အပိုင်း ၇၇
Viewers 23k

ပြစ်တင်ကြိမ်းမောင်းရန် အားခဲထားသော ဝမ်ထုန်မှာ ကျန်းဟန်ရှု၏ စကားများကြောင့် အရှိန်ပျက်သွားသည်။ သူက ပြစ်တင်လေဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"ဒါဆို ဇနီးရှိနေမှန်း သိရဲ့သားနဲ့ အခြားကောင်မလေးတွေကို ဆွဲဆောင်ရဲသေးတယ်ပေါ့ မတရားမှန်းရော သိရဲ့လား ..."
"ဘာကြီး ..."
ကျန်းဟန်ရှုမှာ ဝမ်ထုန်၏ ဆိုလိုရင်းကို နားမလည်နိုင်တော့။
သူက ပြောရခက်လှသော ကျန်းဟန်ရှုကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
"သူဌေးရေ နားမလည်ချင်ယောင်ဆောင်မနေပါနဲ့ ကျွန်တော်ပြောနေတာကို အာရုံစိုက်ပေးနိုင်မလား ကိုယ့်ကိုယ်ကို အိမ်ထောင်သည်အသစ်စက်စက်လေးဆိုတာကို သိထားဦးနော် ..."
"ဘာတွေပြောနေတာလဲ ..."
ဝမ်ထုန်က အေးစက်စွာ သရော်လိုက်သည်။
"ဘာပြောနေတာလဲ ဟုတ်လား ဒီနေ့ မောင်မောင်ဟော့ပေါ့ဆိုင် အပြင်ဘက်မှာ အကုန်လုံးကို တွေ့ခဲ့တာဗျ..."
နောက်ဆုံးတွင်တော့ ကျန်းဟန်ရှုသည် ဝမ်ထုန် အထင်လွဲနေသည့်အကြောင်းအရင်းကို သိသွားသော်ငြား သူဘာမှ မပြောရသေးခင်တွင်ပင် ဝမ်ထုန်က စိတ်ဆိုးမာန်ဆိုးဖြင့် ဖုန်းချသွားတော့သည်။
ဖုကျန်းက ဝမ်ထုန်နှင့် ဖုန်းပြောနေသံကို ကြားလိုက်သော်ငြား ဘာပြောနေကြသလဲကိုတော့ မသိပေ။ ဖုန်းချပြီးနောက်တွင် သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ကျန်းဟန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။
"ဝမ်ထုန်က အထင်လွဲသွားတယ်ထင်တယ် ..."
မူလကတော့ ကျန်းဟန်ရှုအား ဝမ်ထုန်အထင်လွဲသွားသည့်အကြောင်းအရင်းကို မေးလုဆဲဆဲဖြစ်သည်။ သို့သော် လောဖျင်ဖျင်က မနေ့ကဇာတ်ညွှန်းမှာ သိပ်မကောင်းဟု စာပို့လာ၍ စာရွက်စာတမ်းများကို အစအဆုံးပြန်လှန်ကာ ‌သူမပြောသည့် ပြဿနာကို လိုက်ရှာလိုက်ရသည်။
နာရီဝက်ခန့်အကြာတွင်တော့ ဝမ်ထုန်က ဖုကျန်းကို ဖုန်းခေါ်လာပြန်သည်။ ကွန်ပျူတာထဲ ခေါင်းစိုက်နေသော ဖုကျန်းက စပီကာဖွင့်ကာ ပြောလိုက်သည်။ သူနှင့် ပြောနေချိန်တွင်တော့ ဝမ်ထုန်၏လေသံမှာ အများကြီး ပိုညင်သာနေပြီဖြစ်သည်။ သူက အသံကိုနှိမ့်ကာ ဖုကျန်းကို မေးလိုက်သည်။
"မဒမ် ဘေးနားမှာ သူဌေးရှိလား ..."
ဖုကျန်းက တစ်ခဏ တုန့်ဆိုင်းသွားပြီး ဘေးရှိ ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သည်။ သူက လက်ခါပြလိုက်လျှင် ဖုကျန်းလည်း ဆိုလိုချင်သည့်သဘောကို ချက်ခြင်းသဘောပေါက်လိုက်သည်။
သူက ဝမ်ထုန်ကို ညာပြောလိုက်သည်။
"မရှိပါဘူး ဘာလို့လဲ ..."
ဝမ်ထုန်က စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။
"မဒမ်သိလား ကျွန်တော်ပြောပြမယ် ဒီရက်ပိုင်း သူဌေးကို မျက်စိဒေါက်ထောက်ပြီးကြည့်ထားနော် သူက သိပ်မယုံရဘူး ..."
"ဘာဖြစ်လို့လဲ ..."
ကျန်းဟန်ရှုက သူ့ကို ဝမ်ထုန်အထင်လွဲသွားကြောင်း အစောလေးတင်ကမှ ပြောထားပြီး အကြောင်းရင်းကိုတော့ မမေးလိုက်မိရာ သူဘာတွေ အထင်လွဲနေလည်း မသိပေ။
"မဒမ်ရေ ကျွန်တော့်ကိုယုံလိုက်ပါ ဒီရက်ပိုင်း သူ့ကို သေချာကိုစောင့်ကြည့်ထား သူကတော့ တည်ငြိမ်ပါတယ်ဟဲ့ဆိုပြီး မတွေးနဲ့နော် ဒီလိုလူမျိုးက အညှီနံ့ ထွက်လာနိုင်တယ် ..."
သူ့စကားများကို နားထောင်ပြီးနောက်တွင် ဖုကျန်းမှာ ဘာပြောလို့ပြောရမှန်း မသိတော့။ ဝမ်ထုန်က တကယ်ကို တက်ကြွနေတာပဲ။ သူပြောတာကို ကြားတဲ့သုံးယောက်လုံးကလည်း ယောကျာ်းတွေပဲလေ။ ဘယ်သူ့ကို ပြောချင်တာလဲ။
သူ့စကားထဲမှ ဟာကွက်ကို သတိထားမိသွားသော ဝမ်ထုန်က အသည်းအသန်ပြောလိုက်သည်။
" ဇနီးလေးလို့ မဆိုလိုဘူးနော်... ကျွန်တော်ကလည်းအဲ့လိုလူစားမျိုး မဟုတ်ဘူး ..."
အိုကေ ဒါဆို ကျန်းဟန်ရှုပဲ ကျန်တော့တာပေါ့။
"နားလည်ပြီ နောက်ထပ်ရှိသေးလား ..."
ဖုကျန်း၏ ဝတ်ကျေတန်းကျေလေသံကို ကြားလိုက်ရချိန်တွင် ဝမ်ထုန်သည် ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်။
" အား ဇနီးလေးရေ ဘာလို့နားမထောင်တာလဲ ကျွန်တော် ဒီနေ့ တွေ့ခဲ့တယ်လို့ ..."
သူဘာပြောမိလဲဆိုတာကို သဘောပေါက်လိုက်ချိန်တွင် ဝမ်ထုန်သည် ကျန်နေသေးသောစကားများကို အတင်း မျိုချလိုက်တော့၏။
"ဘာတွေ့ခဲ့တာလဲ ..."
ဖုကျန်းက မေးလိုက်သည်။
" ဇနီးလေးရေ ဒေါသမထွက်နဲ့နော် ကြိုပြောထားတာ တကယ်ကို မပြောချင်ပါဘူး ..."
သူ့ရင်ထဲမှ ကျန်းဟန်ရှု၏ပုံရိပ်မှာ နောက်တစ်ကြိမ် ထိခိုက်သွားပြန်ပြီဟု ခံစားလိုက်ရသည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"ဒီနေ့ သူဌေးကို အသီးဟော့ပေါ့ဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တာ အရင်တုန်းက သူ့ကို သွားစားရအောင်ပြောပေမယ့် တစ်ခါမှ မလိုက်ဖူးတဲ့သူကနော် ပြီးတော့လေ ‌နှစ်ယောက်သားက ရင်းရင်းနှီးနှီးနဲ့ ကောင်မလေးကလည်း ကိုယ်ဝန်ရှိနေတာလားမသိဘူး ..."
ဆက်တိုက်ပြောချလိုက်ပြီးမှ သူလည်း စိတ်ပေါ့သွားတော့သည်။ သူက ဖုကျန်းကို သတိပေးလိုက်သေးသည်။
"ကျွန်တော်ပြောတယ်လို့ သူဌေးကို မပြောနဲ့နော် ..."
ကျန်းဟန်ရှုက ဘေးနားမှာ ထိုင်နားထောင်နေတာလို့ အခုမှပြောရင် နောက်ကျသွားမလား။
ဖုကျန်းက လုပ်ချောင်းဆိုးလိုက်သည်။ ဖုန်းတစ်ဖက်မှ ဝမ်ထုန်မှာတော့ စိတ်ဖိစီးလာသည်။ သူက ဒီလိုအချိန်မျိုးမှာတောင် ရယ်နိုင်သေးတယ်လား။ ထို့နောက်တွင် ဖုကျန်း၏ မေးခွန်းကို ကြားလိုက်ရသည်။
"အဲ့ကောင်မလေးက စကတ် အစိမ်းဖျော့ကို ဝတ်ထားတာမလား ..."
ထိုအချိန်က သူသည် ကျန်းဟန်ရှုကိုသာ ကြည့်နေပြီး ကောင်မလေးကိုတော့ သိပ်အာရုံမစိုက်မိ။ အခု သူပြန်တွေးမိမှ သူမက စကတ်အစိမ်းရောင်ဝတ်ထားမိသလိုလိုပင်။ ဝမ်ထုန်မှာ အေးစိမ့်လာကာ သတိထားပြီး မေးလိုက်သည်။
" အကုန်သိနေတာလား..."
သူဌေးက တအားကို ဆိုးဝါးတာပဲ ဇနီးလေးအတွက် စိတ်မကောင်းလိုက်တာ ...
"အဲ့ဒါကျွန်တော်လေ ..."
"သူ့မိန်းမမှန်း သိတယ်လေ ..."
ဖုကျန်း ဘာပြောလိုက်သလဲဆိုတာကို သဘော ပေါက်လိုက်မိချိန်တွင် စကားကို တစ်ဝက်တစ်ပျက် ရပ်ချလိုက်သည်။ သူက ဖုကျန်းကို တိုးတိုးလေး မေးလိုက်သည်။
"ဇနီးလေး ရေ အခု ဘာပြောလိုက်တာလဲ ..."
ဖုကျန်းက ရှင်းပြလိုက်သည်။
"မင်းတွေ့ခဲ့တဲ့ ကောင်မလေးက ကျွန်တော်လို့ ..."
"အဲ့ဒီ့ အဲ့ဒီ့ ..."
ကြားလိုက်ရသည့်အဖြေမှာ စိတ်လှုပ်ရှားစရာ‌ ကောင်းလွန်း၍ ဝမ်ထုန်မှာ စကားကင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားသည်။
"အဲ့‌ဒီ့ကောင်မလေးက ကိုယ်ဝန်ရှိနေတယ်ထင်တယ်နော် ..."
ဖုကျန်းက သူ့ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ နှုတ်ခမ်းနှစ်လွှာကို ဖိကိုက်ရင်း ပြုံးကာ ဝမ်ထုန်ကို အလင်းဖွင့်ပေးလိုက်သည်။
"ဟာသလေ နားမလည်ဘူးလား ..."
ဖုန်းတစ်ဖက်မှ ဝမ်ထုန်မှာ အတော်ကြာ အသံတိတ်နေရာ သူ့အသက်ရှူသံကို ပြန်ကြားရမတတ်ပင်။
"မင်း ..."
သူက ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"မင်းက တကယ်ကို စိတ်ဝင်စားစရာပဲ ..."
ခွေးစာတစ်လှေကြီး ကျွေးခံလိုက်ရသည်ကို သူ့နှလုံးသားက မခံစားနိုင်။ ထို့အပြင် ကျန်းဟန်ရှုမှာ အညိအစွန်းမရှိသေးကြောင်းကိုလည်း သိလိုက်ရရာ သူ့ရင်ထဲမှ ပုံရိပ်က ရုတ်တရက် ပွတက်လာသည့်အတွက် အချိန်တစ်ချို့အထိ စကားမပြောနိုင်တော့။
ဘေးမှ ကျန်းဟန်ရှုက ဂရုမစိုက်လေဟန်ဖြင့် ဝင်ပြောလိုက်သည်။
"မင်းက သူ့ကို ဆယ်ခါတောင် ဇနီးလေးလို့ ခေါ်လိုက်တယ် ..."
ပျော်နေလား စိတ်ဆိုးနေလားကို မခန့်မှန်းနိုင်လောက်အောင်ကို သူ့အသံက တည်ငြိမ်နေသည်။ ဝမ်ထုန်သည် နောက်ကျောမှ ကြက်သီးများ ဖြန်းကနဲထကာ ချောင်းဆိုးလိုက်တော့သည်။
" ဟုတ်သားပဲ သူဌေးရေ လုပ်စရာလေးရှိတာကို မေ့နေတာ ဖုန်းချလိုက်တော့မယ်နော် ..."
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ဘာတွေးနေသလဲဆိုတာကို ဂရုမစိုက်အားတော့။ ဖုန်းကို ခပ်သွက်သွက်ချပစ်လိုက်သည်။
ဖုကျန်းက ခေါင်းကိုငုံ့ကာ မပြီးပြတ်သေးသည့် ဇာတ်ညွှန်းကို လက်စသတ်နေလိုက်သည်။ ကျန်းဟန်ရှုက ဘေးနားဝင်ထိုင်ကာ သာသာလေး ပြောလိုက်သည်။
"မစ္စစ်..."
ကျန်းဟန်ရှုက သူ့ကိုခေါ်နေမှန်း သိလိုက်ချိန်တွင်တော့ ဖုကျန်းမှာ ကြက်သေသေသွားသည်။ စာရိုက်နေသည့်လက်များက လေထဲတွင်ရပ်သွားကာ ကျန်းဟန်ရှုကို ဗလာသပ်သပ် လှည့်ကြည့်လိုက်သည်။
စိတ်ဝင်စားစရာတွေ့သွားသော ကျန်းဟန်ရှုက သူ့နားနားလေးသို့ကပ်ကာ ထပ်ခေါ်လိုက်ပြန်သည်။
"မစ္စစ်ကျန်း..."
ဖုကျန်း၏ နားရွက်ဖျားတို့က တဆတ်ဆတ် တုန်နေကာ မျက်နှာတစ်ပြင်လုံး ရှက်သွေးဖြန်းလာသည်။ ကျန်းဟန်ရှုက သူ့ပုခုံးပေါ် လက်တင်ကာ မေးလိုက်သည်။
"မစ္စစ်ကျန်း အနားယူတော့မလားခင်ဗျ ..."
ရဲရဲနီနေသော ပါးပြင်နှင့်ဖုကျန်းသည် ကွန်ပျူတာသို့ အကြည့်ပြန်ပို့ကာ ပြောလိုက်သည်။
"ကျန်နေတာလေးတွေ ပြီးမှပဲ အိပ်တော့မယ် ..."
"ဒါဆို ကိုယ့်ဇနီးလေးအတွက် ရေစပ်ပေးထားမယ်နော် ..."
သူက ဖုကျန်း၏ခေါင်းကိုပွတ်ကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
အလုပ်ပြီးစီး၍ ရေချိုးခန်းထဲမှ ထွက်လာပြီးချိန်တွင်တော့ ဆယ်နာရီထိုးလုပြီဖြစ်သည်။ မဒမ်ကျန်းကို မနက်ဖြန် ‌ဈေးဝယ်ထွက်ရာတွင် အဖော်လုပ်ပေးပါမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့် အချိန်ကုန်သက်သာစေရန် မနက်ဖြန်ဝတ်မည့်အဝတ်အစားကို ကြိုထုတ်ထားလိုက်သည်။
အဝတ်ဗီရိုကိုဖွင့်ကာ မွှေနှောက်ရှာပြီးချိန်တွင် မိုးပြာရောင် ချုံးစန်းဝတ်စုံကို တွေ့လိုက်သည်။ ဖုကျန်းမှာ သူမျက်စိလျှမ်းခဲ့သည်ဟု တွေးကာ ဝတ်စုံကို ထုတိကြည့်လိုက်သည်။ တကယ်ကို ရိုးရာဝတ်စုံကြီးပဲ။ ပြီးတော့ ပိုးနဲ့လုပ်ထားမှန်း စမ်းကြည့်ရုံနဲ့ကို သိသာတယ်။ ဝတ်စုံ သစ်ရွက်စိမ်းပုံ ပန်းထိုးထားပြီး နေရောင်အောက်တွင် တောက်ပနေသည်။ သူ့ခန္ဓာကိုယ်ပေါ် ကပ်ကြည့်လိုက်လျှင် ကွက်တိကျနေသည်ကို တွေ့လိုက်ရသည်။
အရင်တစ်ခေါက်တုန်းက ဗီရိုထဲမှာ ဒါမျိုးတစ်ထည်မှ မတွေ့ဖူးပါဘူး။ ကျန်းဟန်ရှု ဘယ်တုန်းကများ ထည့်လိုက်ပြန်တာလဲ။ အမျိုးသမီးအဝတ်အစားနဲ့ အပြင်ထွက်ရမယ်ဆိုရင်တောင် ချုံးစန်းနဲ့တော့ မထွက်နိုင်ပါဘူးနော်။
ရေချိုးခန်းထဲမှ ထွက်လာသော ကျန်းဟန်ရှုက သူ့ကိုနောက်ကျောပေးကာ ထိုင်နေသော ဖုကျန်းကို တွေ့လိုက်သည်။ သူ့အနား‌သို့ လျှောက်သွားကာ ကြည့်လိုက်လျှင် မနေ့က ဝယ်လာခဲ့သော ချုံးစန်းကို ကိုင်ထားသည့်ဖုကျန်းအား တွေ့လိုက်ရသည်။
ဖုကျန်းက သူ့ကို မော့ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ ချုံးစန်းက ရှိနေသေးတာလဲ ..."
ကျန်းဟန်ရှုက သူ့လက်ထဲမှ အင်္ကျီကိုကြည့်ကာ နောင်တစ်ချိန်တွင် ဖုကျန်းဝတ်ထားမည့်မြင်ကွင်းကို စိတ်ကူးလိုက်မိသည်။ အတွေးရိုင်းတို့က မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည်။ သို့သော် သူ့မျက်နှာပေါ်တွင်တော့ ဘာအမူအယာမှ မပြ။ သူက ဖုကျန်းကို ပြောလိုက်သည်။
"တစ်ခြားအင်္ကျီတွေဝယ်လို့ လက်ဆောင်ရတာဆို ယုံမလား ..."
ဖုကျန်းက ခေါင်းကို ဖြေးဖြေးလေး ယမ်းလိုက်သည်။ ချုံးစန်းမှာ ဗီရိုထဲမှ ဈေးအကြီးဆုံးတစ်ထည်ဖြစ်သည်။ ဘယ်ဆိုင်က ဒါကို လက်ဆောင်ပေးသလဲဆိုတာသာ သူသိလျှင် သွားပြီး အဲ့ဆိုင်ကို ဒေဝါလီခံခိုင်းမည်ဖြစ်သည်။
ကျန်းဟန်ရှုက အိပ်ယာပေါ် ထိုင်ချလိုက်သဖြင့် သူ့ဘေးနားရှိ အိပ်ယာခင်းတို့က ရှုပ်ပွကုန်သည်။ သူနှင့် ဖုကျန်းအကြား တစ်ဆယ်စင်တီမီတာပင် မကွာတော့သည်အထိ တစ်ဖြေးဖြေး တိုးလာကာ ပြောလိုက်သည်။
"ကလေးမွေးပြီးရင် ဝတ်လို့ရတယ်လို့ ကိုယ်ထင်လို့ အဆင်ပြေလား ..."
ကျန်းဟန်ရှု၏ မျက်ဝန်းတို့က ကြည်လင်နေသော ကန်ရေပြင်ကဲ့သို့ပင်။ ဖုကျန်းတွင် သူ့အရိပ်ကိုပင် ပြန်မြင်ရမတတ်ဖြစ်နေသော အကြည့်တို့ကို ငြင်းဆန်နိုင်စွမ်းမရှိပေ။ ခေါင်းညိတ်လိုက်လျှင် ကျန်းဟန်ရှုက ရှေ့အထိ တိုးလာပြီး နဖူးကို နမ်းလိုက်သည်။
ဖုကျန်းနှင့် လောဖျင်ဖျင်တို့က အဖြူရောင်ရဲတိုက်၏ မူရင်းဇာတ်ကွက်အချို့ကို ဖြုတ်သင့်တာဖြုတ်၊ အရေးမပါသော ဇာတ်ကောင်အချို့အတွက် ပေါင်းသင့်တာ ပေါင်းကာ မူရင်း အနှစ်သာရ မပျောက်ပျက်သွားဘဲ ကြည့်ရှုသူလည်း မျက်စိမလည်စေရန် ပြင်ဆင်ခဲ့ကြသည်။ စာအုပ်ဖတ်ထားသူများက ဇာတ်သိမ်းကြိုသိနေမည်ကို ကာကွယ်ရန် အဆုံးသတ်နှင့် လူသတ်တရားခံတို့ကို ပြောင်းလဲလိုက်သည်။
<< ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >>" ၏ မူပိုင်ခွင့်မှာ ပြီးခဲ့သည့်နှစ်နှစ်ကတည်းက ရောင်းချပြီးဖြစ်သည်။ လောဖျင်ဖျင်၏ တရားစွဲဆိုမှုကြောင့် ထုတ်လုပ်ရေးမှာ တရားဝင် မစတင်ရသေးခင်မှာတင် တစ်နှစ်ခန့် ကြန့်ကြာသွားသည်။ သို့သော် ထိုဇာတ်ကား၏ ဒါရိုက်တာမှာ လူသိများသူဖြစ်ရာ ယခု ရိုက်ကွင်းတစ်ခုလုံး လူရွေး ပွဲလုပ်ရန် အလုပ်ရှုပ်နေကြသည်။
ထိုရုပ်ရှင်၏ တရားဝင်ဝေ့ပေါ်တွင် နာမည်ကြီး ကြယ်ပွင့် တစ်ဒါဇင်ထက်မနည်းကို မဲပေးစေကာ စာအူပ်ပရိသတ်များကို မင်းသမီးချိုက်ဝေနှင့် ကျောက်စန်းတို့နေရာအတွက် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်စေသည်။
ထိုသရုပ်ဆောင်များ၏ ပရိသတ်တို့က မကျေနပ်ကြတော့။ ရုပ်ရှင်မှာ ခိုးကူးဟု စွပ်စွဲခံထားရသည့် ရုပ်ရှင်ဖြစ်သည်။ ဒါရိုက်တာက ကူးထားသည့်အပိုင်းကို ဖယ်လိုက်ပြီဟု ပြောစေကာမူ ခိုးကူးက ခိုးကူးပင်ဖြစ်သည်။ ဘယ်ဦးနှောက်မရှိတဲ့ကောင်ကများ ဒီရုပ်ရှင်ကို ရွေးလိုက်တာလဲ။
သို့သော်ငြား စာအုပ်ပရိသတ်များကတော့ ပျော်လွန်း၍ သူတို့စိတ်ထဲမှ အသင့်တော်ဆုံးသရုပ်ဆောင်ကို တစ်ထိုင်တည်း မဲပေးလိုက်ကြတော့သည်။
မင်းသမီးချိုက်ဝေ၏ ပရိသတ်များက "ရေသူမ မင်းသမီး" ဟု လူသိများခဲ့သည့် မင်းသမီးလေး ယောက်ထဲမှ လင်းရှီယောင်ကို ရွေးခဲ့ပြီး ကျောက်စန်းနေရာကိုတော့ နာမည်ကြီးသရုပ်ဆောင် ဟွမ်ရိက မဲအများဆုံးဖြင့် ရခဲ့သည်။
xxxxxx