အပိုင်း ၇၈
Viewers 23k

နောက်နေ့မနက်စောစောတွင် ကျန်းဟန်ရှုသည် ဖုကျန်းကို ကျန်းအိမ်သို့ အရင်လိုက်ပို့ပြီးမှ ကုမ္ပဏီသို့ ထွက်လာလိုက်သည်။
မဒမ်ကျန်းက ဖုကျန်းကို စကတ်နှင့် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်။ သို့သော် သူမရှေ့မှ ပန်းရောင်စကတ်လေးနှင့် ဖုကျန်းကို တွေ့လိုက်ရချိန်တွင်တော့ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျတော့မတတ်ပင်။
မဒမ်ကျန်း၏အကြည့်စူးစူးတို့ကြောင့် ဖုကျန်းမှာ အနည်းငယ် စိတ်မသက်မသာဖြစ်လာသည်။ ကျန်းဟန်ရှုနှင့် အပြင်ထွက်သည့်အခေါက်က သူနှင့်မရင်းနှီးသည့် သူစိမ်းများနှင့်သာ ဆုံရသည့်အတွက် ယခုလိုမျိုး အနေမခက်ခဲ့ပေ။
ခေါင်းကြီး မြေကြီးထဲစိုက်လုမတတ် ငုံ့ထားသောကြောင့် သူရှက်နေမှန်းသိသော မဒမ်ကျန်းက ခပ်ပြုံးပြုံး နှစ်သိမ့်လိုက်သည်။
"အမေက အပြင်လူမှ မဟုတ်တာကို ဘာလို့ ရှက်နေရသေးတာလဲ ..."
မင်္ဂလာပွဲပြီးကတည်းက ဖုကျန်းသည် မဒမ်ကျန်းကို အမေဟုသာ ပြောင်းခေါ်ခဲ့သည်။ သူ့မိခင်ရင်းမှာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကွယ်လွန်သွားခဲ့ရာ မဒမ်ကျန်းက ဖုကျန်း၏ ကလေးဘဝကို အခြားနည်းဖြင့် ဖြေသိမ့်နိုင်ရန် ကြိုးပမ်းပေးခဲ့ခြင်းဖြစ်သည်။
ခဏအကြာတွင် မစ္စတာကျန်းက အောက်ထပ်သို့ ဆင်းလာသည်။ ဖုကျန်း၏ ဝတ်စုံကိုမြင်လျှင် ဒီအလှလေးက ဘယ်သူများပါလဲဟု မေးလိုက်သဖြင့် ဖုကျန်းမှာ မျက်နှာကြီး ပေါက်ထွက်လာတော့မတတ် ခံစားလိုက်ရသည်။
အဖိုးကျန်းက ထပ်ပြောလိုက်သည်။
"အဘိုးပေးထားတဲ့ လက်ကောက်ရော အဲဒါကို ဝတ်ထားလေ ..."
မူလက ထိုလက်ကောက်ကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေးရန် တွေးထားသော်ငြား ယခုကဲ့သို့ ဖြစ်လာမည်ဟုတော့ မျှော်မှန်းမထားပေ။
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"လက်ကောက်က အိမ်မှာ သိမ်းထားတာပါ ..."
"နောက်တစ်ခေါက်ဝတ်ဖို့ မမေ့နဲ့နော် ..."
လူအိုကြီးကျန်းက ပြုံးကာပြောလိုက်သည်။
"ဒါဆို အဖေ ရှောင်ကျန်းနဲ့သမီး သွားလိုက်ဦးမယ်နော် ..."
အားလုံးပြင်ဆင်ပြီးနောက် မဒမ်ကျန်းက ဝင်ပြောလိုက်သည်။
အဖိုးကျန်းက ဟမ့်ခနဲ အသံပြုရင်း ပြောလိုက်သည်။
"ရှောင်ကျန်းကို အရမ်းမပင်ပန်းစေနဲ့ ..."
နိုင်ငံ၏ မိသားစုစီမံရေးလမ်းစဉ်ကြောင့် မစ္စတာကျန်းနှင့် မစ္စစ်ကျန်းတို့မှာ ကျန်းဟန်ရှုတစ်ဦးတည်းကိုသာ မွေးဖွားခဲ့ရသည်။ သူတို့က သမီးတစ်ယောက်ရဖို့ အမြဲမျှော်လင့်ခဲ့သော်ငြား ဆုတောင်းမပြည့်ခဲ့ပေ။ ကျန်းဟန်ရှု လက်ထပ်လိုက်လျှင်တော့ သမီး‌ ချွေးမတစ်ယောက်လောက် ရနိုင်ပါရဲ့ဟု ထင်ခဲ့သော်ငြား ‌မမျှော်မှန်းထားစွာပင် ထိုကလေးက ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့သည်။
ထိုကောင်လေးထံမှ သမီးတစ်ယောက်ကို ပျိုးထောင်နေရသည့် ခံစားချက်မျိုး ရနိုင်လိမ့်မည်ဟူ၍ကတော့ ပို၍ပင် မ‌မျှော်မှန်းထားခဲ့ပေ။
စိတ်ကြည်လင်နေသော မဒမ်ကျန်းက အပြုံးကြီးကြီး တစ်ပွင့်ကို ချိတ်ဆွဲကာ အမျိုးသမီးအဝတ်အစားဆိုင်ထဲသို့ ဝင်လိုက်သည်။ ကြက်ပေါက်ရောင် ဂါဝန်တစ်ထည်ကို ဖုကျန်း၏ကိုယ်သို့ ကပ်ကြည့်ပြီး ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဖုကျန်း၏အသားအရေမှာ ဖြူဖွေးနေရာ ထိုဂါဝန်ကို ဝတ်လိုက်၍ အရောင်မွဲသွားမည်မဟုတ်ချေ။ မဒမ်ကျန်းက ပြုံးကာ ပြောလိုက်သည်။
"ဒီစကတ်နဲ့ ကြည့်ကောင်းလိုက်တာ ..."
"ဝတ်လို့မရလောက်ဘူး ..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။ ဂါဝန်မှာ ကိုယ်ကျပ်ဖြစ်ရာ အခု သူ့ဗိုက်ဖြင့် ဝတ်၍ အဆင်ပြေမည်မဟုတ်ချေ။
အရောင်းဝန်ထမ်းမလေးက စကားဖြတ်ပြောလိုက်သည်။
"ကလေးမွေးပြီးမှ ဝတ်လို့ရတယ်လေ အမက အရပ်လည်းရှည်တော့ ဒါလေးဝတ်လိုက်ရင် အရမ်းကြည့်လို့လှမှာ စောစောက အလှလေးကလည်း ဒီဂါဝန်ကို မျက်စိကျလိုက်သေးတယ် သူက အမလောက် အသားမဖြူတော့ စမ်းဝတ်ကြည့်ပြီး ယူမသွားဘူး ..."
ဖုကျန်းက ဝန်ထမ်းမလေး၏ သွေးဆောင်စကားကို နားမယောင်ခဲ့ပေ။ ကလေး‌သာမွေးပြီးပါက သူလည်း သေချာပေါက်ကို စကတ်ဝတ်တော့မည်မဟုတ်ချေ။ ချုံစန်းကိုဝတ်ခြင်းက သူ့အတွက် နောက်ဆုံးဖြစ်ကြောင်း ကျန်းဟန်ရှုကို ကတိပေးပြီးဖြစ်ရာ မဒမ်ကျန်းကို ခေါင်းယမ်းပြလိုက်သည်။
မဒမ်ကျန်းလည်း စကတ်ကို ပြန်ချိတ်ပြီး သူနှင့်အတူ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ သူမက ဖုကျန်း၏ ဗိုက်ကို စောင်းငဲ့ကြည့်ပြီး မေးလိုက်သည်။
"မပင်ပန်းဘူးလား တစ်နေရာရာရှာပြီး အနားယူကြရအောင်လေ ..."
"မပင်ပန်းသေးပါဘူး ..."
ဖုကျန်းက ခေါင်းကိုယမ်းရင်း ပြောလိုက်သည်။
မစ္စစ်ကျန်း : "ဒါဆို အမေတို့ ဆံပင်တု သွားကြည့်ကြမလား ..."
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"အမေ့သဘောအတိုင်းပါပဲဗျာ ..."
မဒမ်ကျန်းက ဆံပင်တုဆိုင်၏လိပ်စာကို အင်တာနက်မှ ရှာလာခဲ့သည်။ စင်တာထဲမှထွက်ကာ လမ်းကူးရဦးမည်ဖြစ်သော်ငြား နှစ်ဦးလုံးက အလျင်မလိုကြရာ အရိပ်ထဲမှ ဖြေးဖြေးချင်း ဆင်းလာခဲ့သည်။
ထို့နောက်တွင် သူက ဖုကျန်းချန်ကို ထပ်တွေ့လိုက်ရပြန်သည်။ ဖုကျန်းချန်က လမ်းတစ်ဖက်ခြမ်းရှိ မီးပွိုင့်အောက်မှနေ၍ သူရှိရာဘက်သို့ လှမ်းကြည့်နေသည်။ ဘယ်အချိန်ကတည်းက ကျောက်တုံးတစ်တုံးလို မလှုပ်မယှက် ကပ်နေသလဲကိုတော့ သူလည်း ဃဃဏဏ မသိပေ။
ဒီနေ့မှာ ပိတ်ရက်မဟုတ်သည့်အပြင် အလုပ်ချိန်အတွင်းသာ ရှိနေသေးသည်။ ဖုကျန်းချန်လို ကုမ္ပဏီဥင္ကဌတစ်ဦးမှာ အားလပ်မနေသင့်သော်ငြား သူကတော့ စင်တာအပြင်ဘက်ကိုထွက်ကာ ကျောက်တုံးလို ရပ်နေရန် အချိန်ရှိနေသေးသည်။
ဖုကျန်းက တောင်တောင်အီအီ လျှောက်စဉ်းစားလိုက်သေးသော်ငြား သူ့အတွေးတို့က ယုတ္တိမရှိဟု ခံစားမိသည်။ နှုတ်ခမ်းကို လှုပ်လိုက်သော်ငြား စကားတစ်ခွန်းမှ ထွက်မလာခဲ့။ မဒမ်ကျန်း၏လက်ကိုတွဲရင်း အကြည့်တစ်ချက်မှ မစွန့်ကြဲဘဲ ဖုကျန်း၏ ဘေးမှ ထွက်လာလိုက်သည်။
မဒမ်ကျန်းက ဘေးမှဖုကျန်းကို လှည့်ကြည့်ကာ စကားပြောရန် ပြင်လိုက်သော်ငြား အဆုံးတွင်တော့ တစ်ခွန်းမှ ထွက်မလာခဲ့ပေ။ ခံစားခဲ့ရသူမှာ သူမ မဟုတ်ရာ ဘယ်သူ့ကိုမှ ရပ်တည်‌ပေးမည်မဟုတ်ဘဲ ဖုကျန်းကိုသာ ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်စေမည်ဖြစ်သည်။
ဖုကျန်းချန်ကို အပြည့်အဝ လျစ်လျူရှုထားလိုက်သည်။
သူက မဒမ်ကျန်းနှင့် ဖုကျန်းတို့ တရွေ့ရွေ့ထွက်သွားသည်ကို လှည့်ကြည့်နေလိုက်သည်။ သူ့မျက်လုံးတို့က စိုစွတ်လာကာ ခေါင်းပေါ်မှနေက ဆံနွယ်ဖြူဖြူတို့ကို ပိုထင်ရှားစေသည်။
ထိုအခိုက်အတန့်တွင် သူ့ကိုယ်တစ်ခုလုံးကို ဖုထင်ထံ မှီထားလိုက်သည်။ သူသည် တစ်ဖြေးဖြေး အိုမင်းလာချေပြီ။ သို့မဟုတ်ပါက ဖုကျန်းပျောက်ကွယ်သွားသည်အထိ မရေမရာဖြစ်နေမည်မဟုတ်ချေ။ ဖုကျန်း သူ့အကြည့်အောက်မှ ပျောက်သွားပြီးမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ နေပူထဲတွင် အချိန်အကြာကြီး ရပ်နေခဲ့သည့်အတွက် အရည်ပင် ပျော်ကျလုမတတ်ဖြစ်နေသည်။
ဖုနှင့် ချင်မိသားစုတို့အကြား ကတိကဝတ်အားလုံးကို ဇွန်လကုန်တွင် အဆုံးသတ်တော့မည်ဖြစ်သည်။ ထန်ဝမ်ဝမ်က ဖုကျန်းအပေါ် လုပ်ခဲ့သမျှအားလုံးကို ပြန်ပေးဆပ်ရတော့မည်ဖြစ်သည်။ သို့သော် ချင်ကျောက်က သူမကို အားကုန်သုံးကာ ကာကွယ်ထားသည့်အတွက် ဖုကျန်းချန်ပင် အတင်းအဓမ္မ မလုပ်ဆောင်နိုင်ပေ။
ထန်ဝမ်ဝမ်ကတော့ တစ်ချိန်လုံး ဖုကျန်းချန် ဘာလုပ်ခဲ့သလဲဆိုတာကို မသိခဲ့ပေ။ ရက်ပေါင်းများစွာ စဉ်းစားခဲ့ပြီးဖြစ်သော်ငြား အခုအထိ "Tucao me first"၏ ဖိတ်ကြားချက်ကို လက်မခံနိုင်သေးပေ။ သူမက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ကြောင်း သက်သေပြလိုသော်လည်း ဘယ်သူကမှ သက်သေပြနိုင်မည့် အခွင့်အရေးတစ်ခုကိုပင် မပေးလိုကြောင်း သိလိုက်ရသည်။ နှစ်ရက်လုံးလုံး ဖုကျန်းချန်၏ ဝန်ခံချက်ပြီးမှ ပြောင်းလဲသွားသည့်ကိစ္စများကိုသာ တွေးပြီးရင်း တွေးနေခဲ့သည်။ သူမသာ ဖုကျန်းချန်၏ နောက်တစ်ကြိမ်ခွင့်လွှတ်မှုကို ရနိုင်ခဲ့ပါလျှင် ဖျော်ဖြေရေးလောကရှိ သူမ၏ နဂိုနေရာသို့ ပြန်ရနိုင်လောက်မည်။
ချင်ကျောက်က ဒီအချိန်အတွင်းတွင် သူမက အလုပ်လုပ်ရန် မလိုအပ်ဟု တွေးခဲ့ပြီး ကလေးတစ်ယောက် ရလာရန် မျှော်လင့်ခဲ့သော်ငြား ထန်ဝမ်ဝမ်ကတော့ အညှာတာမဲ့စွာပင် ငြင်းချလိုက်သည်။ သူမက ငယ်ရွယ်သေးသည်ဖြစ်ရာ အလုပ်သာ ကြိုးစားသင့်သည်ဟု ထင်ခဲ့သည်။
ဖုကျန်းချန် စာတင်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ရာ သူ့ဒေါသမှာ ကုန်သလောက်နီးပါး ရှိနေလောက်မည်ဟုသာ ထန်ဝမ်ဝမ်က ထင်ခဲ့၍ ချင်ကျောက်ကို တစ်လုံးတစ်ပါဒမှ မပြောဘဲ ဖုအိမ်သို့ ပြန်သွားခဲ့သည်။
အိမ်အကူက တံခါးဖွင့်လိုက်လျှင် တံခါးဝတွင် ရပ်နေသူမှာ ထန်ဝမ်ဝမ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒီမစ်ထန်ဝမ်ဝမ်က ယောကျာ်းယူပြီးကတည်းက အိမ်ကို တစ်ခါမှ ပြန်မလာတော့။ အစေခံအများစုက ဖုကျန်းနှင့်အတူ ကြီးပြင်းလာကြသူများဖြစ်သည်။
ထန်ဝမ်ဝမ် လက်ထပ်သွားပြီးမှ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားရာ အတိတ်က ဖြစ်ခဲ့သည်များကို တွေးမိတိုင်း သူမကို နာကျည်းမိသည့်အတွက် ထန်ဝမ်ဝမ်ကို တွေ့လိုက်ချိန်တွင် မျက်နှာပျက်သွားကြတော့သည်။
ဖုမိသားစု၏ အစေခံများကအစ မျက်နှာပျက်သွားသည်ကိုမြင်လျှင် ထန်ဝမ်ဝမ်သည် သူမသာ နေရာပြန်ရလာပါက အားလုံးကို အလုပ်ထုတ်ပစ်မည်ဟု တိတ်တိတ်လေး ကြိမ်းဝါးလိုက်သည်။ သို့သော် လတ်တလောအနေဖြင့် ဖုကျန်းချန်၏ ချစ်ခြင်းတို့ကို ပြန်အရယူရန်ကသာ အရေးအကြီးဆုံးဖြစ်သည်။
ဒီအမှိုက်သရိုက်system ကရော ဒီတစ်သက် နိုးလာဦးမှာလား !!
ဖုကျန်းချန်က ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင်ထိုင်ရင်း ဖုထင်နှင့် ဖုကျန်းတို့၏ ကလေးဓာတ်ပုံတို့ကို ထုတ်ကြည့်နေသည်။ သူ့လက်ချောင်းတို့က ဓာတ်ပုံထဲမှ ကောင်လေး၏မျက်နှာကို ဖွဖွလေး ထိလိုက်သည်။
ထန်ဝမ်ဝမ်က သူ့ဘေးနားကိုလာပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"အဖေ..."
အတော်ကြာမှ ဓာတ်ပုံမှ အကြည့်လွှဲကာ သူ့ရှေ့ရှိ ထန်ဝမ်ဝမ်ကို မော့ကြည့်ပြီး မေးလိုက်သည်။
"ဖုအိမ်ကို ဘာလာလုပ်တာလဲ ..."
ထန်ဝမ်ဝမ်က အလွန်အမင်း ရှက်သွားသော်လည်း သူမ၏ ရည်ရွယ်ချက်ကိုတွေးပြီး ဒေါသတို့ကို မျိုသိပ်ထားလိုက်သည်။ သူမက ဖုကျန်းချန်ကို မေးလိုက်သည်။
"အဖေ , သမီးကို စိတ်ဆိုးနေသေးတာလား ..."
"ငါ့ကို အဖေလို့ မခေါ်နဲ့ ..."
ဖုကျန်းချန်၏ သုန်မှုန်နေသော မျက်နှာထားကိုမြင်လျှင် သူမမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ထို့နောက် သူဆက်ပြောလိုက်သံကိုပါ ကြားလိုက်ရသည်။
"မင်းက ငါတို့ဖုမိသားစုနဲ့ ဘာမှမသက်ဆိုင်ဘူး ..."
ထန်ဝမ်ဝမ်က သူမ၏ ဘဝပေးသရုပ်ဆောင်စွမ်းရည်ကို ထုတ်သုံးလာတော့သည်။ ဆိုဖာပေါ်မှ ဖုကျန်းချန်ကို မျက်ရည်အပြည့်ဖြင့် စိုက်ကြည့်ရင်း နှုတ်ခမ်းတို့က တဆတ်ဆတ်တုန်လာသည်။ အသံကို ဖျစ်ညှစ်ထုတ်ကာ မေးလိုက်သည်။
"အဖေ , သမီးတို့က သွေးသားမတော်စပ်ဘူးဆို ရင်တောင် ပြီးခဲ့သည့်နှစ်နှစ်တာ ဆက်ဆံရေးက အတုအယောင်လား။ အဖေ သမီးကိုပေးခဲ့‌တဲ့ မေတ္တာတွေအကုန်လုံးက အတုတွေပဲလား ..."
ထိုစကားကို ကြားမိချိန်တွင်တော့ ဖုကျန်းချန်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ လွန်ခဲ့သည့်နှစ်နှစ်က သူ့ကို ဘယ်လိုအရာက ထိန်းချုပ်ခဲ့မှန်းမသိ။ နှစ် ၂၀ ကျော် ချစ်ပေးခဲ့သည့် ဖုကျန်းမှာ က်ိုယ်ပျောက်လူသားနီးပါးပင် ဖြစ်ခဲ့သည်။ ထိုအစား ထန်ဝမ်ဝမ်ကိုသာ ပုံအောချစ်ပေးခဲ့သည်။
"မင်းက ဘာလဲ ..."
ဖုကျန်းချန်က သက်ညှာခြင်းမရှိစွာ မေးလိုက်သည်။
ထန်ဝမ်ဝမ်မှာ ကြက်သေသေသွားသည်။ ဖုကျန်းချန်က ဒီလိုမျိုး ရင့်ရင့်သီးသီး မေးလာလိမ့်မည်ဟု ထငမထားပေ။ ပါးစပ်ကိုဟလိုက်သော်ငြား အသံက ထွက်မလာ။ သူ့ကို စောဒကတက်ရန် အတော်ကြာ ကြိုးစားလိုက်ရသည်။
"ရှင် ကျွန်မကို ဖုအိမ်ပြန်ခေါ်လာတုန်းက ဘာပြောခဲ့လဲ မေ့သွားပြီလား ကျွန်မကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တယ်လို့ ပြောခဲ့တာရော မေ့သွားပြီပေါ့ အခု ရှင်လုပ်နေတာတွေက ဘာသဘောလဲ ..."
ထန်ဝမ်ဝမ် ဘာပဲပြောပြော ဖုကျန်းချန်က ဂရုမစိုက်ဘဲ မေးလိုက်သည်။
"ငါ့ကို ငွေညှစ်တဲ့ ပြန်ပေးဆွဲသမားတွေရဲ့ ဖုန်းနံပါတ်ကို ဖျက်ပစ်ခဲ့တယ်မဟုတ်လား ..."
ထန်ဝမ်ဝမ်၏အသံက ရုတ်တရက် ရပ်သွားသည်။ အကြည့်တို့ကို ဟိုဟိုသည်သည် ပို့ကာ ရှောင်လွှဲလိုက်သော်ငြား မျက်စိတစ်မှိတ်အတွင်းတွင် ပြန်ပျောက်ကွယ်သွားသည်။ သံသဝင်နေသော ဖုကျန်းချန်ကို အကြည့်ချင်းစုံကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အဖေ , သမီးက ဘာလို့ အဲ့လိုလုပ်ရမှာလဲ ..."
အတိတ်က ဖုကျန်းချန်သာဆိုလျှင်တော့ သူမ၏ လိမ်ညာချက်ကို လိုလိုချင်ချင်ဖြင့်ပင် ယုံကြည်ပေးမည်ဖြစ်သည်။ သူမကို မိဘမေတ္တာ အပြည့်အဝပေးခဲ့ကာ သူမဘာပဲလုပ်လုပ် မှန်သည်၊ကောင်းသည်ဟုသာ ထင်ခဲ့သည်။ သို့သော် ယခုတော့ ယုံကြည်ပေးတော့မည်မဟုတ်ချေ။ ထို့အပြင် ဖုကျန်းချန်မှာ လတ်တလောတွင် ဖုမိသားစု၏ အုပ်ချုပ်သူဖြစ်ရာ သူ့ကိုလိမ်နေသလား သိနိုင်ရန်မှာ မခဲယဉ်းလှပေ။
ဖုကျန်းချန်က သူမနှင့် စကားအခြေအတင် မပြောချင်တော့သည့်အတွက် ဓာတ်ပုံအယ်လ်ဘမ်ကိုကိုင်ကာ ဘေးရှိ အိမ်တော်ထိန်းကို ပြောလိုက်သည်။
"မစ်ထန်ကို ခေါ်သွား ..."
ဖုကျန်းချန်၏စကားပင် မဆုံးသေးခင် ချင်ကျောက်က ဖုန်းဆက်ပြီး ထန်ဝမ်ဝမ်သာ တစ်ခုခု ထိခိုက်ပါလျှင် သူ့တွင်ရှိသမျှ ပုံအောရလျှင်တောင် ဖုကျန်းချန်ကို မဖြစ်မနေ ပြန်ပေးဆပ်ခိုင်းမည်ဟု ခြိမ်းခြောက်လာသည်။
ဖုကျန်းချန်က ဖုန်းချပြီး အတော်ကြာသည်အထိ စကားပြောမလာခဲ့။ နောက်ဆုံးတွင်မှ အိမ်အကူကို ပြောလိုက်သည်။
"သူမကို လိုက်ပို့လိုက် ..."
ထန်ဝမ်ဝမ်ကလည်း အရှက်မရှိ တွယ်ကပ်မနေတော့။ သူမထွက်မသွားခင် ဖုကျန်းချန်ကို စကားတစ်ခွန်း ပြောလိုက်သေးသည်။
"အဖေ သေချာပေါက် နောင်တရလိမ့်မယ် ..."
ဖုကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက နောင်တရနေပြီးဖြစ်ကာ ကမ္ဘာပေါ်က ဘယ်သက်ရှိကမှ သူ့ကို ပြန်စတင်နိုင်ရန် အခွင့်အရေး မပေးနိုင်ချေ။
xxxxxx