(18)
Viewers 2k

(18) 

မနက်စောစောတွင် ကျုယန့်ထင်နိုးလာခဲ့သည်။ မျက်နှာသစ်ပြီး အဝတ်လဲဖို့ သူ့ကို တစ်ယောက်ယောက်က စောင့်နေသည်။ 

မင်းသမီးဟွိုင်ဘေးကအစေခံက သူ့ကို စာအုပ်တစ်အုပ်ပေးလာပြီး ဤစာရင်းက မင်းသမီးဟွိုင် သူ့အတွက် ပြင်ဆင်ပေးထားသည့် ခန်းဝင်ပစ္စည်းများဖြစ်သည်၊ တစ်ချက်ကြည့်လိုက်ပြီး လိုအပ်သည်များရှိလျှင် ကိုယ်တိုင်ထပ်ဖြည့်နိုင်ပါသည်ဟု ပြောလာခဲ့သည်။

ကျုယန့်ထင်က ယူလိုက်ပြီး ညင်သာစွာပြုံးလိုက်ပြီးမှ မရီးကို သွားပြန်ပြောလိုက်ပါ၊ မရီးက တွေးပေးတတ်တယ်၊ ဒါတွေနဲ့တင်လုံလောက်ပြီ၊ ဒုက္ခများစရာမလိုပါဘူးလို့

အစေခံထွက်သွားပြီးနောက် ကျုယန့်ထင်က စာအုပ်ကိုဖွင့်ပြီး သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်သည်။ မရီးဖြစ်သူမှာ အလွန်တရာရက်ရောပြီး သူ့အတွက် အကောင်းဆုံးတွေကိုရွေးထုတ်ပေးထားသည်။ 

၎င်းတို့အထဲတွင် ယွမ်ကျိဘုရားကျောင်းတောင်ခြေက ဧကရာဇ်ချီးမြှင့်ခဲ့သည့် ခြံဝင်းပါပါဝင်၏။ သူ့အစ်ကိုတော်၏သဘောထားပင် ဖြစ်ချေလိမ့်မည်။

ထိမ်းမြားခြင်းအမိန့်ပြန်တမ်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ချန်နယ်စားအိမ်တော်မှ လက်ဖွဲ့ပစ္စည်းများ ပေးပို့လာခဲ့၏။ မင်္ဂလာရက်ကို ယခုနှစ်အကုန်တွင် သတ်မှတ်ထားကြသည်။

ကျုယန့်ထင်က စာအုပ်ကိုချလိုက်ပြီး စိတ်ထဲ အနည်းငယ် တွေးဝေငေးမောမိသွားသည်။ 

ဤသည်က သူလိုချင်သည့်အရာဖြစ်သည်။ သူ့အစ်ကိုတော်အတွက်ဖြစ်ဖြစ် သူ့အတ္တအတွက်ဖြစ်ဖြစ် သူလိုချင်သည့်အရာဖြစ်သည်။ သူပျော်နေသင့်သည်။ မျှော်လင့်ချက်အပြည့်ဖြစ်နေသင့်သည်။ သို့ပေမယ့် ဘာကြောင့်မှန်းမသိ သူ့နှလုံးသားက လေးပင်နေခဲ့သည်။ ဘေးနားကလူတွေကို ရင်ဖွင့်လို့လည်း မရခဲ့။  

ခဏကြာတော့ အားချင်းဝင်လာကာ သူ့ကို စာအိတ်တစ်အိတ်ပေးကာ တင်ပြလာသည် သခင်လေး ဒါက အနောက်မြောက်ဘက်ကလာတဲ့စာပါ

ကျုယန့်ထင်၏မျက်လုံးများက မှေးမှိန်သွား၏။ သူက တခြားသူတွေကို ထွက်သွားခိုင်းလိုက်ပြီး စာကိုယူလိုက်သည်။ 

အားချင်းက ရှင်းပြသည် ဒီစာကို အနောက်မြောက်ဘက်က ခရီးသွားတစ်ယောက်က ယူလာတာပါ၊ ကျွန်တော်တို့လူတွေ နယ်စားအိမ်တော်ကို စောင့်ကြည့်မနေရင် လွဲသွားလောက်ပါပြီ၊ စာယူလာတဲ့လူက နယ်စားအိမ်တော်မုဒ်ပေါက်ကို လျှောက်သွားနေတုန်း ကြားဖြတ်ယူလာတာပါ၊ စာကိုရရလာချင်း အိမ်တော်ကို ပို့လာတာပါ

ကျုယန့်ထင်၏မျက်နှာမှာ တင်းမာသွားခဲ့ပြီး ချိတ်တံဆိပ်ကို ဆွဲခွာလိုက်၏။ 

ဒါက တကယ့်ကို လျှိုရူရွှီထံမှဖြစ်သည်။ ခပ်ထူထူ စာတစ်ထပ်ပင်။ 

စာထဲတွင် သူယုံးကျိုးရောက်သွားပြီးနောက် ကြုံတွေ့ခဲ့သောအဖြစ်အပျက်များစွာကို ပြောပြထားသည်။ ငွေပို့ပေးသည့်အတွက် နယ်စားအိမ်တော်ကိုလည်း ကျေးဇူးတင်စကားဆိုထားသည်။ အဆုံးမှာတော့ ရှောင်းလန့်ကို သာကြောင်းမာကြောင်းမေးထားလေသည်။ ထိုသူက စာရေးနေစဉ်တွင် အကြိမ်တစ်ချို့ ရပ်လိုက်ရေးလိုက်လုပ်ထားသည်။ ရေးနေသည့်အချိန် စိတ်ဂနာမငြိမ်ဖြစ်နေသည်မှာ ထင်ရှား၏။

အဆုံးသတ်ဖတ်ပြီးသွားသည့်အခါတွင် ကျုယန့်ထင်က စာကိုကိုင်ထားရင်း ငေးမောတွေးတောနေသည်။ 

အားချင်းက သူ့ကို ခပ်တိုးတိုးခေါ်လိုက်မှ သူက သတိပြန်ဝင်လာသည်။ 

သူက ပြောလိုက်သည် မီးဖိုထဲထည့်လိုက်

အားချင်းက စာရွက်တွေကို မီးဖိုထဲထည့်လိုက်သည်။ မီးတောက်က လျင်မြန်စွာ လောင်ကျွမ်းသွား၏။ မီးတောက်ကြီးဖြစ်သွားပြီး ချက်ချင်းပြန်လည်ငြိမ်သက်သွားသည်။ 

ကျုယန့်ထင်က မတ်တပ်ထရပ်လိုက်ကာ သွားကြစို့.. ငါနဲ့အပြင်လိုက်ခဲ့” 

နေထွက်ချိန်တွင် မြင်းလှည်းက ချန်နယ်စားအိမ်တော် ဘေးတံခါးတွင်ရပ်သွား၏။ 

ရှောင်းလန့်က အစောကတည်းက လူတွေခေါ်လာပြီး ထိုနေရာမှာလာစောင့်နေသည်။ သူတို့၏လက်ထပ်ပွဲက သတ်မှတ်ခဲ့ပြီးပြီပင်။ သူတို့နှစ်ယောက်လုံး ယောကျ်ားလေးတွေချည်းဖြစ်နေရင်တောင်မှ လက်ထပ်ပွဲမတိုင်ခင် မကြာခဏချိန်းတွေ့ဖို့ မလွယ်ကူချေ။ ထို့ကြောင့် ကျုယန့်ထင်ရောက်လာသည့်အချိန်တိုင်း ဘေးတံခါးမှသာ ဝင်သည်။

ရာသီဥတုက ပိုအေးလာပြီး ဆောင်းဦးဆီးနှင်းတွေနှင့် မနက်ခင်းမြူနှင်းတွေက အေးစက်နေသည့်လေထုထဲ သိပ်သည်းနေသည်။

ကျုယန့်ထင်က မြင်းလှည်းပေါ်မှဆင်းလာသည်။ ရှောင်းလန့်က သူ့အတွက် ချက်ချင်း ဝတ်ရုံတစ်ထည်ခြုံပေးလိုက်ပြီး သူ့လက်ကို ကိုင်လိုက်သည်။

ကျုယန့်ထင်၏လက်ဖဝါးတွေက အမြဲတစေအေးစက်နေသည်။ ဘယ်လောက်ပဲ ဖုံးအုပ်ထားပါစေ နွေးအောင်မလုပ်နိုင်ပေ။ 

ရှောင်းလန့်က မျက်မှောင်မကျုံ့ဘဲ မနေလိုက်နိုင်။ 

ကျုယန့်ထင်က ပြုံးပြီး ပြောလိုက်သည် မနက်စောစောစီးစီး မျက်မှောင်ကြီးကျုံ့လို့.. စိတ်ထဲ တစ်ခုခုရှိနေလို့လား

လက်တွေ ဒီလောက်အေးနေတာ ဘာလို့ အဝတ်ပိုမထပ်ထားတာလဲ

အပြင်ထွက်ဖို့အရမ်းလောပြီး မေ့သွားတာ၊ မနက်စာတောင် မစားခဲ့ဘူး” ကျုယန့်ထင်က သာမန်ကာလျှံကာပင် ရှင်းပြသည်။

ရှောင်းလန့်က ဆက်မပြောတော့ဘဲ သူ့လက်ကိုဆွဲပြီး အိမ်တော်ထဲသို့ဝင်လာခဲ့သည်။

အခန်းထဲဝင်လာပြီးနောက် သူက အစေခံတွေကို ပြတင်းပေါက်တွေ လိုက်ပိတ်ခိုင်းသည်။ 

ကျုယန့်ထင်က ရုတ်တရက် ပြောလိုက်သည် ခဏ

ပြတင်းပေါက်ဆီသွားပြီး အပြင်ဘက်ကိုကြည့်လိုက်သည့်အခါ ယခင်တစ်ခေါက်က ခမ်းနားထူးခြားခဲ့သည့် နောက်ဘက်ကွက်လပ်က ဝါးပင်တွေနှင့်ပြည့်နေ၏။ စိုက်ခါစ ဝါးပင်ငယ်လေးတွေက လေယူရာယိမ်းနေပြီး ကွေ့ကောက်နေသည့် စင်္ကြန်လမ်းမှာ အတွင်းထဲသို့ဝင်သွားပြီး အဆုံးသတ်ကို မမြင်ရပေ။

ဒါက…” ကျုယန့်ထင်က အံသြတကြီး ပြန်လှည့်ကြည့်လာသည်။ 

မင်းခြံဝင်းနောက်မှာစိုက်ထားတဲ့ ဝါးရုံတောကို ကိုယ်မြင်ခဲ့တယ်.. နောက်ပိုင်း မင်း နယ်စားအိမ်တော်ကိုရောက်လာရင် အိမ်လွမ်းနေမှာစိုးလို့ အနောက်ဘက်ကိုဖွင့်ပြီး ဒါတွေကို စိုက်ခိုင်းလိုက်တာ၊ ဒီတောအုပ်က ရေကန်နဲ့ဆက်နေတယ်… နောက်ပိုင်း ရေကန်ဆီ ကွေ့ပတ်ပြီးသွားစရာမလိုတော့ဘူး

ထိုသို့ပြောပြီးနောက် ရှောင်းလန့်က ပြတင်းပေါက်ကို ကိုယ်တိုင်ပိတ်လိုက်သည်။ ကျုယန့်ထင်ကို ဆွဲခေါ်လာပြီး အကုန်လုံးပြင်ဆင်ပြီးသွားမှ ခေါ်သွားပြမယ်၊ အခုတော့ မနက်စာသွားစားရအောင်

ကျုယန့်ထင်မှာ တခဏအံ့သြနေခဲ့ပြီးမှ ရုတ်တရက် ရှောင်းလန့်၏ခါးကို သိုင်းဖက်လိုက်ပြီးမှီချလိုက်လေသည်။

ရှောင်းလန့်က သူ့ကျောကို အသာပုတ်ပေးရင်း ဘာဖြစ်လို့လဲ

ဝမ်းကွဲအစ်ကို ခင်ဗျား ဘာလို့ အဲ့လောက်ကောင်းရတာလဲ

ရှောင်းလန့်က သူ့ကို ဖက်လိုက်ကာ ဖြစ်သင့်တာပဲလေ.. အများကြီးမစဉ်းစားပါနဲ့.. လာပါ သွားကြစို့၊ ကိုယ်တို့ မနက်စာသွားစားကြမယ်

မနက်စာက ဖွယ်ဖွယ်ရာရာပင်။ ကျုယန့်ထင်ရှိနေသည့်အတွက် ရှောင်းလန့်က အစားအသောက်တွေကို ခပ်များများယူလာဖို့ လူတွေမှာထားသည်။ ခဏကြာတိုင်း ကျုယန့်ထင်ပန်းကန်ထဲကို စားစရာတွေထည့်ပေးနေသည်။

ကျုယန့်ထင်က မော့ကြည့်ပြီး သူနဲ့အတူ ပြုံးနေခဲ့သည်။ စကားလုံးတွေအများကြီးမလိုဘဲ တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းတွေထဲက နက်ရှိုင်းသည့်အချစ်ကို နားလည်နိုင်ကြသည်။

ထိုအချိန်တွင် ရှောင်းရုန်တစ်ယောက် မဖိတ်ခေါ်ဘဲရောက်လာ၏။ ဝေ့သခင်မကြီး လာပို့ခိုင်းသည့် မုန့်တွေလည်း ယူလာသည်။ 

သူက ခရီးဦးမဆိုက် ကျုယန့်ထင်ကို ဘလာဘလာပြောတော့သည်။ 

ဒါက အဒေ့ါ်ဘေးက အထိန်းတော်လီမောမော မနက်အစောကြီးထပြီး ကိုယ်တိုင်လုပ်ထားတာ၊ သူလုပ်တဲ့မုန့်တွေက အရမ်းအရသာရှိတယ်၊ ဒါပေမယ့် လက်စွမ်းတွေကို လွယ်လွယ်နဲ့မထုတ်ဘူး၊ အဒေါ်က ဒီနေ့ မင်းလာမယ်ဆိုတာသိလို့ဖြစ်မယ်.. သူ့ကို အထူးလုပ်ခိုင်းထားတာ

ပူပူနွေးနွေးမုန့်တွေကို စားပွဲပေါ်တင်ထား၏။ အကုန်လုံးက သေးသေးလေးတွေဖြင့် လက်ရာမြောက်ကာ နူးညံ့ပြီး အရသာရှိမည့်ပုံပေါ်သည်။ 

ကျုယန့်ထင်က ပြုံးလိုက်ပြီး ဒါဆို ခဏနေကျရင် မင်းက ငါ့အစား နယ်စားသခင်မကြီးဆီသွားပြီး ကျေးဇူးတင်စကားပြောပေးပါဦး၊ ပြီးတော့ လီမောမောကိုရော

ထိုနေ့က အမဲလိုက်ကွင်းမှာ ကျုယန့်ထင် ရှောင်းလန့်ကိုကယ်တင်ခဲ့ကတည်းက ဝေ့သခင်မကြီးက သူ့သဘောထားကို ပြောင်းလဲခဲ့ပြီး သူနှင့်ရှောင်းလန့်ဆက်ခံရေးကို မကန့်ကွက်ခဲ့တော့ပေ။ 

နောက်ပိုင်း အမိန့်ပြန်တမ်းရောက်လာသည့်အခါ စိုးရိမ်ပူပန်မှုတွေပါ မရှိတော့ဘဲ တက်တက်ကြွကြွနှင့် မင်္ဂလာပွဲအတွက် ပြင်ဆင်တော့သည်။

ဒီနေ့မှာ သူမက ရှောင်းရုန်ကို မုန့်တစ်ချို့သွားပို့ခိုင်းပြီး သူမဘက်ကကြင်နာမှုကို စတင်ပြသလိုက်သည်။ ယခင်ကိစ္စများကြောင့် ကျုယန့်ထင်စိတ်ထဲ အထုံးတစ်ခု ရှိနေမှာစိုးသောကြောင့် ဖြစ်၏။ 

ကျုယန့်ထင်မှာ လူကိုယ်တိုင် ကျေးဇူးတင်စကား သွားပြောချင်သည်။ 

သို့သော် ယခုက သူနှင့်ရှောင်းလန့်မှာ စေ့စပ်ဆဲအဆင့်တွင်သာရှိသေးပြီး ထုံးတမ်းအရ လက်ထပ်ပြီးမှသာ တစ်ဖက်လူ၏အကြီးအကဲများထံ တရားဝင်သွားရောက်လည်ပတ်နိုင်ကြသည်။

ရှောင်းလန့်က သူ့အတွက် ပျားရည်ပဲဌာပနာမုန့်ကြွပ်ကို ပန်းကန်လုံးထဲ ထည့်ပေးလိုက်ပြီး 

ဒါကို မြည်းကြည့်ဦး… မနေ့က အမေက မင်းအကြိုက်တွေကိုလာမေးပြီးမှ လုပ်ခိုင်းထားတာ၊ မင်းကြိုက်မှာသေချာတယ်

အင်း” ကျုယန့်ထင်က ပျားရည်မုန့်ကြွပ်ကို ပါးစပ်ထဲထည့်လိုက်သည်။ တကယ့်ကို ကြွပ်ရွပြီး ချိုသည်၊ ဆီလည်းမများပေ။ သူက တစ်ကိုက်တည်းနှင့် တစ်ခုကုန်သွားသည်။ နောက်ထပ် သုံးလေးခုပါ ထပ်စားလိုက်သည်။ 

အရင်က အားရုန်ကပြောတော့ မင်းသားဟွိုင်အိမ်တော်က အဆာပြေမုန့်တွေက အရသာရှိတယ်တဲ့၊ ဒါပေမယ့် ကျွန်တော်ကတော့ လီမောမောရဲ့လက်ရာကို ပိုကောင်းတယ်လို့ထင်တယ်၊ နောက်ပိုင်း နယ်စားအိမ်တော်ရောက်လာပြီးရင် ကျွန်တော် ခဏခဏစားလို့ရမှာမဟုတ်လား

ထင်လို့လား” ရှောင်းရုန်က တစ်ချက်ရယ်ရင်း 

လီမောမောက အများဆုံး တစ်လမှာ တစ်ခါပဲလုပ်တယ်၊ ပြီးတော့ နည်းနည်းလေး၊ အဒေ့ါ်ရဲ့အသည်းတုံးမြေးလေးတွေ မြေးမလေးတွေနဲ့ ငါတို့အလှည့်တောင်မရောက်ဘူး၊ ဒီနေ့ မင်းကဧည့်သည်မို့လို့ မင်းကိုအကြောင်းပြုပြီး ငါနဲ့အစ်ကိုနှစ်က ကပ်စားခွင့်ရတာ” 

ပြဿနာမရှိဘူး” ရှောင်းလန့်က ဝင်ပြောလာသည် မင်းကြိုက်တယ်ဆိုရင် တစ်ယောက်ယောက်ကို လီမောမောဆီမှာ သွားသင်ခိုင်းလိုက်မယ်၊ နောက်ပိုင်း ကိုယ်တို့ခြံဝင်းထဲမှာပဲ မီးဖိုချောင်သေးသေးလေးလုပ်ပြီး မင်းစားဖို့လုပ်ပေးမယ်

ကျုယန့်ထင်က ရယ်လေ၏။ သူ့မျက်ခုံးတန်းတွေက ပြေလျော့သွားခဲ့သည်။

ရှောင်းရုန်က ဝူးဝူးဝါးဝါးဖြင့် အစ်ကိုနှစ် ဘက်လိုက်တယ်” ဟုအော်လိုက်သော်လည်း နှမြောစရာ ဘယ်သူကမှ သူ့ကိုအဖက်မလုပ်ခဲ့ကြပေ။

မနက်စာစားစားပြီးနောက်မှာတော့ ရှောင်းလန့်က ရှောင်းရုန်ကို နှင်ထုတ်သည်။ စာသင်ကျောင်းကိုသွားခိုင်းပြီး စာသွားသင်ခိုင်းသော်လည်း ရှောင်းရုန်က တွန့်ဆုတ်နေပြီး မရီးနှစ်လည်း မသွားဘူးလေ

ကျုယန့်ထင်က သူ၏ မရီးနှစ်” ဟူသည့်အခေါ်အဝေါ်ကို အရမ်းဘဝင်ကျသော်ငြားလည်း လူကိုတော့ မနေခိုင်းပေ

ငါက တော်ဝင်စာသင်ကျောင်းမှာ စာသွားဖတ်ရုံပဲ၊ သွားသွား မသွားသွား အရေးမကြီးဘူး၊ မင်းနဲ့ငါက မတူဘူးလေ.. နန်းတွင်းစာမေးပွဲဖြေမယ့်လူက အခုဘယ်အချိန်ရှိနေပြီလဲ.. အိမ်မှာပဲရှိသေးတယ်

ရှောင်းရုန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွားရင်း “…. အရင်က မင်းစာမေးပွဲဖြေမယ်လို့ သေချာပေါက်ပြောခဲ့ပါတယ်

မင်းဖာသာပဲကောင်းအောင်လုပ်

ရှောင်းရုန်ကို အဝေးလွှတ်လိုက်ပြီးနောက်မှာတော့ ရှောင်းလန့်က ကျုယန့်ထင်ကို မေးလိုက်သည် 

မင်း နန်းတွင်းစာမေးပွဲဖြေချင်တာလား

ဒီတိုင်းပြောလိုက်တာပါ” ကျုယန့်ထင်က အေးအေးဆေးဆေးပင် ဘယ်မင်းသားအိမ်တော်က မျိုးဆက်တွေက နန်းတွင်းစာမေးပွဲဝင်ဖြေပြီး အရာရှိဖြစ်လာတာ တွေ့ဖူးလို့လဲ၊ ခင်ဗျားနဲ့လက်ထပ်တာကပဲ အုတ်အော်သောင်းနင်းဖြစ်ဖို့ လုံလောက်နေပြီ၊ ဒီ့ထက်သာပိုပြီး ကွဲပြားနေလို့ကတော့ တအားပေါ်ပေါ်ထင်ထင်ဖြစ်သွားလိမ့်မယ်၊ ထားလိုက်ပါတော့

ဒါဆို…. နောက်ပိုင်း ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ

ကျုယန့်ထင်က ခဏလောက်စဉ်းစားလိုက်ပြီးမှ ကျွန်တော်မပြောနဲ့.. ကျွန်တော့်အစ်ကိုတော်တောင် အားယားနေတဲ့မင်းသားတစ်ပါးပဲလေ... နောက်မှ ထပ်ပြောကြတာပေါ့

ရှောင်းလန့်က စကားပြောရန် ပြင်လိုက်ပြီးမှ ထပ်မမေးခဲ့တော့။

မနက်စာစားပြီးနောက်မှာ သူတို့နှစ်ယောက်က စာကြည့်ခန်းဆီသွားကြသည်။ 

ရှောင်းလန့်က ပန်းချီဆွဲပြီး ကျုယန့်ထင်က ဘေးနားမှာမင်သွေးပေးသည်။ ခဏလောက်ကြည့်ပြီးသည့်နောက် ကျုယန့်ထင်က သဲလွန်စတွေ့သွားသည်။ 

ရှောင်းလန့်ဆွဲနေသည်မှာ သူ့ပုံဖြစ်သည်။ ထိုနေ့ မီးပုံးပွဲတော်နေ့ ပထမဦးဆုံးတွေ့ကြစဉ်က သူ့ပုံဖြစ်သည်။

ကျုယန့်ထင်၏ပါးပြင်များ နီရဲလာပြီး ရှက်သွေးဖြာသွားသည် ဒါဆွဲပြီး ဘာလုပ်မလို့လဲ

ရှောင်းလန့်က သူ့ကို တစ်ချက်မော့ကြည့်လိုက်ကာ စုတ်ချက်တွေက ပိုပြီးအသေးစိတ်ကျလာသည်။

တဖက်လူက သူ့ကိုလျစ်လျူရှုထားတာတွေ့ရတော့ ကျုယန့်ထင်က စာအုပ်စင်ဘက်ကိုလျှောက်သွားပြီး စာအုပ်တွေကိုသာလှန်လှောနေလိုက်သည်။ တစ်ခဏ ဟိုလှန်သည်လှန်လုပ်ပြီး ရှောင်းလန့်ရေးထားသည့် ရှေးဟောင်းမှတ်တမ်းတစ်ချို့ကို သွားတွေ့သည်။ 

သူက ဘေးကခုံပေါ်မှာထိုင်ပြီး ဂရုတစိုက်လေ့လာနေလိုက်သည်။

တစ်နာရီခန့်ကြာပြီးနောက်မှာ ရှောင်းလန့် နောက်ဆုံးစုတ်ချက်ကို ဆွဲလိုက်ပြီး မှင်ကိုအခြောက်ခံလိုက်သည်။ 

ကျုယန့်ထင်က လာကြည့်ပြီး အံ့အားသင့်သွားသည်။

ရှောင်းလန့်မှာ ထိုနေ့ကအသေးစိတ်အားလုံးကို ရှင်းလင်းပြတ်သားစွာပင် မှတ်မိနေခဲ့သည်။  သူဖော်ပြလာသည့်ကိုယ်က နူးညံ့ပြီး အေးချမ်းလွန်းသည်။ ကမ္ဘာလောကကြီးနှင့် ဘာမှမသက်ဆိုင်သည့်လူလိုပင်။ သို့ပါသော်ငြား သူကတော့ အစကတည်းက ရှောင်းလန့်ကို ရည်ရွယ်ချက်ရှိရှိ တမင်ချည်းကပ်ခဲ့သည်။

ဘာတွေတွေးနေတာလဲ

ကျုယန့်ထင်က အတွေးပြန်ဝင်လာကာ ရှက်ရွံ့စွာပြုံးလိုက်ပြီး ဘာမှမဟုတ်ပါဘူး .. ခင်ဗျားက ပုံဆွဲတာအရမ်းတော်တယ်၊ ကျွန်တော် ကိုယ့်ကိုကိုယ် ရှက်မိသွားလို့ပါ” 

ရှောင်းလန့်က ပဟေဠိဖြစ်သွားပြီး ဘာကို ရှက်တာလဲ

ဝမ်းကွဲအစ်ကို.. တစ်နေ့ကျရင် ကျွန်တော်က ခင်ဗျားထင်သလောက်မကောင်းမှန်းသိသွားရင် ဘယ်လိုလုပ်မှာလဲ” 

ရှောင်းလန့်က လက်ထဲကစုတ်တံကိုချကာ လူကိုရင်ခွင်ထဲဖက်လိုက်ရင်း နူးညံ့စွာပြောလိုက်သည် 

အများကြီးမစဉ်းစားနဲ့၊ ကိုယ်ကလည်း မင်းထင်သလောက် မကောင်းပါဘူး၊ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူး၊ မင်းမှာ ဘာချို့ယွင်းချက်ပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားနိုင်တယ်

ကျုယန့်ထင်က ဘာမှပြန်မပြောတော့ဘဲ သူ့မျက်လုံးတွေမှိတ်ကာ ရှောင်းလန့်ကို ပြန်ဖက်လိုက်သည်။

နောက်ပိုင်းအချိန်တွေမှာတော့ နှစ်ယောက်သားက စာကြည့်ခန်းထဲ စာဖတ်လိုက် ပန်းချီဆွဲလိုက်ဖြင့် လက်ဖက်ရည်သောက်ပြီး စစ်တုရင်ကစားနေခဲ့ကြသည်။ 

ညနေစောင်းတွင်မူ ကျုယန့်ထင်က မတ်တပ်ထရပ်ပြီး နှုတ်ဆက်တော့သည် 

မိုးချုပ်နေပြီ၊ ကျွန်တော်ပြန်တော့မယ်

ရှောင်းလန့်က သူ့လက်ကို မလွှတ်ချင်လွှတ်ချင်ဖြင့် ဆွဲထားသည်။ 

ကျုယန့်ထင်ကရယ်လိုက်ပြီး မျက်လုံးတွေက ထိုင်ခုံဘေးမှာ အလျင်းသင့်သလိုတင်ထားခဲ့သည့် စာအုပ်သုံးလေးအုပ်ပေါ်ကို ရောက်သွားပြီးမှ ဝမ်းကွဲအစ်ကို.. ကျွန်တော် အဲ့စာအုပ်တွေကို ဖတ်လို့မပြီးသေးဘူး၊ ငှားသွားပြီး နောက်မှပြန်ပေးလို့ရလား

သဘော

ရှောင်းလန့်က ကျုယန့်ထင်ကို အိမ်ပြင်လိုက်ပို့ပေးသည်။ မြင်းလှည်းပေါ်မတက်ခင်မှာ ဝမ်းကွဲအစ်ကို.. နောက်တစ်ခါ အားရက်ကျရင် မြို့ပြင်ဘက်သွားရအောင်၊ ကျွန်တော့်ခြံဝင်းဆီသွားကြမယ်.. ခင်ဗျားကိုခေါ်သွားမယ်လေ ကောင်းတယ်မလား

အင်း” ရှောင်းလန့်က မဆိုင်းမတွခေါင်းညိတ်ပြလိုက်သည်။

ကျုယန့်ထင်က သူ့ကို နှုတ်ဆက်ကာ ပြန်သွားသည်။

……

နှင်းတွေထူထပ်လာပြီး အခန်းထဲဖယောင်းတိုင်မီးတွေ လင်းချင်းလာတဲ့အခါ ကျုယန့်ထင်က စားပွဲပေါ်မှာ ထိုင်လိုက်၏။ သို့သော် လက်ထဲစုတ်တံတစ်ချောင်းကို ကိုင်ထားပြီး အတော်ကြာတဲ့အထိ ချမရေးလာခဲ့ချေ။

ရှောင်းလန့်ကိုယ်တိုင် သူ့အတွက်ပြုလုပ်ပေးခဲ့သည့် ကြာပန်းပုံစံ စုတ်တံဆေးခွက်လေးမှာ စားပွဲပေါ်တွင်ရှိနေခဲ့ပြီး သူက ထိုအရာကိုငေးကြည့်နေခဲ့သည်။

အားချင်းက ဘေးနားကနေ အသံတိုးတိုးဖြင့် ခေါ်လိုက်သည် 

သခင်လေး.. ဖယောင်းတိုင်မီး ထပ်ထွန်းပေးရမလား

မလိုဘူး” ကျုယန့်ထင်က သက်ပြင်းတစ်ချက်ချကာ ပထမဦးဆုံးစုတ်ချက်ကို စာရွက်ပေါ်တွင် ချရေးလိုက်သည်။

အားချင်းက စကားလုံးအချို့ကိုနားလည်သည်။ ကျုယန့်ထင်ရေးနေသည်က တစ်ဝက်လောက်ရောက်သည့်အခါ သူက မနေနိုင်တော့ဘဲ သခင်လေး.. ဘာဖြစ်လို့ စိတ်အနှောင့်အယှက်အဖြစ်ခံပြီး သူ့ကို စာပြန်ရေးနေရတာလဲ

မင်းနားမလည်ပါဘူး” ကျုယန့်ထင်က ခေါင်းယမ်းလိုက်ပြီး သူ့ကို ပြတ်ပြတ်သားသားလက်လျော့သွားအောင် မပြောဘူးဆိုရင် သူက နယ်စားအိမ်တော်နဲ့ဆက်သွယ်ဖို့ မရမကကြိုးစားနေမှာပဲ

သူ ရှောင်းလန့်၏လက်ရေးစာအုပ်ကို ငှားလာခဲ့သည့်အကြောင်းမှာ ရှောင်းလန့်၏လက်ရေးကို တုပယူကာ ရှောင်းလန့်၏လေသံဖြင့် လျှိုရူရွှီထံ ပြန်စာရေးဖို့ပင်။ တခြားတစ်ယောက်နဲ့စေ့စပ်ခဲ့ပြီး မကြာခင်လက်ထပ်တော့မည်ဖြစ်သဖြင့် သူ့ကိုသတိရမနေတော့ဘဲ အနာဂတ်ကိုသာကြည့်ပါတော့ဟု လျှိုရူရွှီကို ပြောလိုက်တာပင်။

သူ စာရေးပြီးသွားတဲ့အခါ သန်းခေါင်တိုင်ပြီဖြစ်သည်။ သူက စုတ်တံကိုချပြီး နောက်တစ်ကြိမ်သေချာပြန်ဖတ်လိုက်သည်။ မှင်ခြောက်ခံကာ စာအိတ်တစ်အိတ်ထဲထည့်ပြီး ချိတ်တံဆိပ်ပိတ်၍ အားချင်းထံလွှဲပေးလိုက်သည်။ 

မနက်ဖြန်တစ်ယောက်ယောက်ကို သွားပို့ခိုင်းလိုက်

………..