💮Chapter 103
ထိုသို့ပြောခဲ့သည့်တိုင် အတွင်းဘက်အကျဆုံး အလွှာသို့ ရောက်ချိန်တွင် ယောဖန်းသာမက ကျောကျစ်ပါ ရပ်တန့်သွားကြ၏။ သူတို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ပြီး နားလည်မှုကိုယ်စီဖြင့် အဝတ်ထပ်မချွတ်ကြတော့ပေ။
ယောဖန်းက တံတွေးမြိုချကာ ညှင်သာစွာ မေးလိုက်သည်။
“မမကျောကျစ် … အဆင်သင့်ပဲလား …”
ကျောကျစ်က ပြော၏။
“အင်း …”
ကျောကျစ်က ဝမ်ချီအား သစ်သားရေစည်နံဘေးသို့ သယ်သွားလိုက်သည်။ ယောဖန်းက ဝမ်ချီအား အမြန်တွဲလိုက်ရင်း ကျောကျစ်နှင့်အတူ ဆေးရည်ကန်ထဲသို့ စိမ်စေ၏။
ဟွားကျစ်ချန်က ဆေးရည်ကန်ထဲတွင် တစ်နာရီကြာ စိမ်ရမည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျောကျစ်နှင့် ယောဖန်းတို့က ထွက်မသွားဘဲ ရေစည်နံဘေး တစ်ဖက်တစ်ချက်၌ ရပ်လိုက်ကြသည်။
အချိန်မှာလည်း လျင်မြန်စွာ ကုန်ခမ်းသွားခဲ့၏။
ကျောကျစ်နှင့် ယောဖန်းတို့က အချိန်ပြည့်သည်နှင့် ဝမ်ချီအား ဆေးရည်ထဲမှထုတ်ရန် ကြံရွယ်လိုက်ကြသည်။
ဝမ်ချီက သတိမေ့မျောနေပြီး ရေစည်ကိုမှီရင်း အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေ၌ ရှိနေ၏။ သူက ဒူးကိုလက်များဖြင့် ပိုက်ကာ ခေါင်းငုံ့ထားသည်။
အနီးကပ်ကြည့်ပါက သူ့အဝတ်များအားလုံး ဆေးများဖြင့် ရွှဲနေကြောင်း တွေ့နိုင်ပေလိမ့်မည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက ပေါ့ပါး၍ ပါးလျ၏။ ထို့ကြောင့် ရေစိုသွားချိန်တွင် ခန္ဓာကိုယ်နှင့်ကပ်နေပြီး ကောက်ကြောင်းများနှင့် အသားအရည်တို့ကို လှစ်ဟပြလျှက်ရှိနေသည်။
သခင်ကို ခစားနေကျ အစေခံများဆိုလျှင် ထိုသို့သော မြင်ကွင်းမျိုးအား မည်သို့မှ နေမည်မဟုတ်ပေ။ သို့သော် ကျောကျစ်နှင့် ယောဖန်းတို့က အရှင့်သားနှင့် ဝမ်ချီကိုသာ ခစားဖူးကြ၏။ အရှင့်သားက မိန်းမစိုးကျိုးမှအပ မည်သူ့ကိုမှ အနားကပ်မခံချေ။ ဝမ်ချီကမူ ဖင်အန်းကိုပင် တစ်ခါမှ မခေါ်ဘဲ သူကိုယ်တိုင်သာ သူ၏တစ်ကိုယ်ရည်ကိစ္စများကို တာဝန်ယူတတ်၏။
ရလဒ်အနေဖြင့် ကျောကျစ်နှင့် ယောဖန်းတို့က တွန့်ဆုတ်နေကြလေသည်။
ကျောကျစ်၏လက်က ဝမ်ချီ၏ ပခုံးထက်သို့ ကျရောက်သွားချိန်၌ သူမအနောက်မှလှမ်းလာသည့် အသံတစ်ခု ကြားလိုက်ရ၏။ သူမက လက်ကိုရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။
သူမက တံခါးနားတွင် စောင့်ကျပ်နေသည့် လျိုတဲအား တွေ့လိုက်ရ၏။ သူက အခန်းတွင်းသို့ ခပ်ဖွဖွလှမ်းဝင်လာခဲ့သည်။
ကျောကျစ်က လျိုတဲမှာ မသိတတ်သူမဟုတ်ကြောင်း သိရှိထားရာ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိ၏။
“ဘာဖြစ်လို့လဲ …”
လျိုတဲက အလေးအနက် ပြောသည်။
“မင်းတို့ အရင်ထွက်ခဲ့ကြ …”
ထိုစကားကို ကြားသည်နှင့် ကျောကျစ်က မသိစိတ်ဖြင့် လက်ပြန်ရုတ်လိုက်မိသည်။ သူမက ယောဖန်းကို ကြည့်ကာ မတ်တပ်ထလိုက်၏။
“ဘာဖြစ်တာလဲ …”
လျိုတဲက တူညီသည့် စကားကိုသာ ဆိုလိုက်သည်။
“မင်းတို့အရင်ထွက်ခဲ့ကြ …”
ကျောကျစ်က ပြော၏။
“ဒါပေမယ့် ဝမ်သခင်လေး…”
လျိုတဲက သူမအား ကြားဖြတ်ပြောလိုက်သည်။
“သူ အဆင်ပြေလိမ့်မယ် …”
ကျောကျစ် “…”
လျိုတဲ ထိုသို့ပြောလာပြီဖြစ်ရာ သူမတို့နှစ်ဦးလုံး ထပ်မေးစရာမရှိတော့ချေ။ သူတို့က ဝမ်ချီအား လှည့်ကြည့်လိုက်ချိန်တွင် တစ်ဖက်လူက မူးဝေနေသည့်တိုင် သတိလစ်မနေတော့ကြောင်း တွေ့လိုက်ရသည်။ ဤသို့ဖြင့် သူမတို့ နှစ်ဦးလုံး လျိုတဲနောက်သို့ လိုက်လာခဲ့ကြ၏။
အခန်းအပြင်ဘက်သို့ ထွက်လိုက်သည်နှင့် ယောဖန်းက ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုသူက မိုးပြာရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်များကို ဖြန့်ချထားကြောင်း သူမ သတိပြုမိလိုက်၏။ သူ၏ မျက်နှာတစ်ခြမ်းကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားကာ အရိပ်ကျနေသည့်တိုင် မျက်စိဖမ်းစားစရာ ဖြစ်နေသည်။
သူက …
အရှင့်သား မဟုတ်လား …
ယောဖန်း ထိတ်လန့်သွားပြီး သူမ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုဖြင့် ဖြူဆုတ်သွားသည်။ သူမက အိမ်ရှေ့စံအား မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူမ ထင်ယောင်ထင်မှား မြင်မိနေခြင်းပေလောဟုပင် တွေးလိုက်မိ၏။
အရှင့်သားက မြို့တော်မှာမဟုတ်ဘူးလား … ဘာလို့ ကျင်းကျိုးကို ရောက်လာတာလဲ …
ပြီးတော့ အရှင့်သားရဲ့ ခြေထောက်တွေက …
ယောဖန်း အဖြေမရှာနိုင်မီ ရှစ်ယဲ့က မျက်လွှာပင့်ကြည့်လိုက်သည်။ သူ၏ ဓားကဲ့သို့ထက်မြသော မျက်ဝန်းများက ယောဖန်းထံ ဦးတည်လာ၏။
ကယောဖန်း ထိုအကြည့်ကြောင့် မတောင့်ခံနိုင်ဖြစ်သွား၍ သူမ၏ ခြေထောက်များ ပျော့ခွေစပြုလာကာ လဲကျသွားသဖြင့် ကျောကျစ်က ဖမ်းထိန်းပေးလိုက်ရလေသည်။
ယောဖန်း တုန်တုန်ယင်ယင် မတ်တပ်ရပ်နေစဉ် ကျောကျစ်က သူမအား ထိန်းပေးထားသည့်လက်ကို လွှတ်လိုက်သည်။ ထို့နောက် အမြန်ရှေ့လျှောက်သွားကာ ချွေးစေးများဖြင့် ဦးညွှတ်လိုက်၏။
“အရှင့်သား ..”
ရှစ်ယဲ့က ကျောကျစ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်ဝယ် ဒေါသသာမက ပျော်ရွှင်မှုပါ ရှိမနေခဲ့ပေ။
“ထွက်သွား …”
ကျောကျစ်က ပြောလိုက်သည်။
“မှန်လှပါ ..”
ထို့နောက် ကျောကျစ်က ခြေထောက်များ ပျော့ခွေနေသည့် ယောဖန်းကိုဆွဲကာ လျိုတဲနှင့်အတူ ထွက်ခွာသွားတော့၏။
ဝမ်ချီက သူ ဆေးရည်ကန်ထဲတွင်မည်မျှ ကြာကြာ စိမ်နေခဲ့ကြောင်း မသိချေ။ သူ နိုးလာချိန်၌ ကျောကျစ်နှင့် ယောဖန်းတို့ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ကြသည်။
သို့သော် သူက အခြားလူများအား သူရေချိုးသည့်ကိစ္စ၌ ကူညီစေခြင်းနှင့် အသားမကျရာ ထိုအရာက အဆင်ပြေလှ၏။ သူတို့သာရှိပါက အနည်းငယ် ရှက်စရာကောင်းနေပေလိမ့်မည်။
ဝမ်ချီက သူ့နဖူးသူ စမ်းလိုက်၏။
ဆေးရည်ပူမှ ရေနွေးငွေ့ကြောင့်လော ဝမ်ချီမသိ၊ နဖူးရှိ အပူချိန်မှာ ခြစ်ခြစ်တောက်နေပြီး ယမန်နေ့ညကနှင့် ဘာမှမကွာလှပေ။
ဝမ်ချီက သူအပြင်းအထန် ဖျားနေကြောင်း လက်ခံလိုက်၏။ ယမန်နေ့ညက အရာဝတ္ထုများကို ဝေဝေဝါးဝါး မြင်ရသည့်တိုင် ယခုအခါတွင်မူ သူ့အမြင်၌ နှစ်ခုနှစ်ခု ပေါ်နေလေသည်။
သူက ဆေးရည်ဖြင့် ခဏတာ ဆက်စိမ်နေလိုက်ပြီးနောက် ရေချိုးကန်အတွင်းမှတက်ရန် ပြင်လိုက်၏။ ခဏကြာ ဆေးရည်စိမ်ခြင်းက ကောင်းမွန်သည့်တိုင် ဆေးနံ့များက ပြင်းလှရာ ကြာကြာစိမ်ရန် မသင့်တော်လှပေ။
သို့သော် ဝမ်ချီ ရပ်လိုက်သည်နှင့် သူ့မြင်ကွင်းတစ်ခုလုံး ချာချာလည်သွား၏။
သူက ခေါင်းယမ်းကာ အမြန်ထိုင်ချလိုက်ရသည်။
ခဏနားပြီးနောက် ဝမ်ချီက အကြိမ်အနည်းငယ်ခန့် ကြိုးစားကြည့်သေး၏။ သို့သော် သူက မူးဝေနေပြီး စည်ပိုင်းထဲမှပင် မထွက်နိုင်ခဲ့ချေ။ သူက စိတ်ပျက်လက်ပျက်ဖြင့် ရွေးချယ်စရာမရှိပဲ ကျောကျစ်နှင့် ယောဖန်းတို့ကိုသာ စောင့်ဆိုင်းရတော့၏။
သို့သော် သူ ကြာမြင့်စွာ စောင့်ခဲ့ရလေသည်။
ဝမ်ချီက ထိုင်ရင်း တင်ပါးနာလာသဖြင့် အနေအထား ပြောင်းလိုက်၏။ သူက လက်များကို ရေစည်ပေါ်တင်ကာ လက်ပေါ်သို့ မေးထောက်လျက် အိပ်မောကျသွားတော့သည်။
ရှစ်ယဲ့က မနီးမဝေးတွင် စောင့်ဆိုင်းနေပြီး ဝမ်ချီ အိပ်မောကျသွားချိန်မှသာ ဝင်လာ၏။
သူ့ ခြေလှမ်းများက ပေါ့ပါးလှသည်။
သူက ရေစည်ထံ လျှောက်လာပြီးနောက် ဖြည်းဖြည်းချင်း ရပ်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို ကိုင်ထားသည့် ယုန်တစ်ကောင်ကဲ့သို့ ရေစည်အစွန်းတွင် အိပ်ပျော်နေသည့် ဝမ်ချီကို ကြည့်ကာ ရယ်ချင်လာခဲ့သည်။
ဝမ်ချီ၏ မျက်တောင်ရှည်များက အိပ်မက်ဆိုး မက်နေဟန်ဖြင့် သိမ့်သိမ့်တုန်လှုပ်လျက်ရှိ၏။
ရှစ်ယဲ့က ဝမ်ချီ၏ မျက်နှာကို ငုံ့ကြည့်လိုက်သည်။
တစ်နေ့ညက သူ ပြတင်းပေါက် အဟကြားမှ ထိုမျက်နှာအား ကြည့်ခဲ့သည်။ သို့သော် ရှင်းလင်းစွာ မမြင်ရချေ။ ယခုအခါ သူ့အိပ်မက်ထဲ၌ အခါများစွာ ပေါ်ထွက်လာခဲ့သည့် မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။
သူက ဝမ်ချီ သတိမမူမိချိန်မှသာ ထိုသူ့အနား ရစ်ဝဲလာလေ့ရှိသည်။ သူက မြို့တော်မှ ထွက်ချင်သည့် အချိန်၌ ထွက်ခွာခဲ့ပြီး ကျင်းကျိုးသို့ လာချင်သည့်အချိန်၌ လာရောက်ခဲ့သည်။ သူသည် မည်သူ့ကိုမှ၊ မည်သည့်အရာကိုမှ ဂရုမစိုက်ချေ။ သို့သော် ဝမ်ချီနှင့်မူ မမြင်ရသည့် ကြိုးတစ်ချောင်းက သူတို့အား ရစ်ပတ်ထားသကဲ့သို့ပင်။
သူက ဝမ်ချီနှင့် ကင်းကင်းနေလိုခဲ့သည်။ ထို့နောက် မိုင်ထောင်ချီအကွာအဝေးကို အပြေးနှင်လာမိပြန်၏။
မြို့တော်မှ ကျင်းကျိုးသို့ ခရီးထွက်ခဲ့စဉ် သုံးကြိမ်ခန့် ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရသည်။ တစ်ကြိမ်၌ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ဝတ်ရုံတစ်ခုလုံး သွေးတို့ ရွှဲနစ်သွား၏။ သို့သော် ဤနေရာသို့ ဦးစားပေး ရောက်လာစမြဲပင်။
ရှစ်ယဲ့၏ အတွေးများက ဟိုဟိုသည်သည် ရောက်ရှိနေပြီးနောက် ဝမ်ချီ၏ နီမြန်းသောမျက်နှာပေါ်၌ ရပ်တန့်သွား၏။
ထိုစဉ် ဝမ်ချီက နိုးလာပြီး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ ဗာဒံစေ့သဏ္ဌာန် နက်မှောင်ရွှန်းစိုသော မျက်ဝန်းများက ရှစ်ယဲ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လျက်ရှိ၏။
ရှစ်ယဲ့သည်လည်း စကားတစ်ခွန်းမဆိုဘဲ တစ်ဖက်လူအား ကြည့်နေမိသည်။
ခဏအကြာ၌ ဝမ်ချီက မျက်လုံးမှိတ်ချကာ ကြောက်လန့်တကြား အော်လိုက်၏။
“ငါ့ကို လန့်သေအောင် လုပ်နေတာပဲ … လန့်လိုက်တာ … လန့်လိုက်တာ … လန့်လိုက်တာ …”
ရှစ်ယဲ့ “…”
သူ့အတွေးများက တစ်ခဏချင်း ပြိုကွဲသွားကာ စိတ်ဆိုးဆိုးနှင့် ရယ်လိုက်မိ၏။ ထို့နောက် ဝမ်ချီ၏ မျက်နှာအား ပုံမှန်အတိုင်း ဖျစ်ညှစ်လိုက်သည်။ သူ့လက်ချောင်းထိပ်ကလေးများက ဝမ်ချီ၏ ပါးပြင်တစ်လျှောက်ပွတ်ဆွဲနေ၏။
ရှစ်ယဲ့က တုန့်ဆိုင်းစွာဖြင့် သက်ပြင်းချကာ လက်ပြန်ရုတ်လိုက်သည်။
ထို့နောက် သူက မတ်တပ်ရပ်ရင်း ဝမ်ချီအား ဆေးရည်ကန်ထဲမှ ပွေ့ယူလိုက်၏။ ထို့နောက် အိပ်ရာထံသို့ လျှောက်သွားလိုက်သည်။
လက်ရှိအချိန်၌ ဝမ်ချီက ဖျတ်ခနဲ့ မျက်လုံးပွင့်လာကာ ရှစ်ယဲ့၏ မေးဖျားကို ခဏကြာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်၏။
ရှစ်ယဲ့က ဝမ်ချီ၏ အမူအရာအား မျက်ဝန်းထောင့်မှတစ်ဆင့် တွေ့လိုက်သည်။ သူ့နှလုံးသားထဲရှိ စိတ်ဓာတ်ကျမှုက ပိုဆိုးလာ၏။ သို့သော် သူက ဝမ်ချီရှေ့၌ ထုတ်ဖော်မပြဘဲ မှောင်မဲသော အမူအရာဖြင့်သာ တစ်ဖက်လူအား အိပ်ရာထဲသို့ သယ်သွားပေးလိုက်သည်။
ဝမ်ချီက ရေကန်ထဲမှ ထွက်လာသည့် ငါးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံး ရွှဲနစ်နေသည်။ သူက အိပ်ရာနှင့်ထိသည်နှင့် တစ်ချက်လေးပင် တုန့်ဆိုင်းမနေဘဲ ကိုယ်ကိုလိမ့်လိုက်သည်။ သူက ရှစ်ယဲ့၏ အကြည့်အောက်မှ ထွက်ပြေးလိုခြင်းဖြစ်၏။ ရလဒ်အနေဖြင့် အိပ်ရာခင်းတစ်ခုလုံး အမဲရောင်ဆေးများ စွန်းထင်းသွားတော့သည်။
ရှစ်ယဲ့က ဝမ်ချီ၏ ကြိုးစားမှုကို ကြည့်ရင်း ပြောလိုက်သည်။
“ပန်ကုန်းကြောင့်လန့်သွားပြီး ပြန်ကောင်းလာပြီလား …”
ထိုစကားများ ထွက်ကျလာသည်နှင့် ရှစ်ယဲ့အား ကျောပေးထားသည့် ဝမ်ချီ၏ပခုံးလေးများ တုန်လှုပ်သွားလေသည်။ သူက သတိကြီးကြီးထားနေသည့်တိုင် ရှစ်ယဲ့ကမူ ထိုအပြုအမူကို သတိပြုမိလိုက်၏။
ရှစ်ယဲ့က ဝမ်ချီ၏ တုံ့ပြန်မှုကြောင့်သာမက ကျင်းကျိုးသို့ ချက်ချင်းပြန်လာခဲ့သည့် သူ့အပြုအမူကြောင့်ပါ ရယ်ချင်လာသည်။ သူက နှိပ်စက်ခံရသည်ကို နှစ်သက်ပြီး ဝမ်ချီ့ထံမှ ဓားဖြင့်ထိုးစိုက်ခြင်းကိုခံလိုသည့် လူတစ်ဦး ဖြစ်ပေလိမ့်မည်။ ဝမ်ချီ၏ အပြုအမူအားလုံးက သူ့ရင်ကို ဓားနှင့်ထိုးစိုက်သည့်နှယ်ပင်။
ရှစ်ယဲ့က သူ့နှလုံးသားထဲရှိ ဒေါသကို ချုပ်တည်းကာ ဗီရိုထဲမှ သန့်ရှင်းသော အဝတ်များကို ထုတ်လိုက်သည်။ ထို့နောက် အိပ်ရာထံ ပြန်လျှောက်လာရင်း သူ့အား ကျောပေးထားဆဲဖြစ်သည့် ဝမ်ချီအား ငုံ့ကြည့်လိုက်၏။
“မင်းကို ငါကိုယ်တိုင် အဝတ်လဲပေးရမလား … ဒါမှ မဟုတ် မင်းဟာမင်း လဲမှာလား ….”
ဝမ်ချီက သင်ခန်းစာရသွားဟန်ဖြင့် ဤတစ်ကြိမ်၌ ပခုံးကိုပင် လှုပ်ခြင်းမပြုတော့။ အလောင်းတစ်လောင်းကဲ့သို့ ထောင့်နားတွင် လှဲလျောင်းနေလိုက်သည်။
ရှစ်ယဲ့က ခဏကြာ စောင့်ဆိုင်းခဲ့သည့်တိုင် ဝမ်ချီ့ထံမှ အဖြေမရခဲ့၍ ဝမ်ချီ အဆုံးထိ တုံးအချင်ယောင်ဆောင်နေမည်ကို ခန့်မှန်းမိသွားသည်။ ထို့ကြောင့် သူက ထောင့်နားရှိ ဝမ်ချီ့ထံသို့ လက်ဆန့်လိုက်၏။
မမျှော်လင့်ထားစွာပင် ဝမ်ချီက အားကုန်စိုက်ထုတ်ထားပုံပေါ်သည်။ ရှစ်ယဲ့က သူ့အား ဖက်ရန် ကြိုးစားလိုက်သည့်တိုင် ထိုသို့မလုပ်နိုင်ခဲ့ပေ။
ရှစ်ယဲ့ အနည်းငယ် ထပ်မံ၍ အားစိုက်လိုက်ချိန်မှသာ ဝမ်ချီ၏ ခုခံနိုင်စွမ်း လျော့ကျသွားခဲ့သည်။ မမျှော်လင့်ထားစွာပင် နှစ်ဝက်သာ ကုန်ဆုံးခဲ့သည့်တိုင် ဝမ်ချီက လျိုတဲထံမှ ပမာဏတစ်ခုအထိ သင်ယူနိုင်ခဲ့၏။
ဝမ်ချီ တစ်နေ့ညက သူရှိနေကြောင်း အာရုံခံမိခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ရှစ်ယဲ့၏ စိတ်တွင်းမှ ဒေါသက သူ့မျက်နှာထံသို့ ဦးတည်လာ၏။ သူ့မျက်နှာတစ်ခုလုံး မှောင်မဲနေပြီး ဒေါသထွက်လာခဲ့သည်။ သူက ခုတင်နံဘေးတွင် ရပ်နေခြင်းဖြစ်ရာ အားစိုက်ရန် မလွယ်ကူခဲ့ချေ။ ထို့ကြောင့် ကုတင်ပေါ်သို့ ခြေလှမ်းလိုက်၏။
ယခုအခါ ထောင့်တွင်ပုန်းနေသည့် ဝမ်ချီက ပုန်းစရာ နေရာမရှိတော့ပဲ ရှစ်ယဲ့၏ အရိပ်ဖြင့် လွှမ်းမိုးခံလိုက်ရသည်။
ရှစ်ယဲ့၏ အရှိန်အဝါက အလွန်သန်မာလှသည်။ ဝမ်ချီ သူ့အား ကျောပေးထားလျက်နှင့်ပင် သူ၏ ချဉ်းကပ်လာမှုကို ခံစားမိနေ၏။
လက်ရှိအချိန်၌ ဝမ်ချီ ထပ်မံ၍ ဟန်မဆောင်နိုင်တော့ပေ။ သူက အမြန်လှည့်ကာ ဘောလုံးတစ်လုံးကဲ့သို့ ကျုံ့လျက် ရှစ်ယဲ့သူ့အား မထိခင် အမြန်ပြောလိုက်သည်။
“ကိုယ့်ဘာသာ လဲမယ်…”
ရှစ်ယဲ့ ကြောင်အသွားသည်။ ဝမ်ချီအား ငုံ့ကြည့်နေသည့် သူ့မျက်လုံးများက မျက်တောင်ရှည်များဖြင့် ဝန်းရံလျက်ရှိ၏။
ဝမ်ချီ၏ ခေါင်းတစ်ခုလုံး ဝေဝါးနေခဲ့သည်။ သို့သော် အကြောင်းရင်းအချို့ကြောင့် ရှစ်ယဲ့၏ မျက်နှာအား တွေ့လိုက်ရချိန်၌ မူးဝေမှုအားလုံး ပျောက်ကွယ်သွား၏။ သူက တုန်တုန်ယင်ယင် ပြောလိုက်သည်။
“ကိုယ့်ဘာသာလုပ်မယ် … အပြင်ထွက်သွားပေးပါ …”
💮💮💮