(20)
ကန်းလင်နန်းဆောင်.. ဘုရင်မင်းမြတ်၏အိပ်ဆောင်ထဲ…
ညသည် တိတ်ဆိတ်နေ၏။ ခန်းမအတွင်းရှိ ဖယောင်းတိုင်များမှာ မီးစုန်းများကဲ့သို့ တဖျပ်ဖျပ်ဖြစ်နေခဲ့ပြီး နံရံပေါ်တွင် အရိပ်များ တလှုပ်လှုပ်ထင်ဟပ်နေသည်။
သလွန်ထက်မှ ဧကရာဇ်မင်းသည် အော်ဟစ်ပြီးလန့်နိုးလာသည်။ သူက ထထိုင်လိုက်ပြီး ချွေးစေးတွေနှင့် ရွှဲနစ်နေသည်။ သူ့မျက်နှာကနီရဲနေပြီး လည်ချောင်းက တစ်ဆို့နေပုံရသည်။ သူက အက်ကွဲပြာဝင်နေသောအသံဖြင့် အော်ခေါ်လိုက်သည်
“လာကြ.. လာ…”
အပြင်ဘက်မှာစောင့်ကြပ်နေသော မိန်းမစိုးသုံးလေးယောက် ပြေးဝင်လာပြီး ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ကြသည်။
ဧကရာဇ်က ခေါင်းအုံးကိုကောက်ကိုင်ကာ နံရံကို ပစ်ပေါက်လိုက်သည်။ သူ့မျက်လုံးတွေထဲ ထိတ်လန့်မှုအပြည့်ဖြင့်ပင်
“အဲ့ဒါ ဘာကြီးလဲ… ထွက်သွား.. ထွက်သွား…”
“အရှင်မင်းကြီး.. စိတ်အေးအေးထားပါဦး… အရှင်မင်းကြီး စိတ်အေးအေးထားပါဦး” မိန်းမစိုးက ဒူးထောက်လျက်သား ရှေ့တက်လာပြီး ဧကရာဇ်ကို လာဖျောင်းဖျသည်။
“အဲ့ဒါ ပြတင်းပေါက်အပြင်ဘက်က သစ်ပင်အရိပ်ပါ… အရှင်မင်းကြီး စိတ်ကိုလျှော့ပါ.. ကျွန်တော်မျိုး ပရောဟိတ်ကြီးကို သွားခေါ်လိုက်ပါ့မယ်”
ယွီတောက်ကျီက အချိန်လွန်ပြီးမှရောက်လာသည်။
ဧကရာဇ်က သူ့ကိုတွေ့တဲ့အခါ ရေနစ်သူကောက်ရိုးတစ်မျှင် တွေ့လိုက်ရသလိုပင်။ အားကိုးတကြီး ဖက်တွယ်ရင်း “ပရောဟိတ်ကြီး ကိုယ်တော့်ကိုကယ်ပါဦး.. ကိုယ်တော့်ကို ဒုက္ခပေးချင်နေတဲ့လူရှိတယ်လို့ အိပ်မက်မက်တယ်.. ကိုယ်တော် သူတို့ကို သတ်မယ်.. ကိုယ်တော် သူတို့ကို သတ်မယ်”
ယွီတောက်ကျီက ခပ်အေးအေးပင် နှစ်သိမ့်လာသည် “အရှင်မင်းကြီး အိပ်မက်ဆိုးမက်နေတာပါ…”
“မဟုတ်ဘူး.. ကိုယ်တော့်ကို ဒုက္ခပေးချင်နေတဲ့လူရှိတယ်.. ကိုယ်တော့်ကို သတ်ချင်နေတဲ့လူရှိတယ်”
“အရှင်မင်းကြီး .. ဆေးသောက်လိုက်ပါဦး”
ဧကရာဇ်က အလောတကြီး ဆေးကိုယူကာ မြိုချလိုက်သည်။ သူ့မျက်လုံးများမှာ ကြေးနီမောင်းကွင်းများကဲ့သို့ နီရဲပြူးထွက်နေ၏။
သူက သွားတွေကို တကျိကျိဖိကြိတ်ရင်း
“ကိုယ်တော်မဖျားဘူး၊ ကိုယ်တော့်မှာ နှလုံးဝေဒနာပဲရှိတယ်.. ကိုယ်တော်သိတယ် အပြင်ကလူတွေက ကိုယ်တော့်ရောဂါကို ထူးဆန်းတယ်လို့ပြောကြတာ.. ပရောဟိတ်ကြီးကို သံသယရှိနေတဲ့လူတွေက ရှိသေးတယ်.. ဒါပေမယ့် ကိုယ်တော်က ပရောဟိတ်ကြီးကိုယုံတယ်.. ပရောဟိတ်ကြီးက ကိုယ်တော့်ကို မကောင်းမကြံနိုင်ဘူး.. ကြားထဲမှာ ခလောက်ဆန်နေတဲ့လူရှိတယ်.. တစ်ယောက်ယောက်က ကိုယ်တော်နဲ့ ပရောဟိတ်ကြီးကြားမှာ ရန်တိုက်ပေးချင်နေတယ်”
ယွီတောက်ကျီက မျက်လွှာများကိုသာချထားကာ ဘာမှမပြောပေ။
ဧကရာဇ်၏ပိန်ပါးသောမျက်နှာမှာ ဖယောင်းတိုင်မီးအောက်တွင် ပို၍ကြမ်းတမ်းလာခဲ့ကာ သူက သူ့ကိုယ်သူ လှောင်ပြောင်ပြောဆိုတော့သည်။
“သူက တော်ဝင်စာသင်ကျောင်းကို တစ်ခေါက်လောက်သွားပြီး အဲ့ဒိတဇောက်ကန်းသမား စာပေပညာရှင်တွေဆီက လက်ခုပ်သံလေး ညာယူလာနိုင်ပြီဆိုတော့ ကိုယ်တော့်ကို မျက်စိထဲမထည့်တော့ဘူးပေါ့၊… သူ့ကို သိစေချင်တယ်.. ကိုယ်တော်က ဧကရာဇ်… ဘယ်သူမှ ကိုယ်တော့်ကို ဒုက္ခပေးလို့မရဘူး… ဘယ်သူမှမတွေးနဲ့”
…........
လေးငါးရက်ဆက်တိုက် မိုးတွေရွာနေခဲ့ပြီးမှာ ရာသီဥတုက တစ်စထက်တစ်စ ပိုအေးလာသည်။
မနက်စောစောထ ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်တဲ့အခါ အပြင်ဘက်မှာ မြူတွေဆိုင်းနေသည်။
အားချင်းက အစေခံတွေကို မီးသွေးမီးဖိုတွေသယ်လာခိုင်းပြီး အခန်းထဲကထောင့်လေးထောင့်မှာ ချခိုင်းလိုက်သည်။
ကျုယန့်ထင်က ငေးမောနေရာမှအသိဝင်လာပြီး “ဒီနှစ် မီးသွေးမီးဖိုတွေကို အစောကြီးကတည်းက သုံးနေရပြီလား”
အားချင်းက ပြန်ဖြေလာသည် “သခင်လေးက အားနည်းပြီး အအေးမိလို့မဖြစ်ဘူးလို့ မင်းသမီးကပြောပါတယ်.. နောက်ရက်ပိုင်းအတွင်း နှင်းကျမယ်လို့ခန့်မှန်းထားတော့ စောစောပြင်ခိုင်းလိုက်တာပါ”
ကျုယန့်ထင်က ခေါင်းညိတ်ရင်း “ခဏနေရင် လူတစ်ယောက်လွှတ်ပြီး မရီးကိုကျေးဇူးတင်ခိုင်းဦးမှ… ထားလိုက်ပါတော့.. ငါ့ဖာသာပဲ သွားလိုက်တော့မယ်”
ပင်မခြံဝင်းသို့ရောက်သောအခါ ကျုဟယ့်မင်တို့မိသားစုက နံနက်စာစားနေသည်။
ကျုယန့်ထင်ရောက်လာတာမြင်တော့ သူတို့က သူ့ကို ထိုင်ခိုင်းပြီး မနက်စာအတူစားခိုင်းသည်။ တူဖြစ်သူက ခုန်ပေါက်ပြေးလွှားရောက်လာကာ ကျုယန့်ထင်ကို ချီခိုင်းသည်။
ကျုဟယ့်မင်က သူ့သားကို ဆူသည်
“ဒီမှာလာထိုင်.. မင်းဦးလေးက မင်းကိုမချီနိုင်ဘူး၊ ကိုယ့်ကိုကိုယ် အသက်ဘယ်လောက်ရှိပြီလဲဆိုတာရော သိရဲ့လား”
လေးနှစ်သားလေးက နှုတ်ခမ်းတွေကိုဆူထော်လိုက်ပြီး မကျေမနပ်ဖြစ်သွားသည်။
ကျုယန့်ထင်က ပြုံးပြလိုက်ပြီး သူ့ခေါင်းကို ထိလိုက်သည် “ထိုင်.. မနက်စာအရင်စားဦး.. ခဏလေးမှ ဦးငယ်က မင်းနဲ့ အတူကစားပေးမယ်”
မင်းသမီးက ပြုံးပြီး ဝင်ပြောလာသည် “ယန့်ထင်.. သူ့ကို တအားအလိုမလိုက်နဲ့.. အလိုလိုက်ခံရတဲ့ကလေးက ပျက်စီးတယ်.. မနက်ဖြန် သဘက်ခါဆို မင်းလည်း ကလေးရတော့မယ်.. ဒီလောက်အလိုလိုက်နေရင် မဖြစ်ဘူး”
ကျုယန့်ထင်က မျက်လုံးတွေလက်ခနဲဖြစ်သွားကာ အသာအယာပြုံးပြပြီး “မဖြစ်နိုင်သေးပါဘူး.. စောပါသေးတယ်”
ကျုဟယ့်မင်မှာ သူ့ကိုတစ်ချက်မော့ကြည့်ပြီး တိတ်တဆိတ်ပင် သူ့နံနက်စာကို ဆက်စားနေခဲ့သည်။
မနက်စာစားပြီးမှာတော့ ညီအစ်ကိုနှစ်ယောက်က စာကြည့်ခန်းထဲသွားပြီး စကားပြောကြ၏။
ကျုဟယ့်မင်က ကျုယန့်ထင်ကို မေးလိုက်သည် “မိုးရွာနေတုန်းပဲ.. မင်းဒီနေ့ အပြင်ထွက်မှာလား”
“မနက်ပိုင်း စာသင်ကျောင်းသွားမယ်၊ ကျောင်းဆင်းရင်း တောင်ပိုင်းမြို့ပြင်က ခြံဝင်းမှာ တစ်ရက်လောက် သွားနေမလို့” ကျုယန့်ထင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
“ရှောင်းဒုတိယသားနဲ့လား”
“အွန်း”
ကျုယန့်ထင်စကားပြောတဲ့အခါ အပြုံးတစ်ခုက သူ့မျက်ခုံးတွေပေါ်မှာ မသိမသာပေါ်လာသည်။
ကျုဟယ့်မင်က သူ့ကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်ကာ “မင်း သူ့အပေါ်မှာ ဒီလောက်စိတ်ထည့်ထားတာ.. မြင်ရတာ ရှားတယ်… ထားပါလေ.. နောက်ပိုင်း မင်းနဲ့သူက မိသားစုတွေဖြစ်လာတော့မှာပဲ”
ကျုယန့်ထင်၏ နှုတ်ခမ်းထက်ကအပြုံးတွေက ရုတ်တရက်ရပ်တန့်သွား၏။ သူက ကျုဟယ့်မင်တစ်ယောက် ထိုင်ခုံနောက်မှီပေါ်မှီချရင်း မျက်မှောင်ကိုကျုံ့ကာ အမူအရာက အနည်းငယ်မသက်မသာဖြစ်နေတာ မြင်တော့ ရင်ပူသွားပြီး စိုးရိမ်တကြီးမေးလိုက်သည်။
“ဒီရက်ပိုင်းထဲ မိုးကအဆက်မပြတ်ရွာပြီး အေးစိမ့်စိမ့်နဲ့၊ အစ်ကို့ကျောကဒဏ်ရာက ပြန်ထလာပြန်ပြီလား”
“ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာဟောင်းပဲဟာ.. ရက်နည်းနည်းလောက်ဆို အဆင်ပြေသွားလိမ့်မယ်” ကျုဟယ့်မင်က စိတ်ထဲမထည့်ပေ။
ကျုယန့်ထင်မှာ အပြစ်ရှိသည်ဟု ခံစားလာရသည်။
ထိုစဉ်က ကျုဟယ့်မင်က သူ့အတွက် အပြစ်အစားဝင်ခံပေးခဲ့ပြီး အနာဟောင်းက ဆောင်းဦးရာသီနှင့် ဆောင်းရာသီရောက်တိုင်း ခါးနာရောဂါပြန်ဖြစ်လာတတ်ကာ ဘယ်လိုမှပြန်မကောင်းခဲ့ပေ။
ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာတော့ ကျုယန့်ထင်က “နန်းတွင်းသမားတော်ချန်ကို လာကြည့်ခိုင်းလိုက်ရအောင်.. အပ်သုံးလေးချက်စိုက်လိုက်ရင် နည်းနည်းလောက် သက်သာသွားမှာပါ”
ကျုဟယ့်မင်က သာမန်ကာလျှံကာပင် “ယန့်ထင်… ဒီကိစ္စက ပြီးသွားတာကြာလှပြီ၊ ကိုယ့်ကိုကိုယ် အရမ်းအပြစ်တင်မနေနဲ့တော့.. ငါက မင်းအစ်ကိုပါ.. ကိုယ့်ညီအရိုက်ခံရမှာကို ဘယ်အစ်ကိုက ကြည့်နေနိုင်မှာလဲ.. အများကြီးမတွေးနဲ့.. ခဏနေရင် လူတစ်ယောက်လွှတ်ပြီး နန်းတွင်းသမားတော်ချန်ကို ဖိတ်ခိုင်းလိုက်မယ်”
ဒီတော့မှ ကျုယန့်ထင်က စိတ်အေးသွားပြီး စကားလမ်းကြောင်းပြောင်းသွားသည်။
“သမားတော်ချန်အကြောင်းပြောမှ… အစ်ကိုတော့်ကိုပြောရဦးမယ်.. ဧကရာဇ်ညီတော်ရဲ့ အရင်ဇနီး အဲ့ဒိတုန်းကမင်းသမီးဟွေ့က မီးတွင်းထဲမှာ ကလေးမွေးရခက်ပြီး အသက်နှစ်ချောင်းလုံးဆုံးသွားတယ်… သမားတော်ချန်ကို တစ်ချက်လောက် သီးသန့်တီးခေါက်ကြည့်ပါလား.. အဲ့ဒိတုန်းက သူ့သွေးခုန်နှုန်းမှာ တစ်ခုခုမှားနေတာများ ရှိလားလို့”
ကျုဟယ့်မင်က မျက်မှောင်ကျုံ့လိုက်ပြီး “ဘာလို့ ရုတ်တရက် ဒီကိစ္စကိုတွေးမိရတာလဲ”
“မင်းသမီးဟွေ့က ကလေးမမွေးခင် စိတ်ဓါတ်ကျနေခဲ့တာလို့ ရှောင်းရုန်ကပြောတယ်… အသားအရည်က မွဲခြောက်ပြီး လူက ချုံးချုံးကျသွားတယ်.. ဆံပင်တွေကျွတ်ပြီး အစားလည်းမစားနိုင် ပိန်ချုံးသွားတယ်လို့ပြောတယ်.. ကျွန်တော့်စိတ်ထင်တော့ ဒီထဲမှာ တစ်ခုခုများရှိနေမလားပဲ”
ကျုယန့်ထင်က မျက်လုံးတွေ အနည်းငယ်မှိန်ကျသွားပြီးမှ ဆက်ပြောသည်
“ရှောင်းမိသားစုက ဧကရာဇ်ညီတော်နဲ့ သိပ်အစေးမကပ်ကြပေမယ့် သူတို့က လွယ်လွယ်နဲ့လည်း အပြစ်မလုပ်ချင်ကြဘူး၊ ဒါပေမယ့် မင်းသမီးဟွေ့သေဆုံးမှုနောက်ကွယ်မှာ တခြားအကြောင်းရင်းတွေ ရှိမယ်ဆိုရင်တော့ .. ဒါကမတူတော့ဘူး”
ဒါကိုကြားပြီး ကျုဟယ့်မင်၏မျက်လုံးတွေထဲ အရိပ်အယောင်တစ်ခုက တောက်ပလာသည်။ သူက နှုတ်ခမ်းတွေကိုတွန့်ကွေးကာ ပြုံးလိုက်ပြီး
“ကောင်းပြီ.. ငါ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ်.. ဒါနဲ့ စကားမစပ်.. အခုတလော အိမ်ရှေ့မင်းသားနဲ့ အဲ့ဒိအဘိုးကြီးကျန်းရှစ်ချန် သိပ်ကို ဟန်ရေးပြနေကြတယ်.. ဧကရာဇ်က ဒီလောက်ဆုံးရှုံးထားတာဆိုတော့ ဒီနှစ်ယောက်ကို မျက်စိနောက်နေမှာ အမှန်ပဲ”
ကျန်းရှစ်ချန်မှာ အုပ်ချုပ်ရေးအဖွဲ့၏စာပေပညာရှင်တစ်ဦးဖြစ်ပြီး ကျန်းရှစ်ဖူ၏အကြီးအကဲ ဖြစ်သည်။ ဤတစ်ကြိမ် ညီတော်မင်းသားက ဧကရာဇ်ကိုယ်စား လင်ယုံးသို့ ရောက်မလာပါက ပိယုံးခန်းမရှိ ထိုကောင်းသောကိစ္စမှာ သူ့လက်ထဲရောက်လာမည်မဟုတ်ချေ။
(T/N ကျန်းရှစ်ဖူ = the household administration of the heir apparent အိမ်ရှေ့စံမင်းသားအိမ်တော်၏ အထွေထွေစီမံခန့်ခွဲရေး)
ထိုသူက ညီတော်မင်းသားနှင့် တစ်လေသံတည်းထွက်ပြီး ဧကရာဇ်ကို ဂုဏ်သရေတော်ကျဆင်းစေခဲ့သည်။ ယခုအခါတွင် ရွှေမြို့တော်ရှိ စာသင်ကျောင်းသားများမှာ ရှေ့တွင်ဘာမှမပြောဝံ့ကြသော်လည်း ကွယ်ရာတွင်တော့ ခေါင်းတခါခါ လည်တခါခါဖြင့် သက်ပြင်းအကြိမ်ကြိမ်ချရင်း မျိုးစုံဝေဖန်လေကန်ကြ၏။ ဧကရာဇ်မင်းက စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဘယ်နေမည်နည်း။
ကျုယန့်ထင်က လှောင်ပြောင်လိုက်၏ “ဧကရာဇ်က သေချာပေါက် ဒါကို ကျော်သွားမှာမဟုတ်ဘူး၊ ဒါလည်းကောင်းပါတယ်.. သူတို့ ခွေးအချင်းချင်းကိုက်တယ်ပဲ ထားလိုက်ပါတော့”
“အမှန်ပဲ”
သူတို့တွေ နောက်ထပ် စကားအနည်းငယ်ပြောဆိုကြပြီး လက်ဖက်ရည်တစ်ခွက်သောက်ပြီးတဲ့အခါမှာတော့ ကျုယန့်ထင်က မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
သူက အပြင်မရောက်ခင်မှာ တစ်ခုခုကို တွေးမိသွားပုံဖြင့် ရပ်သွားပြီး ကျုဟယ့်မင်ကို လှည့်ပြောလာပြန်သည်။
“အစ်ကိုတော်.. ကျွန်တော် နောက်ပိုင်း ချန်နယ်စားအိမ်တော်ရောက်သွားလည်း ဒီမင်းသားဟွိုင်အိမ်တော်ကြီးက ကျွန်တော့်အိမ်ဖြစ်ဦးမှာပါ၊ ပြီးတော့ အစ်ကိုတော် ကျွန်တော့်အပေါ်မှာ ကောင်းခဲ့တာတွေကို အမြဲတမ်းအမှတ်ရနေမှာပါ”
ကျုဟယ့်မင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
“ယန့်ထင် အတွေးတွေများနေပြီ.. မင်းသားဟွိုင်အိမ်တော်က မင်းအိမ်ပါ.. ငါနဲ့ မင်းမရီး ပြီးတော့ မင်းတူလေး.. အကုန်လုံးက မိသားစုတွေပဲ… တကယ်လို့ အပြင်ဘက်မှာ ဒုက္ခခံရတာရှိရင် အိမ်ကိုအချိန်မရွေးပြန်လာခဲ့လို့ရတယ်”
……..
မွန်းလွဲပိုင်းတွင် ကျုယန့်ထင်သည် ပြည်သူ့ရေးရာရုံးတော် ဝင်ပေါက်တွင် မြင်းလှည်းပေါ်မှဆင်းလာပြီး အပေါက်စောင့်အား တစ်ခုခုပြောလိုက်၏။ အပေါက်စောင့် ဝင်သွားကာ သတင်းသွားပို့ပြီး သိပ်မကြာခင်မှာပဲ ရှောင်းလန့်ထွက်လာသည်။
ကျုယန့်ထင်က ပြုံးပြလိုက်ပြီး “ခင်ဗျားကို လာမနှောင့်ယှက်မိပါဘူးနော်… ကျွန်တော်က ပြည်သူ့ရေးရာရုံးတော်ကဘယ်လိုပုံစံလဲ တစ်ချက်လောက်သိချင်လို့ပါ… အထဲဝင်ပြီးကြည့်လို့ရတယ်မလား”
“ရတယ် ကိုယ့်နောက်လိုက်ခဲ့”
ထိုအချိန်၌ ရုံးတော်တွင် လူများများစားစားမကျန်တော့။ တစ်ချို့က ကျုယန့်ထင်ကို သတိပြုမိကြပြီး သတိပြုမိကြသည့်လူအများစုက စပ်စုချင်သည့်မျက်ဝန်းတွေဖြင့် လိုက်ကြည့်ကြသည်။ ကျုယန့်ထင်က ပျူငှာယဉ်ကျေးစွာဖြင့် ရှောင်းလန့်နောက်ကနေ လိုက်ဝင်လာသည်။
ရှောင်းလန့်က တခြားမှူးမတ်အရာရှိတွေနှင့် အခန်းတစ်ခန်းကိုမျှသုံးနေတာဖြစ်သည်။ ဒီအချိန်မှာတော့ အခန်းထဲ သူတစ်ယောက်တည်းသာ ကျန်တော့သည်။
ရှောင်းလန့်၏စားပွဲပေါ်တွင် ပစ္စည်းပစ္စယများ ရှုပ်ပွနေ၏။ ကျုယန့်ထင်က သိချင်သွားပြီး မေးလိုက်သည် “ခင်ဗျားစားပွဲက ဘာလို့ရှုပ်ပွနေရတာလဲ”
ရှောင်းလန့်က အကူအညီမဲ့စွာ ရှင်းပြရတော့သည် “ကိုယ်က ပစ္စည်းတွေထုပ်ပိုးနေတာ၊ ဒီမနက် အထက်ကနေ အမိန့်စာရောက်လာတယ်.. ကိုယ့်ကို ကျုံးရှစ်ဖူ (မျိုးနွယ်စုရေးရာရုံးတော်) က ဘဏ္ဍာရေးတာဝန်ခံနေရာကို ပြောင်းလိုက်ပြီ၊ နှစ်ရက်အတွင်းသွားရမှာ”
ကျုယန့်ထင်က ခဏလောက်အံ့သြသွားပြီးမှ “မျိုးနွယ်စုရေးရာရုံးတော်ကိုလား.. ဘဏ္ဍာရေးတာဝန်ခံဆိုတော့ အဆင့်နှစ်ဆင့်တက်သွားတာပေါ့”
ရှောင်းလန့်က ခေါင်းညိတ်ပြလိုက်ကာ
“အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ဖြစ်လောက်တယ်.. ပြောင်းရွှေ့မိန့်ရောက်လာပြီးတော့ သူက ကိုယ့်ကို နန်းတော်ထဲခေါ်တွေ့ပြီး စကားတွေအများကြီးပြောတယ်.. အဓိကကတော့ ဘဏ္ဍာတိုက်က အခွံလွတ်ဖြစ်နေရတဲ့အကြောင်းပဲ.. မျိုးနွယ်စုရေးရာရုံးတော်ရဲ့ နှစ်စဉ်အသုံးစရိတ်က အရမ်းများပြီး ကြောက်ခမန်းလိလိရှိတယ်.. သူက ကိုယ့်ကို ဒီနှစ်ပိုင်းတွေက စာရင်းတွေကို ပြန်စစ်ပြီး ငွေတွေဘယ်ရောက်သွားလဲ သိချင်တာ … တခြားသူတွေကို မယုံဘူးလို့ပြောတယ်.. ကိုယ့်ကိုပဲ လုပ်ခိုင်းစေချင်တာတဲ့”
ကျုယန့်ထင်မှာ အာရုံပြန်ရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဧကရာဇ်၏ရည်ရွယ်ချက်ကို နားလည်လိုက်ပြီဖြစ်၏။
တာ့ယန်မင်းဆက်ကိုစတင်တည်ထောင်ချိန်မှစ၍ မျိုးနွယ်စုရေးရာရုံးတော်နှင့် အတွင်းရေးရာရုံးတော်တို့ကို ဖွဲ့စည်းခဲ့၏။
အတွင်းရေးရာရုံးတော်မှာ တော်ဝင်မိသားစုအတွက် အလုပ်လုပ်ပေးရန် ရည်ရွယ်ပြီး နန်းတော်အတွင်း ကိစ္စအကြီးအသေးမှန်သမျှကို တာဝန်ယူသည်။
မျိုးနွယ်စုရေးရာရုံးတော်ကတော့ နန်းတော်ပြင်ပနှင့် လက်အောက်ခံနယ်မြေများမှ ကျုမိသားစုဆွေတော်မျိုးတော်များကို စီမံရပေသည်။
ထိုအထဲကမှ ဘဏ္ဍာရေးတာဝန်ခံဟူသည် တော်ဝင်မိသားစုများ၏ ဘွဲ့ထူးနှင့် လစာငွေများ စီစစ်ခြင်းနှင့် ဖြန့်ဝေခြင်းအတွက် တာဝန်ယူရသည်။
ထိုက်ဇူဧကရာဇ်သည် သူ၏မျိုးဆက်များအပေါ်တွင် လွန်စွာမှရက်ရောခဲ့ပါ၏။ ဘွဲ့များကို ပျော်ပျော်ရွှင်ရွှင်ပေးပစ်ခဲ့ရုံသာမက ခံစားခွင့်များကိုလည်း ထိုက်ထိုက်တန်တန်ချီးမြှင့်ခဲ့သည်။ ဘွဲ့ရာထူး၏လစာအပြင် ပွဲတော်များ၊ မင်္ဂလာပွဲများ၊ အသုဘအခမ်းအနားများနှင့် တခြားမျိုးစုံသောပွဲအခမ်းအနားများအောက်တွင် ဘဏ္ဍာငွေများကို ဆုတော်ငွေခေါင်းစဉ်ဖြင့် ထုတ်ယူနိုင်ခွင့်ပြုခဲ့သည်။ ထိုငွေများမှာ ဘဏ္ဍာရေးရုံးတော်၏ငွေစာရင်းများသို့ မဝင်ဘဲ မျိုးနွယ်စုရေးရာရုံးတော်၏ ဘဏ္ဍာရေးဌာနမှသာ တိုက်ရိုက်သွားပေ၏။
မင်းဆက်၏ နှစ်ပေါင်း (၃၆၀) ကျော်ကာလတွင် ကျုမိသားစုမျိုးဆက်များမှာ နေရာအနှံ့တွင် တည်ရှိကြ၏။
ယခုအခါ တော်ဝင်မိသားစုမှာ အရေအတွက်နည်းပါးနေပြီဖြစ်သော်လည်း လက်အောက်ခံနယ်မြေများမှ မင်းသားများတွင် သားသမီးများ အယောက် လေးဆယ် ငါးဆယ် ရှိကြသည်။
ထိုအခြေအနေတွင် ဘဏ္ဍာရေးဌာန၏ နှစ်စဉ်အသုံးစရိတ် ကြီးမားများပြားလွန်းသည်ကို ခန့်မှန်းကြည့်ရန် မခက်ခဲလှပေ။
ကျုယန့်ထင်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“အရှင်မင်းကြီးက ရုတ်တရက်ကြီး ခင်ဗျားကို ငွေစာရင်းတွေကို စစ်ခိုင်းတာက စိတ်ကူးပေါက်လို့မဟုတ်ဘူး… မျိုးနွယ်စုတစ်ခုလုံးကို တမင်သက်သက် သွေးတိုးစမ်းတာလည်း မဟုတ်ဘူး… သူက လက်ဦးမှုယူချင်နေတာ”
“အင်း” ရှောင်းလန့်က သူ့ပစ္စည်းတွေကို စိတ်မပါလက်မပါဖြင့် ထုပ်ပိုးနေ၏။ ကျုယန့်ထင် မပြောလျှင်လည်း သူကောင်းကောင်းသိပေသည်။ ဧကရာဇ်က ညီတော်မင်းသားကို ရင်ဆိုင်ရန် သူ့ကိုအသုံးချလိမ့်မည်ဟု သူ့အစ်ကိုပြောခဲ့သည်မှာ အမှန်ဖြစ်လာပေပြီ။
ညီတော်မင်းသားမှာ အိမ်ရှေ့မင်းသားမဖြစ်ခင်က မင်းသားဟွေ့ဟူသော ဘွဲ့ထူးဖြင့် မင်းသားတစ်ပါးဖြစ်ခဲ့၏။ သူ့အိမ်တော်မှာ နန်းတော်အပြင်ဘက်တွင်ရှိပြီး သူက အိမ်ရှေ့စံဖြစ်ပြီးနောက်မှာတောင် အရှေ့နန်းဆောင်ကို မပြောင်းခဲ့ချေ။ သူ့အိမ်တော်၏အသုံးစရိတ်များမှာ အတွင်းရေးရာရုံးတော်သို့မဟုတ်ဘဲ မျိုးနွယ်စုရုံးတော်မှငွေစာရင်းသို့သာ သွားပေ၏။
ဧကရာဇ်က ရှင်းရှင်းလင်းလင်း မပြောခဲ့ရင်တောင် ဘယ်ငှက်ခေါင်းကို အရင်ရိုက်ချင်နေသလဲဆိုတာ မပြောဘဲလည်းသိနိုင်ပေသည်။
“ဒါဆို .. ခင်ဗျား…” ကျုယန့်ထင်က ရှောင်းလန့်ကိုကြည့်ပြီး စကားပြောဖို့ တုန့်ဆိုင်းနေ၏။ သူ့မျက်ဝန်းတွေထဲ ပူပန်မှုတွေ အထင်းသားပင်။
“ကိုယ်က စာရင်းတွေစစ်ဆေးကြည့်ရုံပါ၊ တခြားဘာမှ မဆိုင်ပါဘူး” ရှောင်းလန့်က ကျုယန့်ထင်၏လက်ကိုဆွဲပြီး နှစ်သိမ့်လိုက်၏ “မပူပါနဲ့.. အားလုံးအဆင်ပြေမှာပါ”
ကျုယန့်ထင်က မျက်လွှာချလိုက်ပြီး “ခင်ဗျား ဂရုစိုက်ရမယ်နော်”
“အင်း”
ပြည်သူ့ရေးရာရုံးတော်မှ ထွက်လာခဲ့ကြပြီး မြင်းလှည်းပေါ်တက်လိုက်ကြတဲ့အခါ ကျုယန့်ထင်က ရှောင်းလန့်ကို မေးလိုက်သည်။
“ဒါဆို ကျွန်တော်တို့ မြို့ပြင်က ခြံဝင်းကို သွားဦးမှာလား”
မူလက ရှောင်းလန့်၏အားလပ်ရက်မှာ မနက်ဖြန်တွင်ဖြစ်ပြီး သူတို့က ကျုယန့်ထင်၏ခြံဝင်းသို့သွားရောက်လည်ပတ်ရန် စီစဉ်ထားကြသည်။ သို့သော် ယခုတွင် ပြောင်းရွှေ့မိန့်ကျလာပြီး သဘက်ခါတွင် ရုံးတော်အသစ်သို့ သွားသတင်းပို့ရပြီး ပြင်ဆင်စရာတွေလည်း ရှိပေဦးမည်။
သို့ပေမယ့် ရှောင်းလန့်က ပြောလိုက်သည် “သွားမယ်”
ချိန်းဆိုပြီးလျှင် သွားရမည်ပင်။
အနောက်ဘက်လမ်းမပေါ်ဖြတ်သွားသည့်အခါ ရှောင်းလန့်က မြင်းလှည်းကိုရပ်ခိုင်းလိုက်ပြီး ကျုယန့်ထင်ကို ခဏစောင့်ခိုင်းထားကာ လှည်းပေါ်မှဆင်းသွားသည်။
သူက ထီးတစ်ချောင်းဆောင်းပြီး လမ်းပေါ်က အချိုပွဲမုန့်ဆိုင်ထဲဝင်သွားသည်။
ကျုယန့်ထင်က ဆိုင်းဘုတ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကျစ်ရှန်းကျိုင်းမှာ မြို့တော်တွင် ရာစုနှစ်တစ်ခုသက်တမ်းရှိ လူသိများသည့် ဆိုင်တစ်ဆိုင်ဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက်တွင် ရှောင်းလန့်က ဖိုထဲကထုတ်ခါစ အငွေ့တထောင်းထောင်းမုန့်တွေကို ကိုင်ပြီးပြန်လာသည်။
သူက ကျုယန့်ထင်ကို လှမ်းပေးလိုက်ပြီး “ဒီအရသာကို မြည်းကြည့်ပါဦး.. လီမောမောလောက်တော့ ကောင်းမှာပါ”
ကျုယန့်ထင်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။
“ဝမ်းကွဲအစ်ကို.. အစေခံတွေကို သွားဝယ်ခိုင်းလိုက်လည်းရသားနဲ့ ဘာဖြစ်လို့ လူကိုယ်တိုင် မိုးရေထဲ ထွက်သွားရတာလဲ”
“မင်းကြိုက်တာမှန်သမျှ ကိုယ်ကိုယ်တိုင် လုပ်ပေးမှာပါ” ရှောင်းလန့်က အလေးအနက်ပင် ပြောလာခဲ့သည်။
ကျုယန့်ထင်က မျက်ဝန်းတွေအနည်းငယ်ပြူးသွားပြီးမှ ခေါင်းညိတ်လိုက်ရင်း တောက်ပစွာ ပြုံးပြလိုက်၏ “ဝမ်းကွဲအစ်ကို ကျေးဇူးပဲ”
.........