(17)
Viewers 2k

(17) 

ရုတ်တရက်ဖြစ်ပေါ်လာသည့် ဤအပြောင်းအလဲကြောင့် အမဲလိုက်ပွဲမှာ စောလျင်စွာအဆုံးသတ်သွားခဲ့သည်။ ထိုနေ့တွင်ပင် ခမ်းနားထည်ဝါသည့် တော်ဝင်ယာဉ်တန်းကြီးက မြို့တော်သို့ပြန်ရန် ထွက်ခွာသွားခဲ့သည်။

ဧကရာဇ်သည် အဖြစ်အပျက်တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့၏။ သို့သော် မည်ကဲ့သို့ ဖင်တပြန်ခေါင်းတစ်ပြန်စစ်ဆေးခဲ့ပါစေ မတော်တဆမှုတစ်ခုအဖြစ်သာ ယူဆ၍ရခဲ့သည်။ 

အဆုံးမှာတော့ မြို့တော်မြောက်ပိုင်းတပ်ရင်း၏ ခေါင်းဆောင်စစ်သူကြီးကိုသာ တာဝန်ပျက်ကွက်မှုဖြင့် ထုတ်ပယ်နိုင်ခဲ့သည်။

မြို့တော်သို့ပြန်ရောက်ပြီး နှစ်ရက်ကြာသောအခါ တောင်ပိုင်းမှ သတင်းပို့လာခဲ့သည်။ 

ဓါးပြတပ်က တောင်ပိုင်းကိုကျူးကျော်လာခဲ့ပြီး နှစ်လတောင်မပြည့်သည့်အချိန်တွင် ယွင်နန်နှင့်ယုံးကျိုးမှ မြို့အများစုကို သိမ်းပိုက်ခဲ့ကာ ယခုမူ သူတို့က ချန်ကျိုးကိုပါ မျက်စောင်းထိုးနေကြပြီဖြစ်သည်။ 

ထို့ထက်ပိုဆိုးသည်က ဘုရင်ခံမင်းသား၏အိမ်တော်ကိုပါ ဝင်စီးနင်းပြီး အိမ်တော်အတွင်းရှိလူများကို အကြောင်းမဲ့သက်သက်သတ်ဖြတ်၍ မြို့အဝင်တွင် လူခေါင်းကို ချိတ်ဆွဲထားခဲ့ကာ ဘုရင့်အာဏာကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ခဲ့ကြသည်။

အချိန်တစ်ခုလောက် သူ့ဘက်ကိုယ့်ဘက် အထက်အောက် လူတွေအကုန်လုံး ထိတ်လန့်ကုန်ကြ၏။ 

တစ်ချို့က ယန်ဇီမြစ်တောင်ပိုင်း(ကျန်းနန်)မှာ တပ်စွဲထားသည့် တင့်နယ်စားအား တပ်တွေကိုဦးဆောင်ခိုင်းပြီး ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်သိမ်းယူခိုင်းရန် အကြံပြုကြသည်။ တစ်ချို့ကလည်း တောင်ဘက်နယ်စပ်ကအရိုင်းမြေတွေကို ဆုံးရှုံးသည့်အတိုင်းသာထားလိုက်ပြီး ကျန်းနန်ကိုသာ သေသေချာချာစောင့်ကြပ်သင့်သည်ဟု ပြောကြပြီး နှစ်ဖက်လုံးက အတောမသတ် ငြင်းခုံနေခဲ့ကြသည်။ 

ဧကရာဇ်သည်က ညီလာခံသို့မျက်နှာလာမပြခဲ့။ သူက အုပ်ချုပ်ရေးအဖွဲ့ကိုသာ တော်ဝင်ပြန်တမ်းတစ်ခု ထုတ်ခိုင်းလိုက်ပြီး တိုင်းပြည်တစ်ဝှမ်းက မှူးမတ်အရာရှိတွေကို မိမိတို့မြို့ရိုးကို သေချာစွာစောင့်ကြပ်ပြီး နောက်ထပ်မြို့တစ်မြို့ ရေကန်တစ်ကန်တောင် မဆုံးရှုံးစေရဟု အမိန့်ထုတ်ခဲ့သည်။

ရှောင်းမုန်နှင့်ရှောင်းလန့်တို့မှာ နန်းတော်သို့ ၎င်းတို့သီးသန့် ဆင့်ခေါ်ခြင်းခံရသည်။ နေရာက နန်းတော်ဘေးတွင်တည်ဆောက်ထားသည့် ထျန်းမန်မျှော်စင်ဆီဖြစ်သည်။ 

ဧကရာဇ်က ထိုနေရာတွင် တောက်ကျင့်ကြံလေ့ရှိပြီး ရံဖန်ရံခါ မှူးမတ်များကို နေရာသို့ဆင့်ခေါ်တတ်သည်။

နှစ်ယောက်သားက ခန်းမထဲလျှောက်ဝင်လာကြသော်လည်း လှုပ်လီလှုပ်လဲ့ဖြစ်နေသည့် မီးတောက်များကိုသာ မြင်လိုက်ရသည်။ မြူခိုးများနှင့် ဝေဝေဝါးဝါးဖြစ်နေပြီး အဂ္ဂိရတ်မီးဖိုမှ အစိမ်းရောင်မီးခိုးများ ထွက်နေသည်။ 

ရုတ်တရက် အနီရောင်မီးတောက်တစ်ခု တောက်ပသွား၏။ ဧကရာဇ်က တောက်ဆရာတစ်ဦးလို ဝတ်စားထားပြီး မျက်လုံးများကိုမှိတ်လျက် အမြင့်တွင်ထိုင်ရင်း တရားရှူမှတ်နေသည်။ ယွီတောက်ကျီက သူ့ဘယ်ဘက်လက်အောက်နားတွင် ထိုင်နေ၏။ 

အဂ္ဂိရတ်မီးဖိုဘေးတွင်တော့ တောက်လူငယ်လေးတွေ တစ်ဒါဇင်ကျော်ခန့် ထိုင်နေကြပြီး သူတို့က မီးဖိုထဲကို တစ်စုံတစ်ခု ပစ်ပစ်ထည့်နေကြသည်။ ရှင်းရှင်းဆိုရလျှင် ကြိုးတပ်ခံရသည့် ရုပ်သေးရုပ်များကဲ့သို့ပင်။ 

၎င်းတို့နှစ်ဦး ဒီအတိုင်းပင်ရပ်နေခဲ့ပြီး ခဏကြာမှ ဧကရာဇ်က သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လာသည်။ နောက်ကျိနေသည့် သူ့မျက်လုံးတွေက အောက်မှာရပ်နေသည့်လူနှစ်ယောက်ကို ခပ်ဖျော့ဖျော့စိုက်ကြည့်၏။ 

သူ့အသံက ပြာဝင်နေကာ ကိုယ်တော် မင်းတို့နှစ်ယောက်ကို ဘာလို့ခေါ်ခိုင်းလဲသိလား

ရှောင်းမုန်က ခေါင်းငုံ့ပြီး ဖြေကြားလိုက်သည် ကျွန်တော်မျိုး မသိပါဘူး၊ အရှင်မင်းကြီး မိန့်တော်မူပါ

ရှောင်းလန့်ကလည်း ရိုသေစွာ ငုံ့ကိုင်းလိုက်၏။

ဧကရာဇ်ဆီမှ တစ်ခွန်းမှ မထွက်မလာခဲ့။ အသက်ပျောက်သွားပုံရသလို အတော်ကြီးကြာအေင် တိတ်ဆိတ်နေခဲ့ပြီးမှ သူက မျက်လုံးတွေကို မှေးကျဉ်းလိုက်ကာ ခန်းမဆောင်အပြင်ဘက်မှာ မြင်နေရသည့် မိုးပြာရောင်ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်ရင်း ရုတ်တရက် သက်ပြင်းချလိုက်ကာ 

ကောင်းကင်ကကြည်လင်ပြီး နေရောင်ကတောက်ပနေတယ်၊ ဒီလိုမြင်ကွင်းမျိုးကို ကိုယ်တော် ဘယ်လောက်ကြာကြာ မြင်ရဦးမလဲ မသိဘူး” 

အရှင်မင်းကြီးက ရယ်စရာတွေပြောနေပါပြီ” ရှောင်းမုန်က တည်ငြိမ်စွာဖြင့်ပင် ဆောင်းရာသီပြောင်းသွားတာတောင်မှ နှင်းလည်းမကျ မိုးလည်းမရွာတဲ့ နေ့ပါ၊ ဒီလိုမြင်ကွင်းမျိုးကလည်း ကျဲပါးပြီး သာမန်ပါပဲ၊ အရှင်မင်းကြီး မြင်ချင်တယ်ဆိုရင် နေ့တိုင်းမြင်နိုင်ပါတယ်

ဒီလောက်မလွယ်ဘူး” ဧကရာဇ်၏မျက်လုံးတွေက ရုတ်တရက်အေးခဲသွားပြီး သူ့ကို မျက်စိမှေးကြည့်ကာ မေးလိုက်သည် တောင်ဘက်သူပုန်တွေနဲ့ မြောက်ဘက်လူရိုင်းတွေကို ကိုယ်တော်ဘယ်လောက်ကြာကြာ ဟန့်တားနိုင်မယ်လို့ မင်းထင်လဲ

ရှောင်းမုန်က အစကတည်းက ပြင်ဆင်ထားခဲ့သလိုမျိုး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏ 

တင့်နယ်စားက တောင်ဘက်မှာရှိပါတယ်၊ အနည်းဆုံးတော့ ယန်ဇီမြစ်တောင်ဘက် (ကျန်းနန်) တစ်လျှောက်လုံးကို ထိန်းသိမ်းထားနိုင်ပါတယ်၊ ကျွန်တော်နဲ့ ဖခင်ကလည်း တိုင်းပြည်ကို ပြည်ပရန်ကနေ အကောင်းဆုံးကြိုးစားပြီး ကာကွယ်သွားမှာပါ

ဧကရာဇ်က သူ့စကားကို အလေးအနက်မထား။ သူက ပြော၏ တင့်နယ်စားက အခု အသက်(၇၀)တန်းမှာရောက်နေပြီ၊ သူက မင်းအဖေလိုမဟုတ်တာ နှမြောစရာကောင်းတယ်၊ မင်းအဖေက မင်းလို အရည်အချင်းပြည့်ဝတဲ့ သားလိမ္မာတစ်ယောက်ကို မွေးထုတ်ထားတယ်၊ ဒါပေမယ့် ဟယ့်မိသားစုမှာက နောက်မျိုးဆက်မရှိဘူး၊ လက်အောက်မှာလည်း သန်မာတဲ့စစ်သူကြီးတွေ မရှိဘူး၊ တင့်နယ်စားသာ ကွယ်လွန်သွားခဲ့ရင် တောင်ပိုင်းက လုံးဝကမောက်ကမဖြစ်သွားလိမ့်မှာ

“…. ဓါးပြတပ်တွေက အခု စီရင်စုလေးခုကိုပဲ သိမ်းပိုက်ထားတာပါ၊ နန်းတွင်းရဲ့စစ်အင်အားက အဆများစွာသာပါတယ်၊ အရှင်မင်းကြီး အများကြီးစိုးရိမ်နေစရာ မလိုပါဘူး

တကယ်လို့ သူတို့တွေ တကယ်ပဲ မြစ်တစ်လျှောက်ချီတက်လာခဲ့ရင် နန်းတွင်းတပ်တွေက မြစ်ကိုဖြတ်မကူးနိုင်အောင် တားနိုင်ပါ့မလား

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ရှောင်းလန့်မှာ ဒီစကားတွေကိုကြားပြီး တိတ်တဆိတ်မျက်မှောင်ကျုံ့မိသည်။ 

တောင်ဘက်တွင် စီရင်စုလေးခုသာ ဆုံးရှုံးသေးသော်လည်း ဧကရာဇ်က သွေးနည်းနေပြီဖြစ်သည်။ သူက အခုကတည်းက ခွဲခြမ်းလက်လွှတ်ချင်နေပြီး ဓါးပြတွေနဲ့ မြစ်ကမ်းကို ပိုင်းခြားအုပ်ချုပ်ချင်နေသည်။

ရှောင်းမုန်၏အသံမှာလည်း အနည်းငယ်အေးစက်သွားခဲ့၏ မြစ်ကမ်းမှာ တပ်စွဲထားပြီး သူတို့ကို ပိတ်ဆို့ထားဖို့ သဘာဝကပေးတဲ့ကျုံးကို အသုံးပြုရင် စိတ်ပူစရာမရှိပါဘူး

သေချာလား

ကြိုးစားကြည့်လို့ရပါတယ်” 

ရှောင်းမုန်၏အဖြေမှာ ဧကရာဇ်အား ကျေနပ်အားရစေခြင်းမရှိသည်မှာ သေချာလွန်းပါ၏။ သို့သော် ဧကရာဇ်က နောက်ထပ် ခက်ခဲအောင်မလုပ်တော့ပေ။ အတော်အတန်တိတ်ဆိတ်သွားပြီးမှ သက်ပြင်းအရှည်ကြီးချလိုက်ပြီး

ဒီနှစ်တွေမှာ မင်းအဖေနဲ့မင်းတို့ ကြိုးကြိုးစားစားလုပ်ခဲ့မှန်း ကိုယ်တော်သိပါတယ်၊ အကယ်၍ တစ်နေ့မှာ မြောက်ပိုင်းနယ်ခြားစောင့်တပ်က အနောက်မြောက်ဘက်ကို အေးချမ်းစေမယ်ဆိုရင် ကိုယ်တော်က ရှောင်းမိသားစုကို လျစ်လျူရှုမထားပါဘူး၊ မင်းကလည်း ကိုယ်တော့်ကို စိတ်မပျက်စေရဘူး…”

အဝေးတွင်ရှိသည့်ဓါးပြတပ်နှင့် ယှဉ်ပါက ဘေးနားတွင်ရှိသည့်လူရိုင်းတွေက ဧကရာဇ်ကို ပို၍ ညဘက်အိပ်မပျော်အောင်လုပ်နိုင်သည်မှာ သိသာလှသည်။ သူက အိပ်မပျော်စားမဝင်ဖြစ်နေသည်ပင်။ 

သို့ရာတွင် အနည်းဆုံးတော့ ရှောင်းရန့်လီတို့သားအဖက အိုမင်းနေသောတင့်နယ်စားထက် အများကြီးပိုစိတ်ချရသည်။ 

သူက ရှောင်းမိသားစုကို သိပ်မယုံကြည်လျှင်တောင်မှ ကောင်းကောင်းဆက်ဆံပါသေး၏။

ရှောင်းမုန်သည် ဧကရာဇ်၏ရှုပ်ယှက်ခတ်နေသော အတွေးများကို နားမလည်ဘဲမနေပါ။ နားမလည်ချင်ယောင် ဆောင်ထားခြင်းသာဖြစ်၏။ သူက အသာအယာပြန်ဖြေလိုက်သည် အရှင်မင်းကြီးရဲ့ညွှန်ကြားချက်ကို ကျွန်တော်မျိုးလိုက်နာပါ့မယ်

ဧကရာဇ်၏မျက်လုံးများကား ရှောင်းလန့်ပေါ်သို့ ကျရောက်လာသည်။ သူက ကြည့်နေရင်း မျက်လုံးထဲ အဓိပ္ပါယ်တွေ ပိုလေးနက်လာခဲ့ပြီးမှ 

ကိုယ်တော် ခေါင်းရှုပ်သွားလို့ နယ်စားအိမ်တော်မှာ ဒီလိုထက်မြက်တဲ့လူငယ်လေးတစ်ယောက် ရှိတယ်ဆိုတာ အမှတ်မရဘူးဖြစ်သွားတယ်၊ အခု တွေ့တော့မှပဲ မှတ်မိတော့တယ်၊ မင်းက လူရည်ချွန်ဟောင်းပဲ၊ မင်းရေးတဲ့ဆောင်းပါးကို ကိုယ်တော်မှတ်မိတယ် .. ပြောင်မြောက်တဲ့အရေးအသား နဲ့ ထူးခြားတဲ့ထိုးထွင်းသိမြင်ဉာဏ်ရှိတယ်၊ ခေါင်းဆောင်လို့ခေါ်နိုင်ပါတယ်၊ မင်းက အခု ပြည်သူ့ရေးရာရုံးတော်မှာ လုပ်နေတာမလား

ရှောင်းလန့်က နှိမ့်ချသံလည်းမပေါက် အလွန်အကျူးလည်းမဟုတ်ဘဲ ကျွန်တော်မျိုးက ပြည်သူ့ရေးရာရုံးတော် ရေဌာနက အကြီးအကဲပါ

သူသည် ဆဌမအဆင့်အရာရှိတစ်ဦးသာဖြစ်ပြီး နန်းတွင်းသို့ဝင်ရောက်ရန် အရည်အချင်းမမှီပေ။ ထိုနန်းတွင်းစာမေးပွဲမှလွဲ၍ ဧကရာဇ်ကိုတွေ့ဆုံရန် အခွင့်အရေးမရှိသလောက်ပင်။ ထိုဧည့်ခံပွဲများနှင့်စားသောက်ပွဲများကို ပါဝင်ဆင်နွှဲရပါစေ ဧကရာဇ်က သူ့ကို လူအုပ်များကြား လုံးဝသတိထားမိလိမ့်မည်မဟုတ်ချေ။ 

ဆဌမအဆင့်အရာရှိ.. အတော်လေးအရည်အချင်းရှိတယ်…” ဧကရာဇ်က နင့်နင့်နဲနဲ ရေရွတ်လိုက်၏။ 

သူက သူတို့စကားကိုနားထောင်နေဟန်ရှိသော်လည်း သူ့ကိုယ်သူပြောနေသကဲ့သို့လည်းရှိသည်။ သူက အကြောင်းအရာကိုပြောင်းပြီး နောက်တစ်ကြိမ် မေးလိုက်ပြန်သည် 

လွန်ခဲ့တဲ့နှစ်ရက်က မင်းသားဟွိုင် နန်းတော်ကိုလာပြီး နယ်စားအိမ်တော်နဲ့ မင်းသားဟွိုင်အိမ်တော်တို့ လက်ထပ်ဖို့ရည်ရွယ်ထားတယ်လို့ ကိုယ်တော့်ကို လျှောက်တင်သွားတယ်၊ သူ့ညီလေးနဲ့မင်းက ကတိပြုပြီးရည်ရွယ်ထားတယ်ဆို၊ မင်းနဲ့ ထိမ်းမြားလက်ထပ်ဖို့ မင်းသားဘွဲ့ကို စွန့်လွှတ်လိုက်တဲ့ကိစ္စက အမှန်ပဲလား

အမှန်ရှိပါတယ်” ရှောင်းလန့်၏အမူအရာမှာ အလွန်လေးနက်ပြီး စိတ်ရင်းနဲ့ပါပင် ကျွန်တော်မျိုးနဲ့ မင်းသားဟွိုင်အိမ်တော်ကသခင်လေးတို့က စိတ်တူကိုယ်တူ ရည်ရွယ်ထားကြပါတယ်၊ အရှင်မင်းကြီး ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်

ရှောင်းမုန်ကလည်း နားတော်သွင်းလာ၏ ကျွန်တော်မျိုးရဲ့ညီလေးနဲ့ မင်းသားဟွိုင်အိမ်တော်က သခင်လေးက မြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့ပါတယ်၊ ဒီအချစ်က ကျင့်ဝတ်တွေ စည်းမျဉ်းတွေကိုကျော်လွန်ပေမယ့် အရှင်မင်းကြီး ငဲ့ညှာပေးဖို့ မျှော်လင့်မိပါတယ်

ဧကရာဇ်မှာ မျက်လုံးအရောင် အကြိမ်အချို့ပြောင်းလဲသွားပြီးမှ နောက်ဆုံး၌ ပြုံးလိုက်၍ 

ချစ်တဲ့သူရှိလာမှတော့ ကိုယ်တော်က သဘောမတူဘဲ ဘယ်နေပါ့မလဲ၊ တော်ဝင်မျိုးနွယ်ယောကျ်ားလေးတွေက တခြားလူရဲ့ဇနီးအဖြစ် လက်ထပ်လို့မရဘူးလို့ ဘိုးဘေးတွေရဲ့စည်းမျဉ်းမှာ မရှိပါဘူး၊ အပြန်အလှန်ကြည်ဖြူကြတဲ့ကိစ္စတစ်ခုမို့ ကိုယ်တော်က မင်းတို့ကို ခွင့်ပြုပေးမှာပါ၊ မင်းတို့ရဲ့မင်္ဂလာပွဲအတွက် ကိုယ်တော်ကိုယ်တိုင် အမိန့်ပြန်တမ်းထုတ်ပေးမှာပါ

အရှင်မင်းကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်” ရှောင်းလန့်က အမြန်အဆန်ကျေးဇူးတင်လိုက်သည်။ သူ၏စကားသံထဲတွင် အနည်းငယ်ပို၍များပြားသော စစ်မှန်ခြင်းများကိန်းဝပ်နေ၏။ 

စကားအနည်းငယ်ထပ်ပြောပြီးမှာတော့ ဧကရာဇ်က ပင်ပန်းလာပြီး လက်ယမ်းပြကာ သူတို့ကို ထွက်သွားခိုင်းလိုက်သည်။ 

ယခုအချိန်အထိ နေရာမှာတစ်ချက်မရွေ့ ထိုင်နေဆဲဖြစ်သည့် ယွီတောက်ကျီက ပုခုံးချင်းယှဉ်လျက် ထွက်သွားသူနှစ်ယောက်၏ နောက်ကျောကို မျက်လုံးတွေပင့်ကာ ကြည့်လိုက်၏။ မျက်လုံးတစ်စုံက အနည်းငယ်ကျဉ်းမြောင်းသွားပြီးမှာ သူက အတွေးတွေများသွားခဲ့သည်။

မြင်းလှည်းက နန်းတော်မှမောင်းထွက်လာတဲ့အခါ ရှောင်းမုန်က သက်ပြင်းချလိုက်ကာ 

တောင်ဘက်ကဘာမှမဖြစ်ဘူးဆိုရင် အရှင်မင်းကြီးက လက်ထပ်ပွဲကို ဒီလောက်မြန်မြန် သဘောတူပေးမှာမဟုတ်ဘူး၊ အခုတော့ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပြန်တမ်းတောင် ထုတ်ပေးလိုက်သေးတယ်

ဧကရာဇ်သည် ယခုအခါ ၎င်းတို့၏ချန်နယ်စားအိမ်တော်အပေါ် တစ်စထက်တစ်စ ပိုအားကိုးနေရသည်။ အကယ်၍ အနောက်မြောက်နယ်စပ်ကိုပါ မထိန်းထားနိုင်ပါက တစ်နေ့နေ့တွင် ပြေးစရာမြေရှိတော့မည် မဟုတ်ပေ။

သူတို့လိုချင်သည်က လက်ထပ်ပွဲလေးတစ်ခုသာဖြစ်သည် ... ထို့ကြောင့် အသာတကြည်ဖြည့်ဆည်းပေးလိုက်မည်ပင်

ရှောင်းလန့်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည် 

အရှင်မင်းကြီးက ဒါကိုအသုံးချပြီး ကျွန်တော်တို့နဲ့ ဧကရာဇ်ညီတော်ကြားမှာ အက်ကြောင်းတစ်ခု ဖန်တီးချင်နေတာ ဖြစ်နိုင်တယ်၊ နယ်စားအိမ်တော်နဲ့ မင်းသားဟွိုင်အိမ်တော်က ထိမ်းမြားကြတဲ့အပြင် အရှင်မင်းကြီးကပါ အမိန့်ပြန်တမ်းထုတ်ပေးတယ်… ဧကရာဇ်ညီတော်က သေချာပေါက် အတွေးများမှာပဲ

ဧကရာဇ်ညီတော် ဘယ်လိုတွေးတွေး ငါတို့နဲ့ဘာမှမဆိုင်ဘူး” ရှောင်းမုန်က ခေါင်းယမ်းလိုက်ပြီး အရှင်မင်းကြီးရဲ့အတွေးကမှ စိုးရိမ်စရာကောင်းတာ

သူတို့၏ရှောင်းမိသားစုသည် မည်သည့်အခါမှ နန်းတွင်းနေရာလုပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက်မရှိပေ။ ဧကရာဇ်ညီတော်နှင့်လည်း လွန်လွန်ကဲကဲ အဆက်အသွယ်မရှိ။ သူတို့၏ဒေါ်လေးလက်ထပ်စဉ်က ကျုကျိုယွမ်မှာ သာမန်မင်းသားတစ်ပါးသာ ဖြစ်သေးသည်။ ထိုစဉ်ကအိမ်ရှေ့မင်းသားပါ ရှိသေး၏။ ကျုကျိုယွမ်က လက်ထပ်ခွင့်ကို ကျိုးကျိုးနွံနွံတောင်းခံခဲ့၍သာ ဒေါ်လေးက စိတ်လှုပ်ရှားသွားပြီး အဖေက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုအရာက ချန်နယ်စားမင်းရှောင်းရန့်လီအတွက်တော့ သူ့ဘဝတစ်သက် လုပ်ခဲ့ဖူးသမျှမှာ နောင်တအရဆုံးတစ်ခု ဖြစ်ခဲ့သည်။

နောက်ပိုင်းလည်း အရှင်မင်းကြီးက… ပြောလို့မရဘူး မင်းကို အသုံးချလာနိုင်တယ်၊ ညီတော်ကိုရင်ဆိုင်ဖို့ မင်းကိုနောက်တစ်ခါ အသုံးပြုလာနိုင်တယ်၊ မင်း… အစစအရာရာ သတိထားရလိမ့်မယ်” ရှောင်းမုန်က ရှောင်းလန့်အား လေးနက်စွာသတိပေးလိုက်သည်။

ကျွန်တော်သိပါတယ်” ရှောင်းလန့်က ပြန်ဖြေလိုက်သည် ကျွန်တော့်စိတ်ထဲ တွက်ထားပြီးသားပါ၊ အစ်ကို စိတ်မပူပါနဲ့

………

ညနေစောင်းတွင် ရှောင်းလန့် ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်တဲ့အခါ တေးသီငှက်လေးတစ်ကောင်က ပြတင်းပေါက်ပေါ်ကနေ ခုန်ဆင်းလာသည်။ 

ငှက်ကလေးက အပြင်ဘက်က သဖန်းပင်ကိုင်းခြောက်တွေကို ပတ်ကာပျံသန်းနေရင်း ပြတင်းပေါက်ဘောင်ပေါ် ခုန်ချလာခဲ့၏။ သူက အတောင်တွေကိုခါယမ်းရင်း ကျယ်လောင်စွာ သီကျွေးတော့သည်။

ရှောင်းလန့်၏မျက်လုံးတွေ အနည်းငယ်ပြူးကျယ်သွားသည်။ တောက်ပသည့်အဝါရောင် ငှက်ငယ်လေးကား ပျော်ရွှင်စွာဖြင့် သီချင်းပေါင်းတစ်ထောင်ကို ဖြည်းညှင်းစွာ သီဆိုနေခဲ့၏။

သူက အနှီငှက်လေးကို တစ်ခဏလောက် ငေးကြောင်ကြောင်စိုက်ကြည့်မိသွားသည်။ ခေတ္တခဏမှင်သက်သွားပြီးမှ တစ်ဖက်လှည့်ရင်း တံခါးအပြင်ဘက်သို့ အမြန်ဆုံး ထွက်သွားတော့သည်။

မင်းသားအိမ်တော်၏မြင်းလှည်းက နယ်စားအိမ်တော်၏ ဘေးဘက်တံခါးအပြင်ဘက်တွင် ရပ်ထားသည်။ 

ရှောင်းလန့်က မြင်းလှည်းပေါ်တက်လာပြီး အထဲဝင်ဖို့ လိုက်ကာကိုဖွင့်လိုက်သည်။ လမ်းအမြန်လျှောက်လာသည့်အတွက် သူ့နဖူးပေါ်မှာ ချွေးတွေစို့နေသည်။ သူက မျက်စိရှေ့မှာ တောက်တောက်ပပပြုံးပြနေသည့် ကျုယန့်ထင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့ကာ ခဏကြာမှ လည်စလုတ်က လှုပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည် ဘယ်လိုလုပ် ဒီရောက်နေတာလဲ

ကျုယန့်ထင်က ပြုံးပြပြီး မဖြေဘဲ မေးခွန်းပြန်မေးလာသည် ကျွန်တော်ရောက်နေတာ ခင်ဗျားဘယ်လိုသိလဲ

ထိုနေ့ အမဲလိုက်ကွင်းက ပြန်လာကတည်းက ကျုယန့်ထင်မှာ ခြေထောက်ဒဏ်ရာကြောင့် အိမ်အပြင်မထွက်ခဲ့ပေ။ 

ဒီရက်ပိုင်းတွေထဲ နန်းတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့ပြီး ရှောင်းလန့်မှာ သူ့ကိုတွေ့ဖို့ အချိန်မရှိခဲ့။ သူတို့မတွေ့ရသည်မှာ ရက်တော်တော်ကြာပြီပင်။

ရှောင်းလန့်က ခဏလောက် မှင်သက်သွားပြီးမှ မင်းခြေထောက် ကောင်းသွားပြီလား

ကောင်းသွားပါပြီ၊ မဟုတ်ရင် ကျွန်တော်က ဒီနေ့ မထွက်လာပါဘူး၊ အခုတလော ခင်ဗျားကို မတွေ့ရလို့ နည်းနည်းလွမ်းနေလို့

ကျုယန့်ထင်က ပြုံးပြီး တိုးတိုးလေးပြော၏။ သူ့စိတ်ထဲရှိရာတွေကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်လိုက်သည်။

ရှောင်းလန့်က သူ့ကို အကြာကြီးစိုက်ကြည့်နေ၏။ 

ကျုယန့်ထင်က သူ့နဖူးပေါ်ကချွေးတွေကို ကူသုတ်ပေးသည်။ ရှောင်းလန့်က သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်ပြီး သူ့ကို ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။ ပူလောင်ပြင်းပြသည့် အသက်ရှူသံတွေက နားနားမှာဝေ့ဝဲလာပြီး အဲ့ဒိတေးသီငှက်ကို မြင်လိုက်တယ်၊ ရှေ့တစ်ခေါက်က မင်းခြံဝင်းထဲမှာ တွေ့ဖူးတယ်” 

ကျုယန့်ထင်က ရှောင်းလန့်လည်ပင်းတစ်ဝိုက်ကိုတွဲခိုရင်း အသာပြုံးလိုက်သည် ကျွန်တော် တမင်ခေါ်လာတာလေ၊ ပျော်ဖို့ကောင်းလား

အင်း ပျော်ဖို့ကောင်းတယ်” 

ကျုယန့်ထင်က ဤကဲ့သို့ သူ့ကို အမြဲတမ်း အံ့အားသင့်စရာတွေပေး၏။ ရင်ထဲကနေပျော်ရွှင်လာအောင် လုပ်ပေးတတ်သည်။

ကျွန်တော့်ခြံဝင်းထဲက တေးသီငှက်တွေအကုန်လုံးကို ကျွန်တော်ကိုယ်တိုင်လေ့ကျင့်ပေးထားတာ၊ အရင်က ခြံဝင်းထဲပိတ်ခံထားရတုန်းက သူတို့နဲ့ပဲ အစ်ကိုတော့်ဆီကို သတင်းပို့ခိုင်းရတာ၊ အရမ်းတော်တဲ့ကောင်လေးတွေ…. ဒါတွေ မပြောတော့ပါဘူး၊ ခင်ဗျား ဒီနေ့ နန်းတော်ထဲသွားတာလား

ဟုတ်တယ်” ရှောင်းလန့်၏အသံမှာ ရှားရှားပါးပါး ပေါ့ပါးလန်းဆန်းနေသည် အရှင်မင်းကြီးက သဘောတူလိုက်ပြီ၊ အမိန့်ပြန်တမ်းထုတ်ပေးလိမ့်မယ်

တကယ်လား” ကျုယန့်ထင်၏မျက်လုံးတွေ တောက်ပသွား၏။ မျက်ဝန်းတွေထဲ အံသြပျော်ရွှင်မှုတွေ ပြည့်လျှံနေခဲ့ကာ တကယ် လက်ထပ်ပွဲကို ချီးမြှောက်ပေးမှာလား

အင်း.. မနက်ဖြန်ဆို အမိန့်ပြန်တမ်း ထွက်လာလောက်ပြီ” ရှောင်းလန့်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အရမ်းကောင်းတာပဲ.. ဒီလိုဆိုရင် ကျွန်တော်တို့ကို ဘယ်သူမှမကောင်းပြောလို့ မရတော့ဘူး၊ အရှင်မင်းကြီးက နောက်ဆုံးတော့ ကောင်းမှုတစ်ခုလုပ်လိုက်ပြီ” 

ရှောင်းလန့်က ကျုယန့်ထင်၏ပါးပြင်ကို ပွတ်သပ်လိုက်ရင်း သက်ပြင်းချကာ မင်းကို မင်းသားနေရာ စွန့်လွှတ်ရအောင် လုပ်မိတယ်၊ သိမ်ငယ်မိစေပြီ

ကျုယန့်ထင်က ဂရုမစိုက်ပေ မင်းသားနေရာပဲဟာ၊ မွေးကတည်းကလည်း မပါလာဘူး သေလည်းယူသွားလို့မရဘူး၊ ခင်ဗျား နောက်ပိုင်း ကျွန်တော့်အပေါ်ကောင်းတယ်ဆိုရင် ကျွန်တော်က မသိမ်ငယ်ပါဘူး၊ .. အခုချိန်ကစပြီး .. ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော့်စကားနားထောင်ရမယ်

ကောင်းပါပြီခင်မျာ” ရှောင်းလန့်က တစ်စက္ကန့်မျှပင် တွေဝေတုန့်ဆိုင်းခြင်းမရှိခဲ့။ အရင်က သူ့အစ်ကိုကြီးက ကျုယန့်ထင်တွင် ကျုမိသားစုဝင်များ၏တင်စီးမှုများ ရှိမနေဟု မှတ်ချက်ပြုခဲ့ဖူးသည်။ သို့သော် ထိုသို့မဟုတ်။ ကျုယန့်ထင်၏တင်စီးမှုများက သူ့တစ်ယောက်တည်းအပေါ်မှာသာ ဖြစ်နိုင်၏။ သူကလည်း အလုံးစုံ တင်စီးခံနိုင်ပါသည်။

ခဏလောက် စကားပြောပြီးတဲ့နောက် ကျုယန့်ထင်က သွားရတော့မည်ဖြစ်၏ 

အစ်ကိုတော်က ညစာစားဖို့ ပြန်လာခဲ့ဖို့ပြောထားတယ်၊ နောက်နှစ်ရက်နေရင် ထပ်လာတွေ့မယ်

ရှောင်းလန့်က သူ့လက်ကိုကိုင်လိုက်ပြီး လက်ချောင်းတွေကိုဖွဖွနမ်းလိုက်ရင်း လမ်းမှာ ဂရုစိုက်

မြင်းလှည်းပေါ်မှဆင်းပြီးသည့်အခါ ရှောင်းလန့်က နေရာမှာရပ်နေပြီး မြင်းလှည်းထွက်သွားသည်ကို ကြည့်ရှုနေခဲ့သည်။

တေးသီငှက်က မြင်းလှည်းနောက်မှာ လိုက်ပါသွား၏။ ရွှေရောင်အမွှေးတွေမှာ ညနေခင်း၏နေရောင်အောက်တွင် တောက်ပနေခဲ့သည်။ 

ငှက်ငယ်လေး၏ ကျီကျီကျာကျာသီဆိုသံက တဖြည်းဖြည်းဝေးကွာသွားခဲ့၏။ သို့ပေမယ့် ချစ်သူ၏ချိုမြိန်သောအသံကို သူ့နားထဲတွင် တိုးတိုးတိတ်တိတ် ကြားနေရတုန်းပင်။

…………