(23)
Viewers 2k

(23) 

ရွှမ်းသယ်ခန်းမ၊ ညီလာခံ.....

တစ်လကြာသည့်အချိန်တွင် ဧကရာဇ်မင်းသည် နန်းတွင်းညီလာခံ၌ ရှားရှားပါးပါး ပေါ်ထွက်လာခဲ့သည်။ သို့သော် သူက လျော့တိလျော့ရဲဖြင့် ပလ္လင်ကိုမှီကာ အိပ်ရာမနိုးနိုင်ဖြစ်နေပုံရသည်။

စစ်မက်ရေးရာရုံးတော်က မြောက်ပိုင်းနယ်ခြားစောင့်တပ်အတွက် ရိက္ခာနှင့်လစာငွေများ ထပ်မံတောင်းဆိုနေခဲ့၏။ 

ဆောင်းရာသီရောက်လာပါပြီ.. ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ပေးဖို့ကျန်နေတဲ့လစာငွေတွေကို မပေးရသေးပါဘူး.. မြောက်ပိုင်းနယ်ခြားစောင့်တပ်ရဲ့ အစီရင်ခံစာတွေ အများကြီးတင်ပြခဲ့ပြီးပါပြီ၊ ဒီအတိုင်းဆက်သွားမယ်ဆိုရင် စစ်သည်တွေရဲ့စိတ်ဓါတ်တွေ ပျက်ပြားသွားနိုင်ပြီး ပြဿနာတွေဖြစ်လာနိုင်ပါတယ်.. အရှင်မင်းကြီး ကျေးဇူးပြု၍ သုံးသပ်ပေးပါ

ခန်းမထဲ၌ ဘာသံမှမကြားရချေ။ စစ်မက်ရုံးတော်၏ဝန်ကြီးက ခေါင်းငုံ့ကာ ထိုနေရာမှာ ရပ်မြဲရပ်နေပြီး ဧကရာဇ်၏ညွှန်ကြားချက်ကို စောင့်စားနေသည်။

ဧကရာဇ်က သန်းဝေလိုက်ပြီး ဘဏ္ဍာရေးရုံးတော်ကမှူးမတ်တွေကို ပျင်းပျင်းရိရိခေါ်လိုက်သည် မောင်မင်းတို့လာပြောကြ.. ဘာတွေဖြစ်နေတာလဲ

ဘဏ္ဍာရေးရုံးတော်၏ဝန်ကြီးအိုကြီးက တုန်တုန်ယင်ယင်ဖြင့် ဖြေကြားလာသည်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အရှင်မင်းကြီးက ချင်နဲ့ ကျင့်စီရင်စုတွေက နှစ်ဝက်စာအခွန်ငွေကို မြောက်ပိုင်းနယ်ခြားစောင့်တပ်အတွက် လစာငွေအဖြစ်အသုံးပြုဖို့ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်၊ ဒါပေမယ့်….”

သူ့စကားမဆုံးသေးခင်မှာပဲ စစ်မက်ရုံးတော်ဝန်ကြီးဆီကနေ ဝင်နှောင့်ယှက်ခံလိုက်ရ၏။

ဝန်မင်းရဲ့စကားတွေက မှားနေတယ်.. အရှင်မင်းကြီးရဲ့ရည်ရွယ်ချက်က စီရင်စုနှစ်ခုက အခွန်ငွေနဲ့ရိက္ခာတွေကိုကောက်ပြီး ပေရိစစ်ပွဲအတွက် စစ်တပ်ရိက္ခာကို ဖြည့်တင်းပေးဖို့ပဲ၊ လစာငွေအတွက် မဟုတ်ဘူး.. အဆုံးမှာ မြောက်ပိုင်းနယ်ခြားစောင့်တပ်ကို ရောက်လာတဲ့ ရိက္ခာက (၃၀)ရာခိုင်နှုန်းအောက် နည်းနေသေးတယ်

ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများမှာ (၃၀)ရာခိုင်နှုန်းအောက် နည်းပါသေး၏။ စစ်မက်ရုံးတော်ဝန်ကြီးမှာ ထိုကိစ္စအား စိတ်ထဲအခဲမကျေနိုင်သေးပေ။ သူတို့လက်ထဲ ငွေတစ်ပြားမှရောက်မလာခဲ့ဘဲ စစ်မေးခံခဲ့ရသေးသည်။ အခုတော့ဖြင့် ဇာတ်လမ်းဟောင်းက တစ်ကျော့ပြန်လာသည်။ အနည်းဆုံးတော့ လက်ဗလာဖြင့်ပြန်ရလျှင်လည်း ဘဏ္ဍာရေးရုံးတော်ကလူတွေကို လှောင်ပြောင်ရှုံ့ချဖို့လိုသည်။

ဘဏ္ဍာရေးရုံးတော်မှအရာရှိများသည်လည်း မတရားခံရသလို ခံစားနေကြရသည်။ 

ယနေ့ခေတ်တွင် အခွန်ငွေကောက်ရသည်မှာ မလွယ်ကူလှပေ။ အများစုက ထိုဒေသမှအရာရှိများ၏အိပ်ကပ်ထဲ ရောက်သွားကြတာပင်။ 

အနောက်ပိုင်းဒေသမှဖြစ်ရပ်မှာ အခြားသူများကို သင်ခန်းစာပေးရန် စံနမူနာတစ်ခုသာဖြစ်သည်။ ထို့ထက်ပိုဆိုးသည့် လူအများအပြားရှိနေသေးသည်။ သူတို့တွေ ဘာများတတ်နိုင်မည်နည်း။ 

ဧကရာဇ်က တိုင်းရေးပြည်ရေးကို ဂရုမထားဘဲ နန်းတွင်းက ကသောင်းကနင်းဖြစ်နေသည်။ အကုန်လုံးက မျက်နှာလွှဲခဲပစ်၊ မျက်စိပိတ်နှာစေးနေသူတွေချည်းပင်။

ဘဏ္ဍာရေးရုံးတော်မှ မှူးမတ်တစ်ဦးက ခပ်တိုးတိုးတုန့်ပြန်လာသည်။

ဆုံးရှုံးသွားတဲ့မြေကို ပြန်မရနိုင်ပါဘူး၊ မြောက်ပိုင်းနယ်ခြားစောင့်တပ်က မနှစ်ကတည်းကစပြီး တစ်စတစ်စ ရှုံးနိမ့်နေခဲ့တာပါ…”

ကွဲလွဲနေပါပြီ” အတွင်းဝန်လျှိုချုံးယန်က ခပ်အေးအေးတည့်မတ်ပေးလာသည်။ လိမ္မာတဲ့ဇနီးတစ်ယောက်တောင်မှ ဆန်မရှိဘဲ ထမင်းချက်ဖို့ခက်ပါတယ်၊ လက်နက်ပစ္စည်း ရိက္ခာနဲ့ လစာငွေမလုံလောက်ဘဲ လက်ရှိအခြေအနေကိုအောင်မြင်ဖို့ မလွယ်ပါဘူး” 

ဧကရာဇ်ညီတော် ကျုကျိုယွမ်မှာ သူ့မျက်လုံးတွေပင့်မော့လာပြီး လျှိုချုံးယန်ကို သိမ်းကျုံးစိုက်ကြည့်လာလေ၏။ 

သူက မျက်မှောင်ကိုကျုံ့ထားပြီး ဤအတွင်းဝန်လျှိုချုံးယန် မြောက်ပိုင်းနယ်ခြားစောင့်တပ်ဘက်မှ ပြောပေးနေသည့်ရည်ရွယ်ချက်ကို တိတ်တဆိတ်တွေးတောနေ၏။

တော်ကြတော့..” ဧကရာဇ်က စိတ်မရှည်စွာ စကားစလာသည် ဒါတွေပြောမနေနဲ့.. ဘဏ္ဍာရေးရုံးတော်က ဘဏ္ဍာငွေတွေကို ဘယ်မှာသုံးလိုက်လဲဆိုတာပဲ ကိုယ်တော်သိချင်တယ်

ဘဏ္ဍာရေးဝန်ကြီးက စိုးရွံ့စွာဖြင့် တင်ပြလာသည်မှာ

အရှင်မင်းကြီးကိုလျှောက်တင်ပါတယ်.. မနှစ်က ဘဏ္ဍာငွေ ငွေတုံးပေါင်း (၄၇) သန်း ကောက်ခံရရှိခဲ့ပါတယ်.. ယမန်နှစ်က လက်ကျန်ကိုပါထည့်တွက်ရင် ငွေတုံးပေါင်း သန်း (၅၀) ထက်နည်းပါတယ်.. ဘဏ္ဍာရေးရုံးတော်စာရင်းဇယားအရ.. စစ်ဘက်လစာနဲ့ စစ်ဘက်အထောက်အပံ့တွေမပါဘဲ အသုံးစရိတ်က (၂၆) သန်း ခန့်ရှိပါတယ်.. အများစုကို လစာငွေ၊ သဘာဝဘေး၊ မြစ်ပြုပြင်ရေး၊ အခမ်းအနားပွဲတွေနဲ့ နေရာအသီးသီးက ရုံးတော်တွေရဲ့ ပြုပြင်ထိန်းသိမ်းစရိတ်တွေအတွက် သုံးစွဲခဲ့ပါတယ်..၊ စာရင်းတွေက ရှင်းလင်းပြီး အကုန်လုံးကို သေသေချာချာ မှတ်တမ်းတင်ပြုစုထားပါတယ်၊ တိုင်းပြည်တစ်ခုလုံးစာ စစ်ဘက်လိုအပ်ချက်က ငွေတုံးပေါင်း (၂၂) သန်း ပါ.. ဒါပေမယ့် ဘဏ္ဍာတိုက်မှာ လိုအပ်ချက်ကို မပြည့်မီခဲ့ပါဘူး… ကျွန်တော်မျိုး တကယ့်ကို အသုံးမကျပါဘူး… အသုံးမကျပါဘူး

နောက်ဆုံးမှာတော့ ဝန်ကြီးအိုကြီးက နီရဲနေသည့်မျက်လုံးတွေနှင့် မျက်ရည်တွေကို သုတ်လိုက်လေသည်။ 

မှူးမတ်တွေကတော့ အချင်းချင်းတီးတိုးပြောနေခဲ့ကြသည်။

အရင်က ဘဏ္ဍာတိုက်လွတ်နေသည်ကိုပဲ သူတို့သိတာဖြစ်သည်။ ယခုအထိဗလာဖြစ်နေလိမ့်မယ်ဟု မထင်ခဲ့ကြချေ။ 

တစ်နှစ်စာကောက်ခံရငွေမှာ သန်း(၅၀) အောက်နည်းပြီး စုဆောင်းငွေက (၂)သန်းကျော်သာ ရှိတော့သည်။ မည်သည့်ချမ်းသာသည့်မိသားစုတွင် ငွေတုံး(၂)သန်းကျော် မရှိဘဲနေမည်နည်း။

ကျုကျိုယွမ်က အတန်ငယ်မျက်မှောင်ကျုံ့ထား၏။ တစ်ခုခုကို တွေးနေသလိုမျိုး သူ့အမူအရာက အနည်းငယ်အေးစက်သွားသည်။ သူက ဧကရာဇ်မေးခွန်းကို ကြားလိုက်ရသည်။ 

ဒီလိုဆိုရင်တောင် စစ်သည်လစာပေးဖို့ လုံလောက်သင့်တယ်၊ ငွေတွေက ဘယ်ရောက်သွားလို့လဲ

ဝန်ကြီးအိုကြီးက ခေါင်းကိုငုံ့ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလာသည် 

အရှင်မင်းကြီးကို ဖြေကြားပါတယ်.. တခြား (၁၈) သန်းကျော်ကိုတော့… မျိုးနွယ်စုရေးရာရုံးတော်ကို လွှဲပြောင်းပေးထားပါတယ်

ညီလာခံအတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

မျိုးနွယ်စုရေးရာရုံးတော်တစ်ခုက နိုင်ငံ့ဘဏ္ဍာ (၁၈)သန်းကျော်ကို အမှန်တကယ် လက်ဝါးကြီးအုပ်ပစ်ခဲ့သည်။

မင်းဆက်ကိုစတင်တည်ထောင်ချိန်တွင် ထိုက်ဇူဧကရာဇ်သည် မျိုးနွယ်စုရေးရာရုံးတော်နှင့် အတွင်းရေးရာရုံးတော်များ၏ လိုအပ်ငွေများကို ဘဏ္ဍာရေးရုံးတော်မှ ထုတ်ယူမသုံးစွဲရန် စည်းမျဉ်းချမှတ်ခဲ့သည်။ 

ငွေများက တိုင်းပြည်ဘဏ္ဍာတိုက်မှမဟုတ်ဘဲ တိုင်းပြည်အနှံ့က ဟွမ်ကျွမ်းများမှလာလေသည်။ တော်ဝင်မိသားစု၏အမည်ဖြင့် ဖွင့်လှစ်ခဲ့သော ထိုစီးပွားရေးလုပ်ငန်းများမှာ ကျုမိသားစု သားမြေးစဉ်ဆက်များကို ထောက်ပံ့ရန်လုံလောက်သော်လည်း ၎င်းမှာ တိုင်းပြည်ကိုစတင်တည်ထောင်ချိန်နှင့် သာယာဝပြောသည့်အချိန်က ဖြစ်သည်။

နှစ်တစ်ရာကျော်ကြာအောင် လောကကြီးက ကမောက်ကမဖြစ်ခဲ့ပြီး တော်ဝင်မိသားစု၏လုပ်ငန်းတွေတောင်မှ လုပ်ကိုင်ရခက်ခဲလာသည်။ 

ဟွမ်ကျွမ်းထုတ်လုပ်မှုက တနေ့ထက်တနေ့ လျော့ကျလာပေမယ့် ကျုမိသားစုအရေအတွက်ကတော့ ဆက်လက်တိုးမြင့်လာခဲ့ပြီး သောင်းဂဏန်းထိ ရှိလာခဲ့သည်။ တော်ဝင်မိသားစု၏ ဝင်ငွေကို ဧကရာဇ်အရှင်ကသာ ဦးစွာအသုံးပြုရမည်ပင်။ ထိုသို့ဆိုလျှင် မျိုးနွယ်စုရေးရာရုံးတော်က မလုံလောက်သည့်အသုံးစရိတ်အတွက် ဘဏ္ဍာရေးရုံးတော်မှ တောင်းခံရုံသာရှိတော့သည်။ 

ဤသည်က ရှေ့ဧကရာဇ်လက်ထက်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လုပ်နေကျပုံစံတစ်ခုဖြစ်လာခဲ့သည်။ ယခုအခါတွင်တော့ တိုင်းပြည်ဘဏ္ဍာ၏ (၃၀) ရာခိုင်နှုန်းကျော်ကို ထိုမျိုးနွယ်စုရေးရာရုံးတော်က သုံးစွဲနေပေသည်။ 

ရလဒ်ဖြင့် စစ်သည်လစာများမှာ အကြွေးကျန်ပြီး ပြည်သူတွေဒုက္ခရောက်ကာ လောကကြီးက ဖရိုဖရဲဖြစ်နေခဲ့သည်။ 

ထိုက်ဇူဧကရာဇ်သာမြင်ပါက သေရွာကနေတောင် ထလာလောက်ပေသည်။

ခန်းမဆောင်ထဲတွင် ဆွေးနွေးသံများက ကျယ်လောင်လာ၏။ ကျုကျိုယွမ်၏မျက်နှာက ပျက်ယွင်းနေခဲ့ပြီပင်။ 

ဧကရာဇ်က မျက်လုံးတွေမှိန်ကျသွားပြီး အတော်ကြာသည်အထိငြိမ်သက်သွားသည်။ သူ ဘာတွေတွေးနေလဲ မသိရပေ။

အတွင်းဝန်လျှိုချုံးယန်က ချောင်းဟန့်လိုက်ပြီး ရှေ့တက်လာကာ လာတင်ပြသည် 

အရှင်မင်းကြီး.. အုပ်ချုပ်ရေးအဖွဲ့က ရှေ့နှစ်ရက်က အစီရင်ခံစာတစ်စောင် လက်ခံရရှိခဲ့ပါတယ်.. မျိုးနွယ်စုရေးရာရုံးတော်တာဝန်ခံ ရှောင်းအရာရှိရေးသားထားတာပါ… သူက မျိုးနွယ်စုရေးရာရုံးတော်ရဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက စာရင်းတွေကို ခွဲခြမ်းစိတ်ဖြာထားပြီး အသုံးစရိတ်လျှော့ချနိုင်မယ့်နည်းလမ်းတွေကို အဆိုပြုထားပါတယ်.. ဖြစ်နိုင်ရင် အရှင်မင်းကြီးရဲ့ပူပန်မှုတွေကို သက်သာစေနိုင်မှာပါ

ဧကရာဇ်က အသာအယာပြောလိုက်သည် တင်ပြစေ

ခန်းမဆောင်ရှေ့က မိန်းမစိုးက ခပ်ကျယ်ကျယ်အော်လိုက်သည် မျိုးနွယ်စုရေးရာရုံးတော်ရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရှောင်းလန့် ဝင်လာစေ…”

ဤသည်က ရှောင်းလန့်အဖို့ ညီလာခံသို့ ပထမဦးဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်သည်။

သူ့ကိုယ်ပေါ်မှာဝတ်ထားသည့် အဆင့်ငါးအရာရှိတစ်ယောက်၏ ဝတ်စုံက မထင်ရှားသော်လည်း ကိုယ်ခန္ဓာက အရပ်ရှည်ရှည် ဖြောင့်မတ်နေ၏။ သူ့ပုံစံက ထောင်လွှားနေတာလည်းမရှိ၊ ပျပ်ဝပ်ရိုကျိုးနေတာလည်း မရှိ၊ စိုးရွံ့ထိတ်လန့်နေသည်များလည်း မရှိပေ။ 

သူက ဧကရာဇ်ကို အရိုအသေပေးလိုက်ပြီး ခေါင်းငုံ့ထားကာ မတ်တပ်ရပ်နေလျက် ဧကရာဇ် စကားစလာမည်ကို စောင့်ဆိုင်းနေသည်။

မှူးမတ်တွေအားလုံးက ရှောင်းလန့်ကိုအကဲခတ်နေခဲ့ကြသည်။ မြင်တတ်သူများကတော့ ဧကရာဇ်၏အကြံအစည်ကိုပင် ခန့်မှန်းမိခဲ့ကြသည်။ 

ဒီရှောင်းဒုတိယသား ရုတ်တရက် အဆင့်နှစ်ဆင့်တက်သွားတာ မထူးဆန်းတော့ဘူး… ဘာပြဿနာကို ဖြေရှင်းပြီး ဘာပူပန်မှုကိုလျှော့ချမှာလဲ.. ဧကရာဇ်က သူ့ကို တမင်တကာ လုပ်ခိုင်းတာပင်။ ဒီနေ့၏ ဇာတ်ရှိန်အမြင့်ဆုံးဇာတ်ကွက်က အခုမှစမှာဖြစ်သည်။

ဧကရာဇ်က ရှောင်းလန့်ကို မေးလိုက်သည် လျှောက်တင်လွှာက မင်းရေးတာလား

ကျွန်တော်မျိုးပါ

ဒါဆို အားလုံးကြားရအောင် ဖတ်ပြလိုက်

ရှောင်းလန့်က အမိန့်နာခံလိုက်ပြီး ပေလွှာကို ကိုင်လိုက်သည်။

သူပြောခဲ့တာတွေမှာ တိုတိုတုတ်တုတ်ပါပင်။ ဒီနှစ်တွေထဲ အကြီးမားဆုံးအသုံးစရိတ်တွေနှင့် နှစ်စဉ်ပိုလျှံသုံးစွဲသည့်ငွေပမာဏကို တိုက်ရိုက် ပြုစုတင်ပြထားပြီး မင်းသားများက လစာငွေအပြင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေထုတ်သည့်အကြောင်းကိုလည်း ဖော်ပြထားသည်။ ဆုတော်ငွေထုတ်ရန် လှည့်စားသည့်သူများလည်း ရှိပါ၏။ အလှမ်းဝေးသည့် ဆွေတော်မျိုးတော်တွေက လူတစ်ယောက်တည်းနှင့်အကြိမ်ကြိမ်လက်ထပ်ထားပြီး သားသမီးအရေအတွက်ကို လိမ်လည်ဖော်ပြကြသည်။ လိမ်လည်မှုတွေက ရေတွက်လို့တောင်မရ။

ဒါ့အပြင် မြို့တော်မှာပဲဖြစ်ဖြစ် လက်အောက်ခံနယ်မြေများပဲဖြစ်ဖြစ် ဧကရာဇ်ညီတော်မှစ၍ (၂၂) ယောက်သောမင်းညီမင်းသားများအားလုံး၏ ပြီးခဲ့သည့်တစ်နှစ်လုံး ထုတ်ယူခဲ့သည့်ငွေပမာဏကိုလည်း ပြုစုခဲ့သေး၏။

ရှည်လျားသောပြက္ခဒိန်၏ (၂၃)နှစ်မြောက် (၄)လပိုင်းတွင် အရံအိမ်ရှေ့စံမင်းသားမှ ကိုယ်လုပ်တော်ကို ချီးမြှောက်ရန် အိမ်ရှေ့စံအိမ်တော်ကို ပြုပြင်မွမ်းမံခြင်းခေါင်းစဉ်ဖြင့် ငွေတုံး (၂) သိန်း (၂)သောင်း၊ ..(၈)လပိုင်းတွင် ကိုယ်လုပ်တော်ကိုကြိုဆိုရန် မင်္ဂလာအခမ်းအနားအတွက် ငွေတုံး သုံးသောင်းခုနှစ်ထောင် တောင်းခံခဲ့ပါသည်…”

တီးတိုးတီးတိုးဆွေးနွေးမှုများကား ညီလာခံခန်းမထဲ နောက်တစ်ကြိမ် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြန်သည်။

အရံအိမ်ရှေ့စံမင်းသားက ကိုယ်လုပ်တော်ကောက်ဖို့အတွက်နဲ့ ငွေတုံး (၂) သိန်းခွဲလောက် ဖြုန်းလိုက်တယ်ပေါ့… အရင်က အရှင်မင်းကြီး အရံနန်းဆောင် ပြုပြင်ချင်ခဲ့ပေမယ့် ဘဏ္ဍာရေးရုံးတော်က ဘဏ္ဍာငွေမရှိဘူးပြောလို့ သူတို့မှူးမတ်တွေကသာ ငွေသိန်းချီလှူဒါန်းပြီး စီမံပေးခဲ့တာ... ဒါက..

ရှောင်းလန့် ဖတ်မပြီးသေးခင်မှာပင် ကျုကျိုယွမ်က သူ့သွားတွေကို တင်းတင်းကြိတ်ပြီး ရှေ့တက်လာသည်။ 

သူက ဒူးထောက်ပြီး အပြစ်ဝန်ခံလိုက်သည် ညီတော့်မှာ အပြစ်ရှိပါတယ်၊ အရှင်မင်းကြီးဂရုဏာထားသုံးသပ်ပေးတော်မူပါ

လူတိုင်းက ခေါင်းတွေကိုငုံ့ပြီး တိတ်ဆိတ်နေခဲ့ကြသည်။ ဧကရာဇ်က မျက်လုံးမှိတ်ထားဆဲ၊ အမူအရာမှာ အေးစက်နေပြီး သူ့ကိုလျစ်လျူရှုထားသည်။ 

ရှောင်းလန့် စာပိုဒ်ဖတ်ပြီးသည့်အချိန်ထိ ကျုကျိုယွမ်က ခန်းမထဲ ဒူးထောက်နေခဲ့တုန်းဖြစ်သည်။

ချင်းဝမ်မင်းသား အယောက်နှစ်ဆယ်ခန့် မြို့တော်မှာ နေထိုင်ကြပေမယ့် နန်းတွင်းမဝင်ကြသည်က ဆိုးပါသည်။ သူတို့က အိမ်ရှေ့မင်းသားလောက်လည်း သတ္တိမရှိကြဘဲ အိမ်ရှေ့မင်းသားလောက်လည်း အသုံးအဖြုန်းမကြမ်းကြပေ။ 

ထို့ကြောင့် ယခုအချိန်တွင် ညီလာခံမှာ အပြစ်ရှိကြောင်းဝန်ခံနေသည်က ကျုကျိုယွမ်တစ်ဦးတည်းသာဖြစ်နေခဲ့သည်။

ဧကရာဇ်မှာ သူ့အမြင်ကို မထုတ်ဖော်လာသေးပေ။ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ 

ထိုအချိန်တွင် စုံစမ်းစစ်ဆေးရေးဌာန၏ မှူးမတ်တစ်ယောက်က ရုတ်တရက် မတ်တပ်ထရပ်ပြီး ဟိတ်ဟန်ဖြင့် ထပြောလာသည် 

အရှင်မင်းကြီး.. အရှင်မင်းသားက အမှားလုပ်မိပြီး ကျန်းရှစ်ဖူကလည်း ထိထိရောက်ရောက် နားမချနိုင်တဲ့အတွက် တာဝန်ရှိပါတယ်.. အတူတကွ အပြစ်ပေးသင့်ပါတယ်

(T/N ကျန်းရှစ်ဖူ.. အိမ်ရှေ့စံမင်းသားအိမ်တော်စီမံခန့်ခွဲရေးဌာန)

ကျန်းရှစ်ချန်မှာ ရှောင်းလန့် လျှောက်တင်လွှာစတင်ဖတ်ရှုကတည်းက ဒီတစ်ကြိမ် သူလွတ်တော့မည်မဟုတ်မှန်း မှန်းဆထားခဲ့သည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်ပြီး ရှေ့ထွက်ကာ ဒူးထောက်အပြစ်ဝန်ခံရုံကလွဲပြီး မရှိတော့ချေ။

ပြောရလျှင်လည်း ကျန်းရှစ်ဖူအကြီးအကဲသည် မင်းသား၏ လက်ထောက်တစ်ယောက်သာ ဖြစ်သည်။ ဧကရာဇ်ညီတော်ကိုယ်တိုင်က ကိုယ်လုပ်တော်ကောက်ချင်ပြီး စံအိမ်ပြုပြင်လိုသည်ကို သူက ဘာပြောနိုင်မည်နည်း။ ဧကရာဇ်မင်းက အကြောင်းပြချက်ပေးရန် ဓါးစာခံတစ်ယောက်ကို ရှာခြင်းသာပင်။

ဧကရာဇ်မှာ ၎င်းတို့ကို လျစ်လျူရှုထားဆဲဖြစ်ပြီး ရှောင်းလန့်ကိုသာ အချက်ပြလိုက်သည် ဆက်ဖတ် 

ထို့နောက်တွင်တော့ ရှောင်းလန့်က အသုံးစရိတ်လျှော့ချရန် နည်းလမ်းများစွာကို တိုတိုတုတ်တုတ် ထုတ်ဖော်ပြောဆိုခဲ့သည်။ လစာများကို (၃၀)ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ပြီး ထိုအရာကို မြေခွန်ဖြင့် ထေလိုက်မည်ဖြစ်သည်။ 

ဆုတော်ငွေအမျိုးအစားက (၅)မျိုးသာရှိတော့မည်.. မင်္ဂလာဆောင်၊ အသုဘအခမ်းအနား၊ နှစ်သစ်ကူး၊ ပွဲတော်များနှင့် ကလေးမွေးဖွားသည့်အခါဖြစ်ပြီး ထိုသည်ကလည်း သတ်မှတ်ထားသည့်အရေအတွက်တစ်ခုအထိသာဖြစ်သည်။ မျိုးနွယ်အမည် ဟန်ဆောင်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ပြီး ထို့အပြင် တခြားမည်သည့်ခေါင်းစဉ်ဖြင့်မျှ ငွေထုတ်ပေးမည်မဟုတ်ပေ။

လက်အောက်ခံနယ်မြေများမှ ဘုရင်ခံမင်းသားများ၏ အခွန်ငွေအများစုကို နန်းတွင်းသို့ လွှဲပြောင်းပေးရပြီး လစာအတွက် ထိုအခွန်ငွေကို ပြန်လည်အသုံးပြုသည်မှာ ထူးခြားမှုမရှိဟုထင်ရပေသည်။ 

သို့သော် ထိုအဝေးနယ်မြေများတွင် နေသူများမှာ ထိုမင်းသားများသာ ဖြစ်ကြပေသည်။ ဘဏ္ဍာရေးရုံးတော်အတွက်တောင် အဝေးဒေသများမှ အခွန်ငွေကောက်ခံရန် ခက်ခဲနေသည့်အခါ ထိုဘုရင်ခံမင်းသားများနှင့် ဒေသခံအရာရှိများ ချချင်ချကြပါလေ့စေ။ နန်းတွင်းအတွက်ကတော့ အတော်လေးအလုပ်ရှုပ်သက်သာ ကုန်ကျစရိတ်သက်သာသွားသည်ပင်။

ဧကရာဇ်မှာ အဆုံးသတ်တွင် မျက်နှာပေါ် ရွှင်လန်းမှုများ အရိပ်အမြွက်ပြလာခဲ့ပေပြီ။ သူက ချီးကျူးလိုက်သည် ကောင်းတယ်

ရှောင်းလန့်၏ရွှေ့ကွက်မှာ ဧကရာဇ်၏ပြဿနာများကို သက်သာရရသွားစေသော်လည်း သူကတော့ တော်ဝင်မျိုးနွယ်စုတစ်ခုလုံး၏ ရန်သူဖြစ်သွားသည်။ 

ယနေ့မှစပြီး လောကကြီးရှိ ကျုမျိုးနွယ်သားစဉ်မြေးဆက်များအားလုံး ရှောင်းလန့်နှင့် ချန်နယ်စားအိမ်တော်ကို မုန်းတီးသွားမှာ စိုးရွံ့စရာကောင်းပေသည်။

သို့ရာတွင် ရှောင်းလန့်၏အတွေးတွေမှာတော့ ဤဖြေရှင်းချက်က တကယ့်ထွက်ပေါက်မဟုတ်ဘဲ ရောဂါကို ဆေးမြီးတိုနှင့်ကုလိုက်ရုံသာဖြစ်သည်။

တော်ဝင်မျိုးနွယ်ထဲတွင် ရာထူးဘွဲ့ထူးတွေပေါများလွန်းပြီး ရဖို့လည်းအလွန်လွယ်သည်။ ကျုမိသားစု၏သားမြေးတွေက တစ်နေ့ပြီးတစ်နေ့ ဒီလိုအခြေအနေရောက်လာခဲ့ပြီး တာ့ယန်ပြည်ကြီးကို ကပ်တွယ်ထားသည့် မျှော့တွေဖြစ်လာခဲ့သည်။ 

တော်ဝင်မျိုးတွေက တခြားနယ်စားမြို့စားတွေနဲ့လည်း မတူပေ။ နယ်စားမြို့စားစသည့် အပြင်ဘက်က ရာထူးရာခံတွေက စွမ်းဆောင်မှုမရှိလျှင် တစ်ဆင့်နှစ်ဆင့်လျှော့ချခံရပြီး မျိုးရိုးအလိုက်ဆက်ခံမှုလည်း မရှိကြချေ။ 

ထိုကဲ့သို့သာမဟုတ်လျှင် သူတို့ချန်နယ်စားအိမ်တော်နှင့် ကျန်းနန်ကိုစောင့်ကြပ်သည့် တင့်နယ်စားအိမ်တော်က ယနေ့လိုမျိုး ရွှေထီးဆောင်းနိုင်သည့်နေ့ရက်များ ဖြစ်လာရန်အတွက် တစ်ချက်မှအနားမယူဝံ့ဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အလောင်းတွေတောင်ပုံထပ် သွေးပင်လယ်လွှမ်းပြီးမှ ခက်ခက်ခဲခဲရယူခဲ့ရမည်မဟုတ်ပေ။

မည်သို့ဆိုစေ ထိုက်ဇူဧကရာဇ်ချမှတ်ခဲ့သည့်စနစ်မှာ ပြောင်းလဲလို့လည်းမရ၊ ပြောင်းလည်းမပြောင်းနိုင်ပေ။ အနည်းဆုံးတော့ လက်ရှိဧကရာဇ်တွင် ထိုသို့လုပ်ဝံ့သည့်သတ္တိမရှိ။  

ဧကရာဇ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော လူနှစ်ဦးကို အမှတ်မထင်ငုံ့ကြည့်လိုက်ပြီးမှ နောက်ဆုံး သူတို့ကို ဖြေလျော့ပေးလိုက်သည်။

ညီတော်က ရှုပ်ထွေးနေပြီ၊ ဒီလိုလုပ်လိုက်တာ ကိုယ့်တော်ကို တကယ်စိတ်ပျက်စေတယ်.. တခြားသူတွေကို စံနမူနာပြဖို့အတွက် သုံးနှစ်ဒဏ်ရိုက်မယ်၊ ကျန်းအမတ်ကတော့… ကျန်းရှစ်ဖူအကြီးအကဲက အိမ်ရှေ့စံမင်းသားကို သတိပေးဖို့ တာဝန်မကျေပွန်တဲ့အတွက် အပြစ်ပေးရုံကလွဲပြီးမရှိဘူး၊ ဒီကိစ္စမှာ ကိုယ်တော့်အမှားလည်း ပါတယ်၊ ဥပမာဖြစ်သွားအောင် ဒီနေ့ကစပြီး နန်းတော်ရဲ့အသုံးစရိတ်ကို တဝက်တိတိလျော့ချမယ်

ကျန်းရှစ်ချန်က ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။ ဧကရာဇ်မင်းက ဘဏ္ဍာရေးရုံးတော်ကို စစ်သည်လစာများ အတတ်နိုင်ဆုံးတိုးမြှင့်ပေးရန် အမိန့်ပေးလိုက်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်ကာ ညီလာခံကိုရုတ်သိမ်းသွားခဲ့သည်။ အခြားမင်းသားများကို ကိုင်တွယ်အပြစ်ပေးခြင်းမရှိတော့ဘဲ ဤကိစ္စက ဤအတိုင်း ပြီးဆုံးသွားခဲ့သည်။ 

.........

မင်းသားဟွိုင်အိမ်တော်၊ ဝါးပင်စိမ်းခြံဝင်း

အားချင်းက အသစ်ချုပ်ထားသည့်မင်္ဂလာဝတ်စုံကို ကျုယန့်ထင်စမ်းဝတ်ကြည့်ရန်အလို့ငှာ အစေခံတွေကိုဦးဆောင်ပြီး တက်တက်ကြွကြွ ဝင်လာသည်။

ကျုယန့်ထင်က တောက်ပနေသည့်အနီရောင်ဘရိုကိတ်ဝတ်စုံကို အသေအချာကိုင်ကြည့်လိုက်သည်။ တော်တော်ကြာပြီးမှ သူက တိုးတိုးလေး အမိန့်ပေးလိုက်သည် ဝတ်ပေး

ရှုပ်ထွေးနေသည့် အလွှာများစွာကို တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ပြီးသည့်အခါ ကျုယန့်ထင်က ကြေးနီမှန်ရှေ့မှာမတ်တပ်ရပ်လိုက်သည်။ မှန်ထဲတွင်မြင်နေရသည့် ဖြူဖျော့လာသည့် သူ့အသားအရည်ကိုငေးကြည့်ရင်း စိတ်တွေပျံ့လွင့်နေခဲ့သည်။

အားချင်းက သူ့အင်္ကျီပုခုံးနဲ့လက်တွေကို ဆန့်ယန့်အောင် ကူညီပေးနေပြီး သက်ပြင်းချလိုက်တာ ပြောလိုက်သည် အတော်ပဲ.. သခင်လေးက ဒီဝတ်စုံဝတ်ထားတာ အရမ်းကြည့်ကောင်းတယ်

ကျုယန့်ထင်က ရုတ်ချည်းပြုံးလိုက်ပြီး ခေါင်းကို အသာယမ်းလိုက်သည်။

ယန့်ထင်က ဒီဝတ်စုံနဲ့ အရမ်းကြည့်ကောင်းတယ်၊ အစ်ကိုတော်တောင် မင်းကို မမှတ်မိလုနီးပါးပဲ ကျုဟယ့်မင်အသံက အနောက်ကထွက်လာသည်။

ကျုယန့်ထင်လှည့်ကြည့်လိုက်တော့ တံခါးဝကနေဝင်လာသူကို မြင်လိုက်ရသည်။ သူက သွားကြိုလိုက်ပြီး အစ်ကိုတော် ဘယ်ကပြန်လာတာလဲ

နန်းတော်က အခုလေးမှပြန်လာတာ” ကျုဟယ့်မင်က လက်ကိုဝှေ့ယမ်းကာ အခန်းထဲကလူအားလုံးကို ထွက်သွားခိုင်းလိုက်သည်။ 

သူက မျက်လုံးကိုအနည်းငယ်မှေးကာ အရှေ့မှာရှိသည့်ကျုယန့်ထင်ကို ခပ်ပြုံးပြုံးလုပ် ကြည့်ရင်း နောက်လဝက်လောက်ဆို လက်ထပ်ရတော့မယ်.. ယန့်ထင် မင်းပျော်လား

ကျုယန့်ထင်က မျက်လွှာကိုအောက်ငုံ့ပြီး တည်ငြိမ်စွာဖြင့်ပင် ပျော်တာ မပျော်တာ မရှိပါဘူး၊ အစ်ကိုတော်… ဒီနေ့ ဘာလို့ နန်းတော်ထဲဝင်တာလဲ

ဘာမှမဟုတ်ပါဘူး” ကျုဟယ့်မင်က ခုံဆီလျှောက်သွားကာ ထိုင်ချလိုက်ပြီး ခပ်အေးအေးရှင်းပြလာသည် 

မင်းရဲ့အနာဂတ်ခင်ပွန်းလောင်းက ဧကရာဇ်နဲ့ပူးပေါင်းပြီး ဒီလိုပွဲကြီးတစ်ခုဖျော်ဖြေလိုက်တာ ငါက သွားအားပေးရမှာပေါ့.. နန်းတော်ထဲသွားပြီး စိတ်ရင်းမှန်ကို ပြသလိုက်တယ်.. ဧကရာဇ်ကို ငါလည်းပဲ သုံးနှစ်လစာမယူပါဘူးလို့ သွားလျှောက်တင်လိုက်တယ်

ကျုယန့်ထင်က မျက်ခုံးပင့်လိုက်ကာ ဧကရာဇ်က ဘာပြောလဲ

ငါတို့မင်းသားဟွိုင်အိမ်တော်က အရှင်မင်းကြီးအပေါ် သစ္စာစောင့်သိတယ်.. အရှင်မင်းကြီးက အရမ်းပျော်သွားတာပေါ့” ကျုဟယ့်မင်က နှုတ်ခမ်းထောင့်တွေကိုဖွင့်ကာ ပြုံးလိုက်သည်။

ကျုယန့်ထင်က မျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး “… ဧကရာဇ်က... တကယ်တမ်း လှည့်ကွက်တွေရှိသေးတယ်

ယမန်နေ့က ညီလာခံကအဖြစ်အပျက်မှာ ဧကရာဇ်က ခဲတစ်လုံးတည်းဖြင့် ငှက်သုံးကောင်သတ်ရန် ကြံစည်ထားသည့် အစီအစဉ်တစ်ခုဖြစ်နိုင်သည်။

ပထမတစ်ချက်မှာ အမြဲတစေဂုဏ်သတင်းမွှေးသည့် ညီတော်မင်းသားအား သိက္ခာကျစေပြီး သူ၏ယခင်သြဝါဒကို ဟာသလုံးလုံးဖြစ်သွားစေရန် လုပ်လိုက်ခြင်းဖြစ်သည်။ ဧကရာဇ်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းမပြုဘဲ တမင်တကာ အရှက်ကွဲစေကာ လက်မောင်းတစ်ဖက်ကိုပင် ပြုတ်စေခဲ့သည်။ ကျန်းရှစ်ချန်မှာ ချန်ကျိုးသို့ ရာထူးချခံရပြီး ယခုအခါ ဓါးပြများ၏ခံတွင်းဝမှ အသားတုံးဖြစ်သွားချေပြီ။ အသက်သေမည် ရှင်မည်ကတော့ သူ့ကံအတိုင်းပင်။

ဒုတိယတစ်ချက်အနေနှင့် ယမန်နေ့နောက်ပိုင်းတွင် ရှောင်းလန့်ဖြစ်စေ သို့မဟုတ် ရှောင်းမိသားစုတစ်ခုလုံးဖြစ်စေ တော်ဝင်မျိုးနွယ်တို့၏ ဆန့်ကျင်ဘက်အခြမ်းသို့ ရောက်သွားပြီပင်။ ထိုအချိန်ကစပြီး သူတို့တွေက ဧကရာဇ်၏ဂရုဏာအပေါ်မှာသာ မှီခိုနိုင်ကြတော့မည်။

တတိယတစ်ချက်ကတော့ တိုင်းပြည်ဘဏ္ဍာအပေါ် သက်ရောက်နေသည့်ဖိအားများ အတန်ငယ်လျော့ကျသွားခြင်းဖြစ်သည်။ ကျုမိသားစုဝင်တွေက ဘယ်လောက်ပဲမကျေမနပ်ဖြစ်နေပါစေ ဧကရာဇ်၏သဘောထားကို ပူးပေါင်းဆန့်ကျင်နိုင်မဟုတ်။ အများစုက ထီးနန်းကိုလောဘတက်နေကြသည်ကို မပြောနှင့်၊ တစ်ချို့တစ်လေက ရံဖန်ရံခါ အသက်အန္တရာယ်ကြုံနေရဆဲဖြစ်ပြီး မိသားစုလိုက် ဓါးပြတွေဆီကနေ အသတ်ခံရမည့်ဘေးက ရှိနေသေးသည်။ နန်းတွင်းနှင့်ဧကရာဇ်ကို စော်ကားခြင်းက အသေစောဖို့သာ ရှိပေသည်။

ဧကရာဇ်သည် တစ်ခုသောမနက်ခင်းတွင် ဤအတွေးကိုတွေးမိလိုက်ပြီး ညီလာခံမှာ တမင်သက်သက် ပွဲကြီးတစ်ခုခင်းကျင်းလိုက်သည်။ သူက ဉာဏ်နဲပြီး မိုက်မဲသည်။ သို့သော် ငတုံးမဟုတ်ပေ။

သို့ရာတွင် ကျုဟယ့်မင်က စိတ်ထဲမထည့် ဆေးကို အစာစားသလိုစားနေတဲ့ ဘုရင်တစ်ပါးပဲမလား၊ နိုးနေတဲ့အချိန်မှာ ဘယ်လိုပဲပါးနပ်ပါစေ.. ဘယ်လောက်ကြာကြာနိုးနေနိုင်မှာမို့လဲ.. ထားလိုက်ပါ ဒါတွေမပြောတော့ဘူး.. အရင်တစ်ခေါက်က မင်းပြောတဲ့ကိစ္စ မင်းသမီးဟွေ့အကြောင်းကို သမားတော်ချန်ကို မေးပြီးပြီ၊ မင်းထင်တဲ့အတိုင်းပဲ

ကျုယန့်ထင်က လန့်သွားပြီး တကယ်လား

ဟုတ်တယ်” ကျုဟယ့်မင်က ခေါင်းညိတ်လိုက်သည် သမားတော်ချန် တိတ်တဆိတ်စစ်ဆေးကြည့်လိုက်ေတော့ မင်းသမီးဟွေ့ရဲ့ သွေးခုန်နှုန်းမှတ်တမ်းတွေအားလုံးက သူကိုယ်ဝန်စရှိချိန်ကတည်းက မရှိတော့တာကို တွေ့လိုက်ရတယ်၊ တစ်ယောက်ယောက်က ဖျက်ဆီးလိုက်တာ ဖြစ်လိမ့်မယ်၊ နောက်တော့ သူက နန်းတွင်းသမားတော်ဌာနကနေ အစောပိုင်းနှစ်တွေကတည်းက ရာထူးချခံရတဲ့ သမားတော်တစ်ယောက်ဆီကနေ ကြားလာခဲ့တယ်၊ အစပိုင်းမှာက မင်းသမီးဟွေ့ကို ကြည့်ရှုပေးတာက သမားတော်ဌာနကလက်ထောက် ဝမ်ခန်းနျန်၊ အဲ့ဒိသမားတော်က ဝမ်ခန်းနျန်နဲ့အတူ မင်းသားစံအိမ်ဆီ လူနာလိုက်ကြည့်ပေးဖို့ နှစ်ခါပါသွားဖူးတယ်၊ မင်းသမီးဟွေ့ပုံစံက တစ်ခုခုမှားနေပြီဆိုပြီး သူက ပြောပေမယ့် နန်းတွင်းသမားတော်က ဘာမှမမှားဘူးဆိုပြီး သာမန်ကိုယ်ဝန်အားဆေးလောက်ပဲ ပေးသွားတယ်၊ နောက်တော့ သူက ထပ်ပြောဖို့ကြိုးစားပေမယ့် ဝမ်ခန်းနျန်က သူ့ကိုတားတယ်၊ သိပ်မကြာဘူး မင်းသမီးဟွေ့က မွေးရခက်ပြီးကွယ်လွန်သွားပြီးတော့ သူက ဆေးမှားပေးတဲ့အပြစ်နဲ့ ရာထူးထုတ်ခံလိုက်ရတယ်

ကျုယန့်ထင်က မျက်မှောင်ကျုံ့လိုက်ပြီး ဒီလောက်တိုက်ဆိုင်လား

မဟုတ်ဘူး၊ အဲ့ဒိသမားတော်က နောက်ပိုင်း ဆေးခန်းကထွက်သွားပြီးတော်တော်ကြာမှ မင်းသမီးဟွေ့ရဲ့ပုံစံကို ရှာတွေ့သွားတာ၊ မင်းသမီးက တောင်ဘက်ကလာတဲ့ရှားပါးအဆိပ်တစ်မျိုး မိသွားပုံရတယ်၊ သေတဲ့အထိမဟုတ်ပေမယ့် လူရဲ့စိတ်ကျန်းမာရေးကို တဖြည်းဖြည်းဖျက်ဆီးပစ်မှာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက မခံနိုင်ဘဲ အသက်နှစ်ချောင်း အလွယ်တကူဆုံးရှုံးနိုင်တယ်… အဲ့ဒိနန်းတွင်းသမားတော်ဝမ်ခန်းနျန်က ညီတော်မင်းသားနဲ့ တအားဖက်လဲတကင်းရှိတယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ မင်းသားစံအိမ်က သမားတော်ပင့်တိုင်း သူချည်းပဲသွားတာ” 

ကျုယန့်ထင်က ငြိမ်သက်သွားပြီးမှ ပြောလိုက်သည် အဲ့ဒါကြောင့်… ညီတော်မင်းသားက ဒီကိစ္စကို ထဲထဲဝင်ဝင်သိလည်းသိနေနိုင်တယ်၊ သူက မင်းသမီးဟွေ့အဆိပ်ခတ်ခံရတာကို သိရမယ်၊  အဆိပ်ခတ်တဲ့လူ သူကိုယ်တိုင်တောင် ဖြစ်ချင်ဖြစ်နေမှာ

ကျုယန့်ထင်က တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး ယန့်ထင် မင်းဘယ်လိုလုပ်မှာလဲ၊ ရှောင်းမိသားစုကို ပြောပြမှာလား၊ သူတို့က နည်းနည်းလေးတောင် သံသယမရှိခဲ့ကြဘူးလား

မင်းသမီးဟွေ့က အိမ်ထောင်ကျပြီးနောက်ပိုင်း နေမကောင်းဘဲ တစ်ချိန်လုံး စိတ်ဓာတ်ကျနေတယ်လို့ ရှောင်းရုန်ကပြောတယ်၊ မင်းသမီးက ကိုယ်ဝန်ကြောင့် နှလုံးမှာခံစားနေရတာလို့ သူတို့မိသားစုတွေက ထင်ကြတာ၊ ပြောရရင်လည်း အဲ့ဒိတုန်းက ချန်နယ်စားနဲ့ အကြီးဆုံးသားက အဝေးမှာ၊ ရှောင်းလန့်နဲ့ ရှောင်းရုန်က ကလေးပဲရှိသေးတယ်၊ နယ်စားကတော်ကြီး ဘယ်လောက်ပဲ စိတ်ပူနေပါစေဦး အိမ်ကထွက်သွားပြီဖြစ်တဲ့ ယောင်းမတစ်ယောက်က သူနဲ့မဆိုင်တော့ဘူး၊ အဆိပ်ခတ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိခဲ့ကြမှာမဟုတ်ဘူး

ဒါဆို မင်းက သူတို့ကို ပြောပြမှာလား

ကျုယန့်ထင်က ခဏလောက်စဉ်းစားပြီး အေးစက်စွာပြုံးပြလိုက်ပြီးမှ ပြောပြရမှာကတော့ ပြောပြရမှာပေါ့၊ ဒါပေမယ့် ကိုယ်တိုင်တော့မဟုတ်ဘူး

ဘာလို့လဲ

ကျုယန့်ထင်က သူ့အစ်ကိုကို ကြည့်လိုက်ကာ ရှောင်းလန့်ကပြောတယ်၊ ရှောင်းရုန်က ငယ်ငယ်ကတည်းက မိဘတွေသေသွားလို့ သူ့ဒေါ်လေးကကြည့်ရှုစောင့်ရှောက်ပေးခဲ့တာတဲ့၊ အဲ့ဒိကောင်လေးက သူ့ဒေါ်လေးကို အမေရင်းလိုပဲ သဘောထားတယ်၊ တကယ်လို့ ကျွန်တော်က သူ့ကို မင်းသမီးအဆိပ်ခံရတဲ့အကြောင်း ပြောပြလိုက်ရင် အဲ့ကောင်လေးရဲ့စရိုက်နဲ့ဆို ရှေ့မကြည့်နောက်မကြည့်ဘဲ ညီတော်မင်းသားကို အသည်းအသန်လက်စားချေမှာ သေချာတယ်၊ ရှောင်းရုန်နဲ့ပတ်သက်ပြီး နောက်ပိုင်းဖြစ်လာသမျှကိစ္စတွေကို ရှောင်းမိသားစုက ကျွန်တော်တို့ကိုအပြစ်တင်လို့မရဘူး၊ ပြီးတော့ ကျွန်တော်တို့က မင်းသမီးဟွေ့သေဆုံးတဲ့အကြောင်းကို လျှို့ဝှက်စုံစမ်းလိုက်တာပါလို့ပြောရင် သူတို့က တခြားတွေးနိုင်ဦးမှာလား

အဲ့ဒိတော့

အဲ့ဒိတော့” ကျုယန့်ထင်က ပြုံးလိုက်ပြီး အချိန်တစ်ခုရှာပြီး ထူးခြားတဲ့နည်းလမ်းနဲ့ သူတို့ကိုပြောပြရမယ်

..........

.

(T/N) မရောကြနဲ့..

- ဧကရာဇ်ညီတော် အရံအိမ်ရှေ့စံမင်းသား ကျုကျိုယွမ် (ယခင် မင်းသားဟွေ့/ဟွေ့ဝမ်၊ သူ့မိန်းမက မင်းသမီးဟွေ့/ ဟွေ့ဝမ်ဖေး)

- ကျုယန့်ထင်ရဲ့အစ်ကိုတော်က ကျုဟယ့်မင် မင်းသားဟွိုင်/ဟွိုင်ဝမ် သူ့မိန်းမက မင်းသမီးဟွိုင်/ဟွိုင်ဝမ်ဖေး