(26)
Viewers 2k

(26) 

လက်ထပ်ပြီးသုံးရက်မြောက်နေ့တွင် အိမ်ပြန်လာရ၏။

မနက်စောစောတွင် မြင်းလှည်းက မင်းသားဟွိုင်အိမ်တော်ရှေ့တွင် ရပ်သွားသည်။ ကျုဟယ့်မင်နှင့် သူ့ဇနီးက အပြင်ထွက်ပြီးကိုယ်တိုင်လာကြိုသည်။

ရှောင်းလန့်က ကျုယန့်ထင်ကို မြင်းလှည်းပေါ်က ကူချပေးသည်။ နှစ်ယောက်သားက အစ်ကိုနဲ့မရီးဖြစ်သူကို တက်ညီလက်ညီဂါရဝပြုလိုက်ကြပြီး ကူညီဖေးမကာ ရယ်ရယ်မောမောဖြင့် အိမ်ထဲဝင်သွားခဲ့ကြသည်။

ကျုယန့်ထင်မှာ ယောကျ်ားတစ်ယောက်ဖြစ်ပြီး မိဘတွေမရှိတော့သဖြင့် မိသားစုနှင့် အထွေအထူးပြောစရာ ရှိမနေခဲ့ချေ။ 

ထို့ကြောင့် အာလပသလာပ အနည်းအကျဥ်းဖလှယ်ပြီးနောက်မှာ အနားယူရန် ဝါးပင်စိမ်းခြံဝင်းဆီပြန်သွားပြီး ရှောင်းလန့်ကတော့ ကျုဟယ့်မင်နှင့် စာကြည့်ခန်းဆီ စကားပြောဖို့ထွက်သွားခဲ့သည်။ 

ကျုဟယ့်မင်က အခါးရည်ကို ကိုယ်တိုင်ဖျော်ပြီး ရှောင်းလန့်အတွက် တစ်ခွက်ငှဲ့ပေးသည် သောက်ကြည့်ပါဦး

ရှောင်းလန့်က ကျေးဇူးတင်စကားဆိုပြီး တလေးတစား သောက်လိုက်၏။

ကျုဟယ့်မင်က သူ့ကိုအသာကြည့်နေကာ ပြုံးလိုက်ပြီးမှ

အာ့လန် (ဒုတိယလေး) မင်း အရမ်းသတိထားမနေလဲရတယ်၊ အခု မင်းနဲ့ယန့်ထင်က အိမ်ထောင်ကျပြီးပြီ၊ ငါတို့က တစ်မိသားစုတည်းဖြစ်သွားပြီ၊ မင်းက အစ်ကိုတော်လို့ခေါ်နေမှတော့ ငါက မင်းကို ယန့်ထင်လိုပဲ ဆက်ဆံမှာပါ

ရှောင်းလန့်က ခေါင်းညိတ်ပြလိုက်သည် အစ်ကိုတော် အားနာနေပါပြီ

ကျုဟယ့်မင်မှာ သက်ပြင်းချကာဖြင့် 

ယန့်ထင်က ငယ်ငယ်လေးကတည်းက ခံစားခဲ့ရတာတွေ များတယ်၊ အမေက စောစောစီးစီးထွက်သွားပြီး အဲ့ဒိတုန်းက သူက ဘာမှနားမလည်သေးဘူး၊ နောက်ပြီး အဖေဆီကလည်း မေတ္တာမရခဲ့ဘူး၊ သူ့နေ့ရက်တွေက အတော်လေးခက်ခဲခဲ့တယ်၊ ဒီနှစ်တွေထဲမှာ ငါတို့တွေ အေးဆေးဖြစ်သွားဖို့ အတော်မလွယ်ခဲ့ဘူး၊ သူက ပါးစပ်က ဘာမှမပြောပေမယ့် စိတ်ထဲမှာတော့ အရမ်းခံစားတတ်တယ်၊ အတွေးတွေအရမ်းများတတ်တယ်၊ သူအိမ်မှာနေတုန်းကဆို ငါနဲ့သူ့မရီးက သူ့ကိုအမြဲတမ်း အရိပ်တကြည့်ကြည့် ကြည့်နေခဲ့ရတာ၊ အခု နယ်စားအိမ်တော်ရောက်သွားပြီး စိတ်က မပြောင်းလဲနိုင်သေးမှာကို စိုးရိမ်မိတယ်၊ တကယ်လို့ နောက်ပိုင်း သူလုပ်တာ မကောင်းတဲ့နေရာရှိလာခဲ့ရင်လည်း မင်း များများသည်းခံပေးပြီး သူ့ကိုဗွေမယူဖို့ မျှော်လင့်မိပါတယ်

ရှောင်းလန့်မှာ သူ့စကားကိုနားထောင်နေရင်း အတော်လေးစိတ်မကောင်းဖြစ်မိလာသည် အဲ့ဒီအတိုင်းပဲ ဖြစ်ရမှာပါ၊ အစ်ကိုတော် စိတ်ချနေပါ

မင်းကိုစိတ်ချပြီးသားပါ၊ နယ်စားအိမ်တော်က မိသားစုထုံးတမ်းအစဉ်အလာတွေကိုလည်း အစောကြီးကတည်းက ကြားခဲ့ပြီးသား၊ မဟုတ်ရင်လည်း သူ မင်းသားဘွဲ့စွန့်လွှတ်ပြီး မင်းကိုလက်ထပ်တဲ့ကိစ္စကို သဘောတူခဲ့မှာမဟုတ်ဘူး၊ ငါ့မှာ ဒီညီလေးတစ်ယောက်ပဲရှိတယ်၊ သူ သက်တောင့်သက်သာနဲ့ နေနိုင်ဖို့ပဲ မျှော်လင့်တယ်၊ ကောင်းမွန်တဲ့ဘဝလေးမှာ နေနိုင်ရင် လုံလောက်ပြီ

ကျွန်တော် သူ့အပေါ်မှာ သေချာပေါက်ကောင်းမှာပါ” 

ရှောင်းလန့်က စိတ်ရင်းအမှန်အတိုင်း ပြောလိုက်သည်။ ကျုဟယ့်မင်တွင် တခြားရည်ရွယ်ချက်များ အမှန်တကယ် ရှိနေခဲ့ဦးတော့ အနည်းဆုံး အပေါ်ယံမှာတော့ သူက ညီလေးကိုဂရုစိုက်သည့် အစ်ကိုကောင်းတစ်ယောက် အမှန်ဖြစ်၏။

ဒါဆိုကောင်းပြီ” ကျုဟယ့်မင်က ထပ်ပြုံးလိုက်ပြီးနောက် အခါးရည်ကို ထပ်ဖြည့်ပေးလိုက်သည်။

ရှောင်းလန့်က စိတ်ထဲတွင် မတင်မကျဖြစ်နေရင်း ခဏတာ တုံ့ဆိုင်းနေပြီးမှ ကျုဟယ့်မင်ကိုမေးလိုက်သည်။ 

အစ်ကိုတော်.. ယန့်ထင်က ကျန်းမာရေးမကောင်းဘူးလား၊ သူ့လက်ချောင်းတွေက အမြဲအေးနေတာတွေ့တယ်၊ အရင်က ရာသီဥတုပူတုန်းကလည်း ဒီလိုပဲ၊ အခု ရာသီဥတုကအေးနေတော့ လက်နွေးမီးဖိုမပါရင် မရတော့ဘူး၊ ကျွန်တော် သူ့ကိုမေးပေမယ့် သူက အသေးစိတ်ပြောပြချင်ပုံမရဘူး….”

ကျုဟယ့်မင်၏မျက်လုံးတွေက ခဏတာတွေဝေသွားပြီးမှ သက်ပြင်းရှည်ကြီးကို ချလိုက်ကာ 

အင်းပေါ့ သူက မင်းကို ဘယ်ပြောပြချင်ပါ့မလဲ… သူက မိထွေးဆီက အဆိပ်ကျွေးခံခဲ့ရတာ၊ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းပျက်စီးစေတဲ့ နာတာရှည်အဆိပ်၊ တစ်နှစ်လောက် စားခဲ့ပြီးတော့ သူ့ကျန်းမာရေးက အဲ့ဒိကတည်းက မကောင်းတော့ဘူး

ရှောင်းလန့် အံ့အားသင့်သွား၏။ ယန့်ထင်က အဆိပ်ကျွေးခံခဲ့ရတာလား

.........

ဝါးပင်စိမ်းခြံဝင်း

ကျုယန့်ထင်က မျက်လုံးကိုပိတ်ထားပြီး ခုံပေါ်တွင် မှီထိုင်နေသည်။ နန်းတွင်းသမားတော်က သူ့လက်ကောက်ဝတ်မှာ လက်ညှိုးတင်ပြီး သွေးခုန်နှုန်းကို ဂရုတစိုက်နားထောင်နေသည်။

ဘယ်လိုနေလဲ

သမားတော်ချန်က မျက်မှောင်ကျုံ့ကာ ခဏလောက်တွေးတောပြီးမှ ပြန်ဖြေလိုက်သည် 

သခင်လေးရဲ့ကိုယ်ထဲမှာ အဆိပ်လက်ကျန်တွေ ပျောက်သွားပြီဆိုပေမယ့် ရောဂါဇာစ်မြစ်ကတော့ ကျန်ခဲ့တယ်၊ ခန္ဓာကိုယ်က အေးလွန်းတယ်၊ သာမန်ဆို ပြဿနာကြီးမဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်ဖို့ သန္ဓေတည်ဆေးသောက်တဲ့အခါကျရင် နည်းနည်းတော့ ခက်ခဲမှာစိုးရိမ်မိပါတယ်

ကျုယန့်ထင်က သူ့မျက်လုံးများကိုဖွင့်လိုက်တော့ မျက်ဝန်းအရောင်တွေက မှုန်မှိုင်းလို့နေသည် တကယ်လို့ ကိုယ်ဝန်ဆောင်မယ်ဆိုရင်ရော

“… မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ကျွန်တော် ဆေးညွှန်းရေးပေးလိုက်ပါ့မယ်၊ သခင်လေး တစ်လခွဲလောက်သောက်ရပါမယ်၊ ဒီဆေးက အရမ်းပြင်းတော့ သောက်ပြီးရင် မသက်မသာဖြစ်နိုင်လို့ သခင်လေး များများအနားယူမှ ရပါမယ်၊ ပြီးရင်တော့ သန္ဓေတည်ဆေးကို သောက်ရပါမယ်၊ တကယ်လို့ ကိုယ်ဝန်လွယ်နိုင်သွားခဲ့ရင် ကျွန်တော် သန္ဓေမြဲဆေး ထပ်ပေးပါမယ်၊ သခင်လေးက ကလေးမမွေးခင်အထိ သောက်ပေးရမှာပါ၊ ဒီဟာက သာမန်လူတွေထပ် အများကြီးပိုခက်ခဲပါတယ်၊ သခင်လေးကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပြီးတော့ ကလေးက လမစေ့ဘဲမွေးနိုင်ပါတယ်

ကိစ္စမရှိဘူး၊ သမားတော်ကြီး ဖော်စပ်လိုက်ပါတော့၊ ကျွန်တော် သည်းခံနိုင်တယ်” 

ကျုယန့်ထင်၏စိတ်မှာ မယိုင်မလဲသေချာလေသည်။

နန်းတွင်းသမားတော်ချန်က သူ့ကို နောက်ထပ်နားမချတော့ဘဲ ကောင်းပါပြီ” ဟုသာ တုန့်ပြန်လိုက်သည်။

ကျုယန့်ထင်က သက်ပြင်းတစ်ချက်ချလိုက်ပြီးမှာ သူ့ကို ထပ်မေးပြန်သည် 

မင်းသမီးဟွေ့ကိစ္စကရော.. အဲ့ဆေးအမျိုးအစားကို နန်းတွင်းသမားတော်ဌာနမှာ လူဘယ်လောက်များများသိကြလဲ သမားတော်ကြီးသိလား” 

သမားတော်ချန်က ခေါင်းယမ်းလိုက်ပြီး အဲ့ဒိဆေးက နန်ယန်ကလာတဲ့ အရမ်းရှားပါးတဲ့အဆိပ်မျိုးပါ၊ သမားတော်ဌာနမှာ မှတ်တမ်းတင်ထားတာမရှိဘူး၊ ရာထူးချခံရတဲ့ သမားတော်ကလည်း အဲ့ဒိအဆိပ်ရဲ့တည်ရှိမှုကို နန်ယန်ရောက်ခဲ့ဖူးတဲ့ သူ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီက မတော်တဆသိခဲ့တာ၊ ဆေးက သခင်လေးသောက်ခဲ့တဲ့ ဆေးနဲ့မတူဘူး၊ အဆိပ်မိတဲ့လူမှာ သွေးခုန်နှုန်းအားနည်းတာကိုပဲပြတယ်၊ တကယ်လို့ သမားတော်က ဆေးအကြောင်းကိုမသိရင် အဆိပ်မိတဲ့လူက အားနည်းနေတယ်လို့ပဲ တွေးကြလိမ့်မှာ

ဒါပေမယ့် မင်းသမီးဟွေ့ရဲ့သွေးခုန်နှုန်းမှတ်တမ်းက ဖျက်ဆီးခံရတယ်၊ သမားတော်က မေးခွန်းမေးတဲ့အမှုနဲ့ သမားတော်ဌာနက ကန်ထုတ်ခံရတယ်၊ အဲ့ဒိနန်းတွင်းသမားတော်ဝမ်က ထူးခြားမှုကိုသတိပြုမိပါရက် မကောင်းတဲ့အလုပ်ကိုလုပ်တယ်၊ အိမ်ရှေ့စံကိုယ်တိုင်လည်း သိတယ်လို့ ယူဆနိုင်တယ်” ကျုယန့်ထင်က အေးစက်စွာပင် ပြောလိုက်သည်။

သမားတော်ချန်မှာ သူ့ခေါင်းကိုငုံ့ထားပြီး ဘာမှပြန်မပြောခဲ့လိုက်ချေ။ 

ကျုယန့်ထင်၏မျက်လုံးတွေက အရောင်ပြောင်းသွားပြီးမှ ထပ်ပြောလိုက်သည် သမားတော်ချန်ကိုပဲ ထပ်နှောင့်ယှက်ရမှာပဲ၊ အဲ့ဒိအဆိပ်ကို နည်းနည်းလောက်ရနိုင်မလား

ရနိုင်ပါတယ်

.........

ရှောင်းလန့်ပြန်ရောက်လာသည့်အခိုက်တွင် သမားတော်ချန်ပြန်သွားသည်မှာ မကြာသေးပေ။ 

မျက်မှောင်ကျုံ့ပြီး ဝေခွဲမရဖြစ်နေသည့်သူ့ပုံစံကို မြင်တော့ ကျုယန့်ထင်က မေးလိုက်သည် ဘာလို့ မကြည်မသာဖြစ်နေတာလဲ၊ အစ်ကိုတော်က အခက်တွေ့အောင် လုပ်လိုက်လို့လား

ရှောင်းလန့်က ခုံမှာထိုင်ချလာပြီး သူ့လက်ကိုလှမ်းကိုင်လာသည် မဟုတ်ဘူး

ရှောင်းလန်၏မျက်လုံးတွေက အောက်စိုက်နေပြီး မျက်ခုံးက တွန့်ချိုးနေသည်။ 

ကျုယန့်ထင်က အသံတိုးတိုးဖြင့် ဘာဖြစ်လို့လဲ၊ စိတ်မကြည်ရင် ကျွန်တော့်ကိုပြောလေ

ရှောင်းလန့်က သူ့ကိုကြည့်လိုက်သည်။ သူ့မျက်ဝန်းတွေထဲ နာကျင်မှုတွေ ပြည့်နှက်နေသည် ယန့်ထင်.. မင်း ကျန်းမာရေးမကောင်းတာက...... အဆိပ်မိခဲ့လို့လား

ကျုယန့်ထင်က အံ့သြသွားပြီးမှ တဖန် ရှက်ရွံ့စွာပြုံးပြလိုက်သည်။

သိသွားပြီလား၊ အစ်ကိုတော် ပြောလိုက်တာဖြစ်ရမယ်၊ ခင်ဗျားကိုမပြောဖို့ သူ့ကိုပိတ်ထားလိုက်ရမှာ

ရှောင်းလန့်က ပိုလို့တောင်မျက်မှောင်ကျုံ့သွားရင်း ဘာလို့ ကိုယ့်ကိုမပြောနိုင်ရတာလဲ

ကောင်းတဲ့ကိစ္စမှမဟုတ်တာ၊ ဘာပဲဖြစ်ဖြစ် အကုန်ပြီးဆုံးသွားပြီ၊ အဆိပ်အကြွင်းအကျန်တွေလည်း မရှိတော့ဘူး၊ ရေကြီးခွင်ကျယ်လုပ်စရာ မလိုတဲ့ဟာကို ဘာဖြစ်လို့ ပြန်တူးဆွပြီး စိုးရိမ်အောင်လုပ်မှာလဲ

တခဏရပ်တန့်သွားခဲ့၏။ ရှောင်းလန့်က ကျုယန့်ထင်ကို သူ့ရင်ခွင်ထဲဆွဲဖက်ပြီး သူ့နားမှာတိုးတိုးလေးပြောလိုက်သည် နောက်တစ်ခါ မရှိတော့ပါဘူး

အင်း

နေ့လည်ဘက်တွင်မူ မင်းသားဟွိုင်အိမ်တော်ထဲ မိသားစုတွေ့ဆုံပွဲတစ်ခု ကျင်းပပြီး အနွယ်တော်တွေအားလုံး ရောက်လာကြသည်။ မိသားစုကြီးတစ်ခုပါပင်။ ရှောင်းလန့်က ရည်ရည်မွန်မွန် ကျိုးကျိုးနွံနွံဖြင့် တစ်ယောက်ပြီးတစ်ယောက် လိုက်နှုတ်ဆက်ပြီး မည်သူမဆိုအမှားရှာမရအောင် ဦးစွာပြုမူထားသည်။

မင်းသားဟွိုင်အိမ်တော်တွင် ကျုဟယ့်မင်၊ကျုယန့်ထင် ညီအစ်ကိုနှစ်ယောက်သာ ရှိပေမယ့် အိမ်တော်အခွဲတွေမှာတော့ ကျွင့်ဝမ်(ဒုတိယအဆင့်မင်းသား) ခုနှစ်ယောက် ရှစ်ယောက်လောက်ရှိသည်။ အားလုံးက ဦးလေးတွေဖြစ်ကြပြီး ရှေ့မျိုးဆက်က အမွေဆက်ခံထားသည်ကို အသာထား၊ လူအင်အားက အတော်လေးတော့ မသေးလှပေ။

ရှောင်းလန့်မှာ သားမက်အဖြစ် အိမ်ပြန်လာခြင်းဖြစ်သဖြင့် တစ်ခွက်တစ်ဖလားသောက်ပေးရမည်ဖြစ်သည်။ သူက ထိုဦးလေးတွေနှင့် တစ်ခွက်ဆီသောက်အပြီးမှာ နည်းနည်းထွေနေပြီပင်။ လူတစ်ယောက်က သူ့ကို လာသောက်ခိုင်းသည့်အခါ ကျုယန့်ထင်က ကြားကဖြတ်တားလိုက်သည်။

သူက သေရည်မသောက်နိုင်ဘူး၊ ဒီလောက်အများကြီးမရဘူး၊ အစ်ကို ဒီတစ်ခေါက်တော့ သက်ညှာပေးလိုက်ပါ

ရောက်လာသူက ကျုယန့်ထင်၏ဝမ်းကွဲတစ်ယောက်ပင်။ ရှောင်းလန့်က သူနှင့်တစ်ခါသောက်ပြီးပြီ ဖြစ်သော်လည်း တစ်ဖက်လူက လွှတ်မပေးနိုင်သေး။ ကျုယန့်ထင်၏အမူအရာက အတန်ငယ်တည်တင်းနေသည်။

ထိုသူက မကျေမနပ်ပြုံးလိုက်ပြီး သားမက်က အိမ်ပြန်လာပြီး မသောက်ဘူးဆိုတာ ဘယ်မှာရှိလို့လဲ၊ သူ မသောက်နိုင်ဘူးဆိုရင် ယန့်ထင် မင်းသောက်

ကျုယန့်ထင်က မထီမဲ့မြင်မျက်နှာပေးဖြင့် ကျွန်တော်လည်း မသောက်ဘူး၊ ကျွန်တော်က ကိုယ်ဝန်ဆောင်ဖို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်၊ အစ်ကိုကပဲ ကျွန်တော့်ကို ငဲ့ညှာပေးလိုက်ပါ

တစ်ဖက်လူမှာ တစ်ခဏနင်သွားရသည်။ 

ဤတွင် ရှောင်းလန့်က ကျုယန့်ထင်လက်ကို ဆုပ်ကိုင်လိုက်ပြီး ဝင်ပြောရတော့သည် ကျွန်တော် သောက်တာပေါ့

ကျုယန့်ထင်ဘာမှထပ်မပြောနိုင်ခင်မှာပဲ သူက ခွက်ထဲကသေရည်ကို မော့ချလိုက်ပြီး ခွက်မှောက်ပြလိုက်သည်။ လေလိုအလျင်နှုန်းနှင့်မြန်သည်။

တစ်ဖက်မှာတော့ သေရည်လာတိုက်သည့်လူမှာ ဘာပြောရမှန်း မသိတော့ဘဲ ခွတီးခွကျပြုံးကာ သူတို့ကိုထားခဲ့ပြီး ထွက်သွားတော့သည်။ 

ထိုလူထွက်သွားမှ ကျုယန့်ထင်က ရှောင်းလန့်ကိုကြည့်ပြီး မျက်မှောင်ကျုံ့လိုက်သည် 

သူသောက်ခိုင်းရင် သောက်လိုက်မှာပဲလား၊ သူက ဘာမို့လို့လဲ၊ မငြင်းတတ်ဘူးလား

ရှောင်းလန့်က သူ့လက်ဖမိုးကို အုပ်ကိုင်လိုက်ပြီး သူတို့အကုန်လုံးက မင်းမိသားစုဝင်တွေလေ၊ ကိုယ်က မင်းကို မျက်နှာသာမပေးလို့ ဘယ်ဖြစ်ပါ့မလဲ၊ မဟုတ်ရင် မင်းကိုလျစ်လျုရှုခံရတယ်ဆိုပြီး သူတို့ကထင်သွားကြမှာပေါ့

ကျုယန့်ထင် ဆွံ့အသွားရသည်ပင်။ ခဏလောက်ရပ်သွားပြီးမှ သူက တိုးတိုးလေးပြောလိုက်သည် ဘယ်သူက မျက်နှာသာပေးတာ လိုချင်လို့လဲ၊ ကျွန်တော် သူတို့ကိုဂရုမစိုက်ပါဘူး၊ ကျွန်တော်ဂရုစိုက်တာ ခင်ဗျားတစ်ယောက်တည်း

ရှောင်းလန့်၏မျက်လုံးတွေထဲ အပြုံးတစ်ခုတောက်ပသွားပြီး သူက သူ့လက်ဖမိုးပေါ်ကို နောက်တစ်ခါ ပုတ်ပေးလိုက်သည်။ 

ညနေစောင်းမှာတော့ သူတို့နှစ်ဦးက မင်းသားဟွိုင်အိမ်တော်က လူတွေအကုန်လုံးကို နှုတ်ဆက်ပြီး မြင်းလှည်းပေါ်တက်ကာ အိမ်ပြန်လာခဲ့ကြသည်။

မြင်းလှည်းထဲဝင်ပြီးနောက်တွင် ကျုယန့်ထင်က ရှောင်းလန့်ကို မိမိပုခုံးပေါ်မှီခိုင်းထားကာ မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးနေသည်။

ရှောင်းလန့်က သူ့လက်ကိုဆွဲပြီး သာသာလေးခေါ်လိုက်သည် ယန့်ထင်…”

ဟင်” ကျုယန့်ထင်က ပြန်ထူး၏ မူးနေပြီလား

မမူးဘူး

ကျုယန့်ထင်မှာ ကူကယ်ရာမဲ့သွားပြီပင် မူးလာတိုင်း မမူးဘူးချည်းပဲပြောတယ်

ယန့်ထင်..... မင်းမိသားစုကလူတွေကို မကြိုက်ဘူးလား

မကြိုက်ဘူး” ကျုယန့်ထင်က ဘွင်းဘွင်းရှင်းရှင်းပါပင်။

ဘာလို့လဲ

သူက မထီမဲ့မြင်ဖြင့် သူတို့တွေလား မိသားစု..၊ ကျွန်တော်အပိတ်ခံရပြီး အစ်ကိုတော် ရိုက်ခံရတုန်းက ဘယ်သူမှ ကျွန်တော်တို့အတွက် ပြောပေးခဲ့ကြတာမဟုတ်ဘူး၊ အကုန်လုံးက မင်းသမီးအသစ်ကိုပဲ ဝိုင်းဝန်းမြှောက်ပင့်နေကြတာ၊ နောက်ပိုင်း ကျွန်တော်အဆိပ်ခတ်ခံရပြီး ကျန်းမာရေးက ပိုပိုဆိုးလာတယ်၊ နောက်ဆုံး ကျွန်တော်မရတော့တာကိုမြင်တော့ အစ်ကိုတော်က မတတ်သာတော့ဘဲ မင်းသားချင်ဆီခိုးသွားပြီး အကူအညီတောင်းရတော့တာ၊ မင်းသားချင်က မြို့တော်ကမင်းသားတွေကြားမှာ အကြီးဆုံး၊ မျိုးနွယ်စုရေးရာရုံးတော်က အကြီးအကဲ၊ သူက အစ်ကိုတော်ကို နန်းတွင်းထဲ အရှင်မင်းကြီးဆီခေါ်သွားပြီး မင်းသားဟွိုင်အိမ်တော်က အပုတ်အပွတွေအကုန်လုံးကို လျှောက်တင်လိုက်တယ်၊ အဲဒိတော့မှ အရှင်မင်းကြီးက အမိန့်ထုတ်ပြီး မင်းသားဟွိုင်အိမ်တော်ကို သမားတော်လွှတ်လိုက်မှ ကျွန်တော်က အဲ့ဒိခြံဝင်းထဲကနေ ထွက်လာနိုင်တာ၊ ကျွန်တော့်မိထွေးလည်း နောက်ဆုံးမှ ဝဋ်လည်ပြီး ဘုရားခန်းမဆောင်ကိုပို့ခံလိုက်ရတယ်၊ နောက်တော့ အဲ့ထဲမှာပဲနေမကောင်းဖြစ်ပြီး သေသွားရော

ကျုယန့်ထင်က ရယ်လိုက်ပြီး ဆက်ပြောပြန်သည်

ဒီကိစ္စက ပြောရရင်လည်း ကျော်မကောင်းကြားမကောင်းတဲ့ မိသားစုအရှုပ်တော်ပုံမလား၊ ဒီလိုမကောင်းတဲ့မိန်းမက ချင်းဝမ်အိမ်တော်မှာ ကြီးစိုးနေပြီး အဖေက သူ့ကိုသနားနေသေးတာ၊ အရှင်မင်းကြီးကတောင်မှ ရှက်စရာကောင်းတယ်ဆိုပြီး အဖေ့ဘွဲ့ကို ရုတ်သိမ်းလိုက်မလို့၊ မင်းသားချင်နားချမှ လွှတ်ပေးလိုက်တာ၊ ဒီသေးသေးမွှားမွှားကိစ္စလေးတွေက တော်ဝင်မိသားစုမျက်နှာကို ထိခိုက်စေတယ်လေ၊ အရှင်မင်းကြီးက အပြင်ဘက်ဆီမပေါက်ကြားအောင် တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ပြီး တားမြစ်ခဲ့လို့ အပြင်လူတွေက မင်းသားဟွိုင်အိမ်တော်ကအဖြစ်ကို ဟာသတစ်ပုဒ်လိုပဲသိကြတာ၊ အတွင်းထဲက ဒီ့ထက်ဆိုးတာတွေကို သူတို့မသိကြဘူး၊ နောက်ပိုင်းတော့ အဲ့ဒိမိန်းမမွေးတဲ့ကလေးက ရေထဲပြုတ်ကျပြီးသေသွားတယ်၊ အဲ့ဒိမိန်းမက နေမကောင်းဖြစ်ပြီး သေသွားတယ်၊ အဖေက အဲ့ဒိစိတ်နဲ့ပဲ နေမကောင်းဖြစ်ပြီး နှစ်နှစ်မကြာဘူး ဆုံးပါးသွားတယ်၊ နောက်တော့ အစ်ကိုတော်က အမွေဆက်ခံလိုက်တယ်

ရှောင်းလန့်က ကျုယန့်ထင်ပုခုံးပေါ်မှီနေဆဲ မျက်လုံးတွေက ဖွင့်လိုက်ပိတ်လိုက်ဖြင့် လက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲဖြစ်သည် 

မရတော့တာကိုမြင်တယ် ဆိုတာက ဘာကိုပြောချင်တာလဲ” 

ကျုယန့်ထင်မှာ ကြောင်အသွားပြီးမှ သူတစ်ခုခုမှားပြောလိုက်ပြီးမှန်း သိသွား၏။ ထို့ကြောင့် ပျာပျာသလဲလဲဖြင့်

မဟုတ်ပါဘူး၊ တကယ်ဘာမှမဖြစ်ဘူး၊ အရှင်မင်းကြီးက ကျွန်တော့်အတွက် သမားတော်လွှတ်ပေးလိုက်တယ်၊ နောက်တော့ သမားတော်ကပဲ ကျွန်တော့်ကျန်းမာရေးကို ဆက်ကုပေးခဲ့တယ်၊ အဆိပ်က အစောကြီးကတည်းက ရှင်းသွားပြီ၊ အခုက ကျွန်တော်က အအေးမခံနိုင်တာလေး တစ်ခုပဲ၊ တခြားဘာမှ မဖြစ်တော့ဘူး၊ ခင်ဗျား စိတ်ပူစရာမလိုတော့ဘူး

ရှောင်းလန့်က တည့်တည့်မတ်မတ် ပြန်ထိုင်သည်။ ကျုယန့်ထင်ကို ကြည့်နေရင်းမှာ သူ့မျက်လုံးထဲ အမည်တပ်ရခက်သည့်ခံစားချက်တွေ ပြင်းထန်နေပုံပေါ်သည်။

ကျုယန့်ထင်မှာ ဘာကိုနှစ်သိမ့်ပေးရမှန်းမသိတော့ဘဲ မရေမရာဖြစ်သွားသည့်အခိုက် နောက်ခဏမှာပဲ သူက ရှောင်းလန့်လက်မောင်းထဲ အတင်းဆွဲဖက်ခံလိုက်ရပြီး ခန္ဓာကိုယ်ကို အတင်းပွတ်သပ်ခံလိုက်ရလေသည်။ 

ရှောင်းလန့်၏လည်ဇလုတ်မှာ အထက်အောက်ရွေ့နေပြီး သူက နားနားကပ်ကာ ပြောလာသည် 

ကိုယ် ဘာလို့ မင်းနဲ့ စောစောမသိကျွမ်းခဲ့လဲ…”

ကျုယန့်ထင်က အသာပြုံးလိုက်ကာ ခင်ဗျားက တခြားတစ်ယောက်နဲ့ အမိဝမ်းထဲက စေ့စပ်ထားတယ်၊ အဲ့ဒိတုန်းက ကျွန်တော် ခင်ဗျားကို အိမ်တော်ဖိတ်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက် အဲ့ဒိကတည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြမှာပဲ၊ ကျွန်တော်က ခင်ဗျားကိုကြိုက်တော့ ခင်ဗျားက ကျွန်တော့်အတွက် စေ့စပ်ပွဲကိုဖျက်သိမ်းပေးမှာလား

ရှောင်းလန့်၏အသက်ရှူသံတွေက အတန်ငယ်ကြမ်းတမ်းလာခဲ့သည်။ သူဘာမှမပြောနိုင်ခင်မှာပဲ ကျုယန့်ထင်က ခေါင်းယမ်းပြီး ပြောလိုက်ပြန်သည်။

လုပ်မှာမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ဝမ်းကွဲအစ်ကိုက ဖြောင့်မတ်မှန်ကန်တဲ့ လူကြီးလူကောင်းတစ်ယောက်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်တဲ့အလုပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး၊ ကျွန်တော်သဘောအကျဆုံးကလည်း ဒီအချက်ပဲလေ၊ ကျွန်တော်တို့ အခုမှသိကျွမ်းကြတာ ကောင်းပါတယ်၊ အနည်းဆုံးတော့ အတိတ်မှာ ကျွန်တော့်အတွက် ဝမ်းနည်းမနေရတော့ဘူးပေါ့

ပြောမထွက်နိုင်သည့်နာကျင်မှုများက သူ့နှလုံးသားထဲဆန်တက်လာခဲ့ပြီးမှာ ရှောင်းလန့်က ဘာဆိုဘာမှ ဆက်မပြောနိုင်ခဲ့ပေ။ 

သူက ခေါင်းကိုငုံ့ပြီး ကျုယန့်ထင်၏နှုတ်ခမ်းတွေကိုသာ အကြမ်းပတမ်းငုံထွေးလိုက်လေ၏။

.......