အပိုင်း ၈၁
Viewers 23k

Tucao me first ကို ထုတ်လွှင့်ပြီးနောက်တွင်တော့ စိတ်ပျက်သွားကြသော ပရိသတ်တစ်စုတို့က တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ စောဒကတက်လာကြတော့သည်။
-(ငါကတော့လေ ဧည့်သည်တွေကိုဖိတ်တာက ထန်ဝမ်ဝမ့်ကြောင့်လို့ပဲ ထင်တယ် တကယ်ဆို ဒါက ပေါက်ကွဲသံစဉ်တွေ ထွက်လာရမယ့်ရှိုးလေ ဒါပေမယ့် အခုကျ ကြည့်ပါဦး မကျေနပ်ချက်‌တွေ ဘာတွေ တစ်ခုမှ မပြောဘဲနဲ့ ထန်ဝမ်ဝမ်တစ်ယောက်ထဲကိုပဲ ရှားမှရှားတဲ့ ကြာပန်းဖြူလေးလိုကို ချီးကျူးနေလိုက်တာများ )
-(ထုတ်မပြောရဲဘူးဆိုရင်တောင် ဒီလိုဟာမျိုးကိုတော့ မဖိတ်နဲ့လေ ဘာလို့ ဒီနေရာကိုလာပြီး ဆရာသမားရဲ့ရှေ့မှာ ဝန်ခံဖို့ လုပ်နေသေးတာလဲ ထန်ဝမ်ဝမ်ကလေ ဧည့်သည်နေရာမှာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေလိုက်တာများ သူ့ကိုယ်သူ စာရိတ္တနဲ့ ပြည်သူ့နီတိအကြောင်း ပို့ချဖို့ လာတယ်များ ထင်နေလားမသိဘူး )
(ငါတို့က ဟာသတွေကိုပဲ ကြည့်ချင်တာနော် နင့်ရဲ့ သတင်းစာရှင်းလင်းပွဲကို ကြည့်ဖို့လာတာမဟုတ်ဘူး ဟိုးရှေ့ပိုင်းတွေကိုရော ကြည့်ဖူးလား ပွဲစီစဉ်တဲ့သူကတော့လေ ထန်ဝမ်ဝမ်ကြောင့် သွေးတွေတက်နေလောက်ပြီ )
စီစဉ်သူ၏ ဝေ့ပေါ်အကောင့်ကို သွားရှာလာသော အင်တာနက်သုံးစွဲသူတို့က ထိုသူမှာ ထန်ဝမ်ဝမ်၏ အမာခံပရိသတ်တစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သိလိုက်ရသည်။ "Tucao me first" ကို ထန်ဝမ်ဝမ်ရဲ့ နာမည်ပျက် ပြန်ဆယ်မယ့်ရှိုးအဖြစ် ပြောင်းလိုက်တာလည်း အံ့ဩစရာတော့ မရှိတော့ပါဘူး
သူမသည် ဒီလိုအချိန်မျိုးတွင် လူရှေ့ ထွက်မလာဘဲ ပရိသတ်များ မေ့လျော့သွားမည့်အချိန်ကိုသာ စောင့်နေသင့်သော်လည်း အငြိမ်‌မနေဘဲ ရှိုးထဲဝင်လာကာ လူထုအမြင်ကို ဖမ်းစားလိုက်ပြန်သည်။ သူမ၏ မကျေနပ်ချက်ကို ထုတ်ပြမည့်ရှိုးဟု ကြော်ငြာထားသဖြင့် လူထုကလည်း အမျှော်လင့်ကြီး မျှော်လင့်ထား‌ကြ‌သော်ငြား သူမကတော့ ကိုယ်ရေးကိုယ်တာ အကူအညီများဖြင့် ရှိုး၏စတိုင်ကိုပင် ပြောင်းပစ်လိုက်သေးသည်။
( ပြက်လုံးမထုတ်နိုင်ရင် မလာခဲ့နဲ့ ငါသာ အဲ့နေရာမှာရှိနေရင် သူ့မျက်ခွက်ကို တံတွေးနဲ့ လှမ်းထွေးပစ်ပြီ ဟိုစီစဉ်တဲ့သူကရော မြည်းကန်တာ ခံလိုက်ရလို့လား ခွေးမထန်ရဲ့ ဖန်ဆိုရင်တောင် သူ့ကို ခေါ်မလာခဲ့နဲ့ "ခဝါသည်စကားဝိုင်း" ဆိုတဲ့ ရှိုးအသစ်သာ လုပ်ပေးလိုက် ပွဲတစ်ခုလုံးကို စီစဉ်ပေးရတယ်ဆိုတာနဲ့ အကုန် နင့်အပိုင်ဖြစ်သွားတာမဟုတ်ဘူးနော် နောက်ကွယ်မှာ အလုပ်လုပ်ပေးနေရတဲ့ ဝန်ထမ်းတွေ အများကြီးရှိသေးတယ် နင့်မှာ ပါးစပ်ပေါက်တစ်ရာ ရှိရင်တောင် အမြဲတမ်း အားပေးနေခဲ့တဲ့ ကြည့်ရှုသူတွေကို တောင်းပန်ဖို့ မလုံလောက်သေးဘူး အသက်လည်း သုံးဆယ်တန်းထဲ ရောက်နေပြီကို နည်းနည်းပါးပါး ရင့်ကျက်ပါတော့ဟယ် )
( အခုမှ ပွဲဦးထွက်လာတဲ့ ကောင်မလေးနှစ်ယောက်ကို ကြည့်ရတာ စိတ်ဝင်စားစရာ မကောင်းဘူးလား သူတို့မိဘတွေကို ရုပ်ဆိုးတယ်လို့ မပြောခင် ကိုယ့်ကိုယ်ကိုရော ဘယ်လောက်ကောင်းလဲ ပြန်ကြည့်လိုက်ဦး )
( ရိုက်ကွင်းကလူတွေကလည်း ထန်ဝမ်ဝမ်ကို ကပ်ဖားရပ်ဖားလုပ်ရတာ ပျော်နေလားမသိဘူး )
( ရိုက်ကွင်းကလူတွေက ဖားရတာ ပျော်မပျော်တော့ မသိဘူး ထန်ဝမ်ဝမ်ကတော့ သူမှ ဒီရှိုးမှာ ပါရတာ မပျော်ရင် ဘာလို့ သူများကို ဒုက္ခလာပေးနေသေးလဲ အပြစ်ပြောတာ မခံချင်ရင် မလာနဲ့လေ လာမှလာရင်လည်း လိုက်လျောညီထွေ ဖြစ်အောင်နေပေါ့ )
( ရှိကြီးခိုးပါရဲ့ ထန်ဝမ်ဝမ်ရေ နတ်ဆိုးဆန်နေတာတွေ ရပ်ပေးပါတော့ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေပြီး ချမ်းသာတဲ့ မမလေး လုပ်နေလို့ မရဘူးလား ပရိသတ်အတွက်ပါလို့တော့ မပြောနဲ့နော် ငါတို့က နင့်ကို အသံတောင် မကြားချင်တော့ဘူး )
....
လုရွှင်းဆိုသူတစ်ယောက်က‌‌တော့ ထိုကိစ္စကို စိတ်ပျက်လွန်း၍ ထွက်သောက်ခဲ့ပြီး မရည်ရွယ်စွာဖြင့် အတော်ကို ရေချိန်ကိုက်သွားမိသည်။ ထို့နောက်တွင်တော့ စာပေအတွေးအခေါ်တို့က သူ့ခေါင်းထဲတွင် ချာချာလည်နေအောင်ကို ပေါ်လာ၍ "Tucao me first" ၏ ဝေ့ပေါ်တွင် စာအရှည်ကြီး သွားရေးလိုက်တော့သည်။ ငရုတ်ဆီမ၊ ကြာပန်းဖြူမ စသည်တို့ကို လှိုင်လှိုင်သုံးထားသည့် သူ့စာမှာ အစမှ အဆုံးအထိ ဖတ်သူတိုင်းကို ပါးစပ်မပိတ်နိုင်လောက်အောင်ကို ဟာဒယရွှင်ပြုံးစေသည်။
ထိုစာကို ဖတ်ပြီးသူတိုင်းက တရုတ်၏ ထိပ်တန်းတက္ကသိုလ်များကို ထိုသူအား ဝင်ခွင့်လက်ခံပေးပါရန် သွားပြီး တိုက်တွန်းကြတော့သည်အထိပင်။
ထိုအကြောင်းကို ထန်ဝမ်ဝမ်သိလိုက်ချိန်မှာ အတော်နောက်ကျနေပြီဖြစ်သည်။ သူမက ရေတပ်ငှားပေးရန် ချင်ကျောက်ကို အကူအညီတောင်းခဲ့သော်ငြား လတ်တလောဖြစ်ရပ်ကို ပြောင်းပြန်လှန်စရာနည်းလမ်း မရှိတော့ပေ။ သူမ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ တိတ်တိတ်နေပြီး သူမ၏ ဖြစ်တည်မှုကို အတတ်နိုင်ဆုံး လူသတိမထားမိစေရန်သာ ရှိတော့သည်။ တစ်ခြားနည်းလမ်း ရှာမတွေ့ခင်အထိ ထိုကိစ္စ တစ်ဖြေးဖြေးချင်း ပျောက်ကွယ်သွားမည်ကို သည်းခံပြီး စောင့်နေရန်သာ ရှိတော့သည်။ ထိုအဖြစ်အပျက်ကြောင့် ချင်မိဘနှစ်ပါးက သူမကို ပိုပြီး စိတ်တိုင်းမကျဖြစ်လာကာ သူမနှင့်ကွာရှင်းရန် ချင်ကျောက်ကို ထပ်ကာထပ်ကာ တိုက်တွန်းကြတော့သည်။
....
ရှီချီပွဲတော်လက်ဆောင်အတွက် ဖုကျန်းသည် တစ်လအလိုကတည်းက ရေကုန်ရေခမ်း စဉ်းစားနေခဲ့သည်။ ပြီးခဲ့သည့် ချစ်သူများနေ့က maid dress ဖြင့် ကစားခဲ့သော်လည်း ယခု ကလေးမွေးရန် တစ်လသာ လိုတော့သည့်အတွက် ထိုကဲ့သို့ ရူးရူးမိုက်မိုက် လုပ်ရန်ကလည်း မဖြစ်နိုင်တော့ပေ။ ကျန်းဟန်ရှုအတွက် ကြံရွယ်ထားသော ရုပ်ရှင်ကလည်း စရုံသာ စရသေးရာ ဖုတ်ပူမီးတိုက် လုပ်လျှင်ပင် ရှေ့နှစ်ချစ်သူများနေ့အမှီ ပေးနိုင်ရန် မသေချာသေးပေ။
သူက ကျန်းဟန်ရှုကို လတ်တလော ဘာလိုချင်တာရှိလဲဟုပင် မသိမသာ မေးခဲ့သေးသည်။ သို့သော် ကျန်းဟန်ရှုက ပို၍ လက်သွက်နေကာ ပစ္စည်းတိုင်းကို နေ့မကူးဘဲ ဝယ်ပေးနေသည်က သူ့ကိုပင် ရှက်ရွံ့စေတော့သည်။
ချီရှီပွဲတော်နေ့တွင်တောင် ကျန်းဟန်ရှုက မနက်တစ်ပိုင်း ရုံးသွားရသေးသည်။ သို့သော် နေ့လယ် ၂ နာရီမတိုင်မီ ပြန်ရောက်လာခဲ့သည်။ သူ ပြန်ရောက်လာချိန်တွင် ဖုကျန်းက လောလောင်ရှီးနှင့် "အဖြူရောင်ရဲတိုက်" ၏ ဇာတ်သိမ်းပိုင်းအတွက် ဆွေးနွေးနေဆဲဖြစ်သည်။ ဖုကျန်းက သူ့ကို ပွဲတော်နေ့အတွက် သိပ်မတက်ကြွလောက်ဟုသာ တွေးထားဟန်တူသည်။
သူက ပြက္ခဒိန်ကိုယူကာ ဖုကျန်း၏ဘေးသို့ ဝင်ထိုင်လိုက်သည်။ ဖုကျန်းက သူ့ကို စကားတစ်ခွန်းမှ မပြောသေးရာ သက်ပြင်းချပြီး သူကပဲ စကားစလိုက်သည်။
"ဒီနေ့က ၇လပိုင်း ၇ ရက်နေ့နော် ..."
ဖုကျန်းက အသံပေး၍ တုန့်ပြန်လိုက်သော်ငြား သူ၏ ဝေ့ဝိုက်နေမှုကိုတော့ နားလည်ဟန်မတူပေ။
သို့ဖြစ်ရာ သူ့နားရွက်နားကပ်၍ သတိပေးလိုက်ရုံသာ ရှိတော့သည်။
"ဒီနေ့က ချီရှီပွဲတော်နေ့လေ ..."
ဖုကျန်း၏ လှုပ်ရှားမှုတို့က ရပ်တန့်သွားတော့သည်။ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ့ကို လှည့်ကြည့်ပြီး မျက်လုံးရွဲကြီးများဖြင့် ပြောလိုက်သည်။
"သိတယ်လေ ..."
"ဆိုတော့ ကိုယ့်အတွက်လက်ဆောင်ကရော ..."
ကျန်းဟန်ရှုက သူ့ကို ပြုံးရင်း မေးလိုက်သည်။
ဖုကျန်းက သူ့ကို အတော်ကြာ ငေးမောနေလိုက်သည်။ ပြီးမှ လည်ချောင်းရှင်းကာ သူ့လက်ကို ဆွဲယူပြီး မေးလိုက်သည်။
"ကျွန်တော် အရင်ပေးလို့ရမလားခင်ဗျ ..."
"ဒါဆို ..."
သူက ဖုကျန်း၏ မေးစေ့ကို ဆွဲယူလိုက်သည်။ နှစ်ဦးသား အကြည့်တို့ ရောယှက်သွားချိန်တွင် ပြုံးကာ မေးလိုက်သည်။
"ဘယ်အချိန် ပေးချင်လဲ ..."
ဖုကျန်းက ပါးစပ်ကိုအုပ်ကာ ရယ်လိုက်သည်။ လက်ထဲမှ tablet ကိုချကာ ဆိုဖာမှ ထရပ်ပြီး သူ့ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"တကယ်တမ်းတော့လေ ဟိုးအစောကြီးကတည်းက ပြင်ထားတာ ..."
"ခဏစောင့်ဦးနော် ..."
ဖုကျန်းက ဖိနပ်စီးကာ စာကြည့်ခန်းထဲသို့ ခပ်သွက်သွက် ဝင်သွားလျှင် ကျန်းဟန်ရှုက သူ့ကို လှမ်းပြီး သတိပေးလိုက်သည်။
"ဖြေးဖြေးသွားလေ ..."
ဖုကျန်းသည် ခဏအကြာတွင် စာအုပ်ခပ်သေးသေးတစ်အုပ်ကိုယူကာ ပြန်ထွက်လာခဲ့သည်။ စာအုပ်မှာ သိပ်မထူ။ စာမျက်နှာ လေးငါးဆယ်မျှသာ ရှိလောက်မည်။ မျက်နှာဖုံးက ၈၀ ခုနှစ်က တရုတ်ကျောင်းသုံးစာအုပ်များလို ခေတ်ဟောင်းစတိုင်ဖြစ်ပြီး အနီရောင်နှင့် မျက်နှာအသားပေးဆွဲထားသော အမှုထမ်း ဇာတ်ကောင်ငါးခုကို ဆွဲထားသည်။
ကျန်းဟန်ရှုမှာ မရယ်ဘဲကို မနေနိုင်တော့။ စာအုပ်ကိုယူကာ ဖုကျန်းကို မေးလိုက်သည်။
"တရုတ်ချစ်သူများနေ့မှာ ဒါကို ပေးမလို့လား ..."
သူက စာအုပ်ကို သာမန်ကာလျှံကာ လှန်လှောကြည့်ပြီးနောက်တွင်တော့ နှုတ်ခမ်းထောင့်မှ အပြုံးက ရပ်တန့်သွားတော့သည်။ အတော်ကြာသည်အထိ လှုပ်ရှားမလာတော့။ စာအုပ်မှာ သူတို့နှစ်ဦး၏ ရုပ်ပုံများဖြင့် ပြည့်နှက်နေပြီး ခေါင်းနှစ်လုံးနှင့် ဗီလိန်ကိုတော့ ရုပ်ပြောင်ပုံ ဆွဲထားသည်။ ပထမနှစ်မျက်နှာမှ ဗီလိန်များမှာ သာမန်သာဖြစ်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဝတ်ထားပေးသည်။ ကျန်သူများမှာတော့ မင်္ဂလာဝတ်စုံပိစိလေးနှစ်စုံကို ဝတ်ထားသည်။ ကျန်းဟန်ရှု၏ အပြုံးတို့က တစ်ဖြေးဖြေး နက်ရှိုင်းလာတော့သည်။
နောက်ပိုင်းသို့ ဆက်ကြည့်လိုက်လျှင် လူသေးသေးလေးများ၏ အဝတ်အစားများမှာ တစ်ဖြေးဖြေး ထူးဆန်းလာသည်။ ဖုကျန်းက ရိုးရာ mosaic style one မှ အဆင့်မြင့် mosaic style six အထိ သုံးကာ ကိုယ်နေဟန်ထားတို့ကို ခဲခဲယဉ်းယဉ်း သရုပ်ဖော်ခဲ့သည်။ mosaic style 18 ရောက်သည့်အခါတွင်တော့ ကိုယ်နေဟန်ထား အမျိုးစုံနေပြီဖြစ်သည်။
(mosaic style က မှန်စီရွှေချပုံစံမျိုးပါ)
ဖုကျန်း၏ ပန်းချီစွမ်းရည်မှာ အလွန်ပင် ကောင်းလှရာ ပန်းချီအားလုံးမှာ အတော်ကို အဝါရောင်သမ်းပြီး သွေးဆောင်ဖြားယောင်းနေပေသည်။
(T.N အိပ်ယာပေါ်ကပုံတွေကို ဆွဲထားတာပါရှင်:3)
"သဘောကျရဲ့လား ..."
ဖုကျန်းက သူ့ကို တိုးတိုးလေး မေးလိုက်သည်။
ကျန်းဟန်ရှုက ခေါင်းညိတ်ကာ အမှုထမ်းများ အမည်ရ စာအုပ်ကို ပိတ်လိုက်သည်။ ဖုကျန်းအနီးသို့ ကိုယ်ကိုကိုင်းကာ သူနှင့် အကြည့်ချင်းဆုံပြီး မေးလိုက်သည်။
"ဒါကို ဘယ်အချိန်ကျမှ လုပ်လို့ရမှာလဲ ..."
ဖုကျန်းမှာ လည်ပင်းအထိ တောက်လျောက် ရှက်သွေးတို့ ရဲရဲနီလာသော်ငြား ကျန်းဟန်ရှု၏ အရှေ့တွင်တော့ သူ့ကိုယ်သူ ဝါရင့်ဒရိုင်ဘာတစ်ဦးလို တည်ငြိမ်ချင်ဟန်ဆောင်လိုက်သေးသည်။ သူ့ဗိုက်ကို ညွှန်ပြကာ
"သူ့ကို မေးလေ ..."
"ဒါကို ကောင်းကောင်းထိန်းသိမ်းထားမှ ရမယ် ..."
ကျန်းဟန်ရှုက စာအုပ်ကို စာကြည့်ခန်းထဲတွင် သော့ခတ်သိမ်းလိုက်ပြီးနောက် သူ့ဆန္ဒကို ထုတ်ပြောလိုက်သည်။
"အနာဂတ်ကျရင် ဒီထဲက ပုံစံတွေအကုန်လုံးကို စမ်းကြည့်ရအောင်နော် ..."
ဖုကျန်းက ထိုပုံများကို ဆွဲခဲ့သူဖြစ်ရာ သူ့တွင် သေချာပေါက်ကို လက်တွေ့လုပ်လိုစိတ် ရှိပေမည်။ သူက အိတ်ကပ်ထဲမှ Ferrari ကားသော့အသစ်ကို ထုတ်ကာ ပေးလိုက်သည်။
"ဒါကမှ လက်ဆောင် ..."
ထို့နောက် ကျန်းဟန်ရှုကို မေးလိုက်သည်။
"ကျွန်တော့်အတွက် လက်ဆောင်ကရော ..."
ကျန်းဟန်ရှုက ကားသော့ကို လှမ်းယူလိုက်သည်။ သူ့လက်ထဲတွင် နှစ်ကြိမ်လောက် လှည့်လိုက်ပြီးမှ တွေးကာ ပြောလိုက်သည်။
"အစားအသောက်ကောင်းလေးတွေ သွားစားကြမလား ..."
"ဒါပဲလား ..."
သူ့လေသံထဲမှ သဘောမကျမှုတို့က ဖုံးကွယ်၍ပင် မရနိုင်တော့။ သိူ့သော် ကျန်းဟန်ရှုမှာ တစ်နေကုန်တစ်နေခမ်း ကုမ္ပဏီတွင် အလုပ်ရှုပ်နေ၍ အချိန်မရှိသောကြောင့်ဟု တွေးမိချိန်တွင်တော့ စိတ်သက်သာရာရသွားသည်။
ကျန်းဟန်ရှုက ပြုံးရုံသာ ပြုံးလိုက်ပြီး များများစားစား ရှင်းမပြခဲ့။ သူက တယောသံနားဆင်ရင်း ချစ်ကြည်နူးဖွယ်ညစာစားရန် ခေါ်သွားလိုက်သည်။ ချစ်သူများနေ့ အငွေ့အသက်တို့ လွှမ်းခြုံနေပြီး ကိတ်နှင့် အမဲသားကင်တို့ကလည်း အရသာရှိလွန်းရာ ဖုကျန်း၏ မကျေလည်မှုတို့က အငွေ့ပျံသလို ပျောက်ကွယ်သွားတော့သည်။
ညက မှောင်သည်ထက် မှောင်လာသည်။ တစ်မြို့လုံး မီးထိန်ထိန်ညီးလာပြီး လမ်းမတစ်ခွင် လူစည်ကားနေသည်။ ဖုကျန်းသည် ကားဘေးခုံတွင် ထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေပြီး အတော်ကြာမှ တစ်ခုခုကို သဘောပေါက်လိုက်သည်။
"ဒါက အိမ်ပြန်တဲ့လမ်းလည်း မဟုတ်ဘူး ..."
ကျန်းဟန်ရှုက သူ့ကို စနောက်လိုက်သည်။
"ဝအောင်ကျွေးပြီး ရောင်းစားမလို့ ခေါ်လာတာ ..."
ဖုကျန်းက သူ့ဗိုက်ကို ငုံ့ကြည့်လိုက်သည်။
"အခုဆို ပိုပြီး ဈေးကောင်းရတော့မှာပဲ တစ်ခုဝယ် တစ်ခုလက်ဆောင်ရဆိုတော့လေ ..."
ကျန်းဟန်ရှုမှာ ခေါင်းကိုယမ်းကာ ရယ်ချလိုက်တော့သည်။ မကြာမီပင် သူ၏ပန်းတိုင်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ ဖုကျန်း ကားပေါ်က ဆင်းလိုက်လျှင် သူ့အနားသို့ သွားကာ ပြောလိုက်သည်။
"မျက်စိမှိတ်‌ထားပေး ..."
ဖုကျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လိမ်လိမ်မာမာဖြင့် မျက်လုံးမှိတ်ပေးလိုက်သည်။ ကျန်းဟန်ရှုက သူ့လက်ကိုဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ့်နောက်က လိုက်ခဲ့နော် ဖြေးဖြေးလေးပဲ လျှောက် ..."
ဖုကျန်းလည်း သူ့ခြေလှမ်းအတိုင်း ဖြေးဖြေးချင်းသာ လိုက်လာခဲ့သည်။ အမှောင်ထုကြောင့် အကြားနှင့် အနံ့ခံအာရုံတို့က ယခင်ထက် စူးရှနေသည်။ ညနေခင်းလေပြည်က သူ့ဦးခေါင်းထိပ်ကို သာသာလေး ဖြတ်တိုက်သွားသည်။ ပန်းရနံ့တို့က ပတ်ပတ်လည် မွှေးပျံ့နေပြီး မလှမ်းမကမ်းမှ ရေသံကလည်း ကျယ်သထက်ကျယ်လာသည်။
နှစ်မိနစ်ခန့် လျှောက်ပြီးချိန်တွင် ကျန်းဟန်ရှု၏ ခြေလှမ်းတို့က ရပ်တန့်သွားသည်။
"အိုကေ မျက်လုံးဖွင့်ကြည့်လို့ ရပါပြီခင်ဗျာ ..."
သူ့အသံမှာ ဘာကြောင့်ရယ်တော့မသိ အနည်းငယ် တုန်ရီနေသည်။
ဖုကျန်းက မျက်လုံးကို တစ်ဖြေးဖြေး ဖွင့်ကြည့်လိုက်လျှင် စက်ဝိုင်းပုံရေပန်းအကြီးကြီးကို တွေ့လိုက်ရသည်။ ထိုရေပန်း၏ အနောက်တွင် နတ်သမီးပုံပြင်များထဲမှ အဖြူရောင်ရဲတိုက်ကြီး ရှိနေသည်။ ရဲတိုက်၏ ဘေးတစ်ဖက်တစ်ချက်စီမှ ခေါင်းလောင်းမျှော်စင်တို့ကို မီးဝါခပ်ဖျော့ဖျော့ ထွန်းထားသည်မှာ ရှေးခေတ်ဥရောပသို့ အလည်ရောက်သွားလိုက်သလိုပင်။
သူ့ခြေထောက်အောက်မှ မြက်ခင်းမှာလည်း နူးညံ့အိစက်နေကာ မွှေးရနံ့ခပ်‌ဖျော့ဖျော့လေးကိုပင် ထုတ်ပေးနေသေးသည်။ ဖုကျန်းက အိမ်မကြီး၏ ‌ဝင်ပေါက်ရှေ့တွင် ရပ်နေကာ ဥရောပစတိုင် အဆောက်အဦးက မြေပြင်ပေါ်ကို ဧရာမအရိပ်ကြီး ဖြာကျနေသည်။
မြက်ခင်းစိမ်းပေါ်မှ မီးအိမ်ဖြူတို့က ကြယ်ရောင်များဖြင့် ပြည့်နှက်နေသယောင်။ သူ့ကိုယ်သူ ကြယ်တာရာမြစ်အလယ်တွင် ရပ်တန့်နေသည်ဟုပင် ခံစားလိုက်ရတော့သည်။
"ဒါက မင်းအတွက် ကိုယ့်ရဲ့ ချီရှီပွဲတော်လက်ဆောင်လေ သဘောကျရဲ့လား ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
xxxxxxx