(9)
မနက်စောစောတွင် ပုစဉ်းရင်ကွဲများ အော်မြည်နေကြ၏။ ကျုယန့်ထင်က ဝေလီဝေလင်းမှာ သူ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ခဏကြာမှ မနေ့ညက ဘာဖြစ်ခဲ့လဲ ပြန်သတိရသွား၏။ သူ့ဘေးကအိပ်ရာက ဗလာဖြစ်နေသည်။ သူနှင့်ရှောင်းလန့် မနေ့ညက အနောက်ဘက်တောင်ပေါ်မှာ လျှောက်သွားခဲ့ကြပြီး သန်းခေါင်ကျော်မှ ပြန်လာခဲ့ကြသည်။ သူတို့တွေ တစ်အိပ်ရာတည်းမှာ အတူအိပ်ကြပြီး အိပ်ကောင်းသောညတစ်ညဖြစ်ခဲ့၏။
အားချင်းက ရေခပ်လာပြီး ကျုယန့်ထင်ဆေးကြောဖို့အတွက် စောင့်ဆိုင်းရန် ဝင်လာသည်။ သူ တင်ပြလာသည်ကား
“ရှောင်းသခင်လေးက အာရုံမတက်ခင်ကတည်းက ထွက်သွားပါတယ်၊ သခင်လေးကို မနှိုးခိုင်းပါဘူး၊ နိုးလာမှ ဒါပေးလိုက်ဖို့ ကျွန်တော့်ကိုပြောသွားပါတယ်”
ကျုယန့်ထင်က အားချင်းပေးလာတဲ့ပစ္စည်းကို ယူလိုက်သည်။ ထိုပစ္စည်းက မနေ့က ရှောင်းလန့်ကို မိုးရေသုတ်ဖို့ပေးလိုက်တဲ့ လက်ကိုင်ပုဝါဖြစ်ပြီး ရေလျှော်ကာ အခြောက်ခံထားသည်။ အသစ်အတိုင်း သန့်ရှင်းနေ၏။
ရှောင်းလန့်၏လက်ကိုင်ပုဝါကတော့ သူ့ဆီမှာရှိနေတုန်းဖြစ်သည်။ ကျုယန့်ထင်က လက်ထဲမှာဆုပ်ကိုင်ထားပြီး ပွတ်သပ်နေလိုက်သည်။ ပြတင်းပေါက်လှမ်းကြည့်လိုက်တော့ တရုတ်ဆီးသီးပင်ရဲ့အရွက်တွေပေါ်မှာ နှင်းရည်စက်တွေရှိသည်။ မနေ့ညကတွေ့ခဲ့တာထက် ပိုပြီးစိမ်းလန်းနေသည်။ ဒါပေမယ့် နှမြောစရာကောင်းတာက ထိုသူက မရှိတော့ပေ။
“သခင်လေး”
ကျုယန့်ထင်က ပြန်သတိရလာပြီး သက်ပြင်းချလိုက်ကာ “မြင်းလှည်းသွားခေါ်လိုက်တော့ ငါတို့လည်း ပြန်ကြမယ်”
အိမ်တော်သို့ပြန်ရောက်သည့်အခါ ကျုယန့်ထင်က တူဖြစ်သူထံ ဦးစွာသွားရောက်ပြီး ဘုရားကျောင်းကယူလာသည့် အန္တရာယ်ကင်းအဆောင်ကို ထုတ်ပေးလိုက်သည်။ ကလေးလေးက ပြီးခဲ့သည့်နှစ်ရက်အတွင်းမှာ အနည်းငယ်နေထိုင်မကောင်း ဖြစ်နေခဲ့သည်။ သို့ပေမယ့် ရှောင်းလန့်ကိုလှည့်စားဖို့ အကြောင်းပြချက်အဖြစ်ပေးရလောက်အောင်တော့ မဟုတ်လှ။
ကျုဟယ့်မင်လည်း ထိုနေရာမှာရှိနေသည်။ သူက ကျုယန့်ထင် သူ့သားနှင့်ဆော့ကစားနေသည်ကို မြင်တော့ မေးလိုက်သည် “မင်း မနေ့က ယွမ်ကျိဘုရားကျောင်းကိုသွားတော့ ချန်နယ်စားကတော်ကြီးနဲ့ ရှောင်းအရာရှိကိုတွေ့ခဲ့လား”
“အင်း.. သူက နယ်စားကတော်ကြီးနဲ့ လိုက်လာတာ၊ ဘုရားကျောင်းမှာ တစ်ညအိပ်တယ်”
“မင်းနဲ့ သူနဲ့…”
ကျုဟယ့်မင်က ချီတုံချတုံဖြင့် စကားပြောရန် တုန့်ဆိုင်းနေသည်။ ကျုယန့်ထင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည် “အစ်ကိုတော် မပူပါနဲ့… ကိစ္စက မကြာခင်ပြီးသွားမှာပါ၊ စောင့်ကြည့်နေလိုက်ပါ”
ကျုဟယ့်မင်က တိတ်တဆိတ်သက်ပြင်းချရင်း “ မင်းနဲ့ငါနဲ့ ငါတို့ညီအစ်ကိုနှစ်ယောက် ဘာပိုင်ဆိုင်မှုမှမရှိတာ မဟုတ်ဘူးဆိုရင်.. အဆင်မပြေတဲ့ အနေအထားမျိုးမှာသာ မဟုတ်ရင်.. ဒီနည်းလမ်းကို သုံးစရာမလိုဘူး၊ မင်းကို ခက်ခဲစေမိပြီ”
ကျုယန့်ထင်က စိတ်ထဲမထား “ပန်းတိုင်ရောက်ဖို့ ဘာဖြစ်ဖြစ်လုပ်ရမှာပဲ၊ အခုလည်း ပထမဦးဆုံးမှ မဟုတ်တာ၊ အစ်ကိုတော်ကို ကူညီနိုင်နေသရွေ့ တခြားဘာမှအရေးမကြီးဘူး”
ကျုဟယ့်မင်က သတိပေးလိုက်သည် “… မင်း သေချာစဉ်းစားနော်၊ မင်းက ချန်နယ်စားအိမ်တော်ရောက်သွားပြီး ရှောင်းဒုတိယသားနဲ့ ဇနီးမောင်နှံတွေဖြစ်သွားရင် သူ့အတွက် ကလေးတွေမွေးပေးရလိမ့်မယ်၊ မင်းက ငါတို့မင်းသားအိမ်တော်ကလူပါ၊ နောက်ပိုင်းမှာ ကျွင့်ဝမ်(ခရိုင်အဆင့်မင်းသား) ဖြစ်လာမှာ၊ အခု ဒီဝန်ထုတ်ဝန်ပိုးကြောင့် အရှက်ရစရာတွေဖြစ်လာလိမ့်မယ်၊ တခြားသူတွေဆီက သွားပုတ်လေလွင့်ပြောခံရမှာ မင်းတကယ်လက်ခံနိုင်ပါ့မလား”
ပဋိသန္ဓေတည်ဆေးမှာ တာ့ယန်ပြည်စတင်စဉ်ကတည်းက ရှိနေပြီဖြစ်သည်။ အမျိုးသားဇနီးသည်များ၏အဆင့်အတန်းမှာ ကျင်ရွေ့မင်းဆက်ကတည်းက အလွန်တိုးတက်လာခဲ့ပြီး တရားဝင်အိမ်ထောင်များ ထူထောင်နေနိုင်ပြီးဖြစ်သော်လည်း မလိုမုန်းထားမှုများ ရှိနေဆဲပင်။
ချမ်းသာသော သာမန်မိသားစုများပင်လျှင် ၎င်းတို့၏ကလေးများနှင့်မြေးများကို အမျိုးသားဇနီးသည်များ လွယ်လင့်တကူ ဖြစ်ခွင့်မပြုနိုင်ကြပေ။ ကျုယန့်ထင်ကဲ့သို့ မင်းမျိုးမင်းနွယ်မိသားစု၏သားတစ်ယောက် မဆိုထားနှင့်။
“ဒီကိစ္စကို ကျွန်တော် အစောကြီးကတည်းက စဉ်းစားပြီးပါပြီ” ကျုယန့်ထင်က သူ့တူလေး၏ ပါးပြင်ဖောင်းအိအိကို ပွတ်ပေးလိုက်ရင်း အခိုင်အမာပြောလာသည် “ဘိုးဘေးကျင်ရွေ့ဧကရာဇ်က ဘုရင်တစ်ပါးရဲ့ဂုဏ်သရေနဲ့ ကိုယ်တိုင်ကိုယ်ကျ သန္ဓေတည်ဖို့ ဆန္ဒရှိခဲ့တယ်၊ ကျွန်တော်နစ်နာတာ ဘာမှမဟုတ်ပါဘူး.. တစ်ခုခု အနစ်နာခံတာမလုပ်ထားရင် ရှောင်းမိသားစုရဲ့ ယုံကြည်မှုနဲ့ထောက်ခံမှုကို ဘယ်လိုလုပ်ရနိုင်မှာလဲ”
သူက ပြောပြီးသည့်နောက် ကျုဟယ့်မင်ကို ပြုံးပြလိုက်ပြီး “အစ်ကိုတော် အရမ်းကြီးစိတ်မပူပါနဲ့၊ ကျွန်တော် လုပ်မယ်လို့ဆုံးဖြတ်ပြီးမှတော့ နောင်တရမှာမဟုတ်ပါဘူး”
ကျုယန့်ထင် ထွက်သွားပြီးသည့်နောက်၌ မင်းသမီးဟွိုင်က သားဖြစ်သူကိုလာခေါ်ရင်း ကျုဟယ့်မင်ကို မေးလိုက်သည်
“ရှင် အခုလေးတင် ယန့်ထင်ကို ဘာတွေပြောလိုက်တာလဲ၊ သူ့ပုံစံက ဘာလို့ တွေဝေပြီး စိုးရိမ်ပူပန်တဲ့ပုံ ပေါက်နေရတာလဲ”
ကျုဟယ့်မင်က အခါးရည်ကို တစ်ငုံသောက်ပြီး အေးစက်စွာဖြင့် “ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး၊ သူက အချစ်နဲ့တွေ့နေလို့လေ”
မင်းသမီးဟွိုင်က ချက်ချင်းကို ဝမ်းသာသွားသည် “တကယ်လား.. ဘယ်မိသားစုက မိန်းကလေးလဲ၊ ယန့်ထင်က သူ့ကိုတကယ်နှစ်သက်တယ်ဆိုရင် ကျွန်မ လူလွှတ်ပြီး သွားကြည့်ခိုင်းလိုက်မယ်”
“ဒါကို မပူပါနဲ့” ကျုဟယ့်မင်က အခါးရည်ခွက်ကိုချကာ နှုတ်ခမ်းထောင့်စွန်းတွေကို မသိမသာလျှာနဲ့သပ်လိုက်ရင်း “ယန့်ထင်က အရွယ်ရောက်လာပြီ၊ သူ့အစ်ကိုရဲ့ပူပန်မှုတွေကို ဘယ်လိုဝေမျှရမလဲဆိုတာ သိလာပြီ၊ သူက ဒီလောက်သိတတ်တာ.. မင်းနဲ့ငါနဲ့ သူ့အပေါ်မှာ ကောင်းကောင်းမဆက်ဆံလို့ မရဘူး၊ မင်းသွားပြီး သေသေချာချာစဉ်းစားလာခဲ့.. ဒါမှ ယန့်ထင်အတွက် ခန်းဝင်ပစ္စည်း ပြင်ဆင်ပေးရအောင်”
မင်းသမီးက အံ့သြသွားသည်..... ခန်းဝင်ပစ္စည်းလား...
........
(၆)လပိုင်းအကုန်တွင် ရှောင်းရုန်၏ အတန်းဖော်နှင့်သူငယ်ချင်းကောင်း ကျောက်ယွင်ရှုက မင်္ဂလာဆောင်ခဲ့သည်။ ဖိတ်စာတစ်စောင်က မင်းသားဟွိုင်အိမ်တော်သို့ ရောက်လာခဲ့သည်။ ကျုယန့်ထင်က တန်ဖိုးကြီးလက်ဖွဲ့တစ်ခုကို ပြင်ဆင်စေပြီး လူကိုယ်တိုင်သွားရောက်ဂုဏ်ပြုလေသည်။
သူက ခပ်စောစောထွက်လာခဲ့ပြီး ရှောင်းရုန်နှင့် လမ်းမှာဆုံသည်။ နှစ်ယောက်သားက တစ်လျှောက်လုံး စကားပြောရင်း ရယ်မောရင်း မြင်းလှည်းတစ်ခုတည်း အတူစီးသွားကြသည်။
ရှောင်းရုန်မှာ မင်းမျိုးနွယ်များနှင့်သူငယ်ချင်းမလုပ်ရဟူသည့် သူ့အစ်ကိုနှစ်၏ သတိပေးစကားများကို အစောကတည်းက မေ့သွားခဲ့ချေပြီ။ ကျုယန့်ထင်တွင် နူးညံ့သော စိတ်နေသဘောထားရှိပြီး မင်းမျိုးနွယ်သားသမီးများ၏ ဟန်ပန်များလည်း မရှိဘဲ သူနှင့် ပြန်စကားပြောနိုင်၏။ ဤကဲ့သို့ ရင်းနှီးသောသူငယ်ချင်းတစ်ယောက်ရသဖြင့် သူအရမ်းပျော်လေသည်။
သိပ်မကြာခင်မှာပင် ထိုနေရာသို့ရောက်သွားကြသည်။ ကျောက်ယွင်ရှုက အနီရောင်သတို့သားဝတ်စုံကိုဝတ်ထားပြီး အိမ်တော်ဂိတ်တံခါးအပြင်ဘက်တွင် ဧည့်သည့်များကို ကြိုဆိုနှုတ်ဆက်နေသည်။ သူ့မျက်နှာက နီနေပြီး ပျော်တပြုံးပြုံး ဖြစ်နေပါ၏။
ရှောင်းရုန်နှင့် ကျုယန့်ထင်က မြင်းလှည်းပေါ်မှဆင်းက ဂုဏ်ပြုလက်ဆောင်တွေပေးဖို့ ရှေ့တက်လာကြသည်။
ကျောက်ယွင်ရှုက သူတို့ကိုမြင်တော့ အရမ်းပျော်သွားသည်
“မင်းတို့မျက်နှာတွေ့ရဖို့ အရမ်းခက်တာကွာ.. ဒီနေ့ လေးငါးခွက် ပိုသောက်ရမယ်နော်.. မမူးရင် မပြန်ကြေး”
ရှောင်းရုန်က သူ့ကိုနောက်သည် “ကိုယ့်ကိုကိုယ်သာ ဂရုစိုက်၊ သတို့သားက သူများကို ဘယ်နှခွက်သောက်ပါဆိုပြီး လိုက်ပြောနေတယ်၊ မင်းပဲ.. သိပ်ပျော်မနေနဲ့၊ အပျော်လွန်ပြီး ခေါင်းစိုက်သွားလို့ ညဘက် သတို့သမီးအခန်းထဲမှာ ဘာမှမဘာလိုက်ရပဲ ဖြစ်နေလိမ့်မယ်၊ ငါ့ခယ်မအသစ်လေးကို စိတ်မပျက်စေနဲ့”
ကျောက်ယွင်ရှုမှာ မတရားအစခံလိုက်ရပြီး မျက်နှာကနီရဲလာသည်။ ကျုယန့်ထင်က ရှောင်းရုန်၏လက်ကို တွန်းလိုက်ကာ “ညစ်ညမ်းတာတွေ မပြောနဲ့၊ အထဲမြန်မြန်ဝင်မယ်”
ကျောက်ယွင်ရှုက သူတို့ကို ကိုယ်တိုင် လိုက်ပို့ပေးသည်။ သူ၏ဖခင်မှာ ထိုက်ချန်ရုံးတော်မှ စတုတ္ထအဆင့်အမတ်ဖြစ်ပြီး မြို့တော်တွင် ထင်ပေါ်ကျော်ကြားခြင်းမရှိပေ။ မင်္ဂလာဆောင်အခမ်းအနားက အလွန်စည်ကားသော်လည်း အရေးပါသူများ အများအပြားမရှိ။ သူက ကျုယန့်ထင်နှင့် ရှောင်းရုန်အတွက် အခြားသူတွေ လာရောက်နှောင့်ယှက်ခြင်း မပြုနိုင်သည့် နေရာတစ်ခုကို စီစဉ်ပေးသည်။ သဘောရှိပျော်နိုင်သည်ဟု ပြောခဲ့ပြီး တခြားဧည့်သည်များကို ဧည့်ခံရန် ထွက်သွားသည်။
ရှောင်းရုန်က ဘေးဘီစူးစမ်းကြည့်ပြီး မှင်တက်နေသည် “ဒီကျောက်မိသားစုက တကယ့်ကို အမြင်ရှိတာပဲ”
ကျောက်မိသားစုအိမ်သည် ပကာသနကို ဦးစားမပေးထား။ သို့သော် နေရာအနှံ့တွင် အနီရောင်ပန်းပင်များနှင့် အနီရောင်များဖယောင်းတိုင်များ လင်းလက်နေ၏။ မြေပြင်အနှံ့ နံ့သာအိုးတွေချထားပုံက အချိန်ပေးကာ အနုစိတ်ပြင်ဆင်ထားပုံပင်။
ကျုယန့်ထင်က မြေပဲတစ်စေ့ကို အခွံချွတ်လိုက်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ပြုံးလိုက်ပြီး “နောင်တစ်ချိန် မင်း မင်္ဂလာဆောင်ရင်လည်း အသေအချာပြင်ဆင်ပေါ့.. ဒီ့ထက်ပိုကောင်းအောင်လုပ်”
ရှောင်းရုန်က ရယ်သည် “ငါ့အစ်ကိုနှစ်ပဲ အရင်ဆောင်ပါစေဦး”
ကျုယန့်ထင်၏မျက်လုံးများက အနည်းငယ်လှုပ်ခတ်သွားသည်။ သူက ပြုံးလိုက်ရင်း မြေပဲများကိုသာ ဆက်လက်ခွာနေခဲ့သည်။
ဗြောက်အိုးဖောက်သံများနှင့် ဆူညံသံများ ထွက်လာသည်။ သတို့သားဖြစ်သူမှာ သတို့သမီးကိုကြိုဆိုရန် ထွက်ခွာသွားပြီပင်။ ရှောင်းရုန်က သေရည်ခွက်ကိုလောင်းထည့်ရင်း သက်ပြင်းချလိုက်သည်။
“ငါက သတို့သားနဲ့လိုက်သွားပြီး စိတ်လှုပ်ရှားစရာလေးတွေ သွားကြည့်ချင်တာ၊ ဒါပေမယ့် မနေ့ညက အစ်ကိုနှစ်က အသေအချာပြောသွားတယ်၊ စားဖို့ပဲခွင့်ပြုမယ်တဲ့.. ဘယ်မှလျှောက်မသွားရဘူး၊ သတို့သမီးအိပ်ခန်းမှာ ပြဿနာမလုပ်ရဘူးတဲ့”
ကျုယန့်ထင်က စပ်စုလိုက်သည် “ဘာလို့လဲ”
“ငါ ပေါက်တတ်ကရလုပ်ပြီး နယ်စားအိမ်တော်မျက်နှာကို အိုးမည်းသုတ်မှာ စိုးလို့လေ၊ ငါ့အစ်ကိုနှစ်က အဲ့လိုပဲ.. အလေးအနက်ဖြစ်လွန်းတယ်၊ နောက်ပိုင်း သူ့မိန်းမကတော့ တကယ့်ကို သနားဖို့ကောင်းမှာပဲ”
ကျုယန့်ထင်က ဒါကိုကြားတော့ ရယ်လိုက်ရင်း “မသေချာပါဘူး”
“ဘာလို့ မသေချာရမှာလဲ” ရှောင်ရုန်က ပြောပြီး ကျုယန့်ထင်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည် “ကြည့်ရတာ မင်းက ငါ့အစ်ကိုနှစ်ကို အရမ်းစိတ်ဝင်စားနေသလိုပဲ”
“အင်း” ကျုယန့်ထင်က အေးအေးဆေးဆေး ပြော၏ “ရှောင်းလူကြီးမင်းက အရမ်းကောင်းတဲ့လူ၊ ဣန္ဒြေသမ္မာပတ်ရှိတဲ့ လူကြီးလူကောင်း၊ လက်တွဲဖော်ကောင်းတစ်ယောက်ပဲ၊ ငါ့မှာသာ နှမတစ်ယောက်ရှိရင် သေချာပေါက်သူနဲ့အောင်သွယ်ပေးတယ်”
“ဒါဆိုလည်း မေ့သာမေ့လိုက်” ရှောင်းရုန်က ခေါင်းကိုယမ်းလိုက်ပြီး “မင်းသားဟွိုင်အိမ်တော်က အရမ်းမြင့်လွန်းတယ်၊ ငါ့ဦးလေးနဲ့အဒေါ်က အမြင့်လုံးဝမမှန်းချင်ကြဘူး၊ အစ်ကိုနှစ်ကလည်း သဘောတူမှာမဟုတ်ဘူး၊ မင်းသမီးလေးက ငါတို့အိမ်တော်မှာ ဒုက္ခခံနေရမှာစိုးပါတယ်ကွာ”
ကျုယန့်ထင်က ဤသည်ကို အလေးအနက်မယူပေ။ ယနေ့ခေတ်တွင် လောကကြီးမှာ ချန်နယ်စားအိမ်တော်က သာလွန်သလား၊ မင်းသားဟွိုင်အိမ်တော်က သာလွန်သလား ပြောဖို့ခက်ပေသည်။
အပေါ်ယံအသွင်အပြင်များနှင့် မင်းသားတစ်ပါး၏အိမ်တော်ထက် အင်အားအများအပြားကို ချုပ်ကိုင်ထားသော တိုင်းပြည်စစ်သူကြီးတစ်ယောက်၏အိမ်တော်ကား ပိုလို့ကောင်းမွန်ပါ၏။ မျက်စိပါသူတိုင်း မြင်နိုင်ပေသည်။
ပြောရလျှင် ချန်နယ်စားအိမ်တော်က မင်းမျိုးနွယ်တွေနှင့် နောက်ထပ်မပတ်သက်လိုတော့ပဲ သူတို့ကိုယ်သူတို့ အမျှော်အမြင်ရှိရှိ ကာကွယ်လိုခြင်းသာဖြစ်သည်။ ရှောင်းမိသားစုက မည်မျှပင် သစ္စာရှိသည်ဆိုစေဦးတော့ ထိုသူတွေက ဧကရာဇ်မျက်စိထဲတွင် မင်းသားတွေဖြစ်ဆဲပင်။ အကြောင်းရင်းမှာ လွန်ခဲ့သည့်ရှစ်နှစ်ခန့်က ချန်နယ်စားမင်းရှောင်းရန့်လီ၏နှမငယ်က ဧကရာဇ်မင်း၏ညီတော် ထိုစဉ်ကမင်းသားဟွေ့ ကျုကျိုယွမ်နှင့် လက်ဆက်ခဲ့ခြင်းကြောင့် ဖြစ်၏။ သို့ရာတွင် ကောင်းမွန်စွာအဆုံးမသတ်ခဲ့ဘဲ နှစ်နှစ်အတွင်းမှာ မီးဖွားရခက်ပြီး အသက်နှစ်ချောင်းသေဆုံးသွားခဲ့သည်။
ပိုဆိုးသည်က ဒဏ္ဍာရီသဖွယ်ဖြစ်နေသာ ရှောင်းမိသားစု၏ နိုင်ငံ့ဘဏ္ဍာပိုင်ဆိုင်မှု အကြောင်းပင်။ ဧကရာဇ်မင်း၏ ရင်ဘတ်ထဲကဆူးမှာ ဆွဲမထုတ်ချင်သောကြောင့် မဟုတ်ခဲ့ပါ။ ရှောင်းရန့်လီနှင့်သူ့သားအား အနောက်မြောက်ဘက်နယ်စပ်မှ ခွာထုတ်ပစ်၍မရလို့သာ ဖြစ်၏။ ထို့ကြောင့် သူက သည်းခံထားရုံမျှပင်။ တိုက်ပွဲတစ်ပွဲရှုံးလျှင်တောင် ခေါင်းမီးတောက်နေရသောကြောင့်ပင်။
ရှောင်းရုန်က ကျုယန့်ထင်၏ တောင်တောင်အီအီအတွေးများကို သတိမပြုမိ၊ ပါးစပ်က ပြောချင်ရာတွေ ဆက်ပြောနေ၏
“ပြီးတော့ အစ်ကိုနှစ်က တခြားတစ်ယောက်တွေ့ဖို့ အဒေ့ါ်ကို ကတိပေးလိုက်ပြီ၊ အဒေါ်က တစ်ယောက်ယောက်ကို မျက်စိကျနေပုံရတယ်၊ အစ်ကိုနှစ်ကလည်း ခေါင်းညိတ်တယ်၊ သိပ်မကြာခင် နေ့ကောင်းရက်သာရွေးပြီး အောင်သွယ်ဖိတ်ကြတော့မယ်”
ကျုယန့်ထင်က ဖြတ်မေးလိုက်သည် “ဘယ်သူ့ကို မျက်စိကျသွားတာလဲ”
“အသေးစိတ်တော့မသိဘူး၊ ငါ့ဦးလေးလုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ရဲ့သမီး ဖြစ်ပုံရတယ်”
နောက်ပိုင်း၌ ကျုယန့်ထင်သည် တစ်ချိန်လုံး စိတ်လွတ်နေခဲ့သည်။ သတို့သမီးရောက်လာပြီး မိုးနှင့်မြေကို ကန်တော့ကြသည့်အခမ်းအနားကိုပင် သွားမကြည့်ခဲ့၊ တစ်ချိန်လုံး သောက်နေခဲ့သည်။
ရှောင်းရုန်ကလည်း သူ့အောက်မလျော့ပေ။ ဘယ်သူမှကြည့်မနေသည့်အခါ လွတ်ပါလွတ်သွားသည်။ သတို့သားကို အမူးတိုက်ဖို့ သူကိုယ်တိုင်က အရင်မူးလေသည်။
မင်္ဂလာပွဲ ပြီးဆုံးသည့်အခါ မိုးချုပ်ပြီဖြစ်သည်။
ရှောင်းလန့်က မြင်းလှည်းပေါ်မှဆင်းလာပြီး ကျောက်အိမ်တော်ထဲမှတွဲထုတ်လာရသော ရှောင်းရုန်ကို မျက်မှောင်ကျုံ့ကာကြည့်လိုက်သည်။ သူက အစေခံကို အသံနက်နက်ဖြင့် အမိန့်ပေးလိုက်သည် “သူ့ကိုလှည်းပေါ်တင်ပြီး အခါးရည်ပူပူလေးတိုက်လိုက်”
နောက်နားက ရယ်သံတစ်ခုထွက်လာပြီး သူလှည့်ကြည့်လိုက်တဲ့အခါ ကျုယန့်ထင်က လက်တွေကို အင်္ကျီလက်ထဲထည့်ထားပြီး သူ့ကိုပြုံးကြည့်နေသည်။
ကျုယန့်ထင်၏ပါးပြင်တွေက နီရဲနေပြီး မျက်လုံးတွေက ငွေ့ရည်လဲ့နေသည်။ သူက ရှောင်းလန့်ကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် တည့်တည့်စိုက်ကြည့်နေသည်။
ရှောင်းလန့်က ရုတ်တရက်ထိတ်လန့်သွားသည်။ သူက နှလုံးသားထဲမှ ဝေခွဲမရခြင်းတွေကို ထိန်းချုပ်လိုက်ရပြီး တစ်ဖက်လူကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ ပြီးမှ ပြန်လှည့်ကာ မြင်းလှည်းပေါ်တက်မည်ပြင်၏။
ကျုယန့်ထင်က သူ့ကို တိုးညှင်းစွာလှမ်းခေါ်လာသည် “ဝမ်းကွဲအစ်ကို”
ရှောင်းလန့်က ခြေလှမ်းတွေကို ရပ်လိုက်သည်။ ကျုယန့်ထင်က ရှေ့တက်လာပြီး သူ့ရှေ့တွင်လာရပ်သည်။ သူ့မျက်တောင်တွေက အနည်းငယ်တုန်ရီနေသည်။ သူက ခေါင်းငုံ့ထားပြီး အသံတိုးတိုးလေးဖြင့် ပြောသည် “ခင်ဗျား ဘာလို့ ကျွန်တော့်ကိုအရေးမလုပ်တာလဲ”
တစ်ခဏလောက်တော့ တိတ်ဆိတ်သွားပါ၏။ “မဟုတ်ပါဘူး”
“ဒါပေမယ့် အခုလေးတင် ကျွန်တော်လှမ်းခေါ်တော့ လှည့်မကြည့်ဘဲ ထွက်သွားတော့မလို့လေ.. ရှောင်းရုန်ကိုကျ အထူးတလည်လာခေါ်ပြီး ဘာဖြစ်လို့ ကျွန်တော့်ကိုကျတော့ စကားမပြောရတာလဲ”
“… တောင်းပန်ပါတယ်”
“တောင်းပန်စရာမလိုဘူး၊ ခင်ဗျားဆီက ဒီလိုပြောတာတွေ မကြားချင်ဘူး” ကျုယန့်ထင်က မူးနေပုံရပြီး သူ့အမူအရာတွေက မသဲကွဲပေ။ သူ့အသံက ခါတိုင်းထက် အနည်းငယ်ချွဲပစ်နေ၏ “ခင်ဗျား နောက်တစ်ခါစေ့စပ်ကြောင်းလမ်းတော့မယ်လို့ ကြားတယ် ဟုတ်လား”
ရှောင်းလန့်၏မျက်လုံးများ မှေးမှိန်သွားပြီး လည်စလုတ်က လှုပ်ခတ်သွားသည်။ အတော်လေးကြာမှ သူက ပြောလိုက်သည် “မိဘတွေရဲ့ အမိန့်ပါ”
ကျုယန့်ထင်က သူ့ကိုကြည့်ဖို့ ခေါင်းကိုမော့လာသည်။ သူ့မျက်ဝန်းတွေက ထွက်ကျလုဆဲဆဲ အရည်တွေဖြင့် ဝင်းလက်နေသည်။ သူက အားတင်းကာပြုံးပြရင်း “ကျွန်တော်.. နောက်ကျရင် ခင်ဗျားနဲ့ ထပ်လည်လို့ မရတော့ဘူးပေါ့”
ရှောင်းလန့် ခဏလောက်ဆွံ့အသွားခဲ့သည်။ ကျုယန့်ထင်၏ မျှော်လင့်ချက်မဲ့မျက်ဝန်းတွေကို မြင်ရချိန်မှာ သူဘာတစ်ခွန်းမှ မပြောနိုင်ခဲ့ပေ။
ကျုယန့်ထင်က ထိုနေ့က ရှောင်းလန့်ပေးခဲ့သောလက်ကိုင်ပုဝါကို ထုတ်လာပြီး လှမ်းပေးလိုက်သည် “ခင်ဗျားက ကျွန်တော့်ဟာကို ပြန်ပေးတော့ ကျွန်တော်လည်း ခင်ဗျားဟာကို ပြန်ပေးမယ်၊ လျှော်ပြီးသား သိမ်းထားလိုက်”
လက်ကိုင်ပုဝါက လေထဲတွင် ခေတ္တတန့်နေခဲ့သေးသည်။ ရှောင်းလန့်က လှမ်းယူလိုက်ပြီး အသံတိုးတိုးဖြင့် “လက်ကိုင်ပုဝါတစ်ထည်ပါပဲ၊ ပြန်ပေးစရာမလိုပါဘူး”
“ဒါဆို ခင်ဗျား ကျွန်တော့ကိုပေးခဲ့တုန်းကလည်း ဒီအတိုင်းဘာဖြစ်ဖြစ်ပေးလိုက်တာပေါ့” ကျုယန့်ထင်က သူ့ကို ပြောင်တင်းတင်းစိုက်ကြည့်နေ၏ “… ကျွန်တော်ကဖြင့် စိတ်ထဲထည့်ထားတာကို..”
ရှောင်းလန့်က ဘာမှထပ်မပြောခဲ့။ ကျုယန့်ထင်၏လက်မောင်းကို အသာပုတ်ပေးလိုက်ရင်း “မင်းမူးနေပြီး.. အိမ်အမြန်ပြန်တော့”
ချန်နယ်စားအိမ်တော်၏မြင်းလှည်းမှာ တဖြည်းဖြည်းအဝေးရောက်သွားခဲ့သည်။ ကျုယန့်ထင်က နေရာမှာ ရပ်နေတုန်းပင်။ မျက်ဝန်းတွေကိုအသာပိတ်ထားပြီး နောက်တစ်ခါ ပြန်ဖွင့်လိုက်သည့်အခါတွင်တော့ သူ့မျက်လုံးတွေက ကြည်လင်ပြတ်သားသွားသည်။ မူးမနေခဲ့တော့ပေ။
အားချင်းက မရဲတရဲ သူ့ကိုလှမ်းခေါ်သည် “သခင်လေး…”
ကျုယန့်ထင်က မျက်ဝန်းတွေကိုထိန်းချုပ်လိုက်ပြီး အေးစက်စွာ လှည့်ထွက်သွားခဲ့သည် “သွားကြစို့”
.........