးနိုင်ပါတယ်။
ထိရှသွားရသော ဟိုစန်းမှာ ဝမ်းပျော့ဆေးဘူးကိုကိုင်လျက် ဆိုင်ထဲမှထွက်သွားခဲ့သည်။ မသွားခင်မှာပင် ကြက်သားတုံးကြော်အစပ်တစ်ပွဲကို ထပ်မံမှာယူချင်နေသောကြောင့် ပိုင်ရှန်းကျစ် ရက်ရက်စက်စက်ဘဲ ငြင်းဆိုလိုက်ရသည်။ ဦးဆုံးပြန်သွားပြီး ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကိုသာ ဆယ်ရက် သို့မဟုတ် လဝက်ခန့်စားရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။ ဤသည်ကသာ ကြက်သားတုံးကြော်အစပ်ကဲ့သို့သော ဟင်းမျိုးစားစဉ် လှုံ့ဆော်ခံရမှုကို လျော့ချပေးရာတွင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဟိုစန်းထွက်သွားသည်နှင့် သုံးထောင်စားတော်ဆက်မှာ အမှာစာများမှာ ပြန်လည်လည်ပတ်နေခဲ့သည်။ ဆိုင်ထဲရှိ ဖောက်သည်များမှာမူ ယခင်စကားဝိုင်းမှ အလွန်ပြင်းထန်သောအနံ့ကြောင့် သက်ရောက်မခံကြရသည့်အတိုင်းပင်။ ပျော်ပျော်ကြီးသာ ဆက်လက်စားသုံးနေကြသည်။ ပိုင်ရှန်းကျစ်သည်လည်း လက်ရှိအဖြစ်အပျက်ကို အခွင့်ကောင်းယူ၍ လည်ပတ်မည့်ပုံစံအသစ်ကို တိုက်ရိုက်ပင် ကြေငြာလိုက်သည်။
“ အားလုံးပဲ သည်နေ့ကစပြီး ကျွန်တော့်ဆိုင်မှာ ကြက်သားတုံးကြော်အစပ်လိုမျိုး အစပ်ဟင်းပွဲတွေကို တစ်နေ့ကိုငါးပွဲပဲ ရောင်းပေးပါတော့မယ်…”
ဆိုင်တွင်းရှိ စားနေသူများမှာ ညည်းညူလိုက်ရသည်။
“ ဆိုင်ရှင် ဘာလို့လဲ…”
“ ဟုတ်သားပဲ ဆိုင်ရှင်ရယ်… ပြဿနာမရှိဘူးဆိုရင် ဘာလို့အကန့်အသတ်နဲ့ ရောင်းရတာလဲ…”
“ ဆိုင်ရှင် ကျေးဇူးပြုပြီး အဲ့သည့်လိုမလုပ်ပါနဲ့… ဒီမှာစားလို့တောင်မဝသေးတာကို…”
ပိုင်ရှန်းကျစ် ခုံပေါ်တွင် လက်ထောက်ချလိုက်ရာ စားနေသူအားလုံး တိတ်ဆိတ်သွားကြသည်
“ ကြက်သားတုံးကြော်အစပ်က လှုံ့ဆော်နိုင်မှုမြင့်မားတယ်…အဆိပ်မရှိသလို ပြဿနာကြီးကြီးမားမား မရှိဘူးဆိုပေမယ့် အထိခိုက်မခံတဲ့အူရှိတဲ့ ဒါမှမဟုတ် အားနည်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေမှာပဲ…ပါးစပ်နာတာမျိုးလို အသေးစားပြဿနာလေးတွေ ဖြစ်နိုင်တာမလို့ ကျွန်တော့်ဆိုင်က လူတိုင်းအတွက် စဉ်းစားပြီး အကန့်အသတ်နဲ့ရောင်းဖို့ ဆုံးဖြတ်လိုက်တာပါ…”
“ ဆိုင်ရှင် ငါတော့မကြောက်ဘူးနော်.. ငါလေးမှာ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိပါတယ်…”
“ ဆိုင်ရှင် ငါရော ငါရောပဲနော် … ကျားကလန်မျိုးနွယ်ဝင်ဆိုတော့ အရမ်းကိုသန်မာတာပါ…”
“ ဆိုင်ရှင်ရေ ကျန်းမာရေးကောင်းတဲ့သူတွေအတွက် နေ့တိုင်းရောင်းပေးလို့မရဘူးလားဟင်…”
ပိုင်ရှန်းကျစ် မီးဖိုချောင်တွင်းသို့သာ တိုက်ရိုက်ဝင်သွားလိုက်သည်။ သူ့အနေနှင့် နေ့စဉ်နေ့တိုင်း ချက်ပြုတ်နေရသည်နှင့်ပင် ခြေကုန်လက်ပမ်းကျနေပြီဖြစ်သောကြောင့် မည်သူ့ထံတွင် ကျန်းမာရေးကောင်းသည် မကောင်းသည်ကို ခွဲခြားပေးနေရန် အချိန်မရှိချေ။ ဤကဲ့သို့ အားလုံးကို တညီတညွတ်တည်း သတ်မှတ်ပေးလိုက်ခြင်းသည်သာ အရိုးရှင်းဆုံးနှင့် တည့်တိုးအဆန်ဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။
စားသောက်ခန်းထဲရှိ ငိုကြွေးနေကြသည့် ဖောက်သည်များမှာ မည်သည့်တုန့်ပြန်ချက်ကိုမှမရလိုက်ကြချေ။ နောက်လာမည့်ရက်အနည်းငယ်အတွင်း ကြက်သားတုံးကြော်အစပ်ဟင်းကို ထပ်မံစားနိုင်မည်မဟုတ်သောကြောင့် အချို့ဆိုလျှင် နောက်တစ်ပွဲထပ်မှာရန်ပင် ဆုံးဖြတ်လိုက်ကြသည်။ သို့သော်လည်း ပိုင်ရှန်းကျစ်မှ အားလုံးကိုငြင်းပယ်လိုက်သောကြောင့် ထိုသူများမှာ ရွေးချယ်ရန်မရှိတော့ဘဲ ပို၍ပို၍နည်းလာသောကြက်သားတုံးများကိုသာ မျက်ရည်တသွင်သွင်စီးလျက် စားလိုက်ကြရသည်။
မီးဖိုချောင်ထဲတွင် ဖုန့်ပေါင်အာမှ ထွက်ခွာသွားသည့်စားသုံးသူများအား ရှုပ်ထွေးနေသည့်အမူအယာဖြင့် ကြည့်နေခဲ့သည် ။
“ သူတို့မှာငွေရှိတယ်ဆိုရင် ဘာလို့မယူရမှာလဲ…သူတို့ကျန်းမာရေးက ခင်ဗျားနဲ့ဘာဆိုင်တာမှတ်လို့…”
ပိုင်ရှန်းကျစ် ဖုန့်ပေါင်အာထံကြည့်ကာ ပြန်ဖြေလိုက်သည် “ သူတို့သာ ဆိုင်မှာစားပြီးနောက် ပြဿနာရှိကြတယ်ဆိုရင် အဲ့သည့်အတွက် ငါကတာဝန်မရှိတော့ဘူးလား… အဲ့အပြင် နေ့တိုင်း ကြက်သားတုံးကြော်အစပ်ကိုချက်ရတာ ပင်ပန်းလို့သေတော့မယ်… နောက်ပြီး အရေအတွက်ကို ကန့်သတ်လိုက်တာက တခြားဟင်းချက်ဖို့ အခွင့်အရေးရလာမယ်လေ…”
သူ၏ဘေးမှ ဖုန့်ပေအာက ခေါင်းကိုကုတ်ကာ ရုတ်တရက်အလင်းရသွားခဲ့သည်။
“ သည်လိုဆိုရင် ဒါကစီးပွားရေးဘယ်လိုလုပ်ရလဲဆိုတာပေါ့…ကိုယ်ကြိုက်တာလုပ်ချင်ရင် အခြားသူတွေအတွက်ပါဆိုပြီးသာ အကြောင်းပြချက်ကောင်းကောင်းပေးလိုက်ချည်…”
ပိုင်ရှန်းကျစ် လက်ထဲမှဇွန်းဖြင့် ချိန်ရွယ်လိုက်သည်
“ ကလေးလေး စကားလုံးတွေကို သတိထားစမ်းပါ…”
ဖုန့်ပေါင်အာမှာမူ ဖုန့်ပေအာ၏အရှေ့တွင်ရပ်ကာ ပြောလာသည် “ သည်ဟာက ခင်ဗျားလုပ်နေတာပဲလေ…”
ပိုင်ရှန်းကျစ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ကလေးနှစ်ယောက်နှင့် ဆက်ငြင်းမနေတော့ချေ။
သုံးထောင်စားတော်ဆက်အတွင်းရှိ စားသုံးသူများမှာ တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ နောက်ဆုံးသောစားသုံးသူပြန်သွားပြီးနောက် အချိန်မှာ ဆယ်နာရီခွဲပင် ကျော်နေခဲ့လေပြီ။ ပိုင်ရှန်းကျစ် အပြင်ဘက်ကိုကြည့်လျက် မျက်မှောင်အလွန်အမင်းကြုတ်ထားသော ကလေးနှစ်ယောက်ကိုသာ စိုက်ကြည့်နေမိသည်။ သူတို့၏မိဘများမှာ ယနေ့လာခေါ်မည်ဟု ပြောထားခဲ့သည်မဟုတ်ပါ၏လော…အဘယ့်ကြောင့် ရောက်မလာရသေးသည်နည်း။
မေ့လိုက်တော့။
ပိုင်ရှန်းကျစ် ပန်းကန်များဆေးကြောရန် မီးဖိုချောင်တွင်းသို့ ပြန်ဝင်လာပြီး ကလေးများကိုသာ တစ်စုံတစ်ယောက်လာလျှင် အကြောင်းကြားရန် ညွှန်ကြားလိုက်သည်။
တစ်နေ့တာ၏ပန်းကန်တဝက်ခန့် ဆေးလုပြီးချိန်တွင် အပြင်မှခေါင်းလောင်းသံမြည်လာခြင်းနှင့်အတူ ကလေးနှစ်ယောက်၏ ထိတ်လန့်နေသည့်အသံပါ ထွက်ပေါ်လာသည်။
“ ဦး ဦးလေး…”
“ ဦးလေး…”
ပိုင်ရှန်းကျစ် လက်သုတ်ကာ မီးဖိုချောင်ထဲမှ ထွက်လာချိန်တွင် တံခါးဝရှိအမျိုးသားထံ အံ့ဩထိတ်လန့်နေသော မျက်နှာဖြင့်ကြည့်နေကြသည့် ကလေးနှစ်ယောက်ကို မြင်လိုက်ရသည်။
ထိုသူမှာ ခါးအထိရှည်သော ငွေမှင်ရောင်ဆံနွယ်များရှိပြီး အလွန်အေးစက်နေသော လေထုနှင့် အလှမ်းမမီနိုင်မှုတို့မှာ သူ၏မျက်ခုံး၊ မျက်လုံးများမှ ပေါ်ထွက်နေသည်။ ဖြူဖွေးသောအသားအရည်မှာ ကြွေထည်ကဲ့သို့ဖြစ်နေပြီး မျက်နှာကိုကြည့်ရုံနှင့်ပင် ကလေးနှစ်ယောက်၏ဆွေမျိုးဖြစ်ကြောင်း ပိုင်ရှန်းကျစ် ချက်ချင်းသိနိုင်ခဲ့သည်။
“ ကလေးတွေရဲ့ဦးလေးလား…” ပိုင်ရှန်းကျစ် မေးလိုက်မိသည်။
ငွေမှင်ရောင်ဆံပင်ရှိသည့် အမျိုးသားမှ ခေါင်းညိတ်ပြလာသည်။ သူ၏ မီးတောက်ကဲ့သို့ နှုတ်ခမ်းများမှာ အသာအယာပွင့်ဟလာပြီး သူ၏အသံမှာမူ မလှုပ်ခတ်နိုင်သည့်ကွာခြားမှုရှိနေပုံပင် “ မင်္ဂလာပါ ကျွန်တော်က ဖုန့်ယဲ့ပါ….”
ပိုင်ရှန်းကျစ် ခေါင်းပြန်ညိတ်ပြလိုက်သည် “ ကျွန်တော်က ပိုင်ရှန်းကျစ်ပါ… မိဘတွေရောက်လာပြီဆိုတော့ အခုကလေးတွေကို အိမ်ပြန်ခေါ်သွားလို့ရပါပြီ…”
ဖုန့်ယဲ့ ခေါင်းညိတ်လိုက်ပြီး ဖုန့်ပေါင်အာနှင့် ဖုန့်ပေအာတို့ထံပြောလိုက်သည် “ ပေါင်အာ ပေအာ သွားကြစို့…”
တုန့်တုန့်ဆိုင်းဆိုင်းဖြင့် ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာတို့မှာ ပိုင်ရှန်းကျစ်နှင့် သူ၏အနောက်မှအရာကို ကြည့်နေကြသည်။ ၎င်းမှာ သူတို့အတွက် ပိုင်ရှန်းကျစ်လုပ်ပေးထားသော ဂေါ်ဖီအစာသွပ်လိပ်နှင့် အသားကြွပ်ကြော်များဖြစ်ကာ သူတို့စားပင်မစားရသေးချေ။
ပိုင်ရှန်းကျစ် အသံတိုးတိုးဖြင့်ရယ်လျက် လှမ်းခေါ်လိုက်ရသည် “ ခဏစောင့်ပါဦး…”
ဖုန့်ယဲ့ ပြန်လှည့်ကာ သူ့ကိုလှမ်းခေါ်လာသည့် ဆိုင်ရှင်ထံကြည့်လိုက်ပြီး ထိုသူသည် သူ့တူလေးနှစ်ယောက်အတွက် ကျေးဇူးရှင်ဖြစ်နေသောကြောင့် အနည်းငယ်ပို၍စိတ်ရှည်နေမိသည်
“ ဘာကိစ္စရှိလို့ပါလဲ…”
ပိုင်ရှန်းကျစ် အိတ်ကပ်ထဲမှ အချိန်အာကာသဒင်္ဂါးသုံးရာကိုယူကာ ဖုန့်ပေါင်အာ၏လက်ထဲထည့်ပေးလိုက်သည် “ သည်မှာ မင်းရဲ့ပိုက်ဆံ…”
ဖုန့်ပေါင်အာ လက်ထဲမှပိုက်ဆံကိုတလှည့် ပိုင်ရှန်းကျစ်ကိုတလှည့် ကြည့်ပြီး သူ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်လာရသည်
“ ခင် ခင်ဗျားပဲ… ကျွန်တော့်ပိုက်ဆံတွေကိုယူသွားတာ…”
ပိုင်ရှန်းကျစ်၏ နှုတ်ခမ်းမှာကော့တက်သွားပြီး ကောင်ငယ်လေး၏ချောမွေ့နေသော နဖူးပြင်ကိုတစ်ချက်တောက်ကာ ပြောလိုက်သည်
“ ဘယ်သူက မင်းကိုညီလေးနဲ့အတူ အိမ်ကထွက်ပြေးလာလောက်အောင် ပိန်းခိုင်းလို့လဲ…မင်းပိုက်ဆံတွေအယူခံလိုက်ရတာတောင်မှ သိမနေဘူး… နောက်တစ်ခါကြရင် မသွားခင် ပိုပြီးနိုးနိုးကြားကြားရှိစမ်းပါ…”
ပြောပြီးသည်နှင့် ပိုင်ရှန်းကျစ် မီးဖိုချောင်ထဲသို့သွားကာ ဘူးလေးဘူးထုတ်ကာ ပန်ကန်ထဲမှ ဂေါ်ဖီအစာသွပ်လိပ်များနှင့် အသားကြွပ်ကြော်အားလုံးကိုယူထည့်လိုက်သည်။ ၎င်းတို့ကို အိတ်များထဲသို့ထည့်လိုက်ပြီးနောက် ကလေးများထံပေးလိုက်သည်။ ထို့ပြင် အချိန်အာကာသဒင်္ဂါးနှစ်ရာကိုပါ သူတို့လက်ထဲသို့ထည့်ပေးလိုက်သည်
“ သည်ဟာက မင်းတို့ရဲ့ညစာနဲ့လုပ်အားခပဲ.. ကဲ အခုတော့ အိမ်ကိုပြန်ကြတော့…”
ဖုန့်ပေါင်အာ ပိုင်ရှန်းကျစ်ထံ ကြောင်ကြည့်နေမိသည်။ ထို့နောက် မျက်လုံးများကိုပွတ်ကာ အိတ်နှင့်ဒင်္ဂါးများကို ဆုပ်ကိုင်လျက် အခိုင်အမာပြောလိုက်မိသည်
“ အစ်ကိုကြီး ကျွန်တော်အရွယ်ရောက်လာရင် အစ်ကို့အတွက် အလုပ်လာလုပ်ပေးချင်တယ်…”
ပိုင်ရှန်းကျစ် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်
“ ကောင်းပြီ မင်းအရွယ်ရောက်လာလို့ ငါ့ဆိုင်လည်းဖွင့်ထားဦးမယ်ဆိုရင် ငါမင်းကိုသည်မှာအလုပ်ပေးလုပ်မယ်…”
ဖုန့်ပေါင်အာ ပြတ်ပြတ်သားသားပြောလိုက်သည် “ သေချာပေါက်ဖွင့်နေဦးမှာပါ… အစ်ကိုကြီးရဲ့ဟင်းတွေက အရမ်းအရသာရှိတာ သေချာပေါက်ကို ဖွင့်ဖြစ်ဦးမှာ…”
မည်သည့်အရာကိုမှ နားမလည်သော ဖုန့်ပေအာသည်လည်း အစ်ကိုဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် သံယောင်လိုက်ပြောလာသည်
“ သည်မှာ ရှိနေဦးမှာ ရှိဦးမှာ…”
ပိုင်ရှန်းကျစ် ပြုံးလျက် ပြောလိုက်သည် “ ကောင်းပြီ မင်းတို့ရဲ့စကားကောင်းကောင်းတွေကို ငှားယူလိုက်တော့မယ်…အခုတော့နောက်ကျနေပြီမလို့ အိမ်ကိုအမြန်ပြန်ကြတော့… တကယ်လို့ တစ်ခုခုစားချင်တယ်ဆိုရင် မိဘတွေကိုပြောပြီး သုံးထောင်စားတော်ဆက်ဆီ လိုက်ပို့ခိုင်းလိုက်ချည်…”
ဤတစ်ကြိမ်မှာတော့ ဖုန့်ပေါင်အာကော ဖုန့်ပေအာပါ ပုံမှန်မကျစွာ တညီတညွတ်တည်းပြောလာကြသည်
“ ဟုတ်ကဲ့ပါ…”
🥘