အပိုင်း ၉၀
Viewers 23k

ဖုကျန်းမှာ ငြင်းဆန်လိုသော်ငြား နှုတ်ရေးမကြွယ်သူ ဖြစ်သည့်အလျောက် ကျန်းဟန်ရှုနှင့် စကားရည်လုရာတွင် အလိုလိုပင် အရှုံးပေးလိုက်ရသည်။
"ကျွန်တော် အိပ်ပျော်သွားရင် နှာခေါင်းကြီးက အရှည်ကြီး ရှည်ထွက်လာပြီး ခင်ဗျားမျက်နှာကို ထိုးမိတော့မှာ ..."
ဖုကျန်းက လက်ဟန်ခြေဟန်အပြည့်ဖြင့် ပြောလိုက်သည်။
"ခင်ဗျားမျက်နှာကြီးကို စူးသွားမှာ ညကလည်း မှောင်နေတော့ ဘာကစူးနေမှန်းလဲ သိမှာမဟုတ်ဘူး လက်ကိုဆန့်ပြီး အဲဒါကို ချိုးပစ်လိုက်ရင်လေ အိုက်ယား ကျွန်တော့်နှာခေါင်းလေးတော့ ကျိုးသွားတော့မှာပဲ သွေးတွေက အများကြီးကိုမှ အများကြီး ထွက်လာပြီး အိပ်ယာခင်းအဖြူကလည်း အနီရောင် ဖြစ်သွားတော့မှာပဲ ..."
" ပထမဆုံးအနေနဲ့ ကိုယ်တို့အိပ်ယာခင်းက ခဲရောင်လေ ..."
ကျန်းဟန်ရှုက သူ့ခေါင်းကို အသာပုတ်ရင်း ပြောလိုက်သည်။
"ဒုတိယအချက်အနေနဲ့ အခု ဘယ်အချိန်ရှိနေပြီလဲ ခပ်သွက်သွက် အိပ်ယာဝင်ဖို့ လုပ်တော့ ..."
ဖုကျန်းလည်း ရယ်ကာ သူ့ဘယ်ဘက်ပါးကို နမ်းလိုက်ပြီး စောင်ထဲသို့ ပြေးဝင်လိုက်တော့သည်။ ကြယ်တာရာသဖွယ် မျက်လုံးတစ်စုံမှလွဲ၍ တစ်ကိုယ်လုံးကို စောင်ဖြင့်ခြုံရင်း ပြောလိုက်သည်။
'' ကောင်းသောညပါ ..."
ကျန်းဟန်ရှုကလည်း သူ့နဖူးကို နမ်းလိုက်ပြီး အခန်းမီးကို ပိတ်လိုက်သည်။
"ကောင်းသောညပါ ..."
.....
<< ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >> မှာ ဖုကျန်းတို့ထက် နှစ်လနီးပါးစောကာ ရိုက်ကူးခဲ့သော်ငြား ရိုက်ကူးရေးမှာတော့ သိပ်ပြီး မမြန်လှပေ။ အတင်းအဖျင်းမဂ္ဂဇင်းတစ်ခုက ဒါရိုက်တာ လျန်ချွန်းချောင်သည် မူလက ကျင်ရှန်း ရိုက်ကူးရေးတွင် ရိုက်ကူးရန် ကြံရွယ်ထားကြောင်း ဖော်ပြထားသည်။ ထိုနေရာမှာ လမ်းပန်းဆက်သွယ်ရေးလည်း မလွယ်ကူ၊ ပတ်ဝန်းကျင်ကလည်း ဆူညံသည့်အတွက် ဘယ်ရိုက်ကူးရေးအဖွဲ့ကမှ မနှစ်သက်ကြပေ။ နောက်ပိုင်းတွင် လျန်ချွန်းချောင်တို့အဖွဲ့မှာလည်း အခြား နာမည်မရှိသည့် နေရာသို့ ပြောင်းသွားကြောင်း ကြားလိုက်ရသည်။ ထိုဖြစ်စဉ်ကပင်လျှင် သူတို့အတွက် အတော်ကို အချိန်ကုန်သွားခဲ့သည်။
သို့သော်ငြား သူတို့၏ ရိုက်ကူးရေးမှာတော့ ချောချောမွေ့မွေ့ ရှိနေဟန်ပင်။ ဒါရိုက်တာလျန်ချွန်းချောင်မှာ အင်တာဗျူးဖြေရန်ပင် အချိန်ရှိနေသေးသည်။
မေးရမည့် မေးခွန်းအားလုံးမှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ရိုက်ကူးချိန်၊ ထုတ်လွှင့်ချိန်နှင့် သရုပ်ဆောင်နှင့်ပတ်သက်သည့် ‌မေးရိုးမေးစဉ်များသာမက လူစိတ်ဝင်စားစေရန် ဖုကျန်း၏နာမည်ကိုပါ ဆွဲထည့်ဦးမည်ဖြစ်သည်။
" ဒါရိုက်တာဖုကျန်းက အဖြူရောင်ရဲတိုက်ကို ရိုက်ကူးနေတဲ့အပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ ..."
သူနှင့်မျက်နှာချင်းဆိုင်မှ အစီအစဉ်တင်ဆက်သူက ခပ်ပြုံးပြုံး မေးလိုက်သည်။
လျန်ချွန်းချောင်၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ယမန်ည၏ ခိုးကူးကိစ္စကို သိရှိထားသော်ငြား ထိုဇာတ်လမ်းကို သူယူခဲ့သည့်အချိန်က တရားလည်း အစွဲမခံရသေးပေ။ ယမန်ည၏ ကျော်ကြားမှုမှာလည်း အဖြူရောင်ရဲတိုက်အပေါ် မူတည်မနေသည့်အတွက် လျန်ချွန်းချောင်မှာ သူ့ရုပ်ရှင်အပေါ် ယုံကြည်ချက်အပြည့်ပင်။
သူက ကင်မရာထံ ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်က ဒါရိုက်တာဖုရဲ့ အရည်အချင်းကိုတော့ တကယ်ကို အသိအမှတ်ပြုပါတယ် ဒါပေမယ့် သူက ရုပ်ရှင်မရိုက်တာ သုံးနှစ်တောင် ရှိနေပြီလေ ဒီအခွင့်အရေးကို သုံးပြီး လတ်တလော ရိုက်ကူးရေးနည်းလမ်းတွေကို လေ့လာနိုင်မယ်လို့ မျှော်လင့်ပါတယ် ပြောရရင် စက်ပစ္စည်းတွေ၊ နည်းပညာတွေဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲနေတာလေ ဒါပေမယ့် ဒါရိုက်တာဖုက သင်ယူလိုစိတ်အပြည့်နဲ့ လူငယ်လူရွယ်လေးဆိုတော့ ဒါတွေနဲ့ ရင်းနှီးဖို့ အချိန်သိပ်မယူရလောက်ဘူးလို့ ထင်ပါတယ် သူ့ရဲ့လက်ရာဖြစ်တဲ့ အဖြူရောင်ရဲတိုက်ကိုလည်း မျှော်လင့်နေပါတယ် ..."
အစီအစဉ်တင်ဆက်သူမှာ လူသစ်ဖြစ်ရာ လျန်ချွန်းချောင်၏ စကားတို့က ဖုကျန်းကို ချီးမွမ်းလေသလား ၊ ကဲ့ရဲ့လေသလား မခွဲတတ်ပေ။ သို့သော် ဖုကျန်းကို အတွေ့အကြုံမရှိဟု ပြောနေသည့်ဟန်ပင်။ သူက မေးလိုက်သည်။
"ဆိုတော့ ယမန်ညနဲ့ အဖြူရောက်ရဲတိုက်ကို တစ်ချိန်တည်းမှာသာ ရုံတင်မယ်ဆိုရင် ဘယ်တစ်ခုက ပိုပြီး လူဝင်များမယ်လို့ ထင်လဲဗျ ..."
လျန်ချွန်းချောင်က ခေါင်းကိုအသာယမ်းကာ ပြောလိုက်သည်။
"ကျွန်တော်လည်း ဒါရိုက်တာဖုကို ကောင်းကောင်းမတွေ့ဖူးတော့ မပြောတတ်ဘူးဗျ ဒါပေမယ့် ယမန်ညကို ထုတ်လွှင့်တာနဲ့ ပရိသတ်တွေက အားပေးကြဖို့တော့ မျှော်လင့်ပါတယ် ..."
.......
မေးသင့်မေးထိုက်သည်အားလုံးကို မေးမြန်းပြီးနောက်တွင်တော့ အစီအစဉ်တင်ဆက်သူက ကင်မရာကိုကြည့်ကာ ပြောလိုက်သည်။
"ကျွန်မတို့ရှိုးကို ဧည့်သည်အဖြစ် လာပေးတဲ့ ဒါရိုက်တာလျန်ကို ကျေးဇူးအများကြီး တင်ပါတယ် ပရိသတ်ကြီးလည်း နောက်အပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်တွေ့ကြမယ်နော် ..."
အင်တာဗျူးဗီဒီယိုမှာ အင်တာနက်ပေါ်သို့ ခပ်သွက်သွက်ပင် ရောက်ရှိသွားသော်ငြား ဒါရိုက်တာလျန် ထင်ထားသလောက်တော့ စိတ်ဝင်စားမှုမရပေ။ ထိုအကြောင်းအရာကို စိတ်ဝင်တစား ဆွေးနွေးသူအများစုမှာလည်း အဓိကဇာတ်ဆောင်နှစ်ဦး၏ ပရိသတ်များသာ ဖြစ်ကြသည်။ အဖြူရောင်ရဲတိုက်တွင် ကောင်းထျန်း ပါလာသည်ကို တွေ့လိုက်ရကတည်းကပင် ထိုရုပ်ရှင်ကို ကောင်းမည်မဟုတ်ဟု လူတိုင်းက
တစ်ညီတစ်ညွတ်တည်း လက်ခံထားပြီးသားဖြစ်သည်။
ဖုကျန်းသည်လည်း ထိုဗီဒီယိုကို မြင်ခဲ့သော်ငြား ထွေထွေထူးထူး ဒေါသထွက်ပြမနေပေ။ အဖြူရောင်ရဲတိုက်ကို ရိုက်ရန် တစ်နေ့ရှစ်နာရီ အလုပ်လုပ်ရသည့်အပြင် သူ၏ ထူးချွန်လှသည့် သရုပ်ဆောင်တို့ကလည်း စိတ်ကူးဉာဏ်သစ်တို့ ကွန့်မြူးစေသဖြင့် သူနှင့် လောဖျင်ဖျင်တို့မှာ ဇာတ်ညွှန်းကိုပင် အသစ်ပြန်ရေးနေရသေးသည်။
နိုဝင်ဘာလမှာ မျက်စိတစ်မှိတ်အတွင်းတွင် ရောက်ရှိလာပြီး ထန်ဝမ်ဝမ်ကလည်း တရုတ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူမ၏အပိုင်းကို ရိုက်ကူးပြီးချိန်တွင် နိုင်ငံခြားသားဒါရိုက်တာက "ဣတ္ထိယ" ကိုသာ ဒုတိယတွဲရိုက်ခွင့် ရှိခဲ့ပါလျှင် သူမကို အဓိကဇာတ်လိုက်နေရာဖြင့် ကမ်းလှမ်းလိုကြောင်း ပြောလာသည်။
ပို၍ အံ့ဩဖို့ကောင်းသည်မှာ သူမ ပြန်လာသည့်နေ့တွင် "ဓားသိုင်းမယ်" ၏ ခေါင်းဆောင်မင်းသားက သူမှာ သူတွေ့ဖူးသမျှထဲတွင် ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးဟု ဖွင့်ဟပြောခဲ့သည်။ ထန်ဝမ်ဝမ်မှာ သေလုအောင် ပျော်မိသော်ငြား သူမမှာ အိမ်ထောင်သည်ဖြစ်နေရာ ထိုအရပ်ရှည်ရှည်၊ ရုပ်ချောချော ပုရိသနှင့် အကြောင်းမစုံနိုင်တော့သည့်အတွက် အပြုံးလေးဖြင့်သာ ငြင်းပယ်လိုက်ရသည်။
သူမဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် ထိုမင်းသားမှာ ကျောချမ်းသွားဟန်ဖြင့် သူ့ခေါင်းကိုသူ ပြန်ရိုက်ကာ ရေရွတ်လိုက်သည်။
"ငါ ဘာတွေများ ပြောလိုက်မိတာလဲ ..."
"ရှမိန်းမပျို" ၏ ဒါရိုက်တာက ထန်ဝမ်ဝမ်ရိုက်ခဲ့သည့် အပိုင်းများကို ပြန်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဖျက်ပစ်စရာတွေ အများကြီးပါလား ..."
ထန်ဝမ်ဝမ်ကို ရိုက်ကူးခဲ့စဉ်က သေချာပေါက်ကို အဆင်ပြေသည်ဟု ထင်ခဲ့သည်များက ဘာကြောင့်ရယ်တော့မသိ ၊ ပြန်ကြည့်သည့်အချိန်တွင် ချို့ယွင်းချက်အများကြီးကို တွေ့နေရတော့သည်။ အရှေ့တိုင်းသူတွေကတော့ တကယ်ကို ပဉ္စလက်ဆန်တာပဲ။
ထန်ဝမ်ဝမ်မှာ လေယာဉ်ပေါ်မှဆင်းချိန်တွင် သူမကို စောင့်ဆိုင်းနေသည့် မီဒီယာများကို တွေ့လိမ့်မည်ဟု မျှော်မှန်းထားသည်။ ထိုအချိန်တွင် ဟောလိဝုဒ်၌ ဘယ်လို ကောင်းကောင်းသရုပ်ဆောင်ခဲ့ကြောင်း ဖြေမည်ဟု အားခဲထားသော်ငြား လာကြိုသူမှာ ချင်ကျောက်တစ်ယောက်တည်းဖြစ်နေသည်ကို တွေ့လိုက်ရချိန်တွင်တော့ စိတ်ပျက်လွန်း၍ စကားပင် မပြောနိုင်တော့ချေ။
ချင်‌ကျောက်ကမူ ပင်ပန်းနေသည်ဟုထင်၍ သူမ၏ အပြုအမူကို စိတ်ထဲ မထားခဲ့ပေ။
ထန်ဝမ်ဝမ်ပြန်လာမည့်သတင်းမှာ သိပ်ပြီးတော့ လူသိမများလိုက်။ သူမ ပြန်လာမည်ဟုတော့ သိထားသော်ငြား ဘာကြောင့်ရယ်မသိ။ ပရိသတ်များမှာ သူမနှင့်ပတ်သက်သည့် ကိစ္စများကို စိတ်မဝင်စားတော့ပေ။ သူမအပေါ် ရူးရူးမူးမူး သဘောကျမှုတို့မှာ ပြီးခဲ့သည့်ကာလတွင် ကုန်စင်သွားခဲ့သယောင်။
ဖုကျန်း၏ တစ်နေ့တာအလုပ်တို့ ပြီး‌ဆုံးချိန်တွင် ကျန်းဟန်ရှုကလည်း ပုံမှန်အတိုင်းပင် လာကြိုနေခဲ့သည်။ မီးပွိုင့် မီး‌နီနေချိန်တွင် သူက ဖုကျန်းကို မေးလိုက်သည်။
"ဒီည အဖိုးချင်က ညစာစားပွဲလုပ်မှာတဲ့ လိုက်မလား ..."
အဖိုးချင်သည် သူ ဖုကျန်းကို ကျန်းဆေးရုံသို့ ခေါ်သွားစဉ်က တွေ့ခဲ့သည့်အဖိုးဖြစ်သည်။ သူသည်လည်း ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ လက်ထပ်ပွဲကို တက်ရောက်ချီးမြှင့်ပေးခဲ့သူတစ်ဦးဖြစ်သည်။ ကျန်းဟန်ရှုတွင် ချစ်သူရှိမှန်း သိထားသော်ငြား ပွဲသို့ရောက်မှသာ ယောကျာ်းလေးချစ်သူမှန်း သိလိုက်ရခြင်းဖြစ်သည်။ အဖိုးချင်မှာ အံ့ဩလွန်း၍ နှလုံးခုန်ရပ်သွားမတတ်ပင် ဖြစ်ခဲ့ရသည်။ သူက အဖိုးကျန်းကို အရိပ်အခြေကြည့်လိုက်သေးသော်ငြား သူ့မြေးချွေးမကို ခပ်ပြုံးပြုံးဖြင့်သာ လက်ခံကြောင်း တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ အဖိုးချန်မှာ ပြောစရာစကားပင် မရှိတော့။ ကျန်းမိသားစုရဲ့ လက်ခံနိုင်စွမ်းက တကယ်ကို မြင့်မားတာပဲ။
ဒီနေ့ အဖိုးချင်၏ မွေးနေ့ပွဲတွင် သူက ဖုကျန်းကို ခေါ်လာခဲ့သည်။ ပထမတစ်ချက်မှာ ချင်နှင့် ကျန်းမိသားစုတို့အကြား ရင်းနှီးမှုကို ပြသရန်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် အဖိုးချင်သည် ပညာတတ်အသိုင်းအဝိုင်းတွင် ကျင်လည်ခဲ့သူဖြစ်သည်။ သူ့တွင် အဆက်အသွယ်ကောင်းများ ရှိနေသည့်အတွက် ထိုသူများနှင့် မိတ်ဆက်ပေးရန် ဖုကျန်းကို ခေါ်လာခဲ့ခြင်းဖြစ်သည်။
အဖိုးချင်၏ မွေးနေ့ပွဲသို့ လူအတော်များများ လာကြသော်ငြား အများစုမှာ ဖုကျန်းနှင့် မရင်းနှီးသူများသာ ဖြစ်သည်။ မွေးနေ့ဆုမွန်ကောင်းတောင်းပေးပြီး ပြန်လှည့်လာစဉ် စားပွဲထိုးတစ်ဦးက ကျန်းဟန်ရှု၏ ကုတ်အင်္ကျီကို ကိတ်မုန့်ဖြင့် ဝင်တိုက်မိသည့်အတွက် သူက ဖုကျန်းကို ပြောလိုက်သည်။
"ကိုယ် သွားပြီး ဆေးကြောလိုက်ဦးမယ် ချက်ခြင်း ပြန်လာခဲ့မယ်နော် ..."
ဖုကျန်းလည်း သဘောတူလိုက်ပြီး အစားအသောက် ရွေးချယ်ရာနေရာသို့သွားကာ သွားရေစာအချို့ကိုရွေး၍ စားပွဲပေါ် နေရာချလိုက်သည်။
ပွဲအတွင်းတွင် စကားပြောသံ၊ ရယ်မောသံတို့က တသောသောညံနေသည်။ သူသိသည့်သူဟူ၍ လက်ချိုး၍ပင် ရေတွက်နိုင်ရာ နေရာတွင်သာ ကျန်းဟန်ရှုပြန်အလာကို သာသာလေး စောင့်နေလိုက်သည်။
"ဟယ်လို ဒါရိုက်တာဖု ..."
ဘီယာဗိုက်နှင့် ခပ်ဝဝသက်လက်ပိုင်း အမျိုးသားတစ်ဦးက ဝိုင်နီတစ်ခွက်ကိုကိုင်ကာ သူ့ရှေ့သို့ ရောက်လာပြီး မေးလိုက်သည်။
"ကျွန်တော့်လူကို ဘယ်လိုမြင်လဲဗျ ဒါရိုက်တာဖုရဲ့ ရိုက်ကွင်းမှာ နေရာလေးတစ်ခုလောက်များ ရနိုင်မလား အရမ်းကြီးတော့ မတောင်းဆိုပါဘူး ဒါိရိုက်တာဖုက မျက်နှာလေးပဲ ပြပေးရင်ကို အဆင်ပြေပါတယ် ..."
ထိုသူမှာ အသက် ၂၀ ပင် မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို ရင်ခွင်ထဲထည့်ကာ ဖက်ထားသည်။ သူမမှာ အရပ်လည်းမရှည်သလို ရုပ်ရည်ကလည်း သာမန်ပင်။ အနက်ရောင်ဆံနွယ်ရှည်ရှည်တို့ကို အနောက်တွင် ဖားလျားချထားသည်။
ဖုကျန်းက တစ်ချက်သာ ကြည့်လိုက်ပြီး ပါးပါးနပ်နပ်ဖြင့် ငြင်းပယ်လိုက်သည်။
"သရုပ်ဆောင်တွေအားလုံးက ရွေးထားပြီးသားဆိုတော့ အဆင်ပြေမယ့်နေရာ မရှိလောက်ဘူး ..."
သို့သော်ငြား သဘောတူဟန် မရှိသောသူက ထပ်ပြောလိုက်ပြန်သည်။
"မရှိရင်တောင် ထပ်ထည့်လို့ရတယ်လေ ဆရာဖုက ဘယ်လို အလုပ်လုပ်ရမလဲဆိုတာကို မသိသေးဘူးပဲ ..."
ဖုကျန်းက ခေါင်းကိုသာ ယမ်းလိုက်သည်။ သူ့ရုပ်ရှင်အတွက် ဇာတ်ကောင်အပို ထပ်ထည့်ရန် မလိုအပ်ပေ။ သူ သဘောမတူသည်ကို မြင်လျှင် ထိုအမျိုးသားမှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်လာသည်။
"ဒါရိုက်တာဖုက ကျုပ် ဟွမ်မျိုးရိုးကို မျက်နှာသာ မပေးဘူးပဲ ကျန်းမိသားစုကသာ ငွေတွေပြန်ထုတ်သွားရင် ကျွန်တော်လည်း ရင်းနှီးမြှုပ်နှံပေးနိုင်ပါတယ် ..."
ဖုကျန်းက မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သော်ငြား ထိုသူကတော့ သူ့ကို သွားခွင့်ပေးလိုဟန်မတူ။ သူ့ကို ကျန်းဟန်ရှုက ခေါ်ခဲ့ကြောင်း သိထားသော်ငြား ဖုကျန်းမှာ နာမည်မရှိသည့် ဒါရိုက်တာလေးသာ ဖြစ်သည်။ ကျန်းဟန်ရှုက သိပ်ပြီး အရေးစိုက်လိမ့်မည် မထင်ပေ။
ထို့အပြင် သူ့လက်မောင်းထဲမှ အလှလေးကလည်း ကြည့်နေသေးရာ ဘယ်လိုနည်းနှင့်မှ မျက်နှာအပျက်မခံနိုင်ပေ။ သူက ဖုကျန်းလက်ကို လှမ်းဆွဲရန် ပြင်လိုက်သော်ငြား ဖုကျန်းကို မထိမိခင်မှာပင် သူ့လက်ကို လှမ်းဆွဲခြင်း ခံလိုက်ရသည်။
လှည့်ကြည့်လိုက်ချိန်တွင် ဖုထင်ကို တွေ့လိုက်ရသည်။
ဖုထင် ဘယ်ကတည်းက ရောက်နေလဲတော့ သူလည်းမသိ။ ဖုထင်က သူ့လက်ကို ကိုင်ထားကာ ရေခဲရိုက်အသံဖြင့် မေးလိုက်သည်။
"ဥက္ကဌဟွမ်က ငါတို့ဖုမိသားစုကို မျက်လုံးထဲ မထည့်တော့ဘူးထင်တယ် ..."
ဟွမ်သောင်မှာ အတော်ကြာ ကြက်သေသေသွားတော့သည်။ တစ်ခဏကြာမှ သူ့ရှေ့မှ ဖုကျန်းသည် သာမန်ဒါိရိုက်တာလေးမဟုတ်ဘဲ ဖုကျန်းချန်၏ အနှစ်သက်ဆုံးသားငယ်လေးဖြစ်ကြောင်းကို သတိရလိုက်သည်။ ဖုကျန်း ဖုမိသားစုထဲသို့ ပြန်ရောက်လာသည်ဟုလည်း မကြားမိသည့်အတွက် ထိုအချက်ကို လျစ်လျူရှုထားမိလိုက်ခြင်း ဖြစ်သည်။
ဖုမိသားစုမှာ အခြားသူတို့ မော့မကြည့်ရဲလောက်သည့် တည်ရှိမှုဖြစ်သည်။ ဟွမ်သောင်မှာ ရင်ခွင်ထဲမှ အလှလေးကိုပင် ဂရုမစိုက်အားတော့။ ဖုထင်ကိုသာ ထိတ်ထိတ်ပျာပျာ ဆင်ခြေပေးလိုက်တော့သည်။
" ကျွန်တော် အရက်မူးသွားလို့ပါ ..."
ဖုကျန်းမှာလည်း ဖုထင် ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု မထင်ထားပေ။ သူ့နှုတ်ခမ်းတို့က သာသာလေး လှုပ်သွားပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူး ..."
"ရပါတယ် ..."
ဖုထင်က ဘေးပတ်လည်ကိုကြည့်ကာ မေးလိုက်သည်။
"ကျန်းဟန်ရှုကရော ဘာလို့ မင်းနဲ့ အတူတူ ရှိမနေရတာလဲ ..."
ဖုကျန်းက နှုတ်ခမ်းတို့ကို ဖိကိုက်ရင်း ပြန်ဖြေလိုက်သည်။
"သူ့အင်္ကျီက ညစ်ပတ်သွားလို့ သန့်စင်ခန်းမှာ သွားပြီး ဆေးကြောနေတယ် ..."
ဖုထင်က နားလည်ဟန် အသံပြုလိုက်သည်။ အတော်ကြာ တုန့်ဆိုင်းနေပြီးနောက် သူ့လက်ထဲမှ ပန်းကန်ပြားကို ထိုးပေးလိုက်သည်။ ထိုအခါမှ ပန်းကန်ပြားထဲတွင် သူ့အကြိုက်တို့ အပြည့်ထည့်ထားကြောင်း ဖုကျန်းလည်း သတိပြုမိတော့သည်။
xxxxxx