(15)
(၈)လပိုင်းတွင် ဧကရာဇ်သည် သူ၏ဆွေတော်မျိုးတော်များနှင့် မှူးမတ်များကိုခေါ်ဆောင်ကာ ဆောင်းဦးရာသီပုံမှန်အနားယူခြင်းအတွက် တုန်းရှန်းမြက်ခင်းပြင်သို့ ရောက်ရှိလာခဲ့သည်။
တုန်းရှန်းမြက်ခင်းပြင်မှာ မြို့တော်ရှန့်ကျင်းမှ အရှေ့ဘက်မိုင်တစ်ရာခန့်တွင် တည်ရှိပြီး ကျယ်ပြန့်သော တောင်တန်းလွင်ပြင်ကြီးတစ်ခုဖြစ်သည်။ ဆောင်းဦးရာသီအမဲလိုက်ခြင်းကို ကျင်ရွေ့မင်းဆက်မှ စတင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အုပ်စုတစ်စုကတော့ အမြဲတစေလာရောက်ဆဲဖြစ်သည်။ ယင်းအလေ့အထက နှစ်ပေါင်းတစ်ရာကျော်လာသည့်တိုင် မရပ်တန့်သွားခဲ့ပေ။
ကောလဟလများအရ ဤကစားနည်းမှာ ထိုစဉ်က ချန်ရွေ့ဧကရီ၏ အနှစ်သက်ဆုံးနည်းတစ်နည်းဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာတဲ့အခါ အစဉ်အလာတစ်ခု ဖြစ်လာခဲ့သည်။ နောက်ပိုင်းဧကရာဇ်များ ၎င်းတို့၏ဘိုးဘေးကိုတုပရန် အမြဲကြိုးပမ်းနေကြသည်မှာ ယခုလက်ရှိဧကရာဇ်မင်းအထိပါပင်။ သူက တိုင်းပြည်ရေးကို စိတ်မပါဝင်စားသော်လည်း အပျော်ရှာရန် စိတ်အားထက်သန်လွန်းလှသည်။
ညနေစောင်းတွင်မူ ဧကရာဇ်မင်းက ၎င်းတို့စခန်းချနေရာကို တောင်ကြားမြစ်ကမ်းစပ်က ရေပေါများသော မြက်ခင်းပြင်မှာ အတည်ပြုလိုက်၏။ ကျုယန့်ထင်က မြင်းလှည်းပေါ်မှဆင်းလာပြီး ဆည်းဆာနေရောင်ထဲ လျှောက်ဝင်သွားသည်။ သူက မြစ်ကမ်းဘေးတွင်ရပ်ပြီး မျက်လုံးတွေကို အသာမှိတ်ထားလိုက်သည်။
နေရောင်က မြက်ခင်းနုနုတွေပေါ် ဖြာကျနေပြီး ကန်ရေပြင်ကငြိမ်သက်နေကာ ကျေးငှက်တွေက ဟိုးအဝေးကတောင်တန်းတွေပေါ်မှာ ပျံသန်းနေသည်။
ရှောင်းလန့်က သူ့နံဘေးနား ရောက်လာသည် “ယန့်ထင်.. ဘာလို့ ဒီမှာတစ်ယောက်တည်း ရပ်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး၊ နေဝင်ချိန်ကို ကြည့်နေတာပါ” ကျုယန့်ထင်က ရှောင်းလန့်ကိုကြည့်ရန် သူ့ခေါင်းကိုလှည့်လိုက်၏ “ခင်ဗျား ဘယ်လိုရောက်လာတာလဲ”
ရှောင်းလန့်က နူးညံ့ညင်သာစွာ ပြန်ကြည့်လိုက်ပြီး “ကိုယ်မင်းကို အဖော်လုပ်ပေးမယ်”
ကျုယန့်ထင်က ပြုံးလိုက်ပြီးနောက်မှာတော့ ဘာမှထပ်မပြောလာခဲ့တော့။
နှစ်ဦးသားက ဘေးချင်းယှဉ်လျက်ရပ်နေကြပြီး ညနေခင်းတိမ်တိုက်တွေ မိုးကောင်းကင်ထဲ ပေါင်းစပ်ဝင်သွားသည်ကို ကြည့်နေခဲ့ကြသည်။ နေဝင်ချိန်က ရွှေရောင်လွှမ်းပြီး ဆည်းဆာက သစ်ပင်တွေပေါ်မှာ ဖြာကျနေခဲ့သည်။ ဆောင်းဦး၏တောင်တန်းတွေပေါ်မှာ မှင်ရောင်တွေစွန်းထင်းနေသကဲ့သို့ အရောင်တွေက ညှို့မှိုင်းနေခဲ့၏။
မိုးချုပ်စပြုချိန်တွင်တော့ ရှောင်းလန့်ဘေးကအစေခံတစ်ယောက်ရောက်လာပြီး ဆက်ခံသူ အရှင်မင်းကြီးဆီကနေ ပြန်ရောက်လာပြီဟု သတင်းလာပို့သည်။ ညစာအတူစားကြဖို့ ပြန်လာခေါ်ခိုင်းခြင်းပင်။
ရှောင်းလန့်က ကျုယန့်ထင်၏လက်ကို အသာဖွဖွကိုင်လိုက်ရင်း
“မိုးချုပ်နေပြီ၊ မင်းလည်း စောစောပြန်လိုက်တော့.. မနက်ဖြန်ကျရင် အစ်ကိုကြီးနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
ကျုယန့်ထင်က ခေါင်းညိတ်ပြလိုက်သည် “အင်း”
အမဲလိုက်ယာယီစခန်းမှာ ဧကရာဇ်တဲကို ဗဟိုပြုထား၍ တခြားတဲများကို ကြယ်နှင့်လများပုံစံ ဖြန့်ကျက်ထားသည်။ အတွင်းအကျဆုံးအဝိုင်းမှာ မျိုးနွယ်စုအသီးသီးမှ ဂုဏ်သရေရှိ ဆွေတော်မျိုးတော်များအတွက်ဖြစ်သည်။
ကျုယန့်ထင်က ကျုဟယ့်မင်ရှိရာ ပြန်ရောက်လာသည်။
ကျုဟယ့်မင်က လေးကိုင်းကို ကိုင်ထားပြီး အသေအချာပွတ်သုတ်နေသည်။ ကျုယန့်ထင်ဝင်လာသည်ကို မြင်သောအခါ သူက တဲထဲကလူတွေကို မောင်းထုတ်ပြီး မေးလိုက်သည် “ချန်နယ်စားဆက်ခံသူနဲ့ တွေ့ခဲ့လား”
“မဟုတ်ဘူး” ကျုယန့်ထင်က ရှင်းပြလိုက်သည် “သူ့ကို ဧကရာဇ်ကဆင့်ခေါ်ထားလို့.. ရှောင်းလန့်က မနက်ဖြန် တွေ့ဖို့ခေါ်သွားပေးမယ်လို့ ပြောတယ်”
ကျုဟယ့်မင်၏မျက်လုံးများက အနည်းငယ်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူက အကြီးအကျယ်သရော်တော့သည်
“ဧကရာဇ်က ရှောင်းမိသားစုကို တကယ်မျက်နှာသာပေးတယ်၊ ချန်နယ်စားဆက်ခံသူက မြို့တော်ပြန်လာတာ ဘယ်လောက်မှမရှိသေးဘူး.. နေ့တိုင်းခေါ်နေတော့တာပဲ၊ ရှောင်းမိသားစုနဲ့ ခင်မင်မှုတွေပျက်ယွင်းမှာစိုးလို့ ထင်ပါရဲ့”
“...... ရှောင်းမိသားစုကိုကြောက်လို့လည်း ဖြစ်မှာပေါ့”
“အဲ့တော့ ဘာဖြစ်လဲ” ကျုဟယ့်မင်က လက်မခံပေ “အဆုံးတော့ သူလည်း ရှောင်းမိသားစုကို မထိရဲဘူးလေ”
ကျုဟယ့်မင်က ပြောပြီးတဲ့အခါ ကျုယန့်ထင်ကိုကြည့်ကာ ပြုံးလိုက်သည် “မင်းလည်းစိတ်ပူမနေနဲ့၊ မင်းနဲ့ ရှောင်းမိသားစုဒုတိယသားက လက်ထပ်ပြီး နေ့ရက်တွေကို ကောင်းကောင်းဖြတ်သန်းသွားရမှာ၊ နောက်ပိုင်း မင်းကလေးက ကျုမျိုးနွယ်မဟုတ်ရင်တောင် အချိန်ရောက်ရင် သူ့ကိုဘွဲ့တစ်ခုပေးလို့ရတယ်”
ရှောင်းမိသားစုတွင် ဘုရင့်ညီတော်နှင့်လက်ထပ်သည့် အဒေါ်တစ်ယောက်ရှိခဲ့၏။ သို့ပေမယ့် သူက သွေးသားရင်းမချန်ခဲ့ဘဲ အစောကြီးသေဆုံးသွားခဲ့သည်။ ဒီအဖြစ်က ဘာနဲ့မှ မတူညီနိုင်ပေ။ မျိုးနွယ်မတူသည့်မင်းသားတစ်ပါး အာမဘန္တေခံပေးရင်တောင် သူတို့ကစိတ်ပြေနိုင်ပါ့မလား မသိချေ။
ကျုယန့်ထင်က အောက်ကိုငုံ့ကြည့်လိုက်ပြီး “အစ်ကိုတော်.. မနက်ဖြန်အတွက် စီစဉ်ပြီးပြီလား”
“အင်း .. မင်းစောင့်ကြည့်”
နောက်တစ်နေ့မနက်စောစော၌ ကောင်းကင်ကြီးက အရောင်ဖျော့ဖျော့ လေတွေကအေးစက်ပြီး ခရာသံတွေမြည်လာသည်။ အမဲလိုက်အလံတွေက တလူလူလွင့်ပြီး မြင်းခွာကြောင့် ဖုန်မှုန့်များက ဝဲပျံနေသည်။
မြို့တော်မြောက်ပိုင်းတပ်ရင်းမှ မြင်းစီးတပ်သားတွေက တောင်ပေါ်မှ တဟုန်ထိုးဆင်းလာပြီး တောကောင်များနှင့်ငှက်များကို အမဲလိုက်ကွင်းသို့ သွတ်သွင်းလိုက်ကြသည်။ ဧကရာဇ်က တောင်ပေါ်ရှိရှုခင်းကြည့်စင်ပေါ်တက်ပြီး ကြည့်နေသည်။ သူ့မျက်နှာက ရှားရှားပါးပါး တက်ကြွနေပြီး သာယာမှုအပေါင်းခညောင်းနေ၏။
ကျုယန့်ထင်မှာ မြင်းဘေးမှာရပ်ပြီး လေးကြိုးကိုအခါခါဆွဲသည်။ သူက မလှမ်းမကမ်းက ယောက်ယက်ခတ်နေကြတာတွေကိုကြည့်ပြီး အတွေးတွေထဲ နစ်မြောနေသည်။
ရှောင်းလန့်က မြင်းကိုဆွဲပြီး သူ့နားရောက်လာသည် “မင်းရဲ့ မြင်းစီး မြှားပစ်စွမ်းရည်က ဘယ်လိုနေလဲ”
ကျုယန့်ထင်က သတိပြန်ဝင်လာပြီး ခေါင်းကိုလှည့်ကာ အပြုံးဖြင့်ပြောလိုက်သည် “ကျွန်တော့်ကိုစိတ်ပူလို့လား”
ရှောင်းလန့်က တိတ်တဆိတ်ကြည့်ရင်း သူ့အဖြေကိုငံ့လင့်နေပါ၏။ ကျုယန့်ထင်မှာ မေးခွန်းကိုဖြေဖို့ရာပင်ရှိသည် “အဆင်ပြေပါတယ်”
“သိပ်အရဲမကိုးနဲ့” ရှောင်းလန့်က သတိပေးသည်။
“ဘာမှမဖြစ်ပါဘူး” ကျုယန့်ထင်က ပြုံးပြီး “ကျွန်တော်အရင်က သင်ဖူးတယ်၊ စိတ်မပူနဲ့”
“မင်း… ကိုယ့်နောက်ကပဲလိုက်၊ လျှောက်မသွားနဲ့” ရှောင်းလန့်မှာ စိုးရိမ်နေဆဲပင်။ သူက ကျုယန့်ထင်ကို သူ့ဘေးနားတစ်ချိန်လုံး ချည်ထားချင်နေသည်။
ကျုယန့်ထင်က အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်ပြီး “အင်း”
သူတို့နှစ်ယောက် စကားပြောနေချိန်မှာပဲ ရှောင်းမုန်ကမြင်းစီးရင်း သူတို့အရှေ့ကိုရောက်လာသည်။ ရှောင်းလန့်ကိုလှမ်းခေါ်လိုက်ကာ သူက မြင်းပေါ်မှခုန်ချလာသည်။
ကျုယန့်ထင်က အရိုအသေပေးလိုက်သည်
“ဆက်ခံသူက ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး တိုက်ရည်ခိုက်ရည်ကောင်းတယ်လို့ ဝမ်းကွဲအစ်ကိုပြောတာ ကျွန်တော်အစောကြီးကတည်းက ကြားဖူးနေတာပါ၊ လေးစားအားကျမိတာ ကြာပါပြီ၊ ဒီနေ့မှတွေ့ရပါတော့တယ်”
“သခင်လေး အားနာနေပါပြီ” ရှောင်းမုန်က ယဉ်ကျေးစွာပြန်ဖြေပြီး သူ့ရှေ့ကလူငယ်လေးကို လျှပ်တပြက်အကဲခတ်လိုက်သည်။ လူငယ်လေးက သန့်စင်ပြီးကြည့်ကောင်းသည်။ အပြုံးပါးပါးလေးတစ်ခုနှင့် မောက်မာမှုစိုးစဉ်းမျှမတွေ့ရ။ အိမ်သားတွေရဲ့ဆန္ဒတွေနဲ့ကိုက်ညီတာကို တွေ့လိုက်ရတဲ့အခါ သူ့ညီလေး ဘာလို့ချစ်မိသွားလဲဆိုတာကို နားလည်သွား၏။
ရှောင်းလန့်မှာ အစက နောက်ခဏနေမှ မိတ်ဆက်ပေးဖို့ပင်။ အမဲလိုက်ပွဲပြီးသွားမှ သူ့အစ်ကိုဆီခေါ်သွားပြီး သူတို့ကို သီးသီးသန့်သန့်မိတ်ဆက်ပေးမှာဖြစ်သည်။ သို့ပေမယ့် အခုတော့ ထိုအပိုအလုပ်များ မလိုအပ်တော့ပေ။
“အစ်ကို” ရှောင်းလန့်က ပြောလိုက်၏ “ယန့်ထင်က နယ်စပ်ကတိုက်ပွဲတွေကို အရမ်းစိတ်ဝင်စားတယ်၊ တကယ်လို့ အစ်ကိုအားရင် ကျွန်တော် သူ့ကို တစ်ရက်ရက် အိမ်ဖိတ်လိုက်မယ်၊ အစ်ကိုက နယ်စပ်ကအကြောင်းတွေ ပြောပြမယ်ဆိုရင် ကျွန်တော်တို့လည်း မျက်စိပွင့်တာပေါ့”
ကျုယန့်ထင်က ရှောင်းမုန်ကို ရေစီးကြောင်းတစ်ခုလိုညင်သာစွာဖြင့် ဦးညွှတ်လိုက်ကာ “ဆက်ခံသူကို သင်ကြားပြသပေးပါလို့ တောင်းဆိုပါတယ်”
ရှောင်းမုန်က ပြုံးလိုက်၏ “သခင်လေး ကြားချင်တယ်ဆိုရင် ကျွန်တော်က မလုပ်ပေးနိုင်တာမရှိပါဘူး”
စကားအနည်းငယ်ပြောပြီးသွားချိန်မှာ ဧကရာဇ်က စင်မြင့်ထက်မှ ဆင်းလာပြီး မြင်းပေါ်တက်သွားကာ အမဲလိုက်ခြင်းစတင်ပြီဖြစ်သည်။ ဧကရာဇ်က တဟုန်ထိုးချီတက်သွားပြီး ရှေ့ဆုံးကနေပြေးနေသည်မှာ ငယ်ရွယ်စဉ်အတိတ်က သူ၏ကြီးမားသောဆန္ဒတွေကို ပြန်ရှာဖွေတွေ့ရှိသွားသလိုပင်။ သူက လေအဟုန်ဖြင့်ပျံသန်းကာ သားကောင်ကိုလိုက်ပြီး အလွန်တရာမှပျော်ရွှင်နေ၏။
ကျုယန့်ထင်မှာ လိမ်လိမ်မာမာဖြင့် ပြောစကားနားထောင်၏။ သူက ရှောင်းလန့်ဘေးမှာ တစ်လျှောက်လုံးလိုက်နေပြီး ရံဖန်ရံခါ လေးကိုမြှောက်ကာပစ်သည်။ သို့သော် သားကောင်တွေလည်း အများကြီးရသည်။
ရှောင်းလန့်၏မြင်းစီးစွမ်းရည်နှင့် မြားပစ်စွမ်းရည်မှာ သူ့ထက်စာလျှင် အပုံကြီးသာသည်ဟု ပြောလို့ရသည်။ မြင်းစီးမြှားပစ်သည့်နေရာတွင် အတော်လေးပိုင်နိုင်သည်။ ငယ်ငယ်ကတည်းက မိသားစုအကြီးအကဲတွေဆီက သင်ယူခဲ့သည်ဟု ထင်ရသည်။
သူတို့နှစ်ယောက်က ရံဖန်ရံခါ စကားတွေပြောပြီး စီးလာကြသည်။ အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်မရှိဘဲ အပျော်သဘောဖြင့်သာ အမဲလိုက်ကြသည်။
နေမွန်းမတည့်ခင်မှာတော့ ဧကရာဇ်က ပင်ပန်းနွမ်းနယ်သွားပုံဖြင့် သူ့ဘေးနားကလူတွေဆီ လေးကိုပေးလိုက်သည်။ သူက သမ်းဝေကာဖြင့် အနားယူရန်တဲကိုပြန်ဖို့ အမိန့်ပေးလိုက်၏။ ဤအခိုက်မှာပဲ ခပ်လှမ်းလှမ်းကနွားအုပ်ထဲ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အကောင်ကြီးကြီး နွားသိုးတစ်ကောင်က သွေးရူးသွေးတန်းပြေးထွက်လာကာ ဧကရာဇ်စီးတော်မြင်းဆီသို့ တဟုန်ထိုးပြေးဝင်လာသည်။
အဖြစ်အပျက်မှာ အရမ်းမြန်၏။ မည်သူကမျှ မတုန့်ပြန်လိုက်နိုင်ကြ။
ဧကရာဇ်က အလွန်ကြောက်ရွံ့သွားပြီး မြင်းဇက်ကြိုးကို တင်းတင်းဆုပ်ရင်း တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။ သူ့ကိုယ်အောက်ကမြင်းမှာတော့ ရုတ်တရက်လန့်သွားပြီး ပဒတ်မြှောက်ရင်း ကျယ်လောင်စွာထဟီတော့သည်။
နွားထီးက စီးတော်မြင်းအနားအရောက်တွင် ရုတ်တရက် တစ်ဖက်ကိုလှည့်သွားပြီး ဘယ်ဘက်ကလူအုပ်ဆီ ပြေးဝင်တိုးသည်။
နောက်ဆုံးမှာတော့ လူတစ်ယောက်က သတိဝင်လာပြီး မြှားတွေကိုပစ်လိုက်သည်။ သို့ပေမယ့် တိရစ္ဆာန်အရေပြားက ထူလွန်းသည်။ မြှားသုံးလေးချက်မှန်ပေမယ့် အကုန်လုံးက ထိတောင်မထိပေ။ နွားထီးက ပိုပြီးတော့တောင် ဒေါသကြီးလာကာ မဲမဲမြင်ရာအကုန်ဝင်တိုးတော့သည်။
မြင်းတွေတော်တော်များများ ထိတ်လန့်ကုန်ကြသည်။ နေရာတိုင်းမှာ မြင်းဟီသံတွေနှင့် လူအုပ်ကြီး၏ ကြောက်လန့်တကြားအော်ဟစ်သံတွေ ပျံ့နှံ့သွားသည်။ လူတစ်ချို့ မြင်းပေါ်ကနေ ပြုတ်ကျကုန်သည်။
ရှောင်းလန့်မှာ ရုတ်ရုတ်သဲသဲစဖြစ်ကတည်းက ကျုယန့်ထင်ကို အလိုလျောက်ပင် သူ့နောက်မှာပို့ထားတာပင်။ သူတို့နေရာက စီးတော်မြင်းနှင့် သိပ်မဝေးသည့်နေရာမှာရှိသည်။ ရှောင်းလန့်နားလည်သွားသည့်အခိုက်မှာတော့ နွားသိုးက သူတို့ဆီကို တည့်တည့်ပြေးဝင်လာနေသည်။ ပစ်မှတ်က သူ့ကိုပင်။
ကျုယန့်ထင်က “သတိထား” ဟုအော်လိုက်ပြီး သူ့မြင်းကို ရှောင်းလန့်၏မြင်းရှေ့တွင် ရုတ်တရက် ဝင်ကာလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မြင်းက နွားထီးနှင့်ဝင်တိုက်ပြီး ကျုယန့်ထင်က မြင်းကျောပေါ်ကနေ လွင့်ထွက်သွားသည်။
ရှောင်းလန့်မှာ ထိတ်လန့်ဖို့ပင် အချိန်မရလိုက်ပါ။ သူက မြင်းပေါ်ကခုန်ချပြီး မြေပေါ်မကျမီတွင် ကျုယန့်ထင်ကို ပြေးဖမ်းလိုက်၏။
နှစ်ယောက်သားက မြေပြင်ပေါ်မှာ တစ်ပတ်လည်လိမ့်သွားသည်။ ကျုယန့်ထင်က ဝေဒနာခံစားလိုက်ရပုံပေါ်ကာ ရှောင်းလန့်၏ရင်ခွင်ထဲပစ်ကျသွားသည်။ သူက ငေးကြောင်ကြောင်ဖြင့် ခေါင်းကိုမော့ပြီး ဘေးဘီကိုမျှော်ကြည့်လိုက်တဲ့အခါ ထိုနွားသိုးမှာ ဧကရာဇ်ညီတော်၏မြားချက်ဖြင့် မြေပြင်ပေါ်သို့လဲကျသွားသည်ကို တွေ့လိုက်ရသည်။
“ယန့်ထင် ယန့်ထင်”
ရှောင်းလန့်က သူ့ကိုဖက်ကာ အော်ခေါ်၏။ မျက်လုံးတွေကထဲ စိုးရိမ်ထိတ်လန့်မှုတွေအပြည့်နှင့် ဖြစ်သည်။ ကျုယန့်ထင်က သူ၏ခေါင်းကိုအသာယမ်းလိုက်ပြီး အသံတိုးတိုးလေးဖြင့် “ဝမ်းကွဲအစ်ကို.. ကျွန်တော် ဘာမှမဖြစ်ဘူး.. ခြေထောက်လည်သွားတယ်လို့ထင်တယ်…”
ရှောင်းလန့်က သူ့ကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။
ဧကရာဇ်မင်းမှာ သူ့ဘေးကအစောင့်တွေ၏ ကယ်တင်မှုဖြင့် ဘေးအန္တရာယ်လွတ်ကင်းသွားသည်။ သူ့ခန္ဓာကိုယ်က ဘာမှမဖြစ်သော်လည်း စိတ်ကအလွန်ထိတ်လန့်သွားသဖြင့် သူက ချက်ချင်း စခန်းချနေရာဆီပြန်သွားသည်။ တဲထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူက တုန်လှုပ်သွားကာ သူ့မျက်နှာက ဖြူတစ်လှည့်ပြာတစ်လှည့်ဖြစ်နေခဲ့သည်။
ပရောဟိတ်ယွီတောက်ကျီက တဲထဲဝင်လာသည်။ ဧကရာဇ်က သူ့ကိုမြင်တာနဲ့ ကယ်တင်ရှင်တစ်ယောက်လို အင်္ကျီလက်ကို အတင်းဆွဲထားပြီး မျက်လုံးတွေပြူးကာ လည်ချောင်ကနေ တဟူးဟူးအသံတွေ လုပ်တော့၏ “ပရောဟိတ်ကြီး ကိုယ်တော့်ကိုတွက်ပေး.. ဘယ်သူ.. ဘယ်သူက ကိုယ်တော့်ကို… ဒုက္ခပေးချင်နေတာလဲ”
ယွီတောက်ကျီက တည်ငြိမ်နေဆဲပါပင်။ သူက ဧကရာဇ်၏လက်ဖမိုးကို ပုတ်လိုက်ပြီး ဆေးတစ်လုံးထုတ်ကာ ပေးလိုက်သည် “အရှင်မင်းကြီး ဒါကိုအရင်သောက်လိုက်ပါ၊ ပူပင်နေတာတွေ လျှော့သွားပါလိမ့်မယ်”
ဧကရာဇ်က ဆေးကိုယူလိုက်သည်။ ဘေးမှာခစားသောမိန်းမစိုးက သူ့ကိုရေနွေးနွေးတစ်ခွက် ကမ်းပေးလာသည်။ ဆေးကို စမ်းသပ်စရာပင်မလိုပေ၊ သူက တစ်ကျိုက်တည်း မျိုချလိုက်သည်။
ခဏကြာတော့ ဧကရာဇ်က ထိုင်ခုံပေါ်ထိုင်လိုက်သည်။ သူ့မျက်နှာက အနည်းငယ်နီနေပြီး ခန္ဓာကိုယ်က မတုန်ယင်တော့။ သူက မျက်လုံးတွေပိတ်ထားပြီး ခဏလောက်နှုတ်ပိတ်ထိုင်နေပြီးမှ အက်ကွဲကြမ်းရှသောအသံဖြင့် အေးစက်စွာပြောလိုက်သည် “ထားလိုက်တော့.. မတွက်နဲ့တော့.. ကိုယ့်တော်စိတ်ထဲ ကောင်းကောင်းသိတယ်”
ယွီတောက်ကျီက ခေါင်းကိုငုံ့ထားပြီး ငြိမ်သက်နေ၏။
........
အခြားတစ်ဖက်ကတဲတွင်တော့ သမားတော်က ကျုယန့်ထင်၏ခြေကျင်းဝတ်ကို ဆေးလိမ်းပေးနေ၏။ သူက သတိထားရမည့်အသေးစိတ်အချက်များကိုပြောပြီး တဲထဲမှထွက်သွား၏။
ရှောင်းလန့်က ထိုင်ခုံဘေးတွင်ထိုင်ချကာ ကျုယန့်ထင်၏ပတ်တီးစီးထားသောဒဏ်ရာကို စိုက်ကြည့်နေသည်။ တစ်ခုခုကို ထိန်းချုပ်ထားရသလိုမျိုး သူ့မျက်ဝန်းတွေက မှိန်ဖျော့နေသည်။
ကျုယန့်ထင်က သူ့လက်ကိုကိုင်လိုက်ပြီး အသံတိုးတိုးဖြင့် “ကျွန်တော်တကယ်ဘာမှမဖြစ်ဘူး၊ ခြေထောက်လေးနည်းနည်းလည်သွားတာပဲ မဟုတ်ဘူးလား၊ ရက်နည်းနည်းလောက် ဆေးစည်းလိုက်ရင် ကောင်းသွားပြီ…”
“ကိုယ်မင်းကို မဖမ်းမိရင် ဘယ်လိုလုပ်မလဲ” ရှောင်းလန့်က မော့ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက သွေးရောင်လွှမ်းနေ၏ “တကယ်လို့ ကိုယ်မင်းကို မဖမ်းလိုက်နိုင်ရင် နောက်ပိုင်းဘာဖြစ်သွားမလဲ စဉ်းစားမိရဲ့လား”
ကျုယန့်ထင်က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်
“အဲ့ဒိအချိန်က အများကြီးမစဉ်းစားနိုင်ဘူး၊ နွားက ခင်ဗျားဆီဦးတည်လာတာမြင်လိုက်တော့ ဗြုန်းကနဲဆိုအလိုလျောက် ရှေ့ကိုတိုးမိသွားတယ်၊ အနည်းဆုံးတော့ ခင်ဗျားကို မထိခိုက်တာ တော်သေးပါတယ်”
ရှောင်းလန့်၏မျက်ဝန်းတွေက အရောင်ပြောင်းသွားခဲ့ပြီး သူ့အမူအရာက ပိုပြီးမရှင်းမလင်းဖြစ်လာခဲ့သည်။ သူက ရုတ်တရက်လက်ကိုမြှောက်ပြီး ကျုယန့်ထင်ကို ဖက်လိုက်သည်။ ကျုယန့်ထင်က အနည်းငယ်လန့်သွားပြီး သူ့ပုခုံးကို ပြန်သိုင်းဖက်လိုက်ကာ တိုးတိုးလေးပြောလိုက်သည် “… စိတ်ဆိုးနေတာလား”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှာတော့ ရှောင်းလန့်က အက်ကွဲနေသောအသံဖြင့် “နောက်တစ်ကြိမ်ဆိုတာ ရှိမှာမဟုတ်ဘူး”
“အင်း”
ကျုယန့်ထင်က ခေါင်းလှည့်ပြီး ရှောင်းလန့်မျက်နှာကိုနမ်းလိုက်ပြီးမှာ ညင်သာသောအသံဖြင့် နှစ်သိမ့်ပေးလိုက်သည်
“ဝမ်းကွဲအစ်ကို.. ကျွန်တော်က အဲ့လောက်မပျော့ပါဘူး၊ တကယ်ဘာမှမဖြစ်ဘူး၊ အဲ့ဒါကြောင့် စိတ်မပူနဲ့တော့၊ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်နဲ့”
ရှောင်းလန့်က လူကို တင်းကျပ်နေအောင် ဖက်ထားသည်။
ကျုယန့်ထင်မှာ ရွေးချယ်စရာမရှိတော့ချေ။ သူ့ပါးပြင်ပေါ်ကို ထပ်ခါထပ်ခါအနမ်းပေးလိုက်ရသည်မှာ တစ်ဖက်လူက ခေါင်းငုံ့လာပြီး သူ့နှုတ်ခမ်းတွေကိုလာနမ်းသည့်အထိပါပင်။
ထိုအလွန်ရှည်လျားသောအနမ်းတစ်ခုကနေ ကျုယန့်ထင်သည် ရှောင်းလန့်၏သတိကပ်နေသောအပြုအမူ၊ နောက်ဆက်တွဲကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသော ထိန်းချုပ်မရသည့် ခံစားချက်များအားလုံးကို ခံစားမိလိုက်ရသလိုရှိ၏။ သူ၏မျက်တောင်တွေက အနည်းငယ်တုန်ခါနေပြီး သူက ရတတ်မအေးဖြစ်နေခဲ့သည်။
ခဏအကြာနမ်းပြီးမှာတော့ ရှောင်းလန့်၏စိတ်တွေက တဖြည်းဖြည်း သက်သာလာသည်။ သူက ဘာမှမပြောဘဲ ကျုယန့်ထင်ကိုသာ တိတ်တဆိတ် ပွေ့ဖက်ထားသည်။
ဤအခိုက်တွင် အစေခံကအပြင်ကနေဝင်လာပြီး တင်ပြသည်က “ချန်နယ်စားဆက်ခံသူရောက်နေပါတယ်၊ သခင်လေးကိုတွေ့ချင်တယ်လို့ ပြောပါတယ်”
ကျုယန့်ထင်က ပြုံးလိုက်ပြီး ရှောင်းလန့်ကို သတိပေးလိုက်သည်
“ဆက်ခံသူရောက်နေတယ်၊ မျက်နှာပေါ်ကအမူအရာလေးကို မြန်မြန်သိမ်းလိုက်ဦး၊ ဆက်ခံသူကို မြင်သွားအောင်မလုပ်နဲ့”
ရှောင်းလန့်က သူ့စကားကိုလျစ်လျူရှုထားလေ၏။ ရှောင်းမုန်ဝင်လာနိုင်ရန် အစေခံကို တိုက်ရိုက်အမိန့်ပေးလိုက်ပြီး ထိုင်ခုံပေါ်ဆက်ထိုင်နေကာ သူ့လက်ကိုသာ မလွှတ်တမ်းဆုပ်ထားသည်။
ကျုယန့်ထင်မှာ သူ့လက်ဖဝါးကို လက်ချောင်းထိပ်တွေနဲ့ ကလူကျီစယ်လိုက်ပြီးမှ သက်ပြင်းချလိုက်ရတော့သည်။
“အခုတော့ ကျွန်တော် နည်းနည်းယုံသွားပြီ၊ ခင်ဗျားငယ်ငယ်တုန်းက စိတ်ကြီးတယ်ဆိုတာ မှန်လိမ့်မှာပဲ.....”
.......