(25)
မနက်မိုးစင်စင်လင်းမှ ကျုယန့်ထင် အိပ်ရာကနိုးလာသည်။ သူက မျက်လုံးကိုဖွင့်ပြီး ခေါင်းထက်က အနီရောင်ပေါင်းမိုးကို စိုက်ကြည့်ရင်း ခဏတာလောက် မှင်တက်သွားသည်။
တစ်ယောက်ယောက်ကိုခေါ်မည့်ဆဲဆဲမှာပဲ ရှောင်းလန့်က တံခါးကိုဖွင့်ကာ အထဲဝင်လာပြီး ကုတင်ဘေးသို့ လျှောက်လာနေပြီဖြစ်သည်။ လိုက်ကာကိုဆွဲဖွင့်ကာ ကျုယန့်ထင်ကို နူးနူးညံ့ညံ့မျက်ဝန်းတွေဖြင့် ကြည့်လာသည် “နိုးပြီလား၊ ထတော့မလား”
လက်ထပ်ပွဲ၏ဒုတိယမြောက်နေ့ မနက်စောစောမှာ အသစ်စက်စက်ခင်ပွန်းကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသည့်အခါ ကျုယန့်ထင်မှာ မျက်နှာမထားတတ်အောင်ပင်။ သူက အကြည့်လွှဲပြီး မသက်မသာနှင့်မေးလိုက်သည် “ဘယ်အချိန်ရှိပြီလဲ”
“ကိုးနာရီထိုးတော့မယ် စောပါသေးတယ်”
“စောပါ သေးတယ်.. ဒီအချိန်ရောက်နေပြီ ဘယ်မှာစောတော့လို့လဲ…” ကျုယန့်ထင် ဗြုန်းခနဲထလိုက်သည်။ ထထိုင်လိုက်ပြီးပြီးချင်းမှာပဲ ခါးက မသက်မသာဖြစ်ပြီး အိပ်ရာပေါ်ပြန်လဲကျသွားသည်။ သူက ရှက်သွားပြီး စကားတွေတောင်ထွက်မလာနိုင်တော့ပေ။
ရှောင်းလန့်က ထိုင်ချကာ သူ့ကို တွဲလိုက်ပြီး “ဖြည်းဖြည်းလုပ် မလောနဲ့၊ ကိုယ် မင်းကိုကူဖို့တစ်ယောက်ခေါ်လိုက်မယ်”
မနေ့ညက သူတို့နှစ်ယောက် အာရုဏ်မတက်ခင်အထိ လူးလှိမ့်ခဲ့ကြပြီး နောက်ပိုင်းမှာ ရှောင်းလန့်က ရေနွေးယူလာခိုင်းပြီး ကိုယ်တိုင်ကိုယ်ကျဆေးကြောပေးသည်။ အခုသူ့ခန္ဓာကိုယ်က ကပ်စီးမနေပေမယ့် နေရာအနှံ့ ကိုက်ခဲနေပြီး မအီမသာဖြစ်နေသည်။
ကျုယန့်ထင်က သက်ပြင်းချလိုက်ကာ
“တကယ်ဆိုးတာပဲ၊ အစက မနက်အစောကြီးထပြီး အမေ့ကို လက်ဖက်ရည်ဆက်သဖို့ လုပ်ထားတာ၊ ကျွန်တော်က ဒီအချိန်ထိ အိပ်လိုက်တယ်၊ ဘာလို့မနှိုးတာလဲ၊ အမေက ကျွန်တော့်ကို.. မာနကြီးတယ်၊ သူ့ကိုမျက်စိထဲမထည့်ဘူးလို့ ထင်မသွားလောက်ဘူးမလား”
ရှောင်းလန့်က သူ့လက်ကိုကိုင်ပြီး ဖျောင်းဖျသည် “ယန့်ထင်.. စိတ်ကိုတအားတင်းမထားပါနဲ့၊ ဒီလိုအသေးအမွှားလေးတွေကို စိတ်ထဲသိပ်မထည့်နဲ့၊ အမေကလည်း ဗွေယူမှာမဟုတ်ပါဘူး၊ သူက မနက်စောစောလူလွှတ်ပြီး ပြောလိုက်ပြီးသား.. ကိုယ်တို့တွေ နည်းနည်းလေးနောက်ကျမှ သွားလို့ရတယ်၊ အခုက စောပါသေးတယ်”
“တကယ်လား”
“အမေက ပေါင်းသင်းရလွယ်ပါတယ်၊ မင်းကို ခက်ခဲအောင်မလုပ်ပါဘူး၊ စိတ်မပူနဲ့”
ဒီတော့ ကျုယန့်ထင် စိတ်ရှုပ်နေတာတွေ ပျောက်သွားပြီး နောက်တစ်ခါ ပြုံးစိပြုံးစိလုပ်လာသည်။
“အင်း… ခင်ဗျားကို ဒီလောက် စိတ်အားထက်သန်တတ်တဲ့လူဖြစ်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊ ခါတိုင်းလို နူးနူးညံ့ညံ့ပုံစံနဲ့ တစ်စက်မှမတူဘူး၊ လူတွေကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တယ်မှန်တာပဲ၊ တကယ်လို့ ကျွန်တော့်နေရာမှာ မိန်းကလေးတစ်ယောက်သာဆိုရင်တော့…”
ဤသတို့သမီးအခန်းရှိ မင်္ဂလာဦးညကို ကျုယန့်ထင်ဘဝတွင် ဘယ်တော့မှမေ့တော့မည်မဟုတ်။
သူက ရှောင်းလန့်ကို တို့ကနန်းဆိတ်ကနန်းစလိုက်သည်။ သို့သော် သူ့စကားမဆုံးခင် ရှောင်းလန့်က ဝင်ဖျက်သည်။
“လျှောက်မပြောနဲ့၊ ဘယ်မိန်းကလေးမှမရှိဘူး၊ မင်းပဲရှိတယ်” ရှောင်းလန့်၏ပါးပြင်တွေက စကားတွေပြောနေတုန်းနီလာသည်။ သူက ချက်ချင်းရှက်ပြီး စိတ်ဆိုးသွားသည်။
ကျုယန့်ထင်မှာတော့ အနှီသူကို ကြည့်နေရလေ ပိုစိတ်ဝင်စားလေ ဖြစ်လာရသည်။
ရှောင်းလန့်က အာမဘန္တေခံသည် “တခြားတစ်ယောက် ဘယ်တော့မှရှိမှာမဟုတ်ဘူး၊ မင်းပဲရှိမှာ”
“အင်းပါ၊ ကျွန်တော်သိပါပြီ၊ တခြားလူမရှိဘူး၊ ကျွန်တော်ပဲရှိမှာ” ကျုယန့်ထင်က ပြုံးနေဆဲ မျက်ဝန်းတွေက ပီတိဖြာနေဆဲဖြစ်သည်။
ရှောင်းလန့်က ထပ်မပြောတော့ဘဲ ထရပ်ပြီး အစေခံတွေကို ဝင်လာခိုင်းလိုက်သည်။
မျက်နှာသစ်အင်္ကျီလဲလို့အပြီးမှာတော့ ကျုယန့်ထင်တစ်ယောက် နေလို့အတော်ကောင်းသွားသည်။ သူက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး ဆံပင်စည်းဖို့ အားချင်းကိုခေါ်လိုက်သည်။
အနက်ရောင်ဆံပင်တွေက ပုခုံးပေါ်မှာ ဖြာကျနေပြီး မျက်နှာက ပိုပြီးကြည်လင်ချောမောနေ၏။ အနီရောင်တောက်တောက်နှုတ်ခမ်းလေးက ထိုအပေါ်တွင် တန်ဆာဆင်ထားသည်မှာ ပန်းချီကားထဲက ထွက်လာသည့်အတိုင်းပင်။
ရှောင်းလန့်က ထိုမြင်ကွင်းကိုကြည့်နေရင်းမှာ တစ်ခုခုကိုတွေးမိသွားပုံရသည်။ သူက အာခေါင်ခြောက်လာပုံဖြင့် လက်ဖက်ရည်ခွက်ကို အမှတ်တမဲ့ကောက်ကိုင်သည်။
အားချင်းက ခေါင်းဘီးကိုကိုင်ပြီး အရင်ဆုံး ကျုယန့်ထင်ဆံပင်တွေကို ရှင်းပေးနေ၏။
ရှောင်းလန့်က ဘေးနားမှာ ခဏလောက်ကြည့်နေခဲ့ပြီးမှ ထရပ်ကာ သူတို့နားလျှောက်လာသည် “ကိုယ်လုပ်ပေးမယ်”
အားချင်းက ဘီးပေးပြီး နောက်ပြန်ဆုတ်သွားသည်။
ကျုယန့်ထင်က သူ့ကို ပြုံးကြည့်လိုက်ကာ “ခင်ဗျားက တခြားသူကို ခေါင်းဖြီးပေးတတ်တယ်ပေါ့”
“မလုပ်ဖူးဘူး၊ တကယ်လို့ ကိုယ်လုပ်တာမကောင်းရင် တခြားသူပြန်လုပ်ခိုင်းလိုက်မယ်”
“ကျွန်တော် ခင်ဗျားကို ယုံတယ်” ကျုယန့်ထင်က သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပြုလိုက်သည်။
ရှောင်းလန့်က ဆံပင်တွေကို ချောမွေ့သွားတဲ့အထိ ဘီးနဲ့အထပ်ထပ်အခါခါ ဂရုတစိုက်ဖြီးပေးပြီးမှ သေသေချာချာထုံးပြီး ခေါင်းစည်းနှင့်ချည်ကာ ကျောက်စိမ်းဆံထိုးကို စိုက်ပေးသည်။
ကျုယန့်ထင်က မှန်ထဲကြည့်လိုက်သည်။ လက်ရာက အားချင်းလောက်မကောင်းပေမယ့် ဆိုးသည်လည်းမဟုတ်။ ပြန်ဖြည်ပြီး ပြန်လုပ်ခိုင်းစရာမလိုပေ။
“ခင်ဗျားလက်တွေက ဘာလုပ်လုပ်အကုန်ကျွမ်းကျင်နေတာချည်းပဲ” ကျုယန့်ထင်က ရယ်ကာမောကာ ချီးကျူးလိုက်၏။ ပြီးမှ ရှောင်းလန့်ခေါင်းပေါ်က ခေါင်းစည်းနဲ့ ကျောက်စိမ်းဆံထိုးက သူ့ဟာနဲ့အတူတူပဲဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် “နောက်နှစ် ခင်ဗျား အရွယ်ရောက်အခမ်းအနားရောက်လို့ ကျောက်စိမ်းမကိုဋ်ဝတ်တဲ့အချိန်ကျရင် ပိုပြီးတော့တောင် ခန့်ညားမှာသေချာတယ်”
“မင်းရောပဲ” ရှောင်းလန့်က သူ့ကို စေ့စေ့ကြည့်လိုက်သည်။ သူ၏ယန့်ထင်မှာ ဆုတောင်းကောင်း၏။ အနာဂတ်မှာ ဘယ်လိုမျိုး ရွှင်လန်းချောမောလာလိမ့်မလဲ မြင်ချင်မိသည်။
“ဝမ်းကွဲအစ်ကို.. ” ကျုယန့်ထင်က တိုးတိုးလေးခေါ်လာသည် “ဘာကြည့်နေတာလဲ”
ရှောင်းလန့်က ဘာမှမပြောဘဲ ကျုယန့်ထင်လက်ကိုသာ ဆုပ်ကိုင်လိုက်သည် “သွားကြစို့၊ အမေ့ဆီသွားကြမယ်”
သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးမှာတော့ နှစ်ယောက်သားက ကျောက်စိမ်းဆွဲပြားကို ဆင်တူချိတ်ဆွဲလိုက်ပြီး ပင်မခြံဝင်းဆီသို့ ဂါရဝပြုရန် ထွက်လာခဲ့ကြသည်။
ယမန့်နေ့ညက ညသန်းခေါင်၌ နှင်းတွေပြန်ကျလာခဲ့သည်။ အိမ်တော်တစ်ခုလုံးတွင် အမြင့်မှာချိတ်ဆွဲထားသည့် မီးပုံးနီတွေက နှင်းတွေကြားဝေ့ဝဲနေပြီး ကတ္တီပါပန်းပွင့်တွေလို တောက်ပနေသည်။ ကြည့်ရှုရသည်မှာ အလွန် သာယာကြည်နူးဖွယ်ကောင်းလှသည်။
ကျုယန့်ထင်က ဒါတွေကိုမြင်တော့ “ဒါတွေကို ဒီတိုင်းပဲ ချိတ်ထားမှာလား”
“မင်းအိမ်ပြန်သွားပြီးမှ ဖြုတ်မယ်လို့ အမေကပြောတယ်၊ ဒီအတောအတွင်းတော့ စည်စည်ကားကားဖြစ်နေဦးမှာပေါ့”
“ကောင်းလိုက်တာ”
ရှောင်းလန့်က ကျုယန့်ထင်ကို လက်နွေးမီးဖိုပေးလိုက်ပြီး သူက ထီးကို ကိုင်သည်။ ကျုယန့်ထင်ပုခုံးကိုဖက်ကာ ပင်မခြံဝင်းဆီ အတူလျှောက်သွားကြသည်။
ဝေ့သခင်မကြီး၏နေရာမှာ တစ်မိသားစုလုံး ရောက်နေကြ၏။ ကျုယန့်ထင်နှင့်ရှောင်းလန့်က ဝေ့သခင်မကြီးကို လက်ဖက်ရည်ဆက်ပြီး ဝေ့သခင်မကြီးက သူ့တို့ကို စာအိတ်နီတစ်အိတ်ဆီပြန်ပေးသည်။
ရှောင်းလန့်က သူ့ကို ရှောင်းရုန်ကလွဲပြီး တခြားမိသားစုဝင်တွေနှင့် မိတ်ဆက်ပေးသည်။ ထိုသူတွေမှာ အကြီးဆုံးမရီး ရန်သခင်မနှင့် သူ့ကလေးနှစ်ယောက်ဖြစ်သည်။ ရှောင်းရန့်လီနှင့်ရှောင်းမုန် သားအဖမှာ ရှေ့တန်းစစ်မြေပြင်ကနေ ပြန်မလာကြပေ။ တခြားသောရှောင်းမိသားစုဝင်တွေကတော့ အိမ်ကထွက်ပြီး တခြားမှာနေကြသည်။ မနေ့က မင်္ဂလာကန်တော့ကြချိန်မှာ ဆုံတွေ့ကြသော်လည်း ဒီနေ့မရှိကြပေ။
ကျုယန့်ထင်က ရန်သခင်မဆီကနေ လက်ဆောင်ရပြီး ကလေးနှစ်ယောက်ကိုလည်း သူကအပြန်အလှန်လက်ဆောင်ပေးခဲ့သည်။ ရှောင်းရုန်အတွက်လည်း မမေ့ဘဲ စာရေးကိရိယာလေးမျိုးကို ပြင်ဆင်ပေးခဲ့သည်။
ရှောင်းရုန်က လက်ဆောင်ကို အီလည်လည်မျက်နှာပေးဖြင့် လက်ခံသည်။ ကျုယန့်ထင်ကို မျက်စိမှိတ်ပြရင်း မနေ့ညကမင်္ဂလာသတို့သမီး အိပ်ရာထနောက်ကျသည့်အဖြစ်ကို လှောင်သည်။ သို့သော်လည်း ရှောင်းလန့်အကြည့်နှင့်ပက်ပင်းတိုးပြီး သူ့နှာခေါင်းသူကုတ်ကာ ခေါင်းငိုက်စိုက်ချသွားတော့၏။
ဝေ့သခင်မကြီးနှင့် ကျုယန့်ထင်က ခဏလောက် စကားတွေပြောနေခဲ့သည်။
အကုန်လုံးက ယဉ်ကျေးမှုအရ ပြောနေသည့်စကားလုံးတွေချည်းပါပင်။ တကယ်တမ်းလည်း သူတို့ကြား ပြောစရာက မယ်မယ်ရရမရှိပေ။
ကျုယန့်ထင်က ယောကျ်ားတစ်ယောက်ဖြစ်ပြီး မင်းသားဟွိုင်အိမ်တော်က သခင်လေးဖြစ်သည်။ သူမက သူ့အပေါ်မှာ အဆိုးမမြင်ပေမယ့် အရင်က ကန့်ကွက်ခဲ့သည့်ကိစ္စကတော့ မျက်နှာပူစရာကောင်းလှသည်။ နောက်တော့ ကျုယန့်ထင်က သူမသားကို အသက်ပေးပြီးကယ်တင်လိုက်သည့်အခါ သူမလည်းပဲ အလွန်ကျေးဇူးတင်သွားခဲ့သည်။ သို့သော် နောက်ခံမျိုးရိုးမြင့်သည့်မိသားစုကလာသည့် အမျိုးသားချွေးမတစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ သူမ နည်းနည်းတော့ မသက်မသာဖြစ်မိဆဲပင်။
ဆန့်ကျင်ဘက်မှာတော့ ကျုယန့်ထင်က အပြုံးဖြင့် တည်ငြိမ်စွာပင် ပြောနေဆဲဖြစ်သည်
“အမေ့ကို ကျွန်တော် ငယ်ငယ်တုန်းက တွေ့ဖူးတယ်၊ နွေရာသီတစ်ခုမှာ ကျွန်တော်က ကျွန်တော့်အမေနဲ့ မယ်တော်ကြီးမွေးနေ့ နန်းတော်ထဲလိုက်လာခဲ့တာ၊ အမေလည်း အဲ့မှာရှိနေတယ်၊ အမေက ကျွန်တော့်ကို စကားတွေပြောပြီး လိမ္မာပြီး ချစ်စရာကောင်းတယ်ဆိုပြီး သကြားလုံးတစ်လုံးတောင် ပေးလိုက်သေးတယ်”
“သြော်.. ဒီလိုမျိုးရှိလား၊ မင်းက ဒီလောက်နှစ်တွေအများကြီး ရှင်းရှင်းလင်းလင်း မှတ်မိနေတာပဲ” ဝေ့သခင်မကြီးကလည်း ပြုံးလိုက်ပြီး “အမေက အိုနေပြီ၊ မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူး၊ မင်းက ဒီလိုပြောလာတော့ စိတ်ထဲ မှတ်မှတ်ရရဖြစ်နေခဲ့ပုံရတယ်”
“ဟုတ်ကဲ့” ကျုယန့်ထင်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော် အကုန်လုံးမှတ်မိတယ်၊ တစ်လျှောက်လုံး မမေ့ဘူး၊ အဲ့ဒိတုန်းက အားလန့်ကိုလည်း သိခဲ့တယ်၊ သူ့ကို အိမ်မှာကစားဖို့ ဖိတ်ချင်နေခဲ့တာ၊ ဒါပေမယ့် အကြောင်းရင်းတွေ မတိုက်ဆိုင်လို့ မဖြစ်လာခဲ့ဘူး”
“အင်းပါကွယ် အင်းပါ” ဝေ့သခင်မကြီးက သက်ပြင်းကို အထပ်ထပ်အခါခါ ချရင်း လေသံထဲ စစ်မှန်လိုလားခြင်းတွေ ပိုပါလာသည် “အဲ့ဒိတုန်းက မတိုက်ဆိုင်ခဲ့ပေမယ့် အခုဖြစ်လာခဲ့ပြီပဲ၊ ဖူးစာပါလာတော့ ဘယ်လိုဝေးဝေး ပေါင်းဖက်ရတာပဲပေါ့”
ကျုယန့်ထင်က ပြုံးကာ ရှောင်းလန့်ဘက်ကိုကြည့်လိုက်သည်။ ထိုမျက်ဝန်းတစ်စုံထဲတွင် လှပသည့်အပြုံးလေးတစ်ခုရှိနေသည်။
ရှောင်းလန့်က သူ့နှုတ်ခမ်းကိုအသာပွတ်လိုက်ပြီး ထောက်ခံသည် “အမေပြောတာ မှန်ပါတယ်၊ ယန့်ထင်နဲ့ကျွန်တော်က အစကတည်းကဖူးစာပါလာတာပါ”
ဤအရာကို ယခင်က သူမယုံကြည်ခဲ့ပေမယ့် အခုတော့ ယုံရတော့မည်ဖြစ်သည်။
ကျုယန့်ထင်ကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်ခွင့်ရခဲ့သည်။ အကြောင်းရင်းက ရေစက်ကြောင့်ပဲဖြစ်ဖြစ် မတော်တဆအမှတ်မထင်ပဲဖြစ်ဖြစ် အကုန်လုံးက သူ့ဘဝ၏ကံကောင်းခြင်းတွေ ဖြစ်သည်။
ဝေ့သခင်မကြီးနဲ့ မနက်စာစားပြီးမှာတော့ နှစ်ယောက်သားက ကိုယ့်ခြံဝင်းဆီ ပြန်လာခဲ့ကြသည်။ ရှောင်းလန့်က လက်ထပ်ခွင့်အားလပ်ရက်ဆယ်ရက်ရပြီး ထိုရက်တွေမှာ ကျုယန့်ထင်နှင့် ကြိုက်သလောက် အချိန်ဖြုန်းနိုင်သည်။
ကျုယန့်ထင်က ခြံဝင်းထဲကအစေခံတစ်ဝက်လောက်ကို မင်းသားဟွိုင်အိမ်တော်မှခေါ်လာသည့် သူ့အစေခံတွေနှင့် အစားထိုးလိုက်သည်။ အကုန်လုံးက သူသုံးနေကျလူဟောင်းတွေဖြစ်သည်။
သူက ခန်းဝင်ပစ္စည်းတွေကို သိုလှောင်ခန်းထဲ တစ်ခုပြီးတစ်ခု သိမ်းနေချိန်မှာ ဝေ့သခင်မကြီးက မနေ့က ဧကရာဇ်နှင့်ညီတော်ထံမှာရသည့် လက်ဖွဲ့တွေကို သူတို့ကိုယ်တိုင်သိမ်းထားရအောင် လူလွှတ်ပေးပို့လာသည်။
ကျုယန့်ထင်က ဒီပစ္စည်းတွေကိုကြည့်ပြီး သက်ပြင်းချသည် “ချန်နယ်စားအိမ်တော်က တအားဂုဏ်ယူစရာကောင်းတယ်၊ ဧကရာဇ်ကိုယ်တိုင်က ဆုလက်ဆောင်တွေ ချီးမြှင့်လိုက်ရုံမကဘူး အိမ်ရှေ့စံကလည်း ရက်ရက်ရောရော ပို့လိုက်တယ်”
ရှောင်းလန့်က သာမန်ကာလျှံကာပင် “မင်းသားဟွိုင်အိမ်တော်မျက်နှာကြောင့်လည်း ဖြစ်နိုင်တာပဲလေ”
“မင်းသားဟွိုင်အိမ်တော်ကြောင့် ဘယ်ဟုတ်မှာလဲ” ကျုယန့်ထင်က နှုတ်ခမ်းကိုစိလိုက်ပြီး “အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံ နှစ်ယောက်လုံးက နယ်စားအိမ်တော်ကို တန်ဖိုးထားတယ်၊ မျိုးနွယ်စုရေးရာရုံးတော်ကိစ္စ ဖြစ်ထားတာတောင်မှ အိမ်ရှေ့စံက နယ်စားအိမ်တော်ကို စိတ်ထဲမမှတ်ထားဘူး”
ရှောင်းလန့်က ခေါင်းကို အသာယမ်းလိုက်သည်။
ထိုကဲ့သို့ ဂရုဏာတော်များက အလေးချိန်စီးလွန်းပါ၏။ ခံနိုင်ရည်ရှိရန် လွယ်ကူလှသည့်အရာများမဟုတ်ပေ။
သူက ကျုယန့်ထင်ဖို့ အခါးရည်ပူပူတစ်ခွက် ငှဲ့ပေးလိုက်ပြီး အသာတိုးတိုးသတိပေးသည်
“မင်းလည်း နောက်ဆို နယ်စားအိမ်တော်ရဲ့မိသားစုဝင်တစ်ယောက် ဖြစ်လာတော့မှာ၊ ဒါမျိုးတွေ မပြောနဲ့တော့၊ တခြားလူတွေကြားသွားရင်လည်း မကောင်းဘူး”
ကျုယန့်ထင်က ခေါင်းကိုလက်နဲ့ထောက်ပြီး သူ့ကို ပြုံးကြည့်လေသည်
“ခင်ဗျားက အိမ်မှာနေလည်း ဒီလိုမျိုးသတိထားနေတာပဲလား”
“သတိထားနေတာ ဘယ်တော့မှမမှားဘူး” ရှောင်းလန့်က ခဏတာ အမူအရာတွေရပ်သွားသည်။ သူက ကျုယန့်ထင်ကို ကြည့်လိုက်ပြီး “မင်း.....”
“ကျွန်တော်က ဘာဖြစ်လဲ” ကျုယန့်ထင်က သူ့မျက်တောင်တွေကို အသာခတ်သည်။ သူ့မျက်ဝန်းတွေထဲမှာက အပြုံးတွေပျော်ဝင်နေသည်။
ရှောင်းလန့်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့ခံစားချက်တွေ အိုးတိုးအန်းတန်း ဖြစ်သွားသည် “မင်း အမေ့ရှေ့မှာ ကိုယ့်နာမည်ကို ခေါ်လိုက်တယ်”
“ဟုတ်တယ်လေ အဲ့လိုခေါ်တာကြိုက်လား” ကျုယန့်ထင်က သူ့ကို တမင်တကာပင် စနောက်၏ “ပြောကြည့်… ကျွန်တော်က ဘယ်လိုခေါ်ရမှာလဲလို့… ရှောင်းလူကြီးမင်း... ဝမ်းကွဲအစ်ကို... အားလန့်... ဒါမှမဟုတ်ရင်တော့..... ယောကျ်ား”
ရှောင်းလန့်က လက်ထဲကအခါးရည်ခွက်ကို တလှုပ်လှုပ်ယမ်းရင်းမှာ ထပ်မံသတိပေးလိုက်ရသည် “လျှောက်မပြောနဲ့”
“ကျွန်တော်က ဘယ်မှာလျှောက်ပြောနေလို့လဲ” ကျုယန့်ထင်က အလွန်တရာမှကို ပျော်နေခဲ့သည်။ အရှက်ကြီးသည့်ခင်ပွန်းတစ်ယောက်အား စနောက်ရသည်ကို အလွန်မနောခွေ့နေခဲ့သည်
“ဒါက ကျွန်တော်တို့ မင်္ဂလာအိပ်ခန်း၊ ပြောလို့မရတဲ့ ရှက်စရာကိစ္စတွေ ရှိဦးမှာလား၊ မနေ့ညက ခင်ဗျား အဲ့လိုမလုပ်ခဲ့လို့လား”
“အင်းပါ” ရှောင်းလန့်က အရှုံးပေးသွားခဲ့ပြီပင်။ ကျုယန့်ထင်ကို လက်တွေထဲဆွဲဖက်လိုက်ပြီး ရင်ခွင်ထဲထည့်ထားကာ သက်ပြင်းချလိုက်သည် “မင်းကတော့လေ......”
ကျုယန့်ထင်ကလည်း ပြန်မှီထားလိုက်ပြီး နှစ်ယောက်သားက အချင်းချင်းပွေ့ဖက်ထားကြရင်း ထိုင်ခုံပေါ်မှာထိုင်နေခဲ့ကြသည်။ ရောက်တတ်ရာရာထွေရာလေးပါးများ ပြောဆိုနေခဲ့ကြကာ ပါးတွေနားတွေ ပွတ်သီးပွတ်သပ်လုပ်နေခဲ့ကြပြီး ရှားရှားပါးပါး ဆောင်းရာသီအချိန်လေးများကို ကုန်ဆုံးနေခဲ့ကြသည်။
ကျုယန့်ထင်က ရှောင်းလန့်လက်တွေကို ဖိညှစ်လိုက်ရင်းမှာ အသံတိုးတိုးလေးဖြင့်
“ခင်ဗျားရဲ့ တူနဲ့တူမကို တွေ့လိုက်ရတယ်၊ သူတို့တွေ အရမ်းချစ်စရာကောင်းတာပဲ၊ ကျွန်တော်တို့ကလေးတွေလည်း နောက်ပိုင်း အဲ့လိုဖြစ်လာမှာ၊ ကျွန်တော်တို့တွေ ကလေးမြန်မြန်ယူရအောင်”
ရှောင်းလန့်က သူ့ပါးကိုဖွဖွပွတ်သပ်ပေးလိုက်ပြီး “စဉ်းစားပြီးသွားပြီလား”
“အင်း၊ အမေကလည်း သေချာမပြောပေမယ့် နောက်ထပ်မြေးတစ်ယောက် ထပ်လိုချင်ပုံရတယ်၊ သူ့ကိုစိတ်ပျက်အောင်လုပ်လို့ မကောင်းဘူး”
ရှောင်းလန့်က မျက်မှောင်ကျုံ့လိုက်ပြီး ကျုယန့်ထင်လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီးမှ “ကိုယ်က မင်းမခံနိုင်မှာကို စိုးရိမ်တာ”
“ဘာလို့ အဲ့လိုပြောတာလဲ” ကျုယန့်ထင်က ခေါင်းကိုမော့ပြီး သူ့ကိုကြည့်လိုက်သည် “ကျွန်တော်က အဲ့လောက်ပျော့ဖတ်နေတာ မဟုတ်ပါဘူး၊ တကယ်”
ရှောင်းလန့်က ခေါင်းငုံ့ချလာပြီး သူ့နဖူးကိုဖိထားလိုက်ကာ သက်ပြင်းဖွဖွချသည် “ယန့်ထင်.. ကိုယ့်အတွက်တော့…. မင်းက အရမ်းအရေးကြီးဆုံးပဲ”
“အင်း ကျွန်တော်သိတယ်”
“ကလေးကိစ္စက အလျင်လိုစရာ မလိုပါဘူး၊ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းအားမွေးပြီး နောက်ထပ်နှစ်နှစ်လောက် ပိုကောင်းလာတဲ့အထိစောင့်ပြီးမှ ထပ်ပြောကြတာပေါ့”
ကျုယန့်ထင်က ဘာမှထပ်မပြောခဲ့တော့။ ရှောင်းလန့်ပုခုံးကိုသာ လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်ပြီး မျက်လုံးတွေကို အသာမှိတ်ထားလိုက်တော့၏။
သို့ရာတွင် သူက ထပ်မစောင့်ချင်တော့…
........