(12)
ငါးရက်ကြာပြီးနောက်တွင် ရှောင်းလန့်သည် မင်းသားဟွိုင်အိမ်တော်သို့ တဖန်ရောက်ရှိလာပြီး ကျုယန့်ထင်ကို နယ်စားအိမ်တော်သို့ ကိုယ်တိုင်လာရောက်ခေါ်ဆောင်သွားခဲ့သည်။
ဤသည်က ကျုယန့်ထင် နယ်စားအိမ်တော်သို့ ပထမဦးဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်၏။ သူက လက်ဆောင်ပစ္စည်းတစ်ခုကိုပါ ပြင်ဆင်ထားခဲ့သော်လည်း ကံမကောင်းစွာဖြင့် နယ်စားကတော်ကြီးက တွေ့ဆုံပွဲသို့ အပြင်ထွက်သွားခဲ့ပြီး အိမ်တွင်မရှိချေ။
ရှောင်းလန့်က သူ့ကို အိမ်တော်အနှံ့ဦးဆောင်ခေါ်သွားပြီး နှစ်ယောက်သားက အနောက်ဖက်ဥယျာဉ်ထဲကရေကန်ဆီ လျှောက်လာကြသည်။
ရေကန်မှာ ဆောင်းဦးအငွေ့အသက်များနှင့် အပြည့်ဖြစ်နေ၏။
မနေ့ညက မိုးအသည်းအထန်ရွာသွန်းပြီးနောက် သစ်ပင်များက ပိုစိမ်းလန်းနေသည်။ လေနှင့်မြူများက အနည်းငယ်အေးစိမ့်နေပြီး ရေပြင်က တောင်တန်းများ၏အရိပ်နှင့်အတူ တောက်ပနေခဲ့ကာ ခပ်လှမ်းလှမ်းတွင် အဆုံးမရှိသော အဆောက်အဦးများကိုလည်းမြင်ရသည်။
နှစ်ယောက်သားက ရေကန်ဘေးက အမြင့်နေရာကိုတက်ပြီးကြည့်ရှုကြသည်။
ကျုယန့်ထင်က သက်ပြင်းတိုးတိုးချလိုက်သည် “ဒီနေရာ မင်းသားဟွိုင်အိမ်တော်က ရှုခင်းတွေနဲ့ တော်တော်တူတာပဲ”
ရှောင်းလန့်ကပြော၏ “မင်းသဘောကျရင်ပြီးတာပဲ”
ကျုယန့်ထင်ကပြုံးပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည် “ဘာဖြစ်လို့ ကျွန်တော်သဘောကျရင် ပြီးတာလဲ”
တောက်ပသောအပြုံးထဲတွင် ကျီစယ်ချင်သည့်အရိပ်အမြွက်အနည်းငယ်ရှိ၏။ ရှောင်းလန့်က အဝေးကိုကြည့်လိုက်သည်။ သူ့ပါးက အနည်းငယ်နီမြန်းသွားရင်း “မင်းကြိုက်မယ်မှန်း ကိုယ်သိပါတယ်”
ကျုယန့်ထင်က တခွိခွိရယ်ကာဖြင့်ပင် “အင်း”
သူတို့တွေ ရေကန်ဘေးမှာ ခဏလောက်ရပ်နေခဲ့ကြသည်။ လေတိုက်ခတ်လာပြီး ကျုယန့်ထင် အင်္ကျီပါးပါးလေးဝတ်ထားသည်ကိုမြင်သောအခါ ရှောင်းလန့်က ဘာမှသိပ်မတွေးနေဘဲ သူ့ဝတ်ရုံကိုချွတ်ကာ ခြုံပေးလိုက်သည်။
သူက ကျုယန့်ထင်၏ပုခုံးကို နောက်ကနေသိုင်းဖက်ပြီး ခေါင်းကိုငုံ့ကာ အသေအချာကြိုးချည်ပေးသည်။
ကျုယန့်ထင်က သူ့ထက်အရပ်အနည်းငယ်ပိုပုသည့်အတွက် ဤအနေအထားက သူ့လက်နှစ်ဖက်ကြား အံကိုက်ပင်ဖြစ်သည်။
ရှောင်းလန့်၏အသက်ရှုသံတွေ ပတ်ပတ်လည်မှာ ဝန်းရံခံလိုက်ရသည့်အခါမှာတော့ ကျုယန့်ထင်၏စိတ်တွေက ခေတ္တခဏထွေပြားသွားခဲ့ပါ၏။
သူက အမှတ်တမဲ့ ခေါင်းကိုလှည့်လိုက်တော့ သူ့နှုတ်ခမ်းက ရှောင်းလန့်၏ပါးနှင့် မတော်တဆပွတ်မိပြီး နှစ်ယောက်လုံးက လန့်ဖြန့်သွားခဲ့ကြသည်။
ဦးဆုံးအသိပြန်ဝင်လာသူမှာ ကျုယန့်ထင်ဖြစ်၏။
သူက ခြေဖျားထောက်ကာ ရှောင်းလန့်၏မျက်နှာကို တစ်ချက်မော့နမ်းလိုက်သည်။
ရှောင်းလန့်က စူးစူးရဲရဲစိုက်ကြည့်နေသည်။ သူ့မျက်ဝန်းတွေက တောက်လောင်နေပြီး သူက ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားရန် ကြိုးစားနေပုံပါပင်။
ကျုယန့်ထင်မှာ သက်ပြင်းချပြီး ရှောင်းလန့်၏နှုတ်ခမ်းကို နောက်တစ်ခါနမ်းလိုက်လေ၏။
ရှောင်းလန့်၏သူငယ်အိမ်တွေက ရုတ်တရက် ကျုံ့သွားပြီးမှာတော့ သူက ကျုယန့်ထင်ကို သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်တော့သည်။
နှုတ်ခမ်းနှစ်စုံက အချင်းချင်းငြိတွယ်နေကြလျက် လှိမ့်မိရင်း ခိုက်မိရင်း ပူလောင်ပြင်းပြကာ မခွဲနိုင်မခွာရက်ပါပင်။
ကတိုက်ကရိုက်နမ်းရှိုက်ကြပြီးနောက်တွင်တော့ ကျုယန့်ထင်က ရှောင်းလန့်ပုခုံးပေါ် ခေါင်းတင်ထားပြီး မောဟိုက်နေခဲ့သည်။ သူက ခဏကြာမှ တိုးတိုးဖြင့် “ခင်ဗျားက ဘာဖြစ်လို့ မလုပ်တတ်တာပါလိမ့်”
ရှောင်းလန့်က လက်သီးတွေတင်းတင်းဆုပ်သွားသည်။ ဒီအတိုင်း ခဏတဖြုတ်တိတ်ဆိတ်သွားပြီးမှ သူက ပြောလိုက်သည် “ယန့်ထင်.. ခေါင်းမော့ပြီး ကိုယ့်ကိုကြည့်”
ကျုယန့်ထင်ခေါင်းကိုမော့လိုက်သည့်အခါ မျက်ဝန်းထဲ၌ အပြုံးလေးတစ်ခုရှိနေသည်။
ရှောင်းလန့်က သူ့ကို လေးလေးနက်နက်ကြည့်လာပြီး “ယန့်ထင်.. ကိုယ်နဲ့ လျှိုမိသားစုသခင်လေးက အမိဝမ်းကတည်းက စေ့စပ်ခဲ့တာပါ၊ မိဘတွေရဲ့အမိန့်ပါ၊ ကိုယ်နဲ့သူက အပြန်အလှန်မြတ်နိုးကြတယ်.. လောကဝတ်တွေရှိကြတယ်၊ ဒါပေမယ့် ကိုယ်ဘယ်တုန်းကမှ ဘောင်ကျော်တဲ့အရာတွေ မလုပ်ခဲ့ဖူးပါဘူး၊… ပြီးတော့ အခု လက်ထပ်ကတိကပြီးဆုံးသွားပြီ.. ရေစက်မရှိတော့ဘူး၊ … မင်း သူ့အပေါ်မှာ အများကြီးအာရုံစိုက်နေစရာ မလိုပါဘူး”
“မြတ်နိုးတယ်.. လောကဝတ်…” ကျုယန့်ထင်က ခပ်တိုးတိုးရေရွတ်လိုက်သည် “ဒါဆိုလည်း အချစ်ရှိသေးတဲ့သဘောပဲ”
ရှောင်းလန့်မှာ တခဏလောက်တော့ ပြောစရာစကားမဲ့သွားရသည်။
သူနှင့်လျှိုရူရွှီမှာ ငယ်သူငယ်ချင်းများဖြစ်ကြပြီး ဝါသနာချင်းတူကြသည်။ တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့ပါက အနာဂတ်တွင် ချစ်ခင်ကြင်နာသောဇနီးမောင်နှံတစ်စုံ ဖြစ်လာနိုင်ပါ၏။
တစ်ခုသာလျှင်...။ ထိုနေ့က မီးပုံးပွဲတော်ပြီးနောက်တွင် သူ့နှလုံးသားထဲ ဝိုးတဝါးအရိပ်တစ်ခု ရှိနေခဲ့သည်။ ဒီလို နေမရထိုင်မရ အလူးလူးအလှိမ့်လှိမ့်ဖြင့် အိပ်မက်တွေရဲ့ခြောက်လှန့်တာခံရသည်။ နောက်ပိုင်းမှနားလည်သွားခဲ့သည်မှာ သူက အချစ်နာရောဂါကျနေခဲ့တာပင်။
ထို့ကြောင့်ပင် လျှိုရူရွှီ တစ်ခွန်းမှမရှင်းပြဘဲ လက်ထပ်ပွဲဖျက်သွားခဲ့ချိန်မှာ သူ့ခံစားချက်က ဝမ်းနည်းရမည့်အစား မယုံကြည်ခံရခြင်းပေါ်တွင်သာ အလေးပိုနေခဲ့သည်။
အကြောင်းရင်းမှာ သူ့နှလုံးသားထဲတွင် နောက်ထပ်လူတစ်ယောက် တိတ်တိတ်လေးရှိနေခဲ့ခြင်းကြောင့်ဖြစ်ပါ၏။
ရှောင်းလန့်က ထိုအရာကို မည်သို့ရှင်းပြရမည်လဲမသိချေ။
သူမျက်နှာမကောင်းတာမြင်တော့ ကျုယန့်ထင်က နောက်တစ်ခါ ပြုံးလိုက်ပြီး “ကျွန်တော်က နောက်တာပါ၊ ပြီးသွားတဲ့ကိစ္စတွေကို ကျွန်တော်ဂရုမစိုက်ဘူး၊ ခင်ဗျားလည်း စိတ်ထဲမထည့်နဲ့တော့”
ရှောင်းလန့်က သူ့ကိုစိုက်ကြည့်လိုက်ပြီး “အတိတ်ကိုပြန်သွားလို့မရဘူး၊ ဒါပေမယ့် ကိုယ်မင်းကိုအာမခံပါတယ်၊ အခုအချိန်ကစပြီး တစ်ဘဝလုံး မင်းတစ်ယောက်တည်းပဲ၊ ဘယ်တော့မှမပြောင်းလဲဘူး”
“ကျွန်တော်သိပါတယ်” ကျုယန့်ထင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် “ခင်ဗျား ခဏခဏပြောခဲ့ပြီးပြီလေ…ကျွန်တော်ယုံပါတယ်”
ရှောင်းလန့်က ငြိမ်သက်သွားပြီးမှာ ဘာမှမပြောခဲ့တော့။ သူက ကျုယန့်ထင်ကို အောက်ပြန်ခေါ်လာပြီး သူတို့တွေ ပြန်လာခဲ့ကြသည်။
ကျုယန့်ထင်၏လက်တွေက အနည်းငယ်အေးစက်နေသည်။
ရှောင်းလန့်က ခပ်ဖွဖွညှစ်လိုက်ပြီး အသံထဲ ပူပန်နေ၏ “မင်းလက်တွေက ဘာဖြစ်လို့ အမြဲအေးနေတာလဲ”
“ကျွန်တော်ငယ်ငယ်တုန်းက ကျန်းမာရေးသိပ်မကောင်းဘူး၊ ဘာမှကြီးကြီးမားမားမဟုတ်ဘူး” ကျုယန့်ထင်က သိပ်အမှုမထား။
ရှောင်းလန့်က မျက်မှောင်တွေကို ကျုံ့လိုက်၏။ ထိုနေ့က ကျုယန့်ထင်၏အစေခံပြောစကားများကို သူသတိရမိသွားသည်။ သူက ချီတုံချတုံဖြင့် မေးလိုက်သည်
“မင်းအရင်ကပြောဖူးတယ်မလား.. ငယ်ငယ်တုန်းက အိမ်ကသခင်မက မင်းကိုအပြင်ထွက်ခွင့်မပေးဘူးဆိုတာ.. ဘာကြောင့်လဲ”
“…ဘာဖြစ်လို့ ရုတ်တရက် ဒါမေးဖို့ အတွေးပေါက်သွားတာလဲ” ကျုယန့်ထင်က ပြောရင်း ရပ်သွားသည်။ အမူအရာက အနည်းငယ်တင်းလာကာ “တကယ်တော့လည်း ဘာမှမဟုတ်ပါဘူး၊ မိသားစုအရှုပ်တော်ပုံပေါ့၊ ကျော်မကောင်းကြားမကောင်းတာလေးပါပဲ”
“မိသားစုအရှုပ်တော်ပုံ”
“အင်း” ကျုယန့်ထင်က ရှင်းပြလိုက်သည် “ကျွန်တော့်မိထွေးက အိမ်ထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရတယ်၊ နောက်နှစ်လလောက်ကြာတော့ အဲဒိကိုယ်ဝန်က ရုတ်တရက်ပျက်ကျသွားတယ်၊ အဲ့ဒါကို ကျွန်တော်က သူ့ကို တမင်သက်သက်ဝင်တိုက်ပါတယ်လို့ အဖေ့ကိုငိုယိုပြီးတိုင်တယ်၊ အဲ့ဒိတုန်းက ကျွန်တော်က ငယ်သေးတယ်၊ အမေ့ကိုဆုံးရှုံးထားတာ မကြာသေးတော့ စိတ်ခံစားချက်အတိုင်းပဲ သူ့အပေါ်မှာ ရန်လိုတတ်တယ်၊ အဖေကလည်း သူ့စကားကိုယုံတယ်လေ... ကျွန်တော့်ကို ရိုက်ပြီး အပြစ်ပေးချင်ပေမယ့် အစ်ကိုတော်က ကျွန်တော့်အစား ကြိမ်ဒဏ်အချက်နှစ်ဆယ်ကို ခံပေးတယ်၊ သူက နှစ်ဝက်လောက် အိပ်ရာထဲလဲသွားပြီး အခုအချိန်အထိ ရောဂါအမြစ်ကျန်နေတုန်းပဲ၊ ကျွန်တော့်ကိုကျတော့ အဖေက မိထွေးလက်ထဲအပ်လိုက်တယ်၊ မိထွေးက ကျွန်တော့်ခြံဝင်းတံခါးကိုပိတ်ထားပြီး အစ်ကိုတော်အပါအဝင် ဘယ်သူ့ကိုမှလာခွင့်မပြုဘူး၊ အဲ့ဒိခြံဝင်းထဲမှာ ရှစ်နှစ်ကြာခဲ့တယ်”
“ရှစ်နှစ်…”
ကျုယန့်ထင်က သက်ပြင်းချလိုက်ရင်း “ဟုတ်တယ်.. ရှစ်နှစ်”
ရှောင်းလန့်က ကျုယန့်ထင်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ သူက စိတ်ထဲတွင် နာကျင်နေပြီး ဘာပြောရမှန်းမသိချေ။
သူ၏ယန့်ထင်က ဤကဲ့သို့ကြီးပြင်းလာခဲ့ရမှန်း မသိခဲ့ပါ။ ချင်းဝမ်အိမ်တော်မှာမွေးဖွားခဲ့ခြင်းက သူ့ကို သာမန်လူတွေ သည်းမခံနိုင်လောက်သော အခက်အခဲများကို ယူဆောင်လာပေးခဲ့၏။ ရိုးစင်းသောကလေးငယ်တစ်ဦးမှာ ကျဉ်းမြောင်းသောခြံဝင်းတစ်ခုထဲတွင် နေရောင်ကိုမမြင်ရဘဲ ရှစ်နှစ်ကြာအောင် ပိတ်လှောင်ခံခဲ့ရသည်။ ယခုကဲ့သို့ ကြီးပြင်းလာနိုင်သည်ကပင် ကောင်းချီးဟုပြော၍ရချေပြီ။
ကျုယန့်ထင်က လမ်းလျှောက်နေသည်ကိုရပ်လိုက်ပြီး ရှောင်းလန့်ကိုကြည့်လိုက်သည်
“ဝမ်းကွဲအစ်ကို .. စိတ်မကောင်းဖြစ်စရာမလိုပါဘူး၊ အားလုံးပြီးသွားပါပြီ၊ ခင်ဗျားပြောသလိုပဲ အတိတ်ကိုပြန်သွားလို့မရဘူးလေ.. အဲ့ဒိမကောင်းတဲ့မှတ်ဉာဏ်တွေကိုလည်း ပြန်သတိရနေစရာမလိုဘူး၊ ပြီးတော့.. အဲ့ဒိအမျိုးသမီးက သူ့သားကို ဆက်ခံသူဖြစ်စေချင်ပေမယ့် ကလေးက ကံပါမလာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားတယ်၊ သူကိုယ်တိုင်ကလည်း နေမကောင်းဖြစ်ပြီးဆုံးသွားတယ်”
ကျုယန့်ထင်၏မျက်လုံးများကား ကြည်လင်နေပြီး အပြုံးတွေက တောက်ပနေသည်။ အညစ်အကြေးအနည်းငယ်သော်မျှ စွန်းထင်းနေခဲ့ပုံမရ။
ရှောင်းလန့်က သူ့ကိုကြည့်လိုက်သည်။ လည်ချောင်းကလှုပ်သွားပြီး အဆုံးမှာတော့ သူက အနာကို ထပ်မံမတူးဆွနိုင်တော့ပေ “…သွားကြစို့”
နှစ်ယောက်သားက လက်ချင်းတွဲပြီး ရှောင်းလန့်တစ်ယောက်တည်းနေထိုင်သည့် ခြံဝင်းသို့ ပြန်လာခဲ့ကြသည်။
ကျုယန့်ထင်က သူပျင်းလျှင်ပျင်းသလိုလုပ်ထားသည့် ပစ္စည်းကိရိယာတွေကို ကြည့်ချင်တယ်ဟုပြောလာသည်။ ရှောင်းလန့်က သူ့ကို အလုပ်ခန်းထဲ ခေါ်သွားလိုက်သည်။
အခန်းငယ်လေးထဲ အလင်းရောင်မှာ အနည်းငယ်မှိန်နေ၏။
ညာဘက်တွင် ကိရိယာအမျိုးမျိုးရှိပြီး ဘယ်ဘက်တွင် ပစ္စည်းမျိုးစုံပြည့်နှက်နေသော စင်တန်းများရှိသည်။ ဝါးရုပ်ထု၊ သစ်သားရုပ်ထု၊ ရွှံ့ရုပ်ထု မျိုးစုံရှိပြီး အများစုမှာ ရိုးရှင်းပြီးအသက်ဝင်သည်။
ကျုယန့်ထင်က တစ်ခုချင်းစီလိုက်ကြည့်ပြီး ရှောင်းလန့်ကိုမေးသည် “ဘာလို့ ဒီလိုဟာတွေ လုပ်တာလဲ”
“ဘာမှလုပ်စရာမရှိတဲ့အချိန် အချိန်ဖြုန်းရုံပါပဲ… ဒီလိုဟာမျိုးက စိတ်ရှည်ရှည်နဲ့ အသေးစိတ်လုပ်ရတယ်၊ ကိုယ်ငယ်ငယ်ကဆို စိတ်တိုလွယ်ပြီး ဒေါသကြီးတယ်၊ ဒေါသကိုထိန်းဖို့ အဘိုးက ကိုယ့်ကို ဒါတွေလုပ်ခိုင်းရင်း နောက်ပိုင်းတော့ အကျင့်ဖြစ်သွားတယ်”
ကျုယန့်ထင်က ခဏလောက်မျက်လုံးပြူးသွားပြီးမှ အကျယ်ကြီးအော်ရယ်လာသည် “ခင်ဗျားက ဒေါသကြီးတယ်.. လိမ်နေတာလား”
သူ၏ရှောင်းလန့်မှာ မီးပုံးဖြင့်လိုက်ရှာရင်တောင်မှ နောက်ထပ်တစ်ယောက်ထပ်မရှိနိုင်သည့် ဤကဲ့သို့ နူးညံ့နွေးထွေးသည့် လူကြီးလူကောင်းတစ်ယောက်ပါပင်။ သို့ရာတွင် အနှီသူက သူ့ကိုယ်သူ ဒေါသကြီးသည်ဟု ပြောဆိုလာခဲ့သည်။
“အင်း” ရှောင်းလန့်က အနည်းငယ်အနေရခက်သွားသည်။ သူက အသံကိုနှိမ့်လိုက်ပြီး “မရယ်နဲ့”
“အွန်း အွန်း.. မရယ်တော့ဘူး” ကျုယန့်ထင်က သူ့အပြုံးတွေကို မဖုံးကွယ်နိုင်။ သူက လက်ကာပြလိုက်ရင်း “ကျွန်တော့်ကို မကြည့်နဲ့တော့.. ကျွန်တော် တကယ်မရယ်တော့ဘူး”
ရှောင်းလန့်က သူ့ကို ထိုင်ခိုင်းလိုက်သည် “မင်းခဏစောင့်ဦး”
ကျုယန့်ထင်က သူပြောသည့်အတိုင်း ထိုင်ချလိုက်သည်။
ရှောင်းလန့်က ဘေးနားက ထိုင်ခုံပုလေးပေါ်မှာထိုင်ပြီး သူ့လက်တွေကို ရေသန့်သန့်စွတ်လိုက်ကာ ရွှံ့တစ်တုံးကိုထုတ်ယူလာသည်။ သိပ်မကြာခင်မှာပင် သူက လုပ်လက်စမှာ ဈာန်ဝင်သွားသည်။ သူ့လက်တွေကို ပုံစံခွက်ပေါ် ကျွမ်းကျင်စွာရွေ့လျားပြီး ရွှံ့ကို ပုံသဏ္ဍာန်ဖြစ်အောင် ဆုပ်နယ်လေသည်။
ကျုယန့်ထင်က ခေါင်းကိုလက်နှင့်ထောက်ထားပြီး ငြိမ်သက်စွာကြည့်နေခဲ့သည်။ သူ့ခေါင်းထဲပေါ်လာသော အတွေးတွေကို လေးငါးခြောက်ခါပြောင်းရင်း ထိုအာရုံနောက်စရာတွေကို တဖြည်းဖြည်း ရှင်းထုတ်ပစ်လိုက်သည်။
နာရီဝက်ခန့်ကြာပြီးတဲ့အခါ ရှောင်းလန့်က သူလုပ်ထားသည့် ကြာပန်းပုံ စုတ်တံဆေးသည့်ခွက်ကို ပြသလာသည်။
ကျုယန့်ထင်က မေးလိုက်၏ “ကျွန်တော့်ကိုပေးတာလား”
ရှောင်းလန့်က ခေါင်းညိတ်ပြပြီး “မင်းကိုပေးတာ.. ပန်းချီဆွဲ၊ စဉ့်သုတ်ပြီး မီးဖုတ်ပြီးရင် မင်းအိမ်ကို တစ်ယောက်ယောက်ပို့ခိုင်းလိုက်မယ်၊ လက်ရာမကောင်းရင်... မလိုချင်လည်းရတယ်”
ကျုယန့်ထင်က အပြုံးကြီးကြီးတစ်ခု ပေးလိုက်ပြီး “ခင်ဗျား ကိုယ်တိုင်လုပ်ထားတဲ့ဟာကို ကျွန်တော်က ဘာလို့ မလိုချင်ဘဲနေမှာလဲ”
“မင်းနှစ်သက်ရင်ပြီးရော”
နေ့လည်စာစားပြီးမှာတော့ သူတို့နှစ်ဦး စာကြည့်ခန်းဆီသို့ ရောက်သွားကြသည်။ ရှောင်းလန့်၏စာကြည့်ခန်းမှာ ရိုးရိုးရှင်းရှင်း တင့်တယ်စွာ ပြင်ဆင်ထားပြီး မှင်ရည်နံ့သင်းသင်း ရနေသည်။ ပြတင်းပေါက်အပြင်တွင် သဖန်းပင်တစ်ပင်က သစ်ကိုင်းတွေ ကျိုးတိုးကျဲတဲဖြင့် အရိပ်တွေကိုဖန်တီးနေသည်။ သစ်ရွက်တွေကြွကျသည့်ရာသီပင်။
ကျုယန့်ထင်က လျှောက်ကြည့်နေရင်း သူ့မျက်လုံးတွေက စားပွဲရှေ့က သဲနမူနာပေါ်ရောက်သွားတော့ ရုတ်တရက်ရပ်သွားသည်။
သဲနမူနာမှာ အနောက်မြောက်ဘက်မြို့သုံးခုက မြို့ရိုးများ တောင်များနှင့် မြစ်များပင်။ မြောက်ပိုင်းတပ်၏ မြို့စောင့်ခံတပ်ပုံစံနှင့် ပေရိစစ်သည်များနှင့်မြင်းများပါရှိသည်။ အလွန်အနုစိတ်လုပ်ထားပြီး ကျုယန့်ထင်က ခဏလောက်ကြာတဲ့အထိ သေသေချာချာကြည့်နေသည်။
သူက ရှောင်းလန့်ကို မေးလိုက်သည် “ဒါလည်း ခင်ဗျားကိုယ်တိုင် လုပ်ထားတာလား”
“အင်း… ဘာမှလုပ်စရာမရှိတဲ့အချိန်တွေမှာ အချိန်ဖြုန်းထားတာ.. ဒါပြီးဖို့ နှစ်နဲ့ချီသွားတယ်”
“… ခင်ဗျားပြောတော့ စစ်ချီဖို့ တပ်တွေကို ဘယ်လိုဦးဆောင်ရမလဲ မသိဘူးဆို၊ ဘယ်လိုလုပ်လိုက်တာလဲ”
“ကိုယ်က စစ်မြေပြင်ကို တစ်ခါမှမရောက်ဖူးဘူး၊ အဲ့ဒိတော့ မသိတာ သေချာပါတယ်” ရှောင်းလန့်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလာသည်။
“ရှောင်းမိသားစုမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်က စစ်တပ်ထဲမှာပဲ၊ ဘိုးဘေးအများစုက စစ်မြေပြင်မှာပဲ သေဆုံးသွားကြတယ်၊ အဲ့ဒါကြောင့် မျိုးဆက်တစ်ဆက်မှာ ယောကျ်ားလေးတစ်ယောက်နှစ်ယောက်လောက်ကို မြို့တော်မှာပဲချန်ထားကြတယ်၊ ဒီလိုမှမလုပ်ရင်လည်း ချန်နယ်စားအိမ်တော်က အစောကြီးကတည်းက မရှိတော့ဘူး”
ကျုယန့်ထင်မှာ ခဏလောက်တော့ ဘာပြန်ပြောရမလဲ မသိခဲ့ပေ။ သူက ခဏရပ်သွားပြီးမှ မရဲတရဲဖြင့် မေးလိုက်သည် “ဒါဆို ခင်ဗျားက သွားချင်လား..... စစ်မြေပြင်ကို သွားချင်လား”
“ကိုယ်သွားလည်း လုပ်နိုင်တာ ဘာမှမရှိပဲ”
ကျုယန့်ထင်မှာ စိတ်ရှုပ်ထွေးနေခဲ့သည်။ သူက နောက်ထပ်မပြောလိုက်မီ တိတ်ဆိတ်နေခဲ့သေးသည် “ဝမ်းကွဲအစ်ကို.. ခင်ဗျား ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော်၊ အသက်ရှည်ရှည်နေထိုင်ရမယ်”
ရှောင်းလန့်က သူ့ပုခုံးတစ်ဖက်ကို ကိုင်လိုက်ပြီး “အဲ့ဒါတွေ မပြောနဲ့တော့.. ထိုင်လိုက်၊ မင်းစစ်တုရင်ကစားချင်တာမဟုတ်လား.. ကိုယ်မင်းကို အဖော်လုပ်ပေးမယ်”
သူတို့တွေ ရှောင်းလန့်၏စာကြည့်ခန်းထဲ စစ်တုရင်ကစားပြီး အခါးရည်သောက်ကာ တစ်နေ့လည်လုံး အချိန်ဖြုန်းခဲ့ကြသည်။
မိုးမချုပ်ခင်မှာတော့ မိုးကဖွဲဖွဲလေးရွာလာ၏။ ရှောင်းလန့်က ကျုယန့်ထင်ပြန်ရန် လိုက်ပို့ပေးသည်။
နှစ်ယောက်သားက ဘေးချင်းကပ်လျက် ထီးတစ်ချောင်းတည်းအတူဆောင်းလာကြပြီး ဒုတိယဂိတ်တံခါးအရောက်တွင် အပြင်ကပြန်ရောက်ခါစ ဝေ့သခင်မကြီးနှင့် ပက်ပင်းတိုးသည်။
ကျုယန့်ထင်နှင့်ရှောင်းလန့်က ရှေ့တက်ပြီး အရိုအသေပေးလိုက်ကြသည်။
ဝေ့သခင်မကြီးက ကျုယန့်ထင်ကိုကြည့်ပြီး ယဉ်ကျေးစွာဖြင့် ပြောလာသည် “ဒီရက်ပိုင်း အိမ်မှာက တစ္ဆေပွဲတော် ဘိုးဘေးတွေကိုပူဇော်ဖို့အတွက် ပြင်ဆင်ရင်းအလုပ်များနေကြတယ်၊ အားလုံးက ကိုယ့်ဟာနဲ့ကိုယ်ဖြစ်နေတော့ ကောင်းကောင်းဧည့်မခံလိုက်မိမှာစိုးပါတယ်၊ သခင်လေးကို လျစ်လျူရှုမိသွားတယ်၊ သခင်လေး အပြစ်မယူပါနဲ့”
ကျုယန့်ထင်က ကမန်းကတန်းပြောလိုက်၏ “မဟုတ်ပါဘူး.. ကျွန်တော်ကသာ မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တာပါ၊ ဒီအချိန်မှရောက်လာမိလို့ နှောင့်ယှက်မိပါပြီ”
ဝေ့သခင်မကြီးက ခေါင်းညိတ်လိုက်ပြီး နှုတ်ခွန်းဆက်စကားအနည်းငယ် ဖလှယ်ပြီးနောက် ရှောင်းလန့်ကို ဧည့်သည်လိုက်ပို့ဖို့သာပြောပြီး အထဲအရင်ဝင်သွားသည်။
မြင်းလှည်းပေါ်မတက်ခင်မှာ ရှောင်းလန့်က ကျုယန့်ထင်လက်ကိုဆွဲပြီး အသံတိုးတိုးဖြင့် မှာသည် “အမေပြန်လာပြီ၊ ကိုယ့်ကိုပြောစရာတွေ ရှိနေလောက်တယ်၊ မင်းကို အိမ်မလိုက်ပို့နိုင်တော့ဘူး.. လမ်းမှာသတိထားသွား”
“နယ်စားသခင်မကြီးက…”
ရှောင်းလန့်က သူ့လက်ဖဝါးကို အသာညှစ်လိုက်ပြီး “ဘာမှမဖြစ်ဘူး၊ ကိုယ်ရှိတာပဲ.. စိတ်မပူပါနဲ့”
ကျုယန့်ထင်က ဘာမှထပ်မပြောတော့ “ဝမ်းကွဲအစ်ကို.. ကျွန်တော်သွားတော့မယ်”
“အင်း.. သွားတော့”
မြင်းလှည်းအဝေးရောက်သွားသည်ကို ကြည့်နေပြီးနောက် ရှောင်းလန့်က အိမ်တော်ဂိတ်ဝမှာ ခဏရပ်နေပြီးမှ အထဲလှည့်ဝင်လာသည်။
ဝေ့သခင်မကြီးက သူ့ကို ခန်းမဆောင်ထဲမှာစောင့်နေသည်။ မျက်မှောင်ကျုံ့ကာ အေးစက်စက်အမူအရာနှင့် ဖြစ်၏။
ရှောင်းလန့်က ရှေ့တက်လာပြီး အင်္ကျီအနားစကိုမကာ ဒူးထောက်လိုက်သည်။
“အမေ.. ကျွန်တော်နဲ့ မင်းသားဟွိုင်အိမ်တော်ကသခင်လေးက တစ်ယောက်နဲ့တစ်ယောက် မေတ္တာမျှပြီး ဘဝအတွက်ကတိပြုခဲ့ပြီးပါပြီ၊ ဖြည့်ဆည်းပေးပါလို့ အမေ့ကိုတောင်းဆိုပါတယ်”
ဝေ့သခင်မကြီးက သူမလက်ထဲကအခါးရည်ခွက်ကိုချလိုက်ကာ လေသံကတင်းနေ၏ “မင်းဘာတွေပြောနေလဲ ကိုယ့်ကိုကိုယ်သိရဲ့လား၊ ကြိုက်တယ်ဆို တခြားသူကြိုက်လေ... ဘာဖြစ်လို့ မင်းသားဟွိုင်အိမ်တော်ကလူကိုမှ သွားကြိုက်ရတာလဲ”
“ကျွန်တော်သိပါတယ်” ရှောင်းလန့်၏အမူအရာက ပြတ်သား၏ “သူဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် သူ့ကိုပဲယူမှာပါ”
..........