အပိုင်း ၇၉
Viewers 23k

ကျန်းမိသားစုမှာလည်း ယခုရက်ပိုင်းအတွင်း အလုပ်များသည်ထက် များလာသည်။ ကျန်းဟန်ရှုသည် မစ္စတာကျန်း၏နေရာကို ယူရတော့မည်ဖြစ်သည့်အတွက် ကျန်းမိသားစု၏ ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်များကို ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ရမည်ဖြစ်သည်။
ကျန်းဟန်ရှုသည် ဒီနှစ်ဧပြီလတွင် တိတ်တိတ်လေး လက်ထပ်လိုက်ပြီဟုပင် အတွင်းသတင်း သဲ့သဲ့ကြားလိုက်ရသေးသည်။ သတင်းထူးကို ကြားလိုက်ရသော သတင်းထောက်များက ခေါင်းစီးသတင်းကို အားသွန်ခွန်စိုက် ရေးလာကြသော်ငြား အယ်ဒီတာထံမှ မှတ်ချက်ကတော့ တစ်လေသံတည်းသာဖြစ်သည်။
"တင်လို့မရဘူး ..."
"တင်ခွင့်မရှိဘူး ...
"မရဘူး ..."
ထိုသတင်းလေးကို ရဖို့အရေး ဘိုးဘေးများထံပင် ခခယယတောင်းပန်ကာ ခွေးတစ်ကောင်လို ပင်ပန်းတကြီး အလုပ်လုပ်ခဲ့ရသော်ငြား အယ်ဒီတာက တစ်ချက်ပင် မကြည့်ဘဲ ငြင်းလိုက်သည့်အတွက် သတင်းထောက်ငယ်၏ နှလုံးသားမှာ ‌ကွဲကြေလုနီးပါးပင်။ သူ ဘာကြောင့် တင်လို့မရတာလဲဟု မေးလိုက်သည်။
"ဒီလိုသတင်းမျိုးက ပြဿနာဖြစ်မှာမကြောက်တဲ့ ပါပါရာဇီတွေလောက်ပဲ ရေးရဲမှာ ငါတို့ကတော့ ရာဇဝတ်အိုး တုတ်နဲ့ သွားမထိုးတာ အကောင်းဆုံးပဲ ဟိုတစ်ခါကလည်း ဖုကျန်းချန်ကြောင့် သတင်းတိုက်တစ်ခု ဖျက်သိမ်းလိုက်ရပြီ ဒီတစ်ခေါက်သာ ကျန်းမိသားစုကို ထပ်ပြီးရန်စမိရင် ငါတို့ကတော့ အထုပ်သိမ်း၊ ရွာပြန်ပြီး လယ်စိုက်စားဖို့ပဲ ရှိတော့မယ် ပြီးတော့ မင်းရလာတဲ့သတင်းက မှန်မယ်လို့ရော အာမခံနိုင်လို့လား ..."
သတင်းထောက်မှာ စိတ်မပါလက်မပါဖြင့်သာ ပြန်သွားရတော့သည်။ သို့သော် သူရထားသည့် သတင်းကြီးကို တစ်နေ့နေ့တွင် ဖော်ထုတ်နိုင်လိမ့်မည်ဟုတော့ မျှော်လင့်နေဆဲဖြစ်သည်။
ကျန်းမိသားစု၏ ခေါင်းဆောင်ပိုင်း ပြောင်းလဲသည့် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၂၃ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ ပွဲအပြီးတွင် ညစာစားပွဲရှိသော်ငြား ဖုကျန်း၏ ဗိုက်မှာ ကြီးမားလွန်း၍ ပွဲတက်နိုင်ရန် မသေချာပေ။ ကျန်းဟန်ရှုက ပွဲတွင် အချိန်ကြာကြာ နေမည်မဟုတ်ဟုတော့ မဒမ်ကျန်းက သူ့ကို ပြောလာသည်။
မရေမတွက်နိုင်လောက်သော မီဒီယာတို့က ခန်းမအပြည့် နေရာယူထားကြသည်။ ကျန်းဟန်ရှု မီဒီယာရှေ့သို့ ပထမဆုံးအကြိမ် ထွက်လာခြင်းဖြစ်သည့်အတွက် ဘဏ္ဍာရေးသတင်းဌာန ၊ အနုပညာသတင်းတိုက်သာမက အားကစားသတင်းထောက်တို့ပါ ရောက်လာကြသည်။ မစ္စတာကျန်းမှာ အသက်ငါးဆယ်သာ ရှိသေးရာ ဘာကြောင့် စောစောစီးစီး အနားယူပြီး ကျန်းဟန်ရှုကို နေရာလွှဲပေးခဲ့သလဲဆိုတာကို အားလုံးက သိချင်နေကြသည်။
လုပ်ရိုးလုပ်စဉ်အတိုင်း ကျန်းမိသားစု၏ အနာဂတ်အစီအစဉ်အကြောင်း မေးခွန်းအချို့ မေးပြီးနောက်တွင်တော့ ကျန်းဟန်ရှု လက်ထပ်သည့်သတင်းကို ရေးခဲ့သည့် သတင်းထောက်၏အလှည့်သို့ ရောက်လာခဲ့သည်။ သူက မိုက်ကိုယူကာ မေးလိုက်သည်။
"ကျွန်တော်တို့က ဖျော်ဖြေရေးသတင်းစာက‌ဆိုတော့ ကျွန်တော်တို့ရဲ့ မေးခွန်းက နည်းနည်းလေးတော့ ကွဲပြားမယ်ခင်ဗျ လူကြီးမင်းရဲ့ အချစ်ရေးအကြောင်းကို ပြော‌ပြပေးစေချင်ပါတယ် ဒီနှစ်မှာ အသက် ၂၆ နှစ်ပြည့်ပြီဆိုတော့ ဘယ်အချိန်မှာများ မင်္ဂလာသတင်းကြားရမလဲ မသိဘူးနော် ..."
ကျန်းဟန်ရှု၏ မင်္ဂလာသတင်းအကြောင်း အလုအယက် ရေးရန် စောင့်ဆိုင်းနေသူများအဖို့ ထိုသတင်းက ဖုံးကွယ်ကောင်း ဖုံးကွယ်ခံရနိုင်ပေသည်။
သို့သော် ကျန်းဟန်ရှုက မဖုံးကွယ်ဘဲ ထုတ်ပြောလာလိမ့်မည်ဟုတော့ သူတို့အားလုံး မျှော်လင့်မထားပေ။ သူက တည့်တိုး ပြန်ဖြေလိုက်သည်။
"ကျွန်တော့်မှာ ချစ်ရမယ့်သူ ရှိနေပြီးသားပါ ..."
အာမေဋိတ်သံ တသောသော ညံသွားသည်။ မတိုင်ခင်အထိ ကျန်းမိသားစု၏ ဆက်ခံသူမှာ ဘယ်မိန်းကလေးနှင့် ချိန်းတွေ့နေပါသည်ဆိုသည့်သတင်းကို သဲ့သဲ့မျှပင် မကြားဖူးသည့်အပြင် အတော်လည်း ငယ်ရွယ်သေးပေသည်။ ဘာလို့ ဒီလောက်အစောကြီး လက်ထပ်တော့မှာလဲ။ ငယ်ချစ်ဦးလား။
သူ့လိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ချင်တယ်ဆိုတဲ့ လူချမ်းသာသခင်လေးမျိုးကတော့ ရှားမှရှားပဲ။ သူတို့က လက်ထပ်ပြီးရင်တော့ ငွေကတော့ ဆက်ဖြုန်းနေဦးမှာပဲ။ အခုဆို လူတွေကလည်း အမြင်ပိုပွင့်လာတော့ တစ်ကိုယ်တည်းဖြစ်နေတဲ့အပေါ်ကို အရင်လို သိပ်ပြီး ခါးခါးသီးသီး မဖြစ်ကြတော့ဘူး။ လူချမ်းသာတွေက‌သာ ၄၀/၅၀ လောက်အထိ လက်မထပ်သေးဘူးဆိုရင်တောင် ဘယ်သူမှ ဘာမှပြောမှာမဟုတ်ဘူး။ မျိုးဆက်ဆက်ခံဖို့ဆိုတာကလည်း သူတို့အတွက်က ခဲယဉ်းတာမှမဟုတ်တာ။ ကျန်းမိသားစုဆိုတာကလည်း လက်ထပ်ပွဲကို မဖြစ်မနေ လိုအပ်တဲ့ အနေအထားမျိုးလည်း မဟုတ်။ ဒါတောင်မှ ကျန်းဟန်ရှုက ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုချင်နေရတာတုန်း။ အတင်းအကြပ် စီစဉ်လို့များလား။ မမလေးဖုန့်ကျီနဲ့များလား။
ငါတို့ကို အချစ်ကြောင့်လို့တော့ လာမပြောနဲ့နော်။ အနုပညာနယ်ပယ်ထဲက လှိုင်းကြီးလေကြီးတွေကို ကြုံဖူးတဲ့သူအနေနဲ့ ငါတို့လက်ထဲမှာရှိတဲ့ လျှို့ဝှက်ချက်ဆိုတာ အများမှ အများကြီးပဲ။ ချစ်တာတွေ မေတ္တာတွေက လူချမ်းသာအသိုင်းအဝိုင်း အထူးသဖြင့် တရုတ်တွေကြားမှာဆိုရင် ရွှေထက်ရှားတယ်ဆိုတာ လူတိုင်းသိတယ်။
ကျန်းဟန်ရှုက တိုက်ရိုက်ကြီး ဝန်ခံလိုက်မည်ဟု မထင်ထားသော သတင်းထောက်မှာ မျက်တောင် တဖျတ်ဖျတ် ခတ်ရုံသာ တတ်နိုင်တော့သည်။ သူ့တာဝန် မပြီးမြောက်ဟု ခံစားလိုက်ရသည်။ ဒီလိုမျိုး တည်ငြိမ်နေမှာဆို ဘာလို့ တိတ်တိတ်လေး လက်ထပ်လိုက်သေးလဲ။
သတင်းထောက်က ချက်ခြင်း မေးခွန်းထုတ်လိုက်ပြန်သည်။
"ဒါဆို ချစ်သူအကြောင်း ပြောပြပေးလို့ရမလား ကျွန်တော်တို့လည်း တစ်ခါမှ မကြားဖူးပါဘူး ဘယ်အချိန် လက်ထပ်ကြမှာလဲ ဇနီးလောင်းကရော အသက်ဘယ်လောက်ရှိပြီလဲ ဘယ်လိုတွေ့ခဲ့ကြတာလဲ ..."
ကျန်းဟန်ရှုက မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။
"အားနာပါတယ် ဒါတွေကိုတော့ မဖြေနိုင်ပါဘူး ..."
"ဘာလို့ မဖြေချင် ..."
စကားမဆုံးခင်မှာပင် သူ့လက်ထဲမှ မိုက်ခရိုဖုန်းကို ဆွဲယူခံလိုက်ရသည့်အတွက် သတင်းထောက်၏ အမူအယာမှာ အတော်ကို ရုပ်ဆိုးလာသည်။ သူ မေးခွန်းမေးခါနီးတွင်မှ ဘေးက အယ်ဒီတာက သူ့လက်ကို ဆိတ်ဆွဲကာ မိုက်ကို လုယူသွားသည်။ အယ်ဒီတာကသာ သူ့ပါးစပ်ကို တစ်သျှူးထုပ်ဖြင့် ဆို့မထားပါလျှင် လက်ကောက်ဝတ်မှာ နာလွန်း၍ စူးစူးဝါးဝါး အော်ချလိုက်မိမည်ဖြစ်သည်။
သမားရိုးကျမေးခွန်းများဖြင့် သတင်းစာရှင်းလင်းပွဲကို အပြီးသတ်နိုင်ခဲ့သော်လည်း ကျန်းဟန်ရှုက သူ့လက်ထပ်ပွဲအကြောင်း မေးခဲ့သည့် သတင်းထောက်ကို စုံစမ်းရန် အမိန့်ပေးခဲ့သည်။
ပွဲအပြီးတွင် သိပ်မကြာမီ ညစာစားပွဲကို စတင်လိုက်တော့သည်။
ဧည့်ခံပွဲကို ကျန်းမိသားစု၏ နာမည်အောက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ကျင်းပပြီး စီးပွားရေးလောက၏ အထင်ကရပုဂ္ဂိုလ်တော်တော်များများကို ဖိတ်ကြားထားရာ ချင်မိသားစု၏ ဆက်ခံသူ ချင်ကျောက်မှာလည်း ဖိတ်ကြားချက်ကို မလွဲမသွေ လက်ခံရရှိမည်ဖြစ်သည်။ သူက ထန်ဝမ်ဝမ်ကို ပွဲသို့ ခေါ်လာခဲ့သည်။
ဖုကျန်းချန်သည်လည်း လာခဲ့သော်ငြား သူ၏ ရည်ရွယ်ချက်က အခြားသူများနှင့် မတူညီပေ။ သူက ဖုကျန်းကိုတွေ့ရန် လာခဲ့သော်ငြား သူက ကိုယ်ဝန်ဆောင်ထားရရာ ပွဲကို မတက်နိုင်လောက်ဟုလည်း ကြိုတွေးထားခဲ့သည်။
ဖုကျန်းချန်၏ အတွေးတို့က လွန်ဆွဲနေသည်။ သူက ဖုကျန်းကို တွေ့လိုသော်ငြား တွေ့ရမှာလည်း ကြောက်နေမိသည်။ ဖုထင်ကလည်း သူ့ဘေးတွင် ရပ်နေပြီး မြူးထူးတက်ကြွနေသည့် ပွဲအခမ်းအနားနှင့် မလိုက်ဖက်လောက်အောင် မျက်မှောင်ကို ကြုတ်ထားသည်။
သူက ကိစ္စဝိစ္စပြီးစီး၍ ထွက်လာသော ကျန်းဟန်ရှုကို လှမ်းတားပြီး မေးလိုက်သည်။
"ရှောင်ကျန်းရော ဘယ်လိုနေသေးလဲ ..."
ကျန်းဟန်ရှု : "အဆင်ပြေနေပါတယ် ..."
ဖုကျန်းချန်က ခေါင်းငြိမ့်လိုက်သည်။ ဖုကျန်း အဆင်ပြေနေကြောင်း သိရလျှင်ပင် သူ့အတွက် လုံလောက်ပြီဖြစ်သည်။
"သူ ဒီနေ့မလာဘူးလား ..."
ဖုကျန်းချန်က ထပ်မေးလိုက်ပြန်သည်။
"လာတယ် အပေါ်ထပ်မှာ နေနေတာ ..."
ဖုကျန်းချန်က ‌အပေါ်ထပ်ကို မော့ကြည့်လိုက်သော်ငြား ရံဖန်ရံခါ ဖြတ်သွားတတ်သည့် စားပွဲထိုးများမှတစ်ပါး လူသူကင်းမဲ့နေသော ကော်ရစ်ဒါကိုသာ တွေ့လိုက်ရသည်။
အနက်ရောင်ဝတ်စုံကို ဝတ်ထားသော ထန်ဝမ်ဝမ်က ဝိုင်တစ်ခွက်ကိုကိုင်ကာ ကျန်းဟန်ရှုရှိရာဘက်သို့ ငေးကြည့်နေသည်။ ချင်ကျောက်က အနားသို့ရောက်လာကာ မေးလိုက်သည်။
"ဘာတွေကြည့်နေတာလဲ ..."
"ဟိုလူကို ရင်းနှီးနေတယ်လို့ ခံစားရလို့ သူ့ကို တစ်နေ‌ရာရာမှာ တွေ့ဖူးသလိုပဲ ..."
ချင်ကျောက်က သူမ၏စကားများကို အတည်မယူခဲ့ပေ။ သူက ပြောလိုက်သည်။
"တစ်ခြားယောက်ျားတစ်ယောက်ကို ဒီလိုကြီး ငေးကြည့်နေရင် ကိုယ်တော့ သဝန်တိုမိတော့မယ်ထင်တယ် ..."
ထန်ဝမ်ဝမ်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
"ကျွန်မ အတည်ပြောနေတာနော် ..."
ချင်ကျောက်လည်း သူမအကြည့်အတိုင်း လိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းဟန်ရှု၏ ဘေးတိုက်မျက်နှာကို စိုက်ကြည့်ပြီး ခပ်ဖြေးဖြေး ရေရွတ်လိုက်သည်။
"တကယ်ကို တ‌စ်နေရာရာမှာ တွေ့ဖူးသလိုပဲ ..."
ဖုကျန်းကို နောက်ဖေးပေါက်မှ ခေါ်မသွားခင်အထိ ကျန်းဟန်ရှုသည် ပွဲထဲတွင် တစ်နာရီနီးပါးလောက် အချိန်ဖြုန်းခဲ့ရသည်။ ဖုကျန်းက ဘေးခုံတွင်ထိုင်ကာ အင်တာနက်သုံးစွဲသူတို့၏ မှတ်ချက်များကိုဖတ်ရင်း ရယ်မောနေသည်။
မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှ ဗီဒီယိုကို ထုတ်လွှင့်လိုက်ပြီးဖြစ်သည်။ ကျန်းဟန်ရှုမှာလည်း အတော်ပင် ကြည့်ကောင်းသူဖြစ်ရာ ကျော်ကြားမှုက မနိမ့်လှပေ။ မိနစ်ပိုင်းအတွင်း မှတ်ချက်များက ထောင်ဂဏန်းအထိ ရောက်လာသည်။
(ဥက္ကဌအသစ်က တအားကို ခန့်ညားတာပဲ ငါတော့ ကျန်းဟန်ရှုမှ ကျန်းဟန်ရှုဖြစ်သွားပြီ )
(ဟိုသတင်းထောက်နဲ့ သူ့သူဌေးက တအားရယ်ရတာပဲ ငါ သူတို့ရဲ့အပိုင်းကိုပဲ အများကြီး ဖြတ်ကြည့်ပြီးပြီ ဒီ <<<မတိုက်ခိုက်ရလို့ မပျော်တော့ဘူးနဲ့ ဦးနှောက်မရှိတဲ့ကောင်>>>စီပီကိုပဲ စတန်းတော့မယ် )
-(ရှင့်မှာ အသာစီးရဖို့ အခွင့်အရေးမရှိတော့ဘူး သူ့မှာ ချစ်သူရှိတယ်လို့ မကြားလိုက်ဘူးလား )
-(ချင်ကျောက်မင်္ဂလာဆောင်တုန်းက အကုန်တိုက်ရိုက်လွှင့်တာနော် တစ်ချိန်လုံးလည်း ပြန်ပြနေသေးတယ် ကျန်းဟန်ရှုကကျ ဘာလို့ တိတ်တိတ်လေး ပြီးသွားတာလဲ )
( တကယ့်ဆွေကြီးမျိုးကြီးတွေက ဘယ်လိုခပ်လျှိုလျှိုနေရမလဲဆိုတာကို သိတယ်ဟဲ့ ချင်ကျောက်ကတော့ ပြောရရင် သူဌေးလက်သစ်လေးလေ )
( အပေါ်ထပ်က ပေါက်ကရတွေ လာပြောနေတာပဲ ချင်မိသားစုက သူဌေးလက်သစ်မဟုတ်ပါဘူးနော် သူတို့က မျိုးဆက်သုံးဆက်တောင် ချမ်းသာလာတာ စောစောစီးစီး သေသွားကြလို့သာမဟုတ်ရင် ဆွေကြီးမျိုးကြီးထဲ ပါတာပဲကို )
( ကျန်းမိသားစုနဲ့ယှဉ်ရင်တော့ ပေါက်စလေးအဆင့်ပဲနော် မယုံရင် စွယ်စုံကျမ်းမှာ ကျန်းမိသားစုရဲ့ ဇစ်မြစ်ကို သွားရှာကြည့်လိုက် )
......
ချင်ကျောက်က သူဌေးလက်သစ် ဟုတ်မဟုတ် အငြင်းပွားလာကြသည်ကတော့ အံ့ဩစရာပင်။
ထိုအချိန်အတွင်း ဖုကျန်း၏ခြေထောက်တို့က အမြဲလိုလို ကြွက်တက်နေသည်။ ကျန်းဟန်ရှုက သူ့ကိုကူကာ သက်သာသည်အထိ နှိပ်ပေးလေ့ရှိသည်။ အိမ်ပြန်ရောက်လာပြီးနောက် ခဏ ထပ်နှိပ်ပေးရင်း ဖုကျန်းကို မေးလိုက်သည်။
"မင်းအတွက် စတူဒီယိုတစ်ခုလောက် ဖွင့်ပေးရင်ရော ..."
ဖုကျန်းက မေးခွန်းတို့ဖြင့် ပြည့်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။
"စတူဒီယိုက ရှိပြီးသားမဟုတ်လား ..."
"နောက်ပိုင်း ရုပ်ရှင်ရိုက်ချင်တယ်ဆိုရင် Shazhou Chronicle ရဲ့ စတူဒီယိုမှာ ရိုက်ဖို့က မဖြစ်နိုင်ဘူးလေ ..."
ကျန်းဟန်ရှုက စကားစဖြတ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ကျန်းမိသားစုမှာ ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုရှိတယ်‌ ဆိုတော့ မင်းနာမည်အောက်ကို ကုမ္ပဏီတစ်ခုထားလိုက်မယ်လေ ..."
ချွန်းဟွာတောင်ကို ရိုက်ခဲ့စဉ်က အစောပိုင်းရင်းနှီးမြှုပ်နှံမှုကို ဖုထင်ကသာ ကူညီပေးခဲ့သည်။ ထုတ်လွှင့်သည်အထိ သူက ဘာကိုမှ မရောထွေးခဲ့။ ချင်ကျောက်ကသာ တစ်ယောက်ယောက်ကို ခိုင်းစေခဲ့ခြင်းဖြစ်သည်။ ထိုနယ်ပယ်နှင့်ပတ်သက်၍ သူ့တွင် အတွေ့အကြုံမရှိရာ ခေါင်းကိုသာ ညိတ်လိုက်သည်။
"လုပ်နိုင်လောက်ပါတယ် ..."
ကျန်းဟန်ရှု : "ဒါဆို စတူဒီယိုတစ်ခု ဖွင့်လိုက်ရအောင် ကုမ္ပဏီကိစ္စတွေကတော့ ကိုယ် မင်းကိုကူညီပြီး ကိုင်တွယ်ပေးမယ်လေ နောက်ပိုင်း သရုပ်ဆောင်ရွေးတာနဲ့ ပရိုမိုးရှင်းဆင်းရင် ပိုပြီး အဆင်ပြေအောင်လို့ ..."
ဖုကျန်းက ထိုကိစ္စများနှင့် မရင်းနှီးလှသော်ငြား မရည်ရွယ်ထားဘဲ ကျန်းဟန်ရှုကို အလုံးစုံ ယုံကြည်မိနေသည်။ ဆုံးဖြတ်သူမှာ ကျန်းဟန်ရှုဖြစ်သည့်အတွက် ထိုအစီအစဉ်မှာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။
"အိုကေလေ ..."
ကျန်းဟန်ရှုက နှိပ်ပေးနေသည်ကို မရပ်ခဲ့။ ခဏအကြာတွင် သူက မေးလိုက်သည်။
"နည်းနည်း ပိုသက်သာလာပြီမဟုတ်လား ..."
"အရမ်းကြီး မဖိစီးနဲ့ ကိုယ်တိုင်လည်း အနားယူဦး ..."
ဖုကျန်းက သူ့ခြေထောက်ကို ပြန်ဆွဲယူကာ ကျန်းဟန်ရှု၏ လက်မောင်းကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။
"သားလေးလိုချင်လား သမီးလေးလိုချင်လား ..."
ကျန်းဟန်ရှုက ထိုအကြောင်းနှင့်ပတ်သက်၍ များများစားစား တွေးမထားပေ။ ကလေးမွေးမည့်သူမှာ ဖုကျန်းဖြစ်သည့်အတွက် သားလေးဖြစ်စေ သမီးလေးဖြစ်စေ သူကတော့ သေချာပေါက်ကို ချစ်ပေးမည်ဖြစ်သည်။ ဖုကျန်း၏မျက်နှာကို သာသာလေး ထိလိုက်သည်။
"ဘာဖြစ်ဖြစ် အဆင်ပြေပါတယ် မင်းကရော သားလေးလိုချင်လား သမီးလေးလိုချင်လား ..."
သန္ဓေသား၏ လိင်အမျိုးအစားကို စစ်ဆေးခြင်းအား တားဆီးထားသော်ငြား ကျန်းမိသားစုတွင် နည်းလမ်းရှိပြီးသားဖြစ်သည်။ သို့သော် ဖုကျန်းက ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ဖိစီးမနေပေ။ သားဖြစ်စေ သမီးဖြစ်စေ ကောင်းကင်မှ ချီးမြှင့်သည့် ရတနာလေးပင်ဖြစ်သည်။ အနည်းဆုံးမှ အံ့ဩရုံသာ ရှိပေလိမ့်မည်။
သူက ကျန်းဟန်ရှု၏ပုခုံးပေါ်သို့ ခေါင်းကိုမှီလိုက်သည်။
"ကျွန်တော်လည်း အတူတူပဲ ဒါနဲ့လေ ကလေးလေးကို နာမည်ကြိုပေးထားသင့်တယ်လို့ ထင်လား ..."
ကလေးမွေးပြီးသွားရင် မျိုးရိုးနာမည်က ကျန်းဖြစ်မလား ဖုဖြစ်မလား။ ဖုကျန်းက ထိုကိစ္စကို သိပ်ပြီး စိတ်ထဲမထားသလို ကျန်းဟန်ရှုသည်လည်း သူ့လိုပင်ဖြစ်မည်ဟု ယုံကြည်သည်။ သိူ့သော် တစ်ခုခုကိုတော့ ရွေးချယ်ရမည်ဖြစ်သည်။
xxxxxxx