(10)
တစ်ညလုံး မိုးဖွဲဖွဲလေးများ ကျနေခဲ့သည်။
မနက်စောစောတွင် ရှောင်းလန့်က အိပ်ရာကထလာပြီး ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်တွင် လေတွေကဝေ့နေပြီး သဖန်းပင်အရွက်တွေကြွေကျနေခဲ့ကာ အေးမြသောဆောင်းဦးရာသီသို့ ရောက်လာပြီဖြစ်သည်။
ရှောင်းလန့်က မိခင်၏ခြံဝင်းသို့သွားပြီး ဂါရဝပြုသည်။ ဝေ့သခင်မကြီးက အမျိုးသမီးဆွေမျိုးတစ်စုကို ဦးဆောင်ပြီး ချည်ထိုးပန်းထိုးလက်စွမ်းပြနေကြသည်။ ဒီတော့မှ ဤနေ့က ချီးရှီးပွဲတော်မှန်း သူသတိရသွားသည်။
( T/N ချီးရှီးပွဲတော် .. နွားကျောင်းသားနှင့်ယက်ကန်းသမပွဲတော်)
ရှောင်းလန့်ရောက်လာသည်ကိုမြင်တော့ ဝေ့သခင်မကြီးက ရွှင်လန်းပြုံးပျော်သွားသည်။ သူ့ဘေးနားကိုလှမ်းခေါ်ကာ တစ်ယောက်ယောက်ကို စာအုပ်တစ်အုပ်သွားယူခိုင်းလိုက်ပြီး ရှောင်းလန့်ကိုပေးလိုက်သည်
“အမေ တွက်ချက်ခိုင်းပြီးသွားပြီ၊ သဘက်ခါကျရင် ရက်ရာဇာပဲ၊ စကားပါးဖို့အကောင်းဆုံးနေ့၊ ဒီထဲမှာက ရွေးထားတဲ့လူတွေ .. တစ်ချက်ကြည့်လိုက်ဦး”
ရှောင်းလန့်က ပြန်မဖြေ၊ တုံ့ဆိုင်းနေပြီး “အမေ.. လက်ထပ်ဖို့ လောစရာမလိုပါဘူး၊ ဖြည်းဖြည်းပဲလုပ်ရအောင်ပါ”
ဝေ့သခင်မကြီးက မျက်နှာတည်သွားပြီး မျက်မှောင်ကျုံ့ကြည့်လိုက်၏ “သဘောတူလိုက်ပြီ မဟုတ်ဘူးလား၊ ဘာလို့ စိတ်ပြောင်းသွားတာလဲ”
ရှောင်းလန့်၏မျက်ဝန်းတွေ တဖျတ်ဖျတ်ဖြစ်သွား၏။ ခဏလောက်တိတ်ဆိတ်နေပြီးမှ သူက ပြောလိုက်သည်
“ကျွန်တော် တခြားလူကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး၊ အလောတကြီး လက်ထပ်လိုက်ရင် တစ်ဖက်ကို လျစ်လျူရှုပြီးအပြစ်ပြုမိမှာစိုးတယ်၊ နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေမြင်လာပြီး မိသားစုနှစ်ခုက ရန်သူတွေဖြစ်သွားလိမ့်မယ်”
ဝေ့သခင်မကြီးက မမေးမဖြစ်မေးလိုက်ရသည် “မင်း အဲ့ဒိလျှိုမိသားစုကောင်လေးကို သတိနေသေးတာလား”
“မဟုတ်ပါဘူး”
“ဒါဆို ဘာအတွက်ကြောင့်လဲ”
ရှောင်းလန့်က မဖြေလာ။ သူ့မျက်ဝန်းထဲတွင် ဝေ့သခင်မကြီး နားမလည်နိုင်သည့် ခံစားချက်အတက်အကျများ ရှိနေသည်။ ဝေ့သခင်မကြီးက နားချသည် “အိမ်ထောင်ပြုတယ်ဆိုတာက ဟိုးအရင်ကတည်းက မိဘတွေရဲ့အမိန့် အောင်သွယ်တော်တွေရဲ့စကား၊ အမေ မင်းအဖေနဲ့ လက်ထပ်တုန်းကလည်း ဒီလိုပဲ၊ မင်္ဂလာအိပ်ခန်းည မတိုင်မီအထိ မင်းအဖေ ရုပ်ရည်ဘယ်လိုရှိလဲ စိတ်ထားကဘယ်လိုလဲ အမေလုံးဝမသိခဲ့ဘူး၊ နေ့ရက်တွေက ဒီလိုပဲဖြစ်သွားတာပါပဲ.. နောက်တော့ မင်းနဲ့မင်းအစ်ကိုနဲ့ ရှိလာတယ်… မင်းက အမေ့သားပါ၊ အမေ မင်းကို နားလည်ပါတယ်၊ မင်းက မနှစ်သက်ဘူးဆိုရင်တောင် လက်ထပ်ပြီးသွားရင် တစ်ဖက်လူကို ကြင်နာပြီးဖေးမပေးမှာ သေချာတယ်၊ ဘယ်လိုလုပ် ရန်သူတွေဖြစ်လာမလဲ”
“ကျွန်တော် သဘောမတူဘူး” ရှောင်းလန့်က ခေါင်းငိုက်စိုက်ကျကာ အက်ကွဲနေသည့်အသံဖြင့် “အမေ.. ဒီကိစ္စကို ကျွန်တော်အရင်စဉ်းစားပါရစေဦး”
“… မင်းရင်ထဲ တစ်ယောက်ယောက်ရှိနေပြီလား”
ရှောင်းလန့်က နှုတ်ဆိတ်နေသည်။ သို့သော် သူ့အမူအရာကိုမြင်တဲ့အခါ ဝေ့သခင်မကြီးသိလိုက်၏။
သူမက သက်ပြင်းချလိုက်ပြီး “အရင်ကတော့ လျှိုမိသားစုကောင်လေးကြောင့် မင်းခံစားနေရတယ်လို့ အမေတွေးနေခဲ့တာ.. ဒီလပိုင်းတွေထဲ အေးတိအေးစက် အချိန်ဆွဲနေတာတွေကိုမြင်ရတာ မင်းစိတ်ထဲ တစ်ယောက်ယောက်ရှိနေတာသေချာတယ်.. မင်းစိတ်ထဲရှိနေပြီးမှတော့ ဘာဖြစ်လို့ အမေ့ကိုဝန်မခံရဲတာလဲ၊ ပြောစမ်းပါဦး.. ဘယ်လိုလူမျိုးမို့လို့ မင်းကို နေ့နေ့ညညမေ့မရနိုင်အောင် လုပ်ထားရတာလဲ”
ရှောင်းလန့်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ အမူအရာက သုန်မှုန်နေပြီး စိတ်ကူးထဲနစ်နေသကဲ့သို့ပင်။
“ရပြီ ရပြီ” ဝေ့သခင်မကြီးက စိတ်ဆင်းရဲသွားသည်။ သူမက လက်ကာပြလိုက်ရင်း “မင်းမလုပ်ချင်ရင် အမေက အတင်းအကျပ်မတိုက်တွန်းဘူး၊ ရုံးတော်သွားတော့”
မိခင်ဖြစ်သူ၏နေရာမှထွက်လာသောအခါ ရှောင်းလန့်သည် စင်္ကြန်တွင်ရပ်လိုက်ပြီး ခြံဝင်းထဲရှိ ရေညှိစိမ်းစိမ်းများ အနီရောင်သစ်ရွက်ခြောက်များ၊ နှင်းရည်ဖြူဖြူများနှင့် ကျိုးတို့ကျဲတဲသစ်ပင်များကို ကြည့်နေခဲ့သည်။
သူ့စိတ်အခြေအနေက တက်လိုက်ကျလိုက်ဖြစ်နေခဲ့ပြီး အဆုံးသတ် တိတ်တဆိတ်သက်ပြင်းတစ်ခုအဖြစ်သာ ပြောင်းလဲသွားခဲ့၏။
ညနေဘက်တွင် ရှောင်းလန့်သည် ပြည်သူ့ရေးရာရုံးတော်မှထွက်လာပြီး မြင်းလှည်းက လမ်းအဆုံးကို ဖြတ်သွားခဲ့ချိန်တွင် မင်းသားဟွိုင်အိမ်တော်မှ အစေခံတစ်ယောက်က တားလာခဲ့သည်။ သူတို့သခင်ဖြစ်သူက ရှောင်းလူကြီးမင်းကို စကားပြောရန် မြင်းလှည်းထဲသို့ ဖိတ်ခေါ်ပါကြောင်း ပြောလာခဲ့၏။
ရှောင်းလန့်က ကျုယန့်ထင်ရှိသည့်မြင်းလှည်းထဲသို့ ဝင်လာသည်။ တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် ကျုယန့်ထင်၏အပြုံးမျက်လုံးများနှင့် တည့်တည့်တိုးသွား၏။ ခဏရပ်သွားပြီးနောက်မှာ သူက ပြောလိုက်သည် “သခင်လေး ဘယ်အတွက်ကြောင့် ဖိတ်ခေါ်တာပါလဲ”
ကျုယန့်ထင်ကခေါင်းငုံ့ကာ အပြုံးလေးနှင့်ကြည့်လေသည် “ဝမ်းကွဲအစ်ကို .. ခင်ဗျားနဲ့ကျွန်တော်က အမြဲယဉ်ကျေးနေရမယ့် လူတွေလား”
“မဟုတ်ပါဘူး”
“ဘာလို့ မဟုတ်ရမှာလဲ” ကျုယန့်ထင်က တိုးညှင်းစွာဖြင့် စောဒကတက်၏ “အခုလေးတင် ခင်ဗျားက ရှောင်းရုန်ကိုပြောတုန်းက ဒီလိုမဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်ကိုမြင်ရင်ကျတော့ အမြဲယဉ်ကျေးပြီး စိမ်းကားတယ်၊ စည်းခြားထားသလိုပဲ၊.. ဘာပဲပြောပြော ကျွန်တော်တို့က တစ်အိပ်ရာတည်းအတူအိပ်ခဲ့ဖူးတယ်လေ.. ဘာဖြစ်လို့ ဒီလောက်တောင် အေးစက်နေရတာလဲ”
ထိုညက တောင်ပေါ်ဘုရားကျောင်းရှိမြင်ကွင်းမှာ သူ့စိတ်ထဲတွင် အမှတ်ရနေဆဲ၊ ကွက်ကွက်ကွင်းကွင်းရှိနေသေးသည်။ သို့သော် ရှောင်းလန့်က မမှတ်မိချင်ပုံရပြီး ဒီရက်ပိုင်းအတွင်း တမင်သက်သက် သူ့ကိုရှောင်နေခဲ့သည်။
ရှောင်းလန့်၏မျက်ဝန်းများ အနည်းငယ်မှေးမှိန်သွားပြီး “မင်း.. ဘာကိစ္စရှိလို့လဲ”
ကျုယန့်ထင်က အသံထွက်အောင်ရယ်လိုက်သည်။ ဒီလိုလေသံကမှ ကြားရတာ ပိုသက်တောင့်သက်သာရှိသည်။
“ဘာမှမရှိပါဘူး၊ ခင်ဗျားကိုတွေ့ချင်ရုံပါ.. အဲ့ဒါကြောင့် ရုံးတော်အပြင်ဘက်မှာ လာစောင့်နေတာ”
ရှောင်းလန့်မှာ ခဏလောက် ပြောစရာစကားတွေပျောက်ရှသွားသည်။ မော့ကြည့်လိုက်တော့ အပြုံးတွေတစ်လှေကြီးပါသည့် ကျုယန့်ထင်၏မျက်ဝန်းများနှင့် ဆုံတွေ့သွားပြီး ဘာပြောလို့ပြောရမှန်းမသိအောင်ပင် ဖြစ်သွားသည်။
“ဝမ်းကွဲအစ်ကို.. ညကျရင်အားလား”
“အားရင် ဘာလုပ်မလို့လဲ” ရှောင်းလန့်က ခံစားချက်မရှိသောမျက်နှာဖြင့် သူ့ကိုပြန်မေးလာသည်။
ကျုယန့်ထင်က ပြုံးကာ မျက်တောင်တစ်ချက်ခတ်လိုက်၏။ နူးညံ့သောအသံဖြင့် “ကျွန်တော်မြစ်ထဲမှာ မီးပုံးမျှောမလို့ ခင်ဗျားအားရင် ကျွန်တော့်ကိုအဖော်လုပ်ပေးပါလား”
..........
ညနေစောင်းတွင်မူ ရှောင်းလန့်က အိမ်ထဲကထွက်လာပြီး မြင်းလှည်းပေါ်တက်မည်ပြင်သည်။
ရှောင်းရုန်က နောက်ကလိုက်လာကာ တကြော်ကြော်အော်ခေါ်ပြီး “အစ်ကိုနှစ် ဘယ်သွားမလို့လဲ၊ ကျွန်တော်လည်းလိုက်မယ်”
ရှောင်းလန့်က သူ့ကိုတစ်ချက်ကြည့်လိုက်ကာ “မင်းအိမ်စာတွေပြီးပြီလား၊ ပျော်ချင်နေသေးတယ်”
ရှောင်းရုန်က ဂျီကျလေသည် “မလုပ်ပါနဲ့.. ဒီနေ့က ချီးရှီးပွဲတော်လေ.. ကျွန်တော့်ကိုလည်း အပြင်ထွက်လည်ခွင့်ပေးပါဦး”
“ငါက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အကြောင်းဆွေးနွေးဖို့ ချိန်းထားတာ၊ အပျော်သွားတာ မဟုတ်ဘူး” ရှောင်းလန့်က ပြောပြီးပြီးချင်း မြင်းလှည်းထဲသို့ ဝင်သွားသည်။ တံခါးကိုပိတ်လိုက်ကာ အစေခံတွေကို ထွက်ဖို့ပြောလိုက်သည်။
မြင်းလှည်းကမောင်းထွက်သွားတော့ ရှောင်းရုန်က ဒေါကန်ပြီး “အင်္ကျီအသစ်တွေတောင်လဲပြီး ဒီနေ့လိုနေ့မှ အပြင်ထွက်သွားတာကိုများ.. လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိန်းထားတာတဲ့... ငါ့ကို သုံးနှစ်သားများမှတ်နေလား”
နှစ်စဉ်နှစ်တိုင်း ချီးရှီးပွဲတော်ညတွင် မြို့တော်မှအပျိုလူပျိုများသည် မြစ်ကမ်းကျုံးနံဘေးတွင်စုရုံးကာ မီးပုံးများမျောကြသည်။ ကံကောင်းစေရန်ဆုတောင်းကြပြီး ချစ်ရသူနှင့်တွေ့ဆုံခွင့်ရပါရန် မျှော်လင့်ကြသည်။
ရှောင်းလန့်မှာ ပထမဦးဆုံးအကြိမ် ရောက်လာတာပင်။ ကျုယန့်ထင်နှင့်ချိန်းထားသည့်နေရာက လူနေကျဲပါးသည့် တောအုပ်အစပ်က ကျောက်ဆောင်ထူသည့်ကမ်းပါးနားမှာဖြစ်သည်။ သူရောက်လာချိန်တွင် ကျုယန့်ထင်က မီးပုံးတွေကိုပင် မီးညှိထားပြီးပြီဖြစ်ပြီး မြစ်ကမ်းပါးမှာ တစ်ယောက်တည်းမတ်တပ်ရပ်နေသည်။ နောက်ကျောက အနည်းငယ်အထီးကျန်နေပုံပေါ်သည်။
ရှောင်းလန့်က နောက်နားမှာ အချိန်အတော်ကြာရပ်နေခဲ့ပြီး အတွေးတွေတည်ငြိမ်ကာ ခံစားချက်တွေ အေးချမ်းသွားတော့မှ ရှေ့ကိုတက်ပြီး မြစ်ကမ်းဘေးကလူကို ခပ်တိုးတိုးလှမ်းခေါ်လိုက်သည် “ယန့်ထင်”
ဤသည်ကား ရှောင်းလန့် သူ့နာမည်ကို ပထမဦးဆုံးအကြိမ်ခေါ်လိုက်တာပင်။
ကျုယန့်ထင်က လှည့်ကြည့်ပြီး တောက်ပစွာပြုံးပြလာသည်။ တပြိုင်နက်တည်းမှာပင် မြစ်ထဲမှအလင်းရောင်တွေနှင့် ကောင်းကင်ပေါ်ကကြယ်တွေလတွေ အလင်းရောင်တွေအားလုံး မြင်ကွင်းမှအကုန်ပျောက်ကွယ်ကုန်၏။
“ခင်ဗျားမလာတော့ဘူးလို့ ထင်လိုက်တာ”
ရှောင်းလန့်၏အာရုံတွေ ပြန်ရောက်လာပြီး အသံတိုးတိုးနှင့် ဖြေရှင်း၏ “လမ်းမှာ ခဏတဖြုတ်ကြန့်ကြာသွားလို့ပါ…ကိုယ်ကတိပေးပြီးရင် သေချာပေါက်လာမှာပါ”
“အင်း” ကျုယန့်ထင်က ညင်သာစွာခေါင်းညိတ်ပြသည် “ခင်ဗျားမလာရင် ကျွန်တော်က တစ်ချိန်လုံးစောင့်နေမှာ”
ရှောင်းလန့်က တွေးဆဆလုပ်ရင်း “တစ်ချိန်လုံး စောင့်နေမှာလား”
“အင်း.. စောင့်နေမှာ” ကျုယန့်ထင်က ခေါင်းလှည့်လာပြီး ရှောင်းလန့်ကို ပြုံးပြုံးလေးကြည့်သည် “ခင်ဗျားလာတဲ့အထိကို စောင့်နေမှာ”
“… မတော်လို့ ကိုယ် လုံးဝမလာခဲ့ရင်ရော”
“စောင့်နေဦးမှာပဲ.. လာချင်စိတ်ရှိလာတဲ့အထိ စောင့်နေမှာ”
ရှောင်းလန့်က နောက်ထပ်ဘာမှပြန်ပြောတော့ဘဲ ကျုယန့်ထင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူက ခပ်တိုးတိုးခေါ်လာသည်အထိပင် “ဝမ်းကွဲအစ်ကို…”
ရှောင်းလန့်က သူ့အကြည့်များကို ခြေရာလက်ရာမကျန်အောင် လွှဲဖယ်သွားခဲ့ပြီး မျက်စိရှေ့က လှိုင်းထနေသည့်မြစ်ပြင်ကျယ်ကို ငေးမျှော်ကြည့်နေခဲ့သည်။ မြစ်ရေပြင်က မီးရောင်များဖြင့် တောက်ပနေ၏။ ပွင့်လန်းနေသော ကြာပွင့်တွေကြားမှာ မီးပုံးတွေက မျောပါနေသည်။ အိပ်မက်တစ်ခုလိုပင်။
“မင်းအရင်ကလည်း မီးပုံးမျှောရတာ ကြိုက်တာပဲလား” ရှောင်းလန့်က ရုတ်တရက် စကားစပြောသည်။
ကျုယန့်ထင်က ခေါင်းခါလိုက်ပြီး “ဟင့်အင်း.. အရင်က တစ်ခါမှမမျှောဖူးဘူး၊ အခုက ပထမဦးဆုံးပဲ”
“ဘာလို့လဲ”
“ခင်ဗျားမေးချင်တာက… ဘာလို့ပထမဦးဆုံးလဲလို့ မေးချင်တာလား… ဒါမှမဟုတ် ဘာလို့ ဒီနေ့မှပထမဦးဆုံးလာရလဲလို့ မေးချင်တာလား”
ရှောင်းလန့်က သူ့ကို တိတ်တဆိတ်ကြည့်နေခဲ့၏။
ကျုယန့်ထင်က ညင်သာသောအပြုံးလေးတစ်ခု ပေးလိုက်ရင်း “ချီးရှီးပွဲတော်မှာ မီးပုံးမျှောရတဲ့ရည်ရွယ်ချက်အများစုက အိမ်ထောင်ရေးအတွက်မလား… ကျွန်တော်က အရင်က ဒါမျိုးမှ မတွေးဖူးတာ”
“… တစ်ခါမှမတွေးဖူးဘူးလား”
“ဟင့်အင်း တစ်ခါမှမတွေးဖူးဘူး… ခင်ဗျားရော အရင်က ချီးရှီးပွဲတော်တွေမှာ ဘာလုပ်လဲ”
ရှောင်းလန့်က ခဏလောက်စဉ်းစားလိုက်ပြီး “ကိုယ့်အမေက မိသားစုထဲကအမျိုးသမီးတွေစုပြီး ဆုတောင်းကြတယ်၊ ကိုယ်က အချိန်အားလို့စိတ်ကူးပေါက်ရင် လူတွေခေါ်ပြီး စာကြည့်ခန်းထဲကစာအုပ်တွေအကုန်ထုတ် နေပြခိုင်းတယ်”
“ဒီလိုလား” ကျုယန့်ထင်က သဘောပေါက်သွားသလို ပြောလာသည် “ဟုတ်တာပေါ့.. ခင်ဗျားက ငယ်ငယ်ကတည်းက စေ့စပ်ထားပြီးသားဆိုတော့ ဒီကိုလာပြီး ဆုတောင်းနေစရာမှမလိုတာ”
ရှောင်းလန့်က သူ့ကိုကြည့်လိုက်၏။ ချီတုံချတုံနှင့် စကားတွေက သူ့နှုတ်ခမ်းဝရောက်လာပြီးမှ ဘာမှမပြောခဲ့တော့ချေ။
ကျုယန့်ထင်က မီးမထွန်းရသေးသောမီးပုံးကို ကောက်ကိုင်ကာ ရှောင်းလန့်ဆီပေးလိုက်ရင်း “ဝမ်းကွဲအစ်ကို .. ခင်ဗျားလည်း မျှောပါလား၊ အိမ်ထောင်ရေးအတွက် ဆုမတောင်းချင်ရင်လည်း ထားလိုက်ပေါ့… ကျွန်တော့်ကိုကူညီတယ်လို့ သဘောထားလိုက်လေ”
ရှောင်းလန့်က လှမ်းယူလိုက်ပြီး တိတ်တဆိတ်မီးညှိကာ ရှေ့တစ်လှမ်းတိုးပြီး ကိုယ်ကိုကိုင်းလိုက်ရင်း မီးပုံးကို မြစ်ထဲဂရုတစိုက်မျှောလိုက်သည်။
မီးပုံးတွေက မြစ်ကြောင်းတစ်လျှောက်မျှောပါသွားကြပြီး ကျုယန့်ထင်မျှောထားသည့်မီးပုံးတွေနှင့် ပေါင်းစပ်သွားကာ လှပသည့်ကြယ်ရောင်များဖြစ်ပေါ်သွားကြ၏။
ရှောင်းလန့်က အချိန်အကြာကြီး ငေးစိုက်ကြည့်နေသည်။ ရုတ်တရက် ပိုးစုန်းကြူးတစ်ကောင်က မြက်တောထဲမှထပျံလာပြီး ကောင်ကင်ထက်တွင်ကခုန်နေခဲ့ကာ ကျုယန့်ထင်၏အပြုံးမျက်လုံးများကို ဝင်းလက်တောက်ပသွားစေသည်။
“ဆောင်းဦးရောက်နေပြီ၊ ဒီနေရာမှာ ဒီလိုဟာလေးတွေ မြင်နေရတုန်းပဲ” ကျုယန့်ထင်က သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ ပိုးစုန်းကြူးလေးတစ်ကောင်က သူ့လက်ချောင်းတွေပတ်လည်မှာ ကခုန်နေခဲ့ပြီး လက်ချောင်းတွေကြား အလင်းတန်းတွေကို ချန်ရစ်ထားခဲ့သည်။ မှော်ဆန်သောပြကွက်တစ်ခုလိုပင်။
ရှောင်းလန့်၏လက်က အလိုလျောက်ပင် မြင့်တက်သွားခဲ့ပြီး ကျုယန့်ထင်၏လက်ဆစ်များကို ဖမ်းဆုပ်လိုက်သည်။ ကျုယန့်ထင်က အံ့သြသွားပြီး သူ့ကိုမော့ကြည့်လိုက်၏။
ဒီတော့မှ ရှောင်းလန့်လည်း အသိပြန်ဝင်လာသည်။ သူ့မျက်ဝန်းများထဲ ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ခနဲလက်သွား၏။ သို့သော် ချက်ချင်းပြန်လည်တည်ငြိမ်သွားပြီး ကျုယန့်ထင်၏လက်ချောင်းထိပ်များကို အသာဖျစ်ညှစ်ကာ လွှတ်ပေးလိုက်သည်။
ကျုယန့်ထင်က ရယ်လိုက်ပြီး “ဝမ်းကွဲအစ်ကို.. ဒါကဘာသဘောလဲ”
ရှောင်းလန့်က သူ့ကို စူးစိုက်ကြည့်လာ၏။ သူ၏မျက်ဝန်းများက တဖျတ်ဖျတ်ဖြစ်နေခဲ့ပြီး ထိုမျက်ဝန်းများထဲတွင် စကားလုံးထောင်ပေါင်းမက ရှိနေပုံပင်။
“ဝမ်းကွဲအစ်ကို.....”
“ယန့်ထင်… မင်း ဘယ်လိုအိမ်ထောင်ရေးမျိုးကို ဆုတောင်းလဲ”
ကျုယန့်ထင်က နားလည်ပုံမပေါ်ပေ “ဆုတောင်းတာက ဆုတောင်းတာပဲပေါ့၊ ဘယ်လိုဆိုတာက ရှိပါ့မလား”
“မင်းမှာ ရည်ရွယ်ထားတဲ့လူရှိနေပြီလား”
ရှောင်းလန့်က မျက်ဝန်းမှာမျှော်လင့်ချက်တွေဖြင့် မဝံ့မရဲမေးလာခဲ့သည်။ ကျုယန့်ထင်က သူ့ကိုစိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည် “ဝမ်းကွဲအစ်ကို .. ခင်ဗျားတကယ်နားမလည်ဘူးလား”
“ကိုယ်…”
ကျုယန့်ထင်အသံက ဝမ်းနည်းနေသလိုပင် “ကျွန်တော် ခင်ဗျားအပေါ်ထားတဲ့ သဘောထားကို နည်းနည်းလေးတောင်မှ နားမလည်ဘူးလား”
ရှောင်းလန့်က ကြက်သေသေသွားသည်။
ကျုယန့်ထင်က သူ့ကိုယ်သူ လှောင်ရယ်လိုက်ရင်း “ခင်ဗျားနဲ့လျှိုသခင်လေးရဲ့ လက်ထပ်ကတိက ပြီးသွားတော့ ကျွန်တော့်စိတ်တွေကိုဖွင့်ပြဖို့ အခွင့်အရေးတစ်ခုရပြီဆိုပြီး ထင်ခဲ့တယ်၊ ဒါပေမယ့် ချန်နယ်စားကြီးက မင်းမျိုးနွယ်မိသားစုတွေနဲ့ မပတ်သက်ချင်ဘူးလို့ ရှောင်းရုန်ကပြောတယ်၊ မိဘတွေက ဆန္ဒမရှိတော့ ခင်ဗျားကလည်း ဆန္ဒမရှိဘူး၊ ခင်ဗျားအမေက နောက်ထပ်တစ်ယောက်တောင် ရှာပေးပြီးသွားပြီ၊ ခင်ဗျားကလည်း သဘောတူလိုက်တယ်တဲ့”
“မဟုတ်ဘူး” ရှောင်းလန့်က အလိုလျောက်စကားတွေ ထွက်သွား၏ “ကိုယ် သဘောမတူပါဘူး”
ကျုယန့်ထင်က ခဏတာမှင်တက်သွားသည် “တကယ်လား”
ရှောင်းလန့်၏အသက်ရှူသံတွေက အကြိမ်ရေအနည်းငယ်စိပ်လာခဲ့ရင်း
“ယန့်ထင်.. ကိုယ် နောက်ထပ်တစ်ယောက် မရှာခဲ့ပါဘူး၊ စဉ်းလည်းမစဉ်းစားခဲ့ဘူး သဘောလည်းမတူခဲ့ဘူး၊… မင်းစိတ်ကိုသိပါတယ်.. ကိုယ့်စိတ်ကိုရောပဲ၊ .. ချန်နယ်စားအိမ်တော်က မင်းမျိုးနွယ်တွေနဲ့ မပတ်သက်လိုတာ အမှန်ပါ၊ … ဒါပေမယ့် ကိုယ်က မင်းကိုပဲအလိုရှိတယ်၊ မင်းသာဆန္ဒရှိမယ်ဆိုရင်.. ကိုယ့်မိဘတွေကိုနားချဖို့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်”
သူ ရှောင်တိမ်းရင် ငြင်းဆန်ခဲ့ပါ၏။ တခြားတစ်ယောက်ကိုရွေးချယ်လိုက်ခြင်းဖြင့် ထိုစွဲလမ်းနေသောအတွေးများကို ငြိမ်သက်သွားစေမည်ဟု ထင်မြင်ခဲ့သည်။ သို့ရာတွင် ကျုယန့်ထင်က ထိုရီဝေနေသောမျက်ဝန်းများဖြင့် သူ့ရှေ့မှာလာရပ်ပြီး ဘယ်အတွက်ကြောင့် သူ့ကိုစိမ်းကားနေသနည်းဟု မေးလာသောအခါတွင်မူ နဂိုကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးဖြစ်သွားခဲ့သည်။
ဖြစ်နိုင်သည်က ထိုနေ့မီးပုံးပွဲတော်မှာ ပထမဦးဆုံးအကြိမ်တွေ့ခဲ့ကတည်းက ကျုယန့်ထင်က သူ့နှလုံးသားထဲ၌ ခြေရာလက်ရာတစွန်းတစကို ချန်ထားရစ်ခဲ့ပြီး ဖြစ်နိုင်ပါသည်။ သို့သော် ထိုအချိန်တွင် သူ့မှာ လက်ထပ်ကတိကဝတ်ရှိနေဆဲဖြစ်သည်။ သူ ဒါကို မစဉ်းစားနိုင်ခဲ့၊ စဉ်းလည်း မစဉ်းစားဝံ့ခဲ့ပေ။
ဒီကနေ့ရောက်လာခဲ့သည်အထိပင်။ အခုမှ သူက နောက်ဆုံး ဝန်ခံလိုက်နိုင်သည်။ နှလုံးသားအလိုအတိုင်းသာ သူရွေးချယ်ချင်သည်။ ကျုယန့်ထင်ကို သူလိုချင်ပါ၏။
ကျုယန့်ထင်၏မျက်ဝန်းတွေထဲ ရေငွေ့လေးများ ဝေ့သီလာသည်။
ရှောင်းလန့်က သူ့လက်တစ်ဖက်ကိုဆွဲလိုက်ပြီး ဖွဖွလေးကိုင်ထားလိုက်ကာ နူးညံ့ညင်သာသောအသံဖြင့် ပြောလိုက်သည် “အနောက်တောင်လေ ဖြစ်ရပါစေ၊ မင်းရင်ခွင်ထဲမှာ ထာဝရမှေးစက်ရပါစေ”
(T/N ကဗျာစာသားပါ၊ စာတစ်တန်ပေတစ်တန် ပြောလိုက်တဲ့သဘောပေါ့နော်)
ကျုယန့်ထင်က အက်ကွဲလာသောအသံဖြင့် ပြောလာခဲ့သည်မှာ “ဝမ်းကွဲအစ်ကို.... ခင်ဗျား ကျွန်တော့်ကိုလိုချင်ရင် နောက်ပိုင်း ကျွန်တော်စိတ်ပျက်အောင် လုံးဝမလုပ်ရဘူး”
“မလုပ်ဘူး” ရှောင်းလန့်က သူ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ့အသံက ခိုင်မာလေးနက်၏ “နေ၊ လ၊ ကောင်းကင်နဲ့မြေကြီးကိုပါတိုင်တည်ပြီး ကျိန်ဆိုပါတယ်၊ ဒီဘဝမှာ မင်းကိုချစ်တဲ့စိတ်တွေနဲ့ပဲ ကိုယ်ကရှင်သန်ပါ့မယ်”
ကျုယန့်ထင်၏ မျက်ခုံးတန်းများပါ ကွေးညွှတ်လာခဲ့၏။ သူက ရှောင်းလန့်ကို ချစ်ခင်မြတ်နိုးစွာကြည့်လိုက်ရင်း “အင်း”
........