(19)
(၉) လပိုင်းတွင် ဧကရာဇ်ညီတော်ကျုကျိုယွမ်က သြဝါဒစကားမြွက်ကြားရန် တော်ဝင်စာသင်ကျောင်း လင်ယုံးသို့ သွားရောက်ခဲ့သည်။
ဧကရာဇ်မင်းများ လင်ယုံးသို့လာရောက်ခြင်းမှာ ခေတ်အဆက်ဆက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ ရည်ရွယ်ချက်မှာ ကွန်ဖြူးရှပ်ဝါဒကို ပြန့်ဖြူးစေရန်၊ အသိဉာဏ် ပို့ချရန်နှင့် စာသင်ကျောင်းသားများကို လွှမ်းမိုးနိုင်ရန်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လင်ယုံးသို့လာရောက်ခြင်းက စည်းမျဉ်းတစ်ခု ဖြစ်လာခဲ့ပြီးနောက် တာ့ယန်မင်းဆက်ထိတိုင်အောင် နှစ်ရာချီတိုင် ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။
တိုက်ဆိုင်သည်မှာ ဧကရာဇ်မင်းက ဤရက်ပိုင်းအတွင်း အအေးမိပြီး အိပ်ရာပေါ်မှမထနိုင်။ အင်မတန်မှအားမရှိဖြစ်နေခဲ့ခြင်းကြောင့် ဒီကိစ္စမှာ ဧကရာဇ်ညီတော်၏ခေါင်းပေါ်သို့ ကျရောက်လာသည်။
အာရုဏ်မတက်မီတွင် ကျောင်းသားများက ပိယုံးခန်းမတွင် ရောက်ရှိစောင့်ဆိုင်းနေကြ၏။
မနက်အစောကြီးထခဲ့ရခြင်းကြောင့် ကျောက်ယွင်ရှုက မဆက်မပြတ်သန်းဝေနေသည်။ ရှောင်းရုန်ကလည်း ဟိုလှုပ်ဒီလှုပ်ဖြင့် ညီးတွားနေသည်။
ကျုယန့်ထင်က သူတို့ကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည် “ခဏနေရင် လူတွေရောက်လာတော့မယ်၊ မင်းတို့ နည်းနည်းပါးပါးထိန်းဦး.. တခြားသူတွေမမြင်စေနဲ့”
ကျောက်ယွင်ရှုက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကုတ်ပြီး “သခင်လေးကရော ဘာလို့ဒီရောက်နေတာလဲ၊ ဘာလို့ ဒုက္ခလာခံနေတာလဲ”
“ဟုတ်သား” ရှောင်းရုန်က ခေါင်းညိတ်ထောက်ခံသည် “ငါတို့က မလာမဖြစ်လို့လာရတာ.. မင်းက အိမ်မှာအိပ်နေလို့ရတာပဲ”
ကျုယန့်ထင်က ပြောလိုက်၏ “အိမ်ရှေ့မင်းသားက ကောင်းကင်သားတော်ကိုယ်စား လင်ယုံးမှာ သြဝါဒလာခြွေတာ.. ငါတို့က အသိဉာဏ်ပွင့်တာပေါ့၊ ဘာဖြစ်လို့ ဒုက္ခခံတယ်ခေါ်ရမလဲ”
ရှောင်းရုန်က မဲ့ကာရွဲ့ကာဖြင့် သဘောမတူပေ “သူပြောတာတွေ ဘယ်သူကနားထောင်ချင်လို့လဲ”
ကျုယန့်ထင်က ထိုစကားကိုကြားတော့ ရှောင်းရုန်ကို ဘေးစောင်းကြည့်လိုက်သည်။ သို့သော် တစ်ဖက်လူက ကျုကျိုယွမ်ကို လွန်စွာမှ မကျေမနပ်ဖြစ်နေသကဲ့သို့ မထီမဲ့မြင်မျက်နှာထားကို ပြုလုပ်ထား၏။
ဤသည်ကိုမြင်ပြီး ကျုယန့်ထင်၏မျက်လုံးများပေါ်တွင် နက်နဲသောအဓိပ္ပာယ်တစ်ခု တောက်ပသွား၏။
ရှောင်းရုန်ကတော့ ဘာကိုမှ သတိမပြုမိဘဲ အသံတိုးတိုးဖြင့် ညည်းညူပြန်သည်
“တအားထူးဆန်းတယ်.. အရှင်မင်းကြီးက ညီတော်မင်းသားကို ဒီလောက်ကြောက်တာကို... ပြီးခဲ့တဲ့ရက်တုန်းက အမဲလိုက်ကွင်းမတော်တဆကြောင့် အမေဘက်ကဦးလေးကိုတောင် ဒေါသထွက်ခဲ့သေးတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ဒီနေ့ကျတော့ သြဝါဒခြွေဖို့ ခွင့်ပြုလိုက်တာလဲ.. တစ်လောကလုံးက စာသင်သားတွေကို လွှမ်းမိုးနိုင်မယ့်အခွင့်အရေး၊ ဂုဏ်သတင်းတည်ဆောက်နိုင်မယ့် အခွင့်အရေးကို ဘာလို့ပေးလိုက်တာလဲ”
“ငါသိတယ်” ကျောက်ယွင်ရှုက ပိုပြီးတိုးတဲ့အသံနဲ့ သူတို့ကိုဖောက်သည်ချလာသည်
“ငါ့အဖေနဲ့ငါ့အစ်ကို တိုးတိုးတိတ်တိတ်ပြောနေတာကို ငါကြားခဲ့တယ်.. အရှင်မင်းကြီးက နေမကောင်းဖြစ်ပြီး မထနိုင်ဘူး၊ အဲ့ဒါကြောင့် သူက ဟောပြောပွဲကို ရွှေ့ခိုင်းတယ်.. အတွင်းဝန်လျှိုက ဒါကို နန်းတွင်းညီလာခံမှာတင်ပြတော့ မှူးမတ်တွေက မပြီးနိုင်မစီးနိုင် ငြင်းကြပါလေရော.. လင်ယုံးသြဝါဒနေ့ကို ထိုက်ဇူဧကရာဇ်လက်ထက်ကတည်းက တစ်ခါမှမပြောင်းခဲ့ဘူး၊ ပြီးတော့ ဧကရာဇ်ကိုယ်စား မင်းသားကတက်ရောက်ပေးတဲ့ သက်သေသာဓကတွေလည်း အများကြီးရှိတယ်လို့ ပြောကြတယ်.. ကျင်ရွေ့ဧကရာဇ်လက်ထက်တုန်းကဆို အိမ်ရှေ့မင်းသားက ဧကရာဇ်ကိုယ်စား လင်ယုံးကို ခဏခဏသွားတယ်... ဒီအကြောင်းကို ပြောထုတ်လာကြတော့ ဧကရာဇ်နဲ့အတွင်းဝန်လျှိုက သဘောမတူချင်ရင်တောင် သူတို့က အံကြိတ်ပြီး လိုက်လျောလိုက်ရတော့တာပေါ့”
ရှောင်းရုန်အတွေးက ဤသို့မဟုတ်ပေ။ သူက လှောင်တော့၏
“ကျင်ရွေ့မင်းဆက်ရဲ့ အိမ်ရှေ့မင်းသားက ဧကရာဇ်ရဲ့အချစ်ဆုံးသား… ဧကရာဇ်က သူ့သားတော်ကို မှူးမတ်တွေကြားမှာ နာမည်ကောင်းရစေချင်မှာ ကြိမ်းသေတယ်… အခု.. ညီတော်အိမ်ရှေ့မင်းသားကတော့… ဟွန့်.. အခုအချိန်မှကပ်ပြီး အရှင်မင်းကြီးက နေမကောင်းဖြစ်တာ နည်းနည်းတော့တိုက်ဆိုင်လွန်းနေသလိုပဲ”
ကျုယန့်ထင်က သူ့မျက်လုံးတွေကို အတန်ငယ်မှိတ်လိုက်၏။ တစ်ခုခုကို တွေးနေသလိုမျိုး သူက ပြုံးလိုက်၏။
မနက်ဝေလီဝေလင်းတွင် စည်သံများနှင့်ဗုံသံများ တစ်ပြိုက်နက်တည်း မြည်လာခဲ့သည်။ ထိုင်ရာမှထလိုက်ကြပြီး အသံဗလံများ ဆူဝေလာတော့သည်။ တော်ဝင်စာသင်ကျောင်းမှ ကျောင်းသားများနှင့် မှူးမတ်များက သက်ဆိုင်ရာအဆင့်အလိုက် တန်းစီပြီးနောက် တညီတညွတ်တည်း ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။
ညီတော်ကျုကျိုယွမ်က ထိပ်ဆုံးခုံမှာထိုင်လိုက်ပြီး အောက်ဖက်ကလူတွေကို ချီးကျူးသည်။
ထို့နောက် အသံကျယ်ကျယ်တစ်ခု ထွက်လာသည် “မြွက်ကြားလို့ရပါပြီ”
တော်ဝင်စာသင်ကျောင်း၏ အကြီးအမှူးက ရှေ့တက်လာပြီး ‘လီကျိ’ ကို လာဖတ်ကြားသည်။
“ထို့ကြောင့် ရိုးသားမှုသည်အဆုံးမရှိ.. အဆုံးမရှိလျှင် ရှည်မည်.. ရှည်လျှင် အောင်နိုင်သည်.. အောင်နိုင်လျှင် ဝေးကွာမည်.. ဝေးကွာလျှင် လေးနက်မည်.. လေးနက်လျှင် ပညာကိုရလိမ့်မည်…”
ဖတ်ကြားပြီသောအခါ ကျုကျိုယွမ်က စာအုပ်၏အဓိပ္ပါယ်ကို ရှင်းပြသည်။ သူ့အသံက ခန်းမအတွင်းမှ အပြင်သို့တိုင် တော်ဝင်စာသင်ကျောင်း၏ ထောင့်တိုင်းကို ပျံ့နှံ့သွားခဲ့သည်။
ရှောင်းရုန်က စိတ်မပါဘဲ နားထောင်နေသည်။ သို့သော် ကျုယန့်ထင်က မျက်လွှာကိုချထားပြီး ဘာတွေတွေးနေလဲမသိနိုင်ပေ။
‘လီကျိ’ ပြီးဆုံးပြီးနောက် အုပ်ချုပ်ရေးအဖွဲ့၏စာပေပညာရှင် ကျန်းရှစ်ဖူ၏အကြီးအကဲက ‘မုန့်ဇီ’ ကို ဖတ်ကြားလာသည်။
(T/N ကျန်းရှစ်ဖူ = the household administration of the heir apparent အိမ်ရှေ့စံမင်းသား၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲရေး)
သူ၏အသံကျယ်ကျယ်ကို လေထဲတွင် ကြားနေရသည် “သဒ္ဒါတရားမရှိသူသည် ၎င်းတို့၏ဆွေမျိုးများကို စွန့်ပစ်၏၊ ဖြောင့်မတ်မှုမရှိသူသည် ၎င်းတို့၏ရေမြေပြည့်ရှင်များကို စွန့်ပစ်၏”
သူပြောပြီးသည့်အခါ ကျုကျိုယွမ်၏အကြည့်တွေက နက်ရှိုင်းသွားသည်။
ကျုကျိုယွမ်က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည် “မုန့်ဇီကပြောတယ်.. ပြည့်ရှင်မင်းတို့၏ ရတနာသုံးပါးမှာ မြေ၊ ပြည်သူနဲ့ တိုင်းပြည်ရေး၊ .. ကျောက်စိမ်းရတနာများကို တပ်မက်နေပါက ကိုယ်တိုင် ထိခိုက်နိုင်၏…”
ကျုကျိုယွမ်မှာ နှုတ်ရေးကြွယ်၏။ သူက ကျန်းရှစ်ဖူအကြီးအကဲပြောသည့်စကားမှ သူ၏ကိုယ်ပိုင်အမြင်ကို ပညာရှိနည်းလမ်းဖြင့် ထုတ်ဖော်လိုက်ခြင်းပင်။
စေတနာထက်သန်သူတစ်ဦးသည် သူ၏ဆွေမျိုးများနှင့် သူ၏ပြည့်ရှင်မင်းကို ဘယ်သောအခါမှ သစ္စာဖောက်မည်မဟုတ်ပေ။ ထို့အတူ.. ဉာဏ်အမျှော်အမြင်ကြီးမားသော ပြည့်ရှင်မင်းများကလည်း ကျောက်စိမ်းကျောက်မျက်များမဟုတ်ဘဲ မြေ၊ ပြည်သူနှင့် တိုင်းပြည်ရေးကိုသာ တန်ဖိုးထားကြပေလိမ့်မည်။
ကျမ်းဂန်များနှင့်မှတ်တမ်းများကိုကိုးကားပြီး တက်ရောက်သူ မှူးမတ်များနှင့်ကျောင်းသားများကို သွန်သင်လိုက်ကြသည်။
ဤနေရာရှိမှတ်ချက်များကို နားထောင်ပြီးမှာတော့ အောက်ဘက်က မှူးမတ်တွေ၏မျက်နှာပေါ်မှာ သိမ်မွေ့နက်နဲသည့်အမူအရာတွေ ပေါ်လာခဲ့ကြသည်။ သို့သော် များများစားစား မဖော်ပြဝံ့ခဲ့ကြပေ။
ဟုတ်ပါ၏… ပညာရှိကျမ်းဂန်များမှာ အမှားအယွင်းမရှိပါ။ သို့သော် ယခုအခါ လောကကြီးက ကမောက်ကမ ဖြစ်နေသည်။ အနောက်မြောက်ဘက်ရှိ ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်မရရှိသေးသလို တောင်ဘက်မှာလည်း ဓားပြတပ်က နယ်မြေနှစ်ခုကို လောလောလတ်လတ် သိမ်းပိုက်ထားသည်။ သဘာဝကပ်ဘေးနှင့် လူလုပ်ကပ်ဘေးတို့က နေရာအနှံ့မှာပင်။ ပြည်သူတွေက အနင်းခံဘဝများဖြစ်နေကြ၏။ သို့သော် ဧကရာဇ်မင်းက ဘာလုပ်နေပါသနည်း။ သူက တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်ဖြင့် မသေမျိုးနှင့် တောက်လမ်းစဉ်ကိုသာ ကျင့်ကြံနေသည်။ တိုင်းပြည်ရေးကို ဂရုမစိုက်ခဲ့ပေ။
ညီတော်မင်းသားက ဟောပြောပွဲကိုကျင်းပသည်။ အထေ့အငေါ့အစောင်းအမြောင်းတွေ မပါဘူးဆိုမှ ထူးဆန်းနေလိမ့်မှာပင်။
ကျုယန့်ထင်က သူ၏နှုတ်ခမ်းထောင့်စွန်းတွေကို တစ်ချိန်လုံး တွန့်ကွေးထားခဲ့သည်။
သူသိပါ၏။ ညီတော်အိမ်ရှေ့မင်းသားက ပထမဦးဆုံးအကြိမ် ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရပြီးနောက် မထွေးနိုင်မအံနိုင် ဖြစ်နေလိမ့်မည်ပင်။ ဒီဟောပြောပွဲက လူတွေ၏နှလုံးသားကို လွှမ်းမိုးနိုင်ရုံမကဘဲ ဧကရာဇ်ကိုပါ အသရေဖျက်လိုက်နိုင်သည်။ ခဲတစ်လုံးတည်း ငှက်နှစ်ကောင်ပစ်လိုက်တာပင်။
ထို့နောက်တွင်တော့ ဧကရာဇ်က မည်မျှပင်ဒေါသထွက်နေပါစေ၊ သူ့ကို ဘာမှလုပ်နိုင်တော့မည်မဟုတ်။
ဟောပြောပွဲက မွန်းတည့်ချိန်မှ ပြီးဆုံးသွားခဲ့သည်။ နာရီပေါင်းများစွာ မတ်တပ်ရပ်လိုက် ဒူးထောက်လိုက် လုပ်လိုက်ရသဖြင့် ရှောင်းရုန်မှာ မောပန်းလွန်းပြီး ပစ်လဲကျလုနီးနီး ဖြစ်နေသည်။
ကျုယန့်ထင်က ဒါကိုမြင်တော့
“မင်းကိုကြည့်ဦး..မင်းစာသင်တာကို မင်းအစ်ကိုနှစ်စိတ်ပူတာလည်း အံ့သြစရာမရှိဘူး... ဘေးနားကလူတွေက လေ့လာမှတ်သားနေကြတယ်.. မင်းပဲ နည်းနည်းလောက်တွေးလိုက်တာနဲ့ ပင်ပန်းနေပြီ”
ရှောင်းရုန်က ပြန်လှန်ပြောဖို့တောင် အားမရှိ။ လေသံလေးဖြင့်သာ ပြန်ပြောလာသည်
“မင်းက ငါ့အစ်ကိုနှစ်နဲ့တောင် လက်မထပ်ရသေးဘူး၊ သူ့လိုမျိုး လာဆုံးမနေပြီ၊ လေသံကတော့ တစ်လေသံတည်း”
ကျုယန့်ထင်က ရယ်မောလိုက်ပြီး ဘာမှမပြောတော့ဘဲ သူ့ကို နေ့လည်စာစားဖို့ ခေါ်သွားလိုက်သည်။
တခြားလူတွေမရှိတဲ့အခါ ရှောင်းရုန်ကလည်း စောင့်စည်းမနေတော့ချေ။ ညီတော်မင်းသားအကြောင်းကို စိတ်ကြိုက်အတင်းတုပ်တော့သည်။
ကျုယန့်ထင်က စပ်စပ်စုစု မေးလိုက်၏ “မင်းက ဘာဖြစ်လို့ ဧကရာဇ်ညီတော်အပေါ်မှာ ဒေါသဒီလောက်ကြီးရလဲ၊ သူက မင်းကို ဘာလုပ်လိုက်လို့လဲ”
ရှောင်းရုန်က နာနာကျည်းကျည်းဖြင့် ပါးစပ်ပိတ်သွားသည်။ ခဏတဖြုတ် နှုတ်ဆိတ်သွားပြီးမှ “ဘာပဲဖြစ်ဖြစ် မင်းက နယ်စားအိမ်တော်ကလူဖြစ်တော့မှာဆိုတော့ ပြောလို့ရပါတယ်၊ ငါ့အမြင်တော့ အဲ့ဒိဧကရာဇ်ညီတော်က သိက္ခာရှိတဲ့လူမဟုတ်ဘူး၊ လောကကိုလှည့်စားတတ်တယ်၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ ကောင်းတဲ့ဟာ မဟုတ်ဘူး”
ကျုယန့်ထင်၏ မျက်လုံးအရောင်တွေ ရွရွပြေးသွားသည်။
“ဘာလို့ အဲ့လိုပြောတာလဲ”
“ငါတို့ဒေါ်လေးကို အစကတည်းက သူကိုယ်တိုင် လာတောင်းရမ်းခဲ့တာ.. သူက အရမ်းကို စိတ်အားထက်သန်နေတော့ ဒေါ်လေးက စိတ်ပါသွားရော၊ .. ငါတို့အိမ်ကလူတွေအကုန်လုံး သူလှည့်စားတာ ခံလိုက်ရတယ်.. သူ့ကို ဖြောင့်မတ်တဲ့ လူကြီးလူကောင်းလို့ ထင်လိုက်ကြတာလေ.. ဒေါ်လေးကို နားချလို့မရတော့ ဦးလေးက ဒီလိုပဲ လက်ထပ်ပွဲကို ခွင့်ပြုပေးလိုက်ရတယ်… နောက်ပိုင်း ဒေါ်လေးက လက်ထပ်ပြီးသွားတော့မှ သူ့မှာ အရမ်းချစ်တဲ့ ကိုယ်လုပ်တော်ရှိတယ်ဆိုတာ သိသွားတာ၊ ကိုယ်လုပ်တော်က သူ့ညီမဝမ်းကွဲ၊ အဲ့ဒိမိန်းမက အရမ်းမောက်မာတယ်.. အရမ်းအချစ်ခံရတော့ ဒေါ်လေးကို မျက်စိထဲမထည့်ဘူး၊ .. ဒေါ်လေးက စိတ်ပျော့တယ်.. သူအနိုင်ကျင့်ခံရတာကို မိသားစုတွေကို ပြန်မပြောပြဘူး၊ ဒီလိုနဲ့ နှလုံးရောဂါရသွားတယ်.. ကိုယ်ဝန်ရှိပြီးနောက်တော့ တဖြည်းဖြည်းစိတ်ဓါတ်ကျလာပြီး ကျန်းမာရေးကို ဂရုမစိုက်နိုင်တော့ဘူး.. အဆုံးသတ်တော့ မွေးရခက်ပြီး ဆုံးသွားတယ်.. ကလေးပါသေသွားတယ်”
ရှောင်းရုန်၏မျက်လုံးတွေက အနည်းငယ်နီနေ၏။ သူက မကျေမနပ် အံကြိတ်ပြီး
“ငါမှတ်မိသေးတယ်.. ဒေါ်လေးကလေးမမွေးခင် ရက်ပိုင်းအလိုလောက်က ငါသူ့ကိုသွားကြည့်တယ်.. သူ့ပုံစံက ပိန်ကပ်ပြီး ချောင်ကျနေတာ .. ဆံပင်တွေလည်း ကျိုးတိုးကျဲတဲနဲ့.. ပိန်ကပ်နေတာ ဗိုက်တစ်လုံးပဲကျန်တယ်၊ စားသမျှအန်ထွက်တယ်.. သည်းခြေရည်ပါ ထွက်လုနီးနီးအန်တယ်.. ဒါပေမယ့် သူ့ခင်ပွန်းက သူ့ကို စိတ်ထဲလုံးဝမရှိဘူး၊ အစေခံတွေတောင် သူ့ကို လျစ်လျူရှုရဲကြတယ်…၊ ဒါတင်ဘယ်ကဦးမလဲ အရင်အိမ်ရှေ့မင်းသား ကွယ်လွန်သွားတော့ သူက ငါတို့နယ်စားအိမ်တော်နာမည်သုံးပြီး အပြင်မှာ မိတ်ဆွေ့ဖွဲ့တယ်၊ လူတွေက ငါတို့ရှောင်းမိသားစုကို သူ့ဘက်ပါနေပြီလို့ ထင်သွားကြတယ်၊ အဲ့ဒိတုန်းက ငါ့အဖေနဲ့ငါ့အစ်ကိုကြီးက နယ်စပ်မှာ ဒါတွေကို လှည့်မကြည့်နိုင်ဘူး၊ အစ်ကိုနှစ်က ကျောင်းသားပဲရှိသေးတယ်၊ … အဲ့ဒါကြောင့် လူတွေအကုန်လုံးက အရှင်မင်းကြီးကတောင် ငါတို့မိသားစုက သူနဲ့တစ်လှေတည်းစီးနေပြီလို့ မှတ်သွားကြတာလေ.. သူက သူလိုချင်တဲ့ အရံအိမ်ရှေ့မင်းနေရာရသွားတယ်.. ဒါပေမယ့် အရှင်မင်းကြီးက ငါတို့နယ်စားအိမ်တော်ကို မုန်းသွားတယ်”
ရှောင်းရုန်က ဧကရာဇ်ညီတော်အကြောင်းကို ဖောက်သည်ချသည်။ မိသားစုအရေးကိစ္စများအကြောင်းကို ကျုယန့်ထင်ဆီ မချွင်းမချန်ပြောပြနေခဲ့သည်။
ကျုယန့်ထင်က စိတ်ထဲအတွေးတွေ သုံးလေးခါပြောင်းသွားခဲ့ပေမယ့် မျက်နှာပေါ်မှာ မပြဘဲ ရှောင်းရုန်ကိုသာ အကြံပေးလိုက်သည်
“ဒီစကားတွေ မင်း ငါ့ကိုပြောပြီးရင်မေ့လိုက်တော့.. အပြင်ထွက်ရင် လုံးဝမပြောနဲ့၊ ဘာပဲပြောပြော သူက မင်းသား.. အနာဂတ်မှာ ဧကရာဇ်ဖြစ်လာမှာ၊ မင်း ဘယ်လောက်ပဲနာကျည်းနေပါစေ ဗိုက်ထဲမြိုချထားဖို့ပဲရှိတယ်”
ရှောင်းရုန်မှာ ဒေါသထွက်လာပြီး ထပ်ပြောချင်နေသေး၏။
ထိုစဉ်မှာ အားချင်းက ဝင်လာပြီး ကျုယန့်ထင်ကို ခပ်တိုးတိုးတင်ပြလာသည်
“သခင်လေး.. ဧကရာဇ်ညီတော်လွှတ်လိုက်တဲ့လူ ရောက်လာပါတယ်၊ သခင်လေးကို စကားပြောဖို့ ဖိတ်ချင်တယ်လို့ ပြောပါတယ်”
ကျုယန့်ထင် ဘာမှပြန်မပြောနိုင်သေးခင်မှာ ရှောင်းရုန်က စိတ်မရှည်ဘဲ အရင်ဝင်ပြောလိုက်သည် “သူက ဘာလုပ်ချင်နေတာလဲ၊ မရီးနှစ်ကိုခေါ်ပြီး ဘာလုပ်မလို့လဲ”
ကျုယန့်ထင်က ရှောင်းရုန်၏လက်မောင်းကို အသာပုတ်ပြီး “ဘာမှမဖြစ်ပါဘူး၊ ငါသွားပြီး ပြန်လာခဲ့မယ်၊ မင်းအရင်စားနှင့်”
ဟောပြောပွဲအပြီးတွင် ကျုကျိုယွမ်သည် တော်ဝင်စာသင်ကျောင်းမှာ ခဏအနားယူနေခဲ့သည်။ ကျုယန့်ထင်က ထိုနေရာသို့ ခေါ်လာခံရသည်။ သူက နေ့လည်စာစားနေပြီး အနားမှာ ဘယ်သူမှမရှိ။
ကျုယန့်ထင်က အထဲဝင်လာပြီး ခေါင်းကိုငုံ့ကာ လေးလေးစားစား နှုတ်ဆက်လိုက်သည်။
ကျုကျိုယွမ်က ပြုံးပြရင်း “အကုန်လုံးက မိသားစုတွေပဲ.. ဒီလောက်အရိုအသေပေးနေစရာမလိုဘူး၊ ဒီမှာအပြင်လူမရှိဘူး.. ထိုင်.. ကိုယ်တော်နဲ့ တစ်နပ်လောက် အဖော်ပြုပေး”
“အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်” ကျုယန့်ထင်က ငြင်းဆိုခြင်းမပြုဘဲ တည်ငြိမ်စွာထိုင်ချလိုက်၏။
အစေခံတွေက သူ့အတွက် ပန်းကန်လုံးနှင့်တူတစ်စုံ ယူလာပေးသည်။ သူကလည်း ကောက်ကိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် စတင်စားသောက်တော့၏။
ကျုကျိုယွမ်က သူ့ကိုလှမ်းကြည့်သည်။
“အစကတော့ စာသင်ကျောင်းရဲ့အကြီးအမှူးက မင်းသားဟွိုင်အိမ်တော်ကလူငယ်လေး ဒီမှာစာသင်နေတယ်လို့ ပြောတယ်.. မင်းသားဟွိုင်အိမ်တော်မှာ ဒီလောက်ထက်မြက်တဲ့လူငယ်လေးတစ်ယောက် ရှိမယ်မှန်း ကိုယ်တော် မသိခဲ့ဘူး… အဲ့ဒါကြောင့် တစ်ခါလောက်တွေ့ချင်လို့ မင်းကို ဖိတ်ခေါ်လိုက်တာ”
ကျုယန့်ထင်က အသာအယာပင်ပြောလိုက်၏။
“အရှင်မင်းသား မှတ်သားနေပါပြီ၊ ကျွန်တော်က တုံးအပါတယ်၊ စာအုပ်တွေပိုဖတ်တာကလည်း အချိန်ဖြုန်းဖို့အတွက်ပါပဲ”
“မင်း ဘာဖြစ်လို့ နှိမ့်ချနေရတာလဲ၊ ငါတို့ကျုမိသားစုမှာ တုံးအတဲ့လူ ဘယ်လိုလုပ် ရှိမှာလဲ” ကျုကျိုယွမ်က သဘောမတူချေ။ သူက ပြုံးပြီး ထပ်ပြောပြန်၏။
“အခု မင်းကိုတွေ့လိုက်ရတော့ ကိုယ်တော် သတိရသွားတယ်.. အရင်နေ့တွေတုန်းက အရှင်မင်းကြီးက မင်းသားဟွိုင်အိမ်တော်နဲ့ ချန်နယ်စားအိမ်တော်ကို လက်ထပ်အမိန့်ပြန်တမ်းထုတ်ပေးလိုက်တဲ့သတင်းက အုတ်သော်သောင်းနင်းပဲ… အဲ့ဒိ ချန်နယ်စားအိမ်တော်နဲ့လက်ထပ်တော့မယ့် မင်းသားဟွိုင်အိမ်တော်က လူငယ်လေးက မင်းပဲမလား”
ကျုယန့်ထင်က ခေါင်းညိတ်လိုက်ပြီး “ကျွန်တော်ပါ”
ကျုကျိုယွမ်က အပြုံးသဲ့သဲ့ဖြင့် “တကယ်ပဲလား.. ထူးဆန်းတာပဲ.. ကိုယ်တော် အရမ်းသိချင်နေတယ်.. မင်းက ဘာလို့ မင်းသားနေရာကို စွန့်လွှတ်ပြီး တစ်ခြားတစ်ယောက်ရဲ့ဇနီးအဖြစ် လက်ထပ်ဖို့ဆန္ဒရှိရတာလဲ၊ မင်းရဲ့အစ်ကိုတော်က သဘောတူရဲ့လား”
ကျုယန့်ထင်၏မျက်တောင်များ လှုပ်ခါသွား၏။ တစ်ခုခုကို စဉ်းစားမိလိုက်ပုံဖြင့် သူ့မျက်ဝန်းများက နူးညံ့သွားသည်။
“အရှင်မင်းသားကို ရယ်စရာတွေတွေ့စေမိပါပြီ၊ ကျွန်တော်က ရှောင်းလူကြီးမင်းကို မြင်မြင်ချင်းသဘောကျမိသွားတာပါ၊ အစ်ကိုတော်ကို မရမကတောင်းဆိုလိုက်လို့ အစ်ကိုတော်က မတတ်သာဘဲ ခွင့်ပြုပေးရတော့တာပါ”
“မင်းက နောက်ပိုင်းမှာ တော်ဝင်မျိုးနွယ်က အိမ်ထောင်ဦးစီးဖြစ်လာမှာပဲ၊ ဘာဖြစ်လို့ ရှောင်းအရာရှိကို မင်းနောက်လိုက်ဖို့ မတောင်းဆိုရတာလဲ”
ကျုယန့်ထင်က သက်ပြင်းချလိုက်ရင်း “အတိတ်က မင်းသားဟွိုင်အိမ်တော်အကြောင်းတွေကို အရှင်မင်းသားလည်း ကြားဖူးခဲ့မှာပါ၊ မင်းသားအိမ်တော်ထဲမှာ အရာအားလုံးက ရှုပ်ထွေးပြီး စည်းမျဉ်းတွေအများရှိပါတယ်၊ သူ့ကို မပင်ပန်းစေချင်လို့ပါ”
ကျုကျိုယွမ်က သိပ်အလေးအနက် မမှတ်ယူ။
“ချန်နယ်စားအိမ်တော်ကရော ဘယ်နားက ပိုကောင်းနိုင်တာမို့လို့လဲ၊ မင်းက နယ်စားအိမ်တော်ထဲ ဝင်သွားပြီးရင်း ယောက္ခမရော တစ်မိသားစုလုံးကိုရော အထက်အောက်ကြီးကြီးငယ်ငယ် အကုန်ထိတွေ့ဆက်ဆံရမယ်၊ စည်းကမ်းတွေက ပိုတောင်များသေးတယ်၊ မင်းသားဟွိုင်အိမ်တော်က အခုလက်ရှိ မင်းအစ်ကိုရဲ့အိမ်တော်ဖြစ်နေပြီ၊ ဘာစိတ်ပူစရာရှိသေးလို့လဲ၊ ပြီးတော့ နောက်တစ်နှစ် နှစ်နှစ်လောက်ဆို မင်းက မင်းသားဖြစ်ပြီး ကိုယ်ပိုင်အိမ်တော်ပါရပြီ၊ ဘာဖြစ်လို့ လက်လျော့လိုက်မှာလဲ”
ကျုယန့်ထင်က ခေါင်းကို အနည်းငယ်ယမ်းလိုက်၏။
“အရှင်မင်းသားစိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စမှာ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ပြီး သူ့ကို ခေါ်လာလိုက်လို့မရပါဘူး၊ သူသာ မင်းသားအိမ်တော်ထဲ ဝင်လာခဲ့ရင် နောက်ပိုင်း ဘယ်လိုဝေဖန်ခံရမလဲ မသိနိုင်ပါဘူး၊ နန်းတွင်းရုံးတော်မှာ သူဘယ်လိုများ ဝင်ဆန့်နိုင်ပါတော့မလဲ၊ ..ကျွန်တော့်အတွက်ကတော့.. သူသာ ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံနေသရွေ့ နယ်စားအိမ်တော်ကလည်း ကျွန်တော့်ကို ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ပါဘူး၊ ဒါကြောင့် မင်းသားနေရာလောက်က ကျွန်တော့်အတွက်တော့ ကိစ္စမရှိပါဘူး”
“မင်း တကယ်ပဲ ဒီလိုစဉ်းစားတာလား”
“ဟုတ်ကဲ့ပါ”
ကျုကျိုယွမ်က သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။ ကျုယန့်ထင်မျက်နှာပေါ်က အရိပ်အကဲကို ဖမ်းချင်နေသလို သေချာအကဲခတ်နေ၏။ အဆုံးသတ်ကျမှ သူက အားပါတရပြုံးပြလိုက်သည်။
“ငါတို့ကျုမိသားစုမှာ ဒီလိုအချစ်မျိုးထွက်ပေါ်လာလိမ့်မယ်လို့ တကယ့်ကို မထင်လိုက်မိဘူး”
ကျုယန့်ထင်က ခံစားချက်ကိုမပြဘဲ မျက်လွှာကိုသာချထားခဲ့ပြီး ဘာမှမပြောခဲ့။
…….
မွန်းလွဲပိုင်းမှာတော့ ကျုယန့်ထင်က တော်ဝင်စာသင်ကျောင်းမှ ထွက်လာခဲ့သည်။
ရှောင်းလန့်၏မြင်းလှည်းမှာ လမ်းကြားလေး၏အဝင်ဝတွင် ရပ်ထား၏။ သူက တည့်တည့်လျှောက်သွားပြီး တံခါးကိုဆွဲဖွင့်လိုက်ချိန်တွင် ရှောင်းလန့်က သူ့ကို ရင်ခွင်ထဲကိုဆွဲဖက်လိုက်သည်။
“ဝမ်းကွဲအစ်ကို စောင့်နေတာ ဘယ်လောက်ကြာပြီလဲ.. အားရုန်ရော..”
ကျုယန့်ထင်၏စကားတွေထဲ အပြုံးတွေပျော်ဝင်နေ၏။ ရှောင်းလန့်ကိုမြင်လိုက်ရမှ သူ့အမူအရာက ပေါ့ပါးသွားသည်။
“သူ့ကို အရင် အိမ်ပြန်ခိုင်းလိုက်ပြီ… ကိုယ် မင်းကို အိမ်လိုက်ပို့ပေးမယ်”
“ခင်ဗျား ဒီမှာ အထူးတလည်လာစောင့်နေတာ ကျွန်တော့်ကို အိမ်လိုက်ပို့ပေးမလို့လား”
ကျုယန့်ထင်က မျက်တောင်တွေကိုခတ်၏။ သူ့အပြုံးတွေထဲ စနောက်သည့်အရိပ်အယောင်တွေ ရှိ၏။
“အွန်း” ရှောင်းလန့်က မငြင်းပေ။ သူက ကျုယန့်ထင်ပါးပြင်ပေါ် ပွတ်သပ်လိုက်ရင်း “ပင်ပန်းနေပြီလား.. နေ့လည်က ဧကရာဇ်ညီတော်က မင်းကို ခေါ်တွေ့တယ်ဆို.. အားရုန်ဆီကကြားတယ်”
“ဟုတ်တယ်လေ” ကျုယန့်ထင်က သိပ်ခေါင်းထဲမထည့် “သူက ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သိချင်နေတော့ ကျွန်တော်က အကုန်လုံး ပြောပြလိုက်တာပေါ့”
“… ဘာတွေပြောလိုက်တာလဲ”
“အမှန်အတိုင်းပြောလိုက်တာလေ.. ကျွန်တော်က ခင်ဗျားချစ်လို့… ခင်ဗျားနဲ့မရမက လက်ထပ်ချင်နေလို့.. အစ်ကိုတော်က ဘာမှမတတ်နိုင်တော့ဘဲ အရှင်မင်းကြီးမှာ ခွင့်ပြုချက်သွားယူရတယ်လို့ ပြောလိုက်တာ”
ရှောင်းလန့်က ပါးစပ်အဟောင်းသား ဖြစ်ရသည်ပင်။
“ကောင်းပါတယ်.. မင်းဒီလိုပြောလိုက်တာ.. သူက လုံးဝယုံမှာတော့မဟုတ်ပေမယ့် အပြစ်မရှိအပြစ်ရှာလို့မရတော့ဘူး…. နောက်တစ်ခါ မင်းကို လာရှာပြီး ပြဿနာမလုပ်ရင် ရပြီ”
“ကျွန်တော်သိပါတယ်.. ဒီနေ့ဟောပြောပွဲပြီးတဲ့နောက်မှာ သူ့ဂုဏ်သတင်းက တအားထိုးတက်သွားပြီ၊ ကျွန်တော့်ကို မပြောနဲ့.. မင်းသားဟွိုင်အိမ်တော်ကိုတောင်မှ မျက်စိထဲထည့်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့မင်းသားဟွိုင်အိမ်တော်က အမြဲတမ်းအဝေးကြီးမှာ၊ ဘယ်လိုလုပ် သူ့အာရုံကို ဆွဲဆောင်နိုင်မှာလဲ”
ကျုယန့်ထင်က စကားတွေဆုံးသွားတဲ့အခါ ရှောင်းလန့်လည်ပင်းကို သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်သည်။ သူက တိုးတိုးလေးဖြင့် “ဝမ်းကွဲအစ်ကို… ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တယ်.. တခြားသူတွေကတော့ ဘယ်နားလည်မှာလဲ”
ရှောင်းလန့်၏နှလုံးသား ခုန်သွားခဲ့ပြီးမှာ သူက သူ့ကို ပြန်နမ်းလိုက်တော့၏။
………