အပိုင်း ၈၄
Viewers 23k

လူရွေးပွဲပထမပိုင်းမှာ အမျိုးသားဇာတ်လိုက်နေရာအတွက်ဖြစ်သည်။ အဖြူရောင်ရဲတိုက်၏ အမျိုးသားဇာတ်လိုက်မှာ အသက် ၃၀ အရွယ်ခန့် ရဲဝန်ထမ်းတစ်ဦးဖြစ်ကာ ဥပဓိရုပ်မှာလည်း သာမန်ရဲဝန်ထမ်းတို့နှင့် မတူညီပေ။
အရွေးခံမည့်သူ တစ်ဝက်လောက်က အမျိုးသားဇာတ်လိုက်နေရာအတွက် ရောက်လာကြသူများဖြစ်သော်ငြား အများစုမှာ လူသစ်များဖြစ်ကြသည်။ သူတို့၏ သရုပ်ဆောင်စွမ်းရည်မှာ ဇာတ်ညွှန်းထဲမှ အမျိုးသားဇာတ်လိုက်နှင့် လားလားမှ မအပ်စပ်ပေ။
ပထမတစ်မျက်နှာရှိ နာမည်အားလုံးမှာ အမှားခြစ်ခံလိုက်ရသည်။ လောဖျင်ဖျင်နှင့် ကျန်လက်ထောက်ဒါရိုက်တာအားလုံးက ဒီနေ့တော့ သင့်လျော်မည့်သူ ရှာမတွေ့နိုင်လောက်ဟုဆိုကာ တစ်ညီတစ်ညွတ်တည်း သက်ပြင်းချလိုက်ကြသည်။
ယုံကြည်ချက်အပြည့်ရှိနေသေးသော ဖုကျန်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
" လောလောင်ရှီး သိပ်ပြီး စိတ်မပူပါနဲ့ နောက်ဆုံးကျန်တဲ့နှစ်ယောက်က အဆင်ပြေသွားနိုင်ပါတယ် ..."
နောက်ဆုံးကျန်နေသော နှစ်ယောက်မှာ ဘယ်လိုနတ်ဘုရားမျိုးဖြစ်နေလို့လဲဟုပင် တွေးလိုက်မိသည်။ သူမလက်ထဲရှိ သရုပ်ဆောင်စာရင်းကို လှန်ကြည့်ပြီးနောက် အကြည့်တို့က တစ်နေရာတွင် ရပ်တန့်သွားတော့သည်။
"ဟဲမင် ..."
သူမက ထိုနာမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လွန်ခဲ့သော ဆယ်စုနှစ်အကျော်ခန့်က ဟဲမင်သည် ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများတွင် အလွှမ်းမိုးနိုင်ဆုံးသူဖြစ်သည်။ ရုပ်သံလွှင့်လိုင်း ဆယ်ခုတွင် အနည်းဆုံးသုံးခုခန့်က သူပါဝင်ထားသော ဇာတ်ကားများကိုသာ အပြိုင်အဆိုင် လွှင့်ခဲ့သည်။ သားတော်ဖုစု၊ အားလန်ရှန်ယန်ကျန်းနှင့် ပြည်သူ့သမ္မတနိုင်ငံ၏ ကွမ်ရိအတွက် လက်ဆောင်၊ သောင်၏ ပုံရိပ်လွှာနှင့် အခြားအခြားသော ဇာတ်လမ်းတို့က တစ်ခေတ် တစ်ခါက သူ၏ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ဇာတ်ကားများပင် ဖြစ်သည်။
သို့သော် ထိုသို့ အောင်မြင်မှုအပေါင်း သရဖူဆောင်းခဲ့ချိန်တွင် ကွာရှင်းပြတ်စဲထားသော ဇနီးဟောင်း၏ အပုတ်ချခြင်းကို ခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူ၏ အနုပညာခရီးလမ်းမှာ ခက်ခဲကြမ်းတမ်းလာ ပြီး ဇာတ်လိုက်နေရာကို တစ်ခါမှ မရခဲ့တော့ပေ။ သူ့ကို အပုတ်ချထားသည့်သတင်းတို့ကို ရှင်းလင်းပြီးဖြစ်သော်ငြား ပရိသတ်ကတော့ သူ၏ ပုံပန်းသွင်ပြင်ကို သိပ်ပြီး လက်မခံနိုင်သေးပေ။ သက်လတ်ပိုင်းအရွယ်တွင် ကြွယ်ဝစပြုလာသည့် ဗိုက်ပူပူနှင့်သူမှာ ဘယ်လိုနည်းနှင့်မျှ ဇာတ်လိုက်နေရာနှင့် သင့်တော်မည်မဟုတ်ပေ။ မသိသာသည့် အရန်ဇာတ်ကောင်နေရာလောက်သာ ရနိုင်မည်ဖြစ်သည်၊၊
စာရင်းစာရွက်ထဲတွင် နာမည်နှစ်ခုသာ ကျန်တော့ပြီး ကျန်တစ်ယောက်ကိုတော့ လောဖျင်ဖျင်လည်း တစ်ခါမှ မကြားဖူးသေးပေ။
ဖုကျန်းက ဟဲမင်ရဲ့ ခန္ဓာကိုယ်ကြီးကိုတော့ မျှော်လင့်မထားလောက်ပါဘူးနော်...
ဒီနှစ်နွေဦးတွင် ရိုက်ကွင်းတစ်ခု၌ သူတွေ့ခဲ့သည့် ဟဲမင်၏ သွင်ပြင်ကို ပြန်စဉ်းစားပြီးနောက်တွင်တော့ လောဖျင်ဖျင်သည် ခေါင်းကို အသည်းအသန် ခါယမ်းလိုက်တော့သည်။
--- ဖုကျန်းက ဒီလောက်တော့ မိုက်ရူးရဲမဆန်လောက်ပါဘူး...
သို့သော် ဟဲမင်က အမှန်တကယ်ကို ရောက်ချလာလိမ့်မည်ဟုတော့ သူမလည်း လုံးဝမမျှော်လင့်ထားပေ။ ဝိတ်အတော်ကျသွားကာ သူမတို့ အရင်တွေ့ဖူးထားသည်နှင့် လားလားမှ မတူတော့။ ပိုပြီး အားအင်ပြည့်ကာ ငယ်ရွယ်ဟန်ပင် ပေါ်လာသည်။ ဘီယာဗိုက်က ချပ်သွားပြီး ကြွက်သားများ ထွက်နေသည်ကို တီရှပ်အောက်မှ ခပ်ရေးရေး မြင်နေရသေးသည်။ ပုန်းလျှိုးထားသော အားအင်တို့ အပြည့်ဖြင့်ပင်။
အကြည့်တစ်ချက်ဖြင့်ပင် လောဖျင်ဖျင်သည် စစ်နတ်ဘုရားကောကျင်များ ပြန်ရှင်သန်လာလေသလားဟု ခံစားလိုက်ရသည်။
ဖုကျန်းက စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်သည်။ အဖြူရောင်ရဲတိုက်အတွက် ကနဦးပြင်ဆင်မှုများ လုပ်နေစဉ်ကတည်းကပင် မစ္စတာဟဲကို ဆက်သွယ်ခဲ့ပြီးဖြစ်သည်။ အကယ်၍ သူသာ အောင်အောင်မြင်မြင်ဖြင့် ဝိတ်ချနိုင်ပါလျှင် အဖြူရောင်ရဲတိုက်၏ ဇာတ်လိုက်နေရာမှာ သူ့အတွက်ပဲဟု ပြောခဲ့သည်။
ဒီမနက် လူရွေးပွဲစာရင်းတွင် သူ၏နာမည်ကို တွေ့လိုက်ရချိန်တွင်တော့ ဟဲမင်မှာ အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်.
အခုလက်ရှိဟဲမင်က သူ့ကို ဘယ်လိုနည်းနဲ့မှ စိတ်ပျက်စေမယ် မထင်ဘူး။
ဟဲမင်သရုပ်ဆောင်ရမည့်အပိုင်းမှာ သူနှင့် အတူတူ ရှိနေခဲ့သည့် ခြေသလုံးအိမ်တိုင် ကလေးများမှာ သူတို့အတော်ကြာ ခြေရာကောက်နေခဲ့ရသည့် ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်များ ဖြစ်နေသည်ကို သိလိုက်ရသည့်အချိန်ဖြစ်သည်၊၊ ထိုအချိန်တွင် သူသည် ထိုကလေးများကို အတော်ကို သံယောစဉ်တွယ်နေပြီဖြစ်သည်။
အိမ်ထောင်ရေးပြဿနာများ ကြုံတွေ့ခဲ့ရသော်ငြား သရုပ်ဆောင်လောကကို နှစ်အတော်ကြာလွှမ်းမိုးခဲ့သူတစ်ဦးအတွက်တော့ ထိုဇာတ်ကွက်က မခဲယဉ်းလှပေ။
သရုပ်ဆောင်မှု မပြီးခင်မှာပင် ထိုဇာတ်ကောင်အတွက် သင့်တော်သည့်သူကို ရှာတွေ့သွားလေပြီ။ ဖုကျန်းနှင့် လောဖျင်ဖျင်တို့က အပြန်အလှန်ကြည့်ကာ ပြုံးလိုက်ကြတော့သည်၊၊ ဟဲမင်၏ သရုပ်ဆောင်မှုအပြီးတွင် ဖုကျန်းက သူ့ကို ပြောလိုက်သည်.
" အိုကေ မစ္စတာဟဲကို ကျေးဇူးအများကြီးတင်ပါတယ် အခု အရင်ဆုံး ပြန်လို့ရပါပြီ နောက်ရက်ပိုင်းအတွင်း ပြန်အကြောင်းကြားပေးပါ့မယ်..."
ဟဲမင်က ဦးညွတ်လိုက်သည်။
"ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးသူအားလုံးကို ကျေးဇူးတင်ပါတယ်..."
မနက်ပိုင်းလူရွေးပွဲမှာတော့ ပြီးဆုံးသွားပြီဖြစ်သည်။ ဖုကျန်း၊ လောဖျင်ဖျင်နှင့် ကျန်လက်ထောက်ဒါရိုက်တာအားလုံးမှာ နေ့လည်စာစားရန် ထွက်လာလိုက်ကြသည်။ ခပ်သွက်သွက် စားသောက်အပြီးတွင်တော့ နေ့လည်ပိုင်းလူရွေးပွဲကို ပြန်စရတော့မည်ဖြစ်သည်။
နေ့ခင်းပိုင်းမှာတော့ အမျိုးသမီးဇာတ်လိုက်နေရာအတွက် ဖြစ်သည်။ မနက်ပိုင်းတွင်လိုပင် လူသစ်များသာ အများအပြား ရောက်လာကြသည်။ သူကမ်းလှမ်းသည့်လစာမှာ နည်းပါးသောကြောင့်ဖြစ်မည်ဟုသာ ဖုကျန်းက တွေးလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက် ဝင်ကာ အလျှိုလျှို ပြန်ထွက်သွားကြသော်ငြား ဖုကျန်းကတော့ စိတ်တိုင်းကျသူ တစ်ဦးကိုမှ မတွေ့သေးပေ။
"ဆရာတို့အားလုံး မင်္ဂလာပါ ကျွန်မက ချန်းမန်လို့ ခေါ်ပါတယ်..."
ပိုနီတေးစည်းထားသော ကျောင်းဝတ်စုံနှင့် ကောင်မလေးတစ်ဦးက ဝင်လာကာ မိတ်ဆက်လိုက်သည်။
ထိုမိန်းကလေးကို ဖိတ်မိသလား မသိတော့သည့်အတွက် ဖုကျန်းမှာ မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သို့သော် ရောက်လာနေပြီးသူကို ကြိုးစားခွင့်တော့ ပေးလိုသည့်အတွက် သူက ပြောလိုက်သည်။
" စလိုက်ရအောင်..."
ချန်းမန်၏ မျက်နှာပေါ်မှ အပြုံးက ချက်ခြင်း လွင့်စင်သွားတော့သည်။ သူမက အဝေးတစ်နေရာကို လှမ်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
"ရှင့်အရှေ့က အိမ်ကြီးက ၁၉၇၃ ခုနှစ်မှာ ဆောက်ခဲ့တာ မစ္စစ်ရှီယကို ပေးခဲ့တဲ့ ပါမောက္ခ ဂျွန်ချန်းရဲ့ မွေးနေ့လက်ဆောင်လေ အိမ်ရဲ့အနောက်ဘက်ခြမ်းမှာ ရေကန်ကို မျက်နှာမူထားတဲ့ ခေါင်းလောင်းမျှော်စင်ရှိနေတယ် တကယ်လို့ ရေကန်ရဲ့ တစ်ဖက်ခြမ်းကို လျှောက်သွားမယ်ဆိုရင် သစ်တောထဲမှာ ပုန်းနေတဲ့ ရဲတိုက်အဖြူကြီးကို တွေ့လိမ့်မယ် ရဲတိုက်၏ သုံးလွှာမှာ အခန်းတွေမှ အများကြီး အဲ့ထဲက တစ်ခန်းမှာ ရှင်လိုချင်တဲ့ ရာဇဝတ်မှုအတွက် သက်သေရှိတယ်..."
"တစ်ခြားခြောက်ခုကရော ..."
အမျိုးသားအသံတစ်ခုက ထွက်ပေါ်လာသည်.
" အဲ့မှာ အဲ့မှာ မလိုအပ်တဲ့ပစ္စည်းတွေလည်း ရှိတယ်..."
ချန်းမန်၏အသံက တိုးသည်ထက်တိုးလာတော့သည်။ သူမက ခြေတစ်လှမ်းတိုးလိုက်သည်။ သူမ၏ မျက်ဝန်းတို့က ငွေ့ရည်တို့ဖြင့် ရစ်သိုင်းလာတော့သည်။
"ရှင့်ကို သတ်မယ့် တစ်ခုခုလည်း ရှိနေသေးတယ်..."
"ဒါဆိုရင်တောင် သွားဦးမှာပဲလား ..."
'သေချာပေါက်ပေါ့..."
ချန်းမန်က မိုးပေါ်သို့ မော့ကြည့်လိုက်သည်။
"ရှင့်ကို စတွေ့တုန်းက ဆောင်းတွင်းပဲ ရှိသေးတယ် ရှင့်လက်ထဲက မုချန်က ဘုရားကျောင်းကို ညွှန်ပြနေတာလေ အရမ်းကို လှတာပဲ.."
သူမ၏အသံက တဖြေးဖြေး တိုးညင်းလာတော့သည်။ မျက်လွှာတို့ကို ဖိပိတ်ရင်း
" နှုတ်ဆက်လိုက်ပါတယ် ကျွန်မရဲ့ သူရဲကောင်းလေး..."
ဖုကျန်း၏လက်ချောင်းတို့က စားပွဲခုံကို ဖွဖွလေး ခေါက်နေသည်။ ချန်းမန်၏ သရုပ်ဆောင်မှုအပြီးတွင်တော့ သူမ၏ အချက်အလက်တို့ကို ကြည့်ကာ မေးလိုက်သည်။
" ၁၆ နှစ် ... ကျောင်းတက်နေတုန်းပေါ့..."
ချန်းမန်က ခေါင်းငြိမ့်လိုက်သည်။
"အထက်တန်းဒုတိယနှစ်ပါ ..."
ရှေ့နှစ်နွေရာသီတွင် ကောလိပ်ဝင်ခွင့် ဖြေဆိုရတော့မည့်အတန်း ဖြစ်သည်။
ဖုကျန်းက သူမကို အတော်ပင် စိတ်တိုင်းကျမိလေသည်။ သူမ၏ သရုပ်ဆောင်မှုတို့က အနည်းငယ်ဝါနုသေးသော်ငြား အနည်းငယ် ပြင်ဆင်လေ့ကျင့်လိုက်လျှင်ပင် အားလုံးကို အံ့ဩစေနိုင်မည့်သူဖြစ်သည်။ ထို့ပြင် ဇာတ်ညွှန်းနှင့် တစ်ထပ်တည်းကျစွာပင် ကလေးမျက်နှာလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်နေသေးသည်။ ဖုကျန်းက ကျန်နေသေးသော လူစာရင်းကို လှန်လှောဖတ်ရှုပြီးနောက် သူမကို မေးလိုက်သည်။
" လူရွေးပွဲလာတာကို မိဘတွေသိလား အခု ရုပ်ရှင်ရိုက်ရမယ်ဆိုရင်ရော အားပေးကြပါ့မလား ..."
ချန်းမန်က ပြန်ဖြေလိုက်သည်.
"ကျွန်မရဲ့ အဆင့်တွေက တကယ်ကို ကောင်းတဲ့အထဲ ပါပါတယ် ပြီးတော့ ရုပ်ရှင်ရိုက်နေတုန်းကို သင်ခန်းစာတွေလည်း လွတ်မသွားအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်း အပြည့်ရှိပါတယ် မိဘတွေကိုယ်တိုင်ကလည်း ဒီအကြောင်းကို သိပြီးတော့ အားလည်း အားပေးကြပါတယ်..."
"ကောင်းပြီလေ ..."
ဖုကျန်းက ခေါင်းငြိမ့်ကာ သူမ၏နာမည်ဘေးတွင် စက်ဝိုင်းဝိုင်းထားလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရင်ဆုံး ပြန်လိုက်လို့ရပါပြီ နောက်နှစ်ရက်အတွင်း ဆက်သွယ်ပေးပါ့မယ် ..."
ချန်းမန်ထွက်သွားပြီးနောက် သူ့မေးစေ့ကို ပွတ်လိုက်ရင်း ဘေးနားမှ လောဖျင်ဖျင်ကို မေးလိုက်သည်။
" ဒီကောင်မလေးကို ဘယ်လိုထင်လဲ ..."
လောဖျင်ဖျင်က ပြောလိုက်သည်။
"မင်းက ဒါရိုက်တာလေ ကိုယ့်ဘာသာဆုံးဖြတ် ..."
ဖုကျန်းက လက်ထဲမှဘောပင်ကို လှည့်နေလိုက်သည်။ အကယ်၍ သူမပြောသွားသည်များကသာ အမှန်ဆိုလျှင်တော့ သေချာပေါက်ကို ဒီကောင်မလေးက အဆင်ပြေသည်။
နောက်ထပ်ဝင်လာသည့် သရုပ်ဆောင်မှာ ကောင်းထျန်းဖြစ်သည်။ ကောင်းထျန်းမှာ အနုပညာလောက၏ အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင်ဖြစ်ရာ အရိုးသားဆုံးပြောရပါလျှင် သူမ လူရွေးပွဲဖိတ်စာကို လက်ခံလိုက်ခြင်းက ဖုကျန်းကို အတော် အံ့ဩသွားစေသည်။ ထို့ပြင် သူမပါဝင်ခဲ့သည့် ရုပ်ရှင်အားလုံးမှာ အနုပညာကြေးမြင့်ကာ ငွေကြယ်ပွင့်များ တန်းစီပါဝင်ခဲ့သည့် ရုပ်ရှင်များသာဖြစ်သည်။ သို့သော် ဖုကျန်းကမူ အများကြီး မပေးနိုင်ရုံသာမက ဒုတိယဇာတ်လိုက်နေရာသာ ပေးနိုင်မည်ဖြစ်သည်။
ကောင်းထျန်းက အခန်းထဲဝင်လာပြီး သူမကိုယ်သူမ ပထမဆုံး မိတ်ဆက်လိုက်သည်။
" ဒါရိုက်တာကြီး ကျွန်မက အဓိကဇာတ်ကောင်နေရာအတွက် အရွေးခံဖို့လာတာပါ ..."
ဖုကျန်းက နဖူးကို ဖိထားလိုက်ရတော့သည်။ ကောင်းထျန်းကို အကူအညီမဲ့စွာ ကြည့်ပြီး ပြောလိုက်သည်။
"ဒုတိယအမျိုးသမီးဇာတ်လိုက်ကမှ မင်းနဲ့ သင့်တော်တာ ..."
ကောင်းထျန်းက မျက်မှောင်တို့ကို စုကြုတ်လိုက်သည်။ သေးနုပ်နုပ် သရုပ်ဆောင်များနှင့် ယှဉ်ပြိုင်အရွေးခံရသည်ကပင် သူမအတွက် အရှက်ရစရာ ဖြစ်နှင့်နေသည်ကို တစ်ခြားသူများနှင့်ပါ နှိုင်းယှဉ်ခံလိုက်ရသေးသည့်အတွက် မကျေမချမ်း ဖြစ်လာတော့သည်။
ဖုကျန်းက လက်ထဲမှ ဘောပင်ကိုချကာ သူမကို ပြောလိုက်သည်။
"ဒီဇာတ်ကောင်ကို လှလှပပလေးကို သရုပ်ဆောင်နိုင်မယ်ဆိုတာ လုံးဝကို အာမခံနိုင်တယ်နော် ..."
ကောင်းထျန်းက မေးကို မြင့်မြင့်မြှောက်ထားလိုက်သည်။
" ဆိုတော့ ကျွန်မက ကြည့်ကောင်းလို့ပေါ့ ..."
"ဇာတ်လိုက်နေရာက တကယ်ကို ရုပ်ဆိုးတာနော် ဒုတိယဇာတ်လိုက်က မင်းနဲ့ အရမ်းကို လိုက်ဖက်တယ် ..."
ဖုကျန်းက သူမကို ကျီစယ်လိုက်သည်။
"မင်းရဲ့ အနာဂတ်အရင်းအမြစ်တွေ ထိခိုက်မှာကို စိုးရိမ်နေတာဆိုရင် ဒီရုပ်ရှင်လွှင့်တဲ့အချိန်ကျ ဧည့်သရုပ်ဆောင်လို့ ထည့်ရေးပေးမယ်လေ ... "
"ကျွန်မက Shazhou Chronicle ရဲ့ ပရိသတ်ဖြစ်နေလို့ လက်ခံလိုက်မယ် ..."
သူမက ဒုတိယဇာတ်လိုက်နေရာကိုယူကာ မေးလိုက်သည်။
"အခု သရုပ်ဆောင်ရတော့မှာလား ... "
နောက်ဆုံးတွင်တော့ သူမ ဘာလို့ ဒီနေရာကိုလာရလဲဆိုတာကို သဘောပေါက်သွားပြီဖြစ်သည်။ Shazhou Chronicle ရဲ့ မျက်နှာကြောင့်ကိုး
ကောင်းထျန်း၏ သရုပ်ဆောင်စွမ်းရည်အကြောင်းကို ဖုကျန်းက ဂဂဏဏ သိရှိပြီးသားဖြစ်သည်။ အကယ်၍ သူမသာ လက်တန်း သရုပ်ဆောင်လိုက်ပါလျှင် ထိုနေရာတွင်ပင် နောင်တရသွားနိုင်သည်။ သူမမှာ ဒုတိယဇာတ်လိုက်နေရာအတွက် အရွေးခံသည့် တစ်ဦးတည်းသောသူဖြစ်ရာ
" မလိုဘူး အရင်ဆုံး အိမ်ကို ပြန်လိုက်လို့ ရပါပြီ စရိုက်မယ့်အချိန်ကို အကြောင်းကြားပေးပါ့မယ် ... "
သူမထွက်သွားပြီးနောက်တွင် လောဖျင်ဖျင်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
" သူ့ကို တကယ်ကြီး ရွေးလိုက်မလို့လား ..."
သူမ ဘာလို့ ဒီလိုမေးသလဲဆိုတာက အံ့ဩစရာတော့ မဟုတ်။ ကောင်းထျန်းမှာ ကြည့်ပျော်ရှုပျော်ရှိကာ အနုပညာအသိုင်းအဝိုင်းတွင် ထိပ်တန်းဖြစ်နေသော်ငြား သရုပ်ဆောင်စွမ်းရည် ကတော့ ဆိုးဆိုးဝါးဝါးပင်။
အနုပညာလောကထဲတွင် ထန်ဝမ်ဝမ်၏ မိုက်ရူးရဲပရိသတ်များမှလွဲ၍ ဘယ်သူကမှ သူမထက် ထန်ဝမ်ဝမ်က ပိုလှသည်ဟု မပြောရဲပေ။ တစ်ယောက်တစ်မျိုးစီ စတိုင်မတူကြ ဆိုတာလောက်သာ အများဆုံး ပြောရဲသည်။
သို့သော်ငြား သူမ၏ သရုပ်ဆောင်စကေးကတော့ သေစေနိုင်လောက်သည်။ ပွဲဦးထွက်ချိန်မှစ၍ ဇာတ်ကားတော်တော်များများတွင် ပါဝင်ဖူးသော်ငြား သူမ၏စွမ်းရည်ကတော့ တိုးတက်မလာ။ အစမှ အဆုံးအထိ စိုက်ကြည့်ရုံ၊ နှုတ်ခမ်းစူရုံမျှသာ လုပ်နိုင်သည်။ တစ်ခါက သူမ သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားထဲမှ လှေလှော်သည့်အခန်းကို လူစားထိုးခဲ့ကြောင်း ပေါက်ကြားသွားသည်၊၊
--- ပြောတော့ကျ လူစားမထိုးပါဘူးဆို အခုတော့ ကြည့်လိုက်ပါဦး လှေလှော်တာလေးကိုတောင် လူစားထိုးရအောင် နင့်လက်က အားယုတ်နေလို့လား
ဖုကျန်းကတော့ အတိတ်ကဖြစ်ရပ်တို့ကို သိပ်ပြီး ဂရုမစိုက်၊၊ သူက လောဖျင်ဖျင်ကို ပြုံးကာ မေးလိုက်သည်။
"သူမက ဒုတိယဇာတ်လိုက်နေရာနဲ့ သင့်တော်တယ်လို့ မခံစားရဘူးလား ..."
" သင့်တော်တာကတော့ သင့်တော်ပါတယ် ဒါပေမယ့် သူမရဲ့ သရုပ်ဆောင်စွမ်းရည်က ..."
လောဖျင်ဖျင်မှာ အတော်ကို ပူပန်နေပေသည်။
ဖုကျန်းက ပြောလိုက်သည်။
"ဒါရိုက်တာကျင်ကျန်းရဲ့ "ဖုန်လုံးနီ" ဇာတ်ကားကို ကြည့်ပြီးတော့ အစ်မဟုန်ဆီကနေ တစ်ခုခုကို သင်ယူလိုက်မိတယ် ဇာတ်ကောင်တွေကို တောက်ပစေဖို့အတွက်က တစ်ခါတစ်လေမှာ သရုပ်ဆောင်စွမ်းရည် အများကြီး ရှိနေဖို့ မလိုအပ်ဘူးတဲ့ ..."
ဖုကျန်းပြောနေသည့် အစ်မဟုန်မှာ ရာစုနှစ်၏ အကျော်ကြားဆုံး မင်းသမီးဖြစ်သည်။ သူမက အခုလက်ရှိ ကောင်းထျန်းနှင့် အတော်ကို ဆင်တူသည်။ သူမက ကြည့်ကောင်းသော်ငြား သရုပ်ဆောင်စွမ်းရည်ကတော့ ချို့တဲ့လွန်းသည်။ သို့သော် ဟုန်ချန်ထဲမှ သူမ၏ သရုပ်ဆောင်မှုက လူတိုင်းကို အံ့အားသင့်စေခဲ့ကြောင်းကို အမှတ်ရလိုက်သည်။
xxxxxxx