Chapter 15
Viewers 2k

🥘 Chapter 15




နတ်ဘုရားဘုံရှိ ဖုန့်မိသားစုစံအိမ်တော်၏ ခြံဝန်းအတွင်း ဖုန့်ပေါင်အာသည် ဖွင့်ထားသော ဘူးများနှင့်အတူ ဖုန့်ပေအာနှင့် ကျောက်တုံးစားပွဲရှေ့တွင် ထိုင်နေပြီး ရွှေရောင်သန်းနေသည့် အသားကြော်များနှင့် ဆော့စ်များဖုံးနေသော ဂေါ်ဖီအစာသွပ်လိပ်များမှာမူ သူတို့နှစ်ဦး၏အရှေ့တွင် ရှိနေခဲ့သည်။ သူတို့နှစ်ဦးသား တံတွေးကိုယ်စီမြိုချလိုက်ရပြီး အသားကြော်တစ်ဖတ်စီယူကာ ပါးစပ်ထဲထည့်မည်အပြုတွင် ဘေးတွင်ရပ်နေသော လင်းမှတားဆီးလာသည်။


“ သခင်လေးတို့ ဟင်းတွေကအေးနေပါပြီ.. ကျွန်တော်မစားခင် ပြန်နွှေးပေးပါ့မယ်…”


ဖုန့်ပေါင်အာနှင့်ဖုန့်ပေအာတို့ နှစ်ဦးစလုံးမှ လင်း၏လက်ကို တိမ်းရှောင်လိုက်ပြီး ခေါင်းအမြန်ယမ်းကာ ပြောလာကြသည် “ ဟင့်အင်း ကျွန်တော်တို့ မနွှေးစေချင်ဘူး… ပူနေတဲ့ဟင်းတွေက စားလို့မှမကောင်းတာကို…”


သခင်လေးနှစ်ယောက်ထံမှ ဤကဲ့သို့အငြင်းခံလိုက်ရခြင်းကြောင့် လင်းတစ်ယောက် မျက်ရည်ကျလုနီးပါးပင် ဖြစ်သွားရကာ သူ၏အချက်အပြုတ်မှာ အမှန်တကယ်ပဲ ထိုမျှဆိုးရွားနေသည်လားဟု ဝမ်းနည်းပက်လက်တွေးနေမိသည်။


အကယ်၍ အိမ်တော်သခင်မှ သူ၏ဟင်းများကို ငြင်းပယ်သည်ဆိုလျှင် ၎င်းမှာ နားလည်၍ရနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် သခင်ကြီးမှ မည်သူတစ်ဦးတစ်ယောက်၏ဟင်းကိုမှ မစားသောကြောင့်ပင်။ သို့သော်လည်း သခင်လေးနှစ်ယောက်မှ သူ၏အပူပေးထားသော ဟင်းလျာများအား အရသာမရှိကြောင်း ဆိုလာသည်ဆိုပါက ဤသည်မှာ အမှန်တကယ်ပင် မကောင်းဘူးဟု ဆိုနိုင်မည်ဖြစ်သည်။


လင်းတစ်ယောက် အလွန်ဝမ်းနည်းနေရပြီး ယခင်အချိန်များတွင်လည်း သူ၏ဟင်းလျာများကို သခင်လေးများမှ အနည်းငယ်သာစားကြကြောင်း ပြန်လည်အမှတ်ရမိသွားသည်။ ဖြစ်နိုင်သည်မှာ သူတို့တတွေ သူ့ဟင်းတွေကို တိတ်တဆိတ်ငြင်းပယ်နေကြသည်မှာ အချိန်အတော်ကြာပြီပင် ဖြစ်နိုင်ပါမည်လော။


ဤအမှန်တရားမှာ အလွန်ပင်ရက်စက်လှသည်။ အထူးသဖြင့် လင်းကဲ့သို့ စားဖိုမှူးတစ်ဦးဖြစ်လာရန် အိပ်မက်မက်နေသူတစ်ဦးအတွက် အဆိုးဆုံးဖြစ်သည်။


လင်း၏ဝမ်းနည်းမှုမှာ အလွန်ပြင်းထန်နေခြင်းကြောင့် ဖြစ်နိုင်ပေမည်။ ဖုန့်ပေါင်အာ အနည်းငယ်အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး အသားကြော်တစ်ဖက်ကိုယူကာ လင်းထံပေး၍ ‌နှစ်သိမ့်ပေးလိုက်သည် “ လင်း အသားကြွပ်ကြော်က အရမ်းအရသာရှိတယ်…စားပြီးသွားရင် အခြေအနေပိုကောင်းလာမှာပါ ဝမ်းမနည်းပါနဲ့တော့…”


နှလုံးသားထဲတွင် ကျန်နေသေးသည့် ဝမ်းနည်းကြေကွဲမှုများဖြင့် လင်း အသားကြော်ကိုလက်ခံယူလိုက်သည်။ သူ၏ဝမ်းနည်းနေမှုများကို ကျွမ်းကျင်စွာဖုံးကွယ်ထားလိုက်ပြီး အနည်းဆုံးအနေဖြင့် သခင်လေးနှစ်ယောက်၏ ဂရုစိုက်ပေးမှုကြောင့် ဖြေသာသွားခဲ့သည်။ ၎င်းမှာ သူ၏အချက်အပြုတ်စွမ်းရည်မှလွဲ၍ အခြားနေရာများတွင် သခင်လေးများ၏ ထောက်ခံမှုကို ရရှိထားသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်လေသည်။


နှစ်သိမ့်ခံလိုက်ရသည့် ခံစားချက်များနှင့်အတူ လင်း သူ၏လက်ထဲရှိ သခင်လေးနှစ်ယောက်မှပေးလာသည့် အသားကြွပ်ကြော်ဟုခေါ်သောအရာကို ကြည့်လိုက်မိသည်။ ပွင့်လင်းစွာဝန်ခံရမည်ဆိုပါက သူ၏လက်ထဲမှ အဆိုပါသေးငယ်သောအပိုင်းလေးကို အသားဟုပင် မခံစားနေရပေ။ ရွှေရောင်သန်းနေသည့် အပြင်ဘက်အပိုင်းမှာ မာကျောနေသောကြောင့် အထဲတွင်ပါသည့်အရာများကို မခွဲခြားနိုင်ချေ။ အသာအယာညှစ်ကြည့်လိုက်မည်ဆိုလျှင် ဆီအနည်းငယ်မှ ၎င်း၏အခွံမှထွက်ကျလာကာ အမှန်တကယ်ကို ထူးဆန်းသောအစားအစာတစ်မျိုးဖြစ်နေခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ သခင်လေးနှစ်ယောက်မှာ ဤအရာကို အလွန်ပျော်ရွှင်စွာ စားနေကြခြင်းကြောင့် အကယ်၍သာ သူတို့ ထိုမျှမြိန်ရေရှက်ရေစားနိုင်ကြမည်ဆိုလျှင် အရသာဆိုးမည်တော့ မဟုတ်‌ပေ။


သခင်လေးနှစ်ယောက်ကို ယုံကြည်လိုက်ရင်းဖြင့် လင်း အသားကြော်တစ်ဖတ်ကို ပါးစပ်ထဲထည့်လိုက်သည်။ အသာကိုက်ချလိုက်ချိန်တွင် သူ၏သွားမှာ အပြင်ဘက်အခွံမာကို ဖောက်ထွင်းသွားကာ နူးညံ့အိစက်သော တစ်စုံတစ်ခုနှင့် တွေ့ဆုံလိုက်ရသည်။ ဖြည်းဖြည်းချင်းကိုက်လိုက်ပြီးနောက် ရင်းနှီးနေသော အထိအတွေ့မှာ သူ၏ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး လင်း၏မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ အမှန်တကယ်ကိုပင် အတွင်းထဲတွင် အသားရှိနေခဲ့သည်။


ခဏအကြာ၌ လင်း၏မျက်လုံးများမှာ ပို၍ပင်ပြူးကျယ်လာရသည်။ ပါးစပ်ထဲရှိအသားကို တဖြည်းဖြည်းချင်းဝါးနေလေလေ အမည်မဖော်နိုင်သော မွှေးရနံ့မှာ ပါးစပ်တစ်ခုလုံးပြည့်လာလေလေဖြစ်သည်။ ၎င်း၏မွှေးရနံ့ကို တိတိကျကျပြောဆိုနိုင်ရန် ခက်ခဲသော်လည်း အလွန်ပြင်းထန်နေခြင်းမျိုး မဟုတ်ပေ။ သို့သော်လည်း မွှေးရနံ့သင်းပျံ့နေပြီး ဝါးနေခြင်းကိုရပ်တန့်လိုက်ရန်မှာ မဖြစ်နိုင်ဘဲ ဆက်ကာ ဆက်ကာသာ ဝါးချင်စေခဲ့သည်။


အပြင်ဘက်ရှိ မာကျောသောအခွံနှင့် အတွင်းထဲမှအသားတို့မှာ လင်းအား မရပ်တန့်‌နိုင်တော့ချေ။ ခဏအကြာ၌ သူ၏လက်ထဲရှိအသားပိုင်းမှာ ပြောင်စင်သွားခဲ့သည်။ သူ့ကိုယ်သူ ပြောင်မြောက်သောဟင်းချက်စွမ်းရည်ရှိသည်ဟု ဂုဏ်ယူနေသူတစ်ဦးအနေဖြင့် ဤကဲ့သို့ နတ်ဘုရားအဆင့် အရသာမျိုးကို ပထမဆုံးရဖူးခြင်းဖြစ်သည်။ ၎င်းအရသာမျိုးက ကမ္ဘာပေါ်မှာ အမှန်တကယ်ပင် တည်ရှိနေပါသည်လား။


ထို့ထက်ပိုသည်မှာ သူ၏သက်တမ်းတလျောက်တွင် မြည်းစမ်းရန် ကံပါခဲ့ခြင်းကြောင့် လင်းတစ်ယောက် ရိုးရှင်းစွာပင် ကြည်နူးနေမိသည်။


နှလုံးသားနှင့်အစာအိမ်တွင်းကပါ ကျေနပ်သွားရစဉ် လင်း၏ပါးစပ်နှင့်ဗိုက်ထဲတွင်မူ ယခုလေးတင် မြည်းစမ်းခဲ့သောအရသာကို ထပ်မံတောင့်တနေသေးသည်။ ဤသို့ဖြင့် သူ၏အကြည့်မှာ သခင်လေးနှစ်ယောက်အရှေ့တွင်ရှိသည့် ဘူးအပြည့်နှင့် အသားကြွပ်ကြော်နှစ်ဘူးစီသို့ ကျဆင်းသွားသည်။


ဖုန့်ပေါင်အာ အမြန်ပင် သူ၏ရှေ့မှ အသားကြော်ဘူးကို ကာလိုက်ပြီး လင်းကိုသတိပေးလိုက်ရသည် “ မရဘူးနော် လင်းကစားပြီးပြီပဲဟာ.. ထပ်မရတော့ဘူး…”


ချက်ချင်းဆိုသလိုပင် နာကျင်နေသောအမူအယာမှာ လင်း၏မျက်နှာပေါ်တွင် ပေါ်လာခဲ့သည် “ သည်တော့ လင်းက သခင်လေးပေါင်အာအတွက် အရေးမပါဘူးပေါ့လေ…သခင်လေးစီမှာ အများကြီးကျန်သေးတာတောင် လင်းအတွက် တစ်ပိုင်းလေးတောင် မမျှပေးချင်ဘူးတဲ့…”


ထိုစကားကိုကြားလိုက်ရချိန်၌ ဖုန့်ပေါင်အာ ရှက်ရွံ့သွားရပြီး နောက်ထပ်အသားကြော်တစ်ပိုင်းကိုယူကာ လင်းကိုပေးလိုက်သည် “ သည်ဟာက နောက်ဆုံးတစ်ပိုင်းပဲနော်…”


လင်းလည်း အသားပိုင်းလေးကို လက်ခံယူလိုက်ပြီး အလောတကြီးပြောလိုက်ရသည် “ သခင်လေးပေါင်အာက လင်းကိုဂရုစိုက်တယ်ဆိုတာ သိပါတယ်…”


ထိုစကားကိုကြားလိုက်ရချိန်၌ ဖုန့်ပေါင်အာ၏မျက်နှာပေါ်တွင် ပန်းရောင်သန်းသွားရသည်။


ခဏအကြာတွင် ဖုန့်ယဲ့ သူတို့သုံးယောက်စီသို့ လျှောက်လာခဲ့သည် “ ဘာတွေစားနေကြတာလဲ…”


ဖုန့်ယဲ့ကိုတွေ့လိုက်ရချိန်တွင် လင်း၏ယခင်ရှ်ိနေသော တက်ကြွမှုများ ကုန်ဆုံးသွားရပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် လက်ထဲမှအသားပိုင်းလေးကို ဖုန့်ယဲ့ထံပြလိုက်သည် “ သခင့်ကိုသတင်းပို့ပါတယ်…လင်းနဲ့သခင်လေးတွေက အသားကြွပ်ကြော်လို့ခေါ်တဲ့အရာကို စားနေကြတာပါ…”


“ အရသာရှိလား…”


“ အရသာရှိပါတယ်…”


“ အိုး…” ဖုန့်ယဲ့ အကြည့်ကိုပြန်ရုတ်လိုက်သည်။ ထိုအရာမှာ အစားအစာဖြစ်နေသရွေ့ သူမည်သို့မျှစိတ်ဝင်စားမည်မဟုတ်ပေ။


ဖုန့်ယဲ့ ပြန်သွားတော့မည်ကို မြင်လိုက်ရသောကြောင့် ဖုန့်ပေအာ သူ၏လက်ထဲမှအသားပိုင်းလေးအား ဦးလေးဖြစ်သူထံ အမြန်လှမ်းပေးလိုက်မိသည် “ ဦးလေး ဦးလေး အသားကြွပ်ကြော်က အရမ်းအရသာရှိတယ်.. နည်းနည်းလောက်စားပါဦး…”


လင်းနှင့်ဖုန့်ပေါင်အာတို့နှစ်ဦး ဖုန့်ပေအာထံ သနားနေသည့်အကြည့်ဖြင့်သာ ကြည့်လိုက်မိကြသည်။ ဦးလေးဖြစ်သူမှာ သူ၏အစားစားချင်စိတ်ကို မည်သို့သောအရာကမှ လှုံ့ဆော်ပေးနိုင်ခြင်းမရှိသောကြောင့် စားခဲလှကြောင်းကို သူတို့နှစ်ဦး သိရှိပြီးဖြစ်သည်။ သူတို့အတွက် အသားကြွပ်ကြော်မှာ အဆင်ပြေနိုင်သော်လည်း ဖုန့်ယဲ့အတွက်ဆိုပါလျှင်…


ဖုန့်ယဲ့၏အခြေအနေအရ အနောက်ဘက်မှလာသည့် မည်သည့်အရာမဆို လုံးလုံးစားနိုင်မည်မဟုတ်ချေ။ မချက်ပြုတ်ရသေးသော သို့မဟုတ် ရိုးရိုးရှင်းရှင်းပြုတ်ရုံသာ ပြုတ်ထားသည့် ဟင်းသီးဟင်းရွက်နှင့် အသီးများကိုပင် အားစိုက်၍မြိုချနေရလေသည်။


ဖုန့်ပေအာမှာ ငယ်သေးသောကြောင့် ဦးလေးဖြစ်သူ၏ ထိုအချက်ကိုသတိထားမိခြင်းမရှိချေ။ သည့်အတွက်ကြောင့်သာ ရဲရဲဝံ့ဝံ့ အသားကြွပ်ကြော်ကို သွားပေးရဲခြင်းဖြစ်သည်။ လင်းနှင့်ဖုန့်ပေါင်အာတို့ သက်ပြင်းသာချလိုက်မိသည်။ ဖုန့်ပေအာ ငြင်းပယ်ခံလိုက်ရပါက သူတို့သွားပြီး ချော့ပေးရပေတော့မည်။


ထိုအချိန် ဖုန့်ပေအာ၏အရှေ့တွင်ရှိနေသော ဖုန့်ယဲ့သည်လည်း ငြင်းပယ်တော့မလို ရှိနေသည်။ သို့သော် သူစကားပြောလိုက်မည့် ခဏတွင် ထူးဆန်းသောမွှေးရနံ့တစ်ခုမှ ဖုန့်ပေအာ၏လက်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းမှာ သူ့အတွက် မသက်မသာဖြစ်စေခြင်း သို့မဟုတ် စက်ဆုပ်ဖွယ်ရာ မရှိနေခြင်းတို့ကြောင့် နောက်ဆုံးအချိန်လေးခဏတွင် ဖုန့်ယဲ့စကားလုံးများကို ပြောင်းလဲလိုက်မိသည် “ မြည်းကြည့်ရအောင်…”


အငြင်းခံရပြီးနောက် ဖုန့်ပေအာကို သွားချော့မည့် လင်းနှင့်ဖုန့်ပေါင်အာ : ????? မြည်းကြည့်မှာလား…


ဘာတွေဖြစ်နေတာလဲ…


မြည်းကြည့်မှာလား… သခင်/ ဦးလေးကလေ…


သူတို့အိပ်မက်များ မက်နေတာလား…


နှစ်ဦးသားမှာ ရှုပ်ထွေးကာ လက်ရှိအခြေအနေကြောင့် အစစ်အမှန်ဟုတ်မဟုတ်ကို သံသယဝင်နေမိသည့်အချိန်တွင် တစ်ဖက်မှာမူ ဖုန့်ယဲ့မှ အသားကြော်တစ်ဖတ်ကိုယူကာ ပါးစပ်ထဲထည့်လိုက်ပြီးဖြစ်သည်။ သူ၏အမူအရာမှာမူ မပြောင်းလဲဘဲ တည်ငြိမ်နေဆဲဖြစ်ပြီး သတိထားမိနိုင်သော အတက်အကျမျိုး မရှိနေပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏လက်ထဲရှိ အသားပိုင်းတစ်ခုလုံးကို အပြီးသတ်လိုက်ပြီးဖြစ်သည်။ သင်တို့ကိုသတိပေးရမည်ဆိုပါက ၎င်းမှာ ဖုန့်ပေအာ အထူးတလည်ရွေးချယ်ထားသော အကြီးဆုံး‌အသားအပိုင်းပင်ဖြစ်လေသည်။


စားပြီးနောက် ဖုန့်ယဲ့ တည်ငြိမ်စွာ လက်ကိုင်ပဝါကိုထုတ်ကာ လက်ချောင်းများကို သုတ်‌လိုက်သည်။ ထို့နောက် လင်းထံသို့ ပြန်လှည့်ပြောလိုက်လေသည် 


“ သည်ဟာကကောင်းသားပဲ မနက်ဖြန်ကျရင် ဒါစားရအောင်…”


ပြောပြီးသည်နှင့် ဖုန့်ယဲ့ ပြန်ထွက်သွားကာ အနောက်တွင် ကြောင်အနေဆဲဖြစ်သော လင်းနှင့် ဖုန့်ပေါင်အာတို့ကို ချန်ထားရစ်ခဲ့သည်။


****


ထိုအချိန်အတွင်း ပိုင်ရှန်းကျစ်မှာမူ ဝန်ထမ်းခေါ်သည့်ကိစ္စဖြင့် အလုပ်များနေခဲ့သည်။ ယနေ့တွင် အဆုံး၌ သူ ယုံကြည်ရ‌နိုင်သော အရွေးချယ်ခံကို ရသွားပြီဖြစ်သည်။ အနှီလူမှာ မြွေကလန်မှ ရှဲပေါ်ပေါ်ဟုအမည်ရသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုသူမှ သူ၏အစားအသောက်အပေါ် စိတ်အားထက်သန်မှုကို ဖော်ပြလာကာ သုံးထောင်စားတော်ဆက်တွင် လိုလိုလားလားနေ၍ ကူညီပေးမည်ဟု ဆိုလာခဲ့သည်။


ပိုင်ရှန်းကျစ်မှ ညအိပ်ရာဝင်ချိန်နောက်ကျမည်ဖြစ်သောကြောင့် ပင်ပန်းလိမ့်မည်ဟု ကြိုတင်အသိပေးခဲ့သော်လည်း ရှဲ့ပေါ်ပေါ်မှ ၎င်းမှပြဿနာမဟုတ်ဘဲ သူကိုင်တွယ်နိုင်သည်ဟု ပြောလာသည်။


ကောင်းသည်။ ရှဲ့ပေါ်ပေါ်မှ ထိုသို့ပြောလာသည့်အပြင် ပိုင်ရှန်းကျစ် ကြုံဖူးသည့်လူများထဲတွင် မှီခိုရနိုင်ဆုံး အရွေးချယ်ခံ‌ဖြစ်နေခြင်းကြောင့် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ ရှဲပေါ်ပေါ်မှ ခုနစ်ရက်စာ အစမ်းခန့်အနေဖြင့် အလုပ်ဆင်းနိုင်မည်ဟု အဖြေပြန်ပေးလိုက်ပြီး အစမ်းကာလအပြီးတွင် အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်သည်။


နေ့လယ်ခင်းအတွင်း ရှဲပေါ်ပေါ်၏လုပ်ဆောင်မှုမှာ အမှားတစုံတစ်ရာမရှိခဲ့ချေ။ စားသုံးသူများကို ကျွမ်းကျွမ်းကျင်ကျင်နှုတ်ဆက်ခဲ့ပြီး ပန်းကန်များချပေးကာ အမှာစာများကိုပင် အမှားမရှိဘဲ ယူပေးနိုင်ခဲ့သည်။ ထိုသူ၏ပြောင်မြောက်သော အပြုအမူကြောင့် ဖောက်သည်အချို့ထံမှပင် ချီးကျူးခံလိုက်ရပါသေးသည်။


နေ့လည်တခင်းမျှသာ ရှိနေသေးသော်လည်း ရှဲပေါ်ပေါ်မှာ အရည်အချင်းရှိသော ဝန်ထမ်းတစ်ဦးဖြစ်မည့်ပုံပင်။ သူ၏လုပ်ဆောင်မှုများမှာလည်း ကျန်ရှိသည့်ခုနစ်ရက်တာလုံးတွင် ဆက်လက်၍အထင်ကြီးစဖွယ် ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် ခုနစ်ရက်ကုန်လွန်ပြီးနောက် ရှဲပေါ်ပေါ်မှ နေစားစရိတ်ငြိမ်းနှင့် တစ်လလျှင် အချိန်အာကာသဒင်္ဂါး ငါးထောင်ရမည့် အမြဲတမ်းဝန်ထမ်းတစ်ဦးဖြစ်လာမည်ဟု ပိုင်ရှန်းကျစ် ကြေငြာလိုက်သည်။


လစာအတွက်မူ ပိုင်ရှန်းကျစ် ဆိုင်သို့လာခဲ့ကြသည့် သားရဲကမ္ဘာ၏ဖောက်သည်အချို့ကို မေးပြီးနောက်မှ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ အချိန်အာကာသဒင်္ဂါးငါးထောင်မှာ မများသော်လည်း သင့်‌တင့်လျောက်ပတ်သော လုပ်အားခဖြစ်သည်။ အဓိကအချက်အနေဖြင့် နေရေးထိုင်ရေးနှင့် စားစရိတ်အငြိမ်းပါဝင်မည်ဆိုသောကြောင့် ၎င်းမှာ သားရဲကမ္ဘာအတွက်လျှင်ပင် အတော်အတန်ဆွဲဆောင်မှုဖြစ်သွားခဲ့သည်။


ပထမတစ်လကုန်လွန်ပြီးနောက် ရှဲပေါ်ပေါ်  သူ၏ပထမဆုံးလစာကို ရပြီဖြစ်သော်လည်း စိတ်လှုပ်ရှားနေပုံမရပေ။ ပိုင်ရှန်းကျစ်ဘက်မှ အမြင်အရဆိုလျှင် ရှဲပေါ်ပေါ်မှသူဟင်းချက်နေသည်ကို မြင်သည့်တိုင် စိတ်မလှုပ်ရှားသည်မှာ အနည်းငယ်ထူးဆန်းနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အင်တာဗျူးဖြေစဉ်အခါက ရှဲပေါ်ပေါ်မှ သူ့ကိုယ်သူ ဆင်းရဲမွဲတေနေသူတစ်ဦးအဖြစ် ပြောခဲ့ခြင်းကြောင့်ပင်။


သို့သော်လည်း ပိုင်ရှန်းကျစ် ၎င်းအား စိတ်ထဲမထားသလို မေးလည်းမမေးခဲ့ပေ။ ဤသို့ဖြင့် သုံးထောင်စားတော်ဆက်၏နေ့ရက်များမှာ ဆက်လက်လည်ပတ်နေခဲ့သည်။


သုံးထောင်စားတော်ဆက်၏ဟင်းလျာများမှာ အမှန်တကယ်ပင် အရသာရှိသောကြောင့် ဖြစ်နိုင်ပေမည်။ တစ်လကြာပြီးနောက် စားသုံးသူဦးရေမှာ ပို၍ပင်တိုးပွားလာခဲ့သည်။ နေ့စဉ်နေ့တိုင်း ဆိုင်ရှိ စားပွဲခြောက်လုံးမှာ အမြဲပြည့်နေခဲ့ပြီး ထိုင်ခုံနေရာမလောက်သောကြောင့် အများစုမှာ ပါဆယ်သာထုတ်သွားကြရသည်။


ပိုင်ရှန်းကျစ် ဆိုင်ထပ်ချဲ့ရန် စဉ်းစားမိသော်လည်း သုံးထောင်စားတော်ဆက်၏ ထူးဆန်းသောအချက်ကို သတိရသွားပြီး နေရာထပ်ချဲ့လျှင်ပင် အောင်မြင်နိုင်မနိုင်ကို အာမ မခံနိုင်သောကြောင့် သူမလုပ်ရန်သာ ဆုံးဖြတ်လိုက်ရသည်။


ထို့ထက်ပိုသည်မှာ သူအနေဖြင့် လုံလုံလောက်လောက် အလုပ်များနေပြီးပြီဟု ခံစားလိုက်ရသည်။ အကယ်၍သာ ဆိုင်ကို ထပ်ချဲ့မည်ဆိုပါက လူပိုများလာမည်သာဖြစ်သောကြောင့် သူ့ကိုယ်သူသာ ခြေကုန်လက်ပမ်းကျအောင် လုပ်မိသွားလိမ့်မည်။ အဆုံး၌ ကျန်းမာရေးသည်သာ အရေးကြီးဆုံးဖြစ်ပြီး ပိုက်ဆံအား အဆုံးမရှိရှာနေ၍မရပေ။ ဤသို့သောစိတ်ဖြင့် ပိုင်ရှန်းကျစ်ထံတွင် ဆိုင်အားထပ်တိုးချဲ့လိုသော ရည်ရွယ်ချက်မရှိတော့ချေ။


အမှန်တကယ်ကိုပင် ပိုင်ရှန်းကျစ် တစ်လကြာ ဆိုင်ဖွင့်ပြီးနောက် ပင်ပန်းလာပြီဖြစ်သည့်အတွက် ရိုးရှင်းစွာပင် လက်ရေးစာတစ်စောင်ထုတ်ကာ ဆိုင်အဝင်ဝတွင် ကပ်ထားလိုက်သည်။


“ စားသုံးသူများခင်ဗျာ… ယနေ့မှစ၍ သုံးထောင်စားတော်ဆက်အား ခြောက်ရက်ပြီးတိုင်း တစ်ရက်နားပါတော့မည်… နားရက်များတွင် မည်သည့်ဝန်ဆောင်မှုမှ မရှိသည့်အတွက် ကျေးဇူးပြုပြီး မလာကြပါနဲ့…”


စာကြွင်း : လာခဲ့ရင်တောင် ဘာမှလုပ်ပေးမှာမဟုတ်ပါဘူး။


စားသုံးသူများမှ မည်မျှပင် ဆန့်ကျင်နေကြပါစေ ညည်းညူနေကြပါစေ ပိုင်ရှန်းကျစ် ဂရုစိုက်ခြင်းမရှိပေ။ ခြောက်ရက်ကုန်လွန်တိုင်း တံခါးကိုသာ ဆွဲပိတ်ထားခဲ့သည်။ ရှဲပေါ်ပေါ်သည်လည်း ပိတ်ရက်မတိုင်ခင်ညတွင် သူ့အိမ်သူစောစောပြန်သွားပြီဖြစ်သောကြောင့် မည်သည့်စိတ်ပိုင်းဆိုင်ရာဝန်ပိမှုမျိုးမှ မဖြစ်စေရန်အတွက် နားရက်တွင် ပိုင်ရှန်းကျစ် နေ့လည်နှစ်နာရီအထိ အိပ်လေ့ရှိသည်။


သို့သော်လည်း အပြင်ဘက်မှ အော်ခေါ်သံကြောင့် သူအနှိုးခံလိုက်ရသည်။


တံခါးကိုဆွဲချပြီးနောက် အပြင်ဘက်တွင် ဆံပင်အပြာရောင်ရှိသည့် အမျိုးသားတစ်ဦးရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ လွန်ခဲ့သောတစ်လအတွင်း နေ့တိုင်းလိုလို ဆိုင်ကိုလာဝယ်တတ်သူဖြစ်နေခြင်းကြောင့် ပိုင်ရှန်းကျစ် မျက်လုံးကိုပွတ်လျက် ပြောလိုက်ရသည် “ အားနာပါတယ် သည်နေ့ဆိုင်ပိတ်တာမလို့ တစ်ခုခုစားချင်ရင် မနက်ဖြန်မှပြန်လာခဲ့ပါ…”


“ ခြွင်းချက်လေး ထားပေးလို့မရဘူးလားဟင်…”


ပုံမှန်အားဖြင့် လင်း အခြားသူများအပေါ် ခက်ခဲစေမည့်တောင်းဆိုမှုမျိုး မည်သည့်အခါကမှမလုပ်ခဲ့သော်လည်း သူ့ထံတွင် ရွေးချယ်စရာမရှိပေ။ လွန်ခဲ့သော တစ်လက မိသားစုခေါင်းဆောင်သည် သုံးထောင်စားတော်ဆက်မှ အသားကြွပ်ကြော်ကို မြည်းကြည့်ခဲ့ပြီး အစားအစာများကို စစားခဲ့သည်။ သုံးထောင်စားတော်ဆက်မှ ဟင်းပွဲများကိုသာ စားခဲ့သည့်တိုင် လင်းအဖို့ အပျော်လွန်နေရပြီဖြစ်ကာ နေ့စဉ်နေ့တိုင်း သူ သုံးထောင်စားတော်ဆက်သို့သွား၍ မိသားစုခေါင်းဆောင်စားနိုင်ရန်အတွက် ပါဆယ်ပြန်ယူလာခဲ့ရသည်။


လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိသားစုခေါင်းဆောင်မှ သခင်လေးနှစ်ယောက်ကို နဂါးကလန်ထံ ပြန်ပို့ပေးနေခြင်းကြောင့် လင်း သုံးထောင်စားတော်ဆက်စီ မလာနိုင်ခဲ့ပေ။ ယနေ့တွင်မူ မိသားစုခေါင်းဆောင် ပြန်ရောက်လာပြီဖြစ်သောကြောင့် သဘာဝကျစွာ သူဆိုင်စီထွက်လာသော်လည်း ယနေ့တွင် သုံးထောင်စားတော်ဆက်ပိတ်နေမည်ဟု မည်သူကမျှော်လင့်ထားမိမည်နည်း။


ဆိုင်ရှင်ထံမှ အညှာအတာကင်းမဲ့စွာ ထပ်မံငြင်းဆိုခံလိုက်ရသောကြောင့် လင်း စိတ်ပျက်လက်ပျက်နှင့် နတ်ဘုရားဘုံဆီပြန်ရန် လုပ်လိုက်ရသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ရာကို သတိရသွားသောကြောင့် ဆိုင်အဝင်ဝသို့ပြန်လှည့်ကာ တံခါးပိတ်ခါနီးဖြစ်နေသည့် ပိုင်ရှန်းကျစ်ကိုပြောလိုက်သည် 


“ ကျေးဇူးပြုပြီး တကယ်ပဲ ခြွင်းချက်လေးထားပေးလို့မရဘူးလားဟင်…ကျွန်တော့်ရဲ့ သခင်လေးနှစ်ယောက်က ဆိုင်ရှင် သူတို့ကိုကယ်ပေးပြီးကတည်းက ဒီဆိုင်ကဟင်းပွဲတွေကိုပဲ တောင်းဆိုနေလို့ပါ…”


ပိုင်ရှန်းကျစ် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ဆံပင်အပြာနှင့်အမျိုးသားကို ကြည့်ကာမေးလိုက်သည်


 â€œ မင်းရဲ့သခင်လေးတွေနာမည်က ဘာလဲ…”


“ ဖုန့်ပေါင်အာနဲ့ ဖုန့်ပေအာပါ…”


လုံလောက်သွားချေပြီ။ ဤသည်မှာ ထိုကလေးနှစ်ယောက်ပင်။ ပိုင်ရှန်းကျစ် ပြန်ပြောလိုက်သည် “ ကောင်းပြီလေ ကျွန်တော် မင်းပြန်ယူသွားလို့ရအောင် ဟင်းနှစ်ပွဲချက်လိုက်မယ်…”


လင်း၏မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် တောက်ပသွားရသည်။ သခင်လေးများကို ထုတ်ပြောလိုက်ပါက သက်ရောက်မှုရှိမည်ကို သူသိနေခဲ့သည်လေ။ လင်း ကျေးဇူးတင်စွာ ပြောလိုက်မိသည် 


“ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်…”


🥘