အပိုင်း ၈၅
Viewers 23k

"ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရင် ပြီးတာပါပဲ ..."
လောဖျင်ဖျင်က သူမလက်ထဲမှ သရုပ်ဆောင်စာရင်းစာရွက်ကို ဆက်တိုက်လှန်ကြည့်ရင်း မေးလိုက်သည်။
"ဒါနဲ့ ဘာလို့ အမျိုးသားဇာတ်ရန်ကိုကျ မရွေးတာလဲ ရွေးထားပြီးသားလား ..."
ဖုကျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ရွေးထားပြီးသား ကျိုးဝမ်လင်လေ ..."
"ကျိုးဝမ်လင် ..."
လောဖျင်ဖျင်က ထိုနာမည်ကို ပြန်စဉ်းစားလိုက်ပြီးနောက် ချွန်းဟွာတောင်တွင် ချန်းကျိယယ့်နေရာမှ သရုပ်ဆောင်ခဲ့သူဖြစ်ကြောင်း အမှတ်ရလိုက်သည်။ ချွန်းဟွာတောင်တွင် ပြသခဲ့သည့် သူ၏ သရုပ်ဆောင်စကေးတို့က အတော်ကို ပြောင်မြောက်လှသော်ငြား ရုပ်ရှင်ဇာတ်လမ်းတို့တွင် ထပ်မတွေ့ရတော့သည်မှာပင် ကြာလှပြီဖြစ်သည်။
"သူက သရုပ်ဆောင်လုပ်နေတုန်းပဲလား ..."
လောဖျင်ဖျင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"လုပ်နေတုန်းပဲ ..."
နာမည်ကြီး ရုပ်ရှင်သင်တန်းကျောင်းမှ ဆင်းလာသည့် ဂုဏ်ထူးဆောင်ကျောင်းသားဖြစ်သော်ငြား ချင်ကျောက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရ၍ အင်တာနက်ဒရာမာထဲမှ ဇာတ်ကောင်သေးသေးလေးများကိုသာ ပါဝင်နိုင်ခဲ့သည်။ ဖုကျန်းမှာ သူတို့ကို ဆွဲချခဲ့မိသည်ဟု ခံစားလိုက်ရသည်။
သို့သော်ငြား ဖုကျန်း သူ့ကို ဆက်သွယ်ခဲ့ချိန်က သူသည် ပါရဂူဘွဲ့ရပြီး နန်တျန်လျှပ်စစ်ဓာတ်အားကုမ္ပဏီတွင် အလုပ်လုပ်နေခဲ့ကြောင်း သိလိုက်ရသည်။ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်ငြား သူတို့၏ဘဝလမ်းကြောင်းက ဆိုးဆိုးဝါးဝါးတော့ မဖြစ်ခဲ့ပေ။
ကျိုးဝမ်လင်က သူ့ဇာတ်ကားတွင် သရုပ်ဆောင်ရန် ဝမ်းမြောက်ဝမ်းသာပင် သဘောတူလာပြီး ဖုကျန်းကို တစ်ခါမှ အပြစ်မတင်ခဲ့။ ချွန်းဟွာတောင်ကို သူရိုက်ခဲ့စဉ်ကလည်း ဖုကျန်း၏နောက်ခံကိုကြည့်ကာ သဘောတူခဲ့ခြင်းမဟုတ်ဘဲ ဇာတ်ညွှန်းပေါ် အခြေခံကာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဖုကျန်းကလည်း ဖြစ်လာနိုင်သည့် အကျိုးဆက်များအားလုံးကို ဖုံးကွယ်မထားဘဲ အကုန်အစင် ရှင်းပြခဲ့သည်။
ဖုကျန်းက သူ့ကို ဇာတ်ပို့နေရာအတွက် ရွေးခဲ့သည်မှာ သူ၏ သရုပ်ဆောင်စွမ်းရည်သပ်သပ်ကြောင့်သာမဟုတ်။ အနာဂတ်တွင် ပြန်ပြီး ထွန်းပေါက်လာနိုင်ရန်နှင့် လူသစ်အများအပြားပါသော ရိုက်ကွင်းကို ဟဲမင်နှင့်အတူ ဦးဆောင်ဦးရွက်ပြုနိုင်ရန်အတွက် ဖြစ်သည်။
လောဖျင်ဖျင်ကလည်း ထိုကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်ရန်အကြောင်း မရှိပေ။
" အိုကေ မင်းရဲ့အမြင်ကို ယုံကြည်လိုက်မယ်..."
အခြားဒါရိုက်တာများမှာလည်း ထွေထွေထူးထူး ကန့်ကွက်ရန်မရှိပေ။ ဖုကျန်းကိုယ်တိုင်ကပင်လျှင် အဖြူရောင်ရဲတိုက်၏ အကြီးဆုံး ရင်းနှီးမြှပ်နှံသူဖြစ်ရာ ကိစ္စတော်တော်များများ၏ ဆုံးဖြတ်ခွင့်မှာ သူ့လက်ထဲတွင်ဖြစ်သည်။
ကျန်ဇာတ်ကောင်များကို ရွေးချယ်ပြီးနောက်တွင် ဖုကျန်းနှင့် ဒါရိုက်တာများက ဇာတ်ကောင်အသေးလေးများအတွက် လိုအပ်သည်များကို ဆွေးနွေးခဲ့သည်။ ထိုအချိန်တွင် ဖုန်းမြည်လာပြီး ကျန်းဟန်ရှု၏နာမည်က ဖုန်းမျက်နှာပြင်တွင် ပေါ်လာသည်။
"အားနာပါတယ် ဖုန်းခဏဖြေဖို့ ခွင့်ပြုပါဦး..."
ဖုကျန်းက ဖုန်းကိုယူကာ ဘေးအကန့်နားသို့ လျှောက်သွားလိုက်သည်။
ကျန်းဟန်ရှု၏ စကားသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်.
"ရှစ်နာရီပြည့်ပြီဖြစ်တဲ့အတွက် အလုပ်ဆင်းရတော့မယ့်အချိန်ပါ ဒါရိုက်တာကြီးခင်ဗျ ..."
ဖုကျန်းက ကောင်းကင်ကို လှမ်းကြည့်ပြီး သူ့ကို အသနားခံလိုက်သည်။
"မပြောရသေးတာလေး တစ်ခုလောက် ကျန်နေသေးလို့ တန်းပြီးမှာလေ ..."
"ငါးမိနစ် ငါးမိနစ်က အလွန်ဆုံးပဲ ..."
ကျန်းဟန်ရှုက သူ့ကို အချိန်ကန့်သတ်ပေးလိုက်သည်။
" ကိုယ် အောက်ထပ်မှာ စောင့်နေမယ် ..."
"နားလည်ပါပြီခင်ဗျ..."
ဖုကျန်းက ဖုန်းထဲမှ လှမ်းကာ အနမ်းပေးလိုက်လျှင် ကျန်းဟန်ရှု၏ ခပ်ဩဩ ရယ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာတော့သည်။
ဖုကျန်းက ဖုန်းကိုချကာ ပူကျစ်နေသည့် ပါးတို့ကို ပွတ်လိုက်သည်။ အခန်းထဲသို့ ပြန်ဝင်လာလျှင် လောဖျင်ဖျင်က သူ့ကို မေးလိုက်သည်။
" ဘာလို့လဲ ဘယ်သူဆက်တာလဲ ..."
ဖုကျန်းက မသက်မသာပြုံးကာ ပြောလိုက်သည်.
"ကျွန်တော့်ချစ်သူပါ အိမ်ပြန်ဖို့ လောနေတာ ..."
လောဖျင်ဖျင်မှာ ဟန်မဆောင်နိုင်လောက်အောင်ကို ရယ်ရင်း စနောက်လိုက်သည်။
"လူငယ်လေးတွေများ ကောင်းလိုက်တာနော် ချစ်သူက အခုအချိန်အထိ အိမ်ပြန်လာဖို့ လောနေသေးတယ် ..."
"တို့အိမ်က လူအိုကြီးကတော့ အိမ်ပြန်မလာလေ ကောင်းလေပဲနဲ့ ရှိမှာ .."
သူမက သက်ပြင်းချကာ စိတ်လောနေသည့် ကျန်းဟန်ရှုဘက်မှ ကူပြောပေးလိုက်သည်။
"ဒါဆိုလည်း ခပ်သွက်သွက် ပြန်တော့လေ ..."
ဖုကျန်းက ခေါင်းငြိမ့်ကာ သူမနှင့် ကျန်ဒါရိုက်တာများကို ရှင်းပြလိုက်သည်။
"တစ်ခြားဇာတ်ကောင်အသေးလေးတွေအတွက် ဟဲရှီက လူသစ်လေးတွေနဲ့ အောင်ကျန်းက ဝါရင့်သရုပ်ဆောင်အချို့ကို ရွေးဖို့ စဉ်းစားထားပါတယ် ..."
လောဖျင်ဖျင်က သူ့ကို လောဆော်လိုက်သည်။
"မြန်မြန်သွားတော့ မင်းသာ အခုမထွက်ဘူးဆို ဟိုတစ်ယောက်က စိတ်ပူနေလိမ့်မယ်နော် ..."
ဖုကျန်းက သူ့ပစ္စည်းတို့ကို ထုပ်ပိုးကာ နှုတ်ဆက်လိုက်သည်။
"ဒါဆို အရင်ပြန်နှင့်ပါ့မယ် လောင်ရှီးတို့လည်း စောစော အလုပ်ဆင်းကြပါနော် ..."
ကျန်းဟန်ရှု၏ကားက အောက်ထပ်တွင် အဆင်သင့် ရောက်နှင့်နေခဲ့သည်။ ကားတံခါးကို မှီနေသူက ဖုကျန်း ပထမထပ်မှ ထွက်လာသည်ကိုမြင်လျှင် ကားတံခါးကိုဖွင့်၍ ကိုယ်ကိုကိုင်းကာ ဖိတ်ခေါ်ဟန်ပြုလိုက်သည်။
"ကြွပါ ကျွန်တော့်ရဲ့မင်းသားလေး..."
ဖုကျန်းက ပြုံးပြကာ ကားထဲသို့ ဝင်လိုက်သည်။ ကျန်းဟန်ရှုလည်း ကားထဲသို့ဝင်ကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။
ထိုမြင်ကွင်းကို ပါပါရာဇီက ဓာတ်ပုံရိုက်သွားလိမ့်မည်ဟုတော့ နှစ်ယောက်လုံး မတွေးခဲ့ဖူးပေ။
ပြီးခဲ့သည့်အခေါက် ကျန်းဟန်ရှုပါသည့် ဗီဒီယိုကို အင်တာနက်ပေါ် တင်ပြီးသည်မှစ၍ သူနှင့် မစ္စစ်ကျန်းကို အတူတွဲပြီး မရိုက်ခဲ့ရသေးပေ။ ဒီနေ့ ဟဲရှီသို့ လာခဲ့သည်မှာလည်း သူ့ကို ရိုက်ကူးရန်မဟုတ်။ ကောင်းထျန်းက လူရွေးပွဲလာမည်ဟု သတင်းကြား၍သာ လာစောင့်နေခြင်းဖြစ်သည်.
မမျှော်လင့်ထားစွာဖြင့်ပင် ကောင်းထျန်းကိုမတွေ့ဘဲ လူစောင့်နေသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။ ကားအပြင်ထွက်ရပ်ကာ လူစောင့်နေသည်ကိုမြင်လျှင် ဟဲရှီသို့လာသည့် မစ္စစ်ကျန်းကို‌ စောင့်နေခြင်းဖြစ်မည်ဟုသာ တစ်ထစ်ချတွက်လိုက်သည်။ မစ္စစ်ကျန်းမှာ အနုပညာလောကတွင် အခြေချတော့မည်လားဟု တွေးမိသော်ငြား အဆုံးတွင်တော့ သူတကယ်စောင့်နေသူမှာ အမျိုးသားတစ်ယောက်ဖြစ်နေသည်။ ပိုပြီး အနီးကပ်ဆွဲကြည့်ကာမှ ဖုကျန်းဖြစ်နေကြောင်း သိလိုက်ရသည်။
ထိုဟာက သူတို့ကို ကြက်သေသေသွားစေသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့မှာ ရင်းနှီးသည်ဟူ၍လည်း တစ်ခါမှ မကြားခဲ့ဖူးပေ။
ကျန်းဟန်ရှု သတိမထားမိသွားစေရန် ဓာတ်ပုံနှစ်ပုံရသည်နှင့် ခပ်သွက်သွက် ထွက်သွားလိုက်တော့သည်။
...............
အိမ်ပြန်ရောက်ပြီးနောက် ဖုကျန်း ပထမဆုံးလုပ်သည့်အလုပ်မှာ လက်ဆေးပြီး ဟိုဘက်အခန်းထဲရှိ ကလေးထိန်းလက်ထဲမှ ရှောင်ကျန်းဖုလေးကို သွားချီခြင်းဖြစ်သည်။ ကလေးထိန်းက ကလေးကို ဖုကျန်းလက်ထဲသို့ထည့်ကာ သန့်စင်ခန်းသို့ ဝင်သွားလိုက်သည်။ သူမ အောင့်ထားရသည်မှာ အတော်ကြာနေပြီဖြစ်သည်။
နိုးလာကာစ ရှောင်ကျန်းဖုလေးက သူ့ကို မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လာသည်။ ဖုကျန်းက သူမကို ပွေ့ချီရင်း
"COCO ရေ COCO ‌ရေ ဖေဖေ့ကို လွမ်းနေရဲ့လား .."
ရှောင်ကျန်းဖုလေးမှာ လူတွေကို မခွဲခြားနိုင်သေးသော်ငြား သူ့ကိုတွေ့လိုက်သည်နှင့် အတောမသတ်နိုင်အောင် တစ်ခစ်ခစ် ရယ်မောတော့သည်။
"ဖေ့သမီးလေးက ဒီနေ့ရော အိမ်မှာ လိမ်လိမ်မာမာနဲ့ နေသေးလား ..."
ကလေးမှာ သူပြောသည်ကို နားမလည်။ တစ်ဘူးဘူးမှုတ်ရင်း လက်ထဲမှ ခြူလုံးလေးကို သူ့အဖေထံ တွန်းပို့နေသည်။
ဖုကျန်းက လှမ်းယူပြီး ပြုံးကာ ပြောလိုက်သည်။
"ဒါလေးက ဖေဖေ့ကို ပေးတာပေါ့ ဟုတ်လား ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ ..."
ရလဒ်အနေဖြင့် သူ့စကားဆုံးသည်နှင့် ကလေးက ငိုချလိုက်ရာ ဖုကျန်းမှာ နားဝေတိမ်တောင်ဖြစ်သွားတော့သည်။ သူ့လက်ထဲမှ ခြူလုံးလေးကို ခပ်သွက်သွက်လှုပ်ပြကာ ချော့မြူလိုက်သော်ငြား အငိုတိတ်မလာခဲ့။
ဖုကျန်းက သူမကို နမ်းကာ ခပ်မြင့်မြင့် မြှောက်ပေးလိုက်သော်ငြား ငိုနေဆဲပင်။ ကလေးထိန်းအန်တီမှာလည်း သန့်စင်ခန်းထဲမှ ထွက်မလာသေး။ သူမ၏ဗိုက်မှာ သက်သာသေးဟန်မတူပေ။
မီးဖိုချောင်ထဲမှ ကျန်းဟန်ရှုက အပြေးအလွှားလာကြည့်ကာ ပြောလိုက်သည်.
"ရှူးပေါက်ချနေတာထင်တယ် ..."
သူက ဖုကျန်းလက်ထဲမှကလေးကို ကျွမ်းကျွမ်းကျင်ကျင် ပြောင်းချီကာ သေးခံကို လဲပေးလိုက်သည်။ နောက်ဆုံးတွင်တော့ ကလေးက အငိုတိတ်သွားကာ တစ်ခစ်ခစ် ပြန်ရယ်လာတော့သည်။
ဖုကျန်းက ဘေးတွင် ထိုင်ချကာ သူမ၏ ပါးအိအိဖောင်းဖောင်းလေးကို လက်ညှိုးဖြင့် အသာတို့ကြည့်လိုက်လျှင် COCO က သူ့လက်ကို လှမ်းဆွဲကာ ပါးစပ်ထဲငုံလိုက်သည်။ ကျန်းဟန်ရှုက သူမကို ပွေ့ချီကာ မြှူလိုက်သည်။
သူ့ကို လှည့်ကြည့်နေသော ဖုကျန်းကို ပြုံးကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဒီကလေးကြီးကို ဖက်ချင်လို့လား ..."
ဖုကျန်းက ခေါင်းယမ်းကာ နှာတစ်ရှုံရှုံ့လုပ်လိုက်သည်။
"တူးနံ့ရနေသလိုပဲ ..."
ထိုသို့ပြောပြီးပြီးချင်း မတ်တပ်ထရပ်ကာ မီးဖိုထဲ ပြေးသွားလျှင် ကျန်းဟန်ရှုက နောက်မှ လှမ်းအော်လိုက်သည်။
"ဖြေးဖြေးသွား ဖြေးဖြေးသွား ..."
ထိုသို့ပြောလိုက်၍လားတော့မသိ။ coco က လက်ခုပ်လက်ဝါးတီးကာ တစ်ခစ်ခစ် ရယ်လိုက်ပြန်သည်။
ကျန်းဟန်ရှုက အကူအညီမဲ့စွာ ပြုံးလိုက်ရင်း ကလေးချီကာ မီးဖိုချောင်ထဲ ဝင်လာလိုက်သည်။ သူတည်ထားခဲ့သော ပဲသီးကြော်အိုးမှာ တူးကပ်နေပြီဖြစ်သည်။ ရေထည့်လိုက်ပါလျှင် ပဲသီးကြော်မှ ပဲစွတ်ပြုတ်အဖြစ် ပြောင်းသွားမည်ဖြစ်မည်။ ကျန်းဟန်ရှုက ကလေးကို လွှဲပေးလိုက်ကာ အရည်အိုးထဲသို့ အသားကြော်အနည်းငယ်ကို ထည့်လိုက်သည်။ အသား၏ အချိုဓာတ်ကြောင့် ဟင်းရည်မှာ ပျစ်နှစ်ကာ အရသာရှိလာသည်။
စားသောက်ပြီးနောက် ဖုကျန်းက ကလေးနှင့် အချိန်အနည်းငယ် ကုန်ဆုံးလိုက်သည်။ ထို့နောက် ကျန်းဟန်ရှု ရေချိုးနေသည်ကို အခွင့်ကောင်းယူကာ အလုပ်ခိုးလုပ်နေလိုက်သည်။
လူရွေးပွဲအောင်သွားသူများကို အကြောင်းကြားစာ ပေးပို့ပေးရုံသာမက မအောင်မြင်ခဲ့သူများကိုလည်း နှစ်သိမ့်စာ ပေးပို့ကာ လူရွေးပွဲကို တက်ရောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်တွင်လည်း အတူတကွ လက်တွဲပြီး အလုပ်လုပ်လိုပါကြောင်း ပြောလိုက်သည်။
ရေချိုးပြီး ထွက်လာသော ကျန်းဟန်ရှုက ဆံပင်ရေစိုကို သုတ်နေရင်း ကွန်ပျူတာပင် ပေါက်ထွက်သွားတော့မတတ် စိုက်ကြည့်နေသော ဖုကျန်းကို ကြည့်နေလိုက်သည်။ သက်ပြင်းဖွဖွချကာ အနားနားလျှောက်လာပြီး ကွန်ပျူတာပေါ်သို့ ဖြေးဖြေးလေး ခေါက်လိုက်သည်။
"အိုကေ အိပ်ရတော့မယ့်အချိန်ရောက်ပြီ ကိုယ့်ကို အရင်က ဘာကတိပေးထားလဲ ..."
စာပို့သည့်ခလုတ်ကို နှိပ်လိုက်ပြီးနောက် ကွန်ပျူတာကို ခပ်သွက်သွက်ပိတ်လိုက်သည်။ ကျန်းဟန်ရှုကို မော့ကြည့်ကာ ပြောလိုက်သည်။
"အခုပဲ ပြီးပြီ ..."
သူ့ကြည့်ရတာ အချီးကျူးခံလိုသယောင်ပင်။
ကျန်းဟန်ရှုက ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ဒါက သာဓက မဟုတ်ဘူးနော် ..."
ဖုကျန်းက ရင်ကိုကော့ကာ သူ့ကို အထူးတလည် လက်ဆောင်ပေးလိုက်သည်။
"နားလည်ပါပြီ ဆရာကျန်း ..."
ပါပါရာဇီများသည် ပြန်ရောက်လာသည်နှင့် ဓာတ်ပုံကို ချက်ခြင်းမတင်သေး။ ဆွဲဆောင်နိုင်မည့် ခေါင်းစဉ်တစ်ခုကို အသားကုန် စဉ်းစားနေသော်ငြား ကျန်းဟန်ရှုကိုလည်း သိပ်ပြီး အပြစ်မပြုရဲ၍ တစ်ညလုံး စဉ်းစားနေလိုက်သည်။ ခေါင်းစဉ်စဉ်းစားမနေဘဲ ဓာတ်ပုံကို တင်လိုက်လျှင်တောင် ကျန်းဟန်ရှုပါနေသည့် အကြောင်းအရာက လူသိများနေဦးမည်ဖြစ်သည်။
မစ္စစ်ကျန်းနှင့် နှိုင်းစာပါလျှင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ အတူတူရှိနေသည့်ကိစ္စမှာ လူစိတ်ဝင်စားမှု နည်းပါးပေသည်။ စိတ်ဝင်တစား လာကြည့်ကြသူများကလည်း ကျန်းဟန်ရှုမှာ ယောကျ်ားတစ်ယောက်နှင့် အတူရှိနေသည်ကိုမြင်လျှင် စိတ်ဝင်စားမှုတို့က ကျဆင်းသွားပြီး မှတ်ချက်တို့ကလည်း ယခင်ကထက် အများကြီး ပျင်းဖို့ကောင်းလာသည်။
-(မစ္စစ်ကျန်းကိုပဲ ကြည့်ချင်တာ နတ်သမီးပုံပြင်ထဲက အချစ်ဇာတ်လမ်းလေးကို ကြည့်ရင်း ခွေးစာပဲ စားနေချင်တာ ရှောင်ကောကောနှစ်ယောက်ကို မကြည့်ချင်ဘူး)
( ဖုကျန်းက ဖုအိမ်ကို မပြန်ဘဲ ဟဲရှီဖျော်ဖြေရေးမှာ အလုပ်လုပ်နေတာလား )
(ကျန်းဟန်ရှုက ဘယ်လောက်တောင် လူကြီးလူကောင်းဆန်လိုက်လဲ ကြည့်ပါဦး ယောကျ်ားလေးအချင်းချင်းတောင် ကားတံခါး ကူဖွင့်ပေးတယ် ငါ့ရဲ့ ခွေးလို ရည်းစားကတော့ အမလေး...)
(-အပေါ်ထပ်က ညီမရေ အနံတစ်ခုခု မရဘူးလားဟင်)
(ဒီလိုဟာမျိုးက ဘယ်လောက်တောင် ကောင်းလိုက်သလဲ ပျော်ပျော်ကြီးလာပေမယ့် စိတ်ပျက်ပြီး ပြန်သွားရတယ် )
...........
အင်တာနက်သုံးစွဲသူများအနက် ထန်ဝမ်ဝမ်တစ်ဦးတည်းကသာ အလင်းပေါက်သွားသူဖြစ်သည်။ နောက်ဆုံးတွင်တော့ ဖုကျန်းနှင့် အတူရှိနေသည့် ကျန်းဟန်ရှုမှာ ဘယ်သူလဲဆိုတာကို သိသွားပြီဖြစ်သည်။
မထင်ထားမိဘူး အခုတော့ သူက ဖုကျန်းကို အကောင်းမြင်နေပြီ ငါကတော့ သူ့ရဲ့ အသိမိတ်ဆွေအဆင့်တောင် မဟုတ်ဘူးပဲ
မကြာမီ သူမ၏မျက်နှာအနေအထားက ပြောင်းလဲသွားတော့သည်။ ကျန်းဟန်ရှုကို ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ဖုကျန်း၏ဘေးမှ ထွက်သွားရန် ပိုက်ဆံပေးခဲ့မိသည်ကို သတိရသွားသည်။ ထိုအချိန်က သူမကို ချက်လက်မှတ်တစ်စောင် ချက်ခြင်း ပြန်ပေးခဲ့သော်လည်း သူမက လက်မခံခဲ့။ အခု ပြန်စဉ်းစားကြည့်မှ အဲ့ဒီ့ချက်လက်မှတ်က အစစ်ထင်တယ်...
ထန်ဝမ်ဝမ်မှာ ပိုက်ဆံအတွက်တော့ နောင်တမရ။ ကျန်းဟန်ရှုက သူမအပေါ် အမြင်ကောင်း မရှိတော့သည့်အပြင် ဖုကျန်းက သူ့ကို အရင်ဆုံး အမိဖမ်းခဲ့သည်ကိုသာ နောင်တရနေမိသည်။
"အိမ်မှာလည်း တစ်နေကုန် ဘာမှမလုပ်ဘူး အပြင်ထွက်ပြန်တော့လည်း ပြဿနာကို မီးထွန်းရှာလာတယ် အမလေး ငါ့သားလေးက ဘာလို့ ဒီလိုမိန်းမမျိုးနဲ့မှ လက်ထပ်မိရတာလဲ မသိတော့ပါဘူး ..."
မဒမ်ချင်၏ ဆူပူသံတို့က နောက်တစ်ခါ ထွက်ပေါ်လာပြန်သည်။ ထန်ဝမ်ဝမ်လည်း တစ်သံမှ မကြားနိုင်ရန် နားကြပ်ကို တပ်ထားလိုက်သည်။
xxxxxx