(11)
Viewers 2k

(11) 

ညဉ့်မတိုင်မီတွင် မြင်းလှည်းသည် မင်းသားဟွိုင်အိမ်တော်ရှေ့တွင် ရပ်သွားသည်။ မြင်းလှည်းထဲမှလူများမှာ ချက်ချင်းမထွက်လာသေးပေ။ 

ကျုယန့်ထင်က ရှောင်းလန့်ကို ပြုံးကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏ ဝမ်းကွဲအစ်ကို .. ကျွန်တော့်အိမ်ရောက်ပြီ

ရှောင်းလန့်က ကျုယန့်ထင်လက်ပေါ် အုပ်ကိုင်လိုက်ကာ ဖွဖွညှစ်လိုက်သည် 

“….နောက်ကျနေပြီ၊ ပြန်သွားပြီး စောစောနားလိုက်တော့

အင်း ခင်ဗျားရော

ထိုင်ရာမှမထမီတွင် ကျုယန့်ထင်က ဘာကိုတွေးလိုက်တယ်မသိ၊ ပြန်ထိုင်ချပြီး ရှောင်းလန့်ကို မေးပြန်သည် မနက်ဖြန် နားရက်လား

ရှောင်းလန့်က ခေါင်းညိတ်လိုက်သည် အင်း

ဒါဆို ကျွန်တော် ခင်ဗျားကို အိမ်တော်လာလည်ဖို့ဖိတ်ရင်ရော ကျုယန့်ထင်က ပြုံးပြသည်။

အပြုံးတွေက မျက်ဝန်းထဲတွင်ပါပေါ်လာပြီး ရှောင်းလန့်၏နှလုံးသားကို ပရမ်းပတာခုန်လှုပ်သွားအောင် လုပ်လိုက်၏။ 

ထိုအချိန်တုန်းက သူ့ကို အိမ်တော်ဖိတ်ခေါ်ချင်ခဲ့သည်ဟု ကျုယန့်ထင်က ပြောခဲ့ဖူးသည်။ ယခု ထပ်မံဖိတ်ကြားလာသောအခါတွင် ရှောင်းလန့်မှာ သူ့ကို စိတ်ပျက်အောင်မလုပ်လိုပေ။

အင်း.. ကိုယ် မနက်ဖြန်မနက် စောစောလာခဲ့မယ်

မြင်းလှည်းပေါ်မှဆင်းပြီး မြင်းလှည်းတစစဝေးသွားသည်ကို မျှော်ကြည့်ပြီးနောက်တွင် ကျုယန့်ထင်၏ နှုတ်ခမ်းထက်အပြုံးများက တဖြည်းဖြည်းပျောက်ကွယ်သွား၏။ သူက ခဏတာငေးမောနေခဲ့ပြီး တစ်ဖက်သို့လှည့်ကာ အိမ်ထဲသို့ဝင်သွားခဲ့သည်။

နောက်တစ်နေ့မနက်စောစော၌ ရှောင်းလန့်က မင်းသားဟွိုင်အိမ်တော်သို့ ရောက်လာသည်။

တံခါးစောင့် အထဲဝင်သွားကာအကြောင်းကြားပြီး သိပ်မကြာခင်မှာပဲ ကျုယန့်ထင်က အပြင်ထွက်လာကာ လာကြိုသည်။ 

တစ်ယောက်ကလှေကားထစ်ပေါ်မှာ တစ်ယောက်ကလှေကားထစ်အောက်မှာ ရပ်နေရင်း မနက်ခင်း၏အလင်းဖျော့ဖျော့အောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ  ပြုံးလိုက်ကြ၏။

ကျုယန့်ထင်က လှေကားထစ်တွေကိုဆင်းချလာပြီး ရှောင်းလန့်ကိုအရိုအသေပေးလိုက်သည်

ရှောင်းလူကြီးမင်း အစောကြီးရောက်လာမယ်မှန်း မထင်လိုက်မိဘူး၊ ကြိုဆိုပါတယ်၊ ကြွပါ ကြွပါ

ရယ်မောသံတွေကို ဖျစ်ညှစ်ထိန်းချုပ်ထားရသည်။ ရှောင်းလန့်က ပါဝင်ပူးပေါင်းကာ အရိုအသေပြန်ပေးလိုက်သည် သခင်လေးကို အများကြီးနှောင့်ယှက်မိပါပြီ

သူ့ခါးပေါ်တွင် မီးပုံးပွဲတော်နေ့က ကျုယန့်ထင်ပေးလိုက်သော အမွှေးနံ့သာအိတ်လေးရှိသည်။

ကျုယန့်ထင်အကြည့်က ဝေ့ခနဲဖြတ်သွားပြီးနောက် ရုတ်တရက်ပြုံးလိုက်သည်။

နှစ်ဦးသားက အိမ်တော်ထဲ ဘေးချင်းယှဉ်လျက် လျှောက်ဝင်လာခဲ့ကြ၏။ 

ဒုတိယဂိတ်တံခါးကိုဖြတ်ခါနီးတွင် ကျုဟယ့်မင်က အပြင်ထွက်မည့်ပုံနှင့်ထွက်လာသည်။ ရှောင်းလန့်က လူကိုမြင်တော့ တရိုတသေဖြင့် လမ်းဖယ်ပေးလိုက်သည်။

ကျုဟယ့်မင်က သွားရင်းတန်းလန်းလမ်းမှာရပ်လိုက်ပြီး အပြုံးဖြင့်ကြည့်လာကာ ဒီနေ့အိမ်ကိုဧည့်သည်လာမယ်လို့ ယန့်ထင်ပြောတာကြားတယ်၊ ဒါပေမယ့် ရှောင်းအရာရှိလာမယ်မှန်း မထင်လိုက်ဘူး၊ နှမြောစရာပဲ ဒီနေ့မှကိုယ်က အပြင်မှာ မိတ်ဆွေတွေနဲ့ဆုံရမှာမို့ မနေနိုင်တော့ဘူး၊ ရှောင်းအရာရှိကို ကိုယ်တိုင်ကိုယ်ကျမဧည့်ခံနိုင်တာ ခွင့်လွှတ်ပါ

မင်းသားက အားနာနေပါပြီ၊ ကျွန်တော်က သခင်လေးဖိတ်ခေါ်မှုနဲ့ ရောက်လာခဲ့တာပါ၊ မင်းသားကိုအရင်လာနှုတ်ဆက်ရမှာပါ၊ ကျွန်တော့်စိတ်ရင်းကိုဖော်ပြတဲ့အနေနဲ့ လက်ဆောင်နည်းနည်းယူလာခဲ့ပါတယ်၊ မင်းသားလက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်

ရှောင်းလန့်၏စကားအဆုံးတွင် နောက်မှလိုက်လာသည့်အစေခံတွေက ပြင်ဆင်လာသည့်လက်ဆောင်ပစ္စည်းများကို ထုတ်ယူလာကြသည်။ ချန်နယ်စားအိမ်တော်၏ သီးသန့်နေရာမှ ချက်လုပ်သည့် သေရည်အိုးအနည်းငယ်နှင့် လက်ဖက်ခြောက်ရွက်များဖြစ်ကြ၏။ တန်ဖိုးကြီးလွန်းသည့်အရာများမဟုတ်သလို မြှောက်ပင့်ဖားယားလွန်းသည့်ပုံမပေါ်ပေ။

ကျုဟယ့်မင်က အဆင်သင့်ပင် လက်ခံလိုက်ပြီး အာလပသလပများဆိုပြီးနောက်တွင် ကျုယန့်ထင်ကို ဧည့်သည်လက်ခံရန်ပြောလိုက်ပြီး အရင်ထွက်ခွာသွား၏။

ကျုယန့်ထင်က ရှောင်းလန့်ကို ဝါးပင်စိမ်းခြံဝင်းဆီ ဦးဆောင်ခေါ်လာသည်။ သူက တီးတိုးအနားကပ်ကာ ဘာလုပ်လုပ် လောကဝတ်တွေကမပါမပြီးဘူး၊ စိတ်ပျက်ဖို့ကောင်းတယ်

ရှောင်းလန့်က လုပ်သင့်တာပေါ့၊ ကျင့်ဝတ်တွေကို ဖယ်ထားလို့မှမရတာ

ဝါးပင်စိမ်းခြံဝင်းထဲသို့ ဝင်လာပြီးနောက်တွင် ကျုယန့်ထင်က ရှိရှိသမျှအစေခံအကုန်လုံးကို မောင်းထုတ်လိုက်ပြီး ရှောင်းလန့်ကို ဟိုနားဒီနားလိုက်ပြ၏။

ဆောင်းဦးရာသီအစောပိုင်းဖြစ်သဖြင့် ခြံဝင်းကစိမ်းစိုနေပြီး ပန်းပွင့်များဖြင့်ပြွတ်ခဲနေသည်။ လေထဲတွင် ရနံ့ခပ်ဖျော့ဖျော့ရနေပြီး စင်္ကြန်လျှောက်လမ်းများက ကွေ့ကောက်လိမ်ဖယ်စွာဖြင့် ဝါးရုံများရှိရာသို့ ဦးတည်နေကြသည်။ အနောက်ဖက်တွင်ကား ထူထဲသည့်ဝါးရုံတောကြီးတစ်ခုရှိသည်။ တေးသီငှက်များ၏တေးဆိုသံ၊ ရေတပွက်ပွက်ကျသံတို့ဖြင့် လောကနိဗာန်ဘုံရောက်နေသကဲ့သို့ပင်။

ကျုယန့်ထင်က ပြုံးရင်း ကျွန်တော့်ခြံဝင်းက ဘယ်လိုနေလဲ

ရှောင်းလန့်က ချီးကျူးသည် အရမ်းကောင်းတယ်

ကျုယန့်ထင်က ရပ်နေဆဲပင်၊ ရှောင်းလန့်ကို အပြုံးလေးနှင့်ကြည့်ပြီး တခြားပြောစရာမရှိဘူးလား

ရှောင်းလန့်၏လှုပ်ရှားမှုတွေ ခဏလောက်ရပ်သွား၏။ သူ့မျက်ဝန်းတွေထဲတွင် ရှက်ရွံ့မှုအနည်းငယ်ရှိနေပြီး ဤသည်က ကျုယန့်ထင်ကို ပိုပြီးစပ်စုချင်လာအောင် ပြုလုပ်နေခဲ့သည် ဝမ်းကွဲအစ်ကို…”

ကျုယန့်ထင်က အသံကိုဆွဲကာခေါ်သည်။ 

ရှောင်းလန့်က သူ့လက်ချောင်းတွေကိုကိုင်လိုက်ပြီး ဖွဖွညှစ်လိုက်ကာ အသံတိုးတိုးဖြင့် ပြောလာ၏ ယန့်ထင်.. ကိုယ်ဘာပြောရမလဲမသိဘူး၊ ကိုယ်မင်းစိတ်ချမ်းသာအောင် ဘာလုပ်ပေးရမလဲမသိဘူး၊ တကယ်တော့ ကိုယ်က ဒုံးဝေးတယ်၊ အရမ်းပျင်းစရာကောင်းတယ်၊ အားရုန်ပြောသလိုပဲ.. ကိုယ်က ရုံးတော်သွားတာကလွဲရင် အိမ်မှာပဲတစ်နေ့လုံးနေပြီး တခြားသူတွေ ပျင်းဖို့ကောင်းတယ်ဆိုတဲ့အရာတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာ.. မင်းမကြိုက်မှာ ကိုယ်စိုးရိမ်မိတယ်၊ ကိုယ်နဲ့နေရတာ အရမ်းပျင်းစရာကောင်းတယ်လို့ မင်းတွေးမှာစိုးတယ်

ကျွန်တော်အဖော်လုပ်ပေးမှာပေါ့ ကျုယန့်ထင်က ပြုံးလိုက်ပြီး ခင်ဗျားကြိုက်တာဘာလုပ်လုပ် ကျွန်တော်က အဖော်လုပ်ပေးမှာ၊ တွေ့ရတာနဲ့တင် ဝမ်းသာနေပြီ၊ ခင်ဗျား ဘာစကားတစ်ခွန်းမှမပြောရင်တောင် ကျွန်တော်အရမ်းပျော်တယ်

ရှောင်းလန့်က သူ့ကို ငေးကြည့်နေသည်။ သူ့ရင်ထဲ ပြောမပြတတ်သောခံစားချက်များဖြင့်ပင်။

ခဏကြာမှ သူက ကျုယန့်ထင်၏လက်ကို တင်းတင်းဆုပ်လိုက်ပြီး အလေးအနက်ပြောလိုက်သည် ယန့်ထင်.. ကိုယ့်ကိုယုံ.. ဒီဘဝမှာ မင်းတစ်ယောက်တည်းပဲလိုချင်တာ.. တစ်ယောက်တည်း.. မင်းတစ်ယောက်တည်းရှိတယ်

သူ့အမူအရာက အလေးအနက်ရှိလွန်းပါ၏။ ကျုယန့်ထင်၏မျက်တောင်တွေ အနည်းငယ်တုန်ခါသွားခဲ့သည် “.. ကျွန်တော် ယုံပါတယ်

နှစ်ဦးသားက လက်ချင်းတွဲကာ ဝါးရုံတောထဲလျှောက်လာခဲ့ကြရင်း အေးစက်ပြီးနီရဲနေသာ စမ်းချောင်းတစ်ခုနားအရောက်တွင် ခြေလှမ်းတွေကိုရပ်လိုက်ကြ၏။ 

ကျုယန့်ထင်က ရှောင်းလန့်ကို ရှင်းပြသည် ဒီစမ်းချောင်းက အိမ်တော်ထဲက ချိုးယဲ့ရေကန်ကလာတာ၊ အပြင်ဘက်ကကျုံးနဲ့ တစ်ဆက်တည်းပဲ၊ ဒီပန်းတွေအကုန်လုံးက တောရိုင်းပန်းတွေ.. အရမ်းလှလို့ ဒီအတိုင်းထားတာတာ

ရှောင်းလန့်က နူးညံ့စွာတုန့်ပြန်၏ နယ်စားအိမ်တော်မှာလည်း ချွင်းဟွားရေကန်ရှိတယ် မင်းကြိုက်မှာ

ကျွန်တော်သိတယ် ကျွန်တော်အရင်ကကြားဖူးတယ်၊ ဒါပေမယ့် တစ်ခါမှမမြင်ဖူးဘူး ကျုယန့်ထင်က သက်ပြင်းချ၏။

ချန်ကော်မင်းသမီးနှင့် ပထမဦးဆုံးသောမင်းသားဟွိုင်မှာ အမွှာမောင်နှမများဖြစ်ကြသည်။ အိမ်တော်နှစ်ခုလုံးကို ကျင်ရွေ့ဧကရာဇ်က တူညီသောဓလေ့ထုံးတမ်းများဖြင့် ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး နန်းတော်၏ဘေးတစ်ဖက်တစ်ချက်စီတွင် တည်ရှိသည်။ ထို့အပြင် ကျုံးနှင့်ချိတ်ဆက်ထားသော ရေကန်နှစ်ကန်လည်းရှိ၏။ သို့သော် နှစ်ပေါင်းတစ်ရာခန့်ကြာပြီးနောက်တွင် မိသားစုနှစ်ခုကြား နောက်တစ်ကြိမ်လက်ဆက်မှုမရှိတော့သဖြင့် အချင်းချင်းဆက်ဆံရေးက တဖြည်းဖြည်းဝေးကွာသွားခဲ့သည်။ 

ထိုသည်မှာ ကျုယန့်ထင်က ချန်နယ်စားအိမ်တော်ထဲကအရာအားလုံးကို ကြားသိခဲ့သော်လည်း မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသည့် အကြောင့်အရင်းပင်ဖြစ်သည်။

နောက်တစ်ခါ ရှောင်းလန့်ကပြောသည် နောက်တစ်ခါ ကိုယ့်အားရက်ရောက်ရင် မင်းနယ်စားအိမ်တော်ကိုလာခဲ့၊ ကိုယ်လိုက်ပြမယ်

ကျုယန့်ထင်ကပြုံးပြီး ခေါင်းညိတ်ပြလိုက်၏ အင်း

နေ့လည်ခင်းတွင်မူ နှစ်ယောက်သားက ဝါးရုံတော်အလယ်က နားနေဆောင်လေးမှာ နေ့လည်စာစားကြသည်။

ကျုယန့်ထင်က ရှောင်းလန့်အတွက် သေရည်ငှဲ့ပေးရင်း ဟင်းလျာတွေက ခင်ဗျားအကြိုက်နဲ့ ကိုက်ပါ့မလားမသိဘူး၊ မနေ့က ဘာကြိုက်လဲမေးဖို့မေ့သွားတယ်၊ ကျွန်တော့်ကို ဗွေမယူပါနဲ့နော်

အကုန်ကောင်းတယ် ရှောင်းလန့်က သူ့မျက်လုံးများကို ကျုယန့်ထင်၏ သက်ဝင်တက်ကြွနေသောအပြုံးမျက်နှာမှ မလွှဲဖယ်နိုင်ခဲ့ချေ မင်းရှိနေရင်.. အကုန်ကောင်းတယ်

ကျုယန့်ထင်က သူ၏သေရည်ခွက်ကိုလှုပ်ခါနေရင်း နူးညံ့စွာပြုံးပြလိုက်၏။

နေ့လည်ခင်းတွင် နေလုံးကြီးက ဦးခေါင်းထက်တွင်ရောက်နေခဲ့ပြီး သူတို့နှစ်ဦး၏ပုံရိပ်များကို တဖြည်းဖြည်း ပေါင်းစပ်သွားစေခဲ့သည်။

နေ့၏အဆုံးမှာတော့ သူတို့က ကျုယန့်ထင်၏စာကြည့်ခန်းရှိရာသို့ ပြန်လာကြသည်။

ကျုယန့်ထင်က လက်တွေကိုဆေးကြောကာ ခုံတန်းရှည်ပေါ်တင်ပျဉ်ခွေထိုင်လိုက်သည်။ သူကိုယ်တိုင်လက်နှစ်ဖက်ဖြင့် ရှောင်းလန့်အတွက် အခါးရည်ဖျော်ပေးသည်။

ပြတင်းပေါက်အပြင်ဘက်တွင် မိုးကရွာနေ၏။ မိုးဖွဲဖွဲလေးများက ဥယျာဉ်ထဲကဝါးရွက်တွေပေါ် ပုလဲလုံးတွေကျလာသလို တဖောက်ဖောက်အသံဖြင့် ခုန်ဆင်းလာကြသည်။ 

ကျုယန့်ထင်က နှပ်ထားသည့်အခါးရည်ကို လောင်းထည့်ပြီး ရှောင်းလန့်ဆီ ကမ်းပေးလိုက်သည် မြည်းကြည့်ပါဦး

ရှောင်းလန့်က ငုံ့ကြည့်လိုက်၏။ အငွေ့တထောင်းထောင်းဖြင့် အခါးရည်အနံ့က သင်းပျံ့လေသည်။

ကျုယန့်ထင်က မေးစေ့ကို လက်တစ်ဖက်ဖြင့်ထောက်လိုက်ရင်း ရှောင်းလန့်ကို အပြုံးလေးနှင့်ကြည့်လိုက်သည် ဝမ်းကွဲအစ်ကို.. ကျွန်တော်နဲ့ရှိနေရင် တခမ်းတနားလုပ်မနေပါနဲ့

ရှောင်းလန့်က အခါးရည်ကို တစ်ငုံသောက်ပြီး ကျုယန့်ထင်ကိုကြည့်လိုက်သည်။ သူတို့၏မျက်ဝန်းလေးခု ဆုံတွေ့သွားကြ၏။ 

ကျုယန့်ထင်က ရှောင်းလန့်၏လက်ကိုဆွဲကာ လက်ချောင်းထိပ်များကို ညင်သာစွာပွတ်သပ်လိုက်သည်။ နောက်ခဏတွင်တော့ ခေါင်းကိုငုံ့ပြီး ရှောင်းလန့်လက်ဖဝါးပေါ်မှာ သူ့နဖူးကိုတင်လိုက်တော့၏။

ရှောင်းလန့်က စိတ်လှုပ်ရှားသွားပြီး တိုးတိုးလေးခေါ်လိုက်သည် ယန့်ထင်

ကျုယန့်ထင်က မျက်လုံးတွေပိတ်ထားပြီး ခပ်တိုးတိုးပြန်ထူး၏ အင်း

လက်ဖဝါးမှလာသည့်အပူက ရှောင်းလန့်၏နှလုံးသားကို များစွာပူလောင်စေသည်။ သူက ဘာလုပ်ရမှန်း မသိအောင်ပင်။ သူ့အချစ်တွေကို သူ့နှလုံးသားထဲကလူသိစေရန် မည်သို့ဖော်ပြရမည်လဲ မသိနိုင်အောင်ပါပင်။ 

ကျုယန့်ထင်က သူ့လက်မှာမှီတွယ်ထားပြီး တိုးတိုးရေရွတ်လာသည် ဝမ်းကွဲအစ်ကို.. ကျွန်တော့်နားကို နည်းနည်းကပ်လာလည်းရတယ်

ရှောင်းလန့်က ကျုယန့်ထင်၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီး သူ့ရင်ခွင်ထဲဆွဲဖက်လိုက်၏။

သူ့ခါးတစ်ဝိုက်ကလက်တွေက အနည်းငယ်တုန်ယင်နေသည်။ ကျုယန့်ထင်က ရှောင်းလန့်နားနားကပ်ကာ တိုးတိုးလေးရယ်လိုက်သည် ခင်ဗျား ဘာလို့ စိတ်တွေ အရမ်းစိတ်လှုပ်ရှားနေရတာလဲ

ရှောင်းလန့်က ပြန်မဖြေဘဲ သူ့ကိုသာတင်းကျပ်စွာပွေ့ဖက်ထားပြီး နှာဖျားတစ်ဝိုက်မှာ ဝေ့ဝဲနေတဲ့ အမွှေးနံ့ကို ရှုရှိုက်နေခဲ့သည်။ ထိုအနံ့က ကျုယန့်ထင်၏အဝတ်တွေကို မှိုင်းတိုက်သည့်အနံ့ဖြစ်သည်။ ဒီတော့မှ ရူးသွပ်စွာခုန်ပေါက်လာတဲ့ သူ့နှလုံးသားက တဖြည်းဖြည်းငြိမ်ကျသွားခဲ့သည်။

ကျုယန့်ထင်က သူ့ကို ပြန်ဖက်လိုက်ပြီးမှာ သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

ကျုယန့်ထင် သေရည်သောက်တာ အနည်းငယ်များသွားသည်။ တစ်ခွန်းနှစ်ခွန်းပြောပြီးမှာပဲ သူကအိပ်ငိုက်လာကာ လှဲချလိုက်သည်။ ရှောင်းလန့်၏လက်ကိုဆုပ်ကိုင်ပြီး ငြိမ်သက်စွာ အိပ်ပျော်သွားတော့သည်။

ရှောင်းလန့်က နူးညံ့အေးချမ်းစွာအိပ်ပျော်နေသော ကျုယန့်ထင်၏မျက်နှာလေးကို စိုက်ကြည့်နေ၏။ လက်ချောင်းတွေဖြင့် မျက်ခုံးတန်းများကို ညင်သာစွာပွတ်သပ်နေခဲ့သည်မှာ ကျုယန့်ထင်၏လက်ဖဝါးတွေက အနည်းငယ်အေးစက်နေသည်ကို သတိပြုမိလိုက်သည့်အထိပင်။ 

သူက အပြင်ဘက်ကတစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်သည်။

အားချင်းက ကုတင်ပေါ်ကစောင်ပါးတစ်ထည်နှင့် ဝင်လာ၏။ 

ရှောင်းလန့်က စောင်ကို ဂရုတစိုက်ကူခြုံပေးပြီး လက်တွေကို အသာအယာဆွဲထုတ်ပေးလိုက်သည်။ ပြီးနောက်မှ မတ်တပ်ရပ်ကာ စာအုပ်စင်ရှိရာလျှောက်သွားပြီး အထပ်လိုက်စီထားသောစာအုပ်တွေကိုကြည့်ရင်း အားချင်းကိုခေါ်ကာ အသံတိုးတိုးဖြင့်မေးလိုက်သည် ယန့်ထင်က ခါတိုင်းရက်တွေမှာ ဘာလုပ်ရတာကြိုက်လဲ

အားချင်းက ခဏလောက်တွေးတောလိုက်ပြီး အဖြေပေး၏ သခင်လေးက တိတ်ဆိတ်တာကိုကြိုက်တယ်၊ အစွဲလန်းဆုံးက စာအုပ်ဖတ်ရတာကိုပါ၊ တခါတခါ စစ်တုရင်မှတ်တမ်းကို တစ်ယောက်တည်းလေ့လာတတ်ပါတယ်၊ တော်ဝင်စာသင်ကျောင်းသွားတာကလွဲရင် အပြင်ထွက်ခဲပါတယ်၊ အိမ်တော်ကိုလည်း ဘယ်သူ့ကိုမှ အလည်မခေါ်ဖူးပါဘူး

ရှောင်းလန့် အံ့သြသွားရ၏။ ခုံတန်းရှည်ပေါ် ခွေခွေလေးလဲလျောင်းနေသူထံသို့ ခေါင်းအလိုလိုလှည့်ကြည့်မိသွားသည်။ ကျုယန့်ထင်က သူ့ကိုမြင်သည့်အခါတိုင်းမှာ အမြဲပြုံးပြလေ့ရှိသည်။ သူအမြဲတမ်းထင်ခဲ့သည်က ကျုယန့်ထင်သည်လည်း သူ့တတိယညီကဲ့သို့ တက်ကြွသောစိတ်နေစိတ်ထားနှင့် အပျော်ရှာကစားရတာနှစ်သက်သည်ဟုပင်။ လက်စသတ်တော့ မဟုတ်ဘူးလား..

သူက သမိုင်းမှတ်တမ်း ထူးထူးဆန်းဆန်းပုံပြင်စာအုပ်ကို အမှတ်တမဲ့ဆွဲထုတ်လိုက်ပြီး သုံးလေးမျက်နှာလှန်ကြည့်ရင်း အားချင်းကို နောက်တစ်ခါ မေးလိုက်ပြန်သည် သူက ဘယ်လိုစာအုပ်တွေကိုဖတ်လဲ

အကုန်ဖတ်ပါတယ်၊ ဂန္တဝင်စာအုပ်နဲ့ သမိုင်းအထောက်အထားတွေအပြင်၊ မြေမျက်နှာပထဝီ၊ ပါးစပ်ပြောပုံပြင်တွေ၊ ဒဏ္ဍာရီလာအကြောင်းတွေ၊ ဆေးပညာစာအုပ်တွေတောင်မှပါ၊ စစ်ပွဲအနုပညာနဲ့ စူးစမ်းလေ့လာခြင်းအကြောင်းတွေလည်း ပါပါတယ်၊ တစ်ခါတစ်ခါ စာအုပ်ထဲဈာန်ဝင်သွားပြီး တစ်နေ့လုံးဖတ်နေတတ်ပါတယ်

“… သူက ငယ်ငယ်ကတည်းက ဒီလိုပဲလား

အားချင်းက ခေါင်းငုံ့လိုက်ပြီး အရင်မင်းသမီးဆုံးပါးသွားကတည်းက ဒီလိုဖြစ်သွားတာပါ၊ နောက်နှစ်အနည်းငယ်လောက် သခင်လေးက ဒီခြံဝင်းထဲမှာ ပိတ်ခံထားခဲ့ပြီး အပြင်ထွက်ခွင့်မရခဲ့ပါဘူး၊ အဲ့ဒိတုန်းက မင်းသားက ဆက်ခံသူပဲရှိပါသေးတယ်၊ သူ့ကိုယ်သူတောင် အနိုင်နိုင်ပါ၊ တခါတလေဆိုရင်တော့ မင်းသားက လူခိုးလွှတ်ပြီး သခင်လေးကို ပစ္စည်းတွေလာလာပေးတတ်ပါတယ်၊ ဘေးနားကလူတွေက သခင်လေးကို တွေ့ခွင့်မရပါဘူး၊ သခင်လေးက တခြားဘာမှလုပ်လို့မရဘဲ စာအုပ်တွေပဲ ဖတ်နေရတာပါ၊ အရင်မင်းသားဟောင်းက သခင်လေးကို စာသင်တဲ့ဆရာ မငှားပေးပါဘူး.. သခင်လေးက ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင်တွေးတောရပါတယ်၊ ဒီစာအုပ်တွေတောင်မှ အများစုက မင်းသား သီးသန့်ပို့ပေးလာတာတွေပါ

ရှောင်းလန့်၏နှလုံးသား တင်းကျပ်သွားရ၏။ ထိုနေ့က တောင်ပေါ်ဘုရားကျောင်းတွင် ကျုယန့်ထင်က ဒီကိစ္စတွေကို သူ့အား ပေါ့ပေါ့လေးပြောလာခဲ့သည်။ အဖြစ်မှန်က ဤမျှလောက်ဆိုးရွားမည်ဟု သူ မမျှော်လင့်ထားခဲ့ ဘာလို့.. သူကပိတ်ခံထားရတာလဲ

အားချင်းက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလာ၏ ရှောင်းလူကြီးမင်း .. သခင်လေးကို ကိုယ်တိုင်မေးကြည့်သင့်ပါတယ်၊ ကျွန်တော်မျိုးက လျှောက်မဆွေးနွေးရဲပါဘူး

ရှောင်းလန့်က ခပ်ပါးပါးမျက်မှောင်ကျုံ့လိုက်သည်။ အားချင်းက သူဘာမှ ဆက်မမေးတော့တာမြင်တော့ ဦးညွှတ်ကာ ပြန်ထွက်သွားသည်။

ရှောင်းလန့်က တခဏအတွေးတွေထဲ ငြိမ်သက်သွား၏။ လက်ထဲကစာအုပ်ကိုပြန်အတင်တွင် ဘေးနားကစာလိပ်ကို အမှတ်တမဲ့ တိုက်ချမိသွားသည်။ စာလိပ်ကကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး သူက ကုန်းကောက်လိုက်သည်။ သို့သော် ဘာပုံဆွဲထားလဲ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရတော့အခါတွင်တော့ လက်ကရပ်သွားသည်။

သူ့ပုံဖြစ်၏။ ကျုယန့်ထင်ကိုယ်တိုင်ဆွဲထားသော သူ့ပုံဖြစ်သည်။ မိုးရွာသောနေ့တွင် ထီးတစ်ချောင်းကိုကိုင်ကာ တော်ဝင်စာသင်ကျောင်းအပြင်ဘက်၌ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည့်ပုံဖြစ်သည်။

ရှောင်းလန့်က စာလိပ်ကိုကောက်လိုက်ပြီး ခဏလောက် စိုက်ကြည့်နေခဲ့၏။ 

ဒါက ယမန်နှစ်ကလား.. သို့မဟုတ် တမြန်နှစ်ကလား၊ သူ သေသေချာချာမမှတ်မိ။ 

တစ်ရက် သူ ရုံးတော်ကထွက်လာတော့ မိုးကရုတ်တရက်ရွာလာသည်။ လျှိုရူရွှီနှင့်ရှောင်းရုန် ထီးမပါလာမှာစိတ်ပူမိသဖြင့် စာသင်ကျောင်းအပြင်မှာ သူတို့ကိုသွားစောင့်ပေးခဲ့သည်။ အဲ့ဒိအချိန် ကျုယန့်ထင်ကရော .. ဘယ်နားမှာလဲ..

ကျုယန့်ထင်က သူ့ကိုမြင်ပြီး ဒီပုံကိုဆွဲခဲ့သည်။ သို့ပေမယ့် သူကတော့ ဒီလောကကြီးထဲမှာ သူ့ကို တသသသတိရပြီး မေ့မရဖြစ်နေမယ့် ကျုယန့်ထင်တစ်ယောက်ရှိနေခဲ့သည်ကို မီးပုံးပွဲတော်မတိုင်ခင်အထိ လုံးဝမသိရှိခဲ့ပေ။ 

သူ့နှလုံးသားက ရှင်းမပြတတ်လောက်အောင် နာကျင်သွားရ၏။ အတော်ကြာသည့်တိုင်အောင် တွေဝေနေခဲ့ပြီးမှ သူကက စာလိပ်ကိုပြန်လိပ်လိုက်ပြီး စာအုပ်စင်ပေါ်ပြန်တင်လိုက်သည်။

ခုံတန်းရှည်ဆီကို ပြန်လျှောက်လာတော့ ကျုယန့်ထင်က မနိုးသေးပေ။ သူ့မျက်နှာက ငြိမ်းချမ်းနေပြီး ပါးပြင်တွေက အနည်းငယ်နီနေသည်။ 

ရှောင်းလန့်က ထိုင်ချလိုက်ပြီး သူ့လက်တွေကိုဆုပ်ကိုင်လိုက်သည်။ လက်ဖဝါးတွေက အေးစက်နေဆဲဖြစ်သည်။

သူ့ကိုစိုက်ကြည့်နေခဲ့ရင်းမှာ ရှောင်းလန့်က သတိကြီးကြီးဖြင့် ကျုယန့်ထင်၏နဖူးပေါ် ငုံ့ကိုင်းလိုက်ပြီး အဖိုးတန်၍လေးနက်သည့် အနမ်းတစ်ခုပေးလိုက်လေ၏။

........