Chapter 107
Viewers 35k

💮Chapter 107


 

သူက စာအုပ်ကိုချကာ နားထောင်ရန် ပြင်လိုက်သည်။ 

“ပြောပြပါဦး …”

 

သို့သော် ဝမ်ချီက ရှစ်ယဲ့၏ စာအုပ်ကိုသာ စိုက်ကြည့်နေ၏။

 

ရှစ်ယဲ့က ဝမ်ချီ၏ အကြည့်ကို သတိပြုဟန်ဖြင့် ရုတ်တရက် ရယ်လိုက်သည်။ ထို့နောက် သူက လက်ကိုဝေ့ယမ်းကာ စာမျက်နှာအား ဖွင့်ပြလိုက်ပြီး အပြစ်ကင်းစွာ ပြောသည်။

“ဒါက ငါကိုယ်တိုင် ဝယ်လာတဲ့ စာအုပ်ပါ … မင်းစာအုပ်တွေမဟုတ်ဘူး …”

 

ရှစ်ယဲ့သူ့ရှေ့၌ ပန်ကုန်းဟု သုံးနှုန်းခြင်းမရှိတော့သည်ကို ဝမ်ချီ သတိပြုမိလိုက်၏။

 

သို့သော် ၎င်းက အကြောင်းမဟုတ်ပေ။

 

“ ကျွန်တော့်စာအုပ်တွေက ဘာဖြစ်နေလို့လဲ … အားလုံးက စာအုပ်ကောင်းတွေပါ …”

ဝမ်ချီက စာအုပ်ကို ရှက်ရွံ့စွာ ပိတ်လိုက်၏။ ထို့နောက် သူ၏ အင်္ကျီလက်တွင်းမှ လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။ အနက်ရောင်ဆေးလုံးသည် ထိုလက်ကိုင်ပုဝါအတွင်း၌ ရှိနေ၏။

“ကြည့်ကြည့် …”

 

ရှစ်ယဲ့သည်လည်း ကျောကျစ်ကဲ့သို့ပင် ဆေးလုံးအား တစ်ချက်ကြည့်ရုံနှင့်ပင် နားလည်လိုက်၏။ သို့သော် သူက ကျောကျစ်ထက် ပို၍တည်ငြိမ်ပြီး မည်သည့်အမူအရာမှ ပြသခြင်းမရှိပေ။ သူ့အရှေ့ရှိ ဆေးလုံးမှာ သာမန်ဆေးလုံးတစ်ခုကဲ့သို့ပင် မည်သည့်ခံစားချက်လှိုင်းမှ ထမလာခဲ့ချေ။

 

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရှစ်ယဲ့က မေးလိုက်သည်။

“ဒီဆေးကို ဘယ်ကရတာလဲ …”

 

ဝမ်ချီက ရှစ်ယဲ့အား ယနေ့ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြလိုက်၏။

 

ရှစ်ယဲ့က တိတ်ဆိတ်စွာ နားထောင်နေပြီး သူ့မျက်နှာပင် တစ်ချက်ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ထွက်သက်ပင်လျှင် အေးစက်လာကြောင်း  ဝမ်ချီ ခံစားမိနေ၏။ သူ့မျက်ဝန်းတွင်းရှိ အေးစက်မှုများကိုမူ မျက်တောင်ရှည်များက ဖုံးကာထားလေသည်။

 

ဝမ်ချီက ရှစ်ယဲ့၏ ရုတ်တရက်ဆန်သော ပြောင်းလဲမှုကြောင့် ထိတ်လန့်သွားကာ ပခုံးလေးများ ကျုံ့လိုက်မိသည်။ ထို့နောက် ညှင်သာစွာ မေးလိုက်၏။

“ဘာလို့ ဟွားမိသားစုက ကျွန်တော့်ဆီလာတာလဲ …”

 

ရှစ်ယဲ့က ပြန်ဖြေရမည့်အစား မေးခွန်းနှင့် တုံ့ပြန်၏။

“မင်း သေမှာ ကြောက်နေတာလား …”

 

ထိုမေးခွန်းက ဝမ်ချီ့အတွက် ရယ်ချင်စရာဖြစ်သည်။ သို့သော် သူက အမှန်အတိုင်း ပြန်ဖြေလိုက်၏။ 

“ အသက်ရှင်နေရတာက သိပ်ပြီးစိတ်ဝင်စားစရာမကောင်းပေမယ့် ကျွန်တော် အခုထိတော့ မသေချင်သေးဘူး …”

 

ရှစ်ယဲ့က လက်ကိုမြှောက်ကာ ဝမ်ချီ၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ သူက ဝမ်ချီ၏ ဆံစများကို အသာဖွရင်း ထူးထူးခြားခြား ညှင်သာစွာ မေးလာ၏။

“ငါမင်းကို သေခွင့်မပေးပါဘူး … မင်း ကောင်းကောင်းနေရမှာပါ …”

 

ဝမ်ချီက မျက်လုံးလှန်ကြည့်လိုက်သည်။ ရှစ်ယဲ့၏ မျက်ဝန်းနက်များတွင် သူနားမလည်နိုင်သည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

 

ထို့နောက် သူက ရုတ်တရက် ခေါင်းကိုယိမ်းကာ ရှစ်ယဲ့၏ လက်ကို ရှောင်လိုက်သည်။

 

ရှစ်ယဲ့က ခဏကြာ တောင့်ခဲသွားသော်လည်း သူ့လက်ကို ပြန်ရုတ်လိုက်၏။

 

ဝမ်ချီက သူ့အား မေးလိုက်သည်။

“ကျွန်တော် သေတော့မှာလား …”

 

ရှစ်ယဲ့က ပြောသည်။

“သူတို့ပစ်မှတ်က ငါလေ … မင်းနောက်ကို လိုက်တယ်ဆိုတာလည်း ငါ့ကိုမင်းနဲ့ ခြိမ်းခြောက်ချင်လို့ပဲ …”

 

ဝမ်ချီက ထိုအဖြေကြောင့် ပြောစရာစကားမရှိ ဖြစ်သွား၏။ အဘယ့်ကြောင့် ဟွားမိသားစု ထိုသို့လုပ်ရကြောင်း သူ နားမလည်နိုင်ချေ။ ဟွားမိသားစုက ရှစ်ယဲ့နှလုံးသားထဲရှိ သူ့နေရာအား ပိုတွက်ခဲ့ကြခြင်းသာ ဖြစ်၏။

 

အဘယ့်ကြောင့်မှန်းမသိ၊ ဝမ်ချီ၏ နှလုံးသားထဲတွင် စတင်ချဉ်စူးလာခဲ့သည်။ သူက ထိုခံစားချက်များကို မြန်မြန်ဖိနှိပ်လိုက်၏။

 

“သူတို့ ပစ်မှတ်က အရှင့်သားလို့ ပြောတယ်နော်  အဲဒါ ဘာကိုဆိုလိုတာလဲ … အရှင့်သားရဲ့အမေက ဟွားမိသားစုကပဲလေ … သူတို့ကလည်း အရှင့်သားရဲ့မိသားစုပဲ မဟုတ်လား …”

ဝမ်ချီက သူ့သံသယများကို ထုတ်မေးလိုက်သည်။


ထိုမှတ်ချက်ကြောင့် ရှစ်ယဲ့က ခပ်ဖွဖွရယ်လိုက်မိ၏။ “ငါက သူတို့မိသားစုလို့ ဘယ်သူပြောလဲ …”

 

ဝမ်ချီ ပခုံးတွန့်လိုက်သည်။

 

ရှစ်ယဲ့က ပြော၏။

“သူတို့ ငါ့ကို နန်းတော် ပြန်ပို့ခဲ့တယ်ဆိုတာ တော်ဝင်မိသားစုထဲမှာ သူတို့ရုပ်သေးတစ်ခု ရှိလာဖို့ပဲ … ကံမကောင်းချင်တော့ ငါက သူတို့လိုချင်တဲ့အတိုင်း မလုပ်တဲ့အပြင် သူတို့ကိုတောင် ပြန်ဖိနှိပ်လိုက်သေးတယ်လေ … အခု သူတို့က ငါ့ကို မထိန်းချုပ်နိုင်တော့ သတ်ချင်ကြတာပေါ့ …”

 

ဝမ်ချီ ခေါင်းကုတ်လိုက်၏။

“ဒါပေမယ့် အရှင့်သား တစ်ခုခုဖြစ်သွားရင် သူတို့လည်း အများကြီး ခံစားရမှာပေါ့ …”

 

ရှစ်ယဲ့က ခေါင်းယမ်းလိုက်သည်။

“ငါ မရှိတော့ရင် ဟွားမိသားစုက ရက်နည်းနည်းတော့ ဒုက္ခရောက်မှာပေါ့ … ဒါပေမယ့် သူတို့က ရုပ်သေးအသစ်တွေ ထပ်သုံးလို့ရတယ်လေ … ဒါပေမယ့် ငါရှိနေသရွေ့ ငါ့ရဲ့ဖိနှိပ်မှုကို သူတို့ရင်ဆိုင်နေရဦးမှာပဲ …”

 

ရှစ်ယဲ့က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်မိသည်။

“ဟွားရန်ရုန် ဘယ်လိုနောက်ပို့ခံခဲ့ရလဲ မင်းမေ့သွားပြီလား… ဟွားမိသားစု အစွမ်းရှိနေသရွေ့ သူတို့ ပြန်ပြီးရပ်တည်လာနိုင်ဦးမှာပဲ … ငါက သူတို့အတွက် ကောင်းကျိုးထက် အန္တရာယ်ကိုပဲ ပိုပြီးဖြစ်စေမှာမဟုတ်လား …”

 

ဝမ်ချီက စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွားရသည်။

 

လက်ရှိအချိန်၌ သူ့စိတ်ထဲတွင် ခန့်မှန်းမှုတစ်ခု ထွက်ပေါ်လာ၏။ 

မူလဇာတ်ကြောင်းမှာ ရှစ်ယဲ့ကို ရက်စက်တဲ့မင်းတစ်ပါးဆိုပြီး ဖြုတ်ချခဲ့တဲ့လူက ရှစ်ကျင်းရော ဟုတ်ပါ့မလား … ဟွားမိသားစု ပါဝင်နေတာများလား …


မူလဇာတ်ကြောင်းမှာ စာရေးသူက စာဖတ်သူများကို ထုတ်ပြချင်သည့် အကြောင်းအရာများကိုသာ ရေးသားထားသော စက္ကူများဖြစ်သည်။ ဝမ်ချီသည်လည်း ထိုသို့ တွေးခဲ့မိ၏။

 

သူ ဤကမ္ဘာသို့ ရောက်လာချိန်မှသာ ဇာတ်ကြောင်းက ရေခဲတောင်ကြီး၏ ရေပေါ်ပေါ်နေသော အပိုင်းအစငယ်တစ်ခုအပြင် ဘာမှမဟုတ်ကြောင်း သိလာခဲ့ရသည်။ ဇာတ်ကောင်ဟု သူထင်ထားခဲ့သည့် လူတိုင်း၌ အတွေးများ၊ ခံစားချက်များရှိပြီး ငိုနိုင်ရယ်နိုင်ကြ၏။

 

ရှစ်ယဲ့က အကြောင်းမရှိဘဲ ရက်စက်နေခြင်း မဟုတ်သလို၊ ရှစ်ကျင်းသည်လည်း အားနည်း၍ ရယူလိုစိတ်နည်းသည့် မင်းသားတစ်ပါးအဖြစ်မှ ဘုရင်အား ပုန်ကန်နိုင်သည့် မင်းသားတစ်ပါးအဖြစ် နေ့ချင်းညချင်း ပြောင်းလဲနိုင်ခဲ့ခြင်းမဟုတ်ပေ။

 

ဤအကြောင်းအရာများ အားလုံး၏ နောက်ကွယ်တွင် အကြောင်းပြချက် အမျိုးမျိုးရှိ၏။ သို့သော် ကံမကောင်းစွာဖြင့် မူလဝတ္ထုကိုသာ ဖတ်ခဲ့သည့် ဝမ်ချီက ၎င်းတို့အား မသိနိုင်ခဲ့ပေ။

 

…..

 

နှစ်ဟောင်း ကုန်ဆုံးတော့မည်ဖြစ်ရာ အားလပ်ရက်ယူထားသည့် ဝမ်ချီမှာ အားလပ်နေပြီး ရှစ်ယဲ့ကမူ ပို၍ အလုပ်ရှုပ်လာသည်။

 

အဆုံးတွင် မိန်းမစိုးကျိုးက ရှစ်ယဲ့အား နေ့တိုင်းစာပို့ရင်း မြို့တော်သို့ အမြန်ပြန်လာရန် လောဆော်ရတော့သည်။

 

ရှစ်ယဲ့ ထွက်သွားသည့်နောက် ဝမ်ချီ၏ ဘဝမှာ ပျင်းစရာကောင်းသွားသည်မှအပ ဘာမှပြောင်းလဲမသွားခဲ့ပေ။

 

သို့သော် ဝမ်ချီက သူနှင့်ရှစ်ယဲ့တို့ နှစ်နှစ်နီးပါးခွဲခွာနေရပြီး ကျင်းကျိုး၌ နှစ်နှစ်ကျော်မျှ နေထိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

 

မြို့တော်၌ ပျံ့နှံ့နေသော အတင်းအဖျင်းများကိုလည်း ဝမ်ချီ မသိရှိပေ။ အဘယ့်ကြောင့်ဆိုသော် ကျောကျစ်နှင့် လျိုတဲက ဝမ်ချီ၏နားထဲသို့ မည်သည့်အတင်းအဖျင်းမှ မရောက်အောင် တားဆီးထား၍ ဖြစ်သည်။

 

ဝမ်ချီက လူကြီးမင်းရင်းထံမှတစ်ဆင့် မင်းကြီး ဖျားနာနေမှုကို ကြားသိခဲ့သည်။ အိမ်ရှေ့စံသည်လည်း မင်းကြီး၏ နာဖျားမှုကြောင့် အခက်တွေ့နေကြောင်း သိရ၏။

 

ဝမ်ချီက ထိုစကားကို ကြားချိန်တွင် ခေါင်းငုံ့လျက် လုပ်စရာရှိသည်ကိုသာ လုပ်နေခဲ့၏။

 

သူက ဝိညာဉ်ကူးပြောင်းလာသည့် လူတစ်ဦးဖြစ်ပြီး ဇာတ်ကြောင်းကို သိလျှင်ပင် ရှစ်ယဲ့အား ကူညီနိုင်သည့်အရာမရှိပေ။

 

-----


နှစ်နှစ်ကြာပြီးနောက် …

 

ကျင်းကျိုး၌ ငန်းမွှေးများ ကျဆင်းနေသကဲ့သို့ နှင်းများ ထူထဲစွာ ကျဆင်းနေ၏။ နှင်းလွှာက ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်ဝတ်ရုံ ခြုံပေးသကဲ့သို့ လွှမ်းခြုံလျက်ရှိသည်။

 

မြို့တော်ဝန်ကျိုးက ထိုမျှများပြားလှသည့် နှင်းများကို မမြင်ဖူးသဖြင့် ဗျာများနေ၏။ ကျိုင်းကောင်ကပ်ဘေး ဖြေရှင်းချိန်မှစ၍ ကျင်းကျိုး၌ နှင်းများနှစ်တိုင်း ကျဆင်းလာခဲ့သည်ပင်။

 

ယခုလက်ရှိအချိန်၌ ကျိုင်းကောင်များ အလွန်လျော့နည်းသွားကြ၏။ သူတို့က လူများစုဆောင်းကာ ဘေးမဲ့နေရာများ သတ်မှတ်ခြင်း၊ မြစ်များတူးဖော်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ တရားရုံးမှ ဝေပုံကျရလာသည့် ငွေအားလုံးမှာ လူများအား အဝတ်အထည်နှင့် အစားအစာများ ပေးကမ်းခြင်းတို့တွင် ကောင်းမွန်စွာ အသုံးချခံခဲ့ရသည်။

 

လူနေမှုအဆင့်အတန်း တိုးတက်စေရန်မှာ အချိန်လိုအပ်ပြီး မြို့တော်ဝန်ကျိုးနှင့် အမှုထမ်းများ၏ အားစိုက်ထုတ်မှုများကို လိုအပ်၏။

 

လူကြီးမင်းရင်း၊ ဝမ်ချီနှင့် အခြားလူများကမူ ကျန်ကိစ္စများကို ထိုသူများထံ လွှဲပေးခဲ့ကာ မြို့တော်သို့ အတူတကွ ပြန်လာခဲ့ကြသည်။

 

ကျင်းကျိုးမှ မြို့တော်သို့ သွားရာလမ်းတွင် နှင်းများ ဖုံးလွှမ်းနေ၏။ လမ်းပိတ်နေခြင်း မရှိသည့်တိုင် လမ်းလျှောက်ရခက်သဖြင့် ပုံမှန်သုံးရက်ကြာ ခရီးက ငါးရက်မှ ခြောက်ရက်အထိ ကြာမြင့်သွားလေသည်။

 

လူကြီးမင်းရင်းနှင့် အခြားလူများမှာ အိမ်ပြန်ရန် လက်ချိုးရေတွက်ရင်း စောင့်ဆိုင်းခဲ့ကြ၏။

 

ဝမ်ချီ တစ်ဦးထဲသာ ရထားလုံးထဲတွင် အေးအေးဆေးဆေး ရှိနေလေသည်။ သူက အားလုံး၏ ဆွေးနွေးမှုများကို ကြားသည့်တိုင် မျက်လုံးတစ်ချက်ပင် လှန်မကြည့်ဘဲ သစ်သားရုပ်တစ်ခုကဲ့သို့ ပြုမူနေလေသည်။

 

လူကြီးမင်းရင်းက ထိုအရာကို မြင်သည့်အခါ ရယ်ချင်လာမိ၏။ တစ်ချိန်ထဲမှာပင် မြေကြီးထဲသို့ ကိုယ်တစ်ဝက်ရောက်နှင့်နေသည့် သူက အခြားလူငယ်လေးများနှင့် လိုက်ပါ၍ စိတ်လှုပ်ရှားနေမိသည်ဟုလည်း တွေးမိလိုက်သည်။

 

လူငယ်လေးများ ရထားလုံးတွင်းမှ ထွက်ခွာသွားကြသည့်နောက် လူကြီးမင်းရင်းက ဝမ်ချီအား ကြည့်ကာ ချောင်းတစ်ချက်ဟန့်လိုက်၏။

“ပြန်ရောက်ရင် ဘာလုပ်မယ် စီစဉ်ထားလဲ …”

 

ဝမ်ချီ သတိပြန်ဝင်လာကာ လူကြီးမင်းရင်းအား ကြည့်လိုက်မိသည်။

 

ဝမ်ချီ၏ ဖြူဖွေးသောပါးပြင်နှင့် ဗာဒံစေ့မျက်ဝန်းများကို ကြည့်ကာ လူကြီးမင်းရင်းက သားဖြစ်သူအကြောင်း တွေးလိုက်မိသည်။ သူ၏ ဒုတိယသားက ဝမ်ချီနှင့် အသက်တူဖြစ်သည့်တိုင် သောက်စားပျော်ပါး၍ သူငယ်ချင်းများနှင့် လျှောက်သွားနေတတ်လေသည်။

 

လွန်ခဲ့သောနှစ်နှစ်အတွင်း လူကြီးမင်းရင်းက ဝမ်ချီ၏ ပြုမူပုံများကို မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။ ဝမ်ချီနှင့်သူ တိုက်ခိုက်ခံရစဉ်က သူ့ကိုကယ်ရန် လူသတ်သမားများအား တစ်ဖက်လူမျှားခေါ်သွားခဲ့သည်ကို အမြဲအမှတ်ရနေမိသည်။


လူကြီးမင်းရင်းက ခဏတွေးကာ သူ့နှလုံးသားထဲရှိ စကားများကို ပြောလိုက်သည်။

“ဒီစကားပြောသင့်လား မသိပေမယ့် ကျုပ်တို့ရဲ့ ခင်မင်မှုအရ မင်းကို ပြောဖို့လိုတယ်လို့ထင်တယ် …  ကျုပ်တို့ရဲ့ ပန်းတိုင်ကို မရောက်သေးပေမယ့် အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း လုပ်နိုင်ခဲ့တာပဲ မဟုတ်လား … ကျုပ်မင်းအတွက် မင်းကြီးကို တောင်းဆိုပေးမှာပါ .. မင်းရဲ့ နှစ်နှစ်တာ အလုပ်ကြိုးစားမှုအတွက် ကွာရှင်းစာချုပ်နဲ့အတူ လွတ်လပ်ခွင့် ပြန်ပေးဖို့ကိုပေါ့ …”

 

ထိုစကားများကြောင့် ဝမ်ချီ၏ မျက်ဝန်းများက ရုတ်တရက် ကြည်လင်လာကာ အမူအရာမှာလည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။

“အဲဒီလို လုပ်ပေးလို့ရလား …”

 

မူလတွင် လူကြီးမင်းရင်းက တွန့်ဆုတ်နေပြီး သူ၏ စွက်ဖက်မှုကြောင့် ပြဿနာများစွာ တက်မည်ကို စိုးရိမ်ခဲ့သည်။ ထို့အပြင် ဝမ်ချီနှင့် အိမ်ရှေ့စံ၏ ဆက်ဆံရေးမှာ အသေးအဖွဲကိစ္စမဟုတ်ပေ။ သို့သော် ဝမ်ချီ၏ မျက်ဝန်းများထဲရှိ ဒီရေကဲ့သို့ တရိပ်ရိပ်တက်လာသော ပျော်ရွှင်မှုက သူ၏ တွန့်ဆုတ်မှုများကို ရှင်းထုတ်ပစ်လိုက်၏။

 

လူကြီးမင်းရင်းက မျက်လုံးများ မှိတ်ကျသွားသည်အထိ ပြုံးလိုက်သည်။

“မင်း ဆန္ဒရှိရင်ပေါ့ …”

 

ဝမ်ချီက မတ်မတ်ထိုင်ကာ ဦးညွှတ်လျက် လူကြီးမင်းရင်းအား ကျေးဇူးတင်လိုက်သည်။

“လူကြီးမင်းရင်းရဲ့ ကူညီမှုကို ကျွန်တော် အမှတ်ရနေပါ့မယ် … အနာဂတ်မှာ အခွင့်အရေးရှိတာနဲ့ ပြန်ပေးဆပ်ပါ့မယ် …”

 

သူက ထွက်သွားချင်မိသည်။

 

အထူးသဖြင့် အရှေ့နန်းတော်နှင့် ရှစ်ယဲ့ထံမှ ဖြစ်၏။

 

မြို့တော်သို့ ရောက်ရန် ငါးရက်ခွဲကြာမြင့်ခဲ့သည်။ သူတို့က ခြောက်ရက်မြောက်နေ့ ညနေမှသာ မြို့တော်သို့ ရောက်သွားခဲ့၏။

 

ခရီးမှာ ကြမ်းတမ်းလှသည်။ လူကြီးမင်းရင်းကဲ့သို့ ခရီးသွားနေကျလူပင် အကြိမ်ရေအချို့ အန်ခဲ့၏။ ဝမ်ချီကဲ့သို့ ခေတ်သစ်၏ လေယာဉ်များနှင့် မြန်နှုန်းမြင့်ရထားများအား အသားကျနေသူပင် ဤခရီးကို တောင့်မခံနိုင်ခဲ့ချေ။

 

ကံကောင်းစွာဖြင့် ယောဖန်းက သူ့အား အချိန်ကိုက် ကူညီပေးခဲ့၏။

 

မြို့တော်သို့ရောက်ချိန်တွင် သူတို့က ပထမဆုံး အိမ်ပြန်နားလိုခဲ့ကြသည်။ နောက်တစ်နေ့မနက်မှသာ ညီလာခံသို့ တက်ရန်အတွက် နန်းတော်ဂိတ်၌စုဝေးရန် သဘောတူလိုက်ကြ၏။

 

ဝမ်ချီက အလွန်ပင်ပန်းနေပြီး ဝါးပလွေအိမ်တော်အသစ်ထံသို့ ဦးတည်လိုက်သည်။ သူက ရေချိုး၊ ညစာစားပြီးနောက် အိပ်မောကျသွားတော့၏။

 

ဝမ်ချီ မည်မျှကြာအောင် အိပ်မိမှန်းပင် သူ့ကိုယ်သူ မသိချေ။

 

အိပ်တစ်ဝက်၊နိုးတစ်ဝက် အခြေအနေ၌ တစ်စုံတစ်ဦး သူ့ဆံပင်များကို ညှင်သာစွာ ဖွနေကြောင်း သတိပြုမိလိုက်၏။

 

ဝမ်ချီက မျက်လုံးဖွင့်ကြည့်ချင်သော်လည်း ထိုသို့လုပ်ရန်ပင် အားမကျန်တော့သည်အထိ ပင်ပန်းနေလေသည်။



💮💮💮