အပိုင်း ၈၈
Viewers 23k

အဖြူရောင်ရဲတိုက်၏ အပိုင်းအများစုမှာ အပြင်ဘက်တွင် ရိုက်ကူးရပြီး ရဲတိုက်အတွင်း အပိုင်းအချို့နှင့် တံခါးခုနစ်ချပ်တို့ကိုသာ စတူဒီယိုထဲတွင် ရိုက်ကူးရန်လိုပေသည်။ လတ်တလောတွင် မိုးမှာလည်း နေ့စဉ်ရက်ဆက် ရွာသွန်းနေရာ ဖုကျန်းတို့သည် ပြင်ပရိုက်ကွင်းများကို ခဏ နားထားပြီး စတူဒီယိုအတွင်း၌သာ ရိုက်ကူးရန် ဆုံးဖြတ်လိုက်ကြသည်။
သူက ကင်မရာထဲမှ ကောင်းထျန်းကိုကြည့်ကာ သက်ပြင်းဖွဖွချလိုက်သည်။ သူမက ရင်သပ်ရှုမောစရာကောင်းလောက်အောင်ကို လှတာပဲ။ ငါးမြီးသဏ္ဌာန် ရိုးရာဝတ်စုံ ဖြူဖျော့ဖျော့နှင့်အတူ မိတ်ကပ်ကို နူးနူးညံ့ညံ့လိမ်းခြယ်ထားသည်။ ရွှေအိုရောင် လှိုင်းတွန့်ဆံနွယ်တို့က နားထင်အစပ်မှ ကပိုကယို ကျဆင်းနေကာ မျက်ဝန်းစိမ်းတို့က ကျောက်မြတ်သဖွယ် ရွှန်းရွှန်းစိုနေသည်။
သူမ၏ သရုပ်ဆောင်စွမ်းရည်ကသာ ထိုအလှတရားတို့၏ တစ်ခုတည်းသော ဖျက်ဆီးရာဖြစ်သည်။ သူမကိုယ်တိုင်လည်း သရုပ်ဆောင်မကောင်း‌ကြောင်း သဘောပေါက်ထားသူဖြစ်သည်။ သို့သော် ထိုသို့ သဘောပေါက်ထားခြင်းကြောင့်ပင်လျှင် အားတုံ့အားနာဖြစ်ကာ အကြည့်တို့ကအစ အသက်မပါတော့။ အလှဓာတ်ပုံရိုက်ရုံမျှဆိုလျှင်တော့ အဆင်ပြေသော်ငြား စတင်သရုပ်ဆောင်လိုက်သည်နှင့် စက်ရုပ်ကဲ့သို့ပင်၊ ဈာန်ဝင်စားမှု မရှိတော့။
နှစ်ပိုင်းခန့် အပြန်ပြန်အလှန်လှန် ရိုက်ကူးပြီးနောက်တွင်တော့ ဖုကျန်းသည် ဘေးနားတွင် ထိုင်နေသော ကျိုးဝမ်လင်ကို ပြောလိုက်သည်၊၊
"မစ္စတာကျိုးရေ သူမကို ကူညီပေးလိုက်ပါဦးဗျာ ..."
ကျိုးဝမ်လင်မှာလည်း မူလကတည်းက ထိုသို့ ကြံရွယ်ထားပြီးသားဖြစ်သည်။ ရိုက်ကူးရေးမစမီကတည်းက သရုပ်ဆောင်အသစ်များ အမြောက်အမြား ပါလာမည့်အတွက် ဖုကျန်းက သူနှင့်ဟဲမင်ကို အကူအညီတောင်းထားခဲ့သည်။ ဟဲမင်က ချန်းမန်ကို ကူညီညွှန်ကြားပေးနေသည့်အတွက် ယခု သူ့အလှည့်ရောက်လာပြီဖြစ်သည်။ သူက ဖုကျန်းကို မေးလိုက်သည်။
"လစာနှစ်ဆပေးရမှာနော် ..."
ဖုကျန်းက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
"နှစ်ဆအပြင် ညစာလည်း လိုက်ကျွေးဦးမှာ ..."
ကောင်းထျန်းကိုသာ သင်ပြပေးနိုင်ရင် သုံးဆဆိုလည်း အဆင်ပြေတယ်။
ကျိုးဝမ်လင်က သူမထံ လျှောက်သွားလိုက်သည်။ အတိတ်က ကောင်းထျန်းမှာ ကောင်းကောင်းမွန်မွန် သရုပ်မဆောင်နိုင်။ ထိုသို့ဖြစ်တိုင်းလည်း ဒါရိုက်တာက လက်လျော့လိုက်သည်ချည်းသာ။ သို့သော် အခုရိုက်ကွင်းမှာတော့ ယခင်နှင့်မတူ။ သူမ၏ သရုပ်ဆောင်မှု အဆင်မပြေမချင်း ထပ်ကာထပ်ကာ ပြန်ရိုက်ရသည်။
"ကျွန်တော့်ကိုကြည့် ကျွန်တော့်ကိုကြည့် ..."
ကျိုးဝမ်လင်က သူ့ကိုယ်သူ ညွှန်ပြရင်း ပြောလိုက်သည်။
သူက နောက်မှီပါသည့် ကုတင်ပေါ်တွင်‌ ခြေနှစ်ချောင်းကို ချိတ်ကာ လဲလျောင်းလိုက်သည်။ ညာဘက်လက်က ခေါင်းအုံးပေါ် ထောက်ထားကာ ဘယ်ဘက်လက်က အဖြူရောင်သားမွှေးယပ်တောင်ကိုကိုင်ရင်း သာသာလေး ယပ်ခတ်နေသည်။ တံခါးဝကို ကြည့်နေသော မျက်ဝန်းတို့က နှစ်လိုဖွယ် ဖြူစင်မှုတို့ လျှံထွက်ကျတော့မယောင်။
ကျိုးဝမ်လင်မှာ ယောကျ်ားဖြစ်ပါသော်ငြား ထိုအခိုက်အတန့်တွင် သူ၏ သရုပ်ဆောင်မှုကို မြင်သူတိုင်းမှာ သူ ယောကျ်ားဆိုသည့်အချက်ကို မေ့လျောသွားလုနီးပါးပင်။
ဖုကျန်းက အားရဝမ်းသာ ရယ်မောလိုက်တော့သည်။ ကျိုးဝမ်လင်က တကယ်ကို နန်ဒီယန်က ပါရဂူဘွဲ့နဲ့ ထိုက်တန်လွန်းပါတယ်။ သူ့ဆရာများက သူ့ကို ကျောင်းတွင် ဆရာဆက်လုပ်ရန် ခေါ်ထားချင်သည်ဟုပင် သတင်းသဲ့သဲ့ ကြားမိသေးသည်။ သို့သော် သူကတော့ အိပ်မက်နောက်လိုက်ရန် ထိုဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့သည်။
ကျိုးဝမ်လင်က ကုတင်ပေါ်မှ ထရပ်ကာ ကောင်းထျန်းကို ပြောလိုက်သည်။
"ဒီကိုလာခဲ့..."
သူမက ကုတင်ပေါ်သို့ ဂရုတစိုက် လဲလျောင်းလိုက်သည်။ စိတ်ဝင်တစား လိုက်ကြည့်ထားသည့်အတွက် သူမ၏ လှုပ်ရှားမှုတို့မှာ ကျိုးဝမ်လင်လုပ်ခဲ့သည်နှင့် တစ်ထပ်တည်းပင်။ သို့သော် အကြည့်တို့မှာတော့ သူလုပ်ပြခဲ့သလိုမျိုး နားလည်ရခက်သည့် ညှို့ဓာတ်တို့ ရှိမနေဘဲ ကျောက်ရုပ်လိုမျိုး တောင့်တင်းနေဆဲပင်။
"နည်းနည်းလေး စိတ်ကိုလျော့ထား မနက်အိပ်ယာက နိုးရင် ဖြစ်လာတဲ့ ခံစားချက်မျိုးကို ပြန်တွေးကြည့်လိုက် ဘယ်ဘက်လက်က အောက်ကို နည်းနည်းလျော မေးစေ့ကို နည်းနည်းလေး ပင့်ထားလိုက်ဦး ..."
သူမ၏ ကိုယ်နေဟန်ထားကို သူလိုချင်သည့်အနေအထား မရောက်မချင်း ကျိုးဝမ်လင်က ဘေးမှ တစ်ဖွဖွ ညွှန်ကြားနေသည်။
"ခေါင်းကြီးပါမလာနဲ့ဦး ဖြေးဖြေးချင်း ဒီဘက်ကို လှမ်းကြည့်လိုက် စိတ်ကူးထဲမှာ ကြောင်နှစ်ကောင်ဆော့နေတယ်လို့ မြင်ထားလိုက် ..."
ကောင်းထျန်း၏ နှုတ်ခမ်းစွန်းတို့က မထိန်းထားနိုင်စွာ ကော့တက်လာတော့သည်။
"ဟုတ်တယ် ဟုတ်တယ် အဲ့အတိုင်းပဲ ဒါကိုပဲ သေချာပေါက် ထိန်းထား ..."
ကျိုးဝမ်လင်က ဖုကျန်းကို လှည့်ကြည့်ကာ ပြုံးပြရင်း ရိုက်ကူးရေးပြန်စနိုင်ပြီဟု အသံတိတ် အသိပေးလိုက်သည်။
..............
"နည်းနည်းလေး ပိုပြီး ညှို့ဓာတ်ပြင်းဖို့ လိုမယ် ဒါရိုက်တာရှုရဲ့ "မြွေစိမ်းမယ်" ကို ကြည့်ဖူးလား ..."
ကောင်းထျန်းက ခေါင်းကို ငြိမ့်ပြလိုက်သည်။ ကျိုးဝမ်လင်က မြေကြီးပေါ်လှဲချလိုက်ကာ တံတောင်ဆစ်နှစ်ခုကို အားပြုရင်း ဖြေးဖြေးချင်း တွားသွားလာသည်။ သူ့လှုပ်ရှားမှုတို့မှာ ညှို့ဓာတ်အပြည့်ဖြစ်နေသည့်အပြင် အားနည်းမှုနှင့် အရိုးမဲ့မှုတို့ကိုပါ ခံစားနေရသည်။
ရိုက်ကွင်းတစ်ခုလုံး ရယ်မောသံတို့ တညံညံ ထွက်လာတော့သည်။ ဖုကျန်းက ဘေးမှ ဓာတ်ပုံဆရာကို တိုးတိုးလေး ပြောလိုက်သည်။
"ဒီအပိုင်းကို ဓာတ်ပုံရိုက်ထားလိုက် ..."
ထိုသူက အိုကေ ဟု လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောလိုက်သည်။
ကျိုးဝမ်လင်၏ အကူအညီဖြင့် ကောင်းထျန်း၏ရိုက်ကူးရေးမှာ အောင်မြင်စွာ ပြီးဆုံးသွားနိုင်ခဲ့သည်။
အဆုံးတွင် ဖုကျန်းက သူ့ကို လက်မထောင်ပြရင်း ချီးကျူးလိုက်သည်။
"ကျိုးလောင်ရှီး ဆရာ မလုပ်ခဲ့တာကတော့ တကယ်ကို ဆုံးရှုံးမှုကြီးပဲဗျာ ..."
ကျိုးဝမ်လင်းက ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။
"ကျွန်တော်ကတော့ ရုပ်ရှင်ရိုက်ရတာကိုပဲ ပိုပြီး အားသန်ပါတယ် ..."
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"ခင်ဗျားကတော့ အနာဂတ်မှာ ရုပ်ရှင်တွေအများကြီးကို သိမ်းပိုက်နိုင်လိမ့်ဦးမှာ သေချာပေါက်ပဲ ..."
ကျိုးဝမ်လင်က ခေါင်းငြိမ့်ပြလိုက်သည်၊၊
"ထပ်တူပဲ မျှော်လင့်ထားပါတယ် ..."
"ဒါရိုက်တာဖု မစ္စတာကျန်းနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ ..."
ဖုကျန်း ရိုက်ကွင်းမှ ထွက်လာခါနီးတွင် ကောင်းထျန်းက အနားသို့ရောက်လာကာ စပ်စုလိုက်သည်။
"ငါတို့က ဆောက်လုပ်ရေးဆိုက်မှာ အုတ်ခဲ အတူတူ သယ်ခဲ့ဖူးတယ်လေ ..."
ဟာသဟု ထင်ရသော်ငြား အမှန်တရားပင်ဖြစ်သည်။
သို့သော် သူမကတော့ မယုံခဲ့။ ကျန်းဟန်ရှုက ဘယ်လိုလူစားမိုလို့ ဆောက်လုပ်ရေးဆိုက်မှာ အုတ်ခဲသွားသယ်မှာလဲ။
သူမက ပြုံးကာ ပြောလိုက်သည်။
"အိုက်ယား ဆရာဖုကလည်း ဟာသတွေ ပြောတတ်သားပဲနော် ..."
ဖုကျန်းက ရှင်းမပြခဲ့။ သူတို့က ဟာသလို့ တွေးခဲ့လျှင်တောင် ကြီးမားသည့် ကိစ္စ မဟုတ်ပေ။ ကျန်းဟန်ရှုကလည်း သူ့ထွက်လာမည့်အချိန်ကို ထုံးစံအတိုင်း ကားထဲမှ စောင့်နေခဲ့သည်။
ကောင်းထျန်းက တိတ်တိတ်လေး လိုက်ချောင်းလိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမှ ဖုကျန်းတို့နှစ်ဦးမှာ သူတို့ထင်ထားသည်ထက် ဆက်ဆံရေးပိုကောင်းကြောင်း သိလိုက်ရရာ မစ္စစ်ကျန်းကို တွေ့နိုင်မည့် အခွင့်အရေးတစ်ခုဟု ယူဆလိုက်သည်။ သူမက ဘယ်လို အလှလေးပါလိမ့်။ ကံမကောင်းစွာဖြင့် မစ္စစ်ကျန်းမှာ ရိုက်ကွင်းသို့ တစ်ခါမှ လိုက်မလာပေ။
ကျန်းဟန်ရှုက သူ့ဇနီးလေးကို တကယ်ကို ကာကွယ်ပေးထားတာပဲ။
ကောင်းထျန်းက ခေါင်းကိုအသာယမ်းကာ သက်ပြင်းဖွဖွချလိုက်သည်။ ဒါလည်း သူမနဲ့ဆိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။ ဒီနေ့ သူမ၏ သရုပ်ဆောင်ချက်ကို တွေးမိသည့်အခါတွင်တော့ ဂုဏ်ယူဝံ့ကြွားလိုစိတ်တစ်ခုက တိတ်တိတ်လေး ထွက်ပေါ်လာတော့သည်။ ကင်မရာထဲတွင်လည်း ကြည့်ကောင်းသည်ဟု သူမကိုယ်သူမ ယုံကြည်စပြုလာသည်။
ရိုက်ကွင်းမှ ထွက်လာပြီးနောက် ဖုကျန်းက ကျန်းဟန်ရှုနှင့်အတူ ကျန်းအိမ်သို့ရောက်နေသော သမီးဖြစ်သူကို သွားတွေ့လိုက်ကြသည်။ သို့သော် ထိုနေရာတွင် ဖုကျန်းချန်ကိုပါ တွေ့ရလိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။
ဖုကျန်းချန်က ကျန်းဖုနှင့်တွေ့ရန် လာခဲ့သော်ငြား သူတကယ်တွေ့လိုသူမှာတော့ ဖုကျန်းဖြစ်သည်။ ဖုကျန်းမှာ အခုမှ အသက် ၂၃ နှစ်သာ ရှိသေးသည့်အပြင် သူတစ်သက်လုံး ပျိုးထောင်ပေးခဲ့သူဖြစ်သည့်အတွက် ဖုကျန်းချန်အတွက်တော့ အမြဲတမ်း ကလေးလေးပင်။ သို့သော် အခုတော့ သူ့ကလေး မဟုတ်တော့။
ကျန်းအိမ်သို့လာကာ ကျန်းဖုကို တွေ့လိုက်ရချိန်တွင်တော့ ထိုအရွယ်က သူ့လက်မောင်းထဲတွင် မပီကလာ ပီကလာဖြင့် အသံပေးနေသည့် ဖုကျန်းကို သတိရမိလိုက်တော့သည်။ သူ့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျတော့မတတ်ပင်။ သို့သော် ထိုမြင်ကွင်းမျိုးကို ဘယ်တော့မှ မြင်နိုင်‌တော့မည်မဟုတ်ပေ။
ဖုကျန်းမှာ အတော်ကြာ ကြက်သေသေသွားသည်။ အိမ်မှားဝင်မိသလားဟု မေးရန်ပင် ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သေးသည်။
သူ့ကိုမြင်လိုက်သော ဖုကျန်းချန်မှာလည်း မျက်လွှာချကာ အတော်ကြာမှ ခပ်ဖြေးဖြေး ပြောလာသည်။
"ငါလည်း အခုပဲ ပြန်တော့မလို့ပါ ..."
မစ္စစ်ကျန်းတို့ကို နှုတ်ဆက်ပြီးနောက် တံခါးဝသို့ ထွက်လာခဲ့သည်။ ဖုကျန်းဘေးမှ ဖြတ်သွားချိန်တွင် သက်ပြင်းအသာချကာ သူ့ကို လှည့်ကြည့်လိုက်သေးသော်ငြား နောက်ဆုံးတွင်တော့ စကားတစ်ခွန်းမှ ဆိုမလာဘဲ ထွက်သွားတော့သည်။
ဖုကျန်းက အဝေးသို့ ရောက်သွားပြီဖြစ်သောသူကို လှည့်ကြည့်လိုက်သည်။ သူက မလှုပ်ရှားသော်ငြား နှလုံးသားထဲတွင်တော့ ရှုပ်ထွေးမှုအချို့က ရှိနေသည်။ နှစ်ရှည်လများ သိမ်းဆည်းထားခဲ့သည့် ပျော်ရွှင်ဖွယ်၊ ဝမ်းနည်းဖွယ် အမှတ်တရအဖုံဖုံတို့က တစ်ပြိုင်တည်း ထွက်ပေါ်လာတော့သည်။
ဖုကျန်းချန်မှာ သူနောက်ဆုံးတွေ့ခဲ့စဉ်ကထက်ပင် ပိုပြီး အရွယ်ကျလာသည်။ ဖုကျန်းက နှုတ်ခမ်းတို့ကို လှုပ်လိုက်သော်ငြား ဖုကျန်းချန်၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ ဘာပြောရမှန်း မသိခဲ့တော့ပေ။
"ဘာဖြစ်လို့လဲ ..."
ကျန်းဟန်ရှုက သူ့အနားရောက်လာကာ မေးလိုက်သည်။
သူက ခေါင်းကိုအသာယမ်းကာ လှည့်လာလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ..."
မစ္စစ်ကျန်းက အနားသို့ရောက်လာကာ ရှင်းပြလိုက်သည်။
"မစ္စတာဖုက coco ကို လာတွေ့တာလေ တကယ်လို့ သူလာတာမကြိုက်ရင် နောက်တစ်ခေါက် ဝင်ခွင့်မပြုဘဲ ထားလိုက်ရမလား ..."
ဖုကျန်းက သူမကို ဖျစ်ညှစ်ပြုံးပြလိုက်ရင်း ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"ရပါတယ် ..."
စားသောက်ပြီးစီး၍ အိမ်ပြန်တော့မည့်အချိန်တွင်တော့ အဖိုးကျန်းမှာ ပြန်မလွှတ်သေးလိုဟန်ဖြင့် ပြောလိုက်သည်။
" coco ရေ ဖိုးဖိုးကို သတိရနေနော် ဗီဒီယိုကောလ် ခေါ်ဖို့လည်း မမေ့နဲ့ဦး ..."
ထိုသို့ပြောပြီးနောက်တွင်တော့ သူ့မျက်ဝန်းတွင် မျက်ရည်စတို့က ဝိုင်းလာတော့သည်။
လူကြီးများမှာ အသက်ကြီးလာလေ အထီးကျန်လာလေပင်ဖြစ်သည်။ သားသမီးများကလည်း အနားတွင် အဖော်ပြုမပေးနိုင်ရာ ကလေးများကသာလျှင် သူတို့အတွက် အိုအေစစ်လေးဖြစ်သည်၊၊ ဖုကျန်းချန်မှာလည်း ထိုသို့ပင်ဖြစ်သော်ငြား သူ့အတွက် ကလေးမှာတော့ ဖုကျန်းတစ်ဦးတည်းသာဖြစ်သည်။
ဖုကျန်း၏ မူလအစီအစဉ်မှာ coco ကို အိမ်ပြန်ခေါ်သွားရန် ဖြစ်သော်ငြား အဖိုးကျန်း၏ ခံစားချက်တို့ကို မျက်ကွယ်ပြုမထားနိုင်တော့။ သူက ခဏလောက်တွေးကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
" coco ကို အိမ်မှာ နှစ်ရက်လောက် ထပ်နေခိုင်းလိုက်ရအောင် ..."
ကျန်းဟန်ရှုမှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ ငြင်းစရာမရှိပေ။ coco အတွက် တွေးကာ ကျန်းအိမ်ကို လှည့်ပတ်ကြည့်လိုက်ရင်း ပြဿနာမရှိသည်ကို တွေ့မှ
"မင်းက အပြီးသတ်ပြောခွင့်ရသူလေ ..."
ထိုသို့ဖြင့် coco မှာ ကျန်းအိမ်တွင် ဆက်နေရတော့မည်ဖြစ်သည်။ အဖိုးကျန်းမှာ ငါးမျှားလည်း မသွား၊ မိတ်ဆွေများနှင့်လည်း စစ်တုရင်မထိုးတော့၊ မြေးဖြစ်သူနှင့်သာ တစ်နေကုန် အချိန်ဖြုန်းနေတော့သည်။ မြေးအဖိုးနှစ်ယောက်မှာ အချိန်ကောင်းလေးကို ပိုင်ဆိုင်နေကြသည့်အတွက် ဖုကျန်းတို့နှစ်ဦးမှာလည်း ကျန်းအိမ်မှာ ရက်အနည်းငယ်ဆက်နေရန် တုန့်ဆိုင်းမနေတော့ပေ။
......
အဖြူရောင်ရဲတိုက်၏ ရိုက်ကူးမှုမှာ ချောချောမွေ့မွေ့ပင်။ ကောင်းထျန်း၏ သရုပ်ဆောင်ရာတွင် ခက်ခဲနေမှုကို ကျော်လွှားပြီးနောက်တွင်တော့ သူမကို ဘယ်သူကမှ မဟန့်တားနိုင်တော့။ အရှိန်အဟုန်အပြည့်ဖြင့် တိုးတက်လာသည်။
အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျန်းဟန်ရှု၏ မွေးနေ့ဖြစ်သည်။ ထိုရက်ပိုင်းတွင် ဖုကျန်းမှာ အတော်အလုပ်ရှုပ်နေရာ သူ၏ အချိန်ဇယားတို့မှာ ကျန်းဟန်ရှု၏အကြည့်ကြောင့် ပြာကျတော့မတတ်ပင်။ သူ့ကို အထူးတလည် လက်ဆောင်စီစဉ်ပေးရန်လည်း အချိန်မရှိသည့်အတွက် Patek Phillppe star တံဆိပ် နာရီတစ်လုံးကိုသာ လက်ဆောင်ပေးလိုက်သည်။
ထိုနေ့တွင် ဖုကျန်းက ရိုက်ကွင်းတစ်ရက်နားကာ ကျန်းဟန်ရှုနှင့်အတူ အပြင်ထွက်လည်ခဲ့သည်။ နှစ်ဦးသား စားသောက်ဆိုင်တွင် အတူစားသောက်နေကြသည်ကို ပါပါရာဇီက ဓာတ်ပုံရိုက်မိသွားပြန်သည်။
သို့သော်ငြား စားသောက်ဆိုင်က စုံတွဲသီးသန့်လာသည့်ဆိုင် မဟုတ်ရာ ယခင်ကလိုမျိုး သိပ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်မသွားပေ။ ကျန်းဟန်ရှု၏မွေးနေ့မှာ အင်တာနက်ပေါ်မှ မွေးနေ့နှင့် မတူကြောင်းကို ဘယ်သူမှ မသိသည့်အတွက် နှစ်ဦးသား မွေးနေ့ပွဲကျင်းပနေသည်ဟု မထင်ကြပေ။
( သူငယ်ချင်းတွေ ထမင်းတစ်နပ်လောက် အတူတူစားတာ ဘာထူးဆန်းလို့လဲ ပါပါရာဇီတွေရဲ့ဦးနှောက်ထဲမှာ ဘာတွေရှိနေလဲကို နားမလည်နိုင်တော့ဘူး အဝါရောင်အကြောင်းပဲ တွေးနေတဲ့သူကတော့ မြင်မြင်သမျှ ဝါနေမှာပဲ )
ကျန်းဟန်ရှုတို့ကို နှစ်ဦးတွဲတွေ့ရသည့်အကြိမ်များလာသဖြင့် သူတို့၏စီပီမှာလည်း တစ်နေ့ထက်တစ်နေ့ အင်အားကြီးလာသည်။ ပိုပြီးကြီးလာလေ ထိန်းချုပ်ရန် ခက်လေဖြစ်သည့်အတွက် ချစ်စရာကောင်းလိုက်သည့်အတွဲဟု ပြောသည့်သူများ ထွက်လာတော့သည်။
အင်တာနက်သုံးစွဲသူတို့ကလည်း ထိုသူများကို ကြိမ်းမောင်းကြတော့သည်။
( မစ္စကျန်းကိုရော ထည့်တွက်ကြရဲ့လား ကျန်းဟန်ရှုနဲ့ ဖုကျန်းရဲ့ စိတ်ရင်းအမှန်ကိုရော... နင်တို့တွေကတော့ ထင်ရာစွဲပြီး ပေးစားနေကြတာပဲ တိတ်တိတ်လေးပဲဆိုရင်လည်း ထားပါတော့ အခုကျ လူသိရှင်ကြားကြီးကို ထုတ်ပြောနေကြတာနော် )
စီပီဖန်များမှာ ကျန်သူများ၏ မှတ်ချက်များအောက်တွင် စုန်းစုန်းမြုပ်သွားတော့သည်။
ဖုကျန်းမှာ ဒီရက်ပိုင်းအတွင်း အတော်အလုပ်ရှုပ်နေသည့်အတွက် အွန်လိုင်းပေါ်မှ အတင်းအဖျင်းများကိုပင် မကြည့်နိုင်သေးပေ။ သူရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ကုတင်ပေါ်တွင် ရိုးရာဝတ်စုံ အစိမ်းရောင်ကို တွေ့လိုက်ရသည့်အခါတွင်တော့ မျက်မှောင်အစုံကို စုကြုတ်လိုက်တော့သည်။
--- ဒီယောကျ်ားကတော့ သေလောက်အောင်ကို လောဘကြီးတာပဲ နှစ်သန်းကျော်တန်တဲ့ နာရီနဲ့တင် မလုံလောက်သေးဘူး ရိုးရာဝတ်စုံကိုပါ ဝတ်ပြရဦးမယ်ပေါ့
သူ၏ ပူကျစ်နေသော မျက်နှာကို ပွတ်သပ်ကာ ဝတ်စုံကို ကောက်ကိုင်ပြီး သူ့ကိုယ်ပေါ် ကပ်ကြည့်လိုက်သည်။
---- ကိုက်တော့ ကိုက်သားပဲ ဒါနဲ့ နေပါဦး ကျန်းဟန်ရှုက ဘယ်ရောက်သွားတာလဲ
xxxxxxxx