အပိုင်း ၈၂
Viewers 23k

ဖုကျန်း၏အကြည့်တို့က ခေါင်းလောင်းမျှော်စင်၏ ထိပ်ဖျားတွင် ရပ်တန့်သွားသည်။ မျက်ဝန်းတို့က အကြောင်းပြချက်မရှိ စိုစွတ်လာခဲ့သည်။
သူလူကြီးဖြစ်လာလျှင် ရဲတိုက်အကြီးကြီးတစ်ခုကို ဆောက်ပေးမည်ဟု ပြောခဲ့သူတစ်ဦးကို အမှတ်ရမိလိုက်သည်။ သို့သော် နောက်ဆုံးတွင်တော့ Eston Manor မှာ ထန်ဝမ်ဝမ်၏နာမည်အောက်သို့ ရောက်သွားကာ သူကလည်း သူ့အဖေရဲ့ ကလေးမဟုတ်တော့။
မျက်ရည်တို့က မျက်လုံးထောင့်စွန်းမှတစ်ဆင့် ‌မြက်ခင်းပေါ်သို့ တပေါက်ပေါက် ကျဆင်းလာတော့သည်။ ကြည်လင်နေသော မျက်ရည်စက်တို့က ကြယ်ရောင်စုံတို့သဖွယ်။ အတိတ်က အမှတ်တရတို့ တစ်စစီ လွင့်ပျံသွားသည့်နှယ်။
ကျန်းဟန်ရှုက သူ့ပါးနှစ်ဖက်ပေါ်မှ မျက်ရည်စက်တို့ကို သုတ်ပေးရင်း သာသာလေး မေးလိုက်သည်။
"ဘာလို့ ငိုနေရတာလဲကွာ ဒါကို သဘောမကျလို့လား တကယ်လို့ မကြိုက်ရင် ကိုယ် တစ်ခြားအိမ်တွေကို ပေးမယ်လေ ..."
"သဘောကျပါတယ် ..."
ဖုကျန်းက မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်ကျနေရင်း ခေါင်းကို အသည်းအသန်ငြိမ့်လိုက်သည်။ သူက ကျန်းဟန်ရှုကို ပွေ့ဖက်လိုက်ကာ
"ကျန်းဟန်ရှု ကျွန်တော် ခင်ဗျားကို အများကြီး သဘောကျတယ် ..."
ကျန်းဟန်ရှုကလည်း သူ့ကိုပွေ့ဖက်ကာ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ကိုယ်လည်း မင်းကို အများကြီး အများကြီး သဘောကျတာမလို့ မငိုနဲ့တော့နော် ..."
သူက ခေါင်းကိုငုံ့ကာ ဖုကျန်း၏ မျက်ရည်တို့ဖြင့် လူးနေသော မျက်နှာကို နည်းနည်းချင်း(တို့တိတို့တိ) နမ်းလိုက်သည်။ ခါးသက်သက် အငန်ဓာတ်က သူ့လျှာဖျားတွင် စွဲကပ်နေတော့သည်။ ရင်ခွင်ထဲမှ ဖုကျန်းကို ဖျစ်ညှစ်ကာ ဖက်ရင်း ပြောလိုက်သည်။
"ကိုယ် မင်းကိုချစ်တယ် ..."
ကြယ်တာရာတို့က သူ့မျက်လုံးပြာထဲသို့ ကြွေကျလာသယောင်။ ဖုကျန်းမှာ ထိုမျက်ဝန်းပြာတို့ကြောင့် မူးယစ်ရီဝေနေတော့သည်။
ကျန်းဟန်ရှုက သူ့ကိုလွှတ်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ဘယ်ဘက်လက်ကို နောက်ပို့ကာ ကိုယ်ကို ကိုင်းလိုက်သည်။ ညာဘက်လက်ကို ဆန့်ထုတ်ရင်း ဖုကျန်းကို ဖိတ်ခေါ်လိုက်သည်။
" ဒီဘက်က ချောမောလှပါတဲ့ မင်းသားငယ်လေးခင်ဗျာ ကျွန်တော်နဲ့ အတူတူတွဲကဖို့ ဆန္ဒရှိပါရဲ့လား ..."
ဖုကျန်းက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ အမူအယာကို ပြင်ဆင်ကာ ကိုယ်ကို မတ်မတ်ရပ်လိုက်သည်။ သူ့လက်ကို ကျန်းဟန်ရှုလက်ထဲ ထည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေလိုက်သည်။
"ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကို ဆန္ဒရှိပါတယ်ခင်ဗျာ ..."
ကျန်းဟန်ရှုက သူ့ကို ရင်ခွင်ထဲသို့ သာသာလေး ဆွဲသွင်းလိုက်သည်။
ခပ်နှေးနှေး ဂီတသံစဉ်တို့က ရေပန်းတစ်လျောက် ပျံ့လွင့်လာသည်။ တေးသံထွက်ပေါ်လာသည်နှင့် အဖြူရောင် မီးအိမ်တို့ကလည်း မီးရောင်စုံ ပြောင်းလဲလာပြီး ခပ်လှမ်းလှမ်းမှ ရဲတိုက်တွင်ပင် အိပ်မက်ဆန်ဆန် အရောင်တို့ ထွန်းလင်းလာပေသည်။ သူတို့နှစ်ဦးသား နတ်သမီးပုံပြင်ထဲမှ မင်းသားလေးနှင့် သူ၏ သူရဲကောင်းတို့ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေသွားကြသည့်နှယ် အေးချမ်းစွာ ကခုန်စီးမျောလိုက်ကြတော့သည်။
သီချင်းသံဆုံးသွားပြီးနောက်တွင်တော့ သူက ဖုကျန်းကို ပြောလိုက်သည်။
"ရဲတိုက်ထဲမှာ လေအေးပေးစက် တပ်မထားတော့ ဒီည မင်းသမီးလေးက ကျွန်တော့်အိမ်ကို လိုက်ခဲ့ပါလား ..."
"...ကောင်းပါပြီ ..."
........
ချီရှီပွဲတော်အပြီး သိပ်မကြာမီတွင် အဖြူရောင်ရဲတိုက်၏ ဇာတ်ညွှန်းကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။ သရုပ်ဆောင်ရွေးကာ ရိုက်ကွင်းနေရာရှာခြင်းတို့ကို ကလေးမွေးပြီးသည်နှင့် ချက်ခြင်း စတင်နိုင်တော့မည်ဖြစ်သည်။ သရုပ်ဆောင်နေရာအတွက် ဖုကျန်းတွေးထားသူ အများအပြား ရှိနေသော်ငြား အရင်ဆုံး သူတို့ကို ဆက်သွယ်ကာ အချိန်ရှိမရှိတော့ မေးမြန်းရဦးမည်။
ဖုကျန်းသည် Shazhou Chronicle အတွက် ဇာတ်ညွှန်းရေးပေးခဲ့ချိန်က လုပ်ငန်းပိုင်းဆိုင်ရာတွင် နှံ့စပ်ပြီ‌ဟု သူ့ကိုယ်သူ ထင်ခဲ့သည်။ သို့သော် လောဖျင်ဖျင်နှင့် အတူတူ အလုပ်လုပ်ချိန်တွင် ယခင်က သူမမြင်ဖူး၊ မကြားဖူးခဲ့သည်များကို အများကြီး သင်ယူရရှိခဲ့သည်။ အဖြူရောင်ရဲတိုက်၏ ဇာတ်ညွှန်းကို အပြီးသတ်ပြီးချိန်တွင် သူက မေးလိုက်သည်။
"လောလောင်ရှီး အရင်က ဇာတ်ညွှန်းရေးဖူးလား ..."
လော‌ဖျင်ဖျင်က သူ့ကို လျှို့ဝှက်မထား ၊ အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်သည်။
"လုပ်ဖူးတာပေါ့ <<< ဖန့်ကုန်းတစ်ယောက်၏ လျှို့ဝှက်ရာဇဝင်>>> နဲ့ <<<မုဆိုးမနှင့် ဟန်အမျိုးသား နှစ်ဦး >>> ဒီဇာတ်လမ်းနှစ်ခုလုံးရဲ့ ဇာတ်ညွှန်းရေးတဲ့သူက ငါလေ..."
ထိုဇာတ်လမ်းတွဲနှစ်ခုလုံးမှာ လွန်ခဲ့သော ဆယ်နှစ်ကျော်က နာမည်ကြီးခဲ‌့သော ဇာတ်လမ်းများဖြစ်ကာ အဆင့်သတ်မှတ်ချက်မှာလည်း ကောင်းလွန်း၍ ဒီနေ့ခေတ်အထိ တစ်ဖွဖွ ပြောနေကြဆဲဖြစ်သည်။ သူငယ်စဉ်က << မုဆိုးမနှင့် ဟန်အမျိုးသားနှစ်ဦး>> ကိုသာ ကြည့်ဖူးသော်ငြား အခုအချိန်အထိ စာသားတို့က ရင်ထဲစွဲနေဆဲဖြစ်သည်။ ရှေးခေတ် သမိုင်းကြောင်းအခြေခံဇာတ်ကားဟု ထင်ခဲ့သော်ငြား ဇာတ်ကြောင်းပြောသည့်စတိုင်မှာ ရှိတ်စပီးယား၏ဟန် လွှမ်းမိုးနေသည်မှာ မမျှော်လင့်စွာပင် ဇာတ်လမ်းတစ်ခုလုံးနှင့် လိုက်ဖက်နေသည်။
ဇာတ်လမ်းတွဲနှစ်ခုလုံးမှာ ပုံစံရော၊ ဆိုလိုရင်းရော လုံးဝကို မတူညီကြ။ တစ်ခုက ရှေးခေတ်ဒရာမာဖြစ်ပြီး နောက်တစ်ခုက ကျေးလက်အချစ်ကားဖြစ်သည်။ ဖုကျန်းက ထိုဇာတ်လမ်းတွဲနှစ်ခုလုံး၏ ဇာတ်ညွှန်းရေးသူကို ရှာကြည့်လိုက်လျှင် ဇာတ်ညွှန်းရေးသူမှာ တစ်ဦးတည်းဖြစ်နေတာကို တွေ့လိုက်ရသည်။ သို့သော် နာမည်ကတော့ လောဖျင်ဖျင်မဟုတ်။
သူမက ရှင်းပြလိုက်သည်။
"နောက်ပိုင်းမှ နာမည်ကို ပြောင်းလိုက်တာ ငါ့အရင်နာမည်က အရမ်းကို မောက်မာလွန်းနေပြီး ငါနဲ့မလိုက်ဖက်ဘူးလို့ အဖေကပြောလို့လေ ..."
ဖုကျန်းက သူမကို သံသယမဝင်လိုပေ။ ဒီအတောအတွင်း သူမထံမှ တကယ်ကို အများကြီး သင်ယူခဲ့ရသည်။
"လောလောင်ရှီး ဒီ‌အတောအတွင်းက ကျွန်တော့်မှာ ကိစ္စလေးတွေရှိနေလို့ အပြင်မထွက်နိုင်လောက်သေးဘူး နောက်ပိုင်းမှ သေချာပေါက်ကို ထမင်းတစ်နပ် ဖိတ်ကျွေးပါ့မယ် ..."
"အိုကေလေ ငါလည်း လီကျန်းကို နောက်တစ်ခါ သွားရဦးမယ်ထင်တယ် အောက်တိုဘာမတိုင်ခင် ပြန်မ‌ရောက်လောက်ဘူး ..."
Shazhou Chronicle ၏ ဇာတ်ညွှန်း ရေးအပြီးတွင် ဖုကျန်းမှာ အချိန်ပြည့် အားလပ်နေရာ သူ့ခန္ဓာကိုယ်ကိုသာ စိတ်အေးလက်အေးဖြင့် ဂရုစိုက်နေတော့သည်။ သူနှင့် ကျန်းဟန်ရှုတို့ ချောင်းမြောင်းကာ ဓာတ်ပုံရိုက်ပြီး ဝေ့ပေါ်‌တွင် တင်ခံရသည့်အချိန်မှစ၍ နောက်ထပ် နောက်ယောင်ခံလိုက်သူဟူ၍ မရှိတော့။
မျက်မှောက်အချိန်တွင်တော့ ဖုကျန်းသည် အိမ်ယာဝန်းထဲတွင် လမ်းလျှောက်လိုက်၊ ဖုန်းထဲမှနေ၍ အနုပညာလောက၏ အတင်းအဖျင်းတို့ကို ဖတ်လိုက်၊ ထန်ဝမ်ဝမ်ကို ရေးထားသည့် သရော်စာများကို ကြည့်လိုက်ဖြင့် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေသည်။
ထန်ဝမ်ဝမ်၏ ဖရဲသီးတို့မှာ ကုန်လုကုန်ခင် ဖြစ်နေသည့်အတွက် ဖုကျန်းသည် << ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >> ၏ လတ်တလော တိုးတက်မှုတို့ကိုသာ အာရုံစိုက်လိုက်တော့သည်။ ပြီးခဲ့သည့်တစ်နှစ်ကတည်းက စတင်နေပြီဟု နာမည်ထွက်ထားသော ဇာတ်လမ်းမှာ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်နှစ်နေရာသာ သတ်မှတ်ရသေးသည်။ အမျိုးသမီးဇာတ်လိုက်မှာ ယခင်က မဲအများဆုံးရခဲ့သည့် လင်းရှီယောင်ပင် ဖြစ်သော်ငြား အမျိုးသားဇာတ်လိုက်မှာတော့ ဟွမ်ရီမဟုတ်ပေ။ ထုတ်လုပ်သူက တက်သစ်စ နာမည်ကျော် လျှိုမုန့်ကို ရွေးလိုက်သည်။
အနုပညာနယ်ပယ်မှ အလားအလာကောင်းသည့် ကြယ်ပွင့်လေးများကို ထိုးထည့်ပြီးနောက်တွင်တော့ ဇာတ်ကား၏ ကျော်ကြားမှုက အမြင့်ဆုံးအထိ ထိုးတက်သွားတော့သည်။
သို့သော်ငြား ခိုးကူးကတော့ ခိုးကူးပင်။ ဖြတ်သွားဖြတ်လာတို့က ထိုရုပ်ရှင်ကို သိပ်ပြီး သဘောမကျကြ။ ခိုးကူးသည့်ကိစ္စအတွက် ထင်မြင်ချက်အချို့ ရှိနေကြသေးသည်။ သို့သော် မင်းသား၏ ပရိသတ်တို့က ထိုအလုပ်ကို လက်ခံခဲ့သူမှာ ကုမ္ပဏီဖြစ်၍ သူတို့လည်း မတတ်နိုင်ဟု ကာကွယ်ပြောဆိုလာကြသည်။
"ဒါရိုက်တာကလည်း တူနေတဲ့အပိုင်းတွေကို ဖြတ်ထုတ်ထားတယ်လို့ ပြောထားပြီးသားဆိုတော့ ဒီဖြတ်သွားဖြတ်လာတွေက တစ်ဖက်ပိတ် မုန်းတီးမနေဖို့ မျှော်လင့်ရတာပဲ ..."
ဖရဲသီးစားနေသော ဖုကျန်းက ထိုမှတ်ချက်တို့ကိုမြင်လျှင် မနေနိုင်စွာ ပြုံးလိုက်မိသည်။ ဖုန်းကိုချကာ မျက်လုံးကို အနားပေးရန် ပြင်တော့မည့်ဆဲဆဲတွင် ဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
"ကျန်းဟန်ရှု ..."
ခေါင်းကိုမော့ကာ မီးဖိုထဲကို လှမ်းခေါ်လိုက်သည်။ သူ့အသံမှာ ကြောင်အော်သံလိုပင် တိုးလျနေသည်။
"ဘာဖြစ်လို့လဲ ..."
ကျန်းဟန်ရှုက မီးဖိုထဲမှ အလောတကြီး ပြေးထွက်လာသည်။
"ဗိုက်က နည်းနည်းလေး နာနေလို့ ..."
ကျန်းဟန်ရှုက အနားသို့ ခပ်သွက်သွက်လျှောက်လာကာ ပွေ့ချီလိုက်ပြီး အောက်ထပ်သို့ဆင်း၍ ဆေးရုံသို့ မောင်းလာခဲ့သည်။ ကားပေါ်ရောက်ကတည်းက ဖုကျန်း၏ဗိုက်မှာ သိပ်မနာတော့သော်ငြား သူကတော့ ဆေးရုံသို့ရောက်ရန် အတတ်နိုင်ဆုံး မြန်မြန်မောင်းနေဆဲဖြစ်သည်။
ဆရာဝန်က စမ်းသပ်ပြီး ပြောလိုက်သည်။
"အဆင်ပြေပါတယ် မီးဖွားခါနီးမလို့ ဗိုက်နာတဲ့သဘောပါ ..."
ကျန်းဟန်ရှုက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် ဆရာဝန်က သူ့ကို ပြောလိုက်သည်။
"ဒါပေမယ့် သူမွေးမယ့်ရက်က ဒီရက်ပိုင်းအတွင်း ဖြစ်ဖို့များမယ် ဆေးရုံမှာပဲ နေချင်လား ..."
"နေပါ့မယ် ..."
ဖုကျန်းကို ဆေးရုံတက်ရန် စီစဉ်ပေးပြီးနောက်တွင်တော့ ကုမ္ပဏီကိစ္စအဝဝကို မစ္စတာကျန်းထံ လွှဲပေးလိုက်သည်။ မစ္စတာကျန်းမှာ ဒီတစ်ကြိမ်တွင်တော့ ခေါင်းရှောင်၍ မရတော့။ သို့သော် သူ့တွင် မြေးတစ်ယောက် ရလာတော့မည်ဖြစ်သည့်အတွက် အလုပ်ကို ပျော်ပျော်ကြီး လုပ်နေလိုက်တော့သည်။
စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကောင်းကင်တစ်ခွင်လုံး တိမ်ထူနေကာ လေထုက စိုထိုင်းနေသည်။ ဆေးရုံဝန်းထဲမှ Ginkgo ရွက်တို့က လေနှင်ရာ လွင့်မျောနေပြီး မိုးကလည်း ရွာတော့မယောင်‌ပင်။
(Ginkgo tree- ယပ်တောင်ပုံအရွက်နှင့် ပန်းအဝါပွင့်သော အပင်ကြီးတစ်မျိုး)
ဖုကျန်းက မနက်စာစားနေချိန်တွင် ဗိုက်က ထိုးအောင့်လာပြီး အောက်ပိုင်းမှ တစ်ခုခု သွန်ကျလာသလို ခံစားလိုက်ရသည်။ အသက်ကို ပြင်းပြင်းရှူကာ တူကို တင်းတင်းဆုပ်ကိုင်ထားရင်း ကျန်းဟန်ရှုကို တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
"ကျန်းဟန်ရှု ကျွန်တော်တော့ မွေးတော့မယ်ထင်တယ် ..."
ကျန်းဟန်ရှုမှာတော့ သူ့လို တည်ငြိမ်မနေပေ။ မျက်ပြူးဆန်ပြာဖြင့်ထကာ ဆရာဝန်ကို သွားရှာတော့သည်။ ဆရာဝန်က စမ်းသပ်ပြီး သူနာပြုကို ပြောလိုက်သည်။
"နံပါတ် ၃၆ က မွေးတော့မယ် ခပ်သွက်သွက် ပြင်ထားလိုက်တော့ ..."
သူနာပြုများက လူနာကုတင်ကို မွေးခန်းထဲသို့ ခပ်မြန်မြန် ပို့လိုက်သည်။ ကျန်းဟန်ရှုက ဖုကျန်း၏လကို ဆုပ်ကိုင်ထားရင်း သူ့ကို အဆက်မပြတ် နှစ်သိမ့်ပေးနေသည်။
"မကြောက်နဲ့နော် ကိုယ် အပြင်ဘက်မှာ စောင့်နေပေးမယ် အဆင်ပြေသွားမှာ တကယ်ကို အဆင်ပြေသွားမှာ နည်းနည်းလေးပဲကြာပြီး တန်းထွက်လာရမှာနော် ..."
ဖုကျန်းက နှာ‌ရှုံ့ကာ အသံပေးလိုက်သည်။ သူနာပြုတို့က သူ့အောက်မှ အခင်းကို မ ကာ မွေးခန်းထဲ ရွှေ့လိုက်သည်။ သူတို့နှစ်ဦး၏ လက်ချောင်းတို့က တစ်ဖြေးဖြေး ဝေးသည်ထက်ဝေးသွားပြီးနောက်တွင် မွေးခန်းတံခါး ပိတ်သွား‌တော့သည်။
ကျန်းဟန်ရှုတစ်ယောက် ‌ခွဲခန်းအပြင်ဘက်တွင် အပူတပြင်း လမ်းလျှောက်နေလေသည်။ ဖုကျန်း၏ နာကျင်လွန်း၍ အော်သည့်အသံတို့ကတော့ မွေးခန်းအပြင်သို့ လျှံထွက်မလာခဲ့ပေ။ ဖုကျန်း မီးဖွားပြီဟု သိလိုက်လျှင် သိလိုက်ချင်း ကျန်းမိသားစုဝင်အားလုံးက လုပ်လက်စအလုပ်တို့ကိုချကာ ဆေးရုံသို့ အလောတကြီး ရောက်လာကြသည်။ ဖုကျန်းချန်နှင့် ဖုထင်တို့ကလည်း သူတို့နှင့်အတူ ရောက်လာကြသည်။
မထင်မှတ်ထားသည့် လွဲချော်မှုတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သည့်စိတ်ကိုယ်စီဖြင့် ခွဲခန်းအပြင်ဘက်တွင် အုပ်လိုက်ကြီး မတ်တပ်ရပ်နေကြသည်။ ကံကောင်းခြင်းနတ်ဘုရားက သူတို့ကို စောင်မနေဟန်တူသည်။ တစ်နာရီကျော်ကျော်လောက်တွင်တော့ ကလေးငိုသံကို ကြားလိုက်ရသည်။ အပြင်ဘက်ရှိ တိမ်ညိုတိမ်မဲတို့က တစ်ဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။ ရွှေရောင်နေအလင်းတန်းက တိမ်တိုက်များအကြားမှ ထွက်ပေါ်လာကာ လောကတစ်ခွင်ကို အလင်းဓာတ် ဆောင်ကြဉ်းပေးနေတော့သည်။ ကော်ရစ်ဒါပြတင်းပေါက်ဆီမှ ပင်စိမ်းရွက်နွယ်တို့ကလည်း ယိမ်းကာနွဲ့ကာဖြင့် နေရောင်ခြည်ကို ကမ်းလင့်လို့ ကြိုဆိုနေကြသည်။
ထိုအချိန်တွင် ခွဲခန်းထဲမှ မီးရောင်က ပျောက်ကွယ်သွားပြီး နောက် ကလေးကိုချီထားသော သူနာပြုတစ်ယောက် ထွက်လာကာ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်ရှင် မိခင်ရောကလေးရော ကျန်းကျန်းမာမာ ရှိနေပါတယ် သမီးလေးပါ ..."
ကျန်းဟန်ရှုမှာ ငိုချလုမတတ်ပင်။ သူနာပြုလက်ထဲမှ ကလေးကို ကြည့်လိုက်သည်။
"ကျွန်တော် သူ့ကို သွားကြည့်လိုက်ဦးမယ် ..."
ထို့နောက် မွေးခန်းထဲသို့ ဝင်သွားလိုက်သည်။
မဒမ်ကျန်းက ကလေးကို ပွေ့ချီလိုက်သည်။ သူမလေးမှာ ကျန်းဟန်ရှု၏ ဗီဇကို အမွေရထားသည်ထင်သည်။ သူ့လိုမျိုး မျက်ဝန်းပြာကြီးတစ်စုံ ပါရှိပြီး လောကကို စူးစမ်းလိုဟန်အပြည့်ဖြင့် မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ငေးကြည့်နေသည်။
ဖုကျန်းက မွေးခန်းထဲရှိ ကုတင်ပေါ်တွင် လှဲနေသည်။ မျက်နှာအနည်းငယ် ဖြူဖျော့နေသည်မှလွဲ၍ အားလုံးအဆင်ပြေနေသည့်ဟန်ပင်။ ကျန်းဟန်ရှုက သူ့ဘေးနားဝင်ထိုင်ကာ လက်ကိုကိုင်ပြီး ညင်ညင်သာသာလေး မေးလိုက်သည်။
"ဘယ်လိုနေသေးလဲ ..."
"အဆင်ပြေပါတယ် ..."
ဖုကျန်းက ခေါင်းကိုယမ်းလိုက်သည်။ မေ့ဆေးထိုးလိုက်သည့်အချိန်တွင် အနည်းငယ် နာကျင်သည်မှလွဲ၍ နောက်ပိုင်းတွင် ခံစားမှု တစ်စိုးတစ်စိမှ မရှိခဲ့ပေ။ ဘယ်ညာကြည့်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"ကလေးကရော ..."
"အပြင်ဘက်မှာ ..."
သူ့စကားသံဆုံးသည်နှင့် အပြင်ဘက်မှ မဒမ်ကျန်းက ကလေးကိုချီကာ ဝင်လာသည်။ သူမက ဖုကျန်း၏ရှေ့သို့ ကလေးကိုထိုးပေးရင်း ပြောလိုက်သည်။
"မိန်းကလေးလေ ..."
ကလေးမှာ မွေးကင်းစဖြစ်ရာ ပန်းရောင်ဘောလုံးလေးတစ်လုံး ရှုံတွနေသလိုဖြစ်ပြီး ကြည့်မကောင်းလှပေ။ သို့သော် သွေးသားဆက်နွယ်ချက်ကြောင့်လားတော့မသိ။ ဖုကျန်းမှာ သူမကို အလွန်သဘောကျကာ တစ်လောကလုံးတွင် ချစ်စရာအကောင်းဆုံးကလေးဟုပင် တွေးမိသေးသည်။ ကလေး၏မျက်နှာကို ဂရုတစိုက်ထိရင်း မဒမ်ကျန်းသည် ကလေးကို ဖုကျန်း၏ဘေးသို့ ချပေးလိုက်သည်။
ကျန်းဟန်ရှုက သူ့နဖူးမှ ချွေးတို့ကို သုတ်ပေးရင်း မေးလိုက်သည်။
"မပင်ပန်းဘူးလား ပင်ပန်းရင် တစ်ရေးလောက် အိပ်လိုက်ပါလား ..."
ကလေးရှိခြင်းက သိပ်မပင်ပန်းခဲ့သော်ငြား ရှေ့ပိုင်းက ထုံဆေးအရှိန်မှာ ကုန်သေးဟန်မတူ။ ဖုကျန်းက ခခပ်တိုးတိုး ပြန်‌ဖြေကာ မျက်စိမှိတ်ထားလိုက်သည်။ ကျန်းဟန်ရှုက သူ့ဘေးတွင် ရပ်စောင့်ပေးနေခဲ့သည်။
ဖုကျန်း ချက်ခြင်းအိပ်ပျော်မသွားပေ။ အတွေးစတို့ ချာချာလည်နေကာ လွန်ခဲ့သောနှစ်များက သွင်ပြင်နှင့် ဖုကျန်းချန်က အပေါက်ဝတွင်ရပ်ကာ သူ့ကို လှမ်းကြည့်နေသယောင် ခံစားရ၍ ငေးမောနေမိတော့သည်။
xxxxxxx