(8)
Viewers 2k

(8) 

နာရီဝက်ခန့်မျှ ကြာပြီးတဲ့အခါ တိမ်တွေပပျောက်သွားပြီး မိုးနှင့်မြူတွေကင်းစင်သွားသည်။

ဆည်းဆာနေရောင်ကတောက်ပလာပြီး ကောင်းကင်ကပုစွန်ဆီရောင်ဝင်းလဲ့နေ၏။ မိုးရွာပြီးနောက် ကြည်လင်လာသည်။ ကျုယန့်ထင်က အရှေ့ကိုမျှော်ကြည့်ပြီး ရှောင်းလန့်ကို လောဆော်လိုက်သည် ဝမ်းကွဲအစ်ကို.. အရမ်းနောက်ကျနေပြီ၊ ကျွန်တော်တို့ ပြန်ကြစို့

ရှောင်းလန့်က မျက်တောင်များ အနည်းငယ်တုန်ခါသွားပြီး လေးပင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည် အင်း

ချန်နယ်စားကတော်ကြီး ဝေ့သခင်မကြီးက အမွှေးတိုင်ပူဇော်ပြီး အပြင်ထွက်လာပြီးနောက် ရှောင်းလန့်ကို နေရာအနှံ့မှာ လူလွှတ်ရှာဖွေခိုင်းသည်။ ရှောင်းလန့်နှင့်ကျုယန့်ထင် အတူပြန်လာသည်ကိုမြင်တော့ သူမက အနည်းငယ်အံ့သြသွားသည်။ 

ကျုယန့်ထင်က သူမကို ရိုရိုကျိုးကျိုးနှုတ်ဆက်ပြီး ဝေ့သခင်မကြီးကလည်း ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်သည်။ ပြီးနောက် အချင်းချင်း လမ်းခွဲစကားပြောကာ ထွက်လာကြသည်။

ခပ်ဝေးဝေးရောက်မှ ဝေ့သခင်မကြီးက ရှောင်းလန့်နားအသာကပ်ပြီး မင်းသားဟွိုင်အိမ်တော်က ကောင်လေးနဲ့ ဘယ်လိုသိတာလဲ

နှစ်ခါသုံးခါ ကြုံဖူးတာပါ ရှောင်းလန့်က ခပ်မဆိတ်ရှင်းပြသည်။

ဝေ့သခင်မကြီးက သားဖြစ်သူကို ထပ်ခါထပ်ခါကြည့်၏။ သူမစိတ်ထဲ တစ်ခုခုတွေးနေသလိုပင်။ သို့သော် ရှောင်းလန့် ထပ်မပြောတော့တာကိုတွေ့တော့ သူမက ထပ်မမေးတော့ပေ။ 

မိခင်ဖြစ်သူအား အဖော်ပြုထမင်းစားပေးပြီးတဲ့နောက် ရှောင်းလန့်က သူတစ်ယောက်တည်းနေသည့် အခန်းလေးကို ပြန်သွားခဲ့သည်။ 

အခန်းက ဘုရားကျောင်း၏ အနောက်မြောက်ဘက်ထောင့်တွင်ရှိပြီး ခြံဝင်းတစ်ခုပါ တွဲလျက်ပါသည်။ ဤနေရာသို့ ဆီမီးနံ့သာလာပူဇော်ကြသည့် ဂုဏ်သရေရှိဧည့်သည်များအတွက်သာ သီးသန့်နေထိုင်ရန်ဖြစ်ကာ အမျိုးသမီးဧည့်သည်များအတွက်က တခြားတစ်နေရာတွင်ရှိသည်။

အခန်းအတွင်းပိုင်းက ပြင်ဆင်ပုံရိုးရှင်းသော်လည်း နေရာတိုင်းမှာ ဇင်ဗုဒ္ဓဘာသာအငွေ့အသက် ပြည့်နှက်နေသည်။ ပြတင်းပေါက်အပြင်ဘက်၌ တရုတ်ဇီးသီးပင်ကိုစိုက်ထားသောကြောင့်လည်း စိမ်းလန်ပြီးစိုပြေပြီး အေးမြ၏။

ကောင်းကင်ပေါ် လထွက်လာတဲ့အချိန်မှာတော့ ရှောင်းလန့်က တစ်ယောက်ယောက်ကို မီးအိမ်ထွန်းခိုင်းလိုက်သည်။ 

ပြတင်းပေါက်ဘေးက ထိုင်ခုံပေါ်မှာမှီပြီး ကျမ်းစာအုပ်ကိုဖတ်နေချိန်မှာ သူ့စိတ်က တခဏလွင့်မျောသွားပြီး ထိုလူ၏ရယ်ရယ်မောမောပုံစံကို အမှတ်မထင် ပြန်လည်မြင်ယောင်မိသွားသည်။ ထိုသူက စကားတွေပြောရင်းရယ်မောနေတဲ့အခါ မျက်ဝန်းတွေက ကြည်လင်ပြုံးရွှင်နေသည်။ ပုံရိပ်တွေက ရှောင်းလန့်မျက်စိထဲ တဝဲလည်လည်ဖြစ်နေခဲ့ပြီး ဖျောက်ဖျက်လို့မရနိုင်ပင်။

ဖယောင်းတိုင်မီးက ဖျစ်ခနဲမြည်သွားတော့ သူက အသိပြန်ဝင်လာသည်။ သူက သူ့မျက်လုံးတွေကို အသာမှိတ်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေချိန်တွင် ပြတင်းပေါက်အပြင်ဘက်၌ မီးရောင်အစက်အစက်လေးတွေ ပေါ်လာသည်။ 

ရှောင်းလန့်က ပြတင်းပေါက်တစ်ခြမ်းကို တွန်းဖွင့်လိုက်သည့်ခဏ၌ ကြက်သေသေ၍သွားသည်။

ထိုအရာများက မီးရောင်တွေမဟုတ်ဘဲ ဘယ်ကရောက်လာမှန်းမသိသည့် ပိုးစုန်းကြူးတွေဖြစ်သည်။ ပိုးစုန်းကြူးတွေက ပြတင်းပေါက်အပြင်ဘက် လရောင်အောက်မှာ ပျံဝဲနေကြပြီး ကြယ်တွေလို မှိတ်တုတ်မှိတ်တုတ်တောက်ပနေသည်။

ကျုယန့်ထင်က အပြင်ဘက် တရုတ်ဆီးသီးပင်အောက်မှာ ရပ်နေပြီး လက်ထဲ ဝါးဆစ်ဗူးတစ်ဗူးကို ကိုင်ထားရင်း သူ့ကိုပြုံးပြီး ကြည့်နေသည်။

လနံဘေးတွင် ကြယ်တွေရှိ၏။ လရောင်အောက်တွင် လူလည်းရှိ၏။ 

ရှောင်းလန့်က အံ့အားသင့်သွားပြီး ကျုယန့်ထင်အား မယုံနိုင်သောမျက်လုံးတွေဖြင့် စိုက်ကြည့်နေသည်မှာ တစ်ဖက်လူက ရယ်မောပြီး ပြောလာသည့်တိုင်ပင် 

ဝမ်းကွဲအစ်ကို.. ကျွန်တော် ဒီပိုးစုန်းကြူးတွေကို ခင်ဗျားအတွက်ဖမ်းလာတာ၊ ကြည့်လို့ကောင်းလား

သူက ရှောင်းလန့်ပြန်ပြောသည်ကို မစောင့်ဘဲ ပြတင်းပေါက်ဘေးသို့လျှောက်လာကာ တိုးတိုးလေးကပ်ပြောလိုက်ပြန်သည် စကားပြောရအောင် အထဲဝင်ခွင့်ပြုပါဦး

ရှောင်းလန့်က တုန့်ပြန်မှုပင် မလုပ်နိုင်တော့။ သူက တခဏလောက် ဘာပြန်ပြောရမည်ကိုပင် လုံးလုံးမေ့သွားသည်။ 

ကျုယန့်ထင်က ဒါကို သဘောတူသည်ဟုမှတ်လိုက်ပုံရသည်။ သူက ပြတင်းပေါက်ဘောင်တွင် လက်ကိုထောက်လိုက်ကာ အပေါက်ကိုလှန်ဖွင့်လိုက်ပြီး အထဲသို့ဝင်လာသည်။

သည်အခါ ရှောင်းလန့်က အလိုလျောက်လက်တွေကမ်းပေးပြီးသား ဖြစ်သွားပါ၏။ ကျုယန့်ထင်ကို ထိန်းကိုင်ပေးရင်း အောက်သို့ ကောင်းကောင်းမွန်မွန်ချပေးလိုက်သည်။ 

ပြတင်းပေါက်ဘောင်ပေါ်ကနေ ကျုယန့်ထင်ခုန်ချလာသည့်အခါ သူ့ရင်ခွင်ထဲသို့ ထွေးခနဲပြုတ်ကျလာသည်။ ကျုယန့်ထင်က သူ့ကိုမော့ကြည့်ပြီး ပြုံးပြသည် ကျေးဇူးပဲ

ရှောင်းလန့်က လူကိုလွှတ်ကာ အကြည့်လွှဲလိုက်ပြီး မလိုပါဘူး

အစေခံတစ်ယောက်ကို လက်ဖက်ရည် မုန့်နှင့် စစ်တုရင်ခုံကို သွားယူခိုင်းပြီးတဲ့နောက်မှာတော့ နှစ်ယောက်သားက ခုံတန်းရှည်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး စစ်တုရင်ထိုးကြသည်။ ကျုယန့်ထင်က ကျားစေ့များကို လက်ထဲကိုင်ရုံကိုင်ထားပြီး သူ့စိတ်က စစ်တုရင်ခုံပေါ်တွင် မရှိ။ 

ရှောင်းလန့်က ခေါင်းငုံ့ပြီး လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ခဏကြာမှ သူက မင်းကို ပြန်သွားပြီလို့ ထင်လိုက်တာ

ခင်ဗျားလည်း မပြန်ဘူးလေ ကျုယန့်ထင်က ပြုံးရင်း ခေါင်းကိုယမ်းလိုက်သည် အနောက်ဘက်တောင်ခြေမှာ မင်းသားဟွိုင်အိမ်တော်ကပိုင်တဲ့ ခြံဝင်းတစ်ခုရှိတယ်၊ ကျွန်တော် ဒီည အဲ့မှာ အနားယူမှာ

“.... ဘာလို့ ဒီအချိန်မှ ဘုရားကျောင်းကို ထပ်လာရတာလဲ

အိပ်မပျော်လို့ ကျုယန့်ထင်က ပျင်းတိပျင်းတွဲကိုင်းလိုက်ပြီး လက်တစ်ဖက်နှင့် ခေါင်းကိုထောက်ကာ ရှောင်းလန့်ကိုကြည့်လိုက်သည်။ ထို့နောက် ပြုံးပြုံးလေးဖြင့် ကျွန်တော်က အိပ်မပျော်ရင် အပြင်ထွက်ပြီးလမ်းလျှောက်တယ်၊ တောင်အနောက်မှာ ပိုးစုန်းကြူးတွေ ပျံနေတာတွေ့တော့ နည်းနည်းပါးပါးဖမ်းလာလိုက်တာ၊ ခင်ဗျား မအိပ်သေးဘူးထင်လို့ ပြရအောင်ယူလာတာ

ရှောင်းရုန်က တွေးဆဆလုပ်လိုက်ပြီးမှ မင်းကိုယ်တိုင် ဖမ်းလာတာလား

မဟုတ်ရင်.. ဘယ်သူဖမ်းတယ်ထင်လို့လဲ၊ ကျွန်တော့်ဘေးမှာခစားတဲ့ အားချင်းလား.. သူက လက်မမြဲဘူး၊ အားကိုးဖို့ကတော့.. မေ့သာထားလိုက်၊ တခြားသူတွေလည်း မခေါ်လာဘူး၊ ပြီးတော့.. ပျော်ဖို့လုပ်ပါတယ်ဆိုမှ ကိုယ့်ဖာသာကိုယ်လုပ်ရမှာလေ၊ မဟုတ်ရင် ဘာထူးမှာမို့လဲ

ကျုယန့်ထင် တစ်ဖက်ကပြောရင်း တစ်ဖက်ကရယ်နေခဲ့သည်။ ဖယောင်းတိုင်မီးအောက်တွင် တောက်ပနေသည့်သူ့မျက်လုံးတွေက အသွေးအရောင်စုံလို့နေသည်။

မင်းက.. ပိုးစုန်းကြူးဖမ်းတယ်လား

မဖမ်းရဘူးလား ကျုယန့်ထင်က ဆက်ပြောသည် ဝမ်းကွဲအစ်ကိုက ကျွန်တော့်အဆင့်အတန်းနဲ့ ညသန်းခေါင်ကြီးမအိပ်ဘဲ တောင်ပေါ်မှာပိုးစုန်းကြူးတွေဖမ်းတာ မသင့်တော်ဘူးလို့ထင်တာလား

မဟုတ်ပါဘူး ရှောင်းလန့်က အိုးတိုးအန်းတန်းဖြင့် ဖြေရှင်းလိုက်သည် ကိုယ်က မထင်လိုက်လို့ပါ

ဒါဆို .. သဘောကျလား

ရှောင်းလန့် ထိတ်လန့်သွားရ၏ ဟင်..

ကျုယန့်ထင်၏မျက်လုံးများထဲမှ အပြုံးက ပိုပီပြင်လာခဲ့ရင်း ပိုးစုန်းကြူးတွေကိုပြောတာပါ သဘောကျရဲ့လား

ရှောင်းလန့်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။ သူက ပြန်မဖြေခဲ့ပေ။ 

သို့သော် ကျုယန့်ထင်က ဆက်ပြောလာ၏ 

ကျွန်တော်က အတော်လေးသဘောကျတာ.. ငယ်ငယ်တုန်းကဆို ဆော့စရာဘာမှမရှိဘူး၊ အိမ်ကမေမေလေးက ကျွန်တော့်ကို ခြံဝင်းထဲကထွက်ခွင့်မပေးဘူး၊ နွေရာသီညတွေဆို ခြံဝင်းထဲမှာ ပိုးစုန်းကြူးတွေ လျှောက်ပျံနေတတ်တယ်၊ ကျွန်တော်က ဖမ်းပြီး အိမ်ထဲမှာသိမ်းထားချင်တာ.. ဒါပေမယ့် သူတို့ကိုရှင်အောင်မွေးရတာ အရမ်းခက်တယ်.. ရက်နည်းနည်းလောက်ဆို မရှိတော့ဘူး

ကျုယန့်ထင်က သက်ပြင်းချရင်း လွမ်းဆွတ်ရင်း တတွတ်တွတ်ရွတ်ပြန်သည် ခင်ဗျားမှတ်မိမှာမဟုတ်ပါဘူး.. ငယ်ငယ်က ခင်ဗျား ကျွန်တော့်ကို ပိုးစုန်းကြူးတစ်ကောင် ဖမ်းပေးခဲ့ဖူးတယ်

ရှောင်းလန့်က အံ့သြသွားသည်။

ကျုယန့်ထင်က သူ့အမူအရာကိုမြင်တဲ့အခါ သူတကယ်မမှတ်မိမှန်း သိသွားသည်။ 

သူက နောင်တနည်းနည်းရသွား၏ အဲ့ဒိတုန်းက ကျွန်တော်က ငါးနှစ်ခြောက်နှစ်လောက်လားပဲ.. ကျွန်တော့်အမေ အသက်ရှင်နေသေးတယ်.. နွေရာသီတစ်ခုမှာ မယ်တော်ကြီးက နန်းတော်ထဲ မွေးနေ့ပွဲကျင်းပတယ်.. ကျွန်တော်က အမေနဲ့လိုက်လာတယ်.. ခင်ဗျားကလည်း နယ်စားကြီးနဲ့နယ်စားကတော်နဲ့ အတူလာတယ်.. ကျွန်တော်တို့ရွယ်တူကလေးတွေက အတူဆော့ကြတာ.. ခင်ဗျားက ပိုးစုန်းကြူးတစ်ကောင်ဖမ်းမိပြီး ကျွန်တော်ကြိုက်တာသိတော့ ကျွန်တော့်ကိုပေးလိုက်တယ်

ငယ်ရွယ်သောကောင်လေးတွင် ခံစားချက်မဲ့မျက်နှာထားတစ်ခုရှိ၏။ သို့သော် သူက ပိုးစုန်းကြူးများပေးမည်ဟု အလေးအနက်ပြောလာခဲ့သည်။ နှစ်များစွာကြာပြီးနောက် ပြန်ပြောင်းအောက်မေ့လာသောအခါတွင် ကျုယန့်ထင်၏အပြုံးများက ပို၍နူးညံ့လာလေသည်။ 

ရှောင်းလန့်မှာ တခဏလောက် အတွေးထဲနစ်မြောနေခဲ့၏။ သူ့မှာ ဒီမှတ်ဉာဏ်တွေ လုံးလုံးရှိမနေ၊ အစောကြီးကတည်းက မေ့သွားခဲ့ပြီဖြစ်သည်။ ယခု ကျုယန့်ထင်ပြောတာ ကြားတဲ့အခါ သူ့နှလုံးသားက လှုပ်ရှားသွားပြီး ပိုလို့တောင် နောင်တရသွားခဲ့သည်။

နောက်ပိုင်းကျတော့.. ခင်ဗျားကို နန်းတွင်းပွဲတွေမှာ ဘယ်တော့မှမတွေ့တော့ဘူး

ဟူး ကျုယန့်ထင်သည် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ သူ့မျက်နှာပေါ်မှာ ဝမ်းနည်းမှုက တခဏရှိနေခဲ့ပြီးမှ ခပ်လှောင်လှောင် ပြုံးလိုက်ပြန်ပြီး 

ကျွန်တော့်အမေက အဲ့ဒိနှစ်ဆောင်းရာသီမှာ ကွယ်လွန်သွားတယ်၊ နောက်တော့ အိမ်ကို သခင်မအသစ်ရောက်လာတယ်၊ နန်းတွင်းဧည့်ခံပွဲလို ပွဲတွေမျိုးကို ဘယ်တော့မှသွားခွင့်မရတော့ဘူး

“… ကိုယ် စိတ်မကောင်းပါဘူး

ကျုယန့်ထင်က စိတ်ထဲမထည့် ကိစ္စမရှိဘူး.. အရင်အစဖော်က ကျွန်တော်လေ

မီးရောင်က အရိပ်များအပြည့်နှင့်ပင်။ ဖယောင်တိုင်မီးများကသာ တဖျတ်ဖျတ်ခတ်နေခဲ့ပြီး တိတ်ဆိတ်မှုက ခဏတာလွှမ်းခြုံသွားခဲ့သည်။ 

ရှောင်းလန့်က ကျုယန့်ထင်ကိုကြည့်လိုက်ပြီး မင်းလိုချင်သေးလား

ကျုယန့်ထင်က အံ့အားသင့်သွားပြီး ဟင်...

ပိုးစုန်းကြူး

ကျုယန့်ထင်၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားခဲ့ချိန်မှာ ရှောင်းလန့်က မတ်တပ်ထရပ်ပြီးနေခဲ့ချေပြီ။ 

သွားရအောင် အခုက စောသေးတယ်၊ အပြင်ထွက် လမ်းလျှောက်ရအောင်

နှစ်ဦးသား အခန်းထဲမှထွက်ကာ ဦးတည်ချက်မရှိ လမ်းလျှောက်လာခဲ့ကြသည်။ ပြီးမှ အနောက်ဘက်တောင်ဆီသို့ ချိုးကွေ့လိုက်ကြ၏။ ညဉ့်လယ်ယံတွင် ပုစဉ်းရင်ကွဲအသံများ ရပ်တန့်နေပြီး အရာအားလုံး တိတ်ဆိတ်နေသည်။

ဟိုတစ်စု ဒီတစ်ခု ခြုံပုတ်များကို တွန်းဖယ်လိုက်တဲ့အခါ ပိုးစုန်းကြူးတွေပျံထွက်လာသည်။ စမ်းချောင်းဘေးတွင် တောက်ပစွာလင်းထိန်နေ၏။

ကျုယန့်ထင်က မသိလိုက်ဖာသာ အသက်ရှူအောင့်ထားမိပြီး ခဏအကြာမှာ ရယ်မောလိုက်ရင်း ရှောင်းလန့်ကို မေးလိုက်သည် ဝမ်းကွဲအစ်ကို.. ဒီလိုနေရာမျိုးရှိတာ ခင်ဗျားဘယ်လိုသိလဲ

ရှောင်းလန့်က ခပ်တိုးတိုးရှင်းပြ၏ ပိုးစုန်းကြူးတွေက အပူ အမှောင်နဲ့ ရေကြိုက်တယ်၊ တောင်ပေါ်နွေညတွေဆို ပေါင်းပင်တွေက စမ်းချောင်းနဲ့မြစ်တွေတစ်လျှောက်မှာ အတွေ့အများဆုံးပဲ

သူက ထိုသို့ပြောလိုက်ပြီးမှာ ရှေ့ကိုလျှောက်လာသည်။ ထိုပိုးစုန်းကြူးတွေက လူတွေကို မရှောင်ဖယ်သွားပေ။ သူက လက်ကိုမြှောက်ကာ တစ်ကောင်ဖမ်းလိုက်ပြီး လက်ခုပ်ထဲတွင် ထည့်ထားလိုက်သည်။ ကျုယန့်ထင်က ကြည့်လာပြီး ထပ်ခါထပ်ခါ သက်ပြင်းချရင်း ဒီတစ်ကောင်က ကျွန်တော်ခုဏကဖမ်းတာတွေထက် အများကြီးပိုကြီးတယ်

မင်းကိုပေးမယ် ရှောင်းလန့်က မေးဆတ်ပြရင်း အမူအရာပြလိုက်သည်။

ကျုယန့်ထင်က လှမ်းယူလိုက်၏။ ပိုးစုန်းကြူးက ရှောင်းလန့်လက်ဖဝါးမှ သူ့လက်ထဲဝင်လာသည်။ သူက အသေအချာကိုင်ထားရင်း နှုတ်ခမ်းထက်အပြုံးလေးနှင့် ရှောင်းလန့်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက တောက်ပနေ၏ အရမ်းကြည့်ကောင်းတယ်

သူက ကျေးဇူးတင်ပါတယ်’ ဟုနောက်တစ်ခါ မပြောခဲ့ပေ။ ရှောင်းလန့်က ခေါင်းညိတ်ပြလိုက်ရင်း မင်းသဘောကျရင် ပြီးတာပဲ

ကျုယန့်ထင်က ရှောင်းလန့်ဖမ်းပေးသည့်ပိုးစုန်းကြူးများကို ဝါးဆစ်ဗူးထဲထည့်လိုက်သည်။ တစ်ရက်လောက်ပိုသိမ်းနိုင်ရင်တောင် ကောင်းနေပြီဖြစ်သည်။

ညဉ့်၏ဒုတိယတစ်ဝက်တွင်တော့ နှစ်ဦးသားက စမ်းချောင်းဘေးတွင်ထိုင်ကာ ပိုးစုန်းကြူးများ မမောနိုင်မပန်းနိုင်ပျံသန်းနေကြသည်ကို ကြည့်နေခဲ့ကြသည်။ စမ်းချောင်း၏ ရေစီးသံလေးကို နားထောင်ကာ အိပ်မပျော်သည့်ညတာရှည်ကို ကုန်ဆုံးနေခဲ့ကြ၏။

ကျုယန့်ထင်က တိုးတိုးလေး ပြောလိုက်သည် 

ဒီည အရမ်းပျော်တယ်.. ဘယ်သူမှ ကျွန်တော့်ကို ဒီလိုမျိုး အဖော်မပြုပေးဖူးဘူး၊ ကျွန်တော့်အစ်ကိုတော်က သားအကြီးဆုံးလေ၊ ငယ်ငယ်ကတည်က စည်းကမ်းပေါင်းသောင်းခြောက်ထောင်နဲ့ ကြီးပြင်းလာရတာ.. ပြီးတော့ အိမ်တော်ထဲက အဲ့ဒိလူတွေရဲ့ အကြံအစည်တွေကိုလည်း သတိထားရသေးတယ်၊ သူက ကျွန်တော့်အပေါ်မှာ အရမ်းကောင်းတယ်၊ ဒါပေမယ့် အားလပ်ချိန်မရှိဘူး.. ဒီလို အတူလည်း မကစားပေးနိုင်ဘူး

ရှောင်းလန့်က သူ့ကိုငဲ့ကြည့်လိုက်သည်။ ကျုယန့်ထင်က ပြုံးပြ၏။ သို့ပေမယ့် သူ့မျက်ခုံးတန်းတွေက အနည်းငယ်အထီးကျန်နေပုံပေါ်သည် 

နန်းတွင်းဧည့်ခံပွဲပြီးတော့ ကျွန်တော် ခင်ဗျားကို အမြဲသတိရနေခဲ့တာ၊ ခင်ဗျားကို အိမ်အလည်ဖိတ်ချင်တာ အမေကလည်း သဘောတူတယ်၊ အမေက လူတစ်ယောက်လွှတ်ပြီး နယ်စားအိမ်တော်ကို သွားဖိတ်ခိုင်းတယ်၊ ဒါပေမယ့် ခင်ဗျားက အိမ်တော်မှာမရှိဘူး၊ အဘိုးအိမ်မှာ ခဏလောက်သွားနေတယ် နှစ်ကုန်အထိပြန်လာမှာမဟုတ်ဘူးလို့ ပြောတယ်၊ ကျွန်တော် လနည်းနည်းလောက်စောင့်လိုက်သေးတယ်.. နောက်ကျတော့ အမေက အပြင်းဖျားပြီး ကျွန်တော်လည်း အတူကစားပေမယ့်လူရှာဖို့ စိတ်ကူးမရှိတော့ဘူး

ရှောင်းလန့်က ဘာပြန်ပြောရမလဲမသိ ဖြစ်သွား၏။ ခဏလောက်နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည် မင်းက ငယ်ငယ်တုန်းကအကြောင်းတွေ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေတာလား

အဲ့လိုလည်းမဟုတ်ပါဘူး ကျုယန့်ထင်က ညှိုးငယ်သွားသည် နောက်နှစ်တွေမှာ ကျွန်တော်က  အိမ်ကအမေအသစ် ခြံဝင်းလေးထဲမှာပိတ်ထားတာကို ခံရတယ်၊ ဘယ်ကိုမှ သွားလို့မရဘူး၊ ကျွန်တော်မြင်နိုင်တဲ့ လူနဲ့အရာအားလုံးက အဲ့ဒိခြံဝင်းလေးထဲမှာပဲ၊ အမှတ်ရစရာကိစ္စတွေလည်း ဘာမှမရှိဘူး၊ အဲ့တော့ အတိတ်ကိုပဲ ပြန်ပြန်တွေးနေခဲ့ရတာပေါ့

...... အဲ့ဒါကြောင့်လည်း... ပိုးစုန်းကြူး နည်းနည်းပါးပါးဖမ်းမိတာက မင်းကို ဒီလောက်ပျော်အောင် လုပ်ပေးတာလား

ကျုယန့်ထင်က ခေါင်းကိုစောင်းလိုက်၏။ ရှောင်းလန့်ကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြန်ရင်း ဝမ်းကွဲအစ်ကို..   ကျွန်တော်က အရမ်းသနားစရာကောင်းတယ်လို့ထင်လား

ရှောင်းလန့်က ပြန်မဖြေဘဲ သူ့ကိုသာ စေ့စေ့ငုငုကြည့်နေခဲ့၏။ သို့ပေမယ့် သူ့မျက်ဝန်းထဲတွင် စကားလုံးပေါင်းထောင်သောင်းမက ရှိနေခဲ့သလိုပင်။

ကျုယန့်ထင်က ရယ်လိုက်ပြီး တိုးတိုးလေးပြောသည် ကျွန်တော့်ကို အဲ့သလိုမကြည့်ပါနဲ့၊ အရမ်းရှက်စရာကောင်းလို့... တမင်သက်သက် လူသနားအောင် အတင်းလုပ်ယူနေတာနဲ့တူလို့

ရှောင်းလန့်က အဝေးကိုကြည့်လိုက်ပြီး ရပ်သွားပြီးမှ ပြောလိုက်သည် အားလုံးပြီးသွားပါပြီ.. အနာဂတ်မှာ ကောင်းသွားမှာပါ

ဤကဲ့သို့ ရိုးရိုးရှင်းရှင်းနှစ်သိမ့်စကားက ကျုယန့်ထင်အတွက်တော့ အသုံးဝင်ပါ၏

အင်း.. မှန်တော့မမှန်ဘူး.. အခု မင်းသားဟွိုင်အိမ်တော်က ကျွန်တော့်အစ်ကိုတော်ရဲ့ဟာဖြစ်သွားပြီ၊ ဘယ်သူမှ ကျွန်တော့်ကို အနိုင်ကျင့်လို့မရတော့ဘူး

ရှောင်းလန့်က ပြောလိုက်ချင်ပေမယ့် နောက်ဆုံးတော့ ဘာမှထပ်မပြောခဲ့တော့ပေ။

တောင်ပေါ်ဘုရားကျောင်းမှခေါင်းလောင်းသံက ရုတ်တရက် ထမြည်လာသည်။ ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး တောင်ကြားထဲတွင် ပဲ့တင်ထပ်နေ၏။

ကျုယန့်ထင်က ခဏလောက်ငေးမောနေပြီးမှ သက်ပြင်းချလိုက်သည် အချိန်ရောက်ပြီ

ရှောင်းလန့်က သွားကြစို့.. ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်

ကျုယန့်ထင်က ခေါင်းယမ်းလိုက်ပြီး ရပါတယ်...... ကျွန်တော့်ကိုလိုက်ပို့ပြီးမှ တောင်ပေါ်ပြန်တက်ရမယ်ဆိုရင် မနက်မိုးလင်းသွားမှာပေါ့၊ ကျွန်တော် ကိုယ့်ဖာသာကိုယ်ပြန်လို့ရပါတယ်၊ အဲ့ဒါကြောင့် ခင်ဗျား ဘုရားကျောင်းကိုမြန်မြန်ပြန်ပြီး အနားယူလိုက်တော့

တောင်လမ်းက လမ်းလျှောက်ရတာ မလွယ်ဘူး ရှောင်းလန့်က သတိပေးလာသည်။

သိပါတယ် ကျုယန့်ထင်က ပြုံးလိုက်ပြီး ဒါပေမယ့် ခင်ဗျားက ခေါင်းသုံးလုံးလက်ခြောက်ဖက် လူစွမ်းကောင်းမို့လား၊ တောင်လမ်းက ခင်ဗျားအတွက်လည်း ခက်ခဲမှာပဲ

ရှောင်းလန့်က ငြိမ်သက်စွာရှိနေတုန်းပင်။ ခဏလောက် တိတ်တဆိတ် သူ့ကို ကြည့်နေခဲ့ပြီးမှ အကြံပြုလေ၏ 

တောင်အောက်ဆင်းတဲ့လမ်းက မလွယ်ဘူး၊ ကိုယ်နဲ့ ဘုရားကျောင်းပြန်လိုက်ခဲ့လို့ရတယ်၊ တစ်ညလောက် အိပ်လိုက်၊ မနက်ဖြန်မနက်ကျရင် တစ်ယောက်ယောက်ကို ပြန်လိုက်ပို့ခိုင်းပေးမယ်

ရှောင်းလန့်၏မျက်လုံးများက လိုလိုလားလား စိတ်ရင်းအမှန်ပါပင်။ ကျုယန့်ထင်က မဆိုင်းမတွခေါင်းညိတ်ပြီး တုန့်ပြန်လိုက်ပါ၏ ဒါဆို ခင်ဗျားကိုပဲ နှောင့်ယှက်ရတော့မယ်

..............