Chapter 108
Viewers 35k

💮Chapter 108



 

နောက်တစ်နေ့၌ …

 

ဝမ်ချီအား ယောထောင်က လာနှိုးလေသည်။

 

ယောထောင်အား မတွေ့ရသည်မှာ နှစ်နှစ်ကျော်လေပြီ။ သူမက အရပ်အနည်းငယ် ပိုရှည်လာသည်မှအပ မည်သို့မှ မပြောင်းလဲသွားခဲ့ချေ။

 

ဝမ်ချီ ဆေးကြောပြီးသည့်နောက် ယောထောင်အား တွေ့လိုက်ရခြင်းဖြစ်သည်။ သူမက ဝမ်ချီ၏ နှာခေါင်းနားသို့ပင် ရောက်လုနီးနီး အရပ်ရှည်လာ၏။

 

ဝါးပလွေအိမ်တော်အသစ်ကို အခန်းအမြောက်အများဖြင့် ဖွဲ့စည်းထားပြီး ရှေ့ခြံဝန်းတွင်လည်း တံတားငယ်လေးများ၊ စမ်းချောင်းလေးများ ပါရှိ၏။ ထို့အတူ ဝမ်ချီမရင်းနှီးသည့် မိန်းမစိုးငယ်များနှင့် အစေခံလေးများလည်း ရှိနေကြသည်။

 

သို့သော် ဖင်အန်း၏ အရိပ်ကိုမူ မတွေရချေ။

 

အပြန်လမ်းတွင် ဝမ်ချီက ဖင်အန်းအား ပထုတ်ရန် နည်းလမ်းစဉ်းစားခဲ့၏။ သူက စားသောက်ပြီးသည်နှင့် ယောထောင်အား ဖင်အန်းကို ခေါ်စေခဲ့သည်။

 

သို့သော် ယောထောင်က ခံစားချက်ကင်းမဲ့စွာ ပြန်ဖြေလာ၏။

“သခင်လေး … ဖင်အန်းက ဒီမှာ မရှိတော့ပါဘူး …”

 

ဝမ်ချီက အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။

“ဒီမှာမဟုတ်ဘူးလား … မင်းဘာကို ပြောချင်တာလဲ …”

 

အရှေ့နန်းတော်မှာ မရှိတော့တာလား … ဒီကမ္ဘာပေါ်၌ မရှိတော့တာလား …

 

သူတွေးနေစဉ်မှာပင် ယောထောင်က သူ့အတွေးကို အတည်ပြုပေးလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က သခင်လေး ကျင်းကျိုးကို ထွက်သွားတော့ သခင်လေးရဲ့ ရွှေဖရဲစေ့တွေကို ဖင်အန်း ခိုးနေတာ ဖမ်းမိသွားခဲ့ပါတယ် … ဒီအစေခံက မိန်းမစိုးကျိုးကို ဒီအကြောင်း အကြောင်းကြားခဲ့လို့ နှစ်ရက်အကြာမှာ ဖင်အန်းက သေတဲ့အထိ ရိုက်သတ်ခံခဲ့ရတာပါ …”

 

ယောထောင်က တည်တည်ငြိမ်ငြိမ် ရှိနေပြီး သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား သူမ၏ လှပသော မျက်နှာထက်၌ ခံစားချက်ကင်းမဲ့နေ၏။

 

ဝမ်ချီက ထိုကိစ္စကို ကြားသည့်နောက် တိတ်ဆိတ်သွားခဲ့သည်။

 

သူက ယောထောင်ကို ခိုးကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်၏။ ယောထောင်က တစ်စုံတစ်ဦးအား သတိပေးခဲ့၍ ဖင်အန်း၏သေဆုံးမှုကို ဖြစ်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဆုံးသတ်မှာ ကောင်းမွန်လေရာ သူ ထပ်မမေးတော့ချေ။

 

ခဏကြာအနားယူပြီးနောက် ဝမ်ချီက နောက်ကျမည်စိုးသဖြင့် ဝါးပလွေအိမ်တော်မှ အမြန်ထွက်လာခဲ့သည်။

 

ဝမ်ချီ၏ အဆင့်အတန်းကြောင့် သူက အရှင်မင်းကြီးနှင့် တိုက်ရိုက်တွေ့နိုင်၏။ သို့သော် ကျင်းကျိုး၌ လူကြီးမင်းရင်း၏ လက်အောက်၌ အလုပ်လုပ်ခဲ့ရသည်ဖြစ်ရာ ထိုသူအား လျစ်လျူရှုရန် မသင့်ချေ။

 

ဝမ်ချီနှင့်လူကြီးမင်းရင်းတို့က နန်းတော်ဂိတ်ဝ၌ တွေ့ဆုံကြ၏။ သူတို့က မင်းကြီးစံမြန်းသည့် နန်းတော်သို့ အတူတူ လျှောက်လာခဲ့ကြသည်။

 

အတိတ်တွင်မူ မင်းကြီးက သူတို့အား စာကြည့်ခန်းအတွင်း၌သာ ဆွေးနွေးအမိန့်ပေးလေ့ရှိသည်။ ရှင်ဘုရင်နှင့် အမှုထမ်းများ မည်သို့ရင်းနှီးသည်ဖြစ်စေ၊ မင်းကြီး၏ အိပ်ဆောင်သို့ ဝင်ခြင်းမှာ မသင့်တော်ချေ။

 

သို့သော် မင်းကြီး အလွန်နာမကျန်း ဖြစ်နေပြီး အိပ်ရာထဲ၌ အနားယူနေသည်မှာ နှစ်နှစ်ကျော်ခဲ့လေပြီဖြစ်သည်။ ညီလာခံကိုပင် အိမ်ရှေ့စံမင်းသားက ကိုင်တွယ်နေရပြီး မင်းကြီး နတ်ရွာစံတော့မည်ဟူသည့် ကောလဟာလများလည်း ပျံ့နှံ့နေကြ၏။

 

အိပ်ဆောင်သို့ ရောက်သည့်အခါ မိန်းမစိုးတစ်ဦးက သူတို့အား လမ်းပြသွားခဲ့သည်။

 

ဝမ်ချီက မကြားဟန် မမြင်ဟန်သာဆောင်လျက် ခေါင်းငုံ့ပြီး မိန်းမစိုးအနောက်မှ လိုက်ပါလာ၏။

 

သူတို့ ခဏကြာ လမ်းလျှောက်ပြီးနောက် မိန်းမစိုးက ရပ်တန့်လိုက်သည်။

 

မိန်းမစိုးက ရှေ့သို့အမြန်လျှောက်ကာ အပြင်ဘက်တွင် စောင့်နေသည့် မိန်းမစိုးများအား ခပ်တိုးတိုး ပြောကြားလိုက်၏။ ထို့နောက် သူတို့ထံသို့ အမြန်လာပြောသည်။

“လူကြီးမင်းရင်း … သခင်လေးဝမ် … ခဏစောင့်ရပါလိမ့်မယ် …”

 

ဝမ်ချီ ထိုသို့ကြားချိန်၌ မင်းကြီးနံဘေးတွင် တစ်စုံတစ်ဦး ရောက်နှင့်နေကြောင်း ခန့်မှန်းမိလိုက်၏။

 

လူကြီးမင်းရင်းက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ 

“နားလည်ပါပြီ …”

 

မိန်းမစိုးက ခါးညွှတ်လျက် သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

 

မြို့တော်၌ နှင်းများကျဆင်းနေသော်လည်း ကျင်းကျိုးကဲ့သို့ မပြင်းထန်လှပေ။ ဝမ်ချီက ထူထူထဲထဲ ဝတ်ထားသည့်အပြင် သားမွှေးဝတ်ရုံကိုလည်း ဝတ်ဆင်ထားသေး၏။ ထို့ကြောင့် သူ့အတွက် အပြင်မှ စောင့်ရန်မှာ မခက်ခဲလှပေ။

 

သူတို့က ကြာကြာမစောင့်လိုက်ရဘဲ သူတို့ထံ ဦးတည်လာသည့် ခြေသံများကို ကြားလိုက်ရသည်။

 

ဝမ်ချီ ခေါင်းမော့ကြည့်လိုက်ချိန်၌ အေးအေးလူလူ လျှောက်လာသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

 

ထိုနှစ်ဦးမှာ မင်းသား(၄)နှင့် စစ်သူကြီးလင်းတို့ ဖြစ်ကြသည်။

 

မင်းသား(၄)နှင့် စစ်သူကြီးလင်းသည်လည်း သူတို့ကို တွေ့လိုက်ကြ၏။ ထို့ကြောင့် သူတို့ထံသို့ ဦးတည်လာကြသည်။

 

ရှစ်ကျင်းနှင့် လင်းကျယ်ကိုကြည့်ပြီး ဝမ်ချီက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။

 

ထိုသို့ တွေးနေစဉ်မှာပင် ထိုနှစ်ဦးက သူတို့ရှေ့သို့ ရောက်လာလေသည်။

 

ဝမ်ချီက အတွေးများကို စုစည်းကာ ရှစ်ကျင်းအား လူကြီးမင်းရင်းနှင့်အတူ နှုတ်ဆက်လိုက်၏။

 

ရှစ်ကျင်းက ယဉ်ကျေးရန်မလိုသည့် သဘောဖြင့် လက်ကိုဝေ့ယမ်းလိုက်သည်။

“ခမည်းတော် မင်းတို့ကို စောင့်နေတယ် … မြန်မြန်သွားကြတော့ …”

 

လူကြီးမင်းရင်းက ယဉ်ကျေးစွာဖြင့် စကားအချို့ဆိုကာ ဝမ်ချီနှင့်အတူ အိပ်ဆောင်ထဲသို့ ဝင်လိုက်၏။


ဝမ်ချီက လမ်းလျှောက်နေရင်း ရှစ်ကျင်းနှင့် လင်းကျယ်တို့အား ပြန်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူတို့က အင်္ကျီလက်များ ထိတော့မည့်အနေအထားဖြင့် နီးကပ်စွာ လမ်းလျှောက်သွားကြခြင်းဖြစ်သည်။

 

ဝမ်ချီက ပုံရိပ်နှစ်ခုကို ကြည့်ရင်း သူ့နှလုံသားထဲရှိ သံသယကို အတည်ပြုလိုက်သည်။ ရှစ်ကျင်းက ဆက်လက်၍ မငြင်းဆန်တော့ခြင်းဖြစ်၏။

 

သူတို့ ကျင်းကျိုးတွင် ရှိခဲ့စဉ်က လင်းကျယ်က ဝမ်လျန်၏ ကျောက်တုံးကို သယ်ဆောင်ထားကြောင်း သူမှတ်မိလေသည်။ ကံမကောင်းစွာဖြင့် ရှစ်ကျင်းက ကျောက်တုံးအား မတွန်းလှန်နိုင်ခဲ့သလို လင်းကျယ်ကိုလည်း ပုန်းရှောင်နေခဲ့၏။

 

အခုကျ ရှစ်ကျင်းအပေါ် ကျောက်တုံးက သက်ရောက်မှု မရှိတော့တာလား …

 

ဝမ်ချီက ပုံမဖော်နိုင်သေးသော်လည်း လက်ရှိအချိန်မှာ ထိုကိစ္စအား စဉ်းစားသင့်သည့် အချိန်မဟုတ်နေခဲ့ချေ။

 

မင်းကြီး၏ အိပ်ဆောင်က အလွန်ကြီးမားပြီး နဂါးသလွန်မှာလည်း ထို့အတူပင်။ နဂါးသလွန်နားတွင် ခန်းဆီးများ အထပ်ထပ် ကာဆီးထားပြီး ခုတင်အား ကာကွယ်ထားကြ၏။

 

သို့သော် ဝမ်ချီ အထဲဝင်လိုက်သည်နှင့် မသက်မသာဖြစ်စေသော ဆေးနံ့ပြင်းပြင်းက သူ့အား ဆီးကြိုနေခဲ့၏။

 

ဝမ်ချီက မျက်နှာသေဖြင့် လူကြီးမင်းရင်းနှင့်အတူ နဂါးသလွန်ရှေ့၌ ဒူးထောက်လိုက်သည်။

 

လူကြီးမင်းရင်းက အလေးအနက် ပြောလိုက်၏။

“ဒီအမတ်က အရှင်မင်းကြီးကို ခစားပါတယ် …”

 

ခဏအကြာ၌ နဂါးသလွန်ပေါ်မှ နာနာကျင်ကျင် ချောင်းဆိုးသံတစ်သံ ထွက်ပေါ်လာသည်။ မိန်းမစိုးက အမြန်သွားကာ မင်းကြီး၏ ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်၏။ ကံမကောင်းစွာဖြင့် ၎င်းက အလုပ်မဖြစ်ခဲ့ချေ။

 

အလွန်အကျွံ ချောင်းဆိုးပြီးသည့်နောက် မင်းကြီးက အသက်ပြင်းပြင်းရှူကာ အက်ရှသောအသံဖြင့် ပြောလိုက်၏။

“ထပါ ...”

 

လူကြီးမင်းရင်းက ခပ်ဖြည်းဖြည်း ထလိုက်သည်။

 

ဝမ်ချီသည်လည်း အမြန်ထကာ လူကြီးမင်းရင်းအနောက်တွင် ရပ်လိုက်၏။

 

ဝမ်ချီက မင်းကြီး၏ရုပ်သွင်ကို မမြင်ရသည့်တိုင် သူ၏ အသံမှတစ်ဆင့် များစွာနာမကျန်းဖြစ်နေကြောင်း နားလည်လိုက်၏။ သူက စကားတစ်လုံးကိုပင် အားစိုက်၍ ပြောနေရရှာသည်။ မှန်ကန်သော ဆေးဝါးဖြင့် ကုသခြင်းမခံရပါက ကြာကြာခံနိုင်မည်မဟုတ်ပေ။

 

ဒီလိုဆိုရင် …

 

သူက သေလူများကိုပင် အသက်ပြန်ရှင်စေနိုင်သည့် ဟွားမိသားစုသွေးအကြောင်း စဉ်းစားလိုက်မိ၏။ 

မင်းကြီးက ဒီအကြောင်း မတွေးမိဘူးလား …

 

မင်းကြီးက စကားဆိုရခက်နေသည့်တိုင် လူကြီးမင်းရင်းနှင့် ဝမ်ချီပြောသည်ကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ သို့သော် အများစုမှာ လူကြီးမင်းရင်းက ကျင်းကျိုးရှိအခြေအနေအား တင်ပြနေခြင်းဖြစ်သည်။

 

မကြာမီမှာပင် အချိန်နာရီဝက် ကုန်လွန်သွား၏။

 

မင်းကြီးက ပင်ပန်းလာသဖြင့် လူကြီးမင်းရင်းအား ထွက်သွားခိုင်းလိုက်သည်။

 

အမှန်စင်စစ်တွင် လူကြီးမင်းရင်းက ဤတစ်ကြိမ်၌ ကျင်းကျိုးရှိ အခြေအနေကို တင်ပြလို၍သာ ရောက်လာခဲ့ခြင်းဖြစ်၏။ သူက မင်းကြီးအား တွေ့လိုသည်ကတစ်ကြောင်း၊ ဝမ်ချီအတွက် ပြောပေးလိုသည်က တစ်ကြောင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် စကားဆုံးသည်နှင့် သူက ဒူးထောက်ချလိုက်သည်။

“အရှင်မင်းကြီး … ကျွန်တော်မျိုး အတင့်ရဲပြီး တောင်းဆိုချင်တာ တစ်ခုရှိပါတယ် …”

 

မင်းကြီး၏ အသံက ကန့်လန့်ကာ နောက်မှ ထွက်ပေါ်လာသည်။

“ပြောစေ …”

 

လူကြီးမင်းရင်းက မြေပေါ်ဝပ်တွားကာ သူ ကြာမြင့်စွာစဉ်းစားထားသည့် စကားများ ပြောလိုက်၏။

“ဝမ်မိသားစုရဲ့သား ဝမ်ချီက ကျင်းကျိုးမှာ ကျွန်တော်မျိုးနဲ့အတူ ရှိနေတာ နှစ်နှစ် သုံးနှစ် ကြာနေပါပြီ … အခု သူက မြို့တော်ကို ပြန်ရောက်လာပြီဖြစ်တာကြောင့် ကိစ္စတွေက တစ်မျိုး ပြောင်းသွားခဲ့ပါပြီ … ဝမ်ချီက အိမ်ရှေ့စံမင်းသားနဲ့ လက်ဆက်ခဲ့ပေမယ့် အရှေ့နန်းတော်မှာ အချိန်အတော်ကြာ မရှိခဲ့ပါဘူး … မင်းကြီးကို အတင့်ရဲပြီးတောင်းဆိုပါရစေ … ဝမ်ချီရဲ့ နှစ်နှစ်ကျော် သုံးနှစ်ကြာ တိုင်းပြည်အတွက် အကျိုးပြုမှုကို စဉ်းစားပြီး သူ့အတွက် လွတ်လပ်ခွင့် ဆောင်ကြဉ်းပေးတော်မူပါ …”

 

လူကြီးမင်းရင်းက စိတ်အားထက်သန်စွာ တောင်းဆိုပြီးနောက် မြေပေါ်သို့ ဝပ်တွားလျက်ရှိနေ၏။

 

မင်းကြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။

 

လူကြီးမင်းရင်းက မြေပေါ်မှ ထမလာသေးချေ။ ဝမ်ချီက အသက်ရှူသံကို တိုးစေလျက် မင်းကြီး၏ အဖြေအား စောင့်ဆိုင်းနေ၏။ သူက မင်းကြီး စက်တော်ခေါ်သွားခြင်း ဟုတ်မဟုတ် သိချင်လာသည်။

 

ရုတ်တရက် မင်းကြီးက ပြောလာ၏။

“ဝမ်ချီ …”

 

ဝမ်ချီ အမြန်ခွန်းတုံ့ပြန်လိုက်သည်။

 

မင်းကြီးက မေး၏။

“မောင်မင်းရော ဘယ်လိုတွေးထားလဲ…”

 

ဝမ်ချီက ဒူးထောက်ကာ အသက်ပြင်းပြင်းရှိုက်လျက် ပြော၏။

“မင်းကြီးကို လျှောက်တင်ပါတယ် …ဒီငယ်သားက အမှားကြီးကျူးလွန်ခဲ့မိတာပါ … ဒီငယ်သားက ကျန်ရှိတဲ့ ဘဝတစ်လျှောက်မှာ တော်ဝင်စာမေးပွဲကို ဝင်ဖြေပြီး အမှုထမ်းတစ်ဦးအဖြစ် ထမ်းဆောင်သွားလိုပါတယ် …”

 

မင်းကြီးက အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် အက်ရှသော အသံဖြင့် ပြောလိုက်၏။

“အမတ်ရင်း … ထွက်သွားတော့ …”

 

ရည်ရွယ်ချက်မှာ ဝမ်ချီအား တစ်ဦးတည်းထားခဲ့ရန် ဖြစ်သည်။

 

လူကြီးမင်းရင်းက မင်းကြီး၏ အမိန့်ကို နားလည်၏။ သူက တုံ့ဆိုင်းစွာ ထရပ်ကာ ဝမ်ချီအား တစ်ချက်ကြည့်ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားတော့သည်။

 

ခဏအကြာ၌ ဝမ်ချီတစ်ဦးထဲသာ နဂါးသလွန်အရှေ့၌ ကျန်ခဲ့တော့သည်။


ဝမ်ချီက မင်းကြီး၏ ဆိုလိုရင်းကို နားမလည်ချေ။ သူက တစ်ဦးတည်း ဒူးထောက်ကျန်ခဲ့ရင်း စိတ်ပူလာမိသည်။

 

ထိုအချိန်၌ မင်းကြီး၏ အသံထွက်ပေါ်လာ၏။

“ဝမ်ချီ ဒီကိုလာ …”

 

ဝမ်ချီက ရုတ်တရက် ထိတ်လန့်သွားကာ မသိစိတ်ဖြင့် မိန်းမစိုးကို ကြည့်လိုက်၏။ ဝမ်ချီ၏ အမူအရာကြောင့် မိန်းမစိုးက သူ့အား လက်ဝှေ့ယမ်းပြလာသည်။

 

ဝမ်ချီက နားလည်စွာဖြင့် မြေပေါ်မှထကာ နဂါးသလွန်အစွန်းသို့ ဂရုတစိုက်သွားလိုက်သည်။

 

မင်းကြီးက ထပ်ပြော၏။

“အနားကို တိုးခဲ့ပါဦး …”

 

ဝမ်ချီက နောက်ထပ် နှစ်စင်တီမီတာခန့် ရှေ့တက်လာသည်။

 

မင်းကြီးက ဝမ်ချီ၏သူရဲဘောကြောင်မှုကို သတိပြုမိဟန်တူ၏။ သူ့အသံက အနည်းငယ် ပိုမာလာသည်။

“ကပ်ပါဦး … ငါမင်းကို ကိုက်မစားပါဘူး …”

 

မိန်းမစိုးက ထိတ်လန့်သွားလေသည်။

 

ဝမ်ချီသည်လည်း ထိတ်လန့်သွား၏။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ နဂါးသလွန်ဘေးသို့ ကပ်လိုက်၏။

 

ယခုအခါ ဝမ်ချီက မင်းကြီး၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။ မင်းကြီးက မတွေ့ရသည့် နှစ်နှစ်ကျော်ကာလအတွင်း များစွာ ပြောင်းလဲသွား၏။ သူ၏ မျက်တွင်းများက ချိုင့်ဝင်နေပြီး ပါးရိုးများ ချိုင့်နေကာ နှုတ်ခမ်းများမှာလည်း ခရမ်းပြာရောင် သမ်းနေ၏။ သူ၏ ဦးခေါင်းခွံပေါ်၌ အရေပြားတစ်လွှာ ဖုံးအုပ်ထားသည်ဟု ထင်ရလောက်အောင်ပင် ပိန်ပါးနေ၏။ အိပ်ရာခင်းအောက်ရှိ ခန္ဓာကိုယ်မှာလည်း ထိုထက်ပို၍ အခြေအနေမကောင်းနိုင်ချေ။

 

ဝမ်ချီက သူ့အရှေ့ရှိလူအား ခက်ခက်ခဲခဲ ပုံဖမ်းလိုက်ရ၏။ 

ဒီတစ်ယောက်က ငါ အရင်ကမြင်ခဲ့တဲ့ ခန့်ညားပြီးကျော့ရှင်းတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသား ဟုတ်ရဲ့လား …

 

ဝမ်ချီက မင်းကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် သေခြင်းအရိပ်အငွေ့များကိုပင် ခံစားမိနေသည်။

 

သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ထိတ်လန့်လာ၏။ သို့သော် သူက ထိုခံစားချက်များကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့လေသည်။

 

မင်းကြီးက ဝမ်ချီ၏ တုံ့ပြန်မှုကို ဂရုမစိုက်ချေ။ သူက ဝမ်ချီအား မြူဆိုင်းသောမျက်ဝန်းများဖြင့် ကြည့်လိုက်၏။ 

“မင်း တကယ်ပဲ ထွက်သွားချင်တာလား …”

 

ဝမ်ချီက ခေါင်းညိတ်လိုက်သည်။

“မှန်လှပါ ..”

 

မင်းကြီး ခေါင်းယမ်းလိုက်သည်။

“နှမြောစရာပဲ … မင်းအခု ထွက်သွားလို့မရသေးဘူး …”



💮💮💮