Chapter 101
Viewers 15k

💮Chapter 101


 

လပေါင်းများစွာ ကြာသည့်တိုင် စာရွက်ပေါ်ရှိ ရှစ်ယဲ့၏ လက်ရေးမှာ ထင်ရှားနေဆဲဖြစ်သည်။

 

ဝမ်ချီက စာရွက်အား အတန်ကြာ စိုက်ကြည့်နေမိ၏။ ထို့နောက် ၎င်းကိုခေါက်သိမ်းကာ ကိုယ်နှင့်ခဏကပ်ထားလိုက်ပြီး ဗီရိုအတွင်းရှိ သစ်သားသေတ္တာထဲသို့ ထည့်လိုက်၏။

 

သူ တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် ကျောကျစ်အား တွေ့လိုက်ရသည်။

 

ဝမ်ချီက မေးလိုက်၏။

“ကျောကျစ် … ချန်မိသားစုအိမ်ကို ဘယ်လိုသွားရမလဲ သိလား …”

 

ကျောကျစ်က ခဏတွေးကာ ခေါင်းညိတ်လိုက်၏။

“ဒီအစေခံသိပါတယ် …”

 

နာရီဝက်အကြာ၌ …

 

ဝမ်ချီနှင့် ကျောကျစ်တို့က ချန်မိသားစုနေအိမ်သို့ ရထားလုံးဖြင့် သွားရောက်ခဲ့ကြသည်။

 

ချန်မိသားစုနေအိမ်က ကျင်းကျိုးရှိ လူအစည်ကားဆုံးနေရာ၌ တည်ရှိ၏။ အိမ်ပိုင်ရှင်က ရှစ်ယဲ့၏စာထဲတွင် ပါသည့်အတိုင်း ချန်ဝူဖြစ်သည်။

 

အစေခံက ဝမ်ချီအား ပင်မခန်းဆောင်သို့ လမ်းပြခေါ်သွားလိုက်သည်။ ခဏကြာစောင့်ဆိုင်းပြီးသည့်နောက် အိမ်တွင်းမှ အလျင်စလိုခြေသံများကို သူကြားလိုက်ရ၏။

 

ဝမ်ချီ လှည့်ကြည့်လိုက်ချိန်တွင် နှုတ်ခမ်းမွှေးစစနှင့် သက်လတ်ပိုင်း လူတစ်ဦးကို တွေ့လိုက်ရသည်။ အဆိုပါလူက ဝမ်ချီ့ထံသို့ လျှောက်လာကာ လက်သီးဆုပ် အရိုအသေပြုလိုက်၏။

“ကျွန်တော်က ချန်ဝူပါ … သခင်လေးဝမ်လားမသိဘူး …”

 

ဝမ်ချီအမြန်ထရပ်ကာ ယဉ်ကျေးစွာဆို၏။

”ဟုတ်ပါတယ် …”

 

ထိုသို့ပြောပြီးသည်နှင့် သူက ရှစ်ယဲ့၏ လက်ရေးစာကို ထုတ်ယူကာ ချန်ဝူထံ ကမ်းပေးလိုက်သည်။

 

ချန်ဝူက စာရွက်ကိုယူကာ အမြန်ကြည့်လိုက်ပြီး လုံးချေလိုက်၏။ သူ လက်ပြန်ဖြန့်လိုက်ချိန်၌ အဆိုပါ စာရွက်က စက္ကူစုတ်တစ်ခုသာ ဖြစ်သွားလေသည်။

 

ဝမ်ချီ၏ အဆင့်အတန်းကို အတည်ပြုပြီးသည့်နောက် ချန်ဝူက မည်သည်ကိုမှ ဆက်လက်မမေးတော့ပေ။

“အရှင့်သားက ဝမ်သခင်လေးအတွက် ထားခဲ့တာ ရှိပါတယ် … ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ …”

 

ဝမ်ချီက ခေါင်းညိတ်ကာ ချန်ဝူအနောက်မှ လိုက်လာခဲ့သည်။ သူတို့က ကျဉ်းမြောင်းသောစင်္ကြန်အား ဖြတ်သန်းပြီးနောက် ဆိတ်ငြိမ်သောအိမ်တစ်လုံးကို တွေ့လိုက်ရ၏။

 

ကျောကျစ်က အိမ်တွင်းသို့ဝင်ရန် မရည်ရွယ်ခဲ့ချေ။ သူမက အပြင်ဘက်တွင်သာ စောင့်ကျန်ခဲ့သည်။

 

ဝမ်ချီက အိမ်ထဲသို့ဝင်လိုက်သည့်နောက် စာအုပ်စင်များ အပြည့်ရှိသည့် စာကြည့်ခန်းနှင့်တူသော အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။

 

ချန်ဝူက အတွင်းခန်းသို့ ဆက်လျှောက်သွား၏။ သူပြန်ထွက်လာချိန်၌ ပစ္စည်းအတော်များများကို လက်ဖြင့်သယ်လာခဲ့သည်။ သူက အဆိုပါ ပစ္စည်းများကို စားပွဲပေါ်တင်လိုက်ရင်း ဝမ်ချီအား သူ့အနီးသို့လာရန် ဖိတ်ခေါ်လိုက်၏။

 

ဝမ်ချီက တွန့်ဆုတ်စွာဖြင့် စာရွက်များကို ကိုင်လိုက်သည်။ ၎င်းစာရွက်များအား ဖြန့်လိုက်ချိန်တွင် ပုံပြင်စာအုပ်လေးအုပ်စာခန့် အရွယ်ကြီးမားသွားခဲ့သည်။

 

ဝမ်ချီက စာရွက်များကို အနီးကပ်ကြည့်လိုက်ချိန်၌ ရှေးဟောင်းစာများအား တွေ့လိုက်ရ၏။ ဝမ်ချီ၏ စာတတ်မှုက အကန့်အသတ်ရှိသည့်တိုင် သူ့အမည်နှင့် အချို့သော စာလုံးများကို ဘယ်ဘက်ထောင့်၌ ရေးသားထားကြောင်း နားလည်လိုက်၏။

 

ထို့အပြင် ညာဘက်ထောင့်နား၌ အလွန်ရှင်းလင်းသော တံဆိပ်တော်တစ်ခု ခတ်နှိပ်ထားလေသည်။

 

“ဒါက …”

ဝမ်ချီက စာရွက်ကို အံ့အားသင့်စွာ ကြည့်ရင်း ချန်ဝူအား မော့ကြည့်လိုက်သည်။

“မြေစာချုပ်လား …”

 

ချန်ဝူက ပြောသည်။

“ကျွန်တော်အထင်မမှားရင် ဒါက မြို့တော်ဆင်ခြေဖုံးက ဝမ်ဟိုင်းအဆောက်အဦးရဲ့ မြေစာချုပ်ပါပဲ…”

 

ဝမ်ချီက နှလုံးသားထဲရှိ အံ့အားသင့်မှုကိုဖိနှိပ်ကာ စာရွက်ကို ပြန်ခေါက်ပြီးနောက် အောက်ဆုံးရှိစာလိပ်အား ထပ်မံဖွင့်လိုက်သည်။

 

ချန်ဝူက စာလိပ်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ တလေးတစား ပြောလိုက်၏။

“ဒါက မြို့တော်ဆင်ခြေဖုံးက လင်းရှို့အဆောက်အဦးရဲ့ မြေစာချုပ်ပါ …”

 

“ …”

 

တစ်ခဏချင်းမှာပင် မြေစာချုပ်များကို ကိုင်ထားသည့် ဝမ်ချီ၏ လက်များ တုန်ယင်လာ၏။ သူက ရှစ်ယဲ့အဘယ့်ကြောင့် သူ့အတွက် မြေစာချုပ်များ ပေးခဲ့ကြောင်း နားမလည်နိုင်ခဲ့ချေ။

 

သူက မြေစာချုပ်များကို တစ်လိပ်ပြီးတစ်လိပ် ဖွင့်ကြည့်လိုက်သည်။ အဆိုပါ စာချုပ်ရှစ်လိပ်အနက် ငါးလိပ်က မြို့တော်တွင်တည်ရှိသော အဆောက်အဦးများ၏ စာချုပ်များဖြစ်ကြ၏။

 

မြေစာချုပ်များကို ဖတ်ပြီးသည့်နောက် ဝမ်ချီက အောက်ဆုံးရှိ မထူလွန်းမပါးလွန်းသော စာအုပ်တစ်အုပ်အား သတိပြုမိသွားသည်။

 

သူက ခဏကြာ တောင့်ခဲသွားကာ လက်ထဲမှ စာချုပ်များကိုချ၍ စာအုပ်အား ဖွင့်ကြည့်လိုက်၏။

 

စာအုပ်ရှိစာရွက်များကိုလှန်ရင်း ဝမ်ချီ၏ မျက်နှာသည်လည်း အကျည်းတန်လာသည်။

 

သူက စာအုပ်ကို တစ်ဝက်ဖတ်ပြီးနောက် ပိတ်ချလိုက်၏။

 

ချန်ဝူက စားပွဲ၏အခြားတစ်ဖက်တွင် မတ်တပ်ရပ်နေပြီး ဝမ်ချီ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်လျက်ရှိသည်။

 

ဝမ်ချီက ပြုံးလျက် ယဉ်ကျေးစွာဆို၏။

“ခင်ဗျား ကျွန်တော့်အတွက် ကြိုးစားသိမ်းပေးခဲ့တာပဲ … ကျွန်တော်အခု ယူလို့ရပြီလား …”

 

ချန်ဝူက အမြန်ပြောလိုက်သည်။

“ဒါတွေကို အရှင့်သားက ဝမ်သခင်လေးအတွက် ထားပေးခဲ့တာပါ … သခင်လေး ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ် … ထားခဲ့မယ်ဆိုရင်လည်း ကျွန်တော် သေချာသိမ်းပေးထားမှာပါ …”

 

ဝမ်ချီက ခဏတွေးလိုက်၏။ သူနှင့်အတူ ကျောကျစ်၊ လျိုတဲတို့ ပါဝင်သည်ဖြစ်ရာ ထိုစာချုပ်များကို အတူယူသွားရန် ခက်ခဲမည်မဟုတ်ပေ။


ထို့ကြောင့် ဝမ်ချီက အားလုံးကို တစ်ပါတည်းယူဆောင်သွားလိုက်၏။

 

ချန်ဝူက အဆိုပါစာချုပ်များအား မီးခိုးရောင်အဝတ်စဖြင့် သေချာထုပ်ပိုးပေးခဲ့သည်။

 

ကျောကျစ်က အပြင်ဘက်မှ စောင့်ဆိုင်းနေ၏။ ဝမ်ချီက အိမ်အပြင်သို့ လျှောက်လာရင်း ကောင်းကင်အား မော့ကြည့်လိုက်သည်။

 

သူမက ခြေသံကြောင့် လှည့်ကြည့်လိုက်၏။ သူမ၏ အနောက်တွင် နှင်းထုများက ကန့်လန်ကာတစ်ခုနှယ် ကျဆင်းနေကြသည်။

 

သေးငယ်သောနှင်းပွင့်များက ကျောက်ခင်းလမ်းအား အဖြူရောင် ပြောင်းသွားစေ၏။ မြက်ပင်များနှင့် သစ်ကိုင်းများပင် အဖြူရောင်ပြောင်းကုန်ကြသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် တစ်ကမ္ဘာလုံး အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်နှင့် တူ၏။

 

ကျောကျစ်က နှုတ်ခွန်းဆက်လိုက်သည်။

“ဝမ်သခင်လေး …”

 

ဝမ်ချီက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။ 

“နှင်းကျနေပြီပဲ …”

 

ကျောကျစ်က ပြုံးလိုက်၏။

“ဆောင်းရာသီ ရောက်ပါပြီ …”

 

ထိုအချိန်တွင် ချန်ဝူသည်လည်း အိမ်ထဲမှ ထွက်လာလေသည်။ သူက ဝမ်ချီအရှေ့သို့ လျှောက်လာရင်း သူ့အရှေ့ရှိ ငွေရောင်နှင်းများကို ကြည့်ကာ ရယ်မောလိုက်၏။

“ဟားဟားဟား … အရင်တုန်းက ကျင်းကျိုးမှာ မိုးရွာပေမယ့် နှင်းတစ်ခါမှ မကျခဲ့ဖူးဘူး … နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံး ကျလာတဲ့နှင်းတွေပါလား …”

 

ထိုသို့ပြောပြီးသည်နှင့် သူက ဝမ်ချီအား လှည့်ပြောလိုက်သည်။

“ဝမ်သခင်လေး … အပြင်မှာ နှင်းကျနေပြီးတော့ ရာသီဥတုက အေးစက်နေပါတယ် … သခင်လေးနဲ့ မိန်းကလေးကျောကျစ် အအေးမမိအောင် စောစော ပြန်တာ ကောင်းပါလိမ့်မယ် …”

 

လမ်းများသည်လည်း နှင်းများနှင့်ချော်နေပြီး လမ်းလျှောက်ရခက်လှ၏။

 

သူတို့အတွက် ပင်မခန်းဆောင်သို့သွားရန်ပင် အချိန်ယူခဲ့ရသည်။

 

ချန်ဝူအား နှုတ်ဆက်ပြီးသည့်နောက် ဝမ်ချီက မီးခိုးရောင်အဝတ်ထုပ်ကို လက်လှမ်းယူကာ ကျောကျစ်ထံ ပေးလိုက်သည်။ ထို့နောက် သူမနှင့်အတူ ချန်မိသားစုအိမ်မှ ထွက်လာခဲ့၏။

 

…..

 

ထိုနေ့ညတွင် ဝမ်ချီက ဟိုလှည့်သည်လှည့်ဖြင့် အိပ်မပျော်ခဲ့ချေ။

 

သန်းခေါင်ယံတွင် သူက အိပ်ရာအောက်၌ ဝှက်ထားသည့် စာအုပ်ကို ဖွင့်လိုက်သည်။ ထို့နောက် အခန်းထဲရှိ ခပ်ဖျော့ဖျော့ ဖယောင်းတိုင်မီးရောင်ဖြင့် ဖတ်ကြည့်လိုက်၏။

 

စာအုပ်ထဲတွင် အကြောင်းအရာများစွာ ရေးသားထားပြီး လက်ရေးကလည်း ရှစ်ယဲ့၏လက်ရေး မဟုတ်ချေ။ ရှစ်ယဲ့က အခြားလူတစ်ဦးဦးကို ရေးခိုင်းခဲ့ခြင်း ဖြစ်ရမည်။ ထိုသည်က အဓိကမဟုတ်ပေ။ အဓိကအကြောင်းအရာမှာ…

 

၎င်းက မြို့တော်ဝန်ကျိုး၏ ညီနှင့်ယောင်းမတို့မှာ ပြန်ပေးဆွဲသူများနှင့် ပူးပေါင်းခဲ့သည်ဟု ပါရှိ၏။

 

မှန်ပေသည်။

 

လူကြီးမင်းရင်းက ရှစ်ယဲ့၏ အမိန့်အောက်တွင် ရှိနေခြင်းဖြစ်၏။

 

ဝမ်ချီက ယောင်ဝါးဝါးဖြင့် စာအုပ်ကို ဆက်ဖတ်လိုက်သည်။ မကြာမီမှာပင် စာအုပ်နောက်ကျောရှိ အမည်များကို တွေ့လိုက်ရ၏။ ထိုအမည်များထဲတွင် ဝမ်ချီနှင့်အတူ ကျင်းကျိုးသို့ လာရောက်ခဲ့သူများသာမက မြို့တော်၌ နေခဲ့ကြသူများပင် ပါဝင်လေသည်။

 

ထို့အပြင် အချို့အမည်များမှာ ရင်းနှီးလှ၏။

 

ဝမ်ချီ၏ လက်ချောင်းထိပ်ကလေးများက ရင်းနှီးနေသည့် အမည်များထက်သို့ တို့လိုက်သည်။

 

မှတ်မိပြီ…

 

ဒီလူတွေက အရံဇာတ်ကောင်တွေ မဟုတ်လား …

 

ထိုလူအားလုံးသည် မူလဝတ္ထု၌ အရံဇာတ်ကောင်များ ဖြစ်ကြပြီး အခန်းတစ်ခန်းမှ မပါသလောက်ပင်ရှိသည်။ သူတို့ပေါ်ထွက်လာတိုင်းလည်း အဓိကဇာတ်ဆောင် shouနှင့် gongတို့အား ဗီလိန်ကို ထိခိုက်စေအောင် အားတက်သရော ကူညီပေးလေ့ရှိ၏။ ထိုဗီလိန်မှာ ရှစ်ယဲ့ပင်။

 

မျှော်လင့်မထားသည်မှာ ဝဲကတော့အလယ်၌ ရှိနေစဉ်ကပင် ရှစ်ယဲ့က ထိုသူများကိုစုံစမ်းခဲ့ပြီး လွန်ခဲ့သောနှစ်များတစ်လျှောက် နောက်ယောင်ခံလိုက်စေခဲ့သည်။

 

လက်ရှိအချိန်တွင် ဝမ်ချီက သူ့အတွေးထဲရှိ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။

 

ရှစ်ယဲ့က သေဆုံးမှုအတွက်ပြင်ဆင်ရင်း သူ့အတွက် လမ်းခင်းပေးခဲ့ခြင်းပေလောဟု သူသိချင်လာ၏။ ထိုသူက သတိထားရမည့် လူစာရင်းကိုပင် ရေးထားခဲ့သည်။

 

ရှစ်ယဲ့အကြောင်း ကျောကျစ်နှင့် လျိုတဲတို့ရှေ့တွင် သူ မပြောသည့်တိုင် သူတို့သည်လည်း စကားစမလာခဲ့ကြချေ။ သူတို့က ရှစ်ယဲ့၏လူများ ဖြစ်သော်ငြား ရှစ်ယဲ့မည်သူဖြစ်ကြောင်း မေ့လျော့သွားကြပုံရသည်။

 

အတွေးတစ်ခုက ဝမ်ချီ၏စိတ်တွင်း၌ ပေါ်ပေါက်လာ၏။

 

ဝမ်ချီက ပင့်သက်ရှိုက်ရင်း စာအုပ်ငယ်ကို ပိတ်ကာ အိပ်ရာအောက်၌ ပြန်ဖွက်ထားလိုက်သည်။

 

သူက အလွန်ပျာယာခတ်နေ၏။ ခံစားချက်လှိုင်းလုံးကြီးတစ်ခုက သူ့ရင်ဘတ်အား ရိုက်ခတ်လာကာ မမြင်ရသော လက်တစ်စုံဖြင့် သူ့နှလုံးသားကို ဖျစ်ညှစ်ထားသည့်အလား အသက်ပင်မနည်းရှူနေရသည်။ သူ့ခြေလှမ်းများပင် ယိုင်နဲ့နေ၏။

 

ဝမ်ချီက ဖိနပ်ပင်မစီးဘဲ တံခါးထံသို့လျှောက်ကာ အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

 

သူက ကျောကျစ်အား စကားပြောချင်ခဲ့သည်။ ကျောကျစ်၏ တုံ့ဆိုင်းသောအမူအရာအရ သူမသည်လည်း သူ့အား တစ်စုံတစ်ခု ပြောချင်နေပုံရ၏။

 

ဝမ်ချီ အပြင်ထွက်တော့မည့်အချိန်၌ တစ်စုံတစ်ခုအား အာရုံခံမိကာ ခြေလှမ်းများကို ရပ်လိုက်မိသည်။

 

အပြင်ဘက်မြင်ကွင်းက ညခင်း၏အရောင်ဖြင့် လွှမ်းခြုံလျက်ရှိ၏။

 

အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင်က ပွင့်နေသော တံခါးမှတစ်ဆင့် အနည်းငယ်သာ သွားနိုင်ခဲ့သည်။ သို့သော် လေထဲတွင် မျောလွင့်နေသည့် နှင်းပွင့်များပေါ်သို့ သွန်းလောင်းလျက်ရှိ၏။


တစ်နေ့လုံး နှင်းများကျဆင်းနေခြင်းဖြစ်ပြီး ရပ်တန့်သွားမည့် အရိပ်အယောင်ပင် မရှိချေ။

 

ဝမ်ချီက အလျင်လိုနေခဲ့သည်။ သူက ဖိနပ်မစီးသည့်အပြင် အတွင်းဝတ်အဖြူနှင့်သာ ရှိနေခြင်းဖြစ်ရာ ဆောင်းလေညှင်းက သူ့အား တုန်ယင်လာစေခဲ့၏။

 

သို့သော် သူက တံခါးကို မပိတ်ခဲ့သလို အခန်းထဲသို့ ပြန်ဝင်လာခြင်းလည်း မပြုခဲ့ပေ။ သူက တံခါးနားတွင် ခဏရပ်နေပြီး အပြင်သို့ထွက်လိုက်သည်။

 

ဝမ်ချီက ညာဘက်ပြတင်းပေါက်ကို ကြည့်လိုက်သည်။ မူလက စေ့ပိတ်ထားသည့် တံခါးက ယခုအခါ အနည်းငယ် ဟနေ၏။ ထိုအဟကြားမှတဆင့် သူက အတွင်းဘက်ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်လေသည်။

 

နှင်းများက တစ်နေ့လုံး ကျဆင်းနေခဲ့ခြင်းဖြစ်ရာ ပြတင်းဘောင်တွင်လည်း နှင်းလွှာများ ဖြူဖွေးလျက်ရှိသည်။

 

ဝမ်ချီက ကိုယ်ကိုကိုင်းကာ ပြတင်းပေါက်အဟအား ဖယောင်းတိုင်မီးဖြင့် သေချာကြည့်လိုက်၏။

 

ခဏအကြာ၌ သူက နှင်းများဖုံးလွှမ်းနေသည့် ပြတင်းဘောင်ပေါ်ရှိ လက်ဗွေနှစ်ခုကို တွေ့လိုက်သည်။ ထိုလက်ဗွေရာနှစ်ခုမှာ နှင်းများဖြင့် ဖုံးလွှမ်းမခံရသေးရာ လက်ဗွေပိုင်ရှင်က အစောစကမှ ထွက်သွားပုံရ၏။

 

ကျောကျစ်နှင့် လျှိုတဲကို ကျော်လွန်၍ မည်သူက သူ့ပြတင်းအပြင်ဘက်သို့ လာရောက်နိုင်မည်ကို သူ မသိပေ။

 

ဝမ်ချီစိတ်ထဲ ခန့်မှန်းချက်တစ်ခု ရှိနေသည့်တိုင် သူက ၎င်းကို မယုံနိုင်ခဲ့၏။

 

သူက အေးစက်စက်လေများအကြားရပ်ရင်း မထင်မရှား လက်ဗွေနှစ်ခုကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းတင်းတင်းစေ့ကာ လှည့်ထွက်လိုက်၏။ ထိုစဉ် မြေပြင်ထက်၌ အနက်ရောင်အစက်တစ်စက် ရှိနေကြောင်း သူတွေ့လိုက်ရသည်။

 

သူက တောင့်ခဲသွားကာ ငုတ်တုတ်ထိုင်လိုက်၏။

 

ပြတင်းပေါက်မှ ဖြာကျလာသည့် အလင်းရောင်က ထိုအနက်ရောင်အစက်အား မြင်ရသည်ဆိုရုံသာ ထွန်းလင်းနေ၏။ ဝမ်ချီက ၎င်းကို သေချာကြည့်သည့်တိုင် မည်သည့်အရာမှန်း မသိနိုင်ခဲ့ပေ။

 

သို့သော် ဝမ်ချီက တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် လက်ဆန့်ကာ ထိုအနက်ရောင်အစက်အား ထိလိုက်သည်။

 

သူ၏ လက်ညှိုးနှင့်လက်ခလယ်၌ စေးကပ်ကပ်ခံစားမှုမျိုး ခံစားလိုက်ရ၏။ ဆောင်းညချမ်းတွင် ဝမ်ချီ၏ လက်ချောင်းထိပ်မှ အရည်က နွေးထွေးမှုတစ်စွန်းတစ်စ ဆောင်ကြဉ်းပေးလျက်ရှိသည်။

 

သူ လက်ကိုပြန်ရုတ်ကာ အနံ့ခံလိုက်၏။

 

၎င်းက သွေးဖြစ်သည်။

 

ဝမ်ချီက လျှာကိုထုတ်ကာ သူ၏ လက်ချောင်းထိပ်များကို လျက်လိုက်၏။ တစ်ခဏချင်းဆိုသလို သူ့ပါးစပ်ထဲ၌ ချိုမြိန်စေးကပ်သည့် အရသာတစ်ခုက ညှီနံ့ဖျော့ဖျော့နှင့်အတူ ပျံ့နှံ့သွားခဲ့သည်။

 

အဲဒီလူရဲ့သွေးကို ဝမ်ချီ ဘယ်လောက်တောင် သောက်ခဲ့ရတာလဲ... သူ အဲ့အနံ့ကို မရင်းနှီးဘဲ နေမယ်တဲ့လား...



💮💮💮