(13)
ဆောင်းဦးလေက တရှဲရှဲတိုက်ခတ်နေပြီး ခြံဝင်းထဲရှိ အဝါရောင်သစ်ရွက်ခြောက်များကို ယှက်တိုက်သယ်ဆောင်သွားကာ နေဝင်ရီတရော၌ ခြောက်သွေ့အထီးကျန်သည့်မြင်ကွင်းကို ပုံဖော်ထား၏။
ရှောင်းလန့်၏ကျောပြင်မှာ ဖြောင့်တန်းနေခဲ့ပြီး အမူအရာကမြဲမြံစွာ နောက်တစ်ကြိမ်ထပ်ပြောလာသည် “ကျွန်တော် ကျုယန့်ထင်ကိုပဲ ယူမှာပါ”
ဝေ့သခင်မကြီးမျက်နှာက သုန်မှုန်နေ၏။ သူမက ဒေါသကို အတတ်နိုင်ဆုံးထိန်းလိုက်ပြီး အံကြိတ်သံဖြင့် “သူက ကျုမိသားစုကလူ၊ မင်းက သူ့ကို ဘယ်လိုယူမှာလဲ”
“သူက မင်းသားဟွိုင်အိမ်တော်ကလူ၊ နောင်တစ်ချိန် ကျွင့်ဝမ်ဖြစ်လာမှာကို ကျွန်တော်အားလုံးသိပါတယ်၊ ကျွန်တော် ကိုယ့်ကိုကိုယ်ဘာလုပ်နေလဲ သေချာသိပါတယ်”
“မင်း ဘာမှမသိဘူး” ဝေ့သခင်မကြီး၏မျက်နှာက ပျက်ယွင်းပြီး အကျယ်ကြီးအော်ဆူတော့သည်
“မင်းအဖေ အစောကြီးကတည်းက ပြောပြီးပြီ… အရှင်မင်းကြီးက ငါတို့ရှောင်းမိသားစုကိုမယုံဘူး… အဲ့ဒါကို မင်းက မြေးတော်တွေ မင်းသားတွေနဲ့ သူငယ်ချင်းသွားလုပ်လိုက်သေးတယ်၊ မင်း.. တကယ် ဦးနှောက်ပျက်နေပြီ၊..... အဲ့ဒိတုန်းက မင်းအဖေက မင်းဒေါ်လေးကို ဧကရာဇ်ညီတော်နဲ့ လက်ဆက်ပေးပြီးပြီးချင်း နောင်တရခဲ့တယ်.. အကြောင်းက အရှင်မင်းကြီးက ငါတို့ကို ညီတော်ဘက်လိုက်လိမ့်မယ်ဆိုပြီး အမြဲသံသယတွေဝင်ပြီး မျက်စိဒေါက်ထောက်ကြည့်နေခဲ့လို့… အဲ့ဒိနှစ်တွေတုန်းက ငါတို့ရှောင်းမိသားစု ဘယ်လိုကျီးလန့်စာစားပြီးနေခဲ့ရလဲ.. အဲ့ဒါကို မင်းမသိလို့လား..၊ ဒါနဲ့တောင် မင်းက ကျုမိသားစုကလူတွေကို သွားထိရဲသေးတယ်လား… ဒါတွေမပြောနဲ့ဦး.. မင်းဒေါ်လေး မင်းမျိုးနွယ်ကိုလက်ထပ်ပြီး အဆုံးသတ်ကောင်းသွားရဲ့လား.. လက်ထပ်ပြီးနှစ်နှစ်အတွင်းမှာပဲ လူကဆုံးသွားတယ်.. မင်းက သူ့လိုအမှားမျိုး ထပ်လုပ်ချင်သေးတာလား”
ရှောင်းလန့်က ခေါင်းမာမာဖြင့် ငြင်းသည်
“ယန့်ထင်က တခြားသူတွေနဲ့ မတူပါဘူး၊ ကျွန်တော်ကလည်း သူ့အပေါ်မှာစိတ်ရင်းနဲ့၊ သူကလည်း ကျွန်တော့်အပေါ်မှာ စိတ်ရင်းနဲ့ပါ၊ ပြီးတော့ မင်းသားဟွိုင်အိမ်တော်က အကျဘက်ရောက်နေပြီးတော့ မထင်ရှားတဲ့ မင်းသားအိမ်တော်တစ်ခုပါ.. သူကလည်း ဆက်ခံသူမဟုတ်ပါဘူး၊ နောက်ပိုင်း ကျွင့်ဝမ်ဖြစ်လာလို့ သူ့ကိုယ်ပိုင်အိမ်တော်ရလာရင် မင်းသားဟွိုင်အိမ်တော်နဲ့ ပိုလို့တောင်အဆက်အစပ်မရှိတော့ပါဘူး၊ အရှင်မင်းကြီးက စိုးရိမ်တယ်ဆိုဦးတော့ သာမန်ကျွင့်ဝမ်တစ်ပါးကို မျက်စိထဲထည့်မှာ မဟုတ်ပါဘူး”
“မင်း ဘာလို့ ဒီလောက်ဦးနှောက်မဲ့ရတာလဲ.. တကယ့်ကို မတွေးတတ်ဘူးလား.. အခု မျက်လုံးဘယ်နှလုံးလောက်က ငါတို့ရှောင်းမိသားစုကို စောင့်ကြည့်နေကြတယ်ထင်လဲ… ဒီတစ်ခေါက်စစ်ရှုံးတော့ အရှင်မင်းကြီးက အပြစ်မတင်ဘူး၊ ဒီကိစ္စကို မြွေမသေတုတ်မကျိုး ကျော်သွားလိုက်တယ်ဆိုတာက မင်းအဖေနဲ့မင်းအစ်ကိုကို သူ့အပေါ်မှာသစ္စာရှိကြောင်းပြသဖို့ ဖိအားပေးလိုက်တာပဲ.. မင်းက ဒီအချိန်မှာမှ မင်းသားဟွိုင်အိမ်တော်နဲ့ သွားပတ်သက်ရင် အရှင်မင်းကြီးက ဘယ်လိုထင်မလဲ၊ ဧကရာဇ်ညီတော်က ဘယ်လိုထင်မလဲ”
ရှောင်းလန့်၏မျက်လုံးများ အနည်ငယ်မှိန်ဖျော့သွား၏။ ခဏလောက်တိတ်ဆိတ်နေပြီးမှ နက်ရှိုင်းသောအသံဖြင့် ပြောလာသည်
“ရှောင်းမိသားစုက အရှင်မင်းကြီးအပေါ်မှာ အမြဲသစ္စာစောင့်သိတယ်၊ နန်းတွင်းအပေါ်မှာ အမြဲသစ္စာစောင့်သိတယ်၊ ဒုတိယသဘောထားမရှိဘူး၊ ရှောင်းမိသားစုကလူတွေက ဖြောင့်မတ်ပြီး မှန်ကန်တယ်၊ ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး၊ ကျွန်တော်တို့ ကောင်းတာလုပ်နေသရွေ့ အရှင်မင်းကြီးရဲ့သံသယနဲ့ စိုးရိမ်စိတ်တွေကို ကြောက်စရာမလိုပါဘူး”
“မင်းစကားတွေ မင်းကိုယ်တိုင်ရော ယုံလို့လား” ဝေ့သခင်မကြီးမှာ ဒေါသထွက်လာတော့သည်
“လူသုံးယောက်ပြောရင် ကျားဖြစ်လာမှာပဲ၊ ပါးစပ်တွေအများကြီးက ရွှေကိုပျော်ကျစေမှာပဲ* ၊ အရှင်မင်းကြီးရဲ့သံသယနည်းနည်းကို သတိမထားဘူးဆိုရင် ငါတို့တစ်မိသားစုလုံး အသက်တွေပေးဆပ်လိုက်ရလိမ့်မယ်၊ မင်းအဖေနဲ့မင်းအစ်ကိုက အနောက်မြောက်ဘက်စစ်သည်တွေကိုကိုင်ထားလို့ ဘာမှကြောက်စရာမရှိဘူးလို့ မင်းထင်နေလား”
(* T/N it mean လူညီ ဤကိုကျွဲဖတ်၊ အသံကြောင့်ဖားသေ)
“ကျွန်တော် အဲ့သလိုမတွေးပါဘူး”
ရှောင်းလန့်က အံကြိတ်ကာ မငြင်းတော့သော်လည်း သူလက်လျော့ဖို့ရည်ရွယ်ချက်မရှိကြောင်း ဝေ့သခင်မကြီးကို ခေါင်းမာမာဖြင့်ဆက်ပြော၏။
သူမစကား အလုပ်မဖြစ်တာကိုမြင်တော့ ဝေ့သခင်မကြီးက မောသွားဟန်ဖြင့် မျက်လုံးတွေပိတ်လိုက်ပြီး ထပ်မပြောချင်တော့ပေ။
“ထားလိုက်တော့.. ငါ့စကားကို နားမထောင်ချင်ဘူးဆိုရင်လည်း မင်းအစ်ကို နောက်လကျရင် အလုပ်ကိစ္စနဲ့ မြို့တော်ပြန်လာလိမ့်မယ်၊ သူနဲ့ပြောကြည့်လိုက်”
………
တော်ဝင်စာသင်ကျောင်း…
ဆောင်းဦးပေါက်ပြီးသောအခါ ရာသီဥတုက ပိုအေးလာသည်။
နေ့လည်ခင်းတွင် ရှောင်းရုန်မှာ စာသင်ခန်းထဲ လိမ်လိမ်မာမာထိုင်နေပြီး စာအုပ်ကို ပျင်းပျင်းရှိလျှောက်လှန်နေတုန်း ကျုယန့်ထင်၏အစေခံက အနားရောက်လာပြီး လာရောက်ဖိတ်ခေါ်သည်။ ရှောင်းရုန်က တခဏတုန့်ဆိုင်းသွားပြီးမှ ထရပ်ကာ နောက်ကလိုက်လာခဲ့သည်။
ကျုယန့်ထင်က နားနေခန်းထဲမှာ တစ်ယောက်တည်းရှိနေသည်။ ရှောင်းရုန်ဖြတ်လာသည့်အခါ သူက အခါးရည်ငှဲ့နေသည်။ လူဝင်လာတာမြင်တော့ ကျုယန့်ထင်က ပြုံးပြပြီး ရှောင်းရုန်ကို ထိုင်ဖို့လက်ပြသည်။ ပြီးတော့ အခါးရည်ပူပူကို သူ့ရှေ့တွင် ချပေးလိုက်သည်။
ရှောင်းရုန်က သူ့ကိုတစ်ချက်ကြည့်သည်။ ပြီးသည့်အခါ ခေါင်းကိုအောက်စိုက်ရင်း စကားစဖို့ ချီတုံချတုံဖြစ်နေ၏။
ကျုယန့်ထင်က ရှောင်းရုန်၏အနေရခက်နေဟန်ကို သတိပြုမိပုံမရဘဲ သူ့ကို အသံတိုးတိုးလေးဖြင့် မေးလိုက်သည် “ရှောင်းလူကြီးမင်း အခုတလော ဘာလို့ ရုံးတော်မသွားတာလဲ၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား”
“ဘာ.. ဘာမှမဖြစ်ပါဘူး၊ အစ်ကိုနှစ်က အအေးမိသွားလို့ ရက်နည်းနည်းလောက် ခွင့်ယူလိုက်တာပါ”
ကျုယန့်ထင်က မျက်မှောင်ကျုံ့သွားပြီး “အအေးမိတယ်.. အရမ်းဆိုးလား”
“အရမ်းမဆိုးဘူး၊ သမားတော်နဲ့ပြပြီးပြီ၊ ရက်နည်းနည်းလောက် ဆေးသောက်လိုက်ရင် ဘာမှမဖြစ်တော့ဘူး၊ မင်း.. စိတ်မပူနဲ့”
ရှောင်းရုန်က အနည်းငယ်ရှက်နေကာ စကားပြောရခက်နေပုံပင်။ သူက ကျုယန့်ထင်ကို သုံးလေးငါးခါ ခိုးကြည့်လိုက်သော်လည်း တစ်ဖက်လူ၏မျက်ခုံးတန်းတွေက ပူပန်မှုကြောင့်တွန့်ချိုးနေပြီး တိတ်ဆိတ်နေသည်။ သူက မေးထုတ်လိုက်ချင်၍ စိတ်ထဲယားကျိကျိဖြစ်နေသော်လည်း ဘယ်လိုစကားစရမလဲ မသိချေ။
တကယ်တမ်း ထိုနေ့က သူ့အစ်ကိုနဲ့သူ့အဒေါ် ဘာတွေပြောခဲ့လဲ သူအတိအကျမသိပေ။ သူ့အစ်ကိုက မင်းသားဟွိုင်အိမ်တော်ကသခင်လေးကို မျက်စိကျပြီး သူ့အဒေါ်က ယမ်းမီးပုံကျသည်ဟုသာ ကြားခဲ့သည်။ နောက်တော့ သူ့အစ်ကိုက သူ့အဒေါ်၏ခြံဝင်းအပြင်ဘက်မှာ တစ်ညလုံးဒူးထောက်နေခဲ့ပြီး ပြန်သွားသောအခါတွင် အအေးမိပြီး အိပ်ရာထဲလဲကာ ရက်နည်းနည်းလောက်ဖျားသွားခဲ့သည်။
ပြောရမည်ဆိုလျှင်… သူ့အစ်ကိုနှစ်က မင်းသားဟွိုင်အိမ်တော်ကလူကို ဘယ်တုန်းက မျက်စိကျသွားတာလဲ.. သူက ဘာလို့ လုံးဝသတိမပြုမိရတာလဲ…
“ရှောင်းလူကြီးမင်းကိုကြည့်ချင်လို့ မင်းငါ့ကို နယ်စားအိမ်တော်ခေါ်သွားပေးလို့ ရမလား”
ကျုယန့်ထင်က သူ့ကို အတတ်နိုင်ဆုံးတောင်းပန်လာသည်။ ရှောင်းရုန်က ခဏလောက်ရပ်သွားပြီးမှ အမြန်ဆုံးခေါင်းညိတ်ပြလိုက်ရင်း “ရတယ်… ငါ့အဒေါ် ဘုံကျောင်းသွားတယ် နှစ်ရက်လောက်ကြာမှာ၊ ငါနဲ့လိုက်ခဲ့… သူသိမှာမဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်”
နှစ်ယောက်သားက စာသင်ကျောင်းမှ ခွင့်ယူပြီး နယ်စားအိမ်တော်ဆီ အတူပြန်လာခဲ့ကြသည်။
လမ်းတွင် ရှောင်းရုန်က သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကျုယန့်ထင်ကိုမေးလိုက်သည် “မင်းနဲ့အစ်ကိုနှစ်က ဘာတွေဖြစ်နေကြတာလဲ”
ကျုယန့်ထင်က အတွေးတွေပျံ့နေသည် “ဒီလိုပါ.. သူနဲ့ငါက ချစ်နေကြပြီ.. အတူတူနေဖို့ ဆုံးဖြတ်ထားတယ်”
ရှောင်းရုန်က တစ်ချက်သီးသွားရင်း “မင်းအရင်ကပြောတော့ မင်းသားအိမ်တော်က မင်းသမီးလေးနဲ့ ငါ့အစ်ကိုကို အောင်သွယ်ပေးမယ်ဆို”
“မင်းသားဟွိုင်အိမ်တော်မှာ မင်းသမီးမရှိဘူး”
“ဒါဆို မင်းက ငါ့အစ်ကိုကို ခေါ်သွားမှာလား”
သူ ဤကဲ့သို့တွေးသည်မှာ အံ့သြစရာမဟုတ်ပါ။ ကျုယန့်ထင်က အနာဂတ်မှာ ကျွင့်ဝမ်ဖြစ်လာမည်ပင်။ မင်းမျိုးမင်းနွယ်မင်းသားတစ်ပါးက သူတို့၏ရှောင်းမိသားစုအိမ်ထဲ ဝင်လာမှာတော့ မဟုတ်ဘူးမလား…
ကျုယန့်ထင်က ပြတ်သားစွာ ပြုံးပြလိုက်၏ “ဒါက ပြဿနာမဟုတ်ပါဘူး”
နယ်စားအိမ်တော်သို့ရောက်ကြသောအခါ ရှောင်းရုန်က ကျုယန့်ထင်ကို ဘေးဘက်တံခါးမှ ခေါ်လာသည်။ ဘယ်သူ့ကိုမှ သတင်းမပို့ခိုင်းဘဲ ရှောင်းလန့်နေရာခြံဝင်းဆီ တည့်တည့်ခေါ်ချလာခဲ့သည်။
ရှောင်းရုန်က သူ့ခေါင်းသူ ကုတ်လိုက်ရင်း “အစ်ကိုနှစ် မင်းကိုတွေ့ရင် ဝမ်းသာသွားမှာသေချာတယ်၊ မင်းဝင်သွားလိုက်.. ငါ အပြင်မှာစောင့်ပေးမယ်”
ကျုယန့်ထင်က သူ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်လိုက်သည်။
အခန်းထဲတွင်တော့ ရှောင်းလန့်က ထိုင်ခုံပေါ်မှီရင်း လက်ထဲစာအုပ်တစ်အုပ်ကိုင်ထားကာ ငေးမောတွေးတောနေသည်။ ခြေသံတွေကြားလာတော့ သူက ခေါင်းလှည့်ကြည့်လိုက်သည်။ ကျုယန့်ထင်က ကန့်လန့်ကာအပြင်ဘက်ကနေ ဝင်လာပြီး သူ့ကို ပြုံးကာကြည့်နေသည်။
“ဝမ်းကွဲအစ်ကို”
ရှောင်းလန့်က အံ့အားသင့်သွားသည်။ ကျုယန့်ထင်က ရှေ့ကိုတက်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“မင်း.. ဘယ်လိုရောက်လာတာလဲ”
ကျုယန့်ထင်က ဘေးဘက်မှာဝင်ထိုင်လိုက်ပြီး “ခင်ဗျားက ကျွန်တော့်ကို မလာစေချင်ဘူးလား၊ ရှောင်းရုန်က ခေါ်လာပေးတာ၊ ခင်ဗျားအအေးမိတယ်ကြားလို့ စိတ်ပူလို့ ရှောင်းရုန်ကို အကူညီတောင်းလိုက်တာပါ”
“ကိုယ်က ဘာမှမဖြစ်တော့ဘူး၊ ကောင်းသွားပြီ” ရှောင်းလန့်က ခန္ဓာကိုယ်ကို တည့်တည့်ထိုင်လိုက်ရင်း သူ့ကိုဖြေလိုက်သည်။
ကျုယန့်ထင်က ရှောင်းလန့်၏လက်ဖဝါးကို အသာအယာဖိလိုက်ပြီးမှ လက်ကိုမြှောက်ပြီး အနည်းငယ်ဖျော့တော့နေသည့်သူ့ပါးပြင်ကို ပွတ်သပ်လိုက်ပြန်သည် “ကောင်းသွားတာ သေချာလို့လား”
“သေချာတယ်”
ကျုယန့်ထင်ကို မပြောခဲ့သည်က အနှီသူစိတ်ပူမည်ကို မလိုချင်၍ဖြစ်သည်။ သူက သိနေရုံသာမကပဲ ကိုယ်တိုင်ပင် ရောက်လာလိုက်သေးသည်။
ကျုယန့်ထင်က ရှေ့ကိုတိုးလာကာ ရှောင်းလန့်၏မျက်နှာကို အနီးကပ်ကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် “ဘာလို့ အအေးမိသွားရတာလဲ”
“ကိုယ် ဘာမှမဖြစ်ဘူး.. တကယ်ဘာမှမဖြစ်ဘူး…”
သူ့စကားမဆုံးလိုက်ခင်မှာပဲ ကျုယန့်ထင်၏နှုတ်ခမ်းတွေက ဖိကပ်လာပြီး သူ့အောက်နှုတ်ခမ်းကို ဖွဖွကိုက်လာသည်။
ရှောင်းလန့်က ကြက်သေသေသွားသည်။ သူမြင်နိုင်သမျှက ကျုယန့်ထင်၏ လှုပ်ခတ်နေသော မျက်တောင်တွေသာရှိသည်။ ဤသူ၏ မျက်လုံးတွေက အနည်းငယ်အောက်စိုက်နေပြီး အမူအရာက အလွန်ကျိုးနွံကာ ဈာန်ဝင်စားနေ၏။
ရှောင်းလန့်က နှလုံးတစ်ချက်ခုန်သွားသည်။ သူက ကျုယန့်ထင်၏ပုခုံးကိုကိုင်ပြီး နောက်နည်းနည်းဆုတ်လိုက်သည် “မလုပ်နဲ့၊ အဖျားတွေ မင်းကိုမပေးချင်ဘူး”
ကျုယန့်ထင်က အရေးမလုပ်ပေ။ နောက်တစ်ကြိမ်တက်လာပြန်သည် “ဂရုမစိုက်ဘူး၊ ခင်ဗျားပြောတော့ ဘာမှမဖြစ်တော့ဘူးဆို”
နူးညံ့ပြီးနွေးထွေးသည့်အထိအတွေ့က အမွှေးနံ့ခပ်သင်းသင်းနှင့်အတူ ရှောင်းလန့်ကြောင်အနေသည့်အချိန်ကို အခွင့်ကောင်းပြီး ထပ်ရောက်လာသည်။ ကျုယန့်ထင်၏ ပျော့ပျောင်းသည့်လျှာက သူ့ပါးစပ်ထဲဝင်လာပြီး အသာအယာမွှေနှောက်လာသည်။ ရှောင်းလန့်၏ငြင်းဆန်နေသည့်လုပ်ရပ်မှာ ရင်ခွင်ထဲဆွဲပွေ့ခြင်းသို့သာ ပြောင်းသွားသည်။ သူက အလျင်စလိုပြန်နမ်းပြီး လမ်းကြောင်းမှန်သို့ ပြန်ရောက်သွားခဲ့သည်။
နှုတ်ခမ်းများနှင့်လျှာများကား လိမ်ယှက်နေကြပြီး အသက်ရှူသံတွေက ပိုပြီးပြင်းပြလာသည်။ အသက်ရှူသံတွေကြားက အနမ်းတွေက ပိုပြီးပီပြင်လာခဲ့ပါ၏။
ရှောင်းလန့်က အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး ကျုယန့်ထင်ကို ဆုပ်ကိုင်ထားသည့်လက်တွေကို မနေနိုင်လေးငါးခြောက်ခါ တင်းကျပ်ပစ်လိုက်သည်။ ဤသူနှင့် အသွေးတွေအသားတွေကိုပါ ပေါင်းစည်းလိုက်ချင်သကဲ့သို့ပင်။
ရှည်လျားလွန်းသည့်အနမ်းတစ်ခုအပြီးမှာတော့ ကျုယန့်ထင်က ရှောင်းလန့်၏နှုတ်ခမ်းကို ပြွတ်ခနဲထိလိုက်ပြီး လေသံလေးဖြင့် မေးလာသည် “သခင်မကြီးက ကျွန်တော်တို့ကိစ္စကို သဘောမတူဘူးလား”
ရှောင်းလန့်က စိတ်မချနိုင်၊ အမြန်ဖြေလိုက်သည် “ဟုတ်တယ်.. ဒါပေမယ့် မပူပါနဲ့၊ ကိုယ် အမေ့ကိုပြောမှာပါ၊ ကိုယ်အာမခံတယ်”
“သိတယ် သိတယ်” ကျုယန့်ထင်က သူ့ကိုနှစ်သိမ့်၏ “ခင်ဗျားပြောတာ ယုံပါတယ်”
ခဏကြာတော့ သူကထပ်ပြောသည် “ဝမ်းကွဲအစ်ကို.. ကျွန်တော် ခင်ဗျားဆီလာခဲ့မယ်လေ.. နယ်စားအိမ်တော်မှာ ကျွန်တော်လာပြီးလက်ထပ်လိုက်ရင် သခင်မကြီးက သားမရှိတော့မှာကို စိုးရိမ်နေစရာမလိုတော့ဘူး၊ အဲ့ဒါဆိုကောင်းလား”
ရှောင်းလန့်မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားခဲ့သည်။ သူက သူ့ရင်တွင်းမှ ပေါက်ထွက်တော့မယ့်ခံစားချက်များကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားလိုက်ရသည်။ ကျုယန့်ထင်ကို မှင်တက်စွာစိုက်ကြည့်ရင်း သူက ခဏလောက်တော့ စကားမပြောနိုင်ခဲ့ချေ။
“ကောင်း..လား.. မကောင်း..ဘူးလား” ကျုယန့်ထင်က အသံကိုဆွဲကာ အပြုံးလေးဖြင့် ပြောလိုက်၏။
ရှောင်းလန့်က သူ့ကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ဆွဲဖက်လိုက်ပြီး လည်စလုတ်က လှုပ်ခတ်သွားခဲ့ရင်း “ကောင်းတယ်”
ကျုယန့်ထင်က ရှောင်းလန့်ပုခုံးပေါ်မှီချလိုက်ရင်းမှာ သူ့မျက်လုံးများကို အသာမှိတ်လိုက်၏။
လွန်ခဲ့သည့်ရက်ပိုင်းက သူနှင့်သူ့အစ်ကိုတော် ရှောင်းမိသားစုဘဏ္ဍာတိုက်အကြောင်း ဆွေးနွေးခဲ့သည်။ ရှောင်းမိသားစုမှာ ကောလဟလတွေအတိုင်း တိုင်းပြည်ဘဏ္ဍာတွေ အမှန်တကယ်လက်ဝယ်ပိုင်ဆိုင်ထားသလား။ နောက်ပြီး ထိုရတနာဟူသည့်အရာတွေက အမှန်တကယ် ဘာကိုရည်ညွှန်းသနည်း။ အကယ်၍ ထိုအရာမျိုးရှိခဲ့လျှင် ချန်နယ်စားသိရမည်ဖြစ်ပြီး ဆက်ခံသူလည်း သိမှာသေချာသည်။ ထိုသို့ဆိုလျှင် ရှောင်းလန့်ကရော.. ရှောင်းလန့်ကရော သိနိုင်သလား...
သူ ဒီ့ထက်ပိုပြီး စိတ်ရှည်ဖို့လိုသည်.. ဒီ့ထက်ပိုပြီး အချိန်ယူဖို့လိုသည်..
“ယန့်ထင်”
ရှောင်းလန့်က သူ့နားနားမှာ တိုးတိုးလေးခေါ်လာပြီး ကျုယန့်ထင်ကလည်း တိုးတိုးလေးပြန်ဖြေလိုက်သည် “ဟင်”
“… ကိုယ် အမြန်ဆုံးလုပ်ပါ့မယ်.. မင်းကို အကြာကြီးမစောင့်စေရပါဘူး”
“အင်းပါ”
.......
ကျုယန့်ထင်က တံခါးကို တွန်းဖွင့်လိုက်သည့်အခါ လှေကားထစ်တွေပေါ်မှာ ပျင်းပျင်ရိရိထိုင်နေသည့် ရှောင်းရုန်က ချက်ချင်းကောက်ထလာသည်
“မင်းနဲ့ အစ်ကိုနှစ် စကားပြောလို့ပြီးသွားပြီလား၊ အခုပြန်တော့မှာလား”
“တောင်းပန်ပါတယ်” ကျုယန့်ထင်က ခေါင်းညိတ်ပြလိုက်သည် “မင်းကိုအကြာကြီးစောင့်ခိုင်းမိပြီ”
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. အကြာကြီး မစောင့်လိုက်ရပါဘူး” ရှောင်းရုန်က လက်ယမ်းပြပြီး အားနာပါးနာပြုံးပြသည်။
တကယ်တမ်းတွင် သူစောင့်နေသည်မှာ တစ်နာရီနီးပါးပင်ရှိပေပြီ။ ကြိမ်ဖန်များစွာ တံခါးကိုခေါက်လိုက်ချင်သော်လည်း အထဲကနှစ်ဦးကို နှောင့်ယှက်မိပြီး သူ့အစ်ကိုကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိမှာ စိုးသည်။ ဒါပေမယ့်လည်း.… ဒီလောက်တောင် ပြောစရာတွေများလားဟ…
ရှောင်းလန့်က အနောက်ကလိုက်ထွက်လာသည်။ ကျုယန့်ထင်က သူ့ကို အသာတွန်းလိုက်ပြီး “အထဲဝင်ပြီး မြန်မြန်အနားယူတော့၊ ခင်ဗျားက မကောင်းသေးဘူး၊ လေတိုက်ထဲမှာ ရပ်မနေနဲ့”
ရှောင်းလန့်က သူ့လက်ဖဝါးကိုညှစ်လိုက်သည်။ သူ့ကို အပေါ်ဝတ်ရုံခြုံပေးလိုက်ပြီး “ခဏနေရင် မိုးရွာတော့မယ်နဲ့တူတယ်၊ အိမ်ကိုမြန်မြန်ပြန်လိုက်တော့၊ အပြင်မှာအကြာကြီးမနေနဲ့၊ နောက်နှစ်ရက်လောက်နေရင် ကိုယ်မင်းကိုလာရှာမယ်”
ကျုယန့်ထင်က ပြုံးလိုက်သည် “အင်း”
ရှောင်းရုန်မှာ မသက်မသာဖြင့် သူ့မျက်လုံးတွေကို လွှဲလိုက်သည်။ .. သူ ဒီနားမှာရှိမနေသင့်..
“အားရုန်” ရှောင်းလန့်က ရုတ်တရက် သူ့ကိုခေါ်လိုက်သည်။
ရှောင်းရုန်က အသိပြန်ဝင်လာရင်း “ဟုတ်”
“မင်း ယန့်ထင်ကို ကိုယ်တိုင် လိုက်ပို့ပေးလိုက်နော်.. မြင်းလှည်းပေါ်တက်တဲ့အထိ ပို့ပေးလိုက်”
“ဟုတ် ဟုတ်”
ကျုယန့်ထင်က ရှေ့တစ်လှမ်းတက်လာပြီး နောက်ဆုံးပိတ်အနေနဲ့ ရှောင်းလန့်၏ပုခုံးကို ပွေ့ဖက်လိုက်သည်။ ပြီးမှ နောက်ပြန်ဆုတ်ပြီး နှစ်လိုဖွယ်ကောင်းသည့်အပြုံးလေးဖြင့် ကြည့်လိုက်သည် “ဝမ်းကွဲအစ်ကို.. ကျွန်တော်သွားတော့မယ်”
“လမ်းမှာဂရုစိုက်”
အချင်းချင်းကိုင်ထားသောလက်တွေက မခွဲနိုင်မခွာရက်ဖြင့် ကွဲကွာသွားကြသည်။ ကျုယန့်ထင်က ရှောင်းရုန်နောက်ကလိုက်ပြီး တစ်လှမ်းပြီးတစ်လှမ်း အဝေးရောက်သွား၏။
ကျုယန့်ထင်ကို မြင်းလှည်းပေါ်လိုက်ပို့ပြီးတဲ့အခါ ရှောင်းရုန်က သူ့ကို နှုတ်ဆက်စကားပြောသည်။ ကျုယန့်ထင်က အပြုံးလေးဖြင့် မေးလိုက်၏ “ငါ မင်းကို မင်းအစ်ကိုနှစ်ခေါ်သလို အားရုန်လို့ခေါ်လို့ရလား”
“ရတယ်” ရှောင်းရုန်က ခေါင်းကို တဆတ်ဆတ်ညိတ်သည်။ နည်းနည်းတုံ့ဆိုင်းသွားပြီးမှ သူက ထပ်ပြောလိုက်သည် “စိတ်မပူပါနဲ့၊ မင်းက အရမ်းကောင်းပါတယ်၊ ငါ့အစ်ကိုနှစ်နဲ့ အရမ်းလိုက်ဖက်တယ်၊ အစ်ကိုနှစ် တစ်ယောက်ယောက်ကို ဒီလောက်ကြိုက်တာ ငါတစ်ခါမှမမြင်ဖူးဘူး၊ အဒေါ်ကိုတော့.. ငါလည်း ဝိုင်းနားချပေးပါ့မယ်”
ကျုယန့်ထင်က ပြုံးလိုက်ပြီး “ကျေးဇူးပဲ”
.........