(16)
Viewers 2k

(16) 

ရှောင်းမုန်တဲထဲဝင်လာချိန်တွင် ရှောင်းလန့်နှင့်ကျုယန့်ထင်တို့ ရင်းနှီးသောအမူအရာဖြင့် ပူးကပ်နေသည်ကိုမြင်ပြီး သူက အံ့သြမသွားခဲ့ပေ။ 

ရှောင်းလန့်က ကျုယန့်ထင်လက်ကို မလွှတ်တမ်းကိုင်ထားပြီး ဘေးမှာရှောင်းမုန်မတ်တပ်ရပ်နေတာတောင်မှ လွှတ်ပေးဖို့ငြင်းဆန်နေသည်။

ရှောင်းမုန်က ချောင်းဟန့်ကာ ကျုယန့်ထင်ကို မေးလိုက်သည် 

သခင်လေးခြေထောက်က ဒဏ်ရာက ဘယ်လိုနေလဲ

သမားတော်လာကြည့်ပြီးပါပြီ၊ ထွေထွေထူးထူးမဖြစ်ပါဘူး၊ ဆက်ခံသူ စိုးရိမ်ကြောင့်ကြမဖြစ်ပါနဲ့” ကျုယန့်ထင်အသုံးအနှုန်းတွေက လွန်စွာယဉ်ကျေးမှုရှိသည်။ 

ရှောင်းမုန်က ခေါင်းညိတ်လိုက်သည်။ 

သူက ရှောင်းလန့်ဆီ တစ်ချက်ကြည့်လိုက်ပြီးမှ သက်ပြင်းချကာဖြင့် 

အခုကစပြီး တခမ်းတနား မပြောကြစို့၊ နောက်ပိုင်း အားလန့်ခေါ်သလိုပဲ မင်းကို ယန့်ထင်လို့ခေါ်မယ်၊ မင်းကလည်း အစ်ကိုလို့ခေါ်ပေါ့

ဟုတ်ကဲ့” ကျုယန့်ထင်က ပြုံးပြလိုက်၏ အစ်ကို့ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ယန့်ထင် ဘာမှမဖြစ်ပါဘူး

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒီနေ့ကိစ္စမှာ အားလန့်ကိုယ်စား ကျေးဇူးအများကြီးတင်ပါတယ်

ရှောင်းမုန်က ပြောပြီး လက်သီးနှစ်ဖက်ကိုဆုပ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။ 

ကိုယ်တို့ချန်နယ်စားအိမ်တော်က မင်းရဲ့အသက်ကယ်ကျေးဇူးအတွက် အမြဲအမှတ်ရနေမှာပါ၊ ဘယ်တော့မှ မမေ့ပါဘူး

အစ်ကိုပြောတာ ပြင်းထန်နေပါပြီ၊ ကျွန်တော်က လုပ်ချင်လို့လုပ်ခဲ့တာပါ၊ နယ်စားအိမ်တော်ကနေ ဘာမှပြန်မလိုချင်ပါဘူး” 

ရှောင်းလန့်က ကျုယန့်ထင်၏လက်ကို ဆုပ်ညှစ်လိုက်၏။ သူ့အမူအရာက ပိုပြီး တည်ငြိမ်လာသည်။

ကျုယန့်ထင်က သူ့လက်ကိုပြန်ဆုပ်ကိုင်ရင်း အသာပြုံးပြကာ ရှောင်းမုန်ကို နောက်တစ်ကြိမ်ထပ်ပြောလိုက်သည် 

ချန်နယ်စားအိမ်တော်က ကျွန်တော့်နောက်ခံကို ဂရုပြုနေရပြီး ကျွန်တော်နဲ့ဝမ်းကွဲအစ်ကိုကိစ္စကို မကြိုက်တာ သိပါတယ်၊ … ကျွန်တော် ဝမ်းကွဲအစ်ကိုနဲ့ပြောပြီးပါပြီ.. မင်းသားအဖြစ်ကိုစွန့်လွှတ်ပြီး ချန်နယ်စားအိမ်တော်ကို ဝင်လာဖို့ပါ.. ဒီလက်ထပ်ပွဲကြောင့်နဲ့တော့ နယ်စားအိမ်တော်ကို ဒုက္ခတောထဲမရောက်စေရပါဘူး

ရှောင်းလန့်က အံ့အားသင့်ပြီး လွှတ်ခနဲဖြင့် မင်း.. မလိုပါဘူး

ယခင်က ကျုယန့်ထင်သည် သူ့အား နယ်စားအိမ်တော်ဝင်မည့်အကြောင်းသာပြောခဲ့ပြီး  မင်းသားအဖြစ်စွန့်လွှတ်ကြောင်း မပြောခဲ့ပေ။ အကယ်၍ ကျုယန့်ထင်က သူ့အတွက်နှင့် ဤကဲ့သို့ စတေးခဲ့သည်ရှိသော် သိက္ခာတွေကုန်းကောက်စရာပင် ရှိတော့မည်မဟုတ်။

ရှောင်းမုန်ကလည်း မျက်မှောင်ကျုံ့လိုက်ပြီး 

ယန့်ထင်.. မင်း ဒီလိုလုပ်ဖို့မလိုပါဘူး

ကျုယန့်ထင်က စိတ်ဆုံးဖြတ်ထားပြီးသလိုပင် 

ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ အစ်ကိုတို့ နောက်ထပ် နားမချပါနဲ့တော့

ရှောင်းလန့် တစ်ခုခုပြောချင်နေသေးသော်လည်း ကျုယန့်ထင်က သူ့ကိုတားလိုက်ကာ ဝမ်းကွဲအစ်ကို.. ဒီတစ်ကြိမ်တော့ ကျွန်တော့်စကားကို နားထောင်လိုက်

ယန့်ထင်.. ကိုယ်…”

ခင်ဗျား ကိုယ့်ကိုကိုယ် အပြစ်တင်နေစရာမလိုဘူး၊ ဒါ ကျွန်တော့ကိုယ်ပိုင်ရွေးချယ်မှုပါ

သူတို့၏ နောက်ထပ်စကားလုံးတွေကို မစောင့်ဘဲ ကျုဟယ့်မင်က တဲထဲရောက်လာသည်။ သူဝင်လာတော့ အကုန်လုံးက ငြိမ်သက်သွားပြီး ရှောင်းမုန်နှင့်ရှောင်းလန့်က မတ်တပ်ထရပ်လိုက်ကာ သူ့ကို လေးလေးစားစား ဂါရဝပြုလာကြသည်။ 

ကျုဟယ့်မင်က နှစ်လိုစွာပြုံးပြပြီး 

ဆက်ခံသူနဲ့ ဒုတိယသခင်လေး သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး၊ ဒုတိယသခင်လေးနဲ့ ယန့်ထင်အကြောင်း ကိုယ်အားလုံးသိပြီးပါပြီ၊ အခုကစပြီး ကိုယ်တို့က တစ်မိသားစုတည်းပဲ၊ အပြင်လူမရှိမှတော့ ဒီလိုအပိုအလုပ်တွေ မလိုပါဘူး

ရှောင်းမုန်က တလေးတစားဖြင့်ပြောလိုက်သည် 

မင်းသားက နှိမ့်ချနေပါပြီ၊ ထုံးတမ်းတွေကို ပစ်ပယ်လို့မရပါဘူး၊ ဒီနေ့ သခင်လေးက ကျွန်တော့်ဒုတိယညီကို အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့ပါတယ်၊ ချန်နယ်စားအိမ်တော်က စိတ်ရင်းနဲ့ မှတ်သားထားပါ့မယ်၊ ဒီကျေးဇူးတွေကို မမေ့ပါဘူး

ရှောင်းလန့်ကလည်း ယန့်ထင်က ကျွန်တော်ချစ်မြတ်နိုးရတဲ့လူပါ၊ ကြင်နာမှုအတွက်သာမကဘဲ နှစ်ယောက်ကြားက သံယောဇဉ်ကိုထောက်ထားပြီး အရှင်မင်းသားဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်

ကျုယန့်ထင်မှာ ရှောင်းလန့်ကို ပြုံးပြီးကြည့်နေပါ၏။

ကျုဟယ့်မင်က တစ်ချက်လှမ်းကြည့်ပြီး သက်ပြင်းသာချလိုက်သည် အသင်တို့နှစ်ယောက် ပြင်းထန်နေပါပြီ၊ ယန့်ထင်က ကိုယ့်ရဲ့တစ်ဦးတည်းသောညီလေးပါ၊ သူက ဒုတိယသခင်လေးကိုကြိုက်တယ်ဆိုရင် သူ့သဘောအတိုင်းပါပဲ၊ ကိုယ့်မှာ ကန့်ကွက်စရာမရှိပါဘူး၊ နောက်ပိုင်း ဒုတိယသခင်လေးနဲ့ ယန့်ထင်နဲ့ ဒိုးတူပေါင်ဘက်အေးအေးချမ်းချမ်းနေနိုင်မယ်ဆိုရင် ကောင်းတာပါပဲ

ရှောင်းလန့်က ပျာပျာသလဲဝင်ပြောသည် ဒီလိုပဲ ဖြစ်မှာပါ

နောက်ထပ် စကားအနည်းငယ်ပြောကြပြီးနောက်မှာတော့ ကျုဟယ့်မင်နှင့်ကျုယန့်ထင် ပြောစကားတွေရှိနေသေးသည်ကိုမြင်ပြီး ရှောင်းမုန်က ရှောင်းလန့်ကိုခေါ်ကာ နှုတ်ဆက်လိုက်ကြ၏။ 

ရှောင်းလန့်က ကျုယန့်ထင်ကို ညနေကျရင် ကိုယ်ထပ်လာခဲ့မယ်” ဟုပြောပြီး သူ့အစ်ကိုနောက်ကနေ လိုက်ထွက်သွားခဲ့သည်။

တဲထဲ၌ မည်သူမျှမရှိသည့်အခါ ကျုယန့်ထင်၏အမူအရာမှာ ချက်ချင်းကျဆင်းသွားသည်။ 

သူက ကျုဟယ့်မင်ကို မေးလိုက်သည် အစ်ကိုတော် .. အပြင်ဘက်မှာဘယ်လိုလဲ

ကျုဟယ့်မင်က မျက်နှာပေါ်ကအပြုံးကို မျိုသိပ်ရင်း လေသံအေးဖြင့် 

ဧကရာဇ်က အကြောက်လွန်သွားတယ်၊ တဲထဲမှာပုန်းနေပြီး ထွက်တောင်မလာရဲဘူး၊ ကိုယ်ပိုင်ရဲမက်တွေလွှတ်ပြီး နေရာအနှံ့မှာလိုက်ရှာခိုင်းတယ်၊ ကြည့်ရတာ မြို့တော်မြောက်ပိုင်းတပ်ရင်းက လူတွေကို မယုံတော့ဘူးထင်ပါတယ်၊ အရံအိမ်ရှေ့စံမင်းသားကတော့ အခုအချိန်မှာ ခေါင်းမီးတောက်နေမှာပေါ့

ယနေ့ခေတ်၏ မြို့စောင့်တပ်ရင်းနှစ်ခုမှာ လွန်ခဲ့သည့်နှစ်တစ်ရာကျော်ကကဲ့သို့ စည်ပင်ပွားများခြင်းမရှိတော့ပါ။ တပ်ရင်းနှစ်ခုပေါင်းမှ စစ်သည်အရေအတွက်အားလုံးမှာ (၃၀၀၀၀) အောက်သာ ကျန်ရှိတော့၏။ 

သို့သော်လည်း ၎င်းတို့က နန်းမြို့ရိုးတစ်ခုလုံးကိုကာကွယ်ရန် အရေးအကြီးဆုံးအင်အားစုအဖြစ် ရှိနေသေးသည်။ 

ဤတစ်ကြိမ် ဧကရာဇ် အမဲလိုက်ထွက်လာသောအခါ လိုက်ပါသည့်သူများမှာ မြို့တော်မြောက်ပိုင်းတပ်ရင်းက စစ်သည်ရဲမက်များဖြစ်သည်။ သားရဲတိရစ္ဆာန်များကို မောင်းထုတ်ရန်တာဝန်ရှိသူများကလည်း သူတို့ပင်ဖြစ်သည်။

အမဲလိုက်မြက်ခင်းပြင်၌ တစ်ခုခုဖြစ်ပျက်သွား၏။ တောရိုင်းတိရစ္ဆာန်က မုန်ယိုပြီး စီးတော်မြင်းကို နှောင့်ယှက်လိုက်သည်။ ဧကရာဇ်မှာ သူ့မြင်းပေါ်ကနေ ချော်ကျလုနီးနီးဖြစ်သွားသည်။ သူက ဤပြစ်မှုအတွက် မြို့တော်မြောက်ပိုင်းတပ်ရင်း၏ခေါင်းဆောင်ကို မေးမြန်းစစ်ဆေးချင်သည်။ 

သို့ရာတွင် မြို့တော်မြောက်ပိုင်းတပ်ရင်း၏ ခေါင်းဆောင်မှာ ဧကရာဇ်ညီတော် အရံအိမ်ရှေ့မင်းသား၏ အမေဘက်ကဦးလေးဖြစ်သည်။ ဧကရာဇ်က သူ့ကိုသံသယမရှိရလျှင် မည်သူ့ကိုရှိရမည်နည်း။

ကျုယန့်ထင်က နည်းနည်းတော့ စိုးရိမ်သွားရကာ 

အစ်ကိုတော် တစ်ခုခုမလစ်ဟင်းလောက်ပါဘူးနော်

စိတ်မပူနဲ့.. ငါက လုပ်ပြီဆိုမှတော့ ဘာကိုမှမချန်ခဲ့ပါဘူး” ကျုဟယ့်မင်က တည်ငြိမ်စွာပင်ပြောသည် 

ငါတို့မင်းသားဟွိုင်အိမ်တော်က အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့တယ်၊ မြို့တော်မြောက်ပိုင်းတပ်ရင်းထဲမှာ ငါတို့လူတွေရှိတယ်လို့ ဘယ်သူထင်မှာလဲ၊ ပြီးတော့ နွားသိုးကို ဆေးခတ်တဲ့လူကို နှုတ်ပိတ်လိုက်ပြီ၊ ဧကရာဇ်ဘေးမှာက အတွင်းဝန်လျှိုရှိတယ်၊ ဒါကြောင့် ဘာမှမမှားနိုင်ဘူး

“… ဒီကိစ္စက.. တိုက်ရိုက်သက်သေမရှိဘူးဆိုရင်တော့ ဧကရာဇ်က အရံအိမ်ရှေ့မင်းသားကို အပြစ်ဖို့လို့ရမှာမဟုတ်ဘူး” 

လူအိုကြီးရဲ့စိတ်ထဲ ဆူးတစ်ချောင်းစိုက်နိုင်လိုက်ရင်ပဲ လုံလောက်နေပြီ၊ ဘာပဲပြောပြော တပ်ရင်းခေါင်းဆောင်က သူ့အပြစ်အတွက် တာဝန်ခံရမှာပဲ၊ သူ့ကိုဆွဲချလိုက်တာကပဲ ဧကရာဇ်ညီတော်ရဲ့လက်မောင်းတစ်ဖက်ကို ချိုးလိုက်သလို ဖြစ်သွားပြီ၊ သူ ဘယ်လောက်ကြာကြာ မော်ကြွားနေဦးမလဲ ကြည့်ကြသေးတာပေါ့

သူတို့၏ နဂိုရည်ရွယ်ချက်ကား ဧကရာဇ်ကို သတ်ရန်မဟုတ်ပေ။ ဧကရာဇ်ဘေးနားတွင် အစောင့်ရဲမက်များစွာရှိသဖြင့် သတ်လည်းမသေနိုင်ပါ။ ဤလုပ်ရပ်မှာ လူအိုကြီးကို ကြောက်ရွံ့ထိတ်လန့်သွားစေဖို့အပြင် ဘာမှမရှိခဲ့။ 

ဧကရာဇ်မှာ အသက်ရှည်လိုစိတ်ပြင်းပြပြီး သေခြင်းတရားကိုကြောက်ရွံ့သည်။ ဤကဲ့သိုဖြစ်လာသောအခါ သူက ဒေါသပုံချဖို့ လူရှာရတော့မည်ဖြစ်ပြီး ညီတော်အရံအိမ်ရှေ့စံအား တေးထားနိုင်လျှင်ပင် လုံလောက်ပြီဖြစ်သည်။

ကျုဟယ့်မင်က စကားဆုံးသည့်အခါ မျက်နှာတစ်ချက်ညိုသွားရင်း ကျုယန့်ထင်ကိုကြည့်လိုက်သည် 

ယန့်ထင်.. အဲ့ဒိနွားသိုးက ရုတ်တရက် မင်းရဲ့ရှောင်းလန့်ဆီကိုပြေးဝင်သွားတာ တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူး၊ ဘာတွေဖြစ်ကုန်တာလဲ

ကျုယန့်ထင်က တိုက်ဆိုင်တာမဟုတ်ပါဘူး၊ ကျွန်တော် သူ့ကို အမွှေးအိတ်တစ်ခုပေးလိုက်တယ်၊ သူက အမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထားတယ်၊ အဲ့ဒိထဲမှာ တောင်ဘက်နယ်စပ်က ဆေးဖက်ဝင်အပင်နဲ့လုပ်ထားတဲ့ အမွှေးအကြိုင်တစ်မျိုးပါတယ်၊ တိရစ္ဆာန်ကို ဆေးခတ်လိုက်တော့   မြက်ခင်းပြင်မှာက ဧကရာဇ်တစ်ယောက်ပဲ အနီရောင်ဝတ်ထားတာမို့ သူကတိုက်ခိုက်ခံရတာပဲ၊ ဒါပေမယ့် အမွှေးအိတ်ထဲမှာပါတဲ့အနံ့က တိရစ္ဆာန်ကို ပိုပြီးတော့ လှုံ့ဆော်ပေးနိုင်တယ်၊ လူတွေက အနံ့မရဘူး ဒါပေမယ့် တိရစ္ဆာန်က အကွာအဝေးတစ်ခုလောက်ကနေ ကောင်းကောင်းအနံ့ခံနိုင်တယ်၊ အဲ့ဒါကြောင့် သူက ရှောင်းလန့်ဘက်ကိုလှည့်ပြီး တိုက်ခိုက်တာ

ကျုဟယ့်မင်၏မျက်ဝန်းတစ်စုံက ကျဉ်းမြောင်းသွားခဲ့သည်။ သူ့မျက်လုံးများထဲ နက်ရှိုင်းသောအဓိပ္ပါယ်တစ်ခု ရှိနေ၏ 

မင်း တအားမိုက်ရူးရဲဆန်လွန်းတယ်

ကျုယန့်ထင်က ခေါင်းယမ်းလိုက်ပြီး 

ဒီလိုမှမလုပ်ရင် ကျွန်တော်က သူ့ကိုဆွဲထားနိုင်မှာလား.. ရှောင်းမိသားစုက ကျွန်တော့်ကိုလိုလိုလားလား လက်ခံလာမှာတဲ့လား..  ဒီတစ်ကြိမ် သူ ကျွန်တော့်ကို အကြွေးတင်သွားပြီ၊ သူ့အတွက်နဲ့ ကျွန်တော့်မင်းသားဘွဲ့ကိုတောင် စွန့်လွှတ်ခဲ့တာ၊ နောက်ပိုင်း ကျွန်တော်သူ့ကို ကူညီခိုင်းမယ်ဆိုရင် သူငြင်းလို့မရဘူး

ရှာတွေ့သွားနိုင်လား

မတွေ့နိုင်ဘူး... ဒီနည်းကို ကျွန်တော် အရင်က အရမ်းရှေးကျတဲ့ဆေးကျမ်းတစ်ခုထဲက ရှာတွေ့ခဲ့တာ၊ ဘယ်သူမှမသိလောက်ဘူး၊ ရှောင်းလန့်က ပိုလို့တောင် ဒီနည်းလမ်းကိုတွေးမိမှာမဟုတ်ဘူး

ဒါဆိုတော်သေးတယ်” ကျုဟယ့်မင်က သက်ပြင်းချလိုက်ကာ ဒီလိုဆိုရင်တောင် မင်းက သိပ်အတင့်ရဲလွန်းတယ်၊ သတိမထားမိလိုက်ရင် ဘာဖြစ်မလဲသိရဲ့လား၊ ဒဏ်ရာအပြင်းအထန်ရသွားနိုင်တယ်

အစ်ကိုတော် ကျွန်တော့်ကိုချစ်တာ သိပါတယ်၊ ဒါကြောင့်လည်း အစ်ကိုတော့်ကို ကြိုတင်မပြောခဲ့တာပါ” ကျုယန့်ထင်က အသံတိုးတိုးဖြင့် ရှင်းပြလာသည် 

ကျွန်တော် အထဲမှာ အကာအကွယ်ဝတ်ထားတယ်၊ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေ ဘာမှမဖြစ်အောင်လို့ပါ၊ ပြီးတော့ ကျွန်တော်နဲ့အတူ လူနည်းနည်းခေါ်လာသေးတယ်၊ ရှောင်းလန့် ကျွန်တော့်ကိုမဖမ်းရင်တောင် တစ်ယောက်ယောက်က ကယ်မှာပါ

ထားလိုက်ပါတော့.. ဘာပဲပြောပြော ဒီကိစ္စက ရလဒ်မဆိုးဘူးလို့ ပြောရမယ်” ကျုဟယ့်မင်က သူ့ကို သတိပေးလိုက်၏ဘာဖြစ်မလဲ ဆက်စောင့်ကြည့်ရမှာပေါ့၊ ဒါပေမယ့် နောက်တစ်ခါကျရင် အရမ်းအပိုင်မတွက်နဲ့တော့.. ဘာကိစ္စရှိရှိ ငါနဲ့အရင်ဆွေးနွေးရမယ်

ကျုယန့်ထင်က ခေါင်းငုံ့လိုက်ပြီး တုန့်ပြန်လိုက်သည် အစ်ကိုတော် စိတ်မပူပါနဲ့တော့.. နောက်တစ်ကြိမ် မရှိတော့ပါဘူး

…..

ကျုယန့်ထင်၏နေရာမှထွက်လာပြီးကတည်းက ရှောင်းလန့်က ရှောင်းမုန်၏တဲထဲသို့ တောက်လျှောက်လိုက်သွားခဲ့သည်။ 

ရှောင်းမုန်က အစေခံတွေကို အပြင်ထွက်ခိုင်းလိုက်သည်။ သူက ခဏလောက်နှုတ်ဆိတ်နေခဲ့ပြီးမှ သက်ပြင်းချလိုက်ပြီး 

ဒီနေ့ကိစ္စကို ပြန်သွားရင် အမေ့ဆီတင်ပြလိုက်မယ်၊ အဖေ့ဆီကိုလည်း စာရေးလိုက်မယ်၊ အမေလည်း မင်းတို့ကို မကန့်ကွက်လောက်တော့ဘူးထင်ပါတယ်၊ နောက်ပိုင်း… မင်း ယန့်ထင်ကို ကောင်းကောင်းဆက်ဆံရမယ်

ရှောင်းလန့်၏အမူအရာက မကြုံစဖူး လေးနက်တည်ကြည်နေ၏ 

ကျွန်တော့်အတွက် ယန့်ထင်လုပ်ပေးခဲ့တာတွေ မှတ်ထားမှာပါ၊ ဒီဘဝမှာ သူ့ကိုကောင်းကောင်းဆက်ဆံပါ့မယ်၊ သူက ကျွန်တော့်ရဲ့တစ်ဦးတည်းသောဇနီးဖြစ်မှာပါ

ရှောင်းမုန်က ခေါင်းကို တဆတ်ဆိတ်ညိတ်၏။ သူက ပြုံးလိုက်ပြီး ဘာဖြစ်လို့ သူက မင်းကို ဝမ်းကွဲအစ်ကိုလို့ခေါ်တာလဲ

အင်း” တစ်ခုခုကို သတိရသွားပုံဖြင့် ရှောင်းလန့်၏မျက်ခုံးတန်းများက နူးညံ့သွားသည်။ ကျွန်တော်တို့ရှောင်းမိသားစုက ကျင်ရွေ့ဧကရာဇ်ဆီက ဆင်းသက်လာတာပဲမို့ ဝမ်းကွဲအစ်ကိုလို့ခေါ်တာ ဘာမှမမှားဘူးလို့ပြောတယ်

တကယ်တွေးတတ်ပါ့၊ ဒီလိုပြောတော့လည်း မှားတယ်မဟုတ်ပြန်ဘူး..…”

ရှောင်းမုန် ဆက်မပြောဘဲ တုန့်ဆိုင်းနေတာကိုမြင်တော့ ရှောင်းလန့်က အစ်ကို့မှာ တခြားစိုးရိမ်စရာ ရှိသေးလို့လား

“… ငါ ဒီနေ့ အဲ့ဒိမင်းသားဟွိုင်ကို ပထမဦးဆုံးတွေ့ဖူးတာပဲ၊ မင်းရော အရင်က သူနဲ့အဆက်အဆံရှိလား

မရှိဘူး.. မင်းသားဟွိုင်က သိုသိုသိပ်သိပ်နေတယ်၊ ပြီးတော့ နန်းတွင်းကို မဝင်ရသေးဘူး၊ ယန့်ထင်ကြောင့်မဟုတ်ရင် ကျွန်တော်သူနဲ့ မိတ်ဆွေလုပ်မှာမဟုတ်ဘူး

သိုသိုသိပ်သိပ်နေတယ်” ရှောင်းမုန်က ထပ်ခါရေရွတ်လိုက်ပြီး ခဏလောက်အတွေးနယ်ချဲ့ပြီးမှ ပြော၏ 

ဒီနေ့အမဲလိုက်ကြတဲ့ မင်းသားတွေထဲမှာ ဧကရာဇ်ညီတော်ကလွဲရင် သားကောင်အများဆုံးရတာသူပဲ၊ အပြင်ပန်းကိုကြည့်ရင်တော့ သူက နှိမ့်ချတတ်ပြီး ယဉ်ကျေးတယ်၊ ဒါပေမယ့် လုံးလုံးလျားလျား လူ့အသိုင်းအဝိုင်းအပြင်ဘက် ထွက်နေတဲ့လူနဲ့ မတူဘူး၊ မင်းသားဟွိုင်က ငယ်သေးတယ်၊ သူ့မှာ ရည်မှန်းချက် နည်းနည်းလေးတောင်မရှိဘူးဆိုမှ ထူးဆန်းနေမှာ၊ ပြီးတော့…”

ရှောင်းမုန်က စကားဆက်မပြောတော့ဘဲ ရပ်ကာ တုန့်ဆိုင်းသွား၏။ အဆုံးကျမှ 

အားလန့်.. မင်းစဉ်းစားမိလား .. ယန့်ထင်က မင်းအတွက် မင်းသားနေရာကိုစွန့်လွှတ်ပြီး နယ်စားအိမ်တော်မှာ လာနေတယ်၊ သူက မင်းအပေါ်မှာ စိတ်ရင်းအမှန်နဲ့ဆိုတာတော့ ပြောစရာမလိုပါဘူး.. ဒါပေမယ့် ဒီကိစ္စကို အပုတ်ချချင်တဲ့လူတွေ မကောင်းပြောချင်တဲ့လူတွေကတော့ ရှိမှာပဲ.. အထူးသဖြင့် မင်းသားဟွိုင်က မင်းမျိုးနွယ်တော်ဝင်မင်းသားတစ်ပါးဖြစ်ရက်နဲ့ သူ့ညီလေးကို လက်ထပ်ပေးလိုက်တယ်၊ ဒါကို ဘယ်လိုပြောရမလဲ မသိဘူး.. ဒါပေမယ့် သူ တွန့်ဆုတ်နေတာမျိုးကို မင်းမြင်လား

အစ်ကိုဘာကို စိုးရိမ်နေလဲ ကျွန်တော်သိပါတယ်” ရှောင်းလန့်၏မျက်လုံးများက မှုန်မှိုင်းသွား၏ သူ့မှာ ရည်ရွယ်ချက် ရှိရှိမရှိရှိ.. နယ်စားအိမ်တော်နဲ့ ဘာမှမပတ်သက်ပါဘူး၊ ယန့်ထင်က ရှောင်းမိသားစုအိမ်တံခါးကနေ ဝင်လာရင် ရှောင်းမိသားစုလူဖြစ်သွားပါပြီ၊ ကျွန်တော်သူ့ကို ကောင်းကောင်းကာကွယ်မှာပါ

ရှောင်းမုန်က သက်ပြင်းအရှည်ကြီးကို ချလိုက်သည် မင်း ရှင်းရှင်းလင်းလင်း သိထားရင် ရပါပြီ၊ ငါက သံသယများနေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလောကကြီးမှာ ငါတို့ပိုပြီး သတိထားရမယ်

“….ဒီနေ့ ဖြစ်သွားတဲ့ဟာက.. တကယ်ပဲ ဧကရာဇ်ညီတော်ကြောင့်လား” 

ပြောရခက်တယ်” ရှောင်းမုန်က ခေါင်းကို အသာယမ်းလိုက်ပြီး မတော်တဆလည်း ဖြစ်နိုင်တယ်၊ ဧကရာဇ်ညီတော်လက်ချက်လည်း ဖြစ်နိုင်တယ်၊ တခြားတစ်ယောက်လုပ်တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့နှလုံးသားထဲကဆူးကို ဖယ်လို့မရတော့ဘူး

ရှောင်းလန့်က ခဏလောက်တော့ ဘာပြောရမှန်း မသိခဲ့။ 

ရှောင်းမုန်၏ပုံစံက မောပန်းနွမ်းနယ်သွားပုံရှိပြီး သူက လေသံကိုလျှော့လိုက်ကာ လောကကြီးက ဒီလိုမျိုးဖရိုဖရဲဖြစ်လာပေမယ့် မင်းရွှေမြို့တော်က မင်းသားတွေနဲ့ မြေးတော်တွေကတော့ အဆုံးမရှိ တိုက်လို့ခိုက်လို့ကောင်းနေကြတုန်း၊ တကယ့်ကိုပဲ….”

ရှောင်းလန့်က မေးလိုက်သည် အစ်ကို ဘာသတင်းကြားလို့လဲ

ပြီးခဲ့တဲ့ရက်ပိုင်းက ဖုကျန်းနဲ့ကွမ်တုန်းကဓားပြတွေက တောင်ဘက်နယ်စပ်က ယွင်နန်နဲ့ယုံးကျိုးကို သိမ်းလိုက်တယ်၊ အစီရင်ခံစာက ဒီနှစ်ရက်အတွင်း နန်းတွင်းကိုရောက်လာလိမ့်မယ်

ရှောင်းလန့်က အံ့သြသွားပြီး ယွင်နန်နဲ့ ယုံးကျိုးက လက်လွတ်သွားပြီလား

တကယ် လက်လွတ်သွားပြီ၊ တောင်ပိုင်းနယ်စပ်တင်မဟုတ်ဘူး ဓါးပြတွေက တဟုန်ထိုးချီတက်လာနေတာ.. ယန်ဇီမြစ်တောင်ပိုင်း(ကျန်းနန်)မှာစောင့်ကြပ်နေတဲ့ တင့်နယ်စားသာမရှိရင် ဓါးပြတွေက မြစ်ကိုပိုင်းခြားပြီး အုပ်ချုပ်ပစ်လိုက်ကြလိမ့်မယ်၊ ဒါပေမယ့် တင့်နယ်စားက အသက်ကြီးနေပြီ၊ ဘယ်နှနှစ်လောက်တောင့်ခံနိုင်မလဲ မသိဘူး၊ အဲ့ဒိဦးနှောက်မရှိတဲ့ တောင်ဘက်ကဘုရင်ခံမင်းသားတွေတောင် တင့်နယ်စားကိုကြောက်လို့ ခဏတဖြုတ်ငြိမ်နေကြတာ၊ တင့်နယ်စားကွယ်လွန်သွားတာနဲ့ တောင်ပိုင်းက လုံးဝဖရိုဖရဲဖြစ်သွားမှာပဲ” 

ရှောင်းလန့်က မျက်မှောင်ကျုံ့လိုက်ပြီး ဒီလိုဆိုရင်တောင် ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိဘူး…”

ရှောင်းမုန်က သက်ပြင်းတစ်ချက်ချရင်း မင်းနဲ့ယန့်ထင်တို့ မင်္ဂလာပွဲကို သတ်မှတ်ပြီးတာနဲ့ ငါက နယ်စပ်ကိုအမြန်ဆုံးပြန်တော့မယ်၊ အခုအချိန်မှာ အကောင်းဆုံးကတော့ ကိုယ်လုပ်သင့်တာကို လုပ်ရမှာပေါ့.. ကျန်တာကတော့ ကံတရားအတိုင်းပါပဲ

ရှောင်းလန့်က စကားတွေအများကြီးမပြောတော့ဘဲ ရှောင်းမုန်ကိုသာ နှစ်သိမ့်ပေးလိုက်သည် 

အစ်ကိုစိတ်လျှော့ထားလိုက်ပါ အများကြီးမတွေးပါနဲ့၊ လောကကြီးက ရှုပ်ထွေးနေပေမယ့် အဆုံးသတ် တိမ်ကင်းစင်ပြီး နေရောင်ကိုမြင်နိုင်တဲ့တစ်နေ့၊ ကောင်းကင်ကြီးကြည်လင်လာတဲ့တစ်နေ့ ရောက်လာမှာပါ

ရှောင်းမုန်က ခဏတာအံ့သြသွားပြီးမှ သက်ပြင်းချလိုက်ရင်း မျှော်လင့်ရတာပဲ

…………..

.

.

.

(T/N မြို့တော်မြောက်ပိုင်းတပ်ရင်းနဲ့ ရှောင်းအိမ်ကမြောက်ပိုင်းနယ်ခြားစောင့်တပ် မတူဘူးနော်၊ ဟိုဟာကနန်းမြို့စောင့်၊ ဟိုဟာကနယ်ခြားစောင့် )

………