အပိုင်း ၈၉
Viewers 23k

သူက သက်ပြင်းချကာ ရေချိုးခန်းထဲ အဝတ်ဝင်လဲလိုက်သည်။ ကြပ်နေသော အင်္ကျီကြောင့် အနေရခက်မှုနှင့် မနာခံလိုမှုတို့က အထင်းသား ရုန်းထွက်လာတော့သည်။
--- ထားပါ လုပ်မှလုပ်တော့လည်း မိတ်ကပ်လေး ဆံပင်တုလေးပါ ပါမှ ပိုကောင်းမယ်ထင်တယ်
နွေရာသီက သူဝယ်ခဲ့သည့် ဆံပင်တုမှာ ဗီရိုထဲတွင်ပင် ရှိနေဆဲဖြစ်ကြောင်းကို သတိရလိုက်သည်။ မျက်နှာသစ်ဆေးကြောပြီးနောက် ဆံပင်တုစွ္ပပ်ရန် ရေချိုးခန်းမှ ထွက်လာလိုက်သော်ငြား ရည်ရွယ်ချက်က ကျရှုံးသွားတော့သည်။ အပြင်မှ ပြန်ရောက်လာသည့် ကျန်းဟန်ရှုကို ကုတင်ပေါ်တွင် အခန့်သား တွေ့လိုက်ရသည်။
သူက ရေချိုးခန်းတံခါးဝရှိ ဖုကျန်းကိုကြည့်ရင်း ဘာမှမသိလေသည့် လေသံဖြင့် မေးလိုက်သည်။
"ဘာလို့ ဒီအင်္ကျီကြီး ဝတ်ထားတာလဲ ..."
"........"
ဖုကျန်းက သူ့ကို ပြန်ကြည့်လိုက်သည်။
--- ဆိုတော့ သူ့ရဲ့ လတ်တလောအပြုအမူတွေက ဈေးပေါတယ်ထင်လို့ လိုက်လျောပေးတာလား
"ကုတင်ပေါ်မှာ တင်ထားတာတွေ့တော့ ဒါကို ဝတ်စေချင်တယ်ထင်လို့ ကြည့်ရတာ နားလည်မှု လွဲသွားတယ်ထင်တယ် ..."
ဖုကျန်းက ထိုသို့ပြောကာ ရေချိုးခန်းဘက် ပြန်လှည့်လိုက်သည်။
"ဒီအင်္ကျီကို ပြန်လဲလိုက်တော့မယ် ..."
ထိုသို့ ကြားလိုက်ရချိန်တွင်တော့ ကျန်းဟန်ရှုလည်း အိပ်ယာပေါ်မှ တစ်ရှိန်ထိုးထလာကာ ဖုကျန်း၏လက်ကို ပြေးဆွဲလိုက်တော့သည်၊၊
ဖုကျန်းက သူ့ကိုလှည့်ကြည့်ပြီး သရော်လိုက်သည်။ လက်တို့ကို လည်တိုင်တွင် တွဲလွဲခိုရင်း တိုးဖွဖွ မေးလိုက်သည်။
"ဆိုတော့ ဒါနဲ့ ကြည့်လို့လှရဲ့လား ..."
ကျန်းဟန်ရှုက ခေါင်းကိုသာ အသာငြိမ့်ကာ သူ့ကို ပွေ့ဖက်လိုက်သည်။
ဖုကျန်းက အိပ်ယာပေါ် လှဲချလိုက်ကာ သူ့ကို စိုက်ကြည့်နေလိုက်သည်။ သူ့ဗိုက်ကို ပြန်ထိကြည့်ရင်း ပြောလိုက်သည်။
"အခုတလော ပိုဝလာသလိုပဲနော် ..."
ကျန်းဟန်ရှုက ခေါင်းကိုယမ်းကာ သူ့လက်ကို ကိုင်ပြီး ပြောလိုက်သည်။
"လုံးဝ မဝပါဘူးနော် ကြည့်လို့ကောင်းနေတုန်းပဲ အဆီရှိနေရင်တောင် ပိုပြီး ကြည့်ကောင်းနေဦးမှာပဲ ..."
..........
ကျန်းဟန်ရှု၏ မွေးနေ့အပြီးတွင်တော့ ဖုကျန်းသည် ရိုက်ကူးရေးတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလိုက်တော့သည်။ အမှန်စင်စစ်တွင်တော့ ထိုအတွက် သိပ်ပြီး ခေါင်းစားရန် မလိုအပ်ပေ။ သူတို့ရိုက်ကူးရေးအဖွဲ့မှာ စတူဒီယိုတစ်ခုလုံးအနက် အချိန်ဇယား ပုံမှန်အဖြစ်ဆုံးအဖွဲ့ ဖြစ်သည်။ တစ်ရက်ကို ရှစ်နာရီကြာ အလင်းလို အလျင်ဖြင့် အလုပ်လုပ်ကြသည်၊၊ မူလက ချန်းမန်မှာ ညဆိုင်းဆင်းရလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တကယ်တမ်းတွင်တော့ သူမ၏ အနားယူချိန်ကပင် စာလေ့လာရန် လုံလောက်နေပေသည်။
ကောင်းထျန်း၏အပိုင်းများမှာ အပြီးသတ်ရန် နီးနေပြီဖြစ်သည်။ သူမ ရိုက်ကွင်းမှ ထွက်မသွားရခင် တစ်ရက်အလိုတွင် ဖုကျန်းကို လာပြောလိုက်သည်။
"ဒါရိုက်တာဖု ရှင့်မှာ ဝေ့ပေါ်အကောင့်ရှိလား ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် follow လုပ်ရအောင်လေ..."
ဖုကျန်းက မျက်တောင်တစ်ဖျတ်ဖျတ် ခတ်လိုက်တော့သည်။ သူယခင်က သုံးခဲ့သည့် ဝေ့ပေါ်အကောင့်မှာ အပိတ်ခံလိုက်ရပြီး ကျန်သည့်နှစ်ခုအနက် Shazhou Chronicle ကို စတူဒီယိုက လူများကိုသာ ကို်င်တွယ်ခိုင်းထားသည်။ ကျန်တစ်ခုမှာ ကျန်းဝမ်၏အကောင့်ဖြစ်သည်။
"ခဏလေးစောင့်ဦး ..."
သူမကို ပြောပြီးနောက် ဖုန်းကိုထုတ်ကာ အကောင့်နာမည်ကို ကျန်းဝမ်မှ ဖုကျန်းဟုပြောင်းရန် ပြင်လိုက်သည်။ သို့သော် ထိုနာမည်မှာ သုံးစွဲသူရှိနေပြီးသားဟုသာ ပေါ်နေသည်။
ဖုကျန်းမှာ စိတ်သက်သာရာရသွားသည့်ဟန်။ သူက တစ်ခဏမျှ တွေးပြီးနောက် နာမည်ကို ကျန်းဝမ်-ဖုကျန်းဟု ပြောင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူဖုံးကွယ်ထားတာကလည်း ပေါ်သွားပြီပဲကို။ အလုပ်ပြီးမှပဲ စတူဒီယိုနာမည်ကို ကျန်းဝမ်စတူဒီယိုလို့ ပြောင်းလိုက်တော့မယ်။ ပိုပြီး ယုတ္တိကျသွားအောင်လို့။
ဖုကျန်း၏ အကောင့်နာမည်ကို မြင်လိုက်ရချိန်တွင်တော့ ကောင်းထျန်းမှာ ပါးစပ်အဟောင်းသားဖြင့်ပင်။ ပြီးမှ အသားကုန် ထအော်လိုက်တော့သည်။
" အား ဒါရိုက်တာဖု ရှင်က ကျန်းဝမ်ပေါ့ ..."
ထိုကိစ္စမှာ ဟိုးတလောကတည်းက နာမည်ကြီးသွားခဲ့သော်ငြား ထိုအချိန်က ကောင်းထျန်းမှာ နိုင်ငံခြား‌ရောက်နေသည့်အတွက် သတင်းထူးကို လွတ်သွားခဲ့သည်။
ဖုကျန်းက ခေါင်းကိုငြိမ့်ပြလိုက်သည်။ သူမက အသားကုန် အော်ပစ်လိုက်ချင်သော်ငြား ကံကောင်းစွာဖြင့်ပင် ပါးစပ်ကို ကြိုပြီး အုပ်ထားမိသည့်အတွက် အသံထွက်မလာခဲ့။ ဖုကျန်းဆွဲခဲ့သည့်ပုံများအရ သူမှာ အတော်ကို ပုံဆွဲကောင်းသူဖြစ်ကြောင်း သိနိုင်သော်ငြား ကျန်းဝမ်ဖြစ်လိမ့်မည်ဟုတော့ တွေးမထားမိပေ။
သူမမှာ နောင်တအတော်ရနေပြီဖြစ်သည်။ သူမက ဖုကျန်းကို အဆက်မပြတ် နားပူနားဆာတိုက်တော့သည်။
"သိနေတယ် သိနေတယ် ဟိုးအရင်ကတည်းက ရှင့်ကို ပုံတွေအများကြီး အပ်ခဲ့သင့်တာ အခုရော ပုံဆွဲလက်ခံသေးလား ဒါရိုက်တာဖုရေ ..."
"ဟင့်အင်း ..."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။ ကောင်းထျန်း၏ စိတ်ပျက်လက်ပျက်မျက်နှာကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ဒါပေမယ့် မင်းအတွက်တော့ တစ်ပုံဆွဲပေးပါ့မယ် ဘယ်ပုံလိုချင်လဲ ..."
ကောင်းထျန်းက ချောင်းဟန့်ကာ သူ့ကို တိုးတိုးလေး ပြောလိုက်သည်။
"ပြစ်နှစ်နေတဲ့ အဝါရောင် ဝါလေကောင်းလေပဲ ..."
‌ဖုကျန်း "......."
ရိုက်ကွင်းမှ အပြန်တွင်တော့ သူမက ပို့စ်တစ်ခုကို တင်လိုက်သည်။
"ကျန်းဝမ်--ဖုကျန်း နေ့လည်စာအတွက် ဒါရိုက်တာဖုကို ကျေးဇူးတင်ပါတယ် အခု နှစ်သစ်ကူးဖို့ အိမ်ကို ပြန်နေတဲ့လမ်းမှာပါ ..."
ထိုပို့စ်ကိုမြင်သူများမှာတော့ သူမ၏ ရွှင်မြူးနေသည့် ခံစားချက်နှင့် တစ်ခြားစီပင်။ သူတို့မှာ ဘယ်ကနေစ၍ အပြစ်ပြောရမလဲပင် မသိတော့။
"ကောင်းထျန်းက ဇာတ်လိုက်ဆို ရိုက်ကူးရေးကလည်း ဒီလောက်ပဲ ကြာတယ်ပေါ့ နင်တို့ရုပ်ရှင်ကတော့ ကြည့်ကောင်းတော့မှာပဲ ..."
ဖုကျန်းကတော့ အင်တာနက်ပေါ်မှ ဝေဖန်မှုတို့ကို သိပ်ပြီး အမှုမထား။ ရုပ်ရှင်တစ်ခု၏ ကောင်းကွက်ဆိုးကွက်တို့မှာ အမှန်တကယ် ထုတ်လွှင့်ပြသမှသာ ဆုံးဖြတ်နိုင်သည့်ကိစ္စဖြစ်သည်။
ထိုကာလအတွင်းတွင် သူ၏ ဘယ်ဘက်ခြေထောက်အတွက် ပြန်လည်ထူထောင်ရေးတို့ကို အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်။ အစောပိုင်းတွင်တော့ သူနာကျင်လေ ကျန်းဟန်ရှုက ပိုပြီး စိတ်ဆင်းရဲလေဖြစ်သည်။ ဖုကျန်းချန်နှင့် ဖုထင်တို့ကလည်း ဆေးရုံကို ချောင်းပေါက်မတတ် အလည်လာကြသည်။ ဖုကျန်းသည် အစပိုင်းတွင် သတိမထားမိခဲ့သော်ငြား နောက်ပိုင်းတွင် သူနာပြု၏ စကားမှ တစ်ဆင့် တစ်စွန်းတစ်စ သိလိုက်သည်။ သူက ပြန်လည်ထူထောင်ရေးတွင်သာ အာရုံစိုက်ထားပြီး ဖုသားအဖကို မြင်ချိန်တွင်တော့ အတော်ကြာ တုန့်ဆိုင်းနေပြီးမှ မမြင်ဟန်သာ ဆောင်လိုက်တော့သည်။
ခြေထောက်ဒဏ်ရာမှာ ပိုပြီး သက်သာလာ၍ပဲလား လေ့ကျင့်ခန်းလုပ်ရတာကို အသားကျလာ၍ပဲလားတော့ မသိ။ နောက်ပိုင်း လေ့ကျင့်ခန်းတို့မှာ ယခင်ကလောက် ပင်ပန်းတော့ဟန် မတူပေ။ ဆရာဝန်က ဖုကျန်း၏ သက်သာလာမှုမှာ အတော်မြန်ဆန်ရာ ဒီပုံစံအတိုင်းသာ ဆက်သွားပါလျှင် လုံးဝ သက်သာလာနိုင်သည်ဟု ပြောခဲ့သည်။
ကျန်းဟန်ရှုကလည်း ဆေးရုံရှိ သူနာပြုထံမှ နှိပ်ပေးသည့်နည်းကို သင်ယူခဲ့သည်။ အိမ်ပြန်ရောက်လာချိန်တိုင်း ဖုကျန်းကို နာရီဝက်ခန့် အမြဲနှိပ်‌ပေးပြီးမှ နှစ်ဦးသား ပွေ့ဖက်ကာ အိပ်မောကျကြသည်။ အလုပ်လုပ်ချိန်၊ နားချိန်တို့မှာ မျှတနေသည့်အတွက် နေထိုင်မှုဘဝတို့မှာလည်း ကျန်းမာလှသည်။ ထို့ကြောင့် ဖုကျန်းမှာ တစ်ခါတစ်လေ စောစောစီးစီး အရွယ်ရနေသလားဟုပင် တွေးမိသော်ငြား တကယ်တမ်းတွင်တော့ ၂၃ နှစ်သာ ရှိသေးသည်။
(ကျန်းမာရေးနဲ့ညီညွတ်အောင်နေတော့ သူ့ကိုယ်သူ လူငယ်မဆန်ဘဲ ဖိုးကြီးအိုပေါက်စဖြစ်နေပြီလားလို့ တွေးတာပါ )
ကောင်းထျန်း ရိုက်ကွင်းမှ ပြန်သွားချိန်မှစ၍ အဖြူရောင်ရဲတိုက်၏ ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ ပို၍ပင် အရှိန်အဟုန် မြင့်တက်လာသည်။ ထိုအတိုင်းသာ ဆက်သွားပါလျှင် အပြီးသတ်ရိုက်ကူးနိုင်ရန် သုံးလပင် မကြာလောက်တော့ချေ။
ဖုကျန်းက မော်နီတာရှေ့တွင် စကားပြောစက်ကိုကိုင်ကာ ထိုင်နေသည်။ ဒီနေ့အတွက် ရိုက်ချက်အသစ်တစ်ခုကို အနီးကပ်ရိုက်ကူးရမည်ဖြစ်သည်။ ထိုအချိန်တွင် ကျန်းဟန်ရှုထံမှ ဖုန်းဝင်လာသည်။ အလုပ်ချိန်မှာလည်း ရှစ်နာရီမပြည့်သေးသည့်အတွက် စိတ်ချလက်ချဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ဖုန်းထဲမှ ကျန်းဟန်ရှုက ပြောလိုက်သည်။
"ကိုယ်ဒီနေ့ တစ်ညလုံး အချိန်ပိုဆင်းရမှာ ပြန်လာရမယ်ဆိုတောင် နောက်ကျမှ ပြန်ရောက်လောက်မှာ ဒရိုင်ဘာတစ်ယောက်လွှတ်ပေးဖို့ အတွင်းရေးမှူးကို ပြောထားတယ် တစ်ခုခုစားပြီး အိပ်ပြန်ရောက်ရင် စောစောအိပ်နှင့်နော် ..."
"သိပါပြီ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"ဒါဆို ဘယ်အချိန်မှ ပြန်လာမှာလဲ ..."
" ၁၁ နာရီကျော်မှ ပြန်လာနိုင်တော့မယ်ထင်တယ် ကိုယ့်ကို စောင့်မနေနဲ့တော့နော် ..."
ဖုကျန်းက နှစ်ကိုယ်ကြားစကား အနည်းငယ်ပြောကာ ဖုန်းချလိုက်သည်။
ဖုန်းချလိုက်သည်ကိုမြင်လျှင် ဘေးမှ လက်ထောက်ဒါရိုက်တာက စပ်စုလိုဟန်အပြည့်ဖြင့် အနားရောက်လာတော့သည်။
"ဒါရိုက်တာဖု ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ ..."
"ကျွန်တော့်ချစ်သူနဲ့ပါ ..."
ဖုကျန်းမှာ အနည်းငယ် ရှက်သွေးဖြာနေသယောင်။
လက်ထောက်ဒါရိုက်တာမှာ အံ့ဩသွားတော့သည်။
"ဒါရိုက်တာဖုက လက်ထပ်ပြီးသားလား ..."
ဖုကျန်းက ခေါင်းကိုငြိမ့်ကာ သူ့ဘယ်ဘက်လက်မှ လက်စွပ်ကို ပြလိုက်သည်။
"ငယ်ငယ်ရွယ်ရွယ်လေးနဲ့ကို ဇနီးတစ်ယောက်ရှာနိုင်နေပြီ ဒါရိုက်တာဖုကတော့ တကယ်ကို လောကကြီးမှာ အောင်နိုင်သူပဲ ..."
ဖုကျန်းက ပြုံးရုံသာ ပြုံးနေလိုက်သည်။ သူမှာ လက်ထပ်ပြီးရုံသာမက ကလေးတစ်ယောက်ပါ ရထားပြီးပြီဟုတော့ မပြောတော့ပေ။
ရိုက်ကွင်းမှ ပြန်လာပြီးနောက် ဖုကျန်းသည် ဒရိုင်ဘာကို ကျန်းအိမ်သို့ပို့ပေးရန် ပြောလိုက်သည်။ coco ကို ခဏတစ်ဖြုတ်တွေ့ကာ ညစာစားပြီးနောက်တွင်တော့ မဒမ်ကျန်း၏ ဒီမှာပဲအိပ်သွားရန် အကြံပေးချက်ကို ငြင်းပယ်လိုက်သည်။ သိပ်မမှောင်ခင်တွင်ပင် အိမ်ပြန်ကာ ကျန်းဟန်ရှု ပြန်လာမည်ကို စောင့်နေလိုက်သည်။
သို့သော် ကျန်းဟန်ရှုကတော့ ည ၁၀ နာရီထိုးသည်အထိ ပြန်မလာခဲ့။ ကုတင်ပေါ်တွင် လူးလိမ့်နေသော်ငြား အိပ်မပျော်နို်ငသေး။ သိုးနှင့် ကြယ်တို့ကို ရေတွက်ပြီးတာတောင်မှ အိပ်ချင်စိတ်က ဖြစ်မလာ။ သူက ကျန်းဟန်ရှုကို ဖုန်းဆက်ချင်သော်ငြား အနှော်င့အယှက်ပေးမိမည်ကိုလည်း စိုးရီမ်မိသည်။
နောက်ဆုံးတွင်တော့ ဘယ်လိုမှ ငိုက်မြည်းမလာသည့် ဖုကျန်းသည် tablet ကိုယူကာ အင်တာနက်ပေါ်မှ သဲထိတ်ရင်ဖိုသရဲကားကို ရှာကြည့်လိုက်တော့သည်။ အဆင့်သတ်မှတ်ချက် ၇ ဖြစ်သည့်အတွက် ဇာတ်လမ်းကောင်းဟု ယူဆနိုင်သော်ငြား လူကြိုက်များသည့် မှတ်ချက်တစ်ခုက သူ၏ ကြည့်ချင်စိတ်ကို လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်သည်။
( ဒီရုပ်ရှင်ကို တစ်ယောက်ထဲ ကြည့်ရင် လုံးဝ အထီးကျန်တယ်လို့ မခံစားရဘူး အခန်းထဲမှာ လူတွေအပြည့်ရှိနေသလိုမျိုး ခံစားရလိမ့်မယ် ...)
ဖုကျန်းက ဇာတ်လမ်းကို ဖွင့်ကြည့်လိုက်သည်၊၊ အစပိုင်းမှာ အတော်စိတ်ဝင်စားစရာ‌ ကောင်းသော်ငြား ခြောက်မိနစ်ခန့်အကြာတွင်တော့ သူ့တွင် အဖွဲ့ဝင်ကြေး ကုန်ဆုံးသွားသည့်အတွက် ငွေပြန်ထည့်ရမည်ဟုသာ ပေါ်လာတော့သည်။ ရုပ်ရှင်ကကောင်းနေသော်ငြား ငွေထည့်ပြီးမှသာ ကြည့်နိုင်မည့် အမျိုးအစားဖြစ်သည်။
ဖုကျန်းမှာ သူ့ကိုယ်သူ စီးပွားဖြစ်သရဲကားအား အများကြီး မျှော်လင့်ထားမိမှန်း သဘောပေါက်လိုက်သည်။ မှတ်ချက်များကမှ ရုပ်ရှင်ထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်ဦးမည်။
-( ရောင်းရင်းတို့ ဒီမှာ ဆုံကြရအောင်)
-( ငါ ဒါကိုစဖွင့်ကြည့်တုန်းက အခန်းထဲမှာ ဘယ်သူမှ မရှိဘူး အခုကျ အနည်းဆုံးသုံးယောက်လောက် ရှိနေတယ်လို့ ခံစားနေရတယ်ကွ မြင်တော့ မမြင်ရပေမယ့် ငါ့စိတ်က အလိုလိုသိနေတယ် ...)
-( ဒီရှေ့မှာ အိပ်ချင်နေတဲ့ အခမ်းအနားမှူးရေ ငါလာနှိုးပေးရမလား )
.......
ရုပ်ရှင်ကြည့်ရင်း အချိန်ဖြုန်းပြီးနောက်တွင်‌တော့ ဖုကျန်းမှာ မကြောက်ရုံသာမက သရဲကားရိုက်ရန်ပင် အတွေးပေါက်လာသည်။ သို့သော် ထိုအတွေးကိုတော့ အဖြူရောင်ရဲတိုက်ရိုက်ကူးမှု ပြီးစီးမှ ပြန်စဉ်းစားရန် နောက်ပို့ထားလိုက်သည်။
tablet ၏ အလင်းရောင်မှတစ်ပါး မှောင်မိုက်နေသည့် အခန်းထဲတွင် ဖုကျန်း၏မျက်နှာ ခပ်ဖျော့ဖျော့ကသာ မီးရောင်ဟပ်နေသည်။ ရုပ်ရှင်ထဲတွင် ဇာတ်လိုက်မမှာ ရေချိုးနေပြီး ရုတ်တရက် လျှပ်စစ်ခေါင်းလောင်းသံကို ကြားလိုက်ရ၍ ခေါင်းမော့ကြည့် လိုက်သည်၊၊ ထိုအချိန်တွင် အပြင်ဘက်မှ တံခါးဖွင့်သံ ကြားလိုက်ရသည့်အတွက် ကျန်းဟန်ရှုပြန်လာပြီဖြစ်ကြောင်း သိလိုက်သည်။ ဖုကျန်းသည် tablet ကို ဗိုက်အောက်သို့ဖွက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
ထိုအခိုက်တွင် ကျန်းဟန်ရှုက အခန်းတံခါးကို သာသာလေးဖွင့်ကာ လိုက်ကာကြားမှနေ၍ အိပ်ချင်ယောင်ဆောင်နေသော ဖုကျန်းကို တိတ်တိတ်လေး ချောင်းကြည့်နေလိုက်သည်။ သူက ခပ်ဖွဖွ ရယ်လိုက်သော်ငြား မကြာမီပင် ဖုကျန်းထံမှ အလန့်တကြား အော်သံကို ကြားလိုက်ရတော့သည်။
သူ့အပြုံးတို့က အေးခဲသွားတော့သည်။ မီးကိုဖွင့်ကာ ဖုကျန်းကို မေးလိုက်သည်။
"ဘာလို့ မအိပ်သေးတာလဲ ..."
ဖုကျန်းက အိပ်ယာပေါ်မှ ထထိုင်ကာ သူ့ကို မျက်နှာချိုသွေးလိုက်သည်။
"ခင်ဗျားကို စောင့်နေတာလေ ..."
ကျန်းဟန်ရှုမှာ အတော်ကို ဘဝင်ခိုက်သွားသည့်ဟန်ပင်။ သူက ဖုကျန်း၏ခေါင်းကို ပွတ်လိုက်ရင်း
"ကိုယ်ရေချိုးပြီး ပြန်လာခဲ့မယ် အိပ်နှင့်တော့ ..."
ဖုကျန်းက ခေါင်းငြိမ့်လိုက်သော်ငြား ကျန်းဟန်ရှု ရေချိုးခန်းထဲ ထွက်လာသည်အထိ ဇာတ်လမ်းကြည့်နေဆဲပင်ဖြစ်သည်။
မှတ်ချက်တွင် အား အား အား ဟူ၍ စူးစူးဝါးဝါးအော်သံတို့ကသာ ပြည့်နှက်နေသည်။ အနည်းငယ်စိတ်ပျက်သွားသော ဖုကျန်းက သူ့ကို လှမ်းပြောလိုက်သည်။
"ဒီရိုက်ကွက်ကို နည်းနည်းလေးပိုရိုက်ရင် ပိုကောင်းမှာကို ..."
ကျန်းဟန်ရှုက အိပ်ယာပေါ်တက်ကာ သူ့ဘေးဝင်ထိုင်လိုက်သည်။
"ဘယ်အချိန်ရှိနေပြီလဲ အိပ်တော့..."
"၁၀ မိနစ်ပဲလေ ကြည့်လို့ပြီးတော့မှာကို ..."
ဖုကျန်းက အတွန့်တက်လိုက်သည်။
ကျန်းဟန်ရှုက ခေါင်းကိုယမ်းကာ သူ့နှာခေါင်းထိပ်ကို တို့လိုက်သည်။
"လူလိမ်လေး ပြောတော့ကျ ကိုယ့်ကိုစောင့်နေတာဆို နှာခေါင်းကတော့ ရှည်ထွက်လာတော့မှာပဲ ..."
xxxxxxxxx