အပိုင်း ၉၁
Viewers 23k

ဖုကျန်းက သူတို့ကို မတွေ့လိုကြောင်း သိသည့်အတွက် ဖုထင်လဲ ကျန်းဟန်ရှုပြန်ရောက်လာမည်ကို တိတ်တိတ်လေး စောင့်နေပြီး ထွက်သွားလိုက်သည်။
ဖုကျန်းက ‌သူ့နောက်ကျောကို အတော်ကြာစိုက်ကြည့်နေလိုက်လျှင် တစ်ခုခုကို ခံစားမိဟန်တူသော ဖုထင်က သူ့ကို လှည့်ကြည့်လိုက်သည်။ အကြည့်တို့ စုံသွားကြသော်ငြား မကြာမီပင် လူအုပ်ထံသို့ အကြည့်ပြန်လွှဲလိုက်သည်။ ထိုအချိန်မှစ၍ ဖုကျန်းသည် သူ့ကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ချေ။
ဖုကျန်းက ပန်းကန်ပြားကို ငုံ့ကြည့်နေပြီး သူ ဘာလုပ်သင့်လဲ မသိတော့စွာ ငေးငိုင်နေသဖြင့် ကျန်းဟန်ရှုရောက်လာသည်ကိုပင် သတိမထားမိ။ ကျန်းဟန်ရှုက သူ့ပုခုံးကိုပုတ်ကာ သာသာလေး
မေးလိုက်သည်။
"သူ့ကို သွားရှာချင်လား ..."
ဖုကျန်းက ခေါင်းကိုသာ ယမ်းပြလိုက်သည်။
"မလိုတော့ပါဘူး ..."
သူက ကျန်းဟန်ရှု၏ အဝတ်အစားတို့ကို မော့ကြည့်ကာ လက်အနားသတ်ကို ထိုးပြလိုက်သည်။
"ဒီနားလေးက သိပ်မပြောင်သေးဘူး ..."
ကျန်းဟန်ရှုက ပြန်ပြောလိုက်သည်။
"မပြောင်လောက်တော့ဘူး အိမ်ပဲပြန်ကြရအောင် ..."
ဧည့်ခံပွဲတွင် ခဏဆက်နေလိုက်ပြီးနောက် အိမ်ပြန်လာခဲ့ကြသည်။
ပွဲထဲမှ ထွက်လာစဉ်တွင် သူ ဖုထင်ကို အမှတ်မထင် တွေ့လိုက်ပြန်သည်။ သူက စန္ဒရားဘေးတွင် ခေါင်းငိုက်စိုက်ချလျက် ဝိုင်နီတစ်ခွက်ကို ကိုင်ထားသည်။ အထီးကျန်ကာ စိတ်ဓာတ်ကျနေဟန် အပြည့်ဖြင့်ပင်။
ဖုကျန်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်ငြား ဘာမှ မပြောဘဲ ကားထဲသို့ဝင်ကာ ထွက်သွားတော့သည်။
ဘယ်စာအုပ်ထဲမှရယ်တော့ မသိ။ စာကြောင်းတစ်ကြောင်းကို အမှတ်ရလိုက်သည်။
"အချိန်က နာကျင်မှုတွေအတွက် အကောင်းဆုံးဆေးပဲ ..."
သို့သော်ငြား အနာကျက်သွားသည်နှင့် အမှတ်တရများ၊ ခံစားချက်များကလည်း ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ အဆုံးတွင် ဘာမှ မကျန်ခဲ့တော့။
ဖုကျန်းတို့နှစ်ယောက် ချင်မိသားစု၏ ညစားစားပွဲကို တက်ရောက်ခဲ့ပုံကိုလည်း ပါပါရာဇီက ဓာတ်ပုံရိုက်မိသွားပြန်သည်။ ထုံးစံအတိုင်းပင် မျက်စိဖမ်းစားစရာ ခေါင်းစဉ်အကြီးကြီးဖြင့် ဝေ့ပေါ်တွင် တင်လိုက်တော့သည်။
သို့သော်ငြား လူထု၏ တုန့်ပြန်ချက်က ရှေ့အခေါက်များကလိုပင်။ သတင်းသမားတို့ မှန်းထားသည်နှင့် အပုံကြီး ကွဲပြားနေပေသည်။ လူထု၏ တုန့်ပြန်မှုမှာ ကျန်းဟန်ရှုက ရေတပ်ငှားထားလေသလားဟုပင် ထင်ရသည်။
-(မကြားချင်ဘူး မယုံဘူး မင်းပြောသမျှက မှန်တယ်ကို မထင်ဘူး )
ပါပါရာဇီတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။
-( ကျန်းဟန်ရှုက ဖုကျန်းကို ချင်မိသားစုရဲ့ပွဲကို ခေါ်သွားတယ် ပြီးတော့ကျ သူနေနေတဲ့ အိမ်ယာကို ခေါ်သွားပြီး တစ်ညလုံး ပြန်ထွက်မလာတော့ဘူး )
လူထုက တစ်ညီတစ်ညွတ်တည်း တုန့်ပြန်လိုက်သည်။
-( သူတို့က ညီအစ်ကိုကောင်းတွေလေ )
ကျန်းဟန်ရှုက ဖုကျန်းကို မြင်းစီးရန် ခေါ်သွားချိန် သူ့ခါးကိုဖက်ကာ ထိုင်နေသော ဖုကျန်းကို ဓာတ်ပုံရိုက်ကာ တင်လိုက်ကြပြန်သည်။
[မြင်းကို ဒုန်းစိုင်းစီးနေကြတာများ အရမ်းကို ရင်းနှီးလွန်းနေတယ် ]
လူထု၏ အမြင် : "(ကျန်းဟန်ရှုက သစ္စာရှိမှုရဲ့ ပြယုဂ်ပဲ " )
ကျန်းဟန်ရှုတို့နှစ်ဦးသား ရေကူးသွားကြပြန်သည်။ ရေထဲတွင် ဆော့ကစားနေကြသည်မှာ မန်ဒရင်းဘဲမောင်နှံလိုပင် ချိုမြိန်လွန်းလှသည်။
လူထု၏အမြင် : ("သူတို့က အဖြောင့်ကောင်တွေကွ !!! )
....
အနှစ်ချုပ်ရပါလျှင် ပါပါရာဇီတို့က ဘယ်လိုဓာတ်ပုံမျိုးပဲတင်တင်၊ အိပ်ယာပေါ်မှ ပုံများနှင့် နမ်းနေသည့်ပုံများ မဟုတ်သရွေ့ သူတို့ကို သွေးသောက်ညီအစ်ကိုဟုသာ ထင်နေကြဦးမည်ဖြစ်သည်။
-( ဟေး ဘာလို့ ဒီလောက်တောင် ရိုးရိုးဖြောင့်ဖြောင့်ကြီး စဉ်းစားနေရတာလဲ )
ပါပါရာဇီတို့ကသာ အဖြောင့်ကောင်တို့အကြား ဆက်ဆံရေးကို နားမလည်သူဟု ယူဆလိုက်ကြသည်။ ဥပမာပြရပါလျှင် အထက်တန်းကျောင်းသားဘဝတွင် အတန်းထဲမှ အဖြောင့်ကောင်နှစ်ဦးကလည်း နေ့တိုင်း ဖက်လှဲတကင်းနေကာ တစ်နှစ်လျှင် ရက်ပေါင်း ၉၀၀ ခန့်မနည်း အပြန်အလှန်စာပို့ခဲ့ကြသည်။ သို့သော် အချိန်တန်လျှင်တော့ ကိုယ်စီကိုယ်စီ ဇနီးနှင့် သားသမီးတို့ ပိုင်ဆိုင်သွားကြသူများသာ ဖြစ်သည်။
ပါပါရာဇီများမှာတော့ ထိုတစ်ဖက်ပိတ်လူထု၏ အမြင်ကို သည်းမခံနိုင်တော့။
(- အား ဒီလူတွေကတော့ မျက်စိကန်းနေကြပြီပဲ ကျန်းဟန်ရှုနဲ့ ဖုကျန်းတို့ တစ်အိပ်ယာတည်းအိပ်နေတာကို ဓာတ်ပုံရိုက်မိရင်တောင် သူတို့က အပြစ်ကင်းပါတယ်ဆိုပြီး ပြောကြဦးမလားပဲ )
( မင်း -င်ကြီးကို အပြစ်ကင်းနေ )
လူထုအမြင်ကို မဆွဲဆောင်နိုင်သည့်အတွက် ပါပါရာဇီတို့မှာလည်း ဖုကျန်းတို့ကို သိပ်ပြီး အာရုံမထားတော့။ ယခင်က သုံးရက်တစ်ခါလောက် ဓာတ်ပုံထွက်လာလေ့ရှိသော်ငြား ယခုတော့ ဆယ်ရက်တစ်ပုံတောင် မရှိနိုင်တော့။
ထိုပုံများကို စောင့်မျှော်နေသည့် စီပီဖန်တို့မှာတော့ ရင်ထဲ ခါးသက်သွားကြတော့သည်။ သူတို့ကိုယ်တိုင်ဖန်တီးရန် ပြင်ဆင်ခဲ့ကြသေးသော်ငြား နှစ်ယောက်တွဲပုံ ရှားပါးခြင်းက ပြဿနာတစ်ရပ် ဖြစ်လာပြန်သည်။ ဆန်မရှိပါဘဲလျက် ထမင်းချက်ရန်မှာ မလွယ်ကူလှပေ။
ထန်ဝမ်ဝမ်က ကျန်းဟန်ရှု၏ တိတ်တိတ်ပုန်း‌ကောင်လေး ဖုကျန်း ဟူသော သတင်းကို ဖြုတ်ချလိုက်သည်။ ယခင်က သူမပြန်လာချိန်တွင် ဖုကျန်းတို့နှစ်ယောက်အကြောင်းကို လက်ပူးလက်ကြပ် မိသွားလောက်ပြီဟု ထင်ခဲ့သော်ငြား အခြေအနေက လုံးဝ တိုးတက်မလာခဲ့။ ထို့ကြောင့် သူမက ဒေါသတကြီးဖြင့် သူတို့နှစ်ယောက်မှာ အမှန်တကယ်တွဲနေခြင်းဖြစ်ကြောင်း ရေဆိုးသွန်ရန် ရေတပ်ငှားခဲ့သော်ငြား အခြေအနေက ထူးမလာပေ။
ထိုမျှဖြင့် မပြီးသေး။ ကျန်းဟန်ရှုနှင့် ဖုကျန်း၏ စီပီဖန်များက သူမကို သတိပြုမိလာကာ တိတ်တိတ်လေး စာပို့လာကြသည်။
"ညီအစ်မရေ အချိုစားချင်လို့ လိုက်ရှာနေတာလား လာ လာ ဂရုထဲကို ထည့်လိုက် ဒီထဲမှာ give away ပေးစရာ အရင်းအမြစ်ကြီးနှစ်ခု ရှိသေးတယ် ..."
မင်းတို့ရဲ့ ဘွားအေကြီးကို ချိုမြိန်နေလိုက်ကြ !!!
ထန်ဝမ်ဝမ်မှာ ယမ်းပုံမီးကျသကဲ့သို့ပင်။ တရုတ်သို့ ပြန်လာချိန်တွင် system ကလည်း အကြောင်းပြချက် မရှိ ပျောက်ကွယ်သွားပြန်သည်။ မစ္စချင်ကလည်း သူမကို အမြင်မကြည်ဖြစ်လာပြန်ပြီး နေ့ရှိသရွေ့ ထိုင်သည်ဖြစ်စေ ရပ်သည်ဖြစ်စေ လှဲသည်ဖြစ်စေ မျက်စိဒေါက်ထောက်ကြည့်ကာ အပြစ်ရှာနေတော့သည်။ သူမလည်း သည်းမခံနိုင်သည့်အဆုံးတွင် အနီးအနားရှိ အလှအပစင်တာတစ်ခုကိုသာ တစ်နေကုန် အချိန်သွားဖြုန်းနေလိုက်‌တော့သည်။
ဟောလိဝုဒ်မှ ပြန်လာချိန်တွင် အထောက်အပံ့အများကြီး ရကာ ယခင်အခြေအနေသို့ ပြန်ရောက်လာနိုင်မည်ဟု ထင်ထားခဲ့သော်ငြား အထင်နှင့်အမြင်က တစ်ခြားစီပင်။ သူမလက်ထဲမှ အရင်းအမြစ်တို့မှာ နည်းလွန်းမက နည်းနေသည့်အပြင် အဆင့်ရှစ်စတားတစ်‌ယောက်နှင့် ယှဉ်ကာ အရွေးခံရမည်ဟု သိလိုက်ရချိန်တွင်တော့ ထန်ဝမ်ဝမ်၏မျက်နှာမှာ ဒေါသတို့ဖြင့် စိမ်းပုတ်လာတော့သည်။
နောက်ဆုံးတွင်တော့ ချင်ကျောက်မှာ သူမကို ရုဏာသက်သွားသည့်ဟန်ပင်။
"ရုပ်ရှင်ရိုက်ချင်သေးတာဆိုရင် ကိုယ် စတူဒီယိုတစ်ခု ထောင်ပေးမယ်လေ ..."
သူမက တစ်ခဏမျှ တွေးလိုက်သေးသည်။ ဟောလိဝုဒ်မှ ရုပ်ရှင်မှာ ထွက်မလာသေးသည့်အတွက်ကြောင့်သာ လူစိတ်ဝင်စားခံရမှု နည်းနေခြင်းဖြစ်ပြီး ရုပ်ရှင်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ နေရာမှာလည်း ပိုပြီး မြင့်တက်လာနိုင်သည်ဟုသာ တွေးထားခဲ့သည်။ ဟောလိဝုဒ်ဒါရိုက်တာကလည်း တည်းဖြတ်သည့်လုပ်ငန်းစဉ်သာ ချောမွေ့နေပါလျှင် နောက်နှစ်ဇန်နဝါရီလလောက်တွင် ထုတ်လွှင့်နိုင်မည်ဟု ပြောခဲ့သည်။ အခုမှ နိုဝင်ဘာလသာ ရှိသေးသည့်အတွက် တစ်လကျော်ခန့်သာ စောင့်ရတော့မည်‌ဖြစ်သည်။
"ပြန်စဉ်းစားလိုက်ဦးမယ် ..."
သူမက ချင်ကျောက်ကို ပြောလိုက်သည်။ သူမ တွက်ဆထားသလိုသာ ဖြစ်မလာပါက ချင်ကျောက်ကိုသာ မှီခိုရတော့ပေမည်။
လုပ်ငန်းခွင်လိုအပ်ချက်အရ ကျန်းဟန်ရှုသည် သူ၏ တရားဝင်ဝေ့ပေါ်အကောင့်ကို ဟန်ရှုမှ ကျန်းဟန်ရှုသို့ ပြောင်းလဲလိုက်သည်။ ကျန်ကိုယ်ရေးအချက်အလက်တို့မှာတော့ ဗလာအတိုင်းပင်။
အတော်ကြာကာမှ ဒီကျန်းဟန်ရှုမှာ သူတို့ရင်းနှီးနေသည့် ကျန်းဟန်ရှုဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် အလောတကြီး မျှဝေကြသည့်အတွက် နေ့တစ်ဝက်မတိုင်မီတွင်ပင် ကျန်းဟန်ရှု၌ စာရင်းသေ ဖော်လိုဝါ တစ်မှ တက်ကြွသည့်ဖော်လိုဝါ တစ်သိန်းအထိ တိုးလာတော့သည်။ အခြားသူများကဲ့သို့ပင် ထိုဖော်လိုဝါများမှာလည်း မစ္စစ်ကျန်း၏ သတင်းအစအနလေးတစ်ခုလောက်ဖြစ်ဖြစ် ဆွဲထုတ်ကြည့်ချင်သော်ငြား ကံမကောင်းစွာဖြင့် ကျန်းဟန်ရှု၏ဝေ့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ပို့စ်ကို ပြန်တင်ထားသည်မှလွဲ၍ အခြားဘာမှ မရှိပေ။
သူတို့က ကျန်းဟန်ရှု follow လုပ်ထားသူစာရင်းကိုပါ ကြည့်လို‌က်သေးသည်။ သူ၏ဝေ့ပေါ်အကောင့်မှာ အသိအမှတ်ပြုအကောင့်ဖြစ်သည့်အတွက် follow လုပ်ထားသူမှာလည်း အယောက်နှစ်ဆယ်ပင် မပြည့်ချေ။ ပထမဆုံး follow ထားသူမှာ ပို၍ အရေးပါကာ ရင်းနှီးသူ ဖြစ်လေ့ရှိသည့်အလျောက် အင်တာနက်သုံးစွဲသူများက မစ္စစ်ကျန်း၏အကောင့်ကို တွေ့လေမလားဟူသည့်စိတ်ဖြင့် အသည်းအသန် လိုက်ရှာကြတော့သည်။
အဆုံးအထိ လိုက်ကြည့်ပြီးချိန်တွင်တော့ သူအာရုံစိုက်သည့် တစ်ဦးတည်းသောသူမှာ ဖုကျန်းသာဖြစ်ကြောင်း တွေ့လိုက်ရသည်။
-(- ဘယ်လောက်တောင်ခိုင်မာလိုက်တဲ့ ညီအစ်ကိုဆက်ဆံရေးလဲ )
အင်တာနက်သုံးစွဲသူများမှာ မရေမရာဖြစ်သွားသည့်အတွက် သူ့ဝေ့ပေါ်ကို အဆုံးအထိ လိုက်ကြည့်လိုက်လျှင် ထိုအကောင့်ကို ဖွင့်ထားသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပြီး ဖုကျန်း၏ပို့စ်များကိုသာ အစမှအဆုံးအထိ တစ်ခုမကျန် like ပေးထားကြောင်း တွေ့လိုက်ရသည်။
ကြည့်ရှုသူတို့၏ မျက်လုံးအစုံမှာ ပြူးကျယ်လာတော့သည်။
-( ဖုကျန်းကိုတောင် ဒီလိုမျိုး အားပေး‌လာတာ မစ္စစ်ကျန်းဆို ဘယ်လောက်တောင် ကောင်းကောင်းဆက်ဆံလိုက်မလဲ သူက မစ္စစ်ကျန်းအတွက် အကောင့်တစ်ခုများ ထပ်ဖွင့်ထားတာလား )
သို့သော်ငြား follow လုပ်ထားသူများအကြားတွင် မစ္စစ်ကျန်းဖြစ်နိုင်လောက်သူ တစ်ဦးကိုမှ ရှာမတွေ့ခဲ့ပေ။ သူမက ဝေ့ပေါ်အကောင့် မဖွင့်ထားဟုသာ ကောက်ချက်ချလိုက်တော့သည်။
-(- အား ကျန်းဟန်ရှုကတော့ တကယ်ကို ပိုင်ဆိုင်လိုစိတ် ကြီးမားတာပဲ )
-( ဒါနဲ့နေပါဦး သူနဲ့ဖုကျန်းက ညီအစ်ကိုအရင်းအခြာတွေနဲ့ မတူလွန်းဘူးလား ဖုကျန်းက ကျန်းမိသားစုရဲ့ သားများလားမသိဘူး )
မည်သို့ပင် လှည့်ပတ်စဉ်းစားပါစေ သူတို့နှစ်ဦးမှာ ချစ်ကြိုက်နေကြသည်ဟုတော့ ဘယ်သူကမှ မတွေးခဲ့ဖူးပေ။
သူတို့နှစ်ဦး၏ စီပီဖန်များကသာလျှင် ရင်ကြပ်လောက်သည်အထိ သကြားလုံး စားခဲ့ရသူများဖြစ်သည်။ ကျန်းဟန်ရှုတွင် ဇနီးရှိနေပြီး သူမနှင့် ဆက်ဆံရေးမှာလည်း ကောင်းမွန်သောကြောင့်သာ မဟုတ်ပါလျှင် ရင်ပြင်ရှေ့သို့ပင်လာကာ သူတို့နှစ်ယောက်က အတွဲတွေဟု လာအော်ကြဦးမည်ဖြစ်သည်။
ဖုကျန်းမှာ ရုပ်ရှင်ရိုက်ခြင်းနှင့် အထူးပြုလုပ်ချက်ကို ဖန်တီးသည့် ကုမ္ပဏီများနှင့် ဆက်သွယ်ရန် အလုပ်ရှုပ်နေသည့်အတွက် အင်တာနက်ပေါ််မှ အတင်းအဖျင်းတို့ကို အချိန်မပေးနိုင်သေးပေ။ သူ ဝေ့ပေါ်ကို ဖွင့်ကြည့်ချိန်တွင်တော့ သူတိူ့နှစ်ဦး၏ စီပီအကြောင်းကို မတွေ့ရတော့။ ဖန်ဂရုမှာ လူနှစ်ရာသာရှိသည့် ဂရုသေးသေးလေးမှ လူသုံးထောင်ဝန်းကျင်ခန့်ရှိသည့် ဂရုအကြီးစားအထိ ကျယ်ပြန့်လာခဲ့သည်။
ဖုကျန်းက သူနှင့် ကျန်းဟန်ရှုအတွက် ဆောင်းဦးအဝတ်အစားနှစ်စုံကို သွားဝယ်ခဲ့သည်။ ဝယ်ပြီး ပြန်အထွက်တွင် လောရှီကို တွေ့လိုက်သည်။ လောရှီမှာ သူနောက်ဆုံးတွေ့ခဲ့သည့်အချိန်ထက် ပိုပြီး အခြေအနေကောင်းနေဟန်ပင်။ သူက ဖုကျန်းရှေ့တွင်ရပ်ကာ ဦးညွတ်ပြီး ပြောလိုက်သည်။
"တောင်းပန်ပါတယ် ပြီးခဲ့တဲ့အခေါက်က ကျကျနန မတောင်းပန်လိုက်ရလို့ စိတ်ထဲ တစ်မျိုးဖြစ်နေခဲ့တာ ..."
ဖုကျန်းက သူတို့ နောက်ဆုံးတွေ့ခဲ့သည့်အခေါက်က ဘာပြောခဲ့မိသလဲဆိုတာကို ပြန်စဉ်းစားလိုက်သည်။
သူရှေ့တွင်ရပ်နေသော လောရှီကိုကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။
"ချန်းမိုကို ရှာခဲ့သေးလား ..."
"ရှာတွေ့သွားပြီ ..."
သူက ခါးသက်သက်ပြုံးရင်း ပြောလိုက်သည်။
သူနှင့် လမ်းခွဲခဲ့စဉ်က ကလေးကိုဖျက်ချကာ သူ့ကို စွန့်ခွါသွားခဲ့ပြီး ယခုတော့ သူမလည်း အချစ်သစ်တွေ့နေပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ဖြင့် ဘဝသစ် ထူထောင်နေကြပြီး သူ့အနာဂတ်တွင်တော့ ချန်းမို၏အခန်းကဏ္ဍမှာ ပါဝင်လာနိုင်တော့မည်မဟုတ်ချေ။
ဖုကျန်းမှာ ဘာပြောရမလဲ မသိတော့။ ထန်ဝမ်ဝမ်တွင် ဘယ်လိုညှို့ဓာတ်ရှိနေသလဲတော့ မပြောတတ်။ သူမပေါ်လာပြီး သူနှစ်သက်သူအားလုံးကို ခိုးယူသွားခဲ့သော်ငြား ထိုသူများကတော့ သူမကို သဘောကျတော့ဟန်မတူပေ။
လောရှီရော ဖုကျန်းချန်ရော ဖုထင်ရော ပရိသတ်တွေရော အကုန်လုံး ဒီလိုမျိုးတွေပဲ။
"ငါလည်း အဲ့တုန်းက ဘာလို့ ထန်ဝမ်ဝမ်ကို ရူးရူးမူးမူး ဖြစ်ခဲ့လဲ မသိတော့ပါဘူး ..."
လောရှီးက သက်ပြင်းဖွဖွချလိုက်သည်။
"ဆင်ခြေပေးနေတာရယ်လို့တော့ မဟုတ်ပါဘူး ဒါပေမယ့် အဲ့တုန်းက ငါ့ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားသလိုမျိုးကြီး မိုမို့အပေါ် အချစ်တွေက ထန်ဝမ်ဝမ့်ဆီရောက်သွားပြီးတော့ မိုမိုကို မြင်လိုက်တိုင်း သူစိမ်းကို တွေ့နေရသလိုမျိုးပဲ ..."
လောရှီးက အတော်ကြာ ရပ်နေပြီးမှ ဆက်ပြောလိုက်သည်။
"မင်းအဖေနဲ့ ဖုထင်လည်း ငါ့လိုပဲထင်တယ် ..."
xxxxxx