အပိုင်း ၈၀
Viewers 23k

ဇူလိုင်လအစတွင်တော့ နှစ်လကြာ ရပ်ထားသော Shazhou Chronicle ၏အပိုင်းသစ်ကို ထပ်လွှင့်ပေးခဲ့သည်။ ဒီတစ်ခေါက်တွင် သုံးပိုင်းဆက်တိုက် တင်ပေးခဲ့ရာ ပရိသတ်များမှာ နှစ်သစ်ကြိုသကဲ့သို့ပင် ဆိုကြကကြ ပျော်ကြမြူးကြတော့သည်။ သို့သော်ငြား ထိုပျော်ရွှင်မှုက ရေရှည်မခံ။ နောက်ဆုံးတင်ထားသည့် သုံးပိုင်းကို စိတ်အားတက်ကြွစွာဖြင့် ဆက်တိုက်ကြည့်ပြီးနောက်တွင်တော့ အစောကမှ ရထားသည့် ပျော်ရွှင်မှုများမှာ နှင်းကိုက်ထားသော ခရမ်းသီးကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာတော့သည်။
(ငါကဘယ်သူလဲ ဘယ်ရောက်နေတာလဲ ဘာလို့ နောက်တစ်ခါ သေရပြန်တာလဲ သေပြီးရင်းကို သေနေတာပဲ ဇာတ်ညွှန်းရေးတဲ့သူရေ မင်းဦးနှောက်က ယုန်ခေါင်းလား )
ပရိသတ်များက ဘယ်လောက်ပင် မြည်တမ်းနေပါစေ ဇာတ်ကွက်က ပြန်မလာ၊ သေသွားသော ဇာတ်ကောင်များကလည်း ပြန်ရှင်မလာသည်မှာတော့ နှမြောစရာပင်။ ဖိုရမ်မှ ဆရာ့ဆရာကြီးများက နောက်တစ်ပိုင်းတွင်လည်း လူသေလိမ့်ဦးမည်ဟု ကြိုတင်ဟောကိန်းထုတ်ထားရာ စိတ်ကိုကြိုတင်ပြင်ဆင်ထား၍သာ တော်သေးသည်။
သို့သော် ဘယ်လောက်ပဲ စိတ်ကို ပြင်ဆင်ထားပါစေ သေပြီးရင်း သေနေသည်ကို လက်ခံနိုင်ရန်မှာတော့ အတော်ခဲယဉ်းနေသေးသည်။ ပရိသတ်များအဖို့ ထိုဇာတ်ကောင်များမှာ သူတို့အကြာကြီး အားပေးစောင့်မျှော်ခဲ့ရသောဇာတ်ကောင်များဖြစ်သည်။
-( အခုကျ သေပြီးရင်းကို သေနေတာလေ အကြောင်းပြချက်မရှိဘဲနဲ့ )
ဇာတ်ကောင်တို့၏ စွန့်ခွာမှုကြောင့် စိတ်ဆိုးဒေါသထွက်နေရသော်ငြား ဇာတ်ညွှန်းရေးသူ၏ ဇာတ်ကြောင်းနိုင်နင်းမှုကိုတော့ မချီးမွမ်းဘဲ မနေနိုင်ပေ။ ခွေးသွေးတစ်ပုံကြီး ဖြစ်နေတာကို အသာထားဦး။ ပမ်းရမ်ရှု၏ အပြုအမူနှင့် သူတို့၏ သေဆုံးမှုများမှာ ကျိုးကြောင်းဆီလျော်ပြီး ဟာကွက်မရှိသည့်အပြင် နောက်ဆုံးထွက်ထားသည့် အပိုင်းသစ်သုံးပိုင်းမှာ သမိုင်းဝင်အဖြစ်အပျက်များနှင့် ကွက်တိကျနေရာ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးသူတို့က အတော်ကို ဂရုတစိုက်ပြင်ဆင်ထားကြောင်း သိနိုင်ပေသည်။
ဘယ်လောက်ပဲ ကြိုးစားထားထား သူက ဇာတ်ကောင်များကို သတ်ခဲ့သည့် မိထွေးစာရေးသူဆိုသည့် အချက်ကတော့ ပျောက်ပျက်မသွားပေ။ ပရိသတ်များ၏ ဒေါသတကြီး ကြိမ်းမောင်းမှုတို့က ဝေ့ပေါ် hot search ထိပ်ဆုံးဆယ်ခုထဲသို့ပင် ရောက်သွားခဲ့သည်။
လော့ဖျင်ဖျင်လို ဝေ့ပေါ်နှင့် ဝမ်ကျန်းသိပ်မသုံးသည့်သူကပင် ထိုအကြောင်းကို သိနေပြီး အဖြူရောင်ရဲတိုက်ကိုသာ ရုပ်သံလွှင့်ရင်ရော ဒီလိုမျိုး သတ်ဦးမှာလားဟုပင် စနောက်‌လိုက်သေးသည်။
ဖုကျန်းက အဓိပ္ပါယ်အပြည့်ဖြင့်သာ ပြုံးပြလိုက်တော့သည်။
ကျန်းဟန်ရှုသည် လတ်တလောလေးတွင်မှ ကျန်းမိသားစု၏ ခေါင်းဆောင်အဖြစ် သတင်းစာရှင်းလင်းပွဲ လုပ်ထားသည့်အတွက် ယခင်ထက်ပိုကာ လူသိများလာသည်။
နာမည်မရှိသည့် အဆင့် ၁၈ ကြယ်ပွင့်အချို့နှင့် အင်တာနက်ဆယ်လီများက သူ့ကျော်ကြားမှုကို တိတ်တိတ်လေး ခိုးယူရန် ကြံရွယ်လာကြသည်။ သို့သော် သူ့တွင် ချစ်သူရှိပါသည်ဟု ထုတ်ပြောထားရာ ပရိသတ်များထံမှ အကြိမ်းမောင်းခံရသည်မှလွဲ၍ သူတို့၏ ခိုးယူမှုမှာ မအောင်မြင်ခဲ့ပေ။ ထိုကိစ္စများက ကျန်းဟန်ရှုကိုတော့ ရိုက်ခတ်မလာခဲ့ပေ။
သူ့နောက်ကို အထူးတလည်လိုက်ကာ ဓာတ်ပုံရိုက်နေကြသည့် ပါပါရာဇီများ ရှိလာသော်ငြား ကျန်းဟန်ရှု၏ နေ့စဉ်ဘဝကတော့ ယခင်အတိုင်းပင်ဖြစ်သည်။ ပါပါရာဇီများအဖို့ ကုမ္ပဏီထဲသို့ဖြစ်စေ သူ့အိမ်ထဲသို့ဖြစ်စေ ဝင်ပြီး ဓာတ်ပုံဖို့ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သတင်းအတိုအထွာလေး ရနိုင်‌ ရေးအတွက် သူ့နောက်ကို တကောက်ကောက်လိုက်ရန် ဂျူတီပင် ချိန်းထားကြသေးသည်။
ဖုကျန်း၏ဗိုက်မှာ တစ်နေ့တစ်ခြား ပူလာသည့်အပြင် ခြေထောက်ဒဏ်ရာကြောင့် အားသုံးရသည့်အလုပ်ဟူ၍ တစ်ခုမှ မလုပ်နိုင်တော့ပေ။ ကျန်းဟန်ရှုက နေ့လည်ပိုင်းတွင် ရုံးစောစောဆင်းလာကာ သူနှင့အတူ အိမ်ရာဝန်းထဲတွင် လမ်းလျှောက်ရင်း စကားစမြည် ပြောပေးလေ့ရှိသည်။
ဝင်လုဆဲနေက အနောက်ဘက်ကောင်းကင်တစ်ခွင်ကို ထွန်းလင်းနေပြီး အရောင်အသွေး စုံလင်‌သော တိမ်စိုင်တို့ကလည်း တလိပ်လိပ် တက်နေသည်။ သူတို့ အပြင်ထွက်လာသည်မှာ အနည်းငယ် ကြာနေပြီဖြစ်သည်။ ရုတ်တရက်ကြီး ဖုကျန်းက အသက်ပြင်းပြင်းရှူကာ မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်ရာ ကျန်းဟန်ရှုက ခပ်သွက်သွက်လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ဖုကျန်းလည်း မဒမ်ကျန်းနှင့် ဈေးဝယ်ထွက်သည့်နေ့က ဝယ်ခဲ့သော လမ်းလျှောက်ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်ကို လှုပ်ကြည့်ရင်း ပြောလိုက်သည်။
"ဖိနပ်ပေါက်နေတယ်ထင်တယ် ..."
ကျန်းဟန်ရှုက ချက်ခြင်း ငုတ်တုတ်ထိုင်ချကာ ကြည့်ကြည့်လိုက်လျှင် သူ့ခြေကျင်းဝတ်အနောက်ဘက်မှာ ပွန်းပဲ့‌နီမြန်းနေသည်ကို တွေ့လိုက်ရသည်။ သူသာ ဆက်လျှောက်ပါလျှင် သေချာပေါက် အရေပြား ပွန်းသွားမည်ဖြစ်ပြီး ဖိနပ်၏ ကြယ်သီးနှင့် ကြိုးတို့ကလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မည်။ ရွေးစရာမရှိတော့၍ သူ့ဖိနပ်ကို ချွတ်ပေးလိုက်သည်။
"ဟိုနားမှာ ခုံတွေရှိတယ် အရင်ဆုံး ထိုင်လိုက်ရအောင်နော် ..."
ဖုကျန်း ထိုင်ချလိုက်ပြီးနောက် ကျန်းဟန်ရှုက ဒူးတစ်‌ဖက်ထောက်ကာ ဖိနပ်ချွတ်ပေးလိုက်ပြီး ခြေထောက်ကို သူ့ပေါင်ပေါ်သို့ တင်ထားလိုက်သည်။ ယောင်ကိုင်းနေသော ခြေသလုံးကို နှိပ်ပေးလိုက်သည်။
"အိမ်ပြန်ရောက်ရင် ဆေးကို မဖြစ်မနေလိမ်းရမယ်နော် ..."
ဖုကျန်းက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ ကျန်းဟန်ရှုက ထရပ်ကာ သူ့ဘေးဝင်ထိုင်လိုက်သည်။ အိမ်ရာဝန်းတွင် ဈေးဝယ်စင်တာဟူ၍ မရှိရာ သူ့ကို ဖိနပ်အသစ်တစ်ရံ ချက်ခြင်းသွားဝယ်ပေးရန်ကလည်း မဖြစ်နိုင်။ ဖုကျန်းကို ဒီတိုင်း လျှောက်သွားခိုင်းရမည်ကိုလည်း ဝန်လေးနေပေ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့်ပင် အိမ်နှင့် သိပ်မဝေးတော့ရာ သူ့ကို အိမ်အထိ တွဲသွားပေးနိုင်ပေမည်။
စောနေသေးသည့်အတွက် သူက ဖုကျန်းနှင့်အတူ ခဏ ထိုင်နေလိုက်သည်။ နောက်ကျောဘက်မှ အကြည့်စူးစူးတစ်ခုကို သတိပြုမိ၍ လှည့်ကြည့်လိုက်သည့်အခါတွင်တော့ ယိမ်းထိုးနေသော ချုံပုတ်တို့ကိုသာ တွေ့လိုက်ရသည်။ သူက ခဏတုန့်ဆိုင်းနေပြီးမှ ကုတ်အင်္ကျီကိုချွတ်ကာ ဖုကျန်းကို ခြုံပေးလိုက်ပြီး နေရာပြောင်းထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ဖုကျန်းက မေးလိုက်သည်။
"ဘာလို့မှမဟုတ်ပါဘူး ..."
ကောင်းကင်မှာ တစ်ဖြေးဖြေး မှောင်လာပြီး လမ်းမီးတို့က တစ်ပွင့်ချင်း လင်းလာသည်။ ဖုကျန်း၏ဗိုက်မှာ အတော်ကို ထွက်နေပြီဖြစ်ရာ ကျန်းဟန်ရှုက သူ့ကို ပွေ့ကာ ခုံပေါ်မှ ထူပေးလိုက်သည်။
ဖုကျန်းသည် ကျန်းဟန်ရှု၏ အစီအစဉ်ကို သဘောပေါက်ရန် အချိန်အချို့ ယူလိုက်ရသည်။ ကျန်းဟန်ရှုက သူ့အား ဒီလိုမျိုးတွဲထားပေးခြင်းကို အများကြီး သဘောကျသော်ငြား အိမ်က အတော်လှမ်းနေသေးသည်။ ကျန်းဟန်ရှုကို မထိခိုက်စေလိုသောကြောင့် သူ့လက်မောင်းကိုဆွဲကာ ပြောလိုက်သည်။
"ခြေထောက်က သက်သာနေပါပြီ ကိုယ်ဘာသာ လျှောက်ရင်တောင် ရတယ် ..."
ကျန်းဟန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ရပါတယ် သိပ်မှမဝေးတော့တာ ခဏနေရင် ပြန်ရောက်တော့မှာလေ ..."
....
ထိုမြင်ကွင်းမှာ ပါပါရာဇီများ၏ လက်ထဲသို့ ရောက်သွားတော့သည်။ သူတို့မှာ အလွတ်တမ်း သတင်းထောက်များဖြစ်ရာ ကုမ္ပဏီ၏ ဖိအားကို မကြောက်ရ။ အကယ်၍ ပိတ်ဆို့ခံရလျှင်တောင် နာမည်ပြောင်းလိုက်ရုံသာ ရှိရာ နာမည်သာ ကြီးမည်ဆိုလျှင် ဘာမဆို လုပ်ကြမည်ဖြစ်သည်။ သူတို့က ကျန်းဟန်ရှုနှင့် ခပ်လှမ်းလှမ်းမှ နေနေသော်ငြား ဖုန်းထုတ်လိုက်ချိန်တွင်တော့ သူတို့ကို သတိပြုမိလိုက်၍ထင်သည်။ ကျန်းဟန်ရှုနှင့် သူ့မိန်းမက နေရာချင်းပြောင်းကာ တစ်ချိုးတည်း ထွက်သွားကြတော့သည်။ ဓာတ်ပုံရိုက်ရန်အတွက် ဖုန်းကိုသာ ယူခဲ့ရသည့်အတွက် ကင်မရာလိုမျိုး မြင်ကွင်းလည်းမကောင်း၊ အလင်းရောင်လည်း မကောင်းလှ။ ကျန်းဟန်ရှု၏ လှုပ်ရှားမှုမှတစ်ပါး သူ့လက်တွဲဖော်မှာ ယောကျာ်းလေးလား မိန်းကလေးလား သဲသဲကွဲကွဲ မမြင်ရပေ။
သို့သော်ငြား ကျန်းဟန်ရှုကို ဒီလိုမျိုး ဖြစ်စေသည်မှာ သူ့ချစ်သူသာ ဖြစ်ပေလိမ့်မည်။ ထိုပါပါရာဇီမှာ ဖန်တောင့်သူဖြစ်ရာ ထိုဗီဒီယိုကို တင်လိုက်သည်နှင့် အင်တာနက်သုံးစွဲသူတို့က ဝင်ကြည့်ရင်း ရှာလကာရည် ‌ပုံးလိုက် သောက်လိုက်ရတော့သည်။
အကွာအဝေးမှာ လှမ်းလွန်း၍ ဘာတစ်ခုကိုမှ ရေရေရာရာ မမြင်ရသော်ငြား စခရင်ကို ကျော်ကာ ထွက်ပေါ်လာသော ခွေးစာနံ့ကိုတော့ မကာဆီးထားနိုင်လိုက်ပေ။
( အရမ်းကို ပိုင်စိုးပိုင်နင်းနဲ့ တအားချိုမြိန်တာပဲ အမလေး သေပါပြီ ငါတော့ နောက်တစ်ခါ အချစ်ဆိုတာကြီးကို ယုံကြည်သွားပြန်ပြီ )
( ငါကတော့ ချဉ်ပြီးရင်းချဉ် အချဉ်ဓာတ်တွေ လျှံထွက်နေတဲ့ ရွှေငါးချဉ်လေး ဖြစ်နေပါပြီ )
( သံပုရာပင်အောက်ကို မင်းနဲ့ငါ လက်ချင်းတွဲပြီး လာကြ‌မယ် အရင်လွှတ်တဲ့သူက ခွေး)
(သီချင်းစာသားထင်တာပဲ)
( လက်ကိုကိုင်ထားချင်တဲ့ တစ်ကိုယ်တည်းခွေးလေးတွေကို ရှင်းထုတ်ပေးနိုင်မလား ပြီးတော့ ဘာလို့ ဒီလောက်တောင် ချိုမြိန်နေရတာလဲ ငါတော့ ချဉ်စူးနေပြီ )
( မစ္စစ်ကျန်းရဲ့ဖွဲ့စည်းပုံက ယောက်ျားလေးတစ်ယောက်နဲ့ တူတယ်လို့ ထင်နေတာ ငါတစ်ယောက်ထဲလား သူ့ကြည့်ရတာ အရပ်ရှည်မယ့်ပုံနော် ၁၈၀ စင်တီမီတာလောက်တောင် ရှိမယ်ထင်တယ် ကျန်းမိသားစုရဲ့ မင်္ဂလာသတင်းကို ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ ကျန်းဟန်ရှုက ဘယ်တုန်းကများ ယူလိုက်လဲမသိဘူးနော် )
-( ငါအာရုံစိုက်မိနေတာက တစ်ခြားတစ်ခုကွ မစ္စစ်ကျန်းရဲ့အားကစားဝတ်စုံက နည်းနည်းမိုက်တယ်မထင်ဘူးလား ( အင်္ကျီလက်ကလွဲလို့ ကျန်တာတွေကိုတော့ ငါလည်း သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး)
-( အားကစားဝတ်စုံရဲ့ link က ဒီမှာ အမျိုးသားဝတ်ရော အမျိုးသမီးဝတ်ရောရတယ် တစ်စုံကို လေးထောင်တဲ့ အပေါ်ထပ်ရေ )
.....
သူတို့ တိတ်တိတ်လေး ဗီဒီယိုအရိုက်ခံလိုက်ရမှန်း ဖုကျန်းသိလိုက်ရသည့်အချိန်မှာ ဒုတိယနေ့သာ ရှိသေးသည်။ အင်တာနက်ပေါ်မှ အသံအားလုံးက ကောင်းသည့်ဘက်သို့သာ ဦးတည်နေသေးသော်ငြား သူကတော့ တိတ်တိတ်လေး ခိုးရိုက်ခံရသည့်ခံစားချက်ကို တကယ်မကြိုက်ပေ။ အထူးသဖြင့် သူ့တွင် ကိုယ်ဝန်လည်း ရှိနေသည်။
ကျန်းဟန်ရှုက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"ကလေးမွေးပြီးသွားရင် ကိုယ်တို့ တစ်ခြား‌နေရာကို ပြောင်းနေကြမယ်လေ ဒီအတောအတွင်းမှာလည်း ဓာတ်ပုံခိုးရိုက်မယ့်သူတွေ ထပ်ပေါ်မလာစေရပါဘူး ..."
ဖုကျန်းက မေးလိုက်သည်။
"နောက်တစ်ခါ ထပ်ပြောင်းဦးမလို့လား ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"ဒီနေရာက ကိုယ်တို့နှစ်ယောက်နေဖို့ပဲ အဆင်ပြေမှာ ကလေးတွေများလာရင် ပိုကျယ်တဲ့အိမ်ကို ပြောင်းဖို့လိုတယ်လေ ..."
.....
ထန်ဝမ်ဝမ်ကလည်း နောက်ဆုံးတွင်တော့ "Tucao me first "၏ ဖိတ်ကြားချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ ပုံမှန်အားဖြင့် မရိုက်ကူးမီ ဧည့်သည်များကို ဇာတ်ညွှန်းကြိုပေးထားကာ သူတို့ကို စစ်ဆေးစေပြီး အားလုံးအဆင်ပြေမှသာ ဇာတ်ညွှန်းကို အတည်ပြုလေ့ရှိသည်။
"Tucao me first" သို့လာသော ဧည့်သည်အများစုမှာ အမဲစက်များအကြောင်း သမားရိုးကျပြက်လုံးများကို သိပ်ပြီး စိတ်ထဲမထား။ အစီအစဉ်တင်ဆက်သူက ဘောင်ကျော်မလာသရွေ့ ခပ်ပြုံးပြုံးဖြင့်သာ ရင်ဆိုင်နိုင်မည်ဟုသာ တွေးထားကြသည်။ နှစ်ဦးနှစ်ဖက် အကျိူးရှိသည့် ပရိုဂရမ်ဖြစ်သည့်အတွက် ရိုက်ကူးပြီးချိန်တွင် ဘယ်သူမှ မကျေမချမ်း ဖြစ်ကြမည်မဟုတ်ပေ။
သို့သော်ငြား ထန်ဝမ်ဝမ်ကတော့ မတူပေ။ အစအဆုံး ဖတ်ပြီးနောက်တွင်တော့ ဇာတ်ညွှန်းကို ပြန်ပြင်ပေးရန် ပြောလိုက်သည်။ သူမကို အစွန်းထင်စေမည့် ပြက်လုံးအားလုံးကို ကန့်သတ်လိုက်သည်။
"ဒီလိုကြီးဆို မရယ်ရတော့ဘူးလေ ပရိသတ်ကိုသာ ရယ်ရအောင် မလုပ်နိုင်ရင် ဆင်သေကို ဆိတ်သားရေနဲ့ဖုံးသလိုကြီး ဖြစ်နေတော့မှာပေါ့ ..."
ထန်ဝမ်ဝမ်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
"ရယ်ရတာမျိုး မလိုချင်ဘူး ..."
"ငါတို့ရှိုးကိုလာပြီး မရယ်ရချင်ဘူး... ဒီနေ့လာတဲ့ရှိုးက စကားပြောရမယ့်ရှိုးဆိုတာရော သိသေးလား ..."
သူမစကားကို ကြားပြီးနောက်တွင် ပွဲစီစဉ်သူက ထန်ဝမ်ဝမ်ကို ကန်ထုတ်လိုက်ချင်သော်ငြား မတတ်နိုင်ပေ။ ဘုရားသခင်ထံမှ ကောင်းချီးရရန်က ပို၍ လွယ်ပေလိမ့်ဦးမည်။ "Tucao me first " မှာ အွန်လိုင်းတွင် ပြသသည့် ရသစုံရှိုးဖြစ်သော်ငြား သူ၏နောက်ခံက တီဗီရှိုးအကြီးကြီးများနှင့်ပင် ယှဉ်၍ရသည်။ သူတို့ရှိုးကို ရင်းနှီးမြှုပ်နှံသူမှာ ချင်ကျောက်၏ ညီအစ်ကိုကောင်းတစ်ဦးဖြစ်သည်။ ထန်ဝမ်ဝမ်မှာ ချင်ကျောက်၏ မျက်ရှုလေးဖြစ်ရာ သူမကို ထိခိုက်၍ မရပေ။
ပွဲစီစဉ်သူမှာ မူလက ထန်ဝမ်ဝမ်၏ စိတ်ပါဝင်စားမှုကို ဆွဲခေါ်ရန် ကြံရွယ်ထားသည်။ သို့သော် သူမက ဒီလိုမျိုး အသာတကြည် ပူးပေါင်းမလာဟုတော့ မထင်ထားပေ။ သူသည်လည်း အတော်ကို ခေါင်းခဲနေလေပြီ။ သူတို့သာ ထန်ဝမ်ဝမ်၏ သဘောအတိုင်း လိုက်လုပ်ပါက ရုပ်သံလွှင့်သည့်အချိန်တွင် ကြည့်ရှုသူများ၏ ပြစ်တင်ခြင်းကို ခံရဦးမည်ဖြစ်သည်။
ထို့အပြင် ထန်ဝမ်ဝမ်က ရှိုးကို စောဒကတက်ရုံသာမက သူမတွင် အနုပညာအသိုင်းအဝိုင်းထဲမှ အသိအကျွမ်းဟူ၍လည်း မရှိပေ။ အတိတ်က သူမနှင့် အတူရှိခဲ့သော ငွေကြယ်ပွင့်များနှင့် လူချမ်းသာများမှာလည်း ဒီရှိုးကို လာနိုင်မည်မထင်။ သူမ လက်ထပ်ပြီးကတည်းက သူတို့အားလုံးနှင့် အဆက်အသွယ်ပြတ်သွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင်တော့ ကြံရာမရသည့် ရိုက်ကူးရေးအဖွဲ့သားများက တက်သစ်စနှစ်ယောက်ကို သူမ၏ ပရိသတ်အဖြစ် ထည့်လိုက်ရတော့သည်။
အကုန်လုံးကို ပျက်စီးသွားတာပဲ။
စီစဉ်သူက အနာဂတ်တွင် သူ့ရှိုးမှန်သမျှကို ထန်ဝမ်ဝမ်အား မဖိတ်တော့ရန် တိတ်တိတ်လေး မှတ်ထားလိုက်တော့သည်။ သူသည် လုပ်နိုင်စွမ်း သိပ်မရှိသော်ငြား အတော်သည်းခံနိုင်သောသူဖြစ်သည်။
အရင်က ဘယ်လိုတောင် မျက်စိကန်းခဲ့လို့ သူမရဲ့ ပရိသတ်ဖြစ်ခဲ့ရတာလဲ အကြာကြီးကိုမှ အကြာကြီး သူမကို ရူးရူးမူးမူးဖြစ်ခဲ့တာမှလေ ရည်းစားနဲ့တောင် ပြတ်တော့မလို့ ...
xxxxxx