Chapter 96
Viewers 15k

💮Chapter 96



ယွင်ကျစ်က ပြင်းထန်စွာ အတွန်းခံလိုက်ရသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကာ ပြန်မထနိုင်တော့ပေ။


သီးသန့်အခန်း တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။


လူအားလုံးက မမျှော်လင့်သော အလှည့်အပြောင်းကြောင့် ကြောက်လန့်သွားကြပြီး လှုပ်ရှားမှုများ ခေတ္တရပ်ဆိုင်းသွားသည်။ ထို့နောက် ယွင်ကျစ်ကို တွန်းလိုက်သောလူကို တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။ ထိုလူမှာ အတွင်းခန်းတွင် တီးခတ်တေးဆိုနေခဲ့သော အနီရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်ယောက် ဖြစ်သည်။


ဤအမျိုးသမီးက အနီရောင်နှင့် ပနံသင့်၍ အလွန်လှပပြီး မျက်နှာကို အနီရောင်ပုဝါစပါးပါးဖြင့် ဖုံးလွှမ်းထားကာ ဒေါသများဖြင့် ပြည့်နှက်နေသော မျက်ဝန်းလှလှတစ်စုံကိုသာ ဖော်ပြထားသည်။ သူမက ခြေနှစ်ဖက်ကို အနည်းငယ်ကား၍ လက်တစ်ဖက်ဖြင့် ဗျပ်စောင်းကို ပိုက်ထားပြီး ဩဇာအပြည့်ဖြင့် ရပ်နေသည်။


ဝမ်ချီက ထိုမြင်ကွင်းကို မြင်သောအချိန်တွင် အားကိုးချင်စိတ်ဖြစ်သွားပြီး “အစ်မကြီး” ဟု အော်ခေါ်ချင်သွားသည်။


ထိုအမျိုးသမီးက အေးစက်သော အကြည့်စူးစူးဖြင့် အခန်းထဲရှိ တိတ်ဆိတ်နေသောလူထုကို ဝေ့ကြည့်လိုက်ပြီး အပြစ်ရှိသလို ခံစားနေရသော ဝမ်ချီကို တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် မြေပြင်ပေါ်၌ နာကျင်၍ အော်ဟစ်နေသော ယွင်ကျစ်ပေါ်သို့ အကြည့်များ လုံးလုံး ကျရောက်သွားသည်။


ထို့နောက် သူမက ဒေါသအပြည့်ဖြင့်ပြောသည်။

“ဧည့်သည်က မလိုအပ်ပါဘူး ပြောနေတာကို ဘာလို့ အတင်း လိုက်ကပ်ပြီး မြူစွယ်နေတာလဲ… မင်းကိုယ်မင်း ဘာလို့များ ထင်နေလဲ…”


ယွင်ကျစ်က ဤနေရာတွင် နာမည်အကြီးဆုံး ဖြစ်လာသော အချိန်မှစ၍ အားလုံးက သူ့အား ဖူးဖူးမှုတ်ဖားယားကြသည်။ သူ့ကို မနာလိုသောသူများပင် သူနှင့် အတိုက်မခံ မလုပ်ရဲပေ။ 


ယွင်ကျစ်၏မျက်လုံးက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေပြီး ဖြူဖွေးသောမျက်နှာမှာ ဒေါသမှုကြောင့် နီရဲလာသည်။

“ယွဲ့ရှင်း နင်က သတ္တိရှိလှချည်လား… နင် အခုပြောနေတာ ဘယ်သူလဲရော သိရဲလား…”


အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးက ထိုစကားများကို ဂရုမစိုက်ဘဲ ပြောသည်။

“အကုန်လုံးက ခန္ဓာကိုယ်နဲ့ လုပ်စားနေတာပဲကို မင်းကို မြှောက်ပင့်ထားကြတာနဲ့ပဲ မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်တယ် ထင်နေတာလား…”


ယွင်ကျစ်က အလွန်ဒေါသထွက်နေပြီး မျက်နှာမှာ မထိန်းနိုင်လောက်အောင် ပျက်ယွင်းနေသည်။ သူ မြေပြင်ပေါ်မှ ထချင်သော်လည်း အတွန်းခံထားရသောအရှိန်က ပြင်းသည့်အပြင် သူ့ကို မည်သူမျှ အရှေ့ထွက်ပြီး လာမထူပေးသောကြောင့် မထနိုင်ပေ။


သူက အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် မြေပြင်ပေါ်တွင်သာ ရှက်ရှက်ဖြင့် ဆက်လှဲနေလိုက်ရသည်။ ယွင်ကျစ်က ခေါင်းကိုသာထောင်နိုင်ပြီး ထ်ိုအမျိုးသမီိးကို ဒေါသတကြီး စိုက်ကြည့်ကာပြောသည်။

“ရှု့ကတော်ကို ခေါ်ပေး… ရှု့ကတော်လာမှ ငါ့အတွက် တရားမျှတမှု ရှာခိုင်းမယ်…”


ရှု့ကတော်က ဤဧည့်ဂေဟာ၏ ပိုင်ရှင်ကတော် ဖြစ်သည်။


ယွင်ကျစ်၏စကားများတွင် ခြိမ်းခြောက်မှုအပြည့် ပါဝင်နေသော်လည်း ထိုအနီရောင်အမျိုးသမီးအပေါ်  အနည်းငယ်မျှ သက်ရောက်မှု မရှိပေ။ သူမ၏ မျက်လုံးများက တည်ငြိမ်နေပြီး ရယ်သဲ့သဲ့ဖြင့်ပြောသည်။

“မင်း ကြိုက်သလိုသာ လုပ်…”


သူက ထိုသို့ ပြောပြီးနောက် ခေါင်းကိုမော့ကာ ဝမ်ချီနှင့် ထပ်မံ အကြည့်ချင်းဆုံလိုက်သည်။


ဝမ်ချီက ထိုရင်းနှီးနေသော မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရပြီးနောက် တစ်စုံတစ်ခုကို မှန်းဆမိသွားပြီး ပို၍ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူက အလျင်အမြန် အကြည့်လွှဲလိုက်ပြီး ထိုအမျိုးသမီး၏ အကြည့်စက်ကွင်းမှ လွတ်အောင် ရှောင်လိုက်သည်။


မမျှော်လင့်ထားစွာပင် သူမက အရှေ့သို့ တိုးလာသည်။


ယွဲ့ကျစ်ချန်နှင့် လျိုဝမ်က ကြောက်လန့်လွန်း၍ နောက်လိုက်များ နှင့်အတူ အနောက်သို့ တစ်ပြိုင်နက်တည်း ဆုတ်လိုက်ကြသည်။


မူလတွင် ဝမ်ချီက သူတို့နှင့် အတူတူ ရပ်နေသော်လည်း သူတို့က အုပ်စုလိုက် အနောက်သို့ဆုတ်လိုက်သောကြောင့် ဝမ်ချီက ထိုအမျိုးသမီးရှေ့တွင် တစ်ယောက်တည်း ထင်ထင်ရှားရှား ဖြစ်နေသည်။


ဝမ်ချီက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး သူပါ အနောက်သို့ လိုက်ဆုတ်ချင်သော်လည်း ကံမကောင်းစွာဖြင့် နောက်ကျသွားကာ ထိုအမျိုးသမီးက သူ့ရှေ့သို့ ရောက်နှင့်ပြီး ဖြစ်သည်။


သူမက နူးညံ့သော အသံဖြင့် ပြောသည်။

“သခင်လေး… ကျွန်တော်မျိုးမနဲ့ အပြင်လိုက်ခဲ့ပေးလို့ ရမလား…”


ဝမ်ချီ့မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။


သူမက ဆက်လက် မတိုက်တွန်းဘဲ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။


ဝမ်ချီ မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရသည်။


သူမက ဗျပ်စောင်းကို ယွဲ့ကျစ်ချန်ထံသို့ ပစ်ပေးလိုက်သည်။ အငိုက်မိနေသော ယွဲ့ကျစ်ချန်က ပြင်ဆင်ချိန် မရဘဲ ဗျပ်စောင်းနှင့် အပစ်ခံလိုက်ရပြီး ဗျပ်စောင်း မပြုတ်ကျသွားစေရန် အလျင်အမြန် ဖမ်းထားလိုက်ရသည်။ သူမက ယွဲ့ကျစ်ချန်ကို တစ်ချက်မျှပင်မကြည့်ဘဲ အနောက်သို့ လှည့်ကာ အခန်းထဲမှ ထွက်သွားသည်။


ဝမ်ချီလည်း လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး အနောက်မှ အမြန် လိုက်သွားသည်။


အခန်းတံခါးမှာ ပွင့်ပြီး ပြန်ပိတ်သွားခဲ့သည်။


ထိုအနီရောင်အမျိုးသမီးနှင့် ဝမ်ချီ ထွက်သွားသော အချိန်မှသာ ယွဲ့ကျစ်ချန်၊လျိုဝမ်နှင့် အခန်းထဲရှိ တခြားသူများက အချင်းချင်း ကြည့်လိုက်ကြသည်။


သူတို့က အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက် မြေပြင်ပေါ်တွင် ငိုရင်း လဲလျောင်းနေဆဲဖြစ်သော ယွင်ကျစ်၏ တည်ရှိမှုကို သတိရသွားပြီး အလျင်အမြန် ဝိုင်းထူလိုက်ကြသည်။


ယွင်ကျစ်က အလွန်ဒေါသထွက်နေသောကြောင့် ခန္ဓာကိုယ်က တုန်ယင်နေပြီး လှပသောမျက်နှာမှာလည်း ပြာနှမ်းနေသည်။ သူက သူ့အား ပိုက်ဆံပေးပြီး ဤကိစ္စကို လုပ်ခိုင်းခဲ့သည့် သူများနှင့် ယွဲ့ရှင်းကို အလွန်စိတ်တိုနေပြီး သူတို့ကို ဒေါတသကြီးဖြင့် စိုက်ကြည့်နေသည်။


ယွဲ့ကျစ်ချန်နှင့် လျိုဝမ်က ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားပေ။ ခဏတုံ့ဆိုင်းနေပြီး လျိုဝမ်က အရှေ့ထွက်လာကာ ပြောသည်။

“ယွင်…ကျစ်…”


ယွင်ကျစ်က ဒေါသတကြီးဖြင့် ဖြတ်ပြောလိုက်သည်။

“မင်းတို့ စောင့်နေကြ… ငါ ရှု့ကတော်ကို ခေါ်ပြီး ဖြေရှင်းခိုင်းမယ်…”


သူက ထိုသို့ ပြောပြီးသည်နှင့် အနောက်လှည့်ကာ ထွက်သွားရန် ပြင်သည်။


ထိုအချိန်တွင် အခန်းတံခါးက အပြင်မှ တွန်းဖွင့်ခံလိုက်ရသောကြောင့် ပွင့်သွားပြီး အခန်းထဲ ဝင်လာသော မိတ်ကပ်ထူထူထဲထဲ လိမ်းခြယ်ထားသည့် ရှု့ကတော်၏ မျက်နှာ ပေါ်လာသည်။ သူမက အလောတကြီး မေးမြန်းသည်။

“အဲ့လူ ဘယ်မှာလဲ…”


ယွင်ကျစ်က အနောက်ဆုတ်လိုက်ပြီး မေးသည်။

“ဘယ်သူ့ကို ပြောတာလဲ…”


ရှု့ကတော်က အနီရောင် ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက်ကိုတွဲ၍ အခန်းထဲသို့ ဝင်လာပြီးပြောသည်။

“ယွဲ့ရှင်းပုံစံ အယောင်ဆောင်တဲ့ တစ်ယောက်…”


ထိုမိန်းကလေးက လက်တစ်ဖက်ဖြင့် ဗျပ်စောင်းကို ပိုက်ထားပြီး မျက်နှာကို အနီရောင်ပုဝါဖြင့် ဖုံးလွှမ်းထားသော်လည်း မျက်နှာပေါ်မှ ကြောက်လန့်မှုကိုမူ အတိုင်းသား မြင်နေရသည်။


ယွင်ကျစ်က ထိုပုံရိပ်ကို မြင်လိုက်သည်နှင့် အတွန်းခံထားရသော နေရာမှ နာကျင်မှုကို ပြန်ခံစားလိုက်ရသည်။ သူက ရှု့ကတော်ကို တိုင်တောမည့် အချိန်တွင် ရှု့ကတော် ပြောသည့် “အယောင်ဆောင်” ဟူသော စကားကို သတိထားမိသွားသည်။


ယွဲ့ရှင်းက မျက်နှာမှပုဝါကို ဖယ်လိုက်ပြီး ငိုကြွေးကာ ပြောသည်။

“ကျွန်မ ဗျပ်စောင်းကို သွားယူတဲ့ အချိန်မှာ တစ်ယောက်ယောက်က အနောက်ကနေ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်နဲ့အုပ်လိုက်တာ… အဲ့နောက် သတိပြန်မရခင် အချိန်တွင်း ဘာတွေဖြစ်သွားလည်း မသိဘူး…”


ယွင်ကျစ် မပြောမီ လျိုဝမ်က အော်ဟစ်တကြီး ပြောလိုက်သည်။

“ဘယ်လို… မင်းပြောချင်တာက ညီအစ်ကိုဝမ်ကို ခေါ်သွားတဲ့ အမျိုးသမီးက အတုလား…”


ယွဲ့ကျစ်ချန်လည်း ခြေထောက်များ တုန်ရီသွားပြီး ကြောက်လန့်တကြား ပြောသည်။

“သွားပါပြီ… ညီအကိုဝမ်က မွေးနေ့မှာ အသတ်ခံလိုက်ရမှာတော့ မဟုတ်လောက်ပါဘူးနော်…”


လျိုဝမ်က ယွဲ့ကျစ်ချန်ကို လဲမကျအောင် ထိန်းပေးလိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ငါတို့ အိမ်တော်ကိုပြန်ပြီး စစ်သူကြီးလင်းကို အရင် အကြောင်းကြားရအောင်…”


-----


တစ်ဖက်တွင်မူ ဝမ်ချီက ထိုအနီရောင် အမျိုးသမီးနောက်မှ လိုက်သွားပြီး ပထမထပ်ရှိ သီးသန့်အခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။


ထိုအခန်းက ပို၍ကျယ်သော်လည်း လင်းထိန်မနေပေ။ အဝါရောင် အလင်းဖျော့ဖျော့သာ ရှိသောကြောင့် အခန်းထဲရှိ ပရိဘောဂများကို သေချာ မမြင်ရပေ။


သူမက အရှေ့မှ ဦးဆောင်လျှောက်သွားပြီး တံခါးဝသို့ ရောက်သောအချိန်တွင် အထဲသို့ဝင်ရန် အမူအရာ ပြသည်။


ဝမ်ချီက သူမကို ကြည့်လိုက်ပြီး အထဲသို့ ဝင်သွားသည်။ အနည်းငယ်လျှောက်ပြီးနောက် စားပွဲရှေ့တွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။


ဝမ်ချီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မရေရာဖြစ်နေသာ အသံဖြင့် မေးမြန်းသည်။

“မိန်းမစိုးကျိုးလား…”


ထိုအမျိုးသားက ဝမ်ချီ့အသံကြောင့် ခေါင်းလှည့်ကြည့်လာသည်။ သူက အမှန်ပင် မိန်းမစိုးကျိုး ဖြစ်နေ၏။ သို့သော်လည်း သူက သာမန်အရပ်သား ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ခေါင်းတွင် ခမောက်ဆောင်းထားသောကြောင့် နန်းတော်ထဲမှ ပုံရိပ်နှင့် အနည်းငယ် ကွဲပြားနေသည်။


ဝမ်ချီက မိန်းမစိုးကျိုးကို မှတ်မိရန် အချိန် အနည်းငယ် ယူလိုက်ရသည်။


မိန်းမစိုးကျိုးက ပြောသည်။

“ဝမ်သခင်လေး ထိုင်ပါ…”


ဝမ်ချီက နာနာခံခံဖြင့် စားပွဲရှေ့တွင် ထိုင်လိုက်သည်။


မိန်းမစိုးကျိုးက ထိုင်မည့် စိတ်ကူးမရှိဘဲ အရှေ့သို့ လျှောက်လာကာ သူ့အင်္ကျီလက်ထဲမှ အဖြူရောင် ကြွေဘူးနှင့် သပ်သပ်ရပ်ရပ် ခေါက်ထားသော စက္ကူခေါက်ကို ထုတ်ပြီး စားပွဲပေါ်တွင် တင်ကာ ဝမ်ချီ့အရှေ့သို့ တွန်းပေးသည်။


ဝမ်ချီက ခေါင်းကိုငုံ့လိုက်ပြီး အံ့အားတကြီးဖြင့် ၎င်းပစ္စည်းနှစ်ခုကို စိုက်ကြည့်ပြီး မေးသည်။

“အဲဒါက ဘာလဲ…”


မိန်းမစိုးကျိုးက အကျင့်ပါပြီး စားပွဲကို လက်ဖြင့်ခေါက်ရင်း တည်တည်ငြိမ်ငြိမ် ပြောသည်။

“ဒီအဖြူရောင် ကြွေဘူးလေးထဲမှာ ဖြေဆေးပါပါတယ်… ဝမ်သခင်လေး ရေနွေးနဲ့ သောက်လိုက်ပါ…”


ဝမ်ချီ ခဏတာစဉ်းစားပြီးနောက် ယခင်က ရှစ်ယဲ့ သူ့အား အစိမ်းရောင် အဆိပ်ဆေးလုံး သောက်ခိုင်းခဲ့သည့် ကိစ္စကို သတိရသွားသည်။


 ရှစ်ယဲ့မှာ သူ့ကို စမ်းသပ်နေခြင်းသာ ဖြစ်ပြီး ထိုအဆိပ်မှာလည်း သူ့အား ခြောက်လှန့်ရန် သပ်သပ်သာ ဖြစ်မည်ဟု တစ်ချိန်လုံး ထင်ထားခဲ့သည်။ ထိုအစိမ်းရောင် ဆေးလုံးက အမှန်တကယ် အဆိပ်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။


ဝမ်ချီက ထိုအဖြူရောင် ကြွေဘူးလေးကို ကောက်ယူလိုက်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သေသေသပ်သပ် ခေါက်ထားသော စက္ကူခေါက်ထံသို့ အကြည့်ရောက်ကာ မေးလိုက်သည်။

“ဒါကရော…”


မိန်းမစိုးကျိုးက ဖြေသည်။

“ဒါက ဝမ်သခင်လေး လက်ထဲထည့်ပေးဖို့ ကျွန်တော်မျိုးကို အရှင့်သားက အမိန့်ပေးအပ်လိုက်တာပါ…ဝမ်သခင်လေး နန်းတော်ကို ပြန်ရောက်တဲ့ အခါကျ ဖွင့်ကြည့်ပါတဲ့…”



💮💮💮