Chapter 104
Viewers 15k

💮Chapter 104


 

ထိုသို့ပြောလိုက်သည်နှင့် ရှစ်ယဲ့၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။

 

ဝမ်ချီက သတ္တိကိုစုစည်းကာ ပြောလိုက်ရခြင်းဖြစ်ပြီး သူ့ကို သတ်လျှင်ပင် နောက်တစ်ကြိမ် ထပ်မပြောဝံ့တော့ချေ။ သူက ရှစ်ယဲ့ကိုသာ ကြည့်နေမိ၏။ သူ့မျက်နှာထက်၌ မည်သည့်ခံစားချက်မှ မရှိသည့်တိုင် သူ့မျက်ဝန်းတွင်းမှ သတိထားမှုကိုမူ ဖုံးကွယ်ရန် မစွမ်းသာခဲ့ချေ။

 

သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကြည့်နေမိသည်။

 

ရှစ်ယဲ့က ဦးဆုံး အကြည့်ရုတ်လိုက်၏။

 

ထို့နောက် သူက လက်ကိုရုတ်ကာ အိပ်ရာထက်မှ ဆင်း၍ စကားတစ်ခွန်းပင် မဆိုဘဲ လှည့်ထွက်သွားလေသည်။ တံခါးထံလျှောက်သွားပြီးနောက် ဝမ်ချီ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

 

ရှစ်ယဲ့ ထွက်သွားပြီဖြစ်ကြောင်း ဝမ်ချီ အတည်ပြုပြီးသည့်နောက် အိပ်ရာထက်မှ အမြန်ထလိုက်သည်။ သူက အဝတ်စိုများကို ချွတ်ကာ ရှစ်ယဲ့ ပစ်ပေးသွားသည့် အဝတ်များကို ဝတ်ဆင်လိုက်၏။

 

သူက အဝတ်မြန်မြန်လဲပြီးနောက် ပြန်လည်မူးဝေလာခဲ့သည်။ ဝမ်ချီက မျက်ခုံးနှစ်ခုကြားနေရာကို ခပ်ဖွဖွ ပွတ်လိုက်၏။ သူ့ခြေထောက်များမှာ ယိမ်းယိုင်လာသဖြင့် အိပ်ရာအစွန်း၌ အမြန်ထိုင်လိုက်ရသည်။

 

သို့သော် အိပ်ရာခင်းက ဆေးရည်များဖြင့် ရွှဲနစ်နေရာ ထိုင်၍အဆင်မပြေလှပေ။

 

ကံကောင်းစွာဖြင့် သူ ကြာကြာမထိုင်ရသေးမီ ယောဖန်းက ပြေးဝင်လာ၏။

“သခင်လေး …”

 

ဝမ်ချီ မော့ကြည့်လိုက်သည်။

 

ယောဖန်းက သတိကြီးကြီးထားကာ ပြောလိုက်၏။

“ဒီအစေခံက အိပ်ရာခင်း လဲပေးပါ့မယ် …”

 

ဝမ်ချီက ငြင်းဆန်ခြင်းမပြုဘဲ ထရပ်ကာ ခုတင်တိုင်ကို မှီလိုက်၏။ သို့သော် မကြာမီမှာပင် တစ်စုံတစ်ခုကို သတိရသွားပြီးနောက် ယောဖန်းအား အက်ရှရှအသံဖြင့် မေးလိုက်သည်။

“ရှစ်ယဲ့ ဘယ်တုန်းက ရောက်လာတာလဲ …”

 

အိပ်ရာခင်းများ လဲလှယ်နေသည့် ယောဖန်း၏လက်များ တုန်ယင်သွားရ၏။ သူမက တံခါးကို အမြန်လှည့်ကြည့်ကာ ဖြူလျော်သောမျက်နှာဖြင့် ဝမ်ချီ့အား ပြောလိုက်သည်။ 

“သခင်‌လေး … အရှင့်သားက အပြင်မှာ ရှိနေပါသေးတယ် … အရှင့်သား အမည်တပ်ခေါ်တာက အပြစ်ဒဏ်သင့်စေပါလိမ့်မယ် …”

 

ဝမ်ချီ “…”

 

ငါ ဒီတိုင်း လွှတ်ခနဲထွက်သွားတာ …

 

ထို့အပြင် ၎င်းက အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူက ရှစ်ယဲ့၏ ရှေ့တွင်သာမက ကွယ်ရာတွင်ပါ အမည်တပ်ခေါ်ခဲ့ဖူး၏။

 á€„ဍ အသတ်မခံရလို့ ရှစ်ယဲ့ကို ကျေးဇူးတင်ရမယ်ထင်တယ်…

 

သို့သော် ထိုအရာက အကြောင်းရင်း မဟုတ်ပေ။ ဝမ်ချီက အခေါ်အဝေါ်ကို ပြင်ကာ မေးလိုက်သည်။

“အရှင့်သား ဘယ်တုန်းက ရောက်လာတာလဲ …”

 

“မကြာသေးပါဘူး …အိမ်ရှေ့စံမင်းသားက ဝမ်သခင်လေး ဆေးရည်စိမ်နေတုန်း ရောက်လာခဲ့တာပါ …”

ယောဖန်းက အိပ်ရာခင်းကို ဖြန့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ 

 

ဒီတော့ ငါ လျှောက်မြင်နေတာ မဟုတ်ဘူးပေါ့ …

 

သူ ဆေးရည်ကန်ထဲတွင် စိမ်နေခဲ့စဉ် ရှစ်ယဲ့က သူ့အား အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။

 

ဝမ်ချီ နှာခေါင်းပွတ်လိုက်၏။ ရှစ်ယဲ့၏ အတွေးများကို သူနားမလည်နိုင်တော့ပေ။ နှုတ်ဆက်စကားပင် မဆိုဘဲ ထွက်သွားသူမှာလည်း ရှစ်ယဲ့ဖြစ်သလို ရုတ်တရက် ပေါ်လာသူသည်လည်း ရှစ်ယဲ့ဖြစ်သည်။ သူက မြို့တော်နှင့် ကျင်းကျိုးက နာရီဝက်သာကြာသည့်ခရီးဟု မှတ်ယူထားပုံပင်။

 

ဝမ်ချီက ရှစ်ယဲ့အတွက် ထိုသို့ပြန်လိုက်သွားလိုက်လုပ်ခြင်းက ပြဿနာရှိမည်လား မသိချေ။

 

ဝမ်ချီက တစ်ဖက်လူအား မည်သို့မှ နားမလည်နိုင်သည်ဖြစ်ရာ အတွေးရပ်လိုက်၏။ သူ၏ ဦးခေါင်းက အလွန်နာကျင်နေပြီး လျှပ်စစ်အားများ စိမ့်ဝင်နေသကဲ့သို့ပင်။ သူ၏ အာရုံကြောများသည်လည်း နာကျင်နေ၏။

 

ယောဖန်း အိပ်ရာခင်းကို လဲလှယ်သန့်ရှင်းပြီးသည့်နောက် ဝမ်ချီက အိပ်ရာပေါ်တက်ကာ လှဲလျောင်းလိုက်သည်။ ထို့နောက် နောက်ထပ် မနိုးထချင်သကဲ့သို့ မျက်လုံးမှိတ်ထားလိုက်၏။

 

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ယောဖန်းက နားချလာသည်။

“သခင်လေး … ညစာက မီးဖိုချောင်ထဲမှာ အသင့်ဖြစ်နေပါပြီ … ဒီအစေခံက ဆေးလည်း ကြိုထားပါတယ် … ညစာနဲ့ ဆေးကို ဒီအစေခံယူခဲ့ပေးပါ့မယ် … သခင်လေး နည်းနည်းတော့ စားလိုက်ပါလားဟင် …”

 

ဝမ်ချီက အဖျားကြောင့် မသက်မသာဖြစ်မှုနှင့် နာကျင်မှုတို့အား တပြိုင်နက် ခံစားနေရသည်။ ယောဖန်း ပြောသည့်စကားထဲတွင် မီးဖိုချောင်နှင့် ညစာဟူသည့် စကားလုံးများကိုသာ သူကြားလိုက်နိုင်၏။

 

သူက ခပ်တိုးတိုး ညည်းသံပြုလိုက်သည်။ သူ့၌ အသံပြုရန်ပင် ခွန်အားမကျန်တော့ချေ။

 

ယောဖန်းက တိတ်တဆိတ် ထွက်ခွာသွား၏။

 

သူမ မကြာမီမှာပင် ပြန်ဝင်လာသည်။

 

ယောဖန်းက စားပွဲပေါ်သို့ ညစာကိုတင်လိုက်သည်။ ခဏအကြာ၌ သူမအသံက ဝမ်ချီ၏နားစည်သို့ ရိုက်ခတ်လာပြန်၏။

“သခင်လေး … ညစာနဲ့ဆေး အသင့်ဖြစ်ပါပြီ … သခင်လေး ဆေးသောက်ပြီး ညစာစားလိုက်ပါလားဟင် …”

 

ဝမ်ချီ လှုပ်ပင်မလှုပ်ချင် ဖြစ်နေ၏။ သူက ရှစ်ယဲ့နှင့် ရင်ဆိုင်ခဲ့ရသည့်အလျောက် မောပန်းနေပြီး အားကုန်နေသည်။ လက်ရှိအချိန်၌ သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်နှစ်ခုလုံး ပင်ပန်းနေပြီး အိပ်ရာထက်မှပင် ထလိုစိတ်မရှိပေ။

 

ကံမကောင်းစွာဖြင့် ယောဖန်းက သူ့အား ပြောနေဆဲဖြစ်၏။ 

“သခင်လေး …”

 

ဝမ်ချီက အလောင်းတစ်လောင်းသဖွယ် ဆက်လက် ဟန်ဆောင်နေလိုက်သည်။

 

ယောဖန်းက ခဏကြာ တိတ်ဆိတ်နေပြီးနောက် အကြံရသွား၏။

“သခင်လေး … ဒီလိုဆိုရင်ရော … ဒီအစေခံ ဆေးကိုယူလာခဲ့ပါ့မယ် … အိပ်ရာထဲမှာပဲ သောက်လိုက်နော် …”


ဝမ်ချီက ထိုအရာကို ကြားသည့်နောက် အသံပြုလိုက်သည်။ သူ့အသံတွင် ဆန့်ကျင်မှုများ ပါဝင်နေ၏။

“ဒီမှာထားခဲ့လေ … ငါပြီးရင်သောက်လိုက်မယ် …”

 

“မဟုတ်တာ … ဆေးဆိုတာ ပူတုန်းသောက်ရတယ် … အစားဆိုတာ နွေးတုန်းစားရတယ်တဲ့ … အေးနေရင် ဘယ်အာနိသင်ရှိတော့မှာလဲ သခင်လေးရဲ့ …”

 

ဝမ်ချီက တစ်ချက်တွေးလိုက်သည်။ ဆေးက ပူသည်ဖြစ်စေ၊ အေးသည်ဖြစ်စေ ခါးမြဲခါးမည်ပင်။ သူ့အတွက် ထိုအချက်က အရေးမကြီးလှသေးပေ။ သူက လက်ရှိအချိန်၌ မလှုပ်ချင်သည်ကိုသာ သိ၏။

 

ထို့ကြောင့် ဝမ်ချီက ယောဖန်း၏ ထပ်မံခေါ်ဆိုမှုများကို လျစ်လျူရှုလျက် အလောင်းတစ်လောင်းအနေဖြင့်သာ ဟန်ဆောင်နေလိုက်၏။ ယောဖန်း အာခေါင်ခြောက်လာသည့်တိုင် ဝမ်ချီက လက်ချောင်းတစ်ချောင်းပင် မလှုပ်ရှားခဲ့။

 

ယောဖန်းက ရွေးချယ်စရာမရှိဘဲ ထွက်သွားရ၍ အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။

 

ဝမ်ချီက စိတ်ချလက်ချ အိပ်စက်နိုင်ပြီဟု တွေးလိုက်စဉ် ခြေသံများ ထပ်မံထွက်ပေါ်လာပြန်၏။ တစ်စုံတစ်ဦးက အခန်းထဲသို့ ဝင်ရောက်လာခဲ့ခြင်းပင်။

 

ထိုသူက အရှိန်ကို မလျှော့သည့်အပြင် ခြေသံပြင်းပြင်း နင်းလျက် ဝမ်ချီ၏အာရုံကို နိုးကြားလာအောင် ပြုမူနေ၏။

 

ခြေသံများက စားပွဲရှေ့တွင် ခဏရပ်သွားကာ ဝမ်ချီ၏ အိပ်ရာထံ ဦးတည်လာခဲ့သည်။

 

ခဏအကြာ၌ ရှစ်ယဲ့၏ အသံထွက်ပေါ်လာ၏။

“မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ် … ဆေးကိုမင်းဘာသာ သောက်မလား … ငါ တိုက်ရမလား ..”

 

ဝမ်ချီ “…”

 

ယောဖန်းရေ ချီးတဲ့မှ…

 

ဘာလို့ ရှစ်ယဲ့ကို သွားခေါ်လိုက်တာလဲ …

 

ဝမ်ချီ ဒေါသထွက်လာ၏။ သူက အိပ်ရာပေါ်၌ ခန္ဓာကိုယ်ကို ဖြေလျော့ကာ အနားယူနေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းလာ၏။ ဝမ်ချီက မလှုပ်မယှက်ဖြင့် အသက်ရှူသံကို မှန်မှန်ထိန်းညှိကာ အိပ်မောကျနေဟန် ဆောင်လိုက်သည်။

 

ရှစ်ယဲ့က အိပ်ရာရှေ့တွင် အတန်ကြာ ရပ်နေခဲ့၏။

 

ဝမ်ချီသည်လည်း စိုးရိမ်တကြီး ရှိနေခဲ့သည်။ သူက ရှစ်ယဲ့ ထွက်သွားမည်ကို စောင့်နေခဲ့၏။

 

ကံမကောင်းစွာဖြင့် ရှစ်ယဲ့က သူဖြစ်စေချင်သလို လှည့်ထွက်မသွားခဲ့။

 

မကြာမီမှာပင် ဝမ်ချီက ရုတ်တရက် အိပ်ရာအစွန်း နစ်ဝင်သွားသည်ကို ခံစားလိုက်ရသည်။ လက်တစ်ဖက်က သူ့လက်မောင်းကို ဆွဲယူလာကာ သူသည်လည်း ရှစ်ယဲ့၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည်။ ဝမ်ချီက ရုန်းကန်ချိန်ပင် မရခဲ့ချေ။

 

ဝမ်ချီ၏ မျက်ဝန်းများက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသည်။ ရှစ်ယဲ့က သူ့မေးကို မော့ကာ ဆေးများကို ငုံလျက် ခေါင်းငုံ့လာ၏။

 

ရှစ်ယဲ့၏ နှုတ်ခမ်းများမှာ အေးစက်လှသည်။ သူက နှုတ်ခမ်းကိုဟကာ ဆေးများကို ဝမ်ချီ့ပါးစပ်ထဲသို့ တွန်းပို့လိုက်၏။

 

ခါးသက်စေးကပ်လှသည့် အရသာက ဝမ်ချီ၏ ပါးစပ်တွင်းတွင် ပျံ့နှံ့သွားခဲ့သည်။ ဝမ်ချီက ရှစ်ယဲ့ သူ့အား နမ်းနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။ သူက သူ့ခန္ဓာကိုယ်ထဲရှိဆဲလ်များ အော်ဟစ်နေကြသလို ခံစားလိုက်ရပြီး ဆေးကိုရှောင်တိမ်းရန် ခေါင်းယိမ်းလိုက်လေသည်။

 

သို့သော် ရှစ်ယဲ့က သူ့ရည်ရွယ်ချက်ကို သတိပြုမိပုံဖြင့် သူ့ပါးပြင်အား ဖျစ်ညှစ်ကာ ပါးစပ်အတင်းဟစေ၍ ဆေးများအား တွန်းပို့လိုက်၏။

 

ဆေးရည်အားလုံးက ဝမ်ချီ၏ ပါးစပ်ထဲသို့ ရောက်ရှိသွားသည်။ သူ့မျက်နှာတစ်ခုလုံး စိမ်းဖန့်နေ၏။

 

ဆေးက အလွန်ခါးပြီး မြိုချရန် ခက်ခဲလှသည်။ သို့သော် ဝမ်ချီသာ မြိုမချချင်ပါက ရှစ်ယဲ့၏ ပါးစပ်ထဲသို့ ထွေးပစ်ရန်သာ ရှိတော့၏။

 

ဝမ်ချီက ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ဆေးအားလုံးကို မျက်ရည်အဝဲသားနှင့် မြိုချလိုက်ရတော့သည်။

 

ထိုဖြစ်စဉ်မှာ ဆယ်စုနှစ်တစ်ခုစာခန့် ကြာသွားသလို ထင်ရ၏။

 

သူက ရှစ်ယဲ့၏ ရင်ခွင်ထဲ၌ ရှိနေပြီး ကိုယ်ကိုကွေးထားမိသည်။ သူ သေတော့မည်ဟုပင် ခံစားလိုက်ရ၏။

 

သို့သော် ရှစ်ယဲ့၏ နှလုံးသားက လက်ရှိအချိန်၌ ကျောက်စိုင်ကဲ့သို့ မာကျောလှသည်။ သူက ဝမ်ချီ၏ကျောကို ခပ်ဖွဖွ ပုတ်ပေးနေသည့်တိုင် အခြားလက်တစ်ဖက်ကိုမူ ကျန်ရှိသည့် ဆေးများထံသို့ လှမ်းလိုက်၏။

 

ဝမ်ချီ အသက်ပြန်ရှူနိုင်ချိန်၌ နောက်ထပ် ဆေးရည်များ ထပ်မံဝင်ရောက်လာပြန်သည်။

 

ဝမ်ချီက သေခြင်းနှင့် ရှင်ခြင်းအကြားတွင် ထပ်ခါထပ်ခါ ရုန်းကန်ရင်း ဆေးတစ်ပန်းကန်လုံး သောက်လိုက်ရသည်။


သူက ဆေးအများအပြား သောက်ခဲ့ရသဖြင့် အနည်းငယ် သတိလက်လွတ် ဖြစ်နေ၏။ တည်ငြိမ်နေဆဲဖြစ်သည့် ရှစ်ယဲ့ကိုကြည့်ကာ ဝမ်ချီ မျက်မှောင်ကြုတ်လိုက်မိသည်။ 

“မင်းသား ထွက်သွားပြီမဟုတ်ဘူးလား … ဘာလို့ ပြန်လာတာလဲ … ပြန်လာဖို့ အကြောင်းရှိလို့လား …”

 

ရှစ်ယဲ့က ပန်းကန်လုံးအလွတ်ကို အိပ်ရာဘေးရှိ စင်ပေါ်သို့ တင်လိုက်ရင်း ဝမ်ချီ၏ မကျေမနပ်သံအား နားထောင်နေ၏။ သူ့လက်က လေထဲတွင် အချိန်အတန်ကြာ တန့်နေပြီးနောက် ဝမ်ချီ၏ပါးပြင်ထက်သို့ ကျဆင်းလာသည်။ ရှစ်ယဲ့က ဝမ်ချီ သူရှင်းပြသည်ကို ကြားမကြား မသေချာသည့်တိုင် ညှင်သာစွာ ရှင်းပြလိုက်လေသည်။

“အဲဒီနေ့က ပန်ကုန်း အရေးတကြီး စာလာလို့ ကိစ္စအချို့ကို ဖြေရှင်းဖို့အတွက် မြို့တော်ဆီ ပြန်သွားခဲ့တာပါ... ပန်ကုန်း မင်းကို နှုတ်ဆက်ခဲ့တယ်လေ …”

 

ဝမ်ချီက ခဏတွေးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပဲနဲ့ …”

 

ရှစ်ယဲ့က ပြောသည်။

“ပြန်စဉ်းစားကြည့်ပါဦး …”


ဝမ်ချီက မူးဝေနေဆဲဖြစ်သော်ငြား အတန်ကြာ တွေးကြည့်လိုက်သေး၏။ ရှစ်ယဲ့သူ့အား နှုတ်ဆက်စကား ဆိုသည်ကို မဆိုထားနှင့်၊ အစောက ပြောလိုက်သည့်စကားကိုပင် သူမေ့သွားလေပြီ။ ထို့ကြောင့် သူက ခေါင်းယမ်းလိုက်၏။ 

“မဟုတ်ပဲနဲ့ …”

 

ရှစ်ယဲ့က ထပ်ပြောလိုက်သည်။

“ပန်ကုန်း မင်းအိပ်ရာပေါ်ထိုင်ပြီး မင်းကို စကားပြောခဲ့တယ် … ဒီနေ့လိုမျိုးပေါ့ …”

 

“မဟုတ်ပါဘူး … ညာနေတာ …”

ဝမ်ချီက ဆံပင်များကို ထိုးဖွကာ ရှစ်ယဲ့အား မတရားသလို ကြည့်လိုက်သည်။

“တကယ်ပြောခဲ့ရင် ကျွန်တော်သတိရမှာပေါ့ … မပြောခဲ့လို့သာ ဘာမှ မမှတ်မိတာ …”

 

“မင်းကတော့ တကယ့်ကို အထင်ကြီးစရာ မရှိဘူး …အဲဒီ့ညက မင်း ဝက်သေတစ်ကောင်လို အိပ်ပျော်နေတာ … ပန်ကုန်း မင်းကို ခဏခဏနှိုးတာတောင် မင်းနိုးမလာပဲနဲ့ …. ပန်ကုန်းပြောတာ ဘယ်လိုကြားမှာလဲ …”

ရှစ်ယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။


ဝမ်ချီ “…”

 

ရှစ်ယဲ့က ငါ့ကို ဝက်နဲ့နှိုင်းတယ်ပေါ့လေ …

 

သူက ဂုဏ်သိက္ခာအား ထိပါးခံရသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် စိတ်ဆိုးဆိုးဖြင့် မျက်လုံးမှိတ်ကာ ရှစ်ယဲ့နှင့် ထပ်မံ၍ စကားမပြောချင်တော့ချေ။

 

သို့သော် ရှစ်ယဲ့က ကြာကြာမနေခဲ့ပေ။ သူက ဝမ်ချီအား ကောင်းမွန်စွာ အနားယူရန် ပြောကာ အိပ်ခန်းအတွင်းမှ ထွက်လာလိုက်သည်။

 

မကြာမီမှာပင် ယောဖန်းက သူ့အနီးသို့ ခပ်ဖွဖွ လှမ်းဝင်လာ၏။ သူမက ဝမ်ချီအား ညစာစားသုံးစေပြီးနောက် လင်ဗန်းနှင့်အတူ ပြန်ထွက်သွားခဲ့သည်။

 

ဝမ်ချီ အတန်ကြာ အိပ်မောကျသွား၏။

 

သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ပြတင်းပေါက် အပြင်ရှိ ကောင်းကင်က အနည်းငယ် တောက်ပနေသည်။ သို့သော် အပြင်ဘက်၌ မှောင်ရိပ်သန်းနေဆဲဖြစ်၏။ သူက အိမ်ထဲတွင် အလင်းရောင်ရစေရန် ဖယောင်းတိုင် မီးညှိလိုက်သည်။

 

ဝမ်ချီ ထထိုင်ကာ စောင်ကိုဖယ်ရှားလိုက်၏။ သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲစိုနေသော်လည်း ကိုယ်ပူကျသွားပြီဖြစ်ပြီး လန်းဆန်းမှုကိုလည်း ခံစားနေရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဖုန်များကင်းစင်သွားသည့်နှယ်ပင်။

 

သူက လျိုတဲအား ရေပူပြင်ပေးရန် တောင်းဆိုလိုက်၏။ ထို့နောက် ရေချိုးကာ မနက်စာစားပြီးနောက် သပ်သပ်ရပ်ရပ် ဝတ်ဆင်လျက် လူကြီးမင်းရင်းထံသို့ သွားရောက်လေသည်။

 

လူကြီးမင်းရင်းနေထိုင်သည့် ခြံဝန်းထဲသို့ ရောက်ချိန်တွင် လူကြီးမင်းရင်းနှင့် လူငယ်သုံးဦးအား ဝမ်ချီ တွေ့လိုက်ရ၏။ သူတို့က သူ မပါဘဲသွားရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

 

ဝမ်ချီအား တွေ့ချိန်၌ လူကြီးမင်းရင်းက အံ့အားသင့်သလို ဝမ်းလည်းသာသွား၏။ သို့သော် စိုးရိမ်စွာ မေးလာလေသည်။

“မင်း အပြင်းဖျားနေတယ်လို့ ကျုပ်ကြားတယ် … ရက်နည်းနည်းလောက် ဘာလို့ ထပ်မနားတာလဲ … မင်းကို ကျုပ်ခွင့်ရက်ပေးနိုင်ပါတယ် … ဒီအတိုင်း ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ…”

 

ယခုအခါ ဆောင်းဝင်လာပြီဖြစ်၍ အချိန်မှာ ငွေဖြစ်လေသည်။

 

ဝမ်ချီက ရက်ပေါင်းများစွာ နှောင့်နှေးစေခဲ့သည်။ လူကြီးမင်းရင်းက မည်သို့မှ စိတ်မရှိသည့်တိုင် သူကမူ အားနာနေ၏။ သူက လက်များကို ဆုပ်ကာ ပြောလိုက်သည်။ 

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ဟွားသခင်လေးကျေးဇူးနဲ့ ကျွန်တော် ပြန်သက်သာလာပါပြီ … ဒါ့ကြောင့် ကျွန်တော် ကိစ္စတွေကို ထပ်ပြီး မနှောင့်နှေးစေဘဲ လူကြီးမင်းရင်းကို ကူညီဖို့ လာခဲ့တာပါ …”

 

“ဒီလိုမယူဆပါနဲ့ …”

လူကြီးမင်းရင်းက အပြုံးဖြင့် ပြော၏။ သူက ထိုသို့ ပြောသည့်တိုင် ဝမ်ချီက ခေါင်းမာမာနှင့် ရှိနေရာ တစ်ဖက်လူအား နားချလိုခြင်းကို ရပ်တန့်လိုက်လေသည်။

 

ရထားလုံးထဲတွင် လူကြီးမင်းရင်းက ဝမ်ချီ၏ ဖျားနာမှုအကြောင်း မေးရင်း သူနှင့် စကားတပြောပြော ရှိနေ၏။ လူကြီးမင်းရင်းက ဝမ်ချီအား နွေးနွေးထွေးထွေးနေရန် မှာကြားရန်လည်း မမေ့ခဲ့ချေ။ ကျင်းကျိုးရှိ ဆောင်းရာသီက မြို့တော်ထက် များစွာအေးလှသည်။ ဂရုမစိုက်သည်နှင့် အဖျားဝင်သွားမည်ပင်။

 

ဝမ်ချီက ထိုသို့ကြားသည်နှင့် မြန်မြန် ခေါင်းညိတ်လိုက်၏။

 

အမှန်ပဲလေ …

 

ငါ မြင်ချင်ရာ လျှောက်မြင်လိုက်တာမှ ရှစ်ယဲ့က ကျင်းကျိုးကို ရောက်လာပြီး ငါ့ကို ပါးစပ်ချင်းတေ့ပြီး ဆေးတိုက်သွားသေးတယ် လို့တောင် ပါလိုက်သေးတယ် … ငါအအေးမိပြီး လျှောက်မြင်နေတာမလား …

 


💮💮💮


[T/N - သနားစရာလေး … ဝမ်ချီ့လို ငတုံးလေးကို ချစ်ရတာလည်း တော်တော်ပင်ပန်းမှာပဲ]