(21)
တောင်ပိုင်းမြို့ပြင်ရှိ ခြံဝင်းသို့ရောက်ကြသောအခါ ညနေစောင်းပြီဖြစ်ပြီး ဆောင်းဦးမိုးက ဖွဲဖွဲကျနေသည်။
နှစ်ယောက်သား ထီးတစ်လက်ကိုအတူဆောင်းရင်း ပုခုံးချင်းယှဉ်လျက် အတူဝင်လာခဲ့ကြသည်။
ကျုယန့်ထင်က ရှောင်းလန့်ကို ခြံဝင်းတစ်ပတ် လှည့်ပတ်လိုက်ပြပြီး ပါးစပ်ရာဇဝင်တွေကို ပြောပြနေခဲ့သည်။
“အဲ့ဒိတုန်းကဆို ကျင်ရွေ့ဧကရာဇ်နဲ့ဧကရီက ဒီခြံဝင်းကိုအကြိုက်ဆုံးဖြစ်ခဲ့တာ.. ဧကရာဇ်နန်းစွန့်ပြီးတဲ့နောက်မှာ သူနဲ့ဧကရီက ဒီနေရာမှာ အကြာကြီးနေသွားကြတယ်လို့ ပြောကြတယ်.. အနောက်ဘက်ရေကန်မှာရှိတဲ့ကြာပန်းတွေကဆို အဲ့ဒိတုန်းက ကျင်ရွေ့ဧကရာဇ်စိုက်ထားတာ.. ဒါပေမယ့် ခင်ဗျားလာတာ အချိန်မကိုက်ဘူး.. ဒီရာသီမှာပန်းတွေအကုန်လုံးညှိုးကုန်ပြီ”
ကျုယန့်ထင်က လေသံလေးနှင့် တီးတိုးပြောလေသည်။ ဖြောင့်တန်းနေသည့် သူ့မျက်ခုံးတန်းတွေထက်မှာတော့ အပြုံးတွေအပြည့်ဖြစ်သည်။
ရှောင်းလန့်က မျက်တောင်မခတ်ဘဲကြည့်နေခဲ့ကာ မျက်ဝန်းထောင့်စွန်းတွေကို ပွတ်သပ်ပေးဖို့ လက်ကိုမြှောက်လိုက်သည်။
သည်အခါ ကျုယန့်ထင်က ခေါင်းတဖက်စောင်းလိုက်ရင်း သူ့ပါးပြင်ကို ရှောင်းလန့်လက်ဖဝါးပြင်ထက် သက်ဆင်းစေလိုက်သည်။
မျက်ဝန်းလေးခုဆုံတွေ့သွားကြချေ၏။ ချစ်မေတ္တာတွေက ရေစီးကမ်းပြိုနှင့်ပါပင်။
နားသယ်စပ်ကဆံပင်စတွေမှာ မိုးရေတွေ ကပ်ညိနေ၏။ ရှောင်းလန့်က သူ့ရှေ့ကလူကို ရင်ခွင်ထဲဆွဲဖက်လိုက်ပြီး ကြမ်းရှရှ တိုးတိုးလေးပြောလိုက်သည် “ကိုယ်တို့ အိမ်ထဲသွားရအောင်”
ကျုယန့်ထင်က နူးညံ့စွာ ပြုံးပြပြီး “အင်း”
အိမ်ထဲသို့ပြန်ရောက်ပြီးနောက် ကျုယန့်ထင်က အစေခံတွေကို ညစာပြင်ခိုင်းသည်။
ရှောင်းလန့်က ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်ရင်း မျက်စိရှေ့က ရေကန်ရှုခင်းကို ကြည့်နေသည်။
မိုးမခပင်က ကျိုးတိုးကျဲတဲနှင့် ခေါင်ရမ်းပန်းတွေက ပြန့်ကျဲနေပါ၏။ ရေကန်စပ်မှာ ပွတ်သပ်ကျီစားနေသည့်မိုးဖွဲဖွဲလေးတွေကိုသာ မြင်ရသည်။ နားထဲကြားနေသည်က မိုးသံတွေသာပင်။ သူတို့ရောက်လာသည်က တကယ့်ကို အချိန်ကောင်းမဟုတ်။
ကျုယန့်ထင်က သူ့ကို နောက်ဖက်ကနေ သိုင်းဖက်လိုက်ပြီး “ဝမ်းကွဲအစ်ကို ဘာတွေကြည့်နေတာလဲ”
“ဒီနေရာက အရမ်းတိတ်ဆိတ်ပြီး ရှုခင်းလည်းမဆိုးဘူး၊ တောင်ပေါ်မှာ ဘုရားကျောင်းတစ်ခုရှိတယ်.. ခေါင်းလောင်းသံ ဘုရားစာရွတ်သံကိုလည်း တခါတခါကြားနေရတယ်.. ဘိုးဘေးတွေ နှစ်သက်လည်း နှစ်သက်လောက်စရာကိုး”
ကျုယန့်ထင်က ခေါင်းစောင်းကြည့်လိုက်ကာ မျက်တောင်တွေကိုခတ်ပြီး အပြုံးလေးတစ်ခုနှင့် မေးလိုက်သည် “ဒါဆို ခင်ဗျားရောကြိုက်လား”
“အင်း”
ကျုယန့်ထင်၏မျက်နှာက သူနှင့် အနီးကပ်ဆုံးမှာရှိနေသည်။ နီရဲနေသည့်နှုတ်ခမ်းတွေက အတန်ငယ်ကွေးညွှတ်နေပြီး စိုက်ကြည့်နေသည့် မျက်ဝန်းတွေက ကြည်လင်တောက်ပနေသည်။
ရှောင်းလန့်၏နှလုံးသား ခုန်ပေါက်သွား၏။ သူက ခေါင်းကိုငုံ့ပြီး ထိုနှုတ်ခမ်းတွေကို ငုံထွေးလိုက်တော့သည်။
........
စားပွဲပေါ်တွင် အနံ့အရသာပြည့်စုံသည့်ဟင်းပွဲများကို အပြည့်တည်ခင်းထားသည်။ ကျုယန့်ထင်က သေရည်တစ်အိုးနွှေးခိုင်းထားပြီး ရှောင်းလန့်အတွက် သူကိုယ်တိုင် တစ်ခွက်လောင်းထည့်ပေးလိုက်သည်။
သူက စားပွဲပေါ်မှာ မေးစေ့ကို လက်နှင့်ထောက်ထားပြီး သေရည်အိုးကို ဟိုပွတ်ဒီပွတ်လုပ်ရင်း ရှောင်းလန့်ကို ပြုံးပြုံးလေးကြည့်နေ၏။ ပြီးမှ သက်ပြင်းချပြီး
“ဝမ်းကွဲအစ်ကို.. ကျွန်တော် ဒီတစ်လျှောက်လုံး တွေးနေခဲ့တာ.. ဘဝမှာ အသာယာဆုံးအရာက ဘယ်သူမှကိုယ့်ကို မနှောင့်ယှက်နိုင်မယ့် ဆိတ်ငြိမ်တဲ့နေရာလေးကို ရှာမယ်.. ပြီးတော့ သေရည်ကိုနွှေးပြီး ပန်းပုံဆွဲမယ်.. အမွှေးနံ့တွေထုံမွှမ်းပြီး အခါးရည်ဖလှယ်ကြမယ်.. အဲ့သလိုဆိုရင် ဘဝကြီးက အရမ်းကောင်းမှာပဲ”
ရှောင်းလန့်က ခေါင်းညိတ်လိုက်သည် “မင်းနေချင်ရင် ကိုယ်က အဖော်လုပ်ပေးမှာပေါ့”
“တကယ်လား”
“တကယ်.. မင်းနေချင်သလောက် ကိုယ်က အဖော်လုပ်ပေးမယ်” ရှောင်းလန့်စိတ်ထဲကလာသည့် စကားတွေပါပင်။
ကျုယန့်ထင်မှာ ခဏလောက်တော့ ရပ်သွားခဲ့သည်။ ပြီးမှ သူက ခေါင်းကို လေးတွဲစွာယမ်းလိုက်ပြီး ဝမ်းနည်းသွားပုံဖြင့် မျက်နှာက အနည်းငယ်ညှိုးကျသွားသည်။
“ဒီလောက်ဘယ်လွယ်လိမ့်မှာလဲ.. ခင်ဗျားက နယ်စားအိမ်တော်ကြီးတစ်ခုလုံးကို ထမ်းထားရတာ.. ဆက်ခံသူမဟုတ်တာတောင်မှ မျက်နှာလွှဲမရတဲ့တာဝန်တွေကရှိသေးတယ်၊ လက်လွှတ်လို့မရတဲ့ လူတွေကိစ္စတွေက အများကြီး.. ကျွန်တော်လည်း အတူတူပါပဲ… လောကကြီးမှာ လွတ်လွတ်လပ်လပ်နေဖို့ကတော့.. ထားလိုက်ပါတော့”
ရှောင်းလန့်က မျက်မှောင်အနည်းငယ်ကျုံ့သွားခဲ့၏။ ကျုယန့်ထင်တစ်ယောက် အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်လေးနှင့် ဤမျှအဆိုးမြင်တတ်သည်ကို သူ နားမလည်နိုင်ပေ။
ဤသူက ရယ်မောကာ ပြဿနာရှာတတ်သော လူငယ်လေးဖြစ်ချေ၏။ သို့သော် သူ့အပြုံးတွေနောက်မှာ အလွှာတစ်ခုက အမြဲရှိနေသည်။ ကိုယ်တိုင်က ပျော်ရွှင်နေပါစေ ဝမ်းနည်းနေပါစေ အမှုမထားကာ ကိုယ့်ကိုယ်ကို ဣန္ဒြေရရကြည့်နေနိုင်သကဲ့သို့ဖြစ်သည်။ ပြီးတော့ နည်းနည်းလေးမှ တုန်လှုပ်မှုမရှိ။
ကျုယန့်ထင်က လက်ကိုမြှောက်ကာ ရှောင်းလန့်မျက်နှာရှေ့မှာ ယမ်းလိုက်ပြီး “ဝမ်းကွဲအစ်ကို.. စိတ်တွေဘယ်ရောက်နေတာလဲ”
ရှောင်းလန့်က သူ့လက်ကိုဖမ်းကိုင်လိုက်သည်။ အတွေးတွေထဲ ခဏတာနစ်ဝင်သွားပြီးမှ “ယန့်ထင်.. အဲ့လောက်ခက်တဲ့အရာ မဟုတ်ပါဘူး၊ အမြဲတမ်း အဆုံးစွန်ထိမတွေးပါနဲ့”
“ဘာမှမဖြစ်ဘူး… ဒီအတိုင်းလျှောက်ပြောတာပါ” ကျုယန့်ထင်က စကားလမ်းကြောင်းသာလွှဲလိုက်သည်။ သူ့ခွက်ကို မြှောက်ပြလိုက်ပြီး “သောက်ရအောင်”
ပြတင်းပေါက်အပြင်ဘက်တွင် ရွာနေသောမိုးမှာ မသိလိုက်ခင်ကပင် ရပ်တန့်သွားခဲ့ပါ၏။ လက ထွန်းလင်းလာပြီး ညဉ့်က ပိုမှောင်လာသည်။
စားပွဲပေါ်တွင် စားစရာအကြွင်းအကျန်များသာ ရှိတော့သည်။ သေရည်အိုးက အောက်ခြေကပ်နေပြီဖြစ်ပြီး ဖယောင်းတိုင်မီးက တဖျပ်ဖျပ်တောက်နေခဲ့သည်။
ကျုယန့်ထင်က အနည်းငယ်မူးနေခဲ့ကာ သူ့ပါးပြင်ပေါ်မှာ အရိပ်လေးတွေ ပြေးနေသည်။ သူက ဒီအတိုင်းပင် ပြုံးကာဖြင့်ပင် ရှောင်းလန့်ကို တည့်တည့်ငေးကြည့်နေခဲ့သည်။ သူ့မျက်ဝန်းတွေထဲ ရေလေးတွေက လျှို့ဝှက်စွာစီးဆင်းနေ၏။
ရှောင်းလန့်က သူ့ကို ကူညီပေးဖို့ ထလာသည်။
ကျုယန့်ထင်က သူ့လက်တွေထဲကိုမှီချပြီး မျက်လုံးကိုမှိတ်ထားကာ တိုးတိုးလေးပြောသည်။ “ဝမ်းကွဲအစ်ကို.. ကျွန်တော်... မမူးဘူး၊ ခေါင်းပဲကိုက်တာ”
ရှောင်းလန့်က သူ့ကို အသာကောက်ချီလိုက်ပြီး အခန်းထဲဝင်သွားကာ ညောင်စောင်းရှည်ပေါ်မှာ ချပေးသည်။ သို့သော် ကျုယန့်ထင်က သူ့လည်ပင်းကိုဖက်ထားပြီး သွားခွင့်မပေးလာ။ နောက်တော့ ပူနွေးသည့်နှုတ်ခမ်းတွေဖြင့် ဖိကပ်လာသည်။
နူးညံ့သည့်နှုတ်ခမ်းတွေက သေရည်နှင့်စိုစွတ်နေခဲ့ပြီးနောက်မှာ ပို၍ စိုလဲ့ဖောင်းအိနေ၏။ ထိုနှုတ်ခမ်းတစ်စုံက ရှောင်းလန့်နှုတ်ခမ်းတွေပေါ်ကို အပူတပြင်းထိတွေ့နေခဲ့သည်။
ရှောင်းလန့်က ကျုယန့်ထင်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လူကို ခုံရှည်ပေါ်ဖိချလိုက်သည်။ အခြားလက်တစ်ဖက်ဖြင့် သူ့မေးစေ့ကို ဆွဲညှစ်ရင်း လည်ချောင်းထဲမှာလာသည့် အသက်ရှူသံပြင်းပြင်းကို ဟပ်ထုတ်လိုက်ကာ လေပွေတစ်ခုလို ပြန်နမ်းလိုက်သည်။
နှုတ်ခမ်းတွေနှင့် လျှာတွေက အချင်းချင်းလိမ်ယှက်နေကြပါ၏။ ထိကာတိုက်ကာ ပွန်းကာပဲ့ကာနှင့်ပင်။ သေရည်နံ့တွေ ရောပြွန်းထားသည့် ဤအနမ်းက ခါတိုင်းလို နူးညံ့သိမ်မွေ့မှုတွေ မရှိခဲ့ဘဲ တမူထူးခြားအောင်ကြမ်းတမ်းပြီး ရယူပိုင်ဆိုင်လိုစိတ် ပြင်းထန်လွန်းသည်။
ကျုယန့်ထင်၏လျှာမှာ သူ့ကိုယ်ပေါ်ကလူဆီကနေ အဆက်မပြတ် စုပ်ယူနမ်းရင်းလျက်ခံနေရပြီး ငွေရောင်တံတွေးမျှင်တန်းတွေက သူ့နှုတ်ခမ်းထောင့်စွန်းကနေ စီးကျလာခဲ့သည်။ သူ့လည်ချောင်းထဲ ဟိုးအတွင်းဆုံးအစိတ်အပိုင်းကတောင်မှ လျက်ခံနေရပြီး အသက်ရှူမဝအောင် လုပ်နေခဲ့သည်။ သူ့ခါးတစ်ဝိုက်ရှိ သည်းမခံနိုင်ဆုံးနေရာကိုတော့ ထိုယောကျ်ားက အဝတ်တွေကြားခံထားကာ လူးလားခေါက်တုန့် တွန်းတိုက်နေခဲ့သည်။ အပူလှိုင်းတွေက သူ့တစ်ကိုယ်လုံးကို အကြိမ်ကြိမ်ဖြတ်ပြေးသွားခဲ့၏။
ကျုယန့်ထင်မှာ ခုံရှည်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားခဲ့သည်။ သူ့နှုတ်ခမ်းစွန်းတွေဆီကနေ ညည်းတွားသံတစ်ခုက ဝိုးတိုးဝါးတား ထွက်ကျလာ၏။
ချိုမြိန်ပြီး မာန်ပါသည့်အနမ်းတွေက ပို၍ ပို၍ နက်ရှိုင်းလာခဲ့ပေသည်။
နောက်ဆုံးမှာတော့ ရှောင်းလန့်က သူ့အောက်နှုတ်ခမ်းကိုကိုက်ပြီး လွှတ်ပေးလိုက်သည်။ နှုတ်ခမ်းနှင့်လျှာတွေက ကွဲကွာသွားချိန် ကျုယန့်ထင်၏အားအင်တွေက လုံးလုံးကုန်ခမ်းသွားတော့သည်။
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းမှာ ရှောင်းလန့်၏အသက်ရှူသံတွေက အနည်းငယ်ပြတ်တောင်းနေခဲ့၏။ သူနှင့်ကျုယန့်ထင်က ကြားလေမသွေးနိုင်အောင် အတူအကွပူးကပ်နေသည်မှာ တိတ်ဆိတ်နေသည့်အခန်းထဲ တစ်ယောက်နဲ့တစ်ယောက် နှလုံးခုန်သံနဲ့ အသက်ရှုသံတွေကိုသာ ကြားနေရသည်။
နောက်တော့ ရှောင်းလန့်က ဖြည်းဖြည်းချင်း ကိုယ်ကိုမတ်လိုက်သည်။ သူ့မျက်ဝန်းတွေက မည်းမှောင်နေပြီး သူက အောက်ကလူကို ခဏလောက်စိုက်ကြည့်နေလိုက်သည်။
ကျုယန့်ထင်၏မျက်နှာက မက်မွန်သီးလေးတစ်လုံးလိုပါပင်။ ပါးပြင်တွေက နီမြန်းနေပြီး နှုတ်ခမ်းတွေက တောက်ပရွှန်းစိုနေသည်။ သူ့လျှာဖျားက ပြူတစ်ပြူတစ်ထွက်လာကာ အကိုက်ခံထားရသည့်နေရာကို ခဏခဏလာလာလျက်နေသည်။ သူ့မျက်ဝန်းတွေက စိုစွတ်နေပြီး အတွင်းမှာမျက်ရည်တွေလဲ့နေသည်။ ဇဝေဇဝါဖြင့် သူ့ကိုကြည့်နေပြီး အမူအရာက ဖျားယောင်းသွေးဆောင်နေသည့်အတိုင်းပါပင်။
ရှောင်းလန့်၏မျက်လုံးများမှာ ပို၍ပင် မည်းမှောင်လာသည်။ သူက အောက်ဖက်ကိုငုံ့လာကာ နောက်တစ်ကြိမ် သူ့ကို နမ်းလိုက်သည်။
ကျုယန့်ထင်၏အဝတ်တွေမှာ အဆက်မပြတ်လှုပ်ရှားမှုကြောင့် ပွင့်ထွက်ကုန်သည်။ ထင်းနေသည့်ညှပ်ရိုးက ဖြူဖွေးသွယ်လျသောလည်တိုင်အောက်မှာ ရှင်းရှင်းလင်းလင်းပေါ်လာသည်။ မို့မောက်နေသည့်ရင်ဘတ်မှာ အနည်းငယ်တုန်ယင်နေခဲ့၏။ သူ့လည်ဇလုတ်က အထက်အောက်ရွေ့သွားသည့်ခဏ စိတ်ဆန္ဒကိုနှိုးဆွပေးနိုင်သည့်အသံတစ်ခုက လည်ချောင်းထဲကနေထွက်လာခဲ့သည်။
ရှောင်းလန့်က မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီးမှာ သူ့လည်ပင်းကို နမ်းလိုက်သည်။
ပူလောင်သည့်အထိအတွေ့တစ်ခု သူ့လည်ပင်းပေါ်ရောက်လာခဲ့၏။ ကျုယန့်ထင်မှာ ယားယံမှုကြောင့် တွန့်သွားခဲ့ပြီး မသိစိတ်က ကျုံ့ဝင်သွားချင်ခဲ့သည်။ သို့သော် သူ့ခါးက တင်းတင်းဆုပ်ကိုင်ထားခံရပြီး ခါးပတ်တောင်မှ ပြုတ်ထွက်နေခဲ့သည်။ အဝတ်အစားတွေကတော့ ဖရိုဖရဲဖြစ်အောင် ဆွဲရဲခံထားရသည်။
ရှောင်းလန့်၏အနမ်းက တရွေ့ရွေ့အောက်ဆင်းလာပြီး သူ့ညှပ်ရိုးပေါ်ရောက်လာကာ ခပ်ပြင်းပြင်းတစ်ချက်ကိုက်လိုက်သည်။
ကျုယန့်ထင်က နာကျင်မှုကြောင့် ညည်းညူလာသည် “ဝမ်းကွဲအစ်ကို…”
ရှောင်းလန့်က ရုတ်တရက် တောင့်သွားခဲ့၏။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက လက်သီးကိုတင်းတင်းဆုပ်ပြီး ကျုယန့်ထင်ကိုလွှတ်ပေးလိုက်သည်။ ခုံပေါ်မှာ တည့်တည့်မတ်မတ်ပြန်ထိုင်လိုက်သည်။
ကျုယန့်ထင်မှာ မိန်းမောနေဆဲ သူ့မျက်လုံးတွေကိုဖွင့်လာသည်။ ခဲရာခဲဆစ်အသက်ရှူနေရင်းမှာ နဝေတိမ်တောင်ဖြစ်နေသည့်မျက်လုံးတွေဖြင့် ရှောင်းလန့်ကို ကြည့်လာခဲ့သည်။
ရှောင်းလန့်က သူ့ပါးကိုလှမ်းကိုင်လိုက်ရင်း “တောင်းပန်တယ်.. ကိုယ်စိတ်မထိန်းနိုင်ဘူးဖြစ်သွားတယ်”
ကျုယန့်ထင်က မျက်လုံးတွေကို ပိတ်လိုက်ဖွင့်လိုက်ဖြင့် သူက နောက်ဆုံးမှာ လက်ရှိအခြေအနေထဲကို ပြန်ရောက်လာသည်။
သူက ရှောင်းလန့်လက်ကို ကိုင်လိုက်ပြီး “ကျွန်တော်စိတ်ထဲမရှိပါဘူး.. ဝမ်းကွဲအစ်ကို.... ခင်ဗျား လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်.. ကျွန်တော် ဘာမှမဖြစ်ပါဘူး…”
ရှောင်းလန့်၏မျက်လုံးများထဲ၌ ပြင်းပြင်းထန်ထန်ထိန်းချုပ်ထားရသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူက သူ့အောက်ကလူကို အတော်လေးကြာတဲ့အထိ စိုက်ကြည့်နေခဲ့သည်။ ပြီးမှငုံ့ချလာကာ ကျုယန့်ထင်၏နဖူးထက်တွင် ဖော့ဖယောင်းလိုနူးညံ့လွန်းသည့် အနမ်းလေးတစ်ခု ပေးလိုက်သည်။
ကျုယန့်ထင်က သူ့နားကပ်ပြီး တိုးတိုးလေးပြောသည် “ဝမ်းကွဲအစ်ကို.. တကယ်ဆက်မသွားတော့ဘူးလား”
ရှောင်းလန့်က သူ၏ နက်မှောင်ပျော့ပျောင်းသည့်ဆံပင်တွေကို ပွတ်သပ်ပေးသည်။ အသံက ပိုလို့တောင် ကြမ်းရှလာခဲ့သည် “အခုမဖြစ်သေးဘူး.. လက်ထပ်ပြီးမှ”
ကျုယန့်ထင်က ရယ်သည် “အွန်း”
ရှောင်းလန့်က ကျုယန့်ထင်၏အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်လုပ်ပေးသည်။ မျက်နှာကရီဝေဝေဖြစ်နေဆဲဖြစ်သည်ကိုမြင်တော့ အစေခံတွေကို ရေနွေးယူခိုင်းလိုက်ကာ သူ့မျက်နှာကိုသုတ်ပေးသည်။
ကျုယန့်ထင်က မျက်လုံးတွေကို အသာအယာမှိတ်ထားရင်း ရှောင်းလန့်ကို လုပ်ခွင့်ပြုထားသည်။
“ယန့်ထင်.. အခုချက်ချင်း အိပ်တော့မှာလား” ရှောင်းလန့်က ထိုင်ရင်းအိပ်နေသည့် ကျုယန့်ထင်ကို ကြည့်ပြီး တိုးတိုးလေးခေါ်လိုက်သည်။
ကျုယန့်ထင်က မျက်လုံးတွေကိုပိတ်ထားပြီး မပီမသပြန်ဖြေသည် “ခင်ဗျားပဲ ကျွန်တော့်ကို အဝတ်တွေပြန်ဝတ်ပေးလိုက်ပြီးတော့.. ဘယ်လိုအိပ်လို့ရမှာလဲ”
“… ကိုယ်.. မင်းအဝတ်လဲဖို့ တစ်ယောက်ယောက်လှမ်းခေါ်လိုက်မယ်”
“မလိုချင်ဘူး.. ခင်ဗျားလုပ်ပေးတာပဲလိုချင်တယ်”
ကျုယန့်ထင်က ဒီလိုပြုမူတာ ရှားလွန်းသည်။ နူးညံ့သည့် နုံနုံအအကြည့်လေးက အတန်ငယ်ကလေးဆန်ပြီး ရှောင်းလန့်နှလုံးသားကို ပျော့ပျောင်းသွားအောင် လုပ်လိုက်သည်။
ရှောင်းလန့်က ခုံတန်းရှည်ပေါ်တစ်ဝက်မှီပြီး လူကို ရင်ခွင်ထဲဆွဲသွင်းလိုက်၏ “မအိပ်ချင်သေးရင် ကိုယ်တို့စကားပြောရအောင်”
ကျုယန့်ထင်က သူ့ကို မှီလိုက်သည်။ လည်ပင်းမှာကပ်ထားပြီး အသာအယာပွတ်သပ်နေခဲ့ရင်းမှ “အင်း... ဘာပြောချင်လို့လဲ”
ရှောင်းလန့်က ခဏလောက်တွေးလိုက်ပြီးမှ
“နယ်စားအိမ်တော်မှာ မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ ပြင်ဆင်မှုတွေလုပ်နေကြပြီ.. အိမ်တော်တစ်ခုလုံးကို အလှဆင်ထားပြီးတော့ ကိုယ်တို့နေတဲ့ခြံဝင်းကို လုံးဝအသစ်ပြန်လုပ်ထားတယ်… အနောက်ဖက်ကဝါးရုံတောကိုတော့ မင်း အရင်တစ်ခေါက်က မြင်ပြီးပြီ... မင်္ဂလာပွဲမတိုင်ခင် အကုန်အပြီးလုပ်မှာ… အမေက မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ သေးသေးမွှားမွှားလေးတွေကအစ သူကိုယ်တိုင်ကြီးကြပ်တယ်.. အဲဒိနေ့မှာကျွေးမယ့် အစားအသောက်စာရင်းကိုတောင် အမှားအယွင်းမရှိအောင် ကိုယ်တိုင် အခေါက်ခေါက်အခါခါဖတ်တာ..”
ကျုယန့်ထင်က ပြုံးလိုက်ကာ “ဒီလောက်ခမ်းနားတာလား.. ဧည့်သည့်တွေကို ဧည့်ခံတဲ့ပွဲပဲမဟုတ်ဘူးလား”
“အင်း.. ဧကရာဇ်က ချီးမြှင့်တဲ့အိမ်ထောင်ရေး.. သာမန်ကာလျှံကာတော့ ဘယ်ရမလဲ.. ခမ်းခမ်းနားနားဖြစ်ရမှာပေါ့”
“တော်ပါပြီ.. နောက်ဆုံးတော့ အဲ့ဒိလူအိုကြီးရဲ့မျက်နှာကြောင့်ပဲပေါ့” ကျုယန့်ထင်က မဲ့ကာပြုံးပြလိုက်သည်။
“ယန့်ထင်.. လက်ထပ်ပြီးသွားရင် မင်း တော်ဝင်စာသင်ကျောင်းကိုသွားပြီး စာဖတ်ဦးမှာလား”
“သွားမှာ.. အိမ်ထဲမှာပဲ တစ်ချိန်လုံး နေရတာ ပျင်းတယ်.. စာအုပ်တွေဖတ်နေရတာ မကောင်းတာတော့ မရှိပါဘူး....” ကျုယန့်ထင်က ပြောနေရင်းမှ တစ်ခုခုကို တွေးမိသွားပုံဖြင့် ရုတ်တရက် တိတ်သွားသည်။
ရှောင်းလန့်က ဘာဖြစ်သွားသလဲဟု သူ့ကိုငုံ့ကြည့်လိုက်သည်။ ကျုယန့်ထင်က သူ့ပုခုံးမှာ ခေါင်းကိုဖွက်ထားပြီး ပြုံးစိစိလုပ်နေ၏။
“ယန့်ထင်... မင်း ဘာတွေရယ်နေတာလဲ”
ကျုယန့်ထင်က ခဏလောက်ရယ်နေခဲ့သည်။ သူ့ပါးပြင်ကနီရဲလာပြီး သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလာသည်။
“ကျွန်တော်တို့လက်ထပ်ပြီးသွားရင် ကလေးတစ်ယောက်မွေးရအောင်… တကယ်လို့ ကျွန်တော့်မှာ ကလေးရှိလာပြီဆိုရင် စာသင်ကျောင်းသွားချင်ရင်တောင် ခင်ဗျားအမေက သဘောတူမှာမဟုတ်ဘူး”
ရှောင်းလန့်က အံ့အားသင့်သွားသည်။ သူလည်းပဲ မျက်နှာရဲသွား၏ “မင်း မလိုချင်ရင် နောက်နှစ်နည်းနည်းနေမှ မွေးလို့ရပါတယ်…”
“ကျွန်တော် လိုချင်တယ်” ကျုယန့်ထင်က တိုးတိုးလေးပြန်ဖြေလိုက်သည်။
သူ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါ။ အချစ်ဖြင့်တည်ဆောက်ထားသော ဆက်ဆံရေးတစ်ခုက ဘယ်နှနှစ်ကြာ တည်တံ့နိုင်ပါမည်နည်း။
ထိုလင်မယားဟုခေါ်သော အသိုက်အမြုံမှာ တောအုပ်တွင်းရှိ ငှက်များကဲ့သို့ပင်။ သူတို့က ဘေးဥပါဒ်နှင့်ကြုံရသည့်အခါ တစ်စစီပျံသန်းထွက်ခွာသွားကြသည်။
လောကရှိ အယုံကြည်အားကိုးရဆုံးမှာ သွေးသားရင်းသာလျှင်ဖြစ်သည်။ သူက ရှောင်းမိသားစုအတွက် ကလေးတစ်ယောက်မွေးဖွားပေးလိုက်လျှင် ရှောင်းလန့်ကို သူ့ဘက်မှာ လုံးလုံးလျားလျား ဆွဲထားနိုင်ပြီဖြစ်သည်။
ကျုယန့်ထင်တစ်ယောက် အတွေးထဲနစ်သွားတာမြင်တော့ ရှောင်းလန့်က သူ့လက်ချောင်းကို ဖွဖွညှစ်လိုက်သည် “ယန့်ထင်”
ကျုယန့်ထင်က မော့ကြည့်ကာ ပြုံးပြလိုက်ပြီး “ဘာမှမဟုတ်ဘူး.. ကျွန်တော်က စဉ်းစားနေတာ.. ကျွန်တော်တို့ကလေးက ကြီးလားရင်း ဘယ်သူနဲ့တူမှာလဲလို့.. ပြီးတော့ နာမည်ဘယ်လိုပေးရမလဲလို့ တွေးနေတာ”
“အခုတည်းက စဉ်းစားနေတာလား”
ကျုယန့်ထင်၏မျက်လုံးတွေထဲ အပြုံးတွေက ပိုပြီးအားကောင်းလာခဲ့၏။ “စဉ်းစားလို့မရဘူးလား”
သူက လက်ကိုမြှောက်ပြီး ရှောင်းလန့်ပါးပြင်ကို ပွတ်သပ်လိုက်၏။ သူ့မျက်လုံးတွေထဲ မြတ်နိုးမှုတွေပြည့်နှက်နေသည်။ သူက တိုးတိုးလေးပြောလိုက်သည်။
“ယောင်္ကျားလေးဆိုရင် ခင်ဗျားနဲ့တူရင် ကောင်းမှာ.. ရှောင်းမိသားစုက ယောင်္ကျားလေးတွေအကုန်လုံးက တော်ကြတယ်.. ကျွန်တော်တို့ကလေးက ပိုတော်မှာသေချာတယ်.. မိန်းကလေးဆိုရင်တော့….”
ရှောင်းလန့်က သူ့ကိုစိုက်ကြည့်လိုက်ပြီး “မိန်းကလေးဆိုရင်ရော”
ကျုယန့်ထင်က မျက်တောင်တွေကို ခတ်လိုက်၏။ သူ့အပြုံးတွေထက်မှာ ကျီစယ်ချင်သည့် အရိပ်အမြွက်လေးတွေရှိနေသည် “မိန်းကလေးဆိုရင်လည်း ခင်ဗျားနဲ့တူမှရမယ်… ဖြောင့်မှန်ပြီး ရဲရင့်ရမယ်.. ဒါမှ သူ နောက်ပိုင်း အနိုင်ကျင့်မခံရမှာ”
ရှောင်းလန့်က အပြုံးဖြင့် သက်ပြင်းချလိုက်ကာ “မင်းကတော့လေ....”
ဆီးနှင်းတွေ ပိုထူထပ်လာချိန်မှာ ကျုယန့်ထင်က ရှောင်းလန့်ရင်ခွင်ထဲ အိပ်မောကျသွား၏။ ရှောင်းလန့်က သူ့ကို အိပ်ရာပေါ်ခေါ်သွားပြီး ကိုယ်တိုင် အပြင်ဝတ်တွေကို ချွတ်ပေးလိုက်ကာ စောင်ခြုံပေးလိုက်သည်။
ကျုယန့်ထင်၏မျက်တောင်များမှာ စိုက်ကျနေပြီး မျက်ခွံတွေပေါ်၌ အရိပ်သေးသေးလေးတစ်ခု ထင်နေသည်။ ဖယောင်းတိုင်မီးက သူ့ပါးပြင်တွေပေါ်မှာ ကျရောက်နေပြီး အလွန်နူးညံ့နေခဲ့သည်။
ရှောင်းလန့်က အိပ်ရာဘေးမှာ ခဏလောက်ထိုင်နေခဲ့သည်။ ပြီးမှ ခေါင်းကိုငုံ့ပြီး သူ့နဖူးပေါ် ဖွဖွလေးနမ်းလိုက်သည်။
သူက မတ်တပ်ထရပ်ပြီး အခန်းအပြင်ဘက်ထွက်လာခဲ့သည်။ တံဆက်မြိတ်အောက်မှာရပ်ပြီး ခြံဝင်းထဲက လရောင်ဖြာသည့် သဖန်းပင်အကိုင်းတွေကို ကြည့်နေခဲ့သည်။
ရှောင်းလန့်က တစ်ခဏ မှင်တက်နေခဲ့ပြီးမှ သူ့နှုတ်ခမ်းထောင့်စွန်းတွေကို ဖြည်းဖြည်းချင်းတွန့်ကွေးလိုက်ပြီး တိတ်တဆိတ်ပြုံးလိုက်ချေ၏။
…………