အပိုင်း ၈၇
Viewers 23k

ဖုကျန်းချန်က ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။ မရှောင်းမနှောင်းမီပင် ဖုအိမ်တော်တစ်ခုလုံး ငြိမ်ကျသွားကာ သူ၏လက်မောင်းမှ သွေးစက်တို့ ကြမ်းပြင်ပေါ် တပေါက်ပေါက်ကျနေသံကသာ ကြီးစိုးထားသည်။
အတော်ကြာမှ သူက ဖုထင်ကို ဖုန်းခေါ်လိုက်သည်။
"ထန်ဝမ်ဝမ် အခုတလော ဘာလုပ်နေလဲဆိုတာကို စုံစမ်းခိုင်းထားလိုက်ဦး ..."
.........
ပြီးခဲ့သည့်ညက coco နှင့် video call ပြောချိန်တွင် အဖိုးကျန်းမှာ ငိုချတော့မတတ်ပင်။ ထို့ကြောင့် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့လည်း ကလေးကို ကျန်းအိမ်တော်သို့ ရက်အနည်းငယ်ခန့် ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ဖုကျန်းက သူမကို ဒိုက်ပါလဲပေးနေရင်း ပါးဖောင်းဖောင်းလေးကို အသာတို့ထိပြီး ပြောလိုက်သည်။
"မနက်ဖြန်ကျ အဖိုးနဲ့ တစ်ခြားသူတွေကို သွားတွေ့ကြမယ် ဖေ့သမီးလေးက လိမ်လိမ်မာမာ နေရမယ်နော် ..."
coco က သူ့စကားကို နားမလည်နိုင်သေးသော်ငြား နီလာရောင်မျက်ဝန်းဝိုင်းကြီးများဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တရစပ် လှုပ်ယမ်းနေသော ခြူလုံးကိုသာ မော့ကြည့်နေလိုက်သည်။
"ဘာတွေများ သဘောကျနေတာလဲ ..."
ဖုကျန်းကလည်း အတူတူ လိုက်ရယ်လိုက်သည်။ ဒိုက်ပါလဲပြီးနောက် ဘေးမှ ကျန်းဟန်ရှုကို မေးလိုက်သည်။
ကျန်းဟန်ရှုက သူ့မေးခွန်းကို ပြန်မဖြေ။ ထိုအစား သူဖြစ်ချင်သည့်ကိစ္စကိုသာ အကြံပြုလိုက်သည်။
"ကိုယ်တို့အိပ်ယာပေါ်မှာရော ခြူလုံးတွေ တပ်ထားလိုက်ရင် ကောင်းမလား ..."
ဖုကျန်းက တစ်ခဏတွေးပြီးနောက် ခေါင်းကိုအသာယမ်းကာ ပြောလိုက်သည်။
ဒါဆို ကုတင်လှုပ်သွားတိုင်း ခြူသံတွေ ထွက်နေမှာလေ ကျွန်တော်တို့ဘာလုပ်နေလဲဆိုတာ လူတိုင်း သိသွားမှာပေါ့ စဉ်းစားကြည့်ရင်တောင် ငိုချင်စိတ်ပေါက်လာပြီ ..."
ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ သူ့ခေါင်းကို ဖွဖွလေး ပွတ်လိုက်တော့သည်။
ဒုတိယမြောက်နေ့တွင် သူက coco ကို ကျန်းအိမ်သို့ အရင်ပို့ပေးလိုက်သည်။ ပြီးမှ ဖုကျန်းကို ရိုက်ကွင်းသို့ လိုက်ပို့ကာ ကုမ္ပဏီသို့ ထွက်လာလိုက်သည်။
ဖုကျန်းက ရိုက်ကွင်းသို့ သူ့ဘာသာသူ သွားရန် တောင်းဆိုခဲ့သော်ငြား ကျန်းဟန်ရှုက စဉ်းပင်မစဉ်းစားဘဲ ငြင်းပယ်လိုက်သည်။
"လုံးဝ မရဘူး မနက်ပိုင်း အလုပ်သွားတဲ့အချိန်ဆို ကားတွေ ရှုပ်ကရှုပ်နဲ့ မင်းခြေထောက်က လုံးလုံး သက်သာလာသေးတာလည်း မဟုတ်ဘူး ပြီးတော့ ကိုယ့်မှာလည်း ထွေထွေထူးထူး လုပ်စရာရယ်လို့မှ မရှိတာ မင်းကိုလာတွေ့ဖို့ကလည်း လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲကို ..."
ဖုကျန်းကတော့ သူ့ကိုအလုပ်လိုက်ပို့ရန် ပင်ဟိုင်မြို့တစ်ပတ် သွားနေရသည့်ခရီးကို လမ်းကြောင်းတစ်ခုတည်းဟု လုံးဝ မထင်ပေ။
သူ ကားပေါ်မှ မဆင်းခင် ကျန်းဟန်ရှုက ပြောလိုက်သည်။
"ရိုက်ကွင်းမှာလည်း အရမ်း အပင်ပန်းမခံနဲ့နော် နည်းနည်းလေး ကသိကအောက်ဖြစ်လာတာနဲ့ ချက်ခြင်း အနားယူနော် ..."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်သည်။ ခါးပတ်ကိုဖြည်ကာ ကျန်းဟန်ရှုအနား တိုးသွားပြီး ပါးကို ဖွဖွလေး နမ်းလိုက်သည်။
"သွားတော့မယ်နော် ..."
ထို့နောက် ကားပေါ်မှဆင်းကာ ရိုက်ကွင်းထဲသို့ ဝင်သွားလိုက်သည်။
ထိုနေရာတွင် ရုပ်ရှင်ရိုက်နေသူမှာ ဖုကျန်းတို့တစ်ဖွဲ့တည်းသာ မဟုတ်။ ဘေးခန်းတွင် စစ်ကားတစ်ကား ရိုက်နေရာ သေနတ်ပစ်သံ တဒိုင်းဒိုင်းကို ရံဖန်ရံခါ ကြားနေရသဖြင့် ဖုကျန်းတို့မှာ စတူဒီယိုထဲတွင် ရိုက်ကူးရန်ကို အရှုံးပေးလုဆဲဆဲပင်။
သူတောင်းစားပေါက်စလေးလို ဝတ်ထားသော ချန်းမန်က မြေကြီးပေါ် ထိုင်နေပြီး ကြွေပန်းကန်အပဲ့တစ်လုံးကို ရှေ့တွင် ချထားသည်။ ခေါင်းကိုမော့ကာ ကောင်းကင်ပြာပြာကို မော့ကြည့်နေသော သူမ၏ ခဲရောင်မျက်ဝန်းတို့က စိတ်ရှုပ်ထွေးနေသည့်ဟန်။ တကျီကျီအော်ကာ တောင်းနေသည့်အသံတို့က ယင်ကောင်တို့ တဝီဝီအော်နေသလိုပင် အတောမသတ်နိုင်အောင် ထွက်ပေါ်လာသည်။
"သနားကြပါဦးရှင် ကျွန်မမှာ ဘာမှမစားရတာ အတော်ကြာနေပါပြီ ..."
"ငွေအကြွေလေးများရှိရင် စွန့်ကြဲသွားကြပါ ..."
.........
ရှည်မျောမျောအရိပ်တစ်ခုက သူမ၏ကိုယ်ပေါ်သို့ အုပ်မိုးလာသည်။ မော့ကာကြည့်လိုက်လျှင် အေးစက်စက်မျက်နှာထားဖြင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်သည်။ သူမကို ငုံ့ကြည့်နေပြီး အတော်ကြာမှ လက်ကိုဆန့်တန်းကာ ပြောလိုက်သည်။
"ငါနဲ့လိုက်ခဲ့ ..."
...............
"မင်းက ပြီးခဲ့တဲ့နှစ်နှစ်ကထက်ကို ပိုပြီး ကောင်းလာပြီပဲ ..."
ထိုအခန်းကို ရိုက်ပြီးနောက်တွင် အသက်ကြီးကြီးအသံတစ်ခုကို ကြားလိုက်ရသည်။ ဖုကျန်းက နောက်လှည့်ကြည့်လိုက်လျှင် သူ့နောက်တွင်ရပ်နေသည့် အသက် ၆၀ အရွယ် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ စာကြည့်မျက်မှန်တစ်စုံနှင့် ခပ်ပွပွသင်တိုင်းကို ကြယ်သီးအပြည့်တပ်ကာ ဝတ်ဆင်ထားသည်။
ဖုကျန်းက ချက်ခြင်း မှတ်မိလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသူမှာ သာမန်သူမဟုတ်။ ကျန်းလီအမည်ရ နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည်၊၊ အဆင့် ၉.၆ ရသည့် "တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်သည့် နှစ်ပေါင်းသုံးဆယ်" နှင့် အဆင့် ၉.၃ "ကြီးမြတ်သောထန်" ကို ရိုက်ကူးခဲ့သူဖြစ်ပြီး နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ခံထားရသည့် ဒါရိုက်တာဖြစ်သည်။
ဖုကျန်းက ခပ်သွက်သွက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်၊၊
"မစ္စတာကျန်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲဗျ ထိုင်ပါဦး ..."
"ငါလည်း ဟိုဘက်အခန်းမှာ ရုပ်ရှင်ရိုက်နေတာလေ ..."
ကျန်းလီက ခပ်ပြုံးပြုံးဖြင့် ပြောရင်း ထိုင်လိုက်သည်။
"မင်းလည်း ဒီကိုရောက်နေတယ်ကြားလို့ လာကြည့်တာ လာလာ ထိုင်ထိုင် အရမ်းကြီးယဉ်ကျေးမနေနဲ့ ..."
ကျန်းလီမှာ ဖုကျန်း၏ဆရာနှင့် မိတ်ဆွေအရင်းအချာများဖြစ်သည်။ သူကျောင်းတက်နေစဉ်ကတည်းက ဆရာဖြစ်သူက ကျန်းလီကို ဒီကလေးမှာ အရည်အချင်းကလည်း အပြည့်၊ ကောင်းကောင်းမွန်မွန်လည်း ပျိုးထောင်ခံခဲ့ရသူဖြစ်၍ သူ့အနာဂတ်မှာ အကန့်အသတ်မရှိနိုင်ဟု တဖွဖွ ပြောခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် ပြီးခဲ့သောနှစ်နှစ်အတွင်းတွင် မထင်မှတ်ထားသည်များက ဆက်တိုက်ဖြစ်ပွားသွားပြီး ဘာကြောင့်ရယ်တော့ မသိ၊ ကျန်းလီမှာ သူ့သူငယ်ချင်း၏ အလုပ်သင်တပည့်လေးကို လုံးဝ အမှတ်မရခဲ့ပေ။
သွားနှင့်လေသော သူငယ်ချင်းဖြစ်သူနှင့် ဖုကျန်းကို အတော်ကြာသည်အထိ မျက်နှာမပြဝံ့တော့ပေ။
ကျန်းလီကလည်း ဘေးအခန်းတွင် စစ်ကားကို ရိုက်နေခဲ့ခြင်းဖြစ်သည်။ သူ့ရိုက်ကွင်းမှ သရုပ်ဆောင်များက ဘေးခန်းတွင် ဖုကျန်းရှိနေကြောင်း ပြောသည့်အတွက် လာအကဲခတ်ခြင်းဖြစ်သည်။
သူက တိတ်တိတ်လေး လာကြည့်ခြင်းဖြစ်သော်ငြား အဖြူရောင်ရဲတိုက်အဖွဲ့သားများကလည်း သူ့ကို သိကျွမ်းနေကြသည့်အတွက် ဟန့်တားခြင်းမပြု။ ဖုကျန်းရိုက်ကူးနေသည်ကို တိုက်ရိုက်ကြည့်ခွင့်ရသည့်အတွက် အတော်ပင် ဘဝင်ခိုက်မိနေသည်။
သူက ဖုကျန်းကို တောင်းဆိုလိုက်သည်။
"ဇာတ်ညွှန်းဖတ်ကြည့်လို့ရမလား ..."
"ရပါတယ် ..."
ဖုကျန်းက ဇာတ်ညွှန်းစာအုပ်ကို ခပ်သွက်သွက်ယူကာ ကမ်းပေးလိုက်သည်။ ဇာတ်ညွှန်းကောင်းမကောင်း သိနိုင်ရန် စာမျက်နှာ ၁၀ မျက်နှာထက် မနည်း ဖတ်ရမည်ဖြစ်သော်လည်း ကျန်းလီကတော့ တစ်လုံးတစ်ပါဒမျှ ဖတ်ပြီးသည်နှင့် ဇာတ်ညွှန်းထဲ နစ်မြောသွားတော့သည်။
ဖုကျန်းလည်း ဖတ်ပြီးရန် အချိန်ကြာဦးမည်ဟု ခန့်မှန်းမိ၍ နောက်တစ်ပိုင်းကို ဆက်ရိုက်ရန် ပြင်ဆင်လိုက်သည်။ အချိန်အတော်ကြာ၍ တစ်ဖက်ခန်းမှ ရိုက်ကူးရေးအဖွဲ့ သူ့ကို လာရှာချိန်မှ ကျန်းလီ၏ အတွေးတို့ကလည်း ဇာတ်ညွှန်းထဲမှ ရုန်းထွက်နိုင်တော့သည်။
သူက သက်ပြင်းအရှည်ကြီးချကာ ဖုကျန်းကို မေးလိုက်သည်။
"ဇာတ်ညွှန်းက ဘယ်သူရေးတာလဲ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"လောဖျင်ဖျင်လောင်ရှီးရဲ့ စာအုပ်ကိုပဲ ဇာတ်လမ်းပြန်ရိုက်ဖို့ ပြင်ဆင်ထားတာပါ ဇာတ်ညွှန်းကတော့ ကျွန်တော်နဲ့ လောလောင်ရှီး နှစ်ယောက်အတူတူ ပြင်ထားတာပါ ..."
"လောဖျင်ဖျင် ..."
ကျန်းလီက သူ့ပုခုံးကို ဖွဖွပုတ်ကာ အားပေးလိုက်သည်။
"ကောင်းကောင်းလုပ်လာခဲ့ ဒီရုပ်ရှင် ရုံတင်ရင် ဝက်ဝက်ကွဲ နာမည်ကြီးလာမှာကို စောင့်ကြည့်နေမယ် ..."
"ကျေးဇူးတင်ပါတယ် ကျန်းလောင်ရှီး ..."
ကျန်းလီက ပြုံးကာ ပြောလိုက်သည်။
"ငါတို့ရုပ်ရှင်နှစ်ကားက တစ်ချိန်တည်း ထွက်လိမ့်မယ်ထင်တယ် လူငယ်လေးတွေမှာသာ ဒီလို အိုင်ဒီယာကောင်းတွေ ရှိမှန်းသိရင် အချိန်မတိုက်မိအောင် ရွေးလိုက်ပါတယ်ကွာ ..."
မစ္စတာကျန်းက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။ သူက အသက်ကြီးသော်လည်း ဖျတ်လတ်ထက်မြက်နေဆဲပင်။
"မဟုတ်တာ ကျွန်တော်ကမှ လောင်ရှီးရဲ့လမ်းကို ဝင်ဖြတ်မယ့်သူ ဖြစ်နေတာပါ ..."
"အပြောကောင်းလိုက်တဲ့ကလေး ..."
ဒါရိုက်တာကျန်းလီက ဟက်ဟက်ပက်ပက်ပင် ရယ်ချလိုက်တော့သည်။ အတော်ကြာမှ သူ့ကို ပြုံးကာ ပြောလိုက်သည်။
"မင်းရဲ့ဆရာကတော့ သေချာပေါက်ကို စိတ်ကျေနပ်နေမှာပဲ ..."
ဖုကျန်းက အသံတိတ်သွားတော့သည်။ သူ့ဆရာမှာ လွန်ခဲ့သည့်နှစ်နှစ်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသော်ငြား အကြောင်းအမျိုးမျိုးကြောင့် သူ့နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ပေ။
တစ်ဖက်ခန်းမှ ဝန်ထမ်းက ဒါရိုက်တာကျန်းကို အမြန်ပြန်လာရန် လောဆော်လိုက်သည်။ သူက ခဏစောင့်ရန် အချက်ပြရင်း ဖုကျန်းကို ပြောလိုက်သည်။
"ငါကြားတာတော့ ကောင်းထျန်းက ဇာတ်လိုက်ဆို ..."
ဖုကျန်းက ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး ဇာတ်လိုက်က အခုရိုက်ကူးရေးထဲမှာပါ ..."
ကျန်းလီက မြေကြီးပေါ်ထိုင်နေဆဲဖြစ်သော ချန်းမန်ကို တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။
"ဒီကောင်မလေးက အရှိန်အဝါအပြည့်နဲ့ပါရော အခု ဘယ်နှနှစ်ရှိသွားပြီတဲ့လဲ ..."
"ဆယ့်ခြောက်နှစ်ပါ အလယ်တန်းကျောင်းသူပဲ ရှိပါသေးတယ် ..."
"ကောင်းတယ် ကောင်းတယ် ဒီကောင်မလေးက အနာဂတ်မှာ အများကြီး ထွန်းပေါက်လာနိုင်သေးတယ် ..."
ဒါရိုက်တာကျန်း၏ အကြည့်တို့က ဟဲမင်ထံ ကျရောက်သွားသည်။ ချန်းမန်၏ အရှိန်အဝါမှာ အားကောင်းလှသော်ငြား ဒီခွန်အားအပြည့်နှင့် သရုပ်ဆောင်လိုတော့ သက်တောင့်သက်သာ မရှိလှ။ ကျန်းလီက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"သူမနဲ့ သရုပ်ဆောင်နေတဲ့သူက ဘယ်သူလဲ သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ ..."
"မစ္စတာဟဲမင်ပါ ..."
"ဟဲမင် ..."
ဒါရိုက်တာကျန်းက ချက်ခြင်း အမှတ်ရလိုက်သည်။
"ဟို ဝတုတ်ဟဲမင်လား ..."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်သည်၊၊
"ဟုတ်ပါတယ် ..."
ထို့နောက် ဒါရိုက်တာကျန်းလည်း လာခေါ်သည့် ဝန်ထမ်းနှင့်အတူ တစ်ဖက်ခန်းသို့ ပြန်လာခဲ့လိုက်သည်။ ဝန်ထမ်းက သူ့ကို သိလိုစိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
"ဒါရိုက်တာဖုရဲ့ရုပ်ရှင်အပေါ် ဘယ်လိုမြင်လဲ ..."
"စောင့်ကြည့်နေလိုက် ဒီနှစ်ရဲ့ ဖျက်မြင်းက သေချာပေါက်ကို သူပဲဖြစ်မှာ ..."
"ဒါရိုက်တာကျန်းက ဘာလို့များ ဒီလိုမျိုး တွေးတာလဲ ..."
သူက အနည်းငယ် နားမလည်နိုင်ဟန် တူသည်။
"ဇာတ်ညွှန်းကလည်းကောင်း သရုပ်ဆောင်တွေကလည်း အပြစ်ပြောစရာမရှိ ဒါရိုက်တာကလည်း အရည်အချင်းရှိ ဒါမျိုးကိုမှ ဖျက်မြင်းလို့မခေါ်ရင် ဘယ်လိုဟာမျိုးကို သွားခေါ်ရတော့မှာလဲ..."
ဝန်ထမ်းမှာ ကြက်သေသေသွားတော့သည်။
ကောင်းထျန်းကို ဇာတ်လိုက်နေရာထားထားတဲ့ ဒါရိုက်တာမျိုးကတောင် စာမေးပွဲအောင်တယ်ဆိုတော့ ဒါရိုက်တာကျန်းက သူ့ရဲ့စံနှုန်းတွေကို နှိမ့်ပစ်လိုက်တာလား ...
...
ဖုကျန်းသည် ပြီးခဲ့သောအပိုင်းကို ပြန်ရိုက်ပြီးချိန်တွင်တော့ သူ့ဘေးတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် ကျန်းဟန်ရှုကို တွေ့လိုက်သည်။ နာရီကို ငုံ့ကြည့်လိုက်လျှင် ရှစ်နာရီပင် မပြည့်သေး။
သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဘာလို့ ဒီကိုရောက်နေတာလဲ ..."
ကျန်းဟန်ရှုက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကိုယ့်အလုပ်က စောပြီးတာနဲ့ ဝင်တွေ့တာလေ ..."
ရိုက်ကွင်းရှိ အခြားသူများမှာလည်း ကျန်းဟန်ရှုပေါ်လာသည့်အပေါ် အတော်ပင် အံ့အားသင့်နေကြသည်။ သူတို့နှစ်ဦးမှာ ဆက်ဆံရေးကောင်းကြသည်ဟု အင်တာနက်အတင်းအဖျင်းများတွင် ဖတ်မိကြသော်ငြား လုပ်ငန်းခွင်ပြင်ပတွင်ပင် ထိုသို့ ဆက်ဆံရေးကောင်းလိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။
( သူ့မိန်းမကို အဖော်လုပ်ပေးဖို့ အိမ်ပြန်ရမဲ့အစား ဖုကျန်းကို အဖော်လုပ်ပေးဖို့ ရိုက်ကွင်းကိုလာတယ် အကြောင်းပြချက်ကဘာလဲ မိန်းမတွေက အဝတ်လို ပြောင်းပစ်လို့ ရပေမယ့် ညီအစ်ကိုကောင်းကတော့ သွေးရင်းညီအစ်ကိုလိုပဲဆိုတာ တကယ်လား...)
သူတို့နှစ်ဦးကို အချိန်အကြာကြီး နောက်ယောင်ခံလိုက်နေသော ပါပါရာဇီမှာလည်း နောက်ဆုံးတွင်တော့ နှစ်ယောက်အတူတူရှိနေသောပုံကို ရိုက်နိုင်လိုက်ပြီဖြစ်သည်။ ဒီတစ်ကြိမ်သတင်းပေးသူမှာ ထန်ဝမ်ဝမ်ဖြစ်ရာ သတင်းထောက်မှာလည်း ခေါင်းစဉ်ကို လွန်လွန်ကျူးကျူး ချဲ့ကားရန် တုန့်ဆိုင်းမနေ။
မျက်လုံးပြူးလောက်စရာသတင်းထူး ကျန်းဟန်ရှုရဲ့ တိတ်တိတ်ပုန်းချစ်သူက သူဖြစ်နေတာပဲ ---
သို့သော်ငြား ပွဲကြည့်သူတို့၏ တုန့်ပြန်မှုကတော့‌ အေးလွန်းမက အေးနေသည်။ ကျန်းဟန်ရှုတွင် လျှို့ဝှက်ချက်ရှိရမည်ဟု မူလက ထင်ခဲ့ကြသော်ငြား တကယ်တမ်းမှာ ရိုက်ကွင်းသို့ အလည်လာခြင်းမျှသာ ဖြစ်သည်။
-(ရိုက်ကွင်းလေး အလည်လာတာကိုများ ဘာတွေချဲ့ကားတွေးနေကြတာလဲ သူက ဖုကျန်းကို ဟဲရှီမှာ သွားကြိုတဲ့နေ့ကတည်းက သူငယ်ချင်းကောင်းတွေမှန်း သိပြီးသားကို ကျန်းဟန်ရှုက ဖုကျန်းရိုက်တဲ့ဇာတ်ကားမှာ ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ချင်ဖြစ်နေမှာလေ ဒါက သာမန်ပဲကို ပါပါရာဇီတွေက ဘာလို့များ ရွံစရာကောင်းလောက်အောင်ကို ပုံကြီးချဲ့ချင်နေကြတာလဲ )
-(မနှစ်က လင်ပင်းအာ ဝမ်ရှီချန်းဆီ သွားလည်တုန်းကကျ ဘာလို့ ဘာမှ မပြောကြတာလဲ အခု သူတို့နှစ်ယောက်ကျမှ အဓိပ္ပါယ်တွေကို ပြောင်းပြန်တွေ လှန်ပစ်လိုက်ကြတာများ ..)
အင်တာနက်သုံးစွဲသူတို့က မှန်းဆချက်များကို ထပ်ထည့်လာကြသည်။ ထပ်ကာထပ်ကာ ဆူပူကြိမ်းမောင်းခံရမှုတို့ကြောင့် ပါပါရာဇီတို့မှာလည်း ရွေးချယ်စရာမရှိတော့။ ကျန်းဟန်ရှု ရင်းနှီးမြှုပ်နှံထားသည့် အဖြူရောင်ရဲတိုက်ရိုက်ကွင်းဟုသာ ခေါင်းစီးကို ပြောင်းလိုက်ရတော့သည်။
ထိုအဖြစ်အပျက်ကြောင့် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ စီပီဖန်အချို့ ထွက်ပေါ်လာတော့သည်။ ကျန်းဟန်ရှုမှာ ချစ်သူရှိနေသည့်အတွက် သူတို့က တိတ်တိတ်ကလေးသာ ဖန်ဖစ်ရှင်ရေးကာ တီးတိုး ရွက်လွှင့်ကြတော့သည်။
........
မှိုင်းပျပျ တစ်မနက်တွင် ထန်ဝမ်ဝမ်သည်လည်း အနောက်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွါသွားသည်။ သူမ နိုင်ငံမှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းအပေါ် ဖြန့်ကျက်ထားသော ပဉ္စလက်အတတ်တို့က ပျောက်ကွယ်သွား၍ထင်သည်။ လူတိုင်းက ကီးဘုတ်ကို သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်ရင်း ဟောလိဝုဒ်၏ အမြင်မကောင်းမှုကို ကဲ့ရဲ့ပြစ်တင်ကြတော့သည်။
xxxxxxx