Chapter 97
Viewers 15k

💮Chapter 97



ဝမ်ချီက ၎င်းစာရွက်ကို အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် စိတ်ပြန်စုစည်းကာ စာရွက်ကို ကောက်ယူလိုက်ပြီး ပြောသည်။

“လာရတာ ပင်ပန်းသွားပြီ… ကျေးဇူးပါပဲ မိန်းမစိုးကျိုး…”


မိန်းမစိုးကျိုးက ပြုံးလိုက်သည်။


ထို့နောက်က ဝမ်ချီက ထိုအဖြူရောင်ကြွေဘူးငယ်နှင့် စာရွက်ကိုသိမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ မေးလိုက်သည်။

“အရှင့်သား တစ်ခုခုများ မှာကြားလိုက်သေးလား…”


မိန်းမစိုးကျိုးက သက်ပြင်းတိုးတိုးချကာ ဖြေသည်။

“အရှင့်သားက ဝမ်သခင်လေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မှာလိုက်ပါတယ်…”


ထိုစကားကိုကြားပြီး ဝမ်ချီ့ မျက်တောင်များ အနည်းငယ် ခတ်သွားသော်လည်း မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှမပြဘဲ ခေါင်းညိတ်လိုက်ပြီး ဖြေသည်။

“ဂရုစိုက်ပါ့မယ်…”


မိန်းမစိုးကျိုးက ထပ်ပြောသည်။

“ကျောကျစ်က ဝမ်သခင်လေးကို ကာကွယ်ဖို့အတွက် ကျင်းကျိုးမှာ တစ်ချိန်လုံး ရှိနေမှာမို့ တစ်ခုခု အဆင်မပြေတာရှိရင် ကျောကျစ်ကို လှမ်းပြောလိုက်ပါ သခင်လေး…”


ဝမ်ချီက “အင်း” ဟု ပြောလိုက်သော်လည်း မိန်းမစိုးကျိုး၏ စကားကို စိတ်ထဲမထားလိုက်ပေ။


ဝမ်ချီက မိန်းမစိုးကျိုးတွင် ပြောစရာစကား ထပ်မရှိတော့သည်ကို မြင်ပြီး နှုတ်ဆက်လိုက်ကာ အနောက်လှည့်၍ အပြင်သို့ပြန်ရန် ပြင်လိုက်သည်။


သို့သော်လည်း သူ ခြေလှမ်း၂လှမ်း လိုက်ပြီးချိန်တွင် သူ့အနောက်ရှိ မိန်းမစိုးကျိုးထံမှ ထစ်ထစ်အအ စကားသံ ထွက်လာသည်။

“ခဏလေး နေပါဦး ဝမ်သခင်လေး…”


ဝမ်ချီက ခြေလှမ်းကို ရပ်လိုက်ပြီး အနောက်သို့ ပြန်လှည့်ကြည့်ကာ မေးသည်။

“မိန်းမစိုးကျိုး ပြောစရာ ကျန်သေးလို့လား…”


“ဝမ်သခင်လေး… အဲ့အချိန်တုန်းက အိမ်ရှေ့စံမှာ အရေးကြီးကိစ္စရှိလို့ ပြန်သွားရတာပါ… မြို့တော်က အခြေအနေတွေက ပြင်းထန်နေပြီး ကိစ္စအများအပြား ပြောင်းလဲနေတာမို့ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ဝမ်သခင်လေး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပြီး အပြောအဆိုနဲ့ အပြုအမူကို သတိထားတာ အကောင်းဆုံးပါပဲ…”


ဝမ်ချီက မိန်းမစိုးကျိုး၏ ခေါင်းငုံ့ထားပြီး စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရ၍ စိတ်မထိန်းနိုင်ဘဲ မေးလိုက်မိသည်။

“အခြေအနေတွေ ပြင်းထန်နေတာလား… ဘာကိစ္စ ကြီးကြီးမားမား ဖြစ်သွားလို့လဲ…”


မိန်းမစိုးကျိုးက ထိုကိစ္စကို ဆက်ပြောချင်သည့်ပုံ မရပေ။ ခေါင်းကိုသာ ငုံ့သထက်ငုံ့လိုက်ပြီး ဖြေသည်။

“အဲ့ကိစ္စတွေက ဝမ်သခင်လေးကို လာဆက်နွှယ်မှာ မဟုတ်လို့ အခု ဝမ်သခင်လေး ကိုင်တွယ်နေတဲ့ ကိစ္စတွေပေါ်မှာပဲ သေချာဂရုစိုက်ပြီး အာရုံစိုက်ရင် အဆင်ပြေပါတယ်…”


မူလက ဝမ်ချီက ရှစ်ယဲ့အကြောင်း မေးမြန်းချင်သော်လည်း မိန်းမစိုးကျိုးက ပြောပြချင်ပုံ မရသောကြောင့် ထပ်မမေးတော့ပေ။


ဝမ်ချီက သူ ရှစ်ယဲ့ကို ဂရုမစိုက်မိတော့ကြောင်း ခံစားလိုက်ရသည်။ 


တကယ်လို့ မိန်းမစိုးကျိုးသာ အခုလိုမျိုး ရုတ်တရက် ရောက်မလာရင် ရှစ်ယဲ့ကို သတိတောင် ရမှာ မဟုတ်ဘူး …အဲ့ဒါလည်း ကောင်းတာပဲ…


ဝမ်ချီက အတွေးကို ရပ်တန့်လိုက်ပြီး မိန်းမစိုးကျိုးကို နှုတ်ဆက်ကာ အခန်းအပြင်သို့ ပြန်ထွက်ရန် တံခါးဝသို့ လျှောက်လှမ်းလိုက်သည်။


မကြာမီတွင် အနီရောင်ဝတ်အမျိုးသမီးကို ထပ်မံမြင်လိုက်ရသည်။ သူမက ပန်းစင်အရှေ့တွင် ငြိမ်ငြိမ်သက်သက် ရပ်နေကာ မျက်နှာပေါ်ရှိ အနီရောင်ပုဝါစကို လှန်တင်ထားပြီး ထူးခြားသော မျက်နှာလှလှကို ဖော်ပြထားသည်။


ဝမ်ချီက သူမအရှေ့မှ ဖြတ်သွားသော အချိန်တွင် ရပ်တန့်လိုက်ပြီး အံ့ဩတကြီး ခေါ်လိုက်သည်။

“ကျောကျစ်လား…”


အနီရောင်ဝတ်အမျိုးသမီးက ဦးညွတ်ပြီး ပြန်ဖြေသည်။

“ဟုတ်ပါတယ် သခင်လေး…”


ဝမ်ချီက သူမ၏ မျက်နှာကို သေသေချာချာ ကြည့်လိုက်ပြီး ပြောသည်။

“တကယ်ကို မင်းပဲ…”


သူမက နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်လိုက်ပြီး ပြုံး၍ ပြောသည်။

“ခုနက ကျွန်တော်မျိုးမ သခင်လေးကို ထိတ်လန့်အောင် လုပ်မိသွားတယ်…”


ဝမ်ချီက ထိုစကားကို လက်မခံဘဲ ငြင်းလိုက်သည်။

“မဟုတ်ပါဘူး…”


ကျောကျစ်က အပြုံးကို ဆက်ထိန်းထားပြီး တောင်းပန်သော လေသံဖြင့် ပြောသည်။

“အခု သခင်လေးကို ပြန်လိုက်မပို့ပေးနိုင်တာကို ခွင့်လွှတ်ပေးပါ… နောက်ရက်နည်းနည်းနေရင် ကျွန်တော်မျိုးမ သခင်လေးကို ဆက်သွယ်လိုက်ပါမယ်…”


ဝမ်ချီကလည်း ကျောကျစ် ယခုပုံစံဖြင့် သူ့ကို ကျိုးအိမ်တော်ကို ပြန်ပို့ရန် မသင့်တော်ကြောင်း နားလည်သည့်အပြင် ကျောကျစ် ပြန်လိုက်ပို့မည်ကိုလည်း မလိုလားပေ။ ထိုကြောင့် သူက အလောတကြီး ကျေးဇူးတင်စကား ဆိုပြီး သီးသန့်အခန်းထဲမှ လျင်မြန်စွာ ထွက်လိုက်သည်။


ထိုအခန်းက ပထမထပ်တွင် ဖြစ်သော်လည်း ချောင်ကျသော နေရာတွင် ရှိသောကြောင့် ဝမ်ချီ အဝင်အထွက်ပြုသည်ကို မည်သူမျှ မမြင်လိုက်ပေ။


ဝမ်ချီက လျင်မြန်စွာ လျှောက်လိုက်ပြီး ခဏအတွင်းမှာပင် ယခင် ဒုတိယထပ်က အခန်းထဲသို့ ပြန်ရောက်သွားသည်။ မမျှော်လင့်ထားစွာ အခန်းထဲတွင် ဧည့်သည် တစ်ယောက်မျှ မရှိတော့ဘဲ စားပွဲခုံကို သန့်ရှင်းရေး လုပ်နေသည့် အစေခံ မိန်းကလေး အနည်းသာ ရှိသည်။


ဝမ်ချီက မေးလိုက်သည်။

“ဒီလူတွေ ဘယ်ရောက်သွားကြတာလဲ…”


မိန်းကလေးတစ်ယောက်က မရေမရာ ဖြေသည်။

“သခင်လေး ပြောတာ ခုနက ဒီမှာ သီချင်းနားထောင်ပြီး စားသောက်သွားကြတဲ့ လူကြီးမင်းတွေကိုလား… အဲ့လူကြီးမင်းတွေက ငွေရှင်းပြီး ပြန်သွားကြပါပြီ…”


ဝမ်ချီက “ငွေရှင်းသည်” ဟူသော စကားကို ကြားလိုက်ရပြီး အနည်းငယ်ရှက်သွားသည်။


ထို့နောက် သူက ကျိုးအိမ်တော်ကို ပြန်ရန် လှည်းစီစဉ်ပေးနိုင်မလားဟု ထိုမိန်းကလေးကို မေးလိုက်သည်။


ကံကောင်းစွာဖြင့် သူ့အရှိန်က မြန်ဆန်သောကြောင့် လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် ကျိုးအိမ်တော်တံခါးဝအရှေ့တွင် ရပ်ထားသည့် ရင်းနှီးနေသော မြင်းလှည်းနှစ်စီးပေါ်မှ ယွဲ့ကျစ်ချန်နှင့် လျိုဝမ်တို့ အလောတကြီး ဆင်းလာသည်ကို မြင်လိုက်ရသည်။


ဝမ်ချီက သက်ပြင်းချလိုက်ကာ အလျင်အမြန် လျှောက်သွားပြီး လှည်းပေါ်မှ ဆင်းနေပြီ ဖြစ်သော လူနှစ်ယောက်ကို အော်ခေါ်လိုက်သည်။

“အစ်ကိုယွဲ့… အစ်ကိုလျို…”


သူတို့က ဝမ်ချီနှင့် ကျိုးအိမ်တော် အရှေ့တွင် ဆုံရမည်ဟု မထင်ထားသောကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ လျိုဝမ်က ပထမဆုံး တုံ့ပြန်လိုက်ပြီး ဝမ်ချီဘက်သို့ လက်ညှိုးထိုးကား တအံ့တဩ မေးသည်။

“ညီအစ်ကိုဝမ် မင်း ဂေဟာက တစ်ယောက်ရဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတာ မဟုတ်ဘူးလား… ဘယ်လိုဖြစ်ပြီး ပြန်လွတ်လာတာလဲ…”


ဝမ်ချီက လျိုဝမ်၏ စကားကို ကြားလိုက်ရသည်နှင့် ထိုလူနှစ်ယောက် အပြန်လမ်းတွင် ဆိုးဆိုးရွားရွား ဖြစ်နိုင်ခြေမျိုးစုံကို တွေးနေခဲ့မည် ဖြစ်ကြောင်း သိလိုက်သည်။ သူက ငိုရခက် ရယ်ရခက်ဖြစ်နေပြီး ကြိုပြင်ဆင်ထားသော အလိမ်အညာ စကားကို ပြောလိုက်သည်။

“အဲ့မိန်းကလေးက သနားဖို့ ကောင်းပါတယ်… သူက ငါ့ကို ချမ်းသာပြီး ပိုက်ဆံဖြုန်းနိုင်တဲ့သူထင်ပြီး အဲ့ဂေဟာကနေ သူ့ကို ထုတ်ပေးစေချင်တာ…”


ထင်ထားသကဲ့သို့ပင် ထိုလူနှစ်ယောက်၏ အာရုံက ချက်ချင်း ပြောင်းလဲသွားသည်။


လျိုဝမ်က စိုးရိမ်တကြီးမေးသည်။

“မင်း သူ တောင်းဆိုတာကို လက်ခံလိုက်လား…”


ဝမ်ချီက ခေါင်းခါလိုက်ပြီး ဖြေသည်။

“လက်မခံလိုက်ဘူး…"


လျိုဝမ်နှင့် ယွဲ့ကျစ်ချန်က နှမြောတသ ဖြစ်ကာ ပြောသည်။

“နှမြောစရာပဲ…”


ဝမ်ချီ "……"


ထိုလူနှစ်ယောက်က ဝမ်ချီပြောသည့် အကြောင်းရာမှာ အနည်းငယ် ထူးဆန်းသည်ဟု ထင်သော်လည်း ဝမ်ချီ သူတို့ရှေ့သို့ အန္တရာယ်ကင်းကင်း ပြန်ရောက်လာပြီ ဖြစ်သောကြောင့် ထပ်မမေးတော့ပေ။


ထို့ကြောင့် ယွဲ့ကျစ်ချန်နှင့် လျိုဝမ်တို့က မင်းသား(၄)နှင့် စစ်သူကြီးလင်းကို ရှာမည့်စိတ်ကူးကို လက်လျှော့လိုက်ပြီး ဝမ်ချီနှင့်အတူ အိမ်တော်ထဲသို့ ဝင်ကာ သက်ဆိုင်ရာ ခြံဝင်းထံသို့ သီးခြား ပြန်သွားကြသည်။


ဝမ်ချီ ပြန်ရောက်သော အချိန်တွင် ယောဖန်းက ခြံဝ၌ ရပ်နေပြီး ကြာမြင့်စွာ စောင့်ဆိုင်းနေသည်။ ဝမ်ချီ့ ပုံရိပ်ကို မြင်လိုက်ရသောအချိန်တွင် သူမမျက်နှာရှိ စိုးရိမ်မှုများက ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

“သခင်လေး… နောက်ဆုံးတော့ ပြန်လာပြီ…”


ဝမ်ချီက စားသောက်ဆိုင်မှ ထုတ်လာသော ဟင်းပွဲများကို ယောဖန်းလက်ထဲသို့ ပေးလိုက်ပြီး ပြောသည်။

“အပြင်မှာ အေးနေရင် အပြင်ထွက်ပြီး ငါ့ကို စောင့်နေစရာ မလိုပါဘူး…”


ယောဖန်းက ပျော်ရွှင်စွာဖြင့် ဟင်းပွဲထုတ်များကို လှမ်းယူလိုက်ပြီး သူမ၏ နူးညံ့သော မျက်နှာတွင် အပြုံးများဖြင့် ဝေဆာနေသည်။ 

“အမြဲတမ်း ဒီအစေခံအတွက် စဉ်းစားပေးလို့ ကျေးဇူးပါ သခင်လေး… အပြင်မှာ မအေးပါဘူး၊ ပြီးတော့ ကျွန်တော်မျိုးမ နွေးနွေးထွေးထွေး ဝတ်ထားပါတယ်…”


ဝမ်ချီက ရယ်မောလိုက်ပြီး လက်ခါပြလိုက်သည်။

“ဝင်ကြတာပေါ့…”


ယောဖန်းလည်း ပျော်ရွှင်စွာဖြင့် အထဲသို့ ဝင်လိုက်သည်။


သူတို့ နေထိုင်သောနေရာက ယခင်က စစ်သူကြီးလင်း နေသော ခြံဝင်းထဲတွင်ဖြစ်ပြီး စစ်သူကြီးလင်း၏ အခန်းက ညာဘက်တွင် ဖြစ်သည်။


စစ်သူကြီးလင်း၏ အချိန်ဇယားက ပုံမှန် တိတိကျကျ ရှိပြီး အိမ်ပြန်နောက်ကျလေ့ မရှိသည့်အပြင် ညဘက် အပြင်ထွက်ရသည်ကိုလည်း မနှစ်ခြိုက်ပေ။ သူက ညမှောင်သည်နှင့် အခန်းထဲတွင် မီးအလင်းရောင် ထွန်းထားလေ့ ရှိသည်။


သို့သော် ယခုညတွင်မူ သူ့အခန်းက မှောင်မည်းနေသည်။


အရှေ့မှသွားနေသော ယောဖန်းက ဝမ်ချီ ခြေလှမ်း ရပ်လိုက်သည်ကို ခံစားမိသွားပြီး နောက်လှည့်ကြည့်လိုက်ရာ ဝမ်ချီ့၏ ချီတုံချတုံ ဖြစ်နေသောအကြည့်နှင့် ဆုံလိုက်ရသည်။ သူမက အနောက်သို့ ပြန်လျှောက်လာပြီး ခပ်တိုးတိုး ပြောသည်။

“စစ်သူကြီးလင်းက ဘာဖြစ်လို့လဲ မသိဘူး သခင်လေး ပြန်မလာခင်တည်းက ပြန်ရောက်နေတာ… ပြီးတော့ အရေးကြီးတခုခု လုပ်စရာရှိသလိုမျိုး အလောတကြီးနဲ့ အိတ်တွေ ထုတ်ပိုးပြီး ထွက်သွားတာပဲ…”


ထိုစကားကို ကြားပြီး ဝမ်ချီက မိန်းမစိုးကျိုး ပြောခဲ့သည်ကို သတိရသွားသည်။


မိန်းမစိုးကျိုးက မြို့တော်တွင် ကိစ္စကြီးကြီးမားမား ဖြစ်နေကြောင်း ပြောခဲ့သည်။ မူလတွင် သူက မိန်းမစိုးကျိုး ပြောသည့် ကိစ္စမှာ ရှစ်ယဲ့ တစ်ယောက်တည်းနှင့်သာ သက်ဆိုင်နေမည်ဟု ထင်ထားပြီး ထိုကိစ္စက မင်းသား(၄)နှင့် စစ်သူကြီးလင်းကိုပါ သက်ရောက်နေမည်ဟု မတွေးထားပေ။


သူက မူရင်းဝတ္ထု၏ ဇာတ်ကြောင်းကို ပြန်စဉ်းစားလိုက်သည်။


မူရင်းဝတ္ထုက အစမှအဆုံး ဇာတ်ကောင် Shou ဖြစ်သော ဝမ်လျန်၏အမြင်ကို အဓိကထား၍ ရေးသားထားသည်။ ဝမ်လျန်က အရှေ့နန်းတော်ကို မဝင်ရောက်နိုင်ခဲ့ဘဲ မင်းသား(၄)နှင့် ဆက်ဆံရေး တိုးတက်မှုကလည်း နှေးကွေးနေသည်။ ဝတ္ထု၏ အစပိုင်းဇာတ်လမ်းမှာ ဝမ်လျန်က စနစ်ကို အမှီပြုပြီး ရှင်သန်ကာ အကောင်းဆုံး အရင်းအမြစ်များကို စုဆောင်းခဲ့ခြင်းကို အဓိက ရေးသားထားသည်။ အလယ်ပိုင်းနှင့် နောက်ဆုံးတွင်သာ မင်းသား(၄)နှင့် ရှစ်ယဲ့တို့ ပါဝင်လာခြင်း ဖြစ်သည်။


ဇာတ်လမ်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ဖို့ဆို နန်းတော်ထဲက မင်းသား(၄)က အိမ်ရှေ့စံကို ဆန့်ကျင်တဲ့ တိုက်ပွဲကြီး တစ်ခု စတင်လိုက်တာများလား…


မဖြစ်နိုင်ဘူး…


အဲ့တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပေမဲ့ အဆုံးသတ်မှာတော့ ဘာမှ ထူးသွားမှာမှ မဟုတ်တာ…


ဝမ်ချီက အချိန်အတန်ကြာ စဉ်းစားခဲ့ပြီးနောက်  တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မင်းကြီး ရုတ်တရက် ဖျားနာကာ မထနိုင်တော့၍ ရလဒ်အနေဖြင့် နန်းတော်ထဲတွင် ကမောက်ကမ ဖြစ်ကာ ပြည်သူများနှင့် စစ်မှုထမ်းများ စိတ်ဝမ်းကွဲပြီး နှစ်ဖက်ကွဲ၍ ရှစ်ယဲ့နှင့် ရှစ်ကျင်းကြားရှိ ပြိုင်ဆိုင်မှုကလည်း တဖြည်းဖြည်း ပြင်းထန်လာမည်ဟုသာ။


“သခင်လေး အဆင်မပြေဘူးလား…”

ယောဖန်း၏ ခေါ်သံက ဝမ်ချီကို အတွေးကမ္ဘာထဲမှ လှုပ်နှိုးလိုက်သည်။


ဝမ်ချီက ခေါင်းခါလိုက်ပြီး အဆင်ပြေကြောင်း ပြောကာ အရှေ့သို့ ဆက်လျှောက်လိုက်သည်။


အခန်းထဲသို့ ပြန်ရောက်ပြီး ရေချိုးပြီးနောက် အိပ်ရာဝင်ခါနီးတွင် ဝမ်ချီက မိန်းမစိုးကျိုး သူ့ကို ပေးလိုက်သော ပစ္စည်းများကို သတိရသွားသည်။ သူ ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး အင်္ကျီလက်ထဲမှ အဖြူရောင် ကြွေဘူးနှင့် စာခေါက်ကို ထုတ်လိုက်သည်။


အဖြူရောင်ကြွေဘူးထိပ်ကို ပိတ်ထားသော အနီရောင် အဝတ်ခေါက်ကို ဖြည်လိုက်ပြီး ဘူးထဲသို့ ချောင်းကြည့်လိုက်သည်။ အထဲ၌ အမှန်တကယ်ပင် ဆေးလုံးတစ်လုံး ရှိနေသည်။ သူက လက်ဝါးဖြန့်လိုက်ပြီး လက်ဝါးပေါ်သို့ ဘူးကို မှောက်ချလိုက်သည်။


ထိုဆေးလုံးက အစိမ်းရောင်ဖြစ်ပြီး ရှစ်ယဲ့ ယခင်က သူ့အား သောက်ခိုင်းခဲ့သောအဆိပ်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။


ဝမ်ချီက တိတ်တဆိတ် တွေးလိုက်မိသည်။


အရင်က ရှစ်ယဲ့ ငါ့ကို သောက်ခိုင်းခဲ့တဲ့ အဆိပ်က အာနိသင် ကုန်သွားလို့များ မိန်းမစိုးကျိုးကို လွှတ်ပြီး အသစ်ထပ်သောက်ခိုင်းတာများလား…


ဒါပေမဲ့ ရှစ်ယဲ့က အဲ့လိုမျိုး လိမ်ညာ ပြောမဲ့သူမှ မဟုတ်တာ၊ ရှစ်ယဲ့သာ ငါ့ကို တကယ် သေစေချင်ရင် ပွင့်ပွင့်လင်းလင်းပြောပြီး အေးဆေး သတ်လို့ရတာပဲ…


မဟုတ်ဘူး… 


 မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး…


ဘာလို့ ဒီခွေးမင်းသား အတွက် လိုက်ကာပြီး ပြောပေးနေမိတာလဲ…


ခွေးမင်းသားက ဘယ်လို လူစားမျိုးပဲဖြစ်ဖြစ် ငါနဲ့မှ မဆိုင်တာ… ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က အခြေအနေ အရမ်းကွာခြားတာမို့ အနာဂတ်မှာ ကိုယ့်လမ်းကိုယ် လျှောက်ရမှာပဲ…


ဝမ်ချီက စိတ်ထဲတွင် ထိုသို့ တွေးနေသော်လည်း အဆုံးသတ်တွင်မူ ခွက်ထဲသို့ ရေနွေးထည့်ပြီး ၎င်းဆေးလုံးကို ရေနွေးဖြင့်မြိုချလိုက်သည်။


အဆိပ်တောင် သောက်ပြီးနေပြီပဲ… အဲ့ထက်ပိုပြီး ဆိုးလာစရာအကြောင်းတော့ မရှိပါဘူး…


ဝမ်ချီက ဆေးသောက်ပြီးနောက် ရေနွေးခွက်ကို အောက်ချကာ သေသပ်စွာခေါက်ထားသော စာရွက်ခေါက်ကို ဖွင့်လိုက်သည်။


အိမ်ပြန်လမ်းတွင် သူက ထိုစာရွက်ပေါ်တွင် မည်သည့်အကြောင်းအရာ ရေးထားမည်ကို မျိုးစုံခန့်မှန်းခဲ့ပြီး ကွာရှင်းစာဖြစ်နိုင်မည်ဟုပင် တွေးခဲ့သေးသည်။


ဖွင့်ဖတ်လိုက်သော အချိန်တွင် ၎င်းစာရွက်ပေါ်၌ စာတစ်ကြောင်းသာ ရှိ၏။


“တစ်နှစ်အတွင်း ချန်မိသားစုရှိရာကို သွားပြီး ချန်ဝူကို သွားရှာပါ…”


ဝမ်ချီက တစ်ခေါက် ကြည့်လိုက်ရုံဖြင့် စာရွက်ပေါ်ရှိ လက်ရေးကို ခွဲခြားနိုင်သည်။


ထိုလက်ရေးမှာ ရှစ်ယဲ့လက်ရေးပင် ဖြစ်သည်။ သူ့လက်ရေးက အလွန်လှပပြီး ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ လွတ်လပ်မှုကို တွေ့ရပြီး စုတ်ချက်တိုင်းက ပြတ်ပြတ်သားသား ရှိသည်။


ဝမ်ချီက စာရွက်ပေါ်ရှိ စာလုံးများကို ဖတ်တတ်သော်လည်း အဓိပ္ပာယ်ကို နားမလည်နေခြင်း ဖြစ်သည်။


ဝမ်ချီက နာရီဝက်နီးပါး စာရွက်ကို ကိုင်ထားပြီး စဉ်းစားခဲ့သော်လည်း အဖြေ ရှာမရပေ။ ထိုကြောင့် သူက စဉ်းစားခြင်းကို ရပ်တန့်လိုက်ပြီး အချိန်ကို ကြည့်ကာ စာရွက်ကို ပြန်ခေါက်လိုက်သည်။


သူ အခန်းထဲ ပတ်လျှောက်ပြီးနောက် ဗီဒိုထဲမှ သစ်သားသေတ္တာကိုထုတ်ကာ  ဘူးအောက်ခြေတွင် စာရွက်ကိုဖွက်လိုက်သည်။


-----


နောက်တစ်နေ့…


ဝမ်ချီ မနက်စာ သုံးဆောင်ပြီးနောက် သဘာဝ ထိန်းသိမ်းရေးနယ်မြေ ထူထောင်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ရှစ်ကျင်းထံသို့ သွားရန် ပြင်ဆင်သည်။ သို့သော်လည်း သူအခန်းပြင် မထွက်မီ တံခါးခေါက်သံကို ကြားလိုက်ရသည်။


ယောဖန်းက ပြေးလာပြီး တံခါးဖွင့်ကာ ကြည့်လိုက်သည်။


တံခါးအပြင်တွင် ရပ်နေသောသူမှာ စစ်သူကြီးလင်း ဖြစ်သည်။


စစ်သူကြီးလင်းက ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး အဝတ်အစား ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ စစ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး အမူအရာက အလွန် လေးနက်နေသည်။


စစ်သူကြီးလင်းက သူ့အဆင့်အတန်းအရ ဝမ်ချီ့အခန်းထဲသို့ဝင်ရန် မသင့်တော်သောကြောင့် ဝမ်ချီကို ဝင်းအပြင်ဘက်သို့ လာရန် ခေါ်လိုက်သည်။

“မြို့တော်မှာ အရေးကြီး ကိစ္စ ဖြစ်နေလို့ ငါနဲ့ မင်းသား(၄) မြို့တော်ကို ခဏပြန်ဖို့ စီစဉ်နေတယ်… ဝမ်သခင်လေး တစ်ယောက်တည်း ဒီမှာ နေခဲ့ဖို့ အဆင်မပြေတာမို့ ငါတို့နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့မလား…”




💮💮💮