အခန်း(၁၀၀)
Viewers 7k

အခန်း(၁၀၀) - ကိုယ့်ဘဝကိုယ် သံသယဝင်ရတဲ့အထိ အနိုင်ယူပစ်မယ်

 

သူတို့နှစ်ယောက်က ထိုင်ကာ ကျားကွက်ကစားခဲ့ကြသည်။

 

ပိုင်ရွှီလည်း ကျားကွက်ကစားနည်းကို သိသည်။ သူ့ရဲ့ ကစားစွမ်းရည်က အသင့်အတင့်ရှိသည်ဟု ယူဆထားတာကြောင့် သူက အနားကို တိုးကပ်ကာ ကြည့်ရှုခဲ့သည်။

 

သူက ကြည့်နေရင်းမှ စိတ်မကောင်းဖြစ်သလို ခံစားခဲ့ရသည်။

 

တကယ်တော့ ဒီနှစ်ယောက်ရဲ့ ကျားကွက်ကစားစွမ်းရည်က သူ မယှဥ်နိုင်သည့် အဆင့်ဖြစ်ကာ သူ့ကို တစ်ချက်တည်းဖြင့် တောက်ချနိုင်သည်။

 

မော့ချင်းလင်က မင်းစိုးရာဇာမိသားစုမှာ မွေးဖွားလာသူဖြစ်ပြီး သူ့ထက် အသက်ကြီးသည်။

 

သူ့ထက် ပိုတော်တာက ဖြစ်သင့်သည်။

 

သို့ပေမယ့် ရှောင်ဟန်ကျန့်ရဲ့ ကျားကွက်ကစားစွမ်းရည်က ထူးချွန်ပြီး မော့ချင်းလင်ထက်ပင် အနည်းငယ် သာလွန်နေတာကြောင့် သူ့မှာ အံသြထိတ်လန့်ခဲ့ရသည်။

 

ရှစ်ချင်းလျို့ကလည်း သူတို့နှစ်ယောက် ကျားကွက်ကစားနေတာကို အာရုံစိုက်ကြည့်နေတာမြင်တော့ သူက မေးလိုက်သည်။ "မင်းက နားလည်လို့လား။"

 

ထိုစကားကိုကြားတော့ ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "နားလည်ရုံတင်မကဘူး ကစားလည်း ကစားတတ်တယ်၊ သူတို့ပြိုင်ပြီးရင် ကျွန်မတို့ ပြိုင်ကြမလား။"

 

ဒီကောင်စုတ်လေးက သူ့ကို အထင်သေးနေတာလား။

 

မော့ချင်းလင်နှင့် ရှောင်ဟန်ကျန့်ရဲ့ စွမ်းရည်က သူ့ကို ထိတ်လန့်စေခဲ့သည်။

 

သူ့ရဲ့တည်ရှိမှုကို ဖော်ပြဖို့ အကြောင်းရှာနေတဲ့အချိန်မှာပဲ ရှစ်ချင်းလျို့က အချိန်ကိုက် တံခါးလာခေါက်တာပဲ။ "ရတာပေါ့။"

 

အချိန်အကြာကြီးစောင့်ပြီးနောက် မော့ချင်းလင်နှင့် ရှောင်ဟန်ကျန့်က ကစားလို့ ပြီးသွားခဲ့သည်။

 

ရှောင်ဟန်ကျန့် နိုင်သွားခဲ့ပြီး မော့ချင်းလင်က အလွန်အံ့သြနေခဲ့သည်။

 

ရှောင်ဟန်ကျန့်ရဲ့ ကျားကွက် ကစားစွမ်းရည်က ဒီလောက် ထူးချွန်ပြောင်မြောက်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

ဒါတောင် ရှောင်ဟန်ကျန့်က သူ့အတိတ်ဘဝက ကျားကွက်စွမ်းရည်ကို တစ်ဝက်ပဲ ထုတ်ပြခဲ့တာ သူ မသိသေးပေ။

 

နန်ရှီမြို့မှာ ဒီလောက်ကျွမ်းကျင်သည့် ပြိုင်ဘက်ကိုတွေ့ဖို့ မော့ချင်းလင်အတွက် ရှားပါးတာကြောင့် သူက နောက်တစ်ပွဲ ထပ်ကစားချင်သေးသည်။

 

သို့ပေမယ့်လည်း စောနက ပိုင်ရွှီနှင့် ရှစ်ချင်းလျို့ ပြောနေသည့်စကားကို သူကြားခဲ့သည်။

 

ရှစ်ချင်းလျို့ရဲ့ ကျားကွက်စွမ်းရည်ကိုလည်း သူသိချင်သေးသည်။

 

ထို့ကြောင့် သူက နေရာကဖယ်ပေးခဲ့သည်။ "ရော့ ဒီတစ်ခါ မင်းတို့ နှစ်ယောက် ကစားလေ။"

 

ပိုင်ရွှီနှင့် ရှစ်ချင်းလျို့က ပွဲကြည့်ပရိသတ်ပဲ မလုပ်ပေ။ သူတို့က ထိုင်ပြီး စတင်ကစားခဲ့ကြသည်။

 

အစတုန်းကတော့ ပိုင်ရွှီက တည်ငြိမ်ပြီး ဘဝင်မြင့်နေပေမယ့် သို့ပေမယ့် ကစားလေလေ ပိုပြီး ချီတုံချတုံ ဖြစ်လာခဲ့လေသည်။

 

ရလဒ်က ကိုယ့်ကိုယ်ကိုယ် သိနေသည်။ ပိုင်ရွှီက သူ့ယုံကြည်ချက်တွေကို သံသယဝင်ခဲ့သည်။

 

သူ့ရဲ့ ကျားကွက်စွမ်းရည်က မော့ချင်းလင်နဲ့ ရှောင်ဟန်ကျန့်ကို မယှဥ်နိုင်တာ ထားပြီး ရွာသူတစ်ယောက်ကိုတောင် မယှဥ်နိုင်ဘူးလား။

 

ဘာမှအသုံးမကျသည့်လူဟု ခံစားနေရသည်။ "မင်းရဲ့ ကျားကွက်စွမ်းရည်က တကယ်ကောင်းတာပဲ။"

 

ရှစ်ချင်းချို့က ဂုဏ်ယူစွာ မေးပင့်ခဲ့သည်။ "ဒါပေါ့၊ တခြားလူရှေ့မှာဆိုရင် ဒီလိုမပြောရဲပေမယ့် ရှင့်ရှေ့မှာတော့ သေချာပေါက် ပြောရဲတယ်။"

 

ဟိုးတုန်းက ကျားကွက်ကစားတဲ့အခါ ရှုံးနိမ့်ကာ ငိုခဲ့ရသည်။

 

နောက်ပိုင်းတော့ ဒီနေ့လို အောင်မြင်မှုရအောင် ကျားကွက်စွမ်းရည်ကို သူမ အပြင်းအထန် လေ့ကျင့်ခဲ့လေသည်။

 

ပိုင်စုတ်လေးက သူမကို အထင်သေးနေမှတော့ ခွက်ခွက်လှန်အောင် ရှုံးပြီး ငိုသွားအောင် အနိုင်ယူပြမယ်။

 

ပိုင်ရွှီက ဆွံ့အသွားပြီး နှလုံးတုန်နေသည်။

 

မော့ချင်းလင်က ထပ်အံ့သြခဲ့ရပြန်သည်။

 

ရှစ်ချင်းလျို့ရဲ့ ကျားကွက်ကစားစွမ်းရည်က သာမာန်ထက် ပိုကောင်းလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

သူမက ရှောင်ဟန်ကျန့်နှင့် လက်ထပ်ထားတာ မကြာသေးပေ။

 

ကျားကွက်ကစားနည်းကို ဆရာတစ်ဆူဖြစ်အောင် အချိန်တိုအတွင်း လေ့ကျင့်သင်ကြားပေးလို့ မရတာ သေချာသည်။

 

သူမက တာအိုဘုန်းကြီးကျောင်းမှာ သင်ယူခဲ့တာပဲ ဖြစ်ရမည်။

 

သူက မစောင့်နိုင်စွာ မေးခဲ့သည်။ "အမျိုးသမီးရှောင် ကျုပ်တို့ တစ်ပွဲလောက် ကစားမလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ရတာပေါ့။"

 

ရှေးခေတ်က ကျားကွက်လူကြီးမင်းနှင့်လည်း သူမ ယှဥ်ပြိုင်ကြည့်ချင်သည်။

 

သူမရဲ့ခင်ပွန်းကိုတော့ လုံးဝအနိုင်မယူနိုင်သည့် ကံကြမ္မာကိုတော့ သူမ လက်ခံထားပြီးပြီဖြစ်သည်။

 

မော့ချင်းလင်နှင့် ကျားကွက်ကစားသည့်အချိန်မှာ ပြိုင်ပွဲက ပြင်းထန်ခဲ့သည်။

 

အချိန်အကြာကြီး ကစားပြီးနောက် ပြိုင်ပွဲက အနိုင်အရှုံး မပေါ်ခဲ့ပေ။

 

ရှစ်ချင်းလျို့အပေါ်ထားသည့် မော့ချင်းလင်ရဲ့ အမြင်က ပိုးတိုးတက်လာခဲ့သည်။

 

ကျားကွက် ကစားခြင်းက လူ့ရဲ့စိတ်ကို ပေါ်လွင်စေသည်။

 

ထိုအမျိုးသမီးက မျှမျှတတနှင့် စိတ်နှစ်ကာ ကစားကြောင်း သူ သိသည်။

 

သူမရဲ့ ကျားကွက် ကစားနည်းထဲမှာ တိုက်ကွက်တွေ ပါဝင်သည်။

 

"ရှောင်လင်မယားက ကျားကွက်ကစားတာ တော်သားပဲ၊ မင်းတို့နှစ်ယောက်လုံးကို လေးစားအားကျမိပါတယ်။"

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "လူကြီးမင်းက မြှောက်ပင့်လွန်းနေပါပြီ။"

 

ထို့နောက် မော့ချင်းလင်နှင့် ရှောင်ဟန်ကျန့်က ဒုတိယ တစ်ပွဲ ထပ်နွှဲခဲ့သည်။

 

ပိုင်ရွှီကတော့ ချောင်ကပ်ကာ အသံတိတ်နေခဲ့သည်။

 

ရှစ်ချင်းလျို့က ညနေ နေဝင်တော့မှာကိုတွေ့လိုက်တာကြောင့် ရှောင်ပိုင်လီကိုခေါ်ကာ မီးဖိုချောင်ထဲ ဝင်သွားပြီး ပြင်ဆင်ခဲ့သည်။

 

အမေရှောင်ရဲ့ အသားခုတ်စွမ်းရည်က အရမ်းကောင်းကာ သိုးသားတွေကို ပါးပါးလေး လှီးခဲ့သည်။

 

သူတို့က ဟင်းသီးဟင်းရွက်ကို ပြုတ်စားမှာဖြစ်တာကြောင့် ရေဆေးချလိုက်ရင် အရသာရှိတော့မည်မဟုတ်ပေ။

 

ရှစ်ချင်းလျို့ အပြင်မထွက်ခင်တုန်းက ရှောင်ပိုင်လီကို ကြက်သားစွပ်ပြုတ် ပြုတ်ခိုင်းခဲ့သည်။

 

စွပ်ပြုတ်ထဲကို ကြက်သွန်နီ၊ ချင်း၊ တရုတ်ဆီးသီးတွေနှင့် စီရင်စုမှာ ရသည့် ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်သွင်းခဲ့သည်။

 

မှိုခြောက်ပန်းခြောက်တွေပါ ရောထည့်ခဲ့တာကြောင့် အရသာ အလွန်ရှိနေသည်။

 

ရှစ်ချင်းလျို့က ဟင်းခတ်အမွှေးအကြိုင်တွေ ပြင်ဆင်ခဲ့သည်။

 

နှမ်းဆော့စ်ထဲကို ပဲအချဥ်ဖောက် ဒိန်ခဲနှင့် ပဲပိစပ်မှ လုပ်ထားသည့် ဆော့စ်တွေ ရောထည့်ခဲ့သည်။

 

ပဲပိစပ်ဆော့စ်နှင့် အသားနုတ်နုတ်စဥ်း အနှစ်ကိုလည်း မွှေကြော်ခဲ့သည်။

 

အေးစိမ့်စိမ့်ဖြစ်မနေတာက နှမြောဖို့ကောင်းလှသည်။ မဟုတ်ပါက ပိုအရသာရှိမည်ဖြစ်သည်။

 

ညစာစားချိန်ကျတော့ ခြံထဲမှာ သင်းပျံ့မွှေးကြိုင်နေခဲ့သည်။

 

ရှစ်ချင်းလျို့က ညစာစားသည့်နေရာမှာ ရေခဲဇလုံချခဲ့သည်။

 

အခု အခန်းက မပူတော့ပေ။

 

မော့ချင်းလင်နှင့် ရှောင်ဟန်ကျန့် ကစားပြီးသွားတော့ သူမက အော်လိုက်သည်။ "စားလို့ရပြီ။"

 

ပြန်ဖို့ပြင်နေသည့် ပိုင်ရွှီက ဆော့စ်ကို နောက်ထပ် စားသောက်နည်းတစ်မျိုးရှိနေတာကိုကြားတော့ မပြန်တော့ဘဲ ဂုန်းဆင်းဖို့ နေခဲ့လိုက်လေသည်။

 

သူတို့က လက်တွေဆေးပြီး စားပွဲမှာ ထိုင်လိုက်တော့ စားပွဲအလယ်က အိုးက ထူးဆန်းနေတာကို တွေ့လိုက်လေသည်။

 

အဓိကအချက်က အိုးကို မီးဖိုပေါ် တင်စရာ မလိုတာ ဖြစ်သည်။

 

အိုးကို မီးသွေးဖြင့် အပူပေးထားခဲ့သည်။

 

စားပွဲပေါ်မှာလည်း သိုးသား၊ ဝက်သား၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်တွေ အများကြီး ရှိသည်။

 

ရှစ်ချင်းလျို့က ဆော့စ်မျိုးစုံပါသည့် သစ်သားလင်ဗန်းကို ယူဝင်လာခဲ့သည်။

 

"ဒါက နှမ်းဆော့စ်လေ၊ သိုးသားနဲ့ တွဲစားလို့ကောင်းတယ်၊ ဒါက ပဲဆော့စ်၊ ဒါက ပဲပိစပ်ဆော့စ်၊ ဒါက အသားနှစ်ဆော့စ်၊ ကြိုက်တာ စားကြပါ။"

 

သူမ ယူလာသည့် ဆော့စ်တွေက လူတိုင်း စိတ်ကြိုက်စားသောက်ဖို့ လုံလောက်သည်။

 

ရှစ်ချင်းလျို့ကလွဲရင် ဤကဲ့သို့ ဘယ်သူမှ မစားဖူးခဲ့ပေ။

 

မော့ချင်းလင်က ပြုံးကာ ပြောခဲ့သည်။ "သိုးသားပြုတ်စားတဲ့အခါမှာ တွဲဖက်စားသုံးဖို့ ဒီလောက်ဆော့စ်တွေ အများကြီးရှိမယ်မှန်း မသိခဲ့ဘူး၊ ဒီနေ့ပဲ မြည်းစမ်းလိုက်ရအောင်။"

 

ပိုင်ရွှီကလည်း စိတ်ဝင်စားနေခဲ့သည်။ "ဒီလိုပုံစံ အခုမှ တွေ့ဖူးတာပဲ။"

 

သူက စီးပွားရေးအကွက်လည်း မြင်ခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူတို့ ပိုင်မိသားစုက စီးပွားရေးကို စားသောက်ဆိုင်က စတင်ခဲ့ခြင်း ဖြစ်သည်။

 

အမေရှောင်နှင့်ရှောင်ပိုင်လီက လာမစားခဲ့ပေ။ ထိုအစား မီးဖိုချောင်ထဲမှာသာ မီးဖိုဖြင့် ပြုလုပ်စားသောက်ကြလေသည်။

 

အဓိက အကြောင်းအရင်းက သံသယတွေကို ရှောင်ရှားချင်လို့ ဖြစ်သည်။ ရှောင်ပိုင်လီက မစေ့စပ်ရသေးသည့် အပျိုလေး ဖြစ်၏။

 

ရှစ်ချင်းလျို့က နေခဲ့သည်။ တာ့လျန်ရဲ့ အမျိုးသားနှင့် အမျိုးသမီးတွေက စိတ်ထဲ သိပ်မထားပေ။ အမျိုးသမီးတွေက အမျိုးသားတွေနှင့် စားပွဲတစ်ခုထဲမှာ အတူတူ မစား‌သောက်ရဘူးဟူသော စည်းမျဥ်းလည်း မရှိပေ။

 

သူမက လက်ထပ်ပြီးသားဖြစ်ကာ သူမ ခင်ပွန်းကလည်း ဘေးမှာ ရှိနေတာကြောင့် သံသယဝင်ခံစရာ အကြောင်းမရှိပေ။

 

တကယ်လို့ ရှောင်ဟန်ကျန့် မရှိရင်တော့ တခြားယောက်ျားလေးတွေနှင့် အတူတူထိုင်ဖို့ မသင့်လျော်ပေ။

 

ရှစ်ချင်းလျို့က မော်ဒန်ခေတ်က လူဆိုသော်လည်း ဒီကိစ္စကိုတော့ သတိထားရသည်။

 

သူမက ကွဲပြားသည့်လူဆိုပြီး သူများတွေကို မထင်စေချင်ပေ။

 

ဒါ့အပြင် သူစိမ်းယောက်ျားလေးတွေနှင့် အကွာအဝေးတစ်ခုခြားနေတာဟာလည်း အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြုလုပ်သင့်သည့် အရာ ဖြစ်သည်။

 

ဒါက သူမခင်ပွန်းကို လေးစားရာလည်းရောက်‌ပေသည်။

 

တခြားယောက်ျားလေးတွေနှင့် သူမ တစ်ယောက်တည်း သွားလာမစားသောက်ပေ။ တကယ်လို့ သူမခင်ပွန်းက တခြားမိန်းမနှင့် သွားလာစားသောက်ပါက သေချာပေါက် မောင်းထုတ်ပစ်မည်။

 

စစချင်းစားတော့ သူတို့က တစ်မျိုးကြီးဖြစ်နေသည်။ ဒီလိုပြုတ်ကာ တို့စားရသည်ကို သူတို့အရင်က မစားဖူးပေ။

 

သို့ပေမယ့် အနည်းငယ် စားပြီးသည့်နောက်မှာတော့ အဆင်ပြေသွားခဲ့သည်။

 

ဒါက စားသောက်ပုံ အသစ်ဖြစ်ရုံသာမက အရသာလည်းရှိသည်။ လူတွေကိုလည်း တစ်ယောက်နှင့် တစ်ယောက် ပိုနီးကပ်စေခဲ့သည်။

 

အထူးသဖြင့် အသားပြုတ်ကို ရှစ်ချင်းလျို့ လုပ်ထားသည့် ဆော့စ်နှင့် တို့စားရတာ အလွန်အရသာရှိသည်။

 

ပူအိုက်နေသည့် ရာသီမှာ သူတို့က ပူပူလောင်လောင် ဟော့ပေါ့စားကာ မက်မန်းချည်အအေးကို သောက်ခဲ့ကြသည်။

 

အလွန်သက်သောင့်သက်သာရှိကြောင်း ခံစားခဲ့ရသည်။

 

မော့ချင်းလင်တောင် မင်းစိုးရာဇာ မိသားစုရဲ့ သခင်လေးဆိုသည့် ဂုဏ်ကိုဖယ်ကာ တူဖြင့် အသားတွေယူကာ အိုးထဲ ထည့်ပြုတ်ခဲ့သည်။

 

သူက နှမ်းဆော့စ်ကို အကြိုက်ဆုံးဖြစ်ပြီးမှ တို့ဟူးကနေ ပြုလုပ်ထားသည့် ပဲဆော့စ်ကို ကြိုက်နှစ်သက်သည်။

 

ပိုင်ရွှီက တို့ဟူးကနေ ပြုလုပ်ထားသည့် ပဲဆော့စ်ကို အကြိုက်ဆုံးဖြစ်ပြီးမှ နှမ်းဆော့စ်ကို ကြိုက်သည်။

 

သူတို့ စားသောက်ပြီးနောက် ရှောင်ဟန်ကျန့်က ကုန်းဖူလက်ဖက်ရည်ကို ကျိုချက်ဧည့်ခံပြီး အဆိပ်အတောက်ဖြေစေခဲ့သည်။

 

ခဏလောက်နားပြီးနောက် ရှစ်ချင်းလျို့က လူတိုင်းကို နှမ်းနက်အနှစ်တစ်ပန်းကန်ဖြင့် လူတိုင်းကို ဧည့်ခံခဲ့သည်။

 

"ဒီနှမ်းဆော့စ်နဲ့ နှမ်းအနှစ်ကို ဘယ်လိုထင်လဲ။"

 

မော့ချင်းလင်က ဗိုက်ပြည့်နေသော်လည်း မြည်းခဲ့သေးသည်။ "အရမ်းကောင်းတယ်။"

 

သူက ရိုးသားစွာ ပြောခဲ့သည်။ "အကယ်၍ နန်ရှီမြို့သာ နှမ်းဆော့စ်၊ နှမ်းအနှစ်၊ နှမ်းဆီတွေကို ထုတ်လုပ်နိုင်ရင် လူတွေကို ခေါ်လာပြီး အရင်ဆုံး အမျိုးသမီးရှောင်ကို ကျေးဇူးတင်ခိုင်းမယ်။"

 

ဒါက နန်ရှီမြို့မှာ စားဖူးသမျှထဲက အကောင်းဆုံးအစားအစာဖြစ်ပြီး မြို့တော်က အစားအသောက်တွေတောင် ဟော့ပေါ့လောက် စားမကောင်းပေ။

 

စာသင်သားရှောင်ရဲ့ ဇနီးက တကယ်လုပ်နိုင်စွမ်းရှိတာပဲ။