အပိုင်း ၈၃
Viewers 23k

ဖုကျန်းချန်ကတော့ ဘယ်ဆီဘယ်ဝယ် အတွေးလွန်နေသည်မသိ။ ကော်ရစ်ဒါနံရံကိုမှီရင်း သူ့ခြေထောက်ကိုသာ ငုံ့ကြည့်နေသည်။ ဖုထင်ကလည်း စိတ်ဓာတ်ကျစွာဖြင့် ဘေးချင်းကပ်ကာ ရပ်နေသည်။
မဒမ်ကျန်းက အထဲမှ ထွက်လာကာ ဖုကျန်းချန်ထံ လျှောက်လာသည်။ ဖုကျန်းချန်က သူမထက် အများကြီးပိုငယ်သော်ငြား နှစ်ယောက်အတူ ယှဉ်ရပ်နေပါလျှင် သူကသာ ပိုပြီး အသက်ကြီးသည်ဟု ထင်ကြလိမ့်မည်။ ဆံပင်ဖြူတို့ကလည်း တစ်ခေါင်းလုံး ဖွေးဖွေးလှုပ်နေသည်။
သူမက မေးလိုက်သည်။
"အထဲဝင်မကြည့်တော့ဘူးလား ..."
"မကြည့်တော့ပါဘူး ..."
ဖုကျန်းချန်က ခေါင်းကို အသာယမ်းပြီး ခါးသက်သက် ပြုံးလိုက်သည်။
" ရှောင်ကျန်း သူကလည်း တွေ့ချင်မယ်မထင်ဘူး သူ ဘယ်လိုနေသေးလဲ ..."
မစ္စစ်ကျန်းက ပြောလိုက်သည်။
" အဆင်ပြေပါတယ် ဒါပေမယ့် နည်းနည်းပင်ပန်းသွားလို့ထင်တယ် အခုလေးတင် အိပ်ပျော်သွားတယ် ..."
‌"ကောင်းပါတယ် ..."
အခုမှ ခေါင်းမော့လာသော ဖုကျန်းချန်က ခါးသက်သက်ပြုံးကာ မေးလိုက်တော့သည်။
" ဒါနဲ့လေ ကလေးကို နာမည်ပေးပြီးပြီလား ..."
မဒမ်ကျန်းက ခေါင်းကို ယမ်းလိုက်သည်။
"ဟန်ရှုကို အဲ့အကြောင်း မေးမကြည့်ရသေးဘူး ..."
ဖုကျန်းချန်က အတော်ကြာ တိတ်ဆိတ်သွားတော့သည်။ နောက်မှ သူမကို ပြောလိုက်သည်။
"ဒီနေ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သွားခွင့်ပြုပါဦး..."
ထို့နောက် ဖုထင်နှင့်အတူ ဆေးရုံမှ ထွက်လာခဲ့လိုက်သည်။
သူတို့နှစ်ဦးလုံး သူမ၏ အကြည့်အောက်မှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေလိုက်သည်။ မစ္စတာကျန်းက အနားသို့ရောက်လာကာ မေးလိုက်သည်။
"ဘာတွေငေးနေတာလဲ ..."
သူမက ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။
"ကျွန်မတော့လေ မစ္စတာဖုတို့ကို နားကိုမလည်နိုင်တော့ဘူး ..."
ဒီနေ့ သူတို့၏ အပြုအမူအရ ဖုကျန်းချန်မှာ ဖုကျန်းကို အလွန်အမင်းပင် ချစ်ခင်ခဲ့ကြောင်း သိနိုင်ပေသည်။ ဒါတောင်မှ ဘာလို့များ ပြီးခဲ့တဲ့နှစ်နှစ်တုန်းက ထန်ဝမ်ဝမ့်အတွက်နဲ့ ဖုကျန်းကို နှင်ထုတ်ခဲ့ရတာလဲ။
"နားမလည်တာ နားမလည်သလိုပဲ ထားလိုက်ပါ ..."
မစ္စတာကျန်းက သူမကို ပွေ့ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။
" ကိုယ် ကုမ္ပဏီကို ပြန်သွားရလိမ့်ဦးမယ် ..."
"သွားလေ ..."
မစ္စတာကျန်း ထွက်သွားပြီးနောက် သူမလည်း ဆေးရုံအခန်းထဲသို့ တိတ်တိတ်လေး ဝင်လာလိုက်သည်။ ဖုကျန်းမှာ အိပ်မောကျနေပြီး မင်းသမီးလေးကတော့ သူ့ဘေးမှာ ငြိမ်ငြိမ်လေး လှဲနေသည်။ ကျန်းဟန်ရှုကတော့ ကုတင်ဘေးတွင် သူတို့ကို စောင့်နေပေး၏။
မဒမ်ကျန်းက အနားသို့လာကာ သူ့ပုခုံးကို အသာပုတ်ကာ အပြင်ဘက်သို့ ခေါ်ထုတ်လိုက်သည်။ ထို့နောက်
"ရှေ့လျောက် ကျင်ရှခရိုင်မှာပဲ နေနေဦးမှာလား ..."
သူက ပြန်ဖြေလိုက်သည်။
"ရှောင်ကျန်း ဆေးရုံက ဆင်းလာရင် ရန်ဟဲခရိုင်က အိမ်ကို ပြောင်းနေဖို့ စီစဉ်ထားပါတယ် ..."
ရန်ဟဲခရိုင်တွင် သူ့အပိုင် အိမ်တစ်လုံးရှိမှန်း မဒမ်ကျန်းက သိထားပြီးဖြစ်သည်။ ထိုအိမ်မှာ နှစ်ထပ်ဗီလာဖြစ်ကာ လုံခြုံရေးကောင်းပြီး လမ်းပန်းဆက်သွယ်ရေးမှာလည်း ဖြောင့်ဖြူးသည်။
"ဒါလည်း အဆင်ပြေပါတယ် ..."
သူမက ခဏရပ်လိုက်ပြီးမှ နောက်ထပ်တစ်ခုကို အကြံပြုလိုက်သည်။
"ဒါမှမဟုတ် အိမ်မှာ ခဏတစ်ဖြုတ်လောက် လာနေပါလား အိမ်မှာကျ ဖုကျန်းကို ဂရုစိုက်ပေးဖို့ လူရှိ‌တယ်လေ အမေ သူနာပြုတစ်ယောက်လောက် ရှာထားပေးမယ် ..."
ကျန်းဟန်ရှုက အခန်းထဲကို လှမ်းကြည့်ပြီးမှ ပြောလိုက်သည်။
"သူနိုးလာမှ မေးကြည့်ဦးမယ် ..."
"ကလေးနာမည်ကိုရော စဉ်းစားပြီးပြီလား ..."
မစ္စစ်ကျန်းက မေးလိုက်လျှင် တစ်က်ခြမ်းမှ အဖိုးကျန်းကလည်း ထိုင်ရာမှ ထကာ စကားဝိုင်းထဲ ဝင်လာတော့သည်။
သူက ခေါင်းငြိမ့်ပြလိုက်သည်။
"ကျန်းဖုလို့ စဉ်းစားထားတယ် ..."
"ကျန်းဖု ကျန်းဖု ..."
အဖိုးကျန်းက ခပ်တိုးတိုး ရေရွတ်ရင်း ပြုံးကာ ပြောလိုက်သည်။
"ဒီရေကို တိုက်ခတ်သွားမယ့် ကျန့်ကျန်းနဲ့ ဟွိုင်ဟိုင်ရဲ့ မိုးထိအောင် မြင့်မားသောလှိုင်း ကောင်းလိုက်တဲ့နာမည် ..."
ကျန်းဟန်ရှုက ပြုံးရုံသာ ပြုံးလိုက်တော့သည်။ ကျန်းဖုမှာ သူနှင့် ဖုကျန်းတို့၏ မျိုးရိုးနာမည်နှစ်ခုကို ပေါင်းထားသည့်အကြောင်းကိုတော့ ရှင်းမပြတော့ပေ။ ဖုကျန်းဟု မခါ်ရသည့်အကြောင်းမှာ ဖုကျန်း၏နာမည်နှင့် သံတူကြောင်းကွဲဖြစ်နေရာ ကလေးအတွက် မသင့်လျော်ဟု ခံစားရသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် ကျန်းဖုဟုသာ ရေးလိုက်ခြင်းဖြစ်သည်။
(T.N ရှုပ်သွားကြမယ်ထင်ပါတယ် ကလေးနာမည် ကျန်းဖုက Jiang Fu ကျန်းဟန်ရှုရဲ့ Jiang နဲ့ ဖုကျန်းရဲ့ Fu ပါ တကယ်လို့ ကလေးကို ဖုကျန်းFu Jiangလို့ခေါ်ရင် အဖေဖုကျန်း Fu Zhen နဲ့ အသံတူပြီး ရေးနည်းပဲ ကွဲနေလို့ပါ)
မဒမ်ကျန်းက ခေါင်းငြိမ့်ကာ သူ့ကို ပြောလိုက်သည်။
"ကလေးကို ဝင်ခေါ်လိုက်ဦး သူနာပြုက အောက်ထပ်မှာ စောင့်နေတယ် ကလေးကို နို့တိုက်ဖို့ ခေါ်သွားပေးလိုက်ဦး ..."
ကျန်းဟန်ရှုက အခန်းတံခါးကို ဖွင့်ကာ ဖွဖွလေး ဝင်လာလိုက်သည်။ ဖုကျန်းမှာ အိပ်ပျော်ကျနေ‌‌ဆဲဖြစ်ပြီး ဘေးနားမှ မင်းသမီးလေးမှာတော့ ဗိုက်ဆာနေဟန်မတူသည့်အပြင် မွေးလာသည့်အချိန်မှစ၍လည်း နှစ်ကြိမ်သာ ငိုသေးသည်။ သူမ၏ ကိုယ်လေးကို သာသာလေးလှည့်ကာ ဖြူတုတ်တုတ်လက်တို့က ဖုကျန်း၏မျက်နှာကို လှမ်းထိနေပြီး သူ့အဖေကို နမ်းလိုသယောင် ပါးစပ်ကို
ဟထားလိုက်သေးသည်။
ကျန်းဟန်ရှုက တိတ်တိတ်လေးရယ်ကာ သူမကို ပွေ့ချီပြီး နှာခေါင်းထိပ်လေးကို သာသာလေး တို့လိုက်သည်။
"ဖေဖေ့ကို မနှိုးမိစေနဲ့နော် ..."
မီးဖွားပြီး ဒုတိယမြောက်နေ့တွင်တော့ ဖုကျန်းလည်း ဆေးရုံမှ ဆင်းလာခဲ့သည်။ သူနာပြုရှာမတွေ့မီအထိ မဒမ်ကျန်းကသာ ကလေးကို ကျွေးမွေးစောင့်ရှောက်ပြီး ရက်အနည်းငယ်အတွင်းတွင်ပင် အပူအပင်ကင်းကင်းဖြင့် ဖြူဖြူဖောင်း‌ဖောင်းကြီး ဖြစ်လာခဲ့တော့သည်။
ဖုကျန်းတို့နှစ်ဦးလုံးမှာ ဖခင်အသစ်စက်စက်များဖြစ်ရာ အစောပိုင်းတွင် ကလေးကို ပွေ့ချီရန်ပင် မရဲပေ။ ကျန်းဖုလေးကို ပွေ့လိုက်သည်နှင့် သူမက နားကွဲလုမတတ် အော်ငိုတော့သည်။
ဘေးနားမှ သူနာပြုက သူမကို နို့ဘူးတိုက်ချိန်တွင်တော့ အော်ငိုခြင်းကို ချက်ခြင်းရပ်ကာ လက်သေးသေးလေးများကို လေထဲ ဝှေ့ယမ်းနေတော့သည်။ နို့ဝသွားချိန်တွင်တော့ လေချဉ်ပင် တက်လိုက်သေးသည်။ သူမ၏ ချစ်စရာကောင်းမှုမှာ သေစေနိုင်လောက်သည်ဟုပင် အတွေးပေါက်မိတော့သည်။
ကျန်းဖုမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်စရာကောင်းလာကာ မွေးစကလို မျောက်အိုရုပ်လေး မဟုတ်တော့။ ဆံပင်တို့က တစ်နေ့ထက် တစ်နေ့ထူလာကာ သူ့အဖေနှင့် တစ်ပုံစံတည်းတူသော မျက်ဝန်းပြာတို့ကလည်း အားအင်အပြည့်ဖြင့် ဟိုဟိုသည်သည် လျှောက်ကြည့်ကာ စူးစမ်းနေသည်။
အဖိုးကျန်းက သူမကို coco ဟုပင် အိမ်နာမည် ပေးလိုက်သေးသည်။ အဖိုးကျန်းမှာ မြစ်မလေးကို အလွန်ပင် သဘောကျနေရာ ဒီရက်ပိုင်းအတွင်း သူ့သူငယ်ချင်းများနှင့် မာကျောက်ကစားရန်၊ ငါးမျှားရန်၊ စစ်တုရင်ကစားရန်ပင် မထွက်တော့။ coco ကိုသာ ချော့ရင်းမြှူရင်း အချိန်ဖြုန်းနေတော့သည်။
"အချိန်တွေက အရမ်းကို မြန်တာပဲ ..."
အားလပ်နေသော ဖုကျန်းတို့ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဟန်ရှုရဲ့ ကလေးလေးကို တွေ့ရဖို့ နောက်ထပ် ရှစ်နှစ်လောက် စောင့်ရလိမ့်ဦးမယ် ထင်နေတာ..."
ကျန်းဟန်ရှု၏ အတိတ်က စိတ်အခြေအနေအရဆိုလျှင် လက်မထပ်ဘဲ နေလျှင်နေ သို့မဟုတ် ကလေးမယူသည့် လူချမ်းသာမျိုးဆက် လမ်းစဉ်သာ လိုက်မည်ဖြစ်သည်။ ဒီကလေးလေး ရလာတာ‌ကတော့တကယ်ကို အံ့ဩစရာပဲ။
ကျန်းဟန်ရှုတို့က အိမ်တွင် ကြာကြာနေရန် အစီအစဉ်မရှိဟု သိလိုက်ရချိန်တွင်တော့ အဖိုးကျန်းမှာ အနည်းငယ် စိတ်ပျက်သွားသည်။ သူက ဖုကျန်းကို ဦးတည်ကာ မေးလိုက်သည်။
"ရွှေ့တော့မှာလား ..."
အဖိုးကျန်း၏ ဝန်လေးနေဟန်ကို တွေ့လိုက်ရချိန်တွင်တော့ ဖုကျန်းမှာ အနည်းငယ် အခက်ကြုံသွားသည်။ ကျန်းအိမ်တွင် ဆက်နေရန်မှာ မဖြစ်နိုင်သည်တော့မဟုတ်။ ကျန်းမိသားစုမှာ လူများလွန်း၍ သူနှင့် ကျန်းဟန်ရှုတို့ တစ်ခုခုလုပ်ရန် အဆင်မပြေ၍သာ ဖြစ်သည်။ ထို့ပြင် အိမ်မှာ တောင်ကြားထဲရှိ ဗီလာဖြစ်ရာ သွားလာရေးကလည်း အခက်ကြုံလာ‌နိုင်သည်။
ဖုကျန်း အခက်တွေ့နေသည်ကို မြင်လိုက်ရသောအခါ အဖိုးကျန်းက သူ့ကို ပြောလိုက်သည်။
"ရွှေ့မယ်ဆိုလည်း ခပ်သွက်သွက်တော့လုပ်ကြ ဒီကလမ်းတွေက သွားလို့လာလို့ သိပ်မကောင်းဘူး ဒါပေမယ့် ဒီအဖိုးကြီး ကျန်းမာနေရဲ့လားဆိုတာကိုတော့ မကြာခဏ လာကြည့်ဖို့ မမေ့နဲ့နော် ..."
"ဆက်ဆက်လာကြည့်ပါ့မယ် ..."
ဖုကျန်းက ကတိပေးလိုက်သည်။
အဖိုးကျန်းက တစ်ဖက်လှည့်ကာ ပုခက်ထဲမှ မြစ်ကလေးကိုသာ ပြန်ချော့မြှူလိုက်တော့သည်။
"coco ရေ coco ကတော့ အဖိုးကို လွမ်းနေပေးနော် ..."
ကျန်းဖုက လက်သေးသေးလေးကို ဆန့်ထုတ်ကာ အဖိုးဖြစ်သူ၏ လက်ချောင်းတို့ကို ဆုပ်ကိုင်လိုက်သည်။ သူ့အဖိုးပြောသည့်စကားကို သဘောတူနေဟန်ပင်။
ဖုကျန်းက အိမ်တွင် ရက် ၂၀ ခန့် အနားယူခဲ့ပြီး သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ ပြန်သက်သာပြီဟု ခံစားရမှသာ အလုပ်ပြန်စရန် ပြင်ဆင်လိုက်သည်။
ကျန်းဟန်ရှုကလည်း သူအလုပ်ပြန်လုပ်ရန်ကို သဘောတူပြီးဖြစ်သည်။ အလုပ်မလုပ်ဘဲ အိမ်ထဲတွင်သာ အကြာကြီးနေနေရန်မှာ ထင်သလောက် မလွယ်ကူ‌လှပေ။ တစ်နေကုန် အလုပ်လုပ်ချိန်ကို ၈ နာရီထက် မကျော်ရန်၊ ည ၁၁ နာရီထက် နောက်ကျပြီး မအိပ်ရန်နှင့် ကျန်းမာရေး ပြန်ကောင်းလာပါက ဘယ်ဘက်ခြေထောက်ကို ပြန်လည်ထူထောင်ရေးလုပ်ရန် နှစ်ဦးသဘောတူညီပြီးဖြစ်သည်။
အလုပ် တရားဝင်မစခင် သူက လောဖျင်ဖျင်နှင့် တွေ့ဆုံရန် ဖိတ်ကြားလိုက်သည်။ လောဖျင်ဖျင်မှာ လေးဆယ်ခန့် ရှိပြီဖြစ်သော်ငြား ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည့်အတွက် သုံးဆယ်ခန့်ဟုသာ ထင်ရသည်။
ဇာတ်ညွှန်းနှင့်ဆိုင်သည့် အကြောင်းအရာတစ်ချို့ကို ဆွေးနွေးပြီးနောက်တွင်တော့ ဖုကျန်းက သူ့ကို မေးလိုက်သည်။ (ရှေ့အပိုင်းတွေမှာ she ရေးပြီး အခုကျ he ဖြစ်သွားပြန်ပြီ)
"ရှေ့တနင်္လာကျ ရုပ်ရှင်အတွက် လူရွေးပွဲလုပ်ဖို့ စီစဉ်ထားတယ် လောလောင်ရှီးရော အတူတူလာမလား ..."
လောဖျင်ဖျင်က ခေါင်းငြိမ့်ကာ သူ၏ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
"ဒါဆိုရင်တော့ ငါ့စာအုပ်အတွက် ဘယ်လိုဇာတ်လိုက်မျိုးကို ရွေးဖို့ စီစဉ်ထားလဲဆိုတာကို ကြည့်ရဦူမှာပေါ့ ..."
ဖုကျန်းက သူ့ကို အာမခံလိုက်သည်။
"ဆရာ့ကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ ..."
သူ့စတူဒီယိုမှာ ကျန်းမိသားစု၏ ဟဲရှီဖျော်ဖြေရေးကုမ္ပဏီနှင့် ချိတ်ဆက်ထားရာ ဟဲရှီ၏ အရင်းအမြစ်များအားလုံးကို အသုံးပြုနိုင်ပေသည်။ ဖုကျန်း၏ ဇစ်မြစ်ကို တိတိကျကျ မသိသော်ငြား ကျန်းဟန်ရှုက ကိုယ်တိုင်ကိုယ်ကျ စီမံပေးထားသူဖြစ်ရာ ဟဲရှီ၏ ဝန်ထမ်းတို့က သူ့ကို လျစ်လျူရှုမထားရဲပေ။ သူလိုချင်သမျှ ပစ္စည်းပစ္စယအရင်းအမြစ်အားလုံးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးကြသည်။
ဒီအသိုင်းအဝိုင်းတွင် ဖုကျန်း၌ ပြတ်လပ်နေသည့် တစ်ခုတည်းသော အရာမှာ အဆက်အသွယ်ဖြစ်သည်။ သို့သော် ဟဲရှီ၏ အကူအညီဖြင့် အဆက်အသွယ်ကို ဖြန့်ကျက်ကာ အနုပညာရှင်တော်တော်များများကို လူရွေးပွဲအတွက် ဖိတ်နိုင်ခဲ့သည်။
နာမည်ကြီးစတားများ ၊ အလှပန်းအိုးများနှင့် အင်အားတောင့်သော လူငယ်ခြေသစ်များသာမက တစ်ခါမှ ဇာတ်လိုက်နေရာကို သရုပ်မဆောင်ခဲ့ရသည့် ဝါရင့်သရုပ်ဆောင်များပင် ပါဝင်လာသည်။
သူ၏ လူရွေးပွဲဖိတ်ကြားလွှာနှင့်အတူ အဖြူရောင်ရဲတိုက်ကို ဖုကျန်းက ရိုက်မည်ဆိုသော သတင်းမှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူတိုင်း၏နားထဲသို့ ရောက်ရှိသွားတော့သည်။
နွေဦးဟွားရှန်ကို websiteတွင် ထုတ်လွှင့်ချိန်မှာ ဖုကျန်း၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ချိန်ဟုပင် ပြော၍ရပေသည်။ သူ၏ နောက်ထပ်အစီအစဉ်မှာ ဖုအိမ်ကို ပြန်ဝင်ရန် ဖြစ်ရမည်ဟုသာ လူတိုင်းက ထင်ထားကြသည်။
သို့သော် သူက အချိန်အတော်ကြာသည်အထိ စာမလာ သတင်းမကြားဘဲ ပျောက်ကွယ်သွားရာ အတော်များများက သူ့ကို မေ့လျော့သွားကြပြီး သူ့ကို နေ့နေ့ညည သတိရနေသူဟူ၍ Shazhou Chronicle ၏ ပရိသတ်အချို့သာ ကျန်နေတော့သည်။
( အခုတော့ ကြည့်ပါဦး လူအိုကြီးဖုကျန်းက ရုတ်တရက်ကြီး ဗုံးကျဲချလိုက်ပြန်ပြီ )
ဖုကျန်းက သူလုပ်ရိုးလုပ်စဉ်အတိုင်း ရုပ်ရှင်ဆက်ရိုက်ရန် ပြင်နေသည်ကို သိလိုက်ရချိန်တွင်တော့ အင်တာနက်သုံးစွဲသူတို့၏ တုန့်ပြန်ပုံမှာ တစ်ပုံစံတည်းပင်။
( အဖြူရောင်ရဲတိုက်က ဘာကြီးလဲ ဝတ္ထုနာမည်ကလည်း ဒါပဲလား ငါက ဘာလို့ တစ်ခါမှ မကြားဖူးလိုက်ရတာလဲ... )
ထို့နောက်တွင်တော့ တစ်ယောက်ယောက်က << ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >> မှာ အဖြူရောင်ရဲတိုက်ကို ခိုးချထားသည်ဟု စွပ်စွဲခံထားရကြောင်း ပြောလာသည်။ ဖုကျန်းမှာ ယုံလွယ်သူဟု ထင်ရသော်ငြား ခိုးကူးကိစ္စတွင်မူ အဖြူရောင်ရဲတိုက်က နစ်နာသူဖြစ်သည်။ ထို့ကြောင့် ဘယ်သူကမှ လက်လွတ်စပယ် မပြောရဲ။ ရှေ့ဆက်ဖြစ်လာမည့် တိုးတက်မှုများပေါ် အခြေခံ၍သာ ပိုင်းခြားမှုများကို လုပ်မည်ဖြစ်သည်။
‌ယေဘုယျအားဖြင့် ပြောရပါလျှင် ဖုကျန်းက အဖြူရောင်ရဲတိုက်ကို ရိုက်မည်ဟု အင်တာနက်သုံးသူတိုင်းက သိနေကြသော်ငြား သူကတော့ သိပ်ပြီး အမှုထားဟန်မတူ။ သတင်းသာ ထွက်မလာပါလျှင် ရုံမတင်ခင်အထိ အသံတိတ်နေလောက်ပေမည်။
လူရွေးပွဲအတွက် ဖိတ်စာ အစောင် ၁၀၀ လောက် ဖိတ်ခဲ့သော်လည်း လူ ၃၀ ကသာ အမှန်တကယ် ရောက်လာပြီး ၉၀% က ဇာတ်လိုက်နေရာအတွက် ရောက်လာကြရာ ပွဲအပြီးတွင် လောဖျင်ဖျင်ကပင် သူ့ကို စနောက်လိုက်သေးသည်။ ဖုကျန်းမှာ ဖိတ်ထားသမျှလူတိုင်းကတော့ ရောက်လာမည်မဟုတ်ဟု အစောကတည်းက တွေးထားပြီးဖြစ်၍ ယခုလက်ရှိလာသည့် လူစာရင်းကပင် အတော်လုံလောက်နေပြီဟုသာ သတ်မှတ်လိုက်သည်။
‌လူရွေးပွဲဝင်မည့်သူများ၏ အချက်အလက်ကို ကြည့်ပြီးနောက်တွင်တော့ သူက တံခါးဘေးမှ ဝန်ထမ်းကို ပြောလိုက်သည်။
"စကြရအောင် ..."
xxxxxx