(22)
ညဉ့်တစ်ဝက်တွင် အေးစက်စက်မိုးတွေက နောက်တစ်ကြိမ်ရွာလာခဲ့ပြန်သည်။
ကောင်းကင်လင်းအားကြီးချိန်၌ အားချင်းက လူတွေခေါ်လာပြီး ကျုယန့်ထင်အိပ်ရာအထကို လာပြုစုလုပ်ကိုင်ပေးသည်။
မျက်နှာကို သဘက်အပူတစ်ထည်နဲ့ အုပ်ထားပြီး အတော်ကြာမှ ကျုယန့်ထင်ကမေးလိုက်သည် “ရှောင်းလူကြီးမင်းရော”
အားချင်းက ခပ်တိုးတိုးပြန်ဖြေသည် “ရှောင်းလူကြီးမင်းက မနက်အစောကြီးကတည်းက ရေကန်ဘက်ကိုထွက်သွားပါတယ်၊ သခင်လေးနိုးရင် ပြန်လာမယ်လို့ ပြောသွားပါတယ်”
ကျုယန့်ထင်က ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပေ။
ရှောင်းလန့်ပြန်ရောက်လာချိန်တွင်မူ ကျုယန့်ထင်မှာ စင်္ကြန်လမ်းထက်မှာ မတ်တပ်ရပ်နေသည်။ မြေကြီးပေါ်က သစ်ရွက်အနွမ်းအခြောက်တွေကို ငေးမောရင်း မှင်တက်နေသည်။ သူဘာတွေစဉ်းစားနေလဲ မသိနိုင်ပေ။
ရှောင်းလန့်က အရှေ့ကိုလျှောက်လာသည်။
ကျုယန့်ထင်က ငေးမောနေရာမှာအသိဝင်လာပြီး သူ့ကိုကြည့်လာသည်။ ကြည်လင်နေသည့် သူ့မျက်ဝန်းတွေထဲမှာတော့ အပြုံးလေးတစ်ခုရှိနေ၏။
“ဝမ်းကွဲအစ်ကို.. ခင်ဗျား မနက်အစောကြီး ဘယ်ထွက်သွားတာလဲ”
“အပြင်ဘက်မှာ မိုးတိတ်သွားတာတွေ့လို့ ရေကန်ဘေး လမ်းလျှောက်ထွက်တာပါ”
ရှောင်းလန့်က သူခူးလာသည့်ပန်းတွေကို လှမ်းပေးလိုက်သည်။ ပန်းပွင့်ဖတ်တွေပေါ်မှာ နှင်းရည်စက်တွေတင်ကျန်နေပြီး နူးနူးညံ့ညံ့ဖြင့် မျက်စိပသာဒရှိလွန်းသည်။
“ဆောင်းဝင်ခါနီးပြီ... ပန်းတွေအကုန်ကြွေကျကုန်ပြီ.. ဒါကိုယ်အမှတ်မထင်တွေ့ခဲ့တာ.. ဘာပန်းလဲတော့ မသိဘူး”
ကျုယန့်ထင်က ပန်းကို ယူလိုက်သည်။ သူ့နှာခေါင်းဖျားမှာ မွှေးကြူလိုက်ကာ နူးညံ့စွာပြုံးပြလိုက်သည်။
ရှောင်းလန့်က သူ့ကို ကြည့်ကာ “မင်းကြိုက်ရဲ့လား”
ကျုယန့်ထင်က မျက်တောင်တစ်ချက်ခတ်ပြီး “ကျွန်တော်က မိန်းမပျိုလေးမှမဟုတ်တာ.. ဘာလို့ ဒီပန်းကိုကြိုက်ရမှာလဲ”
ရှောင်းလန့်မှာ ခဏတာအရှက်ကွဲသွားရ၏။
ကျုယန့်ထင်က ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီးမှ နောက်တစ်ကြောင်းကို အားနာပါးနာ ဖြည်းညှင်းစွာထည့်လိုက်သည် “ဒါပေမယ့် ခင်ဗျားပေးတာဆိုရင်တော့ ကျွန်တော်ကအကုန်ကြိုက်ပါတယ်”
ရှောင်းလန့်က ချောင်းတစ်ချက်အသာဟန့်လိုက်ရင်း “ကိုယ်လည်း ကြုံလို့ခူးလာခဲ့တာ၊ မင်း မကြိုက်ရင် လွှင့်ပစ်လိုက်ပါ”
ကျုယန့်ထင်က သဘောမတူပေ။ ပုလင်းတစ်လုံး ရှာခိုင်းလိုက်ပြီး ပန်းတွေကိုထည့်ထားလိုက်သည်။
“…တကယ် ထည့်ထားမှာလား”
“အင်းပေါ့.. ဝမ်းကွဲအစ်ကို စိတ်လိုလက်ရခူးလာပေးတာကို ကျွန်တော်က ဘယ်လိုလုပ် လက်လွတ်စပယ်လုပ်ရမှာလဲ”
သူက ရှောင်းလန့်လက်ကို ဆွဲလိုက်ပြီး “သွားကြမယ်.. မနက်စာသွားစားကြစို့”
အခန်းထဲဝင်လာပြီးကျမှ သူက တစ်ခုခုကို တွေးမိပုံဖြင့် ရုတ်တရက် ထပ်မေးလိုက်ပြန်သည်။
“ဝမ်းကွဲအစ်ကို ခင်ဗျား ဘာလို့ မနေ့ညက ကျွန်တော်နဲ့အတူမအိပ်တာလဲ၊ ကျွန်တော်အိပ်ပျော်သွားတော့ တခြားအခန်းမှာသွားအိပ်တယ်မလား”
သူ့မျက်လုံးများထဲ၌ တစိုးတစထင်ဟပ်နေသည့် အပြုံးတွေရှိ၏။
ရှောင်းလန့်က အနည်းငယ် မသက်မသာဖြစ်သွားကာ “… ကိုယ်တို့က လက်မထပ်ရသေးဘူး”
“ဒီမှာအပြင်လူမရှိဘူးလေ.. ဘာကြောက်စရာရှိလဲ” ကျုယန့်ထင်က ရယ်ကာမောကာဖြင့် ပြောလေသည် “ပြီးတော့ ကျွန်တော်တို့က အဲ့ဒိနေ့က တောင်ပေါ်ဘုရားကျောင်းမှာ တစ်အိပ်ရာတည်း အတူအိပ်ခဲ့တာမဟုတ်ဘူးလား”
“အဲ့ဒါက မတူဘူး”
“ဘယ်လို မတူတာလဲ”
ရှောင်းလန့်က အရေထူသည့်လူမဟုတ်ပေ။ ကျုယန့်ထင်ထံမှ လှည့်ပတ်မေးမြန်းခံရသည့်အခါ သူက အရှက်သည်းလာသလို မျက်နှာတွေနီရဲလာသည်။
“မင်းမပြောနဲ့တော့…”
ကျုယန့်ထင်က လုံးဝအလျော့မပေးပေ။
“ဘယ်နားက မတူလို့လဲ၊ အဲ့တုန်းက ရပြီးတော့ ဘာလို့ မနေ့ညက မရတာလဲ”
ရှောင်းလန့်က အဝေးကိုလှမ်းကြည့်လိုက်ပြီးမှ ရှင်းပြလာသည်။
“အဲ့ဒိတုန်းက ကိုယ်တို့က မစေ့စပ်ရသေးဘူး”
“သြော်...” ကျုယန့်ထင်၏မျက်လုံးတွေက ပိုပြီးပြုံးလာခဲ့သည်။ သူက အသံကို ရှည်အောင်ဆွဲလိုက်ပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောလိုက်သည်။
“အဲ့ဒါဆိုတော့ ခင်ဗျားက အဲ့ဒိအချိန်တုန်းက ကျွန်တော့်အပေါ်မှာ ဘာဘာညာညာအတွေးတွေ မရှိခဲ့ဘူးပေါ့”
“… အဲ့လိုလည်း မဟုတ်ဘူး”
အဘယ်ကြောင့် မရှိရမည်နည်း။ သူက ဤလူကို သတိရနေခဲ့ပြီး ဤလူက သူ့ရှေ့မှာပေါ်လာခဲ့သည်။ သူ့အတွက် ပိုးစုန်းကြူးတွေကို ကိုယ်တိုင် ဖမ်းလာပေးသည်။ ည၏ကြယ်တွေအားလုံးကို သူ့အတွက် ယူဆောင်လာပေးခဲ့၏။
ယင်းညတွင် သူက အလူးလူးအလှိမ့်လှိမ့်ဖြင့် တစ်ညလုံး မျက်လုံးတွေပွင့်နေခဲ့သည်။ သူ့ဘေးကလူ၏ အိပ်ပျော်နေသည့်မျက်နှာကို အာရုဏ်တက်ချိန်ထိ ကြည့်နေမိပါ၏။
သူ ငယ်စဥ်ကလေးဘဝကတည်းက သူ့အဖိုး သင်ပေးခဲ့သည့် အမျိုးကောင်းသားကျင့်ဝတ်တွေ၊ တွန်းလှန်ခြင်းနှင့် သမ္မာသတိနည်းလမ်းတွေကို စိတ်ထဲမအောက်မေ့ခဲ့ပါက ထိုလူကို ရင်ခွင်ထဲဆွဲဖက်ချင်သည့်စိတ်တွေအား ထိန်းနိုင်ခဲ့မည် မဟုတ်ခဲ့ပေ။
သို့သော် သူက ဒီလိုအရာတွေကို ကျုယန့်ထင်ကို မပြောပြချင်။ ဘယ်လိုရှင်းပြရမည်လဲ မသိချေ။
“အဲ့ဒါဆိုဘာလဲ”
ရှောင်းလန့်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ သူက ကျုယန့်ထင်ကိုကြည့်ပြီး အလေးအနက်ပြောလိုက်သည်။
“ယန့်ထင်.. ကိုယ်က မင်းကို သဘောကျတယ်.. ပိုပြီးတော့ သနားတယ်.. လေးစားတယ်၊ ကိုယ်စိတ်အလိုလိုက်ပြီး မင်းကိုပေါ့ပေါ့လေး မနင်းချေလိုက်ချင်ဘူး”
ကျုယန့်ထင်က နည်းနည်းတော့လန့်သွားသည်။ နောက်တော့ သက်ပြင်းချလိုက်ပြီး “ဝမ်းကွဲအစ်ကို.. ကျွန်တော်ကစနေတာပါ.. ဘာလို့ဒီလောက်လေးနက်နေရတာလဲ”
“မင်းရဲ့အရေးကိစ္စတွေအကုန်လုံး ကိုယ်က အမြဲအလေးထားတယ်”
ကျုယန့်ထင် ခေါင်းညိတ်လိုက်သည်။ ယခုတော့ စိတ်မသက်မသာဖြစ်ရသည့်လူမှာ သူကိုယ်တိုင်ဖြစ်သွားပေပြီ။
“အင်းပါ နားလည်ပါပြီ.. အစောကြီးကတည်းက ပြောခဲ့တယ်မလား.. ယုံပါတယ်”
ရှောင်းလန့်က စကားစကိုဖြတ်လိုက်သည် “ဒါတွေမပြောတော့ဘူး.. မနက်စာအရင်စားကြမယ်”
နေထန်းတဖျားအချိန်၌ ကျုယန့်ထင်က လှေစီးချင်သည်ဟုပြောလာခဲ့သည်။ သို့သော် ရှောင်းလန့်က သဘောမတူဘဲ စစ်တုရင်ခုံကိုသာ ယူလာခိုင်းလိုက်ကာ
“အပြင်မထွက်နဲ့၊ ကိုယ် မင်းနဲ့ စစ်တုရင် အတူကစားပေးမယ်”
ကျုယန့်ထင်က မပျော်မရွှင်ဖြစ်သွား၏။ သူက ရှောင်းလန့်လက်ကိုဆွဲကာ လွှဲယမ်းလိုက်ပြီး “သွားလို့မရဘူးလား”
ရှောင်းလန့်မှာ မဖြစ်မနေနားချဖို့ကလွဲပြီး မရှိတော့ပေ။
“အပြင်မှာ လေပြင်းတယ်၊ မင်းက အားနည်းနေတာ၊ နွေဦးရောက်လို့ ရာသီဥတုက ပိုနွေးလာတဲ့အချိန်ကျရင် ကိုယ်မင်းကို လှေစီးဖို့ခေါ်သွားပေးမယ်”
“ကျွန်တော်က ဘယ်မှာအားနည်းလို့လဲ…”
“ငယ်ငယ်တုန်းက ကျန်းမာရေးမကောင်းဘူးဆိုပြီးတော့ မင်းကိုယ်တိုင်ပဲပြောခဲ့ပြီး”
ကျုယန့်ထင်က ခေါင်းထဲမထည့် “အဲ့ဒါက ငယ်ငယ်တုန်းကလေ”
“အခုလည်း အတူတူပဲ” ရှောင်းလန့်က သူ့လက်ဖဝါးကိုဖျစ်ညှစ်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည် “ဒီအခန်းထဲမှာ မီးဖိုတစ်ဖိုရှိသေးတယ်၊ ဒါပေမယ့် မင်းလက်တွေက အေးနေတုန်းပဲ၊ ခန္ဓာကိုယ်က ဒီလောက်အေးနေတာ.. အပြင်ထွက်လည်ဖို့ စဉ်းတောင်မစဉ်းစားနဲ့”
ကျုယန့်ထင်က ဆက်မငြင်းနေတော့ပေ။ သူက ရှောင်းလန့်မျက်ခုံးကို လက်ညှိုးနှင့်ထောက်လိုက်ပြီး ချော့မော့လိုက်တော့၏။
“မသွားနဲ့ဆိုလည်း မသွားတော့ပါဘူး၊ ကျွန်တော်တို့ စစ်တုရင်ပဲ ကစားကြမယ်၊ ဒီလို မပျော်မရွှင် မျက်မှောင်ကြီးကျုံ့မထားပါနဲ့”
နောက်ဆုံးတော့ ရှောင်းလန့်တစ်ယောက် စိတ်ပျော့သွားရသည်ပင်။ သူက သူ့ကိုကြည့်ပြီး သက်ပြင်းဖွဖွချလိုက်သည် “နွေဦးရောက်လို့ မင်းလှေစီးချင်တယ်ဆိုရင်က ကိုယ်က သေချာပေါက်လိုက်ပို့ပေးမယ်”
ကျုယန့်ထင်မှာ ပြုံးပြလိုက်ရင်း “အင်းပါ”
နှစ်ယောက်သားက ခုံတန်းရှည်တွင်ထိုင်ပြီး စစ်တုရင်ခုံတစ်ခုံ၊ လက်ဖက်ရည်နှစ်ခွက်ဖြင့် တစ်နေ့တာလုံးကို ဖြတ်သန်းနိုင်ကြ၏။
ရှောင်းလန့်မှာ အကွက်တစ်ကွက်ရွှေ့သည့်အချိန်တွင် အချိန်အကြာကြီးစဉ်းစားတတ်သည်။ ကျုယန့်ထင်က အရင်က စပ်စပ်စုစုဖြင့် သူ့ကို ဘာကြောင့် ချီတုံချတုံဖြစ်နေရသလဲဟု မေးခဲ့ဖူးသည်။ ရှောင်းလန့်က ဆုံးဖြတ်ချက်ချပြီးမှ နောင်တရမည့်အစား ဖြစ်နိုင်ချေနှင့် အကျိုးဆက်အားလုံးကို သေသေချာချာစဉ်းစားမည်ဟု ရှင်းပြခဲ့သည်။ သူ့ပင်ကိုယ်စရိုက်ကဲ့သို့ပင်။
မပြတ်မသားဝေဝါးနေသည်မဟုတ်။ သတိကြီးကြီးထားခြင်းသာဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် နောက်ပြန်လှည့်မည်မဟုတ်တော့။
ကျုယန့်ထင်ကတော့ ထိုအချိန်မှာ စိတ်ထဲကန့်ကွက်နေခဲ့သည်။ သတိကြီးကြီးထားနေပါက မျက်စိရှေ့က အကြီးဆုံးအကျိုးအမြတ်ကို ဘယ်လိုဖမ်းဆုပ်နိုင်တော့မှာလဲ ဟူ၍ပင်။ လောကကြီးက ခန့်မှန်းမရပေ.... သူကတော့ သူ့အချိန်တွေကို အနာဂတ်အတွက်တွေးတောရင်း ကုန်ဆုံးမနေချင်ခဲ့ပါ။
ရှောင်းလန့်က ကစားပွဲကို အာရုံစိုက်နေတုန်းဖြစ်သည်။
ကျုယန့်ထင်က သူ့ကို မလော။ အမွှေးနံ့သာတွေကို ပေါင်းစပ်နေပြီး ရှောင်းလန့်ဆီ လှမ်းလှမ်းပြကာ ကြိုက်သည့်အနံ့ကို ရွေးချယ်ခိုင်းနေသည်။
“ဝမ်းကွဲအစ်ကို.. ကျွန်တော့်ကိုအမွှေးအိတ်ပေး.. ကျွန်တော်လဲပေးမယ်”
ရှောင်းလန့်က အိတ်ကို အသာပင်ချွတ်လိုက်ကာ သူ့ကိုပစ်ပေးလိုက်သည်။ ကျုယန့်ထင်က အထဲကဟာတွေကိုသွန်ချပြီး သုံးနေကျသစ်မွှေးနည်းနည်းကို တခြားပန်းအနံ့တွေနှင့် ရောထည့်ပေးလိုက်သည်။
ထိုသွန်ပစ်လိုက်သည့်အရာတွေကတော့ အကုန်လုံး ဘေးကိုလွှင့်ပစ်ခံလိုက်ရလေသည်။
........
ညနေစောင်း၌ ရှောင်းလန့်က ကျုယန့်ထင်ကို အိမ်ပြန်လိုက်ပို့သည်။
မြင်းလှည်းပေါ်မှဆင်းခါနီးတွင် ကျုယန့်ထင်က မေးလိုက်သည် “ကျွန်တော်တို့ ဒီကြားထဲ မတွေ့ဖြစ်တော့ဘူးမလား”
ရှောင်းလန့်က သူ့လက်ကိုအသာဆုပ်ညှစ်ကာ
“မနက်ဖြန် ကိုယ် ရာထူးလက်ခံဖို့ ရုံးတော်အသစ်ကိုသွားရမယ်.. ပြီးတော့ အရှင်မင်းကြီးပေးတဲ့ အလုပ်ကိုလုပ်ရမယ်.. ဒီကိစ္စတွေကို လက်မထပ်ခင် အမြန်ဆုံးပြီးသွားစေချင်တယ်.. လတ်တလောတော့ အရမ်းအလုပ်များလိမ့်မှာ”
ကျုယန့်ထင်က ဗွေမယူပေ “ကိစ္စမရှိဘူး.. ကျွန်တော် ခင်ဗျားကိုလာရှာရင် ရတာပဲ.. ရုံးတော်မှာ တစ်ချက်လောက်လာတွေ့ပြီး စကားပြောကြတာပေါ့”
ရှောင်းလန့်က ခေါင်းညိတ်ပြလိုက်သည်။ ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ ကျုယန့်ထင်၏လက်ချောင်းတွေကို နမ်းလိုက်သည်။ ပြီးမှ ခပ်တိုးတိုးမှာတမ်းခြွေသည် “အိမ်မှာ ကောင်းကောင်းအနားယူနော်၊ အေးကအေးနဲ့ အပြင်လျှောက်မထွက်နဲ့”
“အင်းပါ” ကျုယန့်ထင်က အနားကပ်လာပြီး ရှောင်းလန့်၏နှုတ်ခမ်းကို နမ်းလိုက်သည် “ဝမ်းကွဲအစ်ကို.. ကျွန်တော် ခင်ဗျားကိုအမြန်ဆုံးလက်ထပ်ချင်နေပြီ”
သူသည် အမျိုးသမီးတစ်ယောက်မဟုတ်ပါ။ ထို့ကြောင့် စကားပြောရာတွင် စောင့်ထိန်းနေစရာမလို၊ စိတ်ကူးပေါက်ရာ ဘာပဲဖြစ်ဖြစ် ပြောထုတ်နိုင်သည်။
ရှောင်းလန့်က သူ့ကိုပြန်နမ်းလိုက်သည်။ နှုတ်ခမ်းနှင့်သွားတွေကို အပြန်အလှန်ဖိကပ်လိုက်ရင်း လေသံဖြင့်ပြောလိုက်သည် “ဖြစ်လာတော့မှာပါ”
……
သုံးရက်အကြာ၌ ရှောင်းမုန်သည် အနောက်မြောက်ဘက်သို့ ပြန်ထွက်ခွာသွားခဲ့သည်။
အာရုဏ်မတက်မီတွင် ရှောင်းလန့်က သူ့မရီးရန်သခင်မနှင့်တူမကိုခေါ်ပြီး ရှောင်းမုန်ကို လိုက်ပို့ပေးသည်။
ရန်သခင်မက မျက်ရည်လည်ရွဲဖြစ်နေသည်။ ရှောင်းမုန်က သူ့ကို တိုးတိုးချော့ပြုပြီးမှ သမီးဖြစ်သူကိုပွေ့ချီပြီး သူတို့ကို မြင်းလှည်းထဲအရင်ဝင်ခိုင်းသည်။
ရှောင်းလန့်က သူ့အစ်ကိုကိုနှုတ်ဆက်ဖို့ ရှေ့တက်လာသည်။
ရှောင်းမုန်က သူ့ပုခုံးကိုပုတ်ကာ သက်ပြင်းချလိုက်ရင်း “ငါမပြန်ခင် မင်းမင်္ဂလာသေရည်သောက်ရမယ်လို့ ထင်လိုက်တာပဲ.. ဒါပေမယ့် စစ်ပွဲကအရေးကြီးလာတော့ အမြန်ပြန်ဖို့ပဲ ဖြစ်သွားတယ်.. ပျော်စရာတွေကို မမှီတော့ဘူး”
ရှောင်းလန့်က ပြောလိုက်သည် “အစ်ကို အောင်ပွဲခံပြီးပြန်လာရင် ကျွန်တော်နဲ့ တစ်ခွက်လောက်သောက်ကြတာပေါ့”
“ကောင်းပြီ” ရှောင်းမုန်က ပြုံးပြလိုက်ပြီး “နောက်တစ်ခါ ငါတို့ညီအစ်ကိုတွေပြန်တွေ့ရင် ကောင်းကောင်းသောက်ကြမယ်”
“အစ်ကို” ရှောင်းလန့်က စကားလုံးတွေကို လည်ချောင်းထဲကနေ ညှစ်ထုတ်လိုက်ရသလို ခက်ခက်ခဲခဲဖြင့်ပြောလာသည် “ရန်သူ့ဓါးမှာ မျက်စိမပါဘူး၊ ကိစ္စတိုင်းကို သတိထားရမယ်”
“ငါသိတယ်” ရှောင်းမုန်က ခေါင်းယမ်းလိုက်ပြီး “မင်း ဒါကိုစိတ်မပူနဲ့.. မင်းကိုယ်တိုင်ပဲ စိတ်ပူ... မျိုးနွယ်စုရေးရာရုံးတော်မှာ လူတွေအများကြီးရှိပြီးတော့ အဲ့ထဲက မင်းသားတစ်ချို့က ပေါင်းရသင်းရမလွယ်ဘူး.. နောက်ပိုင်းမင်း သူတို့နဲ့ ဖြေရှင်းရတော့မယ်ဆိုရင် သတိကြီးကြီးထားနိုင်မှ တော်ကာကျမယ်”
“ကျွန်တော်လည်း သိပါတယ်၊ အစ်ကို.. သိပ်မပူပါနဲ့၊ ကျွန်တော့်စိတ်ထဲ အကုန်သိပါတယ်”
“မင်းနားလည်ရင်ပြီးရော.. အရှင်မင်းကြီးက မင်းကိုခေါင်းရောင်းချင်နေတယ်.. ရည်ရွယ်ချက်ရှိရှိလုပ်တာဆိုတော့ မင်းကို သေသေချာချာကာကွယ်ပေးမှာပါ.. မင်းကတော့ သူ့ဆန္ဒအတိုင်း လိုက်လုပ်ပေးလို့ရတယ် ဒါပေမယ့် တအားမျက်နှာလိုမျက်နှာရလုပ်စရာ မလိုဘူး.. ငါတို့ရှောင်းမိသားစုက အလုပ်လုပ်ရင် လိပ်ပြာလုံတဲ့ကိစ္စတွေကိုပဲ လုပ်တယ်”
ရှောင်းလန့်က ခေါင်းညိတ်လိုက်၏ “အစ်ကိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော့်စိတ်ထဲမှတ်သားထားပြီး ဘယ်တော့မှမပယ်ရှားပါဘူး”
ရှောင်းမုန်က ရှောင်းလန့်၏ပုခုံးကို နောက်တစ်ကြိမ်ပုတ်လိုက်ကာ သက်ပြင်းချလိုက်ပြီးမှ နောက်ဘက်က မြင်းလှည်းစီလှမ်းကြည့်လိုက်သည်။ ကလေးမလေးက ပြတင်းပေါက်မှာ မှီတွယ်နေပြီး သူ့ကိုလက်ယမ်းပြနေသည်။
သူက ရှေ့တက်လာပြီး သူ့သမီး၏ပါးပြင်နုနုလေးကို ပွတ်သပ်လိုက်ရင်း “ရင်းအာ လိမ္မာတယ်နော်.. ပြတင်းပေါက်ကိုပိတ်လိုက်တော့.. အအေးမမိစေနဲ့ သတိထား”
“ဖေဖေ ဘာလို့မတက်လာသေးတာလဲ”
ရှောင်းမုန်က သူ့ကိုချော့လိုက်သည် “သမီးနဲ့မေမေက အရင်ပြန်လိုက်.. ဖေဖေ အလုပ်တွေသွားလုပ်ပြီး ရက်နည်းနည်းလောက်နေရင် ပြန်လာမယ်”
“အဲ့ဒါဆိုရင် ဖေဖေ ရင်းအာနဲ့မောင်လေးအတွက် ကစားစရာယူလာဖို့ မမေ့ရဘူးနော်”
“မမေ့ဘူး”
ရန်သခင်မက သူ့သမီးကိုပွေ့ကာဖယ်လိုက်ရင်း ရှောင်းမုန်ကိုကြည့်လိုက်သည်။ သူမက မျက်ရည်တွေကိုထိန်းပြီး ဆို့ဆို့နင့်နင့် ပြောလာ၏ “အန္တရာယ်ကင်းကင်း ပြန်လာခဲ့ရမယ်နော်”
“အင်း”
ပြတင်းပေါက်က ပိတ်သွား၏။ ရှောင်းမုန်၏သဏ္ဍာန်က အနည်းငယ်ဝမ်းနည်းနေပုံရသည်။ သူက ရှောင်းလန့်ရှိရာလျှောက်လာပြီး အဆုံးသတ်နှုတ်ဆက်လိုက်သည် “မင်းမရီးနဲ့ တခြားသူတွေကို မင်းလက်ထဲမှာအပ်ခဲ့ပြီ”
ရှောင်းလန့်က အလေးအနက်ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် သူတို့ကို ကောင်းကောင်းဂရုစိုက်မှာပါ၊ အစ်ကိုစိတ်ချပါ”
ရှောင်းမုန်က သူ့တပ်သားတွေကို ဦးဆောင်ပြီး ထွက်သွားခဲ့သည်။
ဖုန်လုံးကြီးက မြင်ကွင်းထဲကပျောက်သွားတော့မှ ရှောင်းလန့်က ငေးမောနေရာမှ အသိပြန်ဝင်လာခဲ့သည်။ သူက လှည့်ထွက်ကာ မြင်းပေါ်တက်သွားခဲ့သည်။
........
ဧကရာဇ်နန်းတော်၊ ထျန်းမန်မျှော်စင်..
မိုးက စဲလိုက်ရွာလိုက်ဖြင့် နန်းတော်တစ်ခုလုံးက မှုန်ဝါးဝါးဖြင့် စိတ်ဓါတ်ကျစရာကောင်းနေ၏။ အမြင့်နေရာတွင်ရှိသော ဤထျန်းမန်မျှော်စင်ကသာ လေနှင့်မိုးများကြား ထီးထီးမားမားငြိမ်သက်နေသည်။
ထျန်းမန်မျှော်စင်အရှေ့ဘက်ရှိ ပင်မခန်းမဆောင်မှာ ဧကရာဇ်၏ မသေမျိုးကျင့်ကြံသည့် နေရာဖြစ်သည်။ အနောက်ဘက်ကား ယွီတောက်ကျီနေထိုင်သည့်နေရာပင်။
ယွီတောက်ကျီက ခုံပေါ်မှာ မလှုပ်မယှက်ထိုင်နေ၏။ တောက်လူငယ်လေးတစ်ယောက်က တံခါးကနေဝင်လာပြီး သူ့ဆီကိုလျှောက်လာသည်။ ကောင်လေးက သူ့ရှေ့မှာ ဒူးထောက်ပြီး လက်ထဲဝှက်ထားသည့်ဆေးအိတ်ကို ထုတ်ကာ သူ့ကိုပေးသည်။
“ပရောဟိတ်လူကြီးမင်း.. ဒါက အခုလေးတင် ပို့လာတာပါ..”
ခဏအကြာ၌ ယွီတောက်ကျီက သူ့မျက်လုံးတွေကိုဖွင့်လိုက်သည်။ သူက ဆေးအိတ်ကိုယူလိုက်ပြီး လက်ချောင်းများကြားညှပ်ကာ တွေးတောနေပြီးမှ တောက်လူငယ်လေးကို မေးလိုက်သည်။
“အရှင်မင်းကြီးက ဘာဖြစ်လို့ ငါ့ကို ဒီလောက်တောင်ယုံကြည်တာလဲ မင်းသိလား”
တောက်လူငယ်လေးက မြှောက်ပင့်စကားတွေ ပြောတော့၏ “ပရောဟိတ်ကြီးက သာမန်လူမဟုတ်ပါဘူး၊ မိုးလောက်ကြီးတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားပါတယ်၊ အရှင်မင်းကြီးက ပရောဟိတ်ကြီးကိုယုံတာ သဘာဝကျပါတယ်”
“ဘာမိုးလောက်ကြီးတဲ့အရည်အချင်းလဲ.. သာမန်အသေးအဖွဲအတတ်လေးပဲ” ယွီတောက်ကျီက လှောင်လေသည် “ဧကရာဇ်က ခေါင်းပျက်နေတယ်.. ဘေးနားကလူတွေက ရှုပ်ထွေးနေတယ်.. ငါတို့သာ အသုံးမဝင်တော့ရင် ဒီထျန်းမန်မျှော်စင်ကြီး ရှိတော့မှာမဟုတ်ဘူး”
တောက်လူငယ်လေးက ခေါင်းငုံ့ကာ တိတ်ဆိတ်နေ၏။
မီးဖိုထဲရှိမီးမှာ ဆက်လက်တောက်လောင်နေပြီး ယွီတောက်ကျီ၏ ပြောင်းလဲနေသောမျက်လုံးများကို ရောင်ပြန်ဟပ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှာ သူက လက်ကိုဝှေ့ယမ်းကာ ဆေးအိတ်ကို မီးဖိုထဲသို့ပစ်ချလိုက်သည်။ ညှော်နံ့တစ်ခုထွက်လာပြီး ပြတင်းပေါက်မှ အဆက်မပြတ်ဝင်လာသော လေအေးများထဲတွင် တမဟုတ်ချင်း ပျောက်ကွယ်သွား၏။
.......