Chapter 102
Viewers 15k

💮Chapter 102


 

ဝမ်ချီက အခန်းထဲသို့ ပြန်ဝင်လာကာ လက်ချောင်းထိပ်ရှိ သွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။

 

သူက ထိုသို့ပြုလုပ်ပြီးသည့်နောက် ကျောကျစ်ကိုပင် သွားရှာချင်စိတ် မရှိတော့ဘဲ လက်ကိုင်ပုဝါဖြင့် လက်သုတ်ကာ အိပ်ရာထဲသို့ ပြန်ဝင်လိုက်သည်။ ထို့နောက် မနက်အာရုံတက်ချိန်အထိ မျက်လုံးအကြောင်သားဖြင့် နေခဲ့၏။

 

နှင်းများက နောက်တစ်နေ့မနက်ထိတိုင် ကျဆင်းနေကြဆဲဖြစ်သည်။ ၎င်းတို့က ရပ်တန့်မသွားသည့်အပြင် ပို၍ ထူထဲစွာ ကျဆင်းလာသည်။

 

ဝမ်ချီ ယမန်နေ့ညက အချိန်ကြာကြာ အအေးခံမိခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။ သူက မူးဝေဝေဖြင့် နိုးလာ၏။ တစ်ခုခုစားချင်သော်လည်း အချိန်အတန်ကြာသည့်တိုင် မထနိုင်ခဲ့ချေ။

 

အခြေအနေမှားယွင်းနေကြောင်း သိသည်နှင့် ယောဖန်းက အမြန်ပြေးလာကာ ဝမ်ချီ၏ နဖူးကို စမ်းလိုက်၏။ သူ့အသံမှာ အက်ရှနေပြီး သစ်သားကြမ်းခင်းပေါ်သို့ ပွတ်တိုက်လိုက်သည်နှင့်ပင် တူ၏။

“ယောဖန်း ငါ နေမကောင်းဘူး … မင်းအလုပ် သွားလုပ်နော်…”

 

“ ဘယ်လိုဖြစ်ရတာလဲ… ခဏစောင့်ပါ ဒီအစေခံ ဟွားသခင်လေးကို သွားရှာခဲ့ပါ့မယ် …”

 á€šá€ąá€Źá€–န်းက အမြန်ပြောလိုက်ပြီး ပြေးထွက်သွားသည်။

 

မကြာမီမှာပင် ကျောကျစ်နှင့် လျိုတဲတို့က အမြန်ပြေးလာကြ၏။

 

ကျောကျစ်နှင့် လျှိုတဲက ကိုယ်ခံပညာများ တတ်မြောက်ထားသည့်တိုင် ဆေးပညာအကြောင်း မသိကြချေ။ သူတို့က ဝမ်ချီ၏ အိပ်ရာနံဘေး၌ စိုးရိမ်စွာဖြင့် ရပ်နေကြ၏။

 

ကံကောင်းစွာဖြင့် မကြာမီမှာပင် ယောဖန်းက ဟွားကျစ်ချန်နှင့်အတူ ဝင်လာခဲ့သည်။

 

ဟွားကျစ်ချန်က ဆေးသေတ္တာကို ကိုင်ကာ ဝမ်ချီအား အမြန်စစ်ဆေးလိုက်၏။ ထို့နောက် စိုးရိမ်နေသည့် လူသုံးဦးကို ကြည့်ကာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ဝမ်သခင်လေး အအေးမိသွားရုံပါ … ကျွန်တော် ဒီမှာ ဆေးစာရေးပေးခဲ့မယ် … ဆေးဆိုင်ကို သွားဝယ်ပြီး ဒီစာထဲမှာ ပါတဲ့အတိုင်း မနက်ညနေ ပုံမှန်တိုက်ပေးပါ… သူ ရက်နည်းနည်းကြာရင် သက်သာလာပါလိမ့်မယ် …”

 

ယောဖန်းက လက်နှစ်ဖက်ကို အမြန်ဆန့်ကာ ဆေးစာကို ယူရင်း ကျေးဇူးစကားဆိုလိုက်သည်။

“ကျေးဇူးပါ ဟွားသခင်လေး…”

 

ဟွားကျစ်ချန်က လက်ဝေ့ယမ်းလိုက်၏။ 

“ဒါက ဘာမှ မဟုတ်ပါဘူး …”

 

သူက ဆေးသေတ္တာကို ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

 

ယောဖန်းက ထပ်မံပြောလိုက်၏။

“ဟွားသခင်လေး ကျွန်မလိုက်ပို့ပေးပါ့မယ် …”

 

ဟွားကျစ်ချန်က မငြင်းခဲ့ပေ။

 

ယောဖန်းက ဟွားကျစ်ချန်အား ဂိတ်ဝအထိ လိုက်ပို့ပေးသည့်အခါ သူက ပြောလာ၏။

“မင်း လူကြီးမင်းရင်းဆီကိုသွားပြီး ခွင့်တိုင်သင့်တယ် … သူ့ကို နောက်ထပ် ရက်နည်းနည်းနားခိုင်းလိုက်ပါ … သူပြန်ကောင်းလာမှ ကိစ္စတွေကို ကိုင်တွယ်ပါစေ …”

 

ယောဖန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဒီအစေခံ နားလည်ပါပြီ …”

 

ဟွားကျစ်ချန်အား ပို့ဆောင်ပြီးသည့်နောက် ယောဖန်းက ငွေစအချို့ကိုယူကာ လျှိုတဲနှင့်အတူ ဆေးဝယ်ရန် ထွက်လာခဲ့သည်။

 

ဝမ်ချီ၏ အသိစိတ်က ရေခဲနှင့်မီးပင်လယ်အကြား နစ်မြုပ်နေသကဲ့သို့ ရှိနေ၏။ ခံစားချက်နှစ်မျိုးက သူ၏ အာရုံခံစားမှုများကို ဘယ်နှင့်ညာမှ ဆွဲဖြဲနေသကဲ့သို့ပင်။

 

သူ့နဖူးပေါ်သို့ တစ်စုံတစ်ဦးက ရေနွေးစိမ်ထားသည့် လက်ကိုင်ပုဝါအား တင်လိုက်လေသည်။

 

သူက ခက်ခက်ခဲခဲကြိုးစား၍ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သို့သော် မည်မျှ အားစိုက်ထုတ်သည်ဖြစ်စေ၊ သူ့အိပ်ရာရှေ့ရှိ လူအား မြင်ရခြင်းမရှိချေ။ ထိုလူက သူ့အိပ်ရာဘေး၌ အလုပ်ရှုပ်နေသည်ကိုသာ ခပ်ရေးရေး မြင်နိုင်၏။

 

သူက ထိုသူအား သေချာကြည့်လိုက်သည်။

 

ခဏအကြာ၌ ထိုသူက သူ့အကြည့်ကို သတိပြုမိဟန်ဖြင့် လက်များကို ရပ်တန့်ကာ သူ့အနီးသို့ ချဉ်းကပ်လာသည်။ 

“ဝမ်သခင်လေး အဆင်ပြေရဲ့လား …”

 

၎င်းက ကျောကျစ်၏ အသံဖြစ်၏။

 

အကြောင်းရင်းအချို့ကြောင့် သူ့အိပ်ရာရှေ့တွင် ရှိနေသူမှာ ကျောကျစ်ဖြစ်ကြောင်း သိလိုက်ရချိန်၌ ဝမ်ချီ တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်က မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့၏။

 

ဝမ်ချီက လည်ချောင်းထဲတွင် ခါးလာသဖြင့် နှုတ်ခမ်းများလှုပ်လိုက်သည်။

“ငါ ရေသောက်ချင်တယ် …”

 

“ဝမ်သခင်လေးဝမ် ခဏစောင့်ပါ …”

ကျောကျစ်က ထိုသို့ပြောပြီးနောက် ပြန်လာခဲ့သည်။ သူမက အိပ်ရာဘေးတွင်ထိုင်ကာ ဝမ်ချီအား ထနိုင်ရန် ကူပေးလိုက်၏။ ထို့နောက် လက်ဖက်ရည်ခွက်၏ အစွန်းကို ဝမ်ချီ၏ နှုတ်ခမ်းသို့ တေ့ပေးလိုက်သည်။

“သခင်လေး … ဂရုစိုက်ပါ …”

 

ဝမ်ချီက အနည်းငယ် စုပ်သောက်ပြီးသည့်နောက် ထပ်မသောက်နိုင်တော့ဟန်ဖြင့် ခေါင်းယမ်းလိုက်၏။

 

ကျောကျစ်က ဝမ်ချီအား လက်တစ်ဖက်ဖြင့် ထိန်းကာ အိပ်ရာထက်သို့ ပြန်လဲလျောင်းစေလိုက်သည်။

 

ဝမ်ချီက ကျောကျစ်၏ ပုံရိပ်ကို ကြည့်ရင်း ယမန်နေ့ညက ကျောကျစ်အား ပြောလိုသည့်ကိစ္စရှိကြောင်း အမှတ်ရလာ၏။ သူက လက်ရှိအချိန်ကို အသုံးချလိုသည့်တိုင် သူ့အသံမှာ အလွန်ကြမ်းရှနေပြီး စကားပြောရန်ပင် ခက်ခဲနေ၏။

 

ဝမ်ချီက စိတ်ပျက်လက်ပျက်ဖြင့် ထိုအကြံအား လက်လျှော့ကာ မျက်လုံးမှိတ်လျက် အနားယူလိုက်တော့သည်။

 

ဝမ်ချီက တစ်နေ့တာလုံး အိပ်စက်နေခဲ့၏။ ထို့နောက် ယောဖန်းက သူ့အား လာနှိုးလေသည်။


ယောဖန်းက ကျိုချက်ထားသည့် ဆေးတစ်ခွက်ကို ကိုင်ထား၏။ သူမက အိပ်ရာရှေ့၌ ငုတ်တုတ်လေးထိုင်ကာ ညှင်သာစွာ ပြောလိုက်သည်။

“သခင်လေး … တစ်နေ့လုံး ဘာမှမစားရသေးဘူး … ဆေးသောက်ပြီးရင် တစ်ခုခု စားပါဦး …”

 

ဝမ်ချီက အလွန်မသက်မသာ ဖြစ်နေပြီး ကျောကျစ်အကူအညီဖြင့်သာ ထလာနိုင်၏။ သူ့အရှေ့ရှိ ဖယောင်းတိုင်မီးရောင်က စက်ဝိုင်းများကဲ့သို့ ရစ်ခွေနေလေသည်။

 

သူက စားချင်စိတ်မရှိချေ။ သို့သော် ဆေးကို သောက်ရပေဦးမည်။

 

ထို့ကြောင့် သူက ယောဖန်း၏ လက်တွင်းမှ ဆေးပန်းကန်ကိုယူကာ ဖြည်းဖြည်းချင်း သောက်လိုက်၏။

 

ဆေးမှာ အလွန်ခါးသက်ပြီး ဝမ်ချီ ယခင်ကသောက်ဖူးသည့် ရိုးရာဆေးများနှင့်ပင် ယှဉ်၍မရချေ။ သူ အန်ချင်စိတ်ပင် ပေါက်လာ၏။ ပန်းကန်လုံးတစ်လုံးကိုပင် လက်ဖက်ရည်တစ်ခွက်စာ အချိန်ယူ၍ သောက်လိုက်ရသည်။

 

သူက ပန်းကန်လုံးထဲရှိ လက်ကျန်ဆေးရည်ကို ကြည့်လိုက်သည့်အခါ လည်ပတ်နေသည့် ရေထဲတွင် သူ၏ ဖြူဖျော့သောပုံရိပ် ထင်ဟပ်နေ၏။ သူက ပါးစပ်ထဲရှိ ခါးသက်သက်အရသာကို ခက်ခက်ခဲခဲ မြိုချလိုက်ရလေသည်။

 

“ငါထပ်မသောက်ချင်တော့ဘူး … ပြန်ယူသွားတော့ …”

 á€á€™á€şá€á€ťá€Žá€€ ဆေးပန်းကန်ကို ယောဖန်းထံ ကမ်းလိုက်သည်။


ယောဖန်းက ဆေးပန်းကန်ကို ကြည့်လိုက်ချိန်တွင် တစ်ဝက်ခန့် ကျန်နေသေးကြောင်း တွေ့လိုက်ရ၍ သူမ၏မျက်ခုံးတန်းများ ကျုံ့သွား၏။ သူမက ဆေးပန်ကန်လုံးကို ပြန်ယူမည့်အစား ချော့မော့လိုက်သည်။

“သခင်လေး ဆေးကောင်းတွေက ပိုခါးတယ်တဲ့ … ဒီဆေးကို ဟွားသခင်လေး ပေးခဲ့တာ … သခင်လေး ဒါကိုသောက်ရင် ဖျားတာကပြန်ကောင်းလာမှာ …”

 

ကျောကျစ်က ဝမ်ချီအား ထူလျက်ပြောလိုက်သည်။ 

“ဝမ်သခင်လေးဝမ် … ယောဖန်း ပြောတာမှန်တယ် … သခင်လေး ပြန်ကောင်းလာချင်ရင် ဒီဆေးကိုတော့သောက်ရမယ်လေ … သခင်လေး နေမကောင်းရင် လူကြီးမင်းရင်းနဲ့အတူ လိုက်နိုင်မှာမဟုတ်ဘူးနော် …”

 

ဝမ်ချီသည်လည်း ထိုအချက်ကိုသိသည်။ သို့သော် ဆေးမှာ အလွန်ခါးသက်ပြီး မြိုချရန် ခက်ခဲလှ၏။

 

ဝမ်ချီက တုံ့ဆိုင်းဆိုင်းနှင့်ပင် ယောဖန်းနှင့် ကျောကျစ်တို့၏စကားအား နားထောင်ပြီးသည့်နောက် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။

 

မမျှော်လင့်ထားစွာပင် သူက ဆေးများကို ကြာကြာပင် မငုံနိုင်ခဲ့ဘဲ တစ်ချက်သီးသွားကာ ပါးစပ်ထဲရှိ ဆေးများအား ပန်းကန်လုံးထဲသို့ ပြန်လည်ထွေးထုတ်လိုက်မိ၏။

 

သူက ခေါင်းကိုစောင်းလျက် လက်သီးဆုပ်ဖြင့် ပါးစပ်ကို ကွယ်ကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်မိ၏။ သူ၏ အဆုတ်များ ပွင့်ထွက်မတတ် ချောင်းဆိုးနေခြင်းပင်။

 

ယောဖန်းနှင့် ကျောကျစ်သည်လည်း ထိုအရာကို တွေ့ပြီးသည့်နောက် ဝမ်ချီအား ဆေးသောက်ရန် မပြောဝံ့ကြတော့။

 

ယောဖန်းက ဝမ်ချီ၏ လက်တွင်းရှိ ဆေးပန်းကန်လုံးကို အမြန်ယူကာ အခန်းတွင်းမှ ထွက်ခွာလာခဲ့သည်။ ကျောကျစ်ကမူ အိပ်ရာဘေးတွင်ထိုင်လျက် ဝမ်ချီ၏ ကျောအား အသာပုတ်ပေးနေ၏။

 

ပြန်လည်တည်ငြိမ်လာသည့် ဝမ်ချီက ကျောကျစ်၏ အကူအညီဖြင့် အိပ်ရာထက်သို့ လှဲချလိုက်သည်။ သူက သက်တမ်းတစ်ဝက်လောက် ကုန်ခမ်းသွားသလို ခံစားလိုက်ရ၏။ သူ အသက်ရှူရန်ပင် ခက်ခဲနေပြီး ပါးစပ်နှင့် အသက်ရှူနေရလေသည်။

 

ကျောကျစ်က ဝမ်ချီ အပြင်းဖျားသည်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်၍ သူမစိတ်ထဲ မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။

 

သူမအမြင်တွင် ဝမ်ချီက ကြောက်တတ်သော ယုန်ကလေး ဖြစ်၏။ သူက အလွန်ကြောက်တတ်သည့်တိုင် အသက်ရှင်လိုစိတ် ပြင်းထန်လှသည်။ အိမ်ရှေ့စံကဲ့သို့ လူတိုင်းကြောက်ရသော လူတစ်ဦးပင် သူ့အပေါ် မည်သည့်အရာမှ မလုပ်နိုင်ချေ။

 

လျိုတဲက ဝမ်ချီအား ကိုယ်ခံပညာ သင်ပေးသည့်အခါ ဝမ်ချီက အလွန်ကျိုးနွံ၍ လိမ်လိမ်မာမာ ပြုမူ၏။ သူပျင်းနေသည့်အခါ လျိုတဲကိုပင် စနောက်သေးသည်။

 

ဝမ်ချီ၏ စနောက်ခံခဲ့ရသော လျိုတဲ၏ မျက်နှာမဲကြီးကို မြင်ယောင်လိုက်ချိန်တွင် ကျောကျစ် ရယ်ချင်လာ၏။ သို့သော် လက်ရှိအချိန်မှာ ရယ်သင့်သည့် အချိန်မဟုတ်၍ သူမက နှုတ်ခမ်းထောင့်များရှိ အပြုံးကို ဖိနှိပ်လိုက်ရသည်။

 

သူမက ဝမ်ချီအိပ်မောကျသွားသည်အထိ စောင့်နေပေးခဲ့၏။ ထို့နောက် သူ့အား စောင်ခြုံပေးကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။

 

သူမ တံခါးပေါက်မှ ဖြတ်လာချိန်၌ ညစာနှင့်အတူ လျှောက်ဝင်လာသည့် ယောဖန်းနှင့် တိုက်မိမလို ဖြစ်သွား၏။

 

ကျောကျစ်က ယောဖန်းလက်ထဲရှိ ဆန်ပြုတ်နှင့် အရံဟင်းများကို ကြည့်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်တွင် အိပ်မောကျနေသည့် လူအား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်၏။

“သူ အိပ်ပျော်နေတယ် … နိုးလာမှ ကျွေးရအောင် …”

 

ယောဖန်း မျက်မှောင်ကြုတ်လိုက်သည်။

“သခင်လေးက ဆေးပန်းကန်တစ်ဝက်ပဲ သောက်ရသေးတယ် … သက်ရောက်မှု ရှိပါ့မလားမသိဘူး …”

 

ကျောကျစ်သည်လည်း စိုးရိမ်သွားမိသည်။

 

မိန်းကလေးနှစ်ဦးက တစ်ဦးချင်းစီ၏ မျက်နှာထက်ရှိ စိုးရိမ်မှုကို သတိပြုမိသည့်တိုင် ဖြေရှင်းရန် နည်းလမ်းမရှာတတ်ချေ။ သူတို့က ဦးဆုံး သက်ရောက်မှုရှိမရှိ စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ကြ၏။ ဝမ်ချီ နိုးလာချိန်တွင် သက်သာမလာပါက သူ့အား ဆေးတစ်ပန်းကန်လုံး ဝင်အောင် တိုက်ရပေလိမ့်မည်။

 

မမျှော်လင့်ထားစွာပင် တစ်ညတာ ကုန်လွန်သွားပြီးနောက် ဝမ်ချီ၏ အခြေအနေမှာ ပိုဆိုးလာ၏။


ယမန်နေ့တွင် ဝမ်ချီက သတိရှိနေပြီး စကားအနည်းငယ်ပင် ပြောလာသေးသည်။ ယနေ့မူ သူက မေ့မျောနေပြီး မျက်နှာထက်၌ ချွေးစေးများ ဖုံးလွှမ်းနေ၏။ ထို့အပြင် ဂရုတစိုက် နားထောင်ပါက အဓိပ္ပာယ်မရှိသည့် အရာများ ပြောနေသည်ကိုပါ ကြားရပေလိမ့်မည်။

 

ယောဖန်းနှင့် ကျောကျစ်တို့က ဝမ်ချီကြောင့် လန့်သွားကြ၏။ လျိုတဲကဲ့သို့ ခံစားချက်များ ထုတ်မပြတတ်သူပင် သိသိသာသာ စိုးရိမ်လာခဲ့သည်။

 

ယောဖန်းက ရွေးချယ်စရာမရှိဘဲ ဟွားကျစ်ချန်ထံသို့ ပြေးရတော့၏။

 

ဟွားကျစ်ချန်က ဝမ်ချီအား စစ်ဆေးပြီးနောက် သူ၏ ဆေးသောက်ပုံနှင့် အစာစားပုံများကို မေးမြန်းခဲ့သည်။ ယောဖန်းက သူ့အား အားလုံးပြောပြလိုက်၏။

 

ဟွားကျစ်ချန်က ခဏစဉ်းစားကာ ဆေးစာပြောင်းရန် ဆုံးဖြတ်လိုက်သည်။

 

သူက လျိုတဲနှင့် အခြားအစောင့်များကို ရေနွေးတစ်ပုံး ယူလာစေလိုက်၏။ ထို့နောက် ဆေးအချို့ကို ရေထဲသို့ ပစ်ထည့်လိုက်၏။

 

ခဏအကြာတွင် သူက ယောဖန်းနှင့် ကျောကျစ်တို့အား ဝမ်ချီ့ကို အဝတ်ချွတ်စေခဲ့သည်။ ထို့နောက် ပုံးအတွင်းသို့ ဝင်စိမ်စေ၏။

 

ဟွားကျစ်ချန်က မိန်းကလေးနှစ်ဦး ဝမ်ချီအား အဝတ်ချွတ်ပေးနေစဉ် မျက်နှာလွှဲထားလိုက်သည်။ သူက သတိပေးရန်လည်း မမေ့ခဲ့ပေ။

“သူ ဆေးရည်ထဲမှာ အနည်းဆုံး တစ်နာရီစိမ်ဖို့လိုတယ် … ပြီးရင် ဆေးကိုချေဖျက်လိမ့်မယ် … အပူချိန်ကို ထိန်းညှိပေးဖို့ သတိရပါ … ပြီးတော့ ဝမ်သခင်လေးကို လုံလုံလောက်လောက် စားခိုင်းပြီး ဆေးတစ်ပန်းကန်လုံးလည်း ကုန်အောင် သောက်ခိုင်းရမယ် … နားမလည်တာရှိရင် ငါ့ကိုလာမေးနိုင်တယ် …”

 

ယောဖန်းက ကျေးဇူးတင်စကားဆိုရန် ပြင်လိုက်သည်။ သို့သော် သူမ ခေါင်းမလှည့်ရသေးမီ ဟွားကျစ်ချန်က တံခါးထံသို့ ပြေးသွားကာ သူမ အကြည့်အောက်မှ ပျောက်ကွယ်သွားလေသည်။

 

ယောဖန်းက ခဏတာ တိတ်ဆိတ်သွား၏။ သူမက ဝမ်ချီ၏ အင်္ကျီများကို ဖြည်းဖြည်းချင်း ချွတ်ပေးနေသည့် ကျောကျစ်အား ကြည့်ကာ မေးလိုက်သည်။

“မမကျောကျစ်… ဟွားသခင်လေးက ဘာလို့ မြန်မြန်ပြေးသွားတာလဲ …”

 

ကျောကျစ်သည်လည်း ဇဝေဇဝါဖြစ်သွားသည်။

“မပြောတတ်ဘူး … အဲဒီဟွားကျစ်ချန်က ဝမ်သခင်လေးကို ကြောက်နေသလိုပဲ …”

 

ယောဖန်းက စပ်စုစွာ မေးလိုက်သည်။

“ဘာလို့လဲ … ဝမ်သခင်လေးက ဒီလောက်ကြည့်ကောင်းတာ… သူ့ကို ကြောက်တဲ့လူ ရှိသေးတာလား …”

 

ကျောကျစ်က ပြောသည်။

“အရှင့်သားကြောင့် ဖြစ်ရမယ် … ဝမ်သခင်လေးက အရှင့်သားရဲ့လူပဲလေ … သခင်လေးနဲ့ နီးနီးကပ်ကပ် ဘယ်နေဝံ့ပါ့မလဲ …”

 

မိန်းကလေးနှစ်ဦးက တွေးလေလေ၊ အဓိပ္ပာယ်ရှိသည်ဟု ထင်လေလေပင်။ သို့သော် နောက်တစ်စက္ကန့်၌ ဝမ်ချီအား အဝတ်ချွတ်ပေးနေသည့် သူတို့လက်များ တုံ့ဆိုင်းသွားကြသည်။

 

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ယောဖန်းက သတိကြီးစွာ မေးလိုက်သည်။

“မမကျောကျစ် .. သခင်လေးကို အင်္ကျီဆက်ချွတ်ပေးကြမလား …”

 

ကျောကျစ်က ဝမ်ချီ၏ အဝတ်များကိုချွတ်ကာ ဆေးရည်စိမ်ရန် ပြင်ဆင်ပေးလိုခဲ့ခြင်းဖြစ်သည်။ သူတို့က သခင်လေး၏ အစေခံများဖြစ်ရာ ဝမ်သခင်လေး၏ အဝတ်မပါသော ခန္ဓာကိုယ်ကို မြင်ရခြင်းမှာလည်း ပုံမှန်ဖြစ်၏။

 

သို့သော် ဟွားကျစ်ချန်အကြောင်း ဆွေးနွေးပြီးသည့်နောက် ကျောကျစ်သည်လည်း မသေမချာ ဖြစ်လာသည်။ အရှင့်သား၏ သဝန်တိုမှုအရ သူတို့မျက်လုံးများ မနက်ဖြန် ဖောက်ထုတ်ခံရလောက်၏။

 

ကျောကျစ် အတန်ကြာသည်အထိ မည်သို့မှ မပြောလာသဖြင့် ယောဖန်းက ခပ်တိုးတိုး ခေါ်လိုက်သည်။

“မမကျောကျစ် ….”

 

ကျောကျစ်က သတိပြန်ဝင်လာပုံဖြင့် အံကြိတ်ကာ ပြောလိုက်သည်။

“ချွတ်လိုက်ပါ …”

 

သူမ၏ မျက်လုံးများထက် ဝမ်သခင်လေး၏ ဖျားနာမှုက ပိုမိုအရေးပါလေသည်။



💮💮💮